← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အပိုင်း ( ၁၃ )

ထိုနှာဘူးများကို တုန့်ပြန်ရန် အလွန် ပျင်းရိနေပြီး လင်ချူးဆွေ့က ပြောလိုက်သည်။ "ငါ ဘယ်လိုလုပ် သူ ငါ့ကို ချစ်နေတာကို ရပ်တန့်ခိုင်းနိုင်ပါ့မလဲ။ သူက ငါ့အပေါ် အရမ်းကောင်းတယ်။ ငါ သူ့ကို မနာကျင်စေချင်ဘူး။ [စိတ်သောကရောက်နေတဲ့အီမိုဂျီ]"

လုချီ : "မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းတွေရဲ့ အကြံဉာဏ်ကို နားထောင်ချင်လား။"

လင်ချူးဆွေ့ : "အင်း"

လုချီ : "လူတိုင်း အကျိုးရှိဖို့အတွက် မင်းကိုယ်မင်း စတေးလိုက်ဖို့ အကြံပေးချင်တယ်။ အိုး ဟုတ်သားပဲ။ မင်း အင်္ဂလိပ်စာ အိမ်စာနဲ့ သိပ္ပံလေ့ကျင့်ခန်းတွေကိုရော ဓာတ်ပုံရိုက်ပေးလို့ရလား။"

လင်ချူးဆွေ့က ချက်ချင်းပင် လုချီအား ကန်ပစ်ချင်သွားသည်။

ထိုအချိန်၌ ထူးဆန်းသည့် ပရိုဖိုင်ပုံတစ်ခုက အမှတ် ၁ အလယ်တန်းကျောင်း အချောအလှလေးများ အဖွဲ့တွင် ထွက်ပေါ်လာသည်။

"အရူး ကိုယ့်ဘာသာကိုယ် မလုပ်နိုင်ဘူးလား။"

လူစိမ်း၏ ပရိုဖိုင်ပုံက အဖြူရောင်ရှပ်နှင့် လူငယ်လေးတစ်ယောက်၏ ဘေးတိုက်ပုံဖြစ်ပြီး သူ့အနောက်မှ နေရောင်အလင်းက သူ့ပုံရိပ်ကို နူးညံ့စွာ အလင်းပေးနေသည်။

၎င်းက အိုင်ဒေါလ်တစ်ယောက်၏ ကြော်ငြာဓာတ်ပုံနှင့် တူသည်။ သို့သော် လင်ချူးဆွေ့က ထိုဓာတ်ပုံကို ချဲ့ကြည့်လိုက်သည့်အခါ အခြားလူမဟုတ်ဘဲ ရွှီကျားနင် ထိုအကောင်စုတ် ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

ထို 'သောက်ရူးဘုရင်' သည်သာ ပရိုဖိုင်ပုံအဖြစ် ထိုကဲ့သို့ ဝင့်ကြွားသည့် သူ့ပုံသူ ထားမည်ဖြစ်သည်။

လင်ချူးဆွေ့ : "@လူတိုင်း, ဘယ်သူက ဒီ နိုင်ငံခြားသားအတုကောင်ကို ဒီအဖွဲ့ထဲ ထည့်လိုက်တာလဲ။"

လုချီ : "@လုထျန်းပိုင်"

မကြာခင်၌ လုထျန်းပိုင်က လင်ချူးဆွေ့ထံသို့ သီးသန့်မက်ဆေ့ချ် ပို့လာသည်။ "အဲဒါ သူက နင့်အစ်ကိုလို့ ငါတွေးလိုက်လို့လေ။"

လင်ချူးဆွေ့ : "ငါ့မှာ အစ်ကို မရှိဘူး။ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။"

လုထျန်းပိုင် : "ဆောရီး အချစ်လေး။ ငါ နင့်ကို အရင်မေးလိုက်သင့်တာ။ ငါ သူ့ကို ကန်ထုတ်လိုက်ရမလား။"

လင်ချူးဆွေ့က လုထျန်းပိုင်နှင့် ပတ်သက်၍ စိတ်မဆိုးနိုင်ပေ။ "ထားလိုက်တော့။ မရှိသလိုပဲ ဟန်ဆောင်နေလိုက်တာပေါ့။"

ထိုအချိန်၌ Carl တဖြစ်လဲ ရွှီကျားနင်က လင်ချူးဆွေ့ကို သူငယ်ချင်းအဖြစ် အပ်လာသည်။

လင်ချူးဆွေ့က ငြင်းပယ်လိုက်သော်လည်း သူက ဒုတိယအကြိမ် တောင်းဆိုချက်ကို မက်ဆေ့ချ် တစ်စောင်နှင့်အတူ ပို့လာသည်။ "အရင်လက်ခံလိုက် ပြီးရင် ပြန်ဖျက်လို့ရတယ်။"

လင်ချူးဆွေ့က လက်ခံလိုက်သည်။ "ဘာလဲ။"

ရွှီကျားနင် : "မင်း ရှောက်ယန်နဲ့ အတူရှိနေတာလား။"

လင်ချူးဆွေ့ : "နင့် အပူမပါဘူး။"

ရွှီကျားနင် : "မင်း အခု အိမ်ပြန်လာဖို့ အကြံပေးချင်တယ်။"

လင်ချူးဆွေ့ : "ပြန်မလာချင်ဘူး။"

ရွှီကျားနင် : "ငါ မင်းကို ပြန်လာဖို့ အကြံပေးမယ်။ မဟုတ်ရင် မင်း မနက်ဖြန်ကျ ပြဿနာတက်လိမ့်မယ်။ ငါ့ကိုယုံ။"

လင်ချူးဆွေ့ : "ဟမ့်"

သူမ အမေ ဖန်းယို့ယိပင် သူမအား ဘာမှမလုပ်နိုင်လေရာ သူမက မည်သို့ ပြဿနာတက်နိုင်ပါမည်နည်း။

လင်ချူးဆွေ့သည် သူမ အဖေနှင့် သူမ၏ အိမ်တွင် သူစိမ်း​ယောက်ျားတစ်ယောက်ကို အမှန်တကယ် မမြင်ချင်ပေ။ ရွှီကျားနင်ကို မဆိုထားနှင့် အန်ကယ်ရွှီသည်ပင်.... သူက သူမ အဖေနေရာကို အစားထိုးဝင်လာသူ ဖြစ်သည်။

လင်ချူးဆွေ့သည် သူနှင့်အတူ တစ်မိုးအောက်တည်း၌ မည်သို့ နေထိုင်ရမည်ကို မသိပေ။

သူမသည် သူမအမေ၏ နောက်အိမ်ထောင်ပြုခြင်းမှ ပျော်ရွှင်မှုကို မဖျက်ဆီးချင်ပေ။ သို့သော် သူမက ထိုသို့သော အရာမျိုးကို သည်းခံနိုင်သည့် အကျင့်စရိုက်မျိုး မရှိကြောင်း သူမဘာသာသူမ သိရှိပေသည်။

သူမ ပျော်ရွှင်နေသလား မပျော်မရွှင်ဖြစ်နေသလားဟူသည့် အရာအားလုံးက သူမ မျက်နှာတွင် ထင်ဟပ်နေတတ်သည်။

သူမ ပြန်သွားလျှင် သူမက မိသားစု၏ နွေးထွေးသည့် ပျော်ရွှင်ဖွယ် လေထုအ​ခြေအနေကို ဖျက်ဆီးသည့်သူ သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ပြန်မသွားတာက အကောင်းဆုံး ဖြစ်လိမ့်မည်။

ရွှီကျားနင် : "မင်း သဘောပါ။ ငါက မင်းကို အကြံပေးရုံပဲ။"

ရွှီကျားနင် : "အိုး ဒါနဲ့... မင်းရဲ့ ဖန်ဘွိုင်းက သင်္ချာမေးခွန်း နံပါတ်သုံးမှာ မှားဖြေထားတယ်။ အဲဒါက C ကို ရွေးသင့်တာ။"

လင်ချူးဆွေ့က ထိုစိတ်အနှောက်အယှက် ဖြစ်စရာကောင်ကို ချက်ချင်း block ဖြစ်လိုက်သည်။

.........

ရှောက်ယန်က လင်ချူးဆွေ့အတွက် အစပ်မပါသည့် ဟော့ပေါ့ဟင်းရည်ကို ပြင်ဆင်ပေးလာပြီး ဤတစ်ကြိမ်၌ မည်သည့် အစပ်အရသာမှ မပါဝင်တော့ပေ။ သို့သော် သူက အရသာကို ထိန်းသိမ်းရန် မီးမျှင်းမျှင်းဖြင့် ချက်ထားသည့် ဟင်းရည်အတွင်း လိမ္မော်ခွံခြောက်နှင့် စမုံစပါးစေ့တို့ကို အထူးတလည် ထည့်ထားပေးသည်။

သူက ၎င်းကို တစ်ခါသုံးဘူးဖြင့် သပ်သပ်ရပ်ရပ် ထုပ်ပိုး၍ သူမအား ပေးလိုက်သည်။ "နောက်ကျနေပြီ။ မင်း အိမ်ပြန်ရောက်တော့မှ စားလိုက်တော့။"

လင်ချူးဆွေ့က စူပုပ်ပုပ်နှင့် သူမ ဖုန်းကို ထုတ်ယူလိုက်သည်။ "ပိုက်ဆံမရှင်းရသေးဘူး။ ငါ့ကို WeChat အပ်လိုက်။ နင့်ဆီ ပိုက်ဆံ လွှဲပေးမယ်။"

ရှောက်ယန်က နံရံပေါ်မှ WeChat QR code ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် တွေဝေနေပြီးနောက် သူ့ဖုန်းကို ထုတ်ကာ သူ၏ QR code ကို ဖွင့်လိုက်သည်။

လင်ချူးဆွေ့က သူ့ကို WeChat တွင် အပ်လိုက်ပြီး ချက်ချင်း သူ၏ Moment များကို ဝင်ကြည့်လိုက်၏။ သူ၏ နောက်ဆုံး တင်ထားသော ပို့စ်မှာ လွန်ခဲ့သည့်နှစ်နှစ်က တင်ခဲ့သည့် စာနှင့် ပုံတစ်ပုံ ဖြစ်သည်။

ဓာတ်ပုံမှာ ရဲရဲနီသည့် တိမ်တိုက်များ ပြည့်နေသည့် ဆည်းဆာကောင်းကင် ဖြစ်သော်လည်း တိမ်တိုက်များက အဖြူအမည်းဖြစ်နေသကဲ့သို့ မှုန်မှိုင်းဝမ်းနည်းဖွယ် ကောင်းနေသည်။

စာက အလွန် ရိုးရှင်းလှသည်။

"​တောင်းပန်ပါတယ်။"

ထူးဆန်းလှသ​ည့် Moment ပင်။

သူမ နောက်မှ ရှောက်ယန်က ပြောလိုက်သည်။ "ကြည့်လို့ပြီးပြီလား။"

ထို့နောက်မှသာ လင်ချူးဆွေ့သည် သူက သူမ ငွေရှင်းရန် စောင့်နေသေးကြောင်း သတိရလိုက်သည်။

သူမက သူ့ရှေ့မှာ သူ၏ Moment များကို ပေါ်တင်ဖွင့်ကြည့်နေခြင်းက အနည်းငယ် ကိုးရိုးကားယားနိုင်ပေသည်။

ရှက်ကိုးရှက်ကန်းနှင့် လင်ချူးဆွေ့က မေးလိုက်သည်။ "ဟော့ပေါ့နှစ်ပွဲဖိုး ဘယ်လောက်လဲ။"

ရှောက်ယန်က သူမဆီက ပိုက်ဆံယူရန် စိတ်ကူးမရှိပေ။ သို့သော် သူ မယူလျှင် ဤမိန်းကလေးက ပေါက်ကရတွေ လျှောက်တွေးနေမည်ကို စိုးရိမ်ရသည်။

"ဘယ်လောက်ဆိုရင် သင့်တော်မယ်ထင်လဲ။" သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ယွမ်ငါးဆယ်ကျော်ရင် ဓာတ်ပုံဖရီး ရိုက်ခွင့် ရှိတယ်။"

လင်ချူးဆွေ့က သူ့ကို လေးဆယ့်ကိုးယွမ် ပေးလိုက်သည်။ "ဓာတ်ပုံမလိုဘူး ကျေးဇူး။"

ရှောက်ယန်က ဟော့ပေါ့ထုပ်ကို သူမအား လှမ်းပေးလိုက်သည်။

လင်ချူးဆွေ့ ဆိုင်ပြင်သို့ လျှောက်ထွက်လာသည့်အချိန်၌ သူမအမေ ဖန်းယို့ယိက ဖုန်းခေါ်လာသည်။

"လင်ချုးဆွေ့ နင် နင့်အမေကို ပုန်ကန်ဖို့ ကြိုးစားနေတာလား။"

သူမ၏ အသံကို ကြားသည့်အခါ လင်ချုးဆွေ့က ပင်ပန်းသလို ခံစားလိုက်ရသည်။

"အန်ကယ်ရွှီ ပြောင်းလာဖို့အတွက် နင် သဘောတူပြီးသား မဟုတ်ဘူးလား။ အခု ဘာထပ်ဖြစ်ရပြန်ပြီလဲ။ နင်က အရွယ်ရောက်နေပြီ။ က​လေးလိုပြုမူနေတာတွေကို မရပ်နိုင်ဘူးလား။"

"နင် ဒီည ပြန်မလာဘူးဆိုရင် ဘယ်တော့မှ ပြန်မလာနဲ့တော့။ ငါ နင့်ကို သမီးအဖြစ် မမှတ်ယူတော့ဘူး။"

ထိုစကားကို ကြားသည့်အချိန်တွင် လင်ချူးဆွေ့က တက္ကစီငှားပြီး အိမ်ပြန်တော့မလို့ ဖြစ်သည်။ သို့သော် ထိုစကားများကို ကြားလိုက်သည်နှင့် သူမက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

"သူ အိမ်မှာနေလို့ရတယ်။" သူမက တည်ငြိမ်အောင် ထိန်းထားသော်လည်း အက်ကွဲနေသည့် အသံနှင့် ပြောလိုက်သည်။ "ဒါပေမယ့် အဖေ့ရဲ့ အခန်းထဲမှာ မအိပ်ဘဲနေလို့မရဘူးလား။"

ထိုစကားများသည် ဖန်းယို့ယိ၏ နှလုံးသားထဲသို့ ဓားများကဲ့သို့ ထိုးဖောက်လာသည်။

သူမသည် ဖုန်းထဲမှနေ၍ ဖန်းယို့ယိ၏ တုန်ယင်နေသော အသက်ရှူသံကို ရှင်းရှင်းလင်းလင်း ကြားရပေသည်။

"ဘန်း"

ဖန်းယို့ယိက ဖုန်းချလိုက်သည်။ မြည်နေသည့် busy tone က ဖန်းယို့ယိ ကိုယ်စား သူမ၏ ဒေါသကို ဖော်ပြနေသကဲ့သို့ ထင်မှတ်ရပေသည်။

လင်ချူးဆွေ့က ဖုန်းချလိုက်ပြီး ကူကယ်ရာမဲ့စွာနှင့် ကောင်းကင်ရှိ လခြမ်းကွေးကို မော့ကြည့်လိုက်သည်။

ဒါက အရမ်း စိတ်မသက်မသာ ဖြစ်စေတာပဲ။

........

သန့်ရှင်းရေးလုပ်ပြီးနောက် ရှောက်ယန်က ဟော့ပေါ့ဆိုင်မှ ထွက်လာပြီး ဆွဲတံခါးကို ဆွဲချကာ ပိတ်လိုက်သည်။

ထို့နောက် လှည့်ထွက်လိုက်သည့်အခါ သူက မိန်းမငယ်လေးက လှေကားအဆုံးတွင် ထိုင်ရင်း ပါးပြင်ကို လက်ထောက်ထားကာ ငိုက်နေသည်ကို မြင်လိုက်ရသည်။ သူမ ဘေးတွင် ပြောင်နေအောင် ရှင်းလင်းခံထားရသည့် တစ်ခါသုံးဘူးလွတ် ရှိနေသည်။

သူမ၏ ခေါင်းက သစ်တောက်ငှက်လေးကဲ့သို့ ဆတ်ခနဲ ငိုက်ငိုက်ကျနေသည်။

သူမ၏ အထီးကျန်ကာ ကွဲကြေလွယ်သည့် ပုံရိပ်လေးကို မြင်သောအခါ ရှောက်ယန်သည် သူ့နှလုံးသားက နာကျင်လာသည်ကို ခံစားရပြီး လက်နှင့် အုပ်ကိုင်လိုက်သည်။

ဆူညံသံတချို့ ကြားသည့်အခါ လင်ချူးဆွေ့က သမ်းဝေလိုက်ပြီး ရီဝေငိုက်မြည်းမှုတို့နှင့် ရှောက်ယန်အား ကြည့်လိုက်သည်။

"အမ်... ဒီမှာ တစ်ညနေမယ်ဆိုရင် ဘယ်လောက်ပေးရမလဲ။"

ရှောက်ယန်က သူမ၏ တောင်းဆိုချက်ကို မငြင်းပယ်ခင် ခဏရပ်သွားသည်။ "ဒါက ဟိုတယ် မဟုတ်ဘူး။ ပြီးတော့ ဒီမှာ အိပ်စရာ အိပ်ရာလည်း မရှိဘူး။"

"အဆင်ပြေပါတယ်။ တစ်ညတည်းပဲဟာ။ ငါ စားပွဲတွေဆက်ပြီး အိပ်လိုက်မယ်လေ။"

"မရဘူး။" ရှောက်ယန်က အမိန့်ပေးဟန်ဖြင့် ပြောလိုက်သည်။ "အရမ်းနောက်ကျနေပြီ။ အိမ်ပြန်တော့။"

"အဲဒါဆိုလည်း ရပါတယ်။"

သူက သူမကို အိပ်စရာနေရာမပေးလျှင် သူမက အင်တာနက်ဆိုင်၌ တစ်ညလောက် သွားနေလိုက်လည်း ဖြစ်ပေသည်။ ပုံမှန်ဆိုလျှင် သူမက လုချီနှင့် လုထျန်းပိုင်ကို ခေါ်လိုက်မည် ဖြစ်သော်လည်း သူတို့၏ မိဘများက အလုပ်ခရီးမှ ပြန်ရောက်နေပြီဖြစ်ရာ သူတို့အား ခေါ်ထုတ်၍ မကောင်းပေ။

လင်ချူးဆွေ့က ထရပ်ကာ ပီကေဝါးရင်းနှင့် ပေါ့ပေါ့ပါးပါး ပုံစံဖြင့် လျှောက်သွားခဲ့သည်။

သူမ၏ ပိန်သွယ်နူးညံ့သော ပုံရိပ်ကို ကြည့်ရင်း ရှောက်ယန် လက်က သူ၏ နာကျင်နေသော နှလုံးသားကို တစ်ဖန် ထိမိသွားသည်။ သူမ ပုံရိပ်က မီးထဲသို့ ပြေးဝင်သွားသည့် တစ်ယောက်၏ ပုံရိပ်နှင့် ထပ်တူကျသွားသည်။

သူက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးနောက် စက်ဘီးနင်းသွားပြီး လင်ချူးဆွေ့ လမ်းကို ပိတ်လိုက်သည်။

သူမ လမ်းကို လာပိတ်ရပ်ထားသည့် သူကို ကြည့်လိုက်ပြီး လင်ချူးဆွေ့က ပြောင်ပြောင်တင်းတင်း မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"

"ဆိုင်မှာ အိပ်စရာနေရာမရှိဘူး။" သူ့မျက်လုံးများက သူ့နောက်မှ ခုံကို ပြလိုက်သည်။ "တက်.. ငါ မင်းကို အိမ်ခေါ်သွားပေးမယ်။"

လင်ချူးဆွေ့က နောက်သို့ ခုန်လိုက်သည်။ "နင့်အိမ်ကို ဘာလို့ လိုက်နေရမှာလဲ။ အိပ်မက်မက်နေလိုက်။"

"အဲဒီမှာ ငါ့အစ်မလည်း ရှိတယ်။"

ကြင်နာလှပသည့် အစ်မရှောက်ချန်အကြောင်း တွေးလိုက်ပြီး လင်ချူးဆွေ့က ခဏတွေဝေနေပြီးနောက် သဘောတူလိုက်သည်။ "ကောင်းပြီ။ ငါ နင့်အစ်မနဲ့ အိပ်မယ်။"

၎င်းက ရှောက်ယန်အား ရယ်မောမိသွားစေသည်။ "မင်းက အစ်မနဲ့ မအိပ်တော့ ဘယ်သူနဲ့ အိပ်ချင်သေးလို့လဲ။"

"..."

ရှောက်ယန်၏ ခါးကို ကိုင်ရင်း လင်ချူးဆွေ့က သူ့စက်ဘီး နောက်ခုံတွင် ထိုင်လိုက်သည်။

"တည်းခိုစရိတ်က ၃၀၀။ မင်းက ငါ့ထိုင်ခုံဖော်ဆိုတော့ ၂၅၀ နဲ့ လျှော့ပေးလိုက်မယ်။" သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "မနက်စာမပါဘူး။"

"ဝိုး.. နင့် အိမ်က ဇိမ်ခံဟော်တယ်များလား။ တည်းခိုစရိတ်က ဒီလောက်စျေးကြီးတယ်။ အဲဒါတောင် မနက်စာမပါဘူးတဲ့လား။"

"အဲဒါဆိုလည်း ဟော်တယ်မှာ သွားနေလေ။"

လင်ချူးဆွေ့က နှုတ်ခမ်းစူလိုက်သည်။ သူမသာ မှတ်ပုံတင်ယူလာမိလျှင် ဤကဲ့သို့ သူ့ကို မှီခိုနေရခြင်းနှင့် အဆုံးသတ်လိမ့်မည် မဟုတ်ပေ။

"ကောင်းပြီ။ ကောင်းပြီ။ ၂၅၀ ဆိုတော့လည်း ၂၅၀ ပေါ့။ နင်က အရမ်း တွက်ချက်တတ်တာပဲ။"

အခုချိန်က ည ဆယ်နာရီရှိနေပြီ ဖြစ်သည်။ အေးစက်သည့် လေက တသုန်သုန်တိုက်ခတ်နေကာ လမ်းပေါ်တွင် လမ်းလျှောက်နေသူ အနည်းအကျဥ်းသာ ရှိပြီး ရံဖန်ရံခါ ကားတစ်စီးတစ်လေက အရှိန်ဖြင့် ဖြတ်သွားလိမ့်မည် ဖြစ်သည်။

ကောင်းကင်ထက်မှ လခြမ်းကွေးနှင့်အတူ သူတို့၏ စက်ဘီးက ကျယ်ဝန်းသည့် လမ်းထက်တွင် ခရီးနှင်နေသည်။

လင်ချူးဆွေ့က သူ့နောက်ကျောကို ကြည့်လိုက်သည်။ သူက တီရှပ်တစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး သူ့ကြွက်သားများ၏ ကြံ့ခိုင်မှုကို အတိုင်းသား မြင်နေရသည်။ "ငါတို့မိသားစုက လောင်လင်ကလည်း ငါနဲ့အတူ စက်ဘီးစီးရတာကို ကြိုက်တယ်။ ငါ မူကြိုကနေ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းအထိပဲ။ နင့်ရဲ့နောက်ကျောက ငါ့အဖေ စက်ဘီးနင်းနေတဲ့ပုံစံနဲ့ အရမ်းတူတာပဲ။"

"စက်ဘီးစီးတဲ့ပုံစံက လူတိုင်းအတူတူပဲ။ ဘာတွေပြောနေတာလဲ။"

လင်ချူးဆွေ့က ခုခံပြောဆိုလိုက်သည်။ "အရမ်းဆင်တူတာပါဆို။"

လရောင်အောက်မှ သူမ၏ ပုံရိပ်ကို မြင်သည့်အခါ အကြောင်းပြချက်တချို့ကြောင့် ရှောက်ယန်၏ နှလုံးသားက နူးညံ့သွားလေသည်။

သူတို့က အချိန်အတော်ကြာ စက်ဘီးစီးခဲ့ရပြီး သံလွင်ရွက်များ၏ ရနံ့က လေထဲတွင် သင်းပျံ့နေသည်။ လရောင်က သစ်ရွက်များကြားမှ ဖြတ်သန်း ကျရောက်နေသည်။ လင်ချူးဆွေ့က သူ့ခါးကို ညင်သာစွာ ဖက်လိုက်ပြီး သူမ နဖူးက သူ့နောက်ကျောကို မှီထားသည်။

"အတွေးမမှားနဲ့နော်။ ငါ နင့်ကို ဖက်တာ နင့်ကို ကြိုက်လို့ မဟုတ်ဘူး။"

"ငါ အဲဒီလိုမတွေးခဲ့ဘူး။"

ရှောက်ယန်သည် သူ၏ ပါးလျသော အဝတ်ပေါ်တွင် မှီထားသည့် လင်ချူးဆွေ့ ခေါင်း၏ အလေးချိန်ကို ခံစားမိနိုင်ပြီး ထိုအ​လေးချိန်အတွင်း အလွန် များပြားနက်ရှိုင်းသည့် အမှတ်ရစရာများ ပါဝင်နေသကဲ့သို့ ထင်မှတ်ရပေသည်။

"အဖေ... တကယ်တော့ သမီးက အဖေ့ကို သတ်လိုက်တဲ့သူပါ။"

သူက သူမအား ခေါင်းငဲ့ကြည့်လိုက်သည်။

မိန်းမငယ်​လေး၏ အသံက အလွန်လေးလံကာ နှာသံပါနေသည်။ "အဖေက တစ်နေရာရာကနေ ငါ ချိန်းတွေ့နေတယ်ဆိုတာကို ကြားသွားပြီး ငါ့ကောင်လေးရဲ့ အဆင့်တွေက အရမ်းဆိုးလွန်းလို့ သူက ငါ့အပေါ် မကောင်းတဲ့ လွှမ်းမိုးမှုဖြစ်စေလိမ့်မယ်လို့ ပြောတယ်။ အဖေက ငါ့ကို သူနဲ့ အတင်းဖိအားပေးပြီး လမ်းခွဲခိုင်းတယ်။"

"အဲဒီနေ့လယ်တုန်းက သူက အလုပ်ချိန်နားပြီးတော့ ငါးပြတိုက်သွားဖို့ ငါ့ကို လာခေါ်တာ။ ဒါပေမယ့် အဲဒီကိစ္စကြောင့် ငါက သူ့ကို စိတ်ဆိုးနေတော့ သွားဖို့ ငြင်းလိုက်တယ်။ နောက်တော့ အလုပ်မှာ အရေးပေါ်ကိစ္စပေါ်လာတာကြောင့် သူ ပြန်သွားလိုက်ရတယ်။"

"တကယ်လို့ ငါသာ သူ့စကားကို နာနာခံခံနဲ့ နားထောင်ပြီး ငါတို့အတူတူ ငါးပြတိုက်ကို သွားခဲ့ရင် အဲဒီနောက်ပိုင်း ကိစ္စတွေ ဖြစ်လာမှာ မဟုတ်လောက်ဘူး။"

တကယ်လို့ဆိုတဲ့ အရာက မရှိပေ။

ရှောက်ယန်၏ နှလုံးသားက ရှင်းမပြနိုင်စွာ နာကျင်လာသည်။

"သူ ထွက်သွားတဲ့အချိန်တုန်းက သူ့မျက်လုံးထဲက စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ အကြည့်တွေကို လုံးဝ မေ့လို့ မရဘူး။ အဲဒါက ငါ သူ့ကို တွေ့တာ နောက်ဆုံးအကြိမ် ဖြစ်မယ်မှန်း သိရင် ငါ ကျိန်းသေ သူ့စကားကို လိမ်လိမ်မာမာလေး နားထောင်လိုက်မှာ။"

မိန်းမငယ်လေး၏ အသံက တုန်ယင်နေပြီး သူမက မျက်ရည်များ ကျဆင်းလာသည်။ သူမသည် ထိုအကြောင်းများကို မည်သူ့ကိုမှ မပြောပြဖူးဘဲ သူမ အသက်ရှူကြပ်လာသည့်တိုင်အောင် ထိုအတွေးများကို သူမ နှလုံးသားထဲ၌သာ အမြဲဖိနှိပ်ထားသည်။

နောက်ပိုင်းတွင် အမေက အတိတ်မှ ရုန်းထွက်သွားပြီး အဖိုးနှင့်အဖွားသည်လည်း အလားတူပင်။ ထိုသည်မှာ သူတို့က အဖေ့ကို မချစ်သောကြောင့် မဟုတ်ဘဲ သူတို့ထံ၌ နောင်တဟူ၍ မရှိသောကြောင့် ဖြစ်လေသည်။

သူမ တစ်ယောက်တည်းသာလျှင် နောင်တများနှင့် ကျန်ရစ်ခဲ့သည်။

ထိုနောက်ဆုံး အငြင်းပွားမှုသည် သူမ နှလုံးသားထဲ၌ ဘယ်တော့မှ ပြန်မကောင်းနိုင်သည့် သွေးစိမ်းရှင်ရှင်ထွက်နေသော ဒဏ်ရာတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပေသည်။

"တောင်းပန်ပါတယ်။" သူမက ငိုရှိုက်ကာ အံကြိတ်ထားရင်း နူးညံ့ညင်သာစွာ ​ပြောလိုက်သည်။ "တောင်းပန်ပါတယ် လောင်လင်။ အဖေက ကမ္ဘာပေါ်မှာ အကောင်းဆုံး အဖေပါပဲ။"

သူသာ ဤစကားများကို ကြားနိုင်လျှင် မည်မျှ အံ့သြဖို့ ကောင်းလိုက်မည်နည်း။

ရှောက်ယန်သည် သူ့ခန္ဓာကိုယ်အတွင်းမှ လှိုက်တက်လာသည့် ခံစားချက်များကို ဖိနှိပ်ကာ တည်ငြိမ်အောင် လုပ်လိုက်ရသည်။ သူသည် ထိုခံစားချက်များက သူ့ခန္ဓာကိုယ်ထဲရှိ တစ်စုံတစ်ယောက်၏ ခံစားချက်များ ဖြစ်ကြောင်း သိရှိပေသည်။

နက်မှောင်သည့် ညကောင်းကင်ကို ကြည့်ရင်း သူက နက်ရှိုင်းသည့် အသံနှင့် ပြောလိုက်သည်။ "မင်းအဖေက မင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး။"

လင်ချူးဆွေ့က ရှိုက်ရင်း မျက်ရည်များနှင့် မော့​ကြည့်လိုက်သည်။ "နင် ဘယ်လိုသိတာလဲ။"

"ဘာလို့လဲဆိုတော့ သူက မင်းအဖေ ဖြစ်နေလို့ပေါ့။"

တိုးတက်မှုရာခိုင်နှုန်း : 2%

***

All Chapters