← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အပိုင်း ( ၁၄ )

ရှောက်ယန်က တန်ဖိုးကြီး အိမ်ရာတစ်ခုခုတွင် နေထိုင်ခြင်း မဟုတ်ဘဲ နန်ချန်မှ ဟောင်းနွမ်းစုတ်ပြတ်ပြီး အလွန် သာမန်ဆန်သည့် သေးငယ်၍ ပြွတ်သိပ်နေသော အိမ်များရှိသည့် အများသုံးလမ်းကြားတွင် ဖြစ်သည်။

သူက မညီညာသည့် ကျောက်တုံးများပေါ်မှ စက်ဘီးကို တွန်းကာ လျှောက်သွားပြီး လမ်းကြားထဲမှ ပထမထပ်ဝင်ပေါက်တွင် ရပ်လိုက်ကာ လင်ချူးဆွေ့ကို ဒုတိယထပ်သို့ ခေါ်သွားခဲ့သည်။

လင်ချူးဆွေ့သည် လေထဲမှ စိုထိုင်းထိုင်း သစ်သားမှိုနံ့ကိုပင် ရနေပေသည်။

အပြင်ဘက် ပတ်ဝန်းကျင်က မကောင်းသော်လည်း အိမ်က ဖုန်တစ်စမရှိဘဲ အလွန်သန့်ရှင်းကာ တောက်ပနေသည်။ ဖုန်တက်အများဆုံး ပရိဘောဂထောင့်များ၌ပင် အစက်အပျောက်မရှိ သန့်ရှင်းနေခဲ့ပေသည်။

အိမ်ထဲ၌ အိပ်ခန်းနှစ်ခန်းရှိပြီး တစ်ခန်းက ရှောက်ယန်အတွက် ဖြစ်ကာ နောက်တစ်ခန်းက သူ့အစ်မ နေသည်။

သူ့အိမ်သို့ ရုတ်တရက် ရောက်လာသည့်အခါ လင်ချူးဆွေ့သည် အနည်းငယ် သက်သောင့်သက်သာ မဖြစ်သလို ခံစားလိုက်ရသည်။

ကျောင်းတွင် သူတို့က သာမန်အဆန်ဆုံး ထိုင်ခုံဖော်များသာဖြစ်ပြီး ရင်းနှီးသည့် သူငယ်ချင်းများပင် မဟုတ်ပေ။

ယခု သူ့ အိမ်ကို ရောက်လာပြီး သန့်ရှင်းသပ်ရပ်၍ ချောမောသော ထိပ်တန်းကျောင်းသားနှင့် လုံးဝ ကွာခြားမှုရှိသည့် သူ့ရဲ့ တကယ့်နေထိုင်မှုဘဝကို မြင်တွေ့လိုက်ရသည်။

လင်ချူးဆွေ့သည် သူတို့ကြားမှ အကွာအဝေးက ရုတ်တရက်ကြီး လျော့ကျသွားသလို ခံစားလိုက်ရသည်။

ရှောက်ယန်က စကားတစ်ခွန်းမှ မပြောဘဲနှင့် အိပ်ရာခင်းလဲရန် အိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။

လင်ချူးဆွေ့ က တံခါးတွင် ကိုးရို့ကားယားနှင့် ရပ်နေပြီး သူ၏ နောက်ကျောကို ကြည့်ကာ မေးလိုက်သည်။ "အစ်မရှောက်က နင့်ရဲ့ အစ်မအရင်းလား။"

သူတို့က သိပ်မတူကြပေ။

ရှောက်ယန်က အိပ်ရာခင်းလဲနေရင်းနှင့် ပေါ့ပေါ့ပါးပါး ​ပြောလိုက်၏။ "ငါတို့က မိဘမဲ့ဂေဟာမှာ တွေ့ခဲ့တာ။ သူမက အဲဒီမှာကတည်းက ငါ့အစ်မဖြစ်ခဲ့ပြီး အမြဲတမ်း ငါ့အစ်မ ဖြစ်နေဦးမှာပဲ။"

လင်ချူးဆွေ့က အလွန်နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။

......

ထိုညတွင် လင်ချူးဆွေ့က ရေချိုးပြီးနောက် ရှောက်ယန် သူမအတွက် ဝတ်အိပ်ရန် ထုတ်ပေးထားသည့် အဖြူရောင်တီရှပ်ကို ဝတ်လိုက်သည်။

"အဝတ်တွေက အရမ်းကြီးနေတယ်။ ဒါ နင့်အစ်မရဲ့ အဝတ်တွေလား။"

"ငါ့အစ်မက အတန်းထဲမှာ ဖုန်းကို အသံပိတ်ထားတယ်။ ငါ သူမ အဝတ်တွေကို ခွင့်ပြုချက်မရဘဲ မထုတ်ချင်ဘူး။ အဲဒီ တီရှပ်က ငါ့ဟာ။"

"အိုး"

လူကြီးလူကောင်းဆန်တာပဲ။ နိုင်ငံခြားသားအတုကောင်ထက် အများကြီးသာတယ်။

ရှောက်ယန်က စားပွဲတွင် ထိုင်ရင်း အိမ်စာလုပ်နေသည်။ သူက ခေါင်းလှည့်ကာ သူမကို ကြည့်လိုက်သည်။

မိန်းမငယ်လေးက အခုလေးတင် ရေချိုးပြီးတာ ဖြစ်သည်။ သူမ၏ အနက်ရောင်ဆံပင်များက စိုနေဆဲဖြစ်ပြီး သူမ ပခုံးပေါ် ဖြန့်ချထားသည်။ သူမ၏ သေးငယ်သော မျက်နှာလေးက သာမန်ထက် ပိုဖြူနေပြီး သူမ နှုတ်ခမ်းများက နီထွေးနေသည်။

သူမ၏ အသွင်အပြင်က အလွန် လှပကာ တောက်ပနေ၏။ သူမက အမြဲလိုလို ဝမ်းနည်းညှိုးငယ်နေပြီး ယောက်ျားလေးများနှင့်အတူ ဘက်စကက်ဘော ကစားနိုင်ရန် အားကစားအင်္ကျီကို ဝတ်ထားတတ်သည့်အတွက် သူမ၏ ချစ်စရာကောင်းသော အသွင်အပြင်က ဖုံးကွယ်ခံထားရသည်။

ရှောက်ယန်၏ အကြည့်များက အောက်သို့ ရွေ့သွားပြီး V သဏ္ဌာန် အင်္ကျီလည်ပင်းအောက်မှ ညှပ်ရိုးများထံ ကျရောက်သွားသည်။ သူက သာမန်ကာလျှံကာ တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အကြည့်လွှဲသွားခဲ့၏။

လင်ချူးဆွေ့က သူ အိမ်စာလုပ်နေသည်ကို မြင်သောအခါ သူ့မေးခွန်းအဖြေများကို ကြည့်ရန် ရှေ့သို့ကိုင်းကာ စားပွဲကို မှီလိုက်သည်။

"နင် မေးခွန်းနံပါတ်သုံးမှာ ရွေးထားတာ မှားနေတယ်။ ဒီမှာ နင်က C ကို ရွေးထားတယ်။ အဲဒါက B ဖြစ်ရမှာ။" လင်ချူးဆွေ့က လက်ညှိုးထောက်ပြလိုက်သည်။

ရှောက်ယန်က ပြောလိုက်သည်။ "C ကို ရွေးတာက မမှားဘူး။ မှားနေတဲ့သူက ရွှီကျားနင်ပဲ။"

"ရွှီကျားနင် ပြောတယ်ဆိုတာ နင် ဘယ်လိုလုပ်သိတာလဲ။"

"မင်းဘေးနားက လူတွေထဲမှာ.... ငါ့ကို အမှားထောက်ပြနိုင်တာဆိုလို့ မင်းရဲ့ မောက်မာဝင့်ကြွားနေတဲ့ အစ်ကိုပဲ ရှိတယ်။"

"နင် အရမ်းဉာဏ်ကောင်းတာပဲ။" လင်ချူးဆွေ့က သုန်သုန်မှုန်မှုန်နှင့် စာရွက်ထောင့်ကို လှန်နေသည်။ "ပြီးတော့ သူက ငါ့အစ်ကို မဟုတ်ဘူး။"

သူမက အသိအမှတ်ပြုမည် မဟုတ်ပေ။

ရှောက်ယန်က ထိုအကြောင်း သူမနှင့် မငြင်းချေ။ သူက အိမ်စာသာ ဆက်လုပ်နေသည်။

လင်ချူးဆွေ့က စားပွဲကို မှီနွဲ့ကာ ထိုင်နေသည်။ သူမက ခဏလောက် တွေဝေနေပြီးနောက် ပြောလိုက်သည်။ "စောနကဖြစ်ခဲ့တဲ့အကြောင်းတွေ ဘယ်သူ့ကိုမှ မပြောနဲ့နော်။"

ရှောက်ယန်က အကြမ်းစာရွက်ပေါ်တွင် တွက်နေရင်း ပြောလိုက်သည်။ "မင်း ရေချိုးတာ ဆယ့်ငါးမိနစ်တောင် မကြာတဲ့ အကြောင်းကို ဆိုလိုတာလား။"

"မဟုတ်ဘူး ငါ ပြောတာ ငါတို့ ပြန်လာတုန်းက...... ထားလိုက်ပါတော့။" လင်ချူးဆွေ့က သုန်မှုန်စွာဖြင့် လှည့်ထွက်သွားသည်။

သူက ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ပေ။

အဲဒါ ဟုတ်ပါတယ်လေ။ ၎င်းက သူမအတွက် လက်လွှတ်ဖို့ ခက်ခဲသည့် ကိုယ်ပိုင်လျှို့ဝှက်ချက်သာ ဖြစ်သည်။ အခြားသူများက မည်သို့ ရင်ထဲ ထည့်ထားပါမည်နည်း။

ရှောက်ယန်၏ ဘောပင်န်က ခဏမျှ ရပ်တန့်သွားသည်။ "မင်း ငါ့ကို မပြောစေချင်ရင် ငါ ဘာတစ်ခုမှ မပြောပါဘူး။"

လင်ချူးဆွေ့က ထိုစကားကို ကြားလိုက်သည်နှင့် မကောင်းတာတစ်ခုခု ဖြစ်တော့မလို ခံစားလိုက်ရသည်။ သူမက စိုးရိမ်စွာနှင့် သူ့ကို ကြည့်လိုက်သည်။ "နင် ငါ့ကို ​ထပ်ပြီး ခြိမ်းခြောက်ချင်နေတာလား။"

ရှောက်ယန်က အကြမ်းစာရွက်ပေါ်တွင် သင်္ချာမေးခွန်းတစ်ခု လျင်မြန်စွာ ချရေးလိုက်သည်။ "ဒီမေးခွန်းကို မှန်အောင်ဖြေ။ ငါ မင်းရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးမယ်။"

လင်ချူးဆွေ့၏ နှုတ်ခမ်းက တွန့်သွားခဲ့သည်။ "အဲဒါက အရမ်းလွန်သွားပြီ မဟုတ်ဘူးလား။"

ထိပ်တန်းကျောင်းသားများ၏ တောင်းဆိုမှုက အမြဲတမ်း ထိုမျှခက်ခဲလှသည်လား။

"မင်း အဲဒါကို တွက်ဖို့အတွက် သုံးရမယ့် ဖော်မြူလာတွေကို ဖတ်စာအုပ်ထဲကနေ ကိုယ်တိုင်လေ့လာရင် လေ့လာ၊ မင်းအစ်ကို မေးချင်မေး၊ တခြားတစ်ယောက်ကို အကူအညီတောင်းချင်တောင်း မဟုတ်ရင်လည်း ငါ့ကို မေးလို့ရတယ်။"

လင်ချူးဆွေ့က မေးခွန်းကို သာမန်ကာလျှံကာ ကြည့်လိုက်ပြီး ဝမ်းနည်းစရာကောင်းစွာနှင့် မေးထားသမျှမေးခွန်းကို သူမ တစ်လုံးမှ နားမလည်ကြောင်း သိလိုက်ရသည်။

"နင့်ကို မေးဖို့ ငါ ရွေးချယ်တယ်။" လင်ချူးဆွေ့က ထပ်ငြင်းရန် အလုပ်ရှုပ်မခံတော့ပေ။ သူမက သူ့ရှေ့သို့ အကြမ်းစာရွက် ချပေးကာ ပြောလိုက်သည်။ "ငါ့ကို ရှင်းပြပါ။"

သူမသည် 'ဒီသခင်မလေးက နင့်ကို စာပြပေးဖို့ တောင်းဆိုတာက နင့်ကို မျက်နှာသာပေးထားတာပဲ' ဟူသည့် အမူအရာမျိုး ဆင်မြန်းထားပြီး အရှက်မရှိ 'အကူအညီ' တောင်းရဲသော်လည်း ရှောက်ယန်က မျဥ်းကွေးဂရပ်ဖ်တစ်ခု ဆွဲလိုက်ကာ သူမအား တစ်ဆင့်ချင်း စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။

"F(x) က odd function ဖြစ်တာကြောင့် f(-x) = -f(x)..."

တခဏလောက် နားထောင်ပြီးနောက် လင်ချူးဆွေ့က စတင်၍ ငိုက်လာကာ စိတ်က စတင်၍ လေလွင့်တော့သည်။ သူမ အကြည့်များက ဘောပင်န်ထိပ်မှနေ၍ သူ၏ ကောင်းမွန်လှပသော လက်များထံ ရောက်သွားပြီး ထို့နောက်တွင် သူ့လက်များတလျှောက် အပေါ်တက်သွားကာ သူ၏ ဆွဲဆောင်မှုရှိသည့် လည်ဇလုတ်ကို မြင်လိုက်ရပြီး သွေးကြောများ ထင်းနေသည့် လည်တိုင်နှင့် ထို့ထက်အပေါ်သို့ ဆက်တက်လာသည့်အခါ ပါးလျသည့် နှုတ်ခမ်းများကို မြင်လိုက်ရသည်။

ဆက်စီကျတယ်။

"နားလည်လား။"

သူမက သူ့နှုတ်ခမ်းကို စိုက်ကြည့်နေရင်း မျက်တောင်ခတ်၍ ပြောလိုက်သည်။ "မလည်သေးဘူး။"

"အဲဒါဆို ငါ မင်းကို ထပ်ပြီး ရှင်းပြပေးမယ်။"

လင်ချူးဆွေ့က စားပွဲကို ပုတ်လိုက်သည်။ "ထိပ်တန်းကျောင်းသားရှောက် နင်က ဒီလောက် ကြည့်ကောင်းရဲ့သားနဲ့ ဘာလို့ ငါ့ကို အမြဲ ဆန့်ကျင်နေတာလဲ။"

"ငါ မင်းကို နောက်တစ်ခါ ထပ်ရှင်းပြမယ်။"

"နားမထောင်ချင်ဘူး။"

"X က သုညထက် တန်ဖိုး နည်းသွားတဲ့အခါ -f(x) = f(-x) = -[-(negative x) -1] = negative x plus 1>0..."

(သင်္ချာနဲ့ ဓာတ်မတည့်လို့ ဘာမှနားမလည်ဘူးရှင့် စာရှင်းတဲ့​နေရာကို ဖြည့်ဖတ်ပေးကြပါ။)

လင်ချူးဆွေ့က ထပ်ကာ ထပ်ကာ သမ်းဝေလိုက်သည်။

ရှောက်ယန်၏ အကြည့်က အကြမ်းစာရွက်ပေါ် ပေါ့ပါးစွာ ကျရောက်သွားသည်။ သူက ခဏရပ်သွားပြီးနောက် အကြမ်းစာရွက်ကို ပြန်ယူကာ သူ၏ အိမ်စာများကိုသာ ပြန်လုပ်လိုက်ပြီး သူမကို ဖိအားထပ်မပေးတော့ပေ။ "ဘဝမှာ မင်းကိုယ်တိုင်ပဲ မင်းအတွက်ကို ဖြည့်ဆည်းနိုင်မှာ။ သူငယ်ချင်းတွေဆိုတာ မင်းကို အလိုလိုက်ပေးလို့ရတယ်။ ဒါပေမယ့် မင်းရဲ့ ဘဝကို အစားရှင်သန်ပေးလို့ မရဘူး။"

သူက အနည်းငယ် ဒေါသထွက်နေသည်ကို မြင်သောအခါ လင်ချူးဆွေ့က သိပ်ဂရုမစိုက်ဘဲ သူမ၏ ဖုန်းကို ထုတ်ကာ ခဏလောက် ကြည့်လိုက်သည်။ ထို့နောက် သူမက သူ့ကို ထပ်ကာ မော့ကြည့်လိုက်ပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ "ငါ့ကို ဘယ်သူကမှ ဖြည့်ဆည်းပေးဖို့ မလိုဘူး။"

သူက အမူအရာမဲ့စွာနှင့် ဆက်လက်တွက်ချက်​နေပြီး မည်သည့်စကားမှ ထပ်မပြောတော့ဘဲ သူ့ကို ကြည့်ရသည်မှာ အမှန်တကယ်.......

ဒေါသထွက်နေပုံရလေသည်။

လင်ချူးဆွေ့က အနည်းငယ် အပြစ်ရှိသလို ခံစားသွားရသည်။ နောက်ဆုံး၌ သူမက သူ စာရှင်းပြခဲ့သည့် အကြမ်းစာရွက်ကို ကောက်ကိုင်လိုက်ပြီး သူ့ဘေးမှ မင်နီတစ်ချောင်း ထုတ်ကာ ရှင်းပြချက်အား စိတ်အားထက်သန်စွာ ကြည့်နေလိုက်သည်။

​သို့ပေမယ့် ကြည့်သာကြည့်နေသော်ငြား နားလည်နိုင်စွမ်းက မရှိပေ။

သို့သော် သူမ၏ အသိစိတ်ကို နှစ်သိမ့်ရန် သူမက အလွန် လေးလေးနက်နက် လေ့လာနေသလို ဟန်ဆောင်နေပေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ရှောက်ယန်က သူ၏ စိတ်ကို လန်းဆန်းသွားစေရန် လေအေးနည်းနည်းခံဖို့ရာ လေသာဆောင်သို့ ထွက်သွားခဲ့သည်။

သူသည် မှန်ပြတင်းကို ဖြတ်၍ ထိုမိန်းမငယ်လေးက ထိုင်ခုံပေါ်တွင် ခြေထောက်များကို ခွေကာ ထိုင်နေပြီး ခန္ဓာကိုယ်က စားပွဲရှေ့ကို ကိုင်းကာ အကြမ်းစာရွက်အား ဗလာဖြစ်နေသော အမူအရာနှင့် စိုက်ကြည့်နေကြောင်း မြင်နေရပေသည်။

ရှောက်ယန်က တစ်ဖက်သို့ ပြန်လှည့်ကာ သူ့မျက်လုံးများကို မှိတ်လိုက်သည်။

ညလေပြေညင်းက ညင်သာစွာ တိုက်ခတ်နေသည်။ လေသာဆောင် ဝရံတာတန်းကို မှီရပ်ရင်း (ဝရံတာတန်းပေါ်လက်တင်ပြီးကိုယ်ကို ရှေ့ကိုင်းထားတဲ့ပုံစံမျိုး) သူက ပတ်ဝန်းကျင်မှ ယိုယွင်းယိုင်နဲ့နေသည့် အိမ်များကို ကြည့်ကာ ဘေးအိမ်မှ အမျိုးသမီးက အသံကုန်တင်ထား​ပြီး ကြည့်နေသည့် မိသားစုဒရာမာမှ အသံကို နားထောင်နေသည်။

အဝေးမှ ခွေးဟောင်သံများကိုလည်း အချိန်နှင့်အမျှ ကြားနေရသေးသည်။

ဘဝက အမှန်တကယ်၌ ဤမျှ ကြမ်းတမ်းလှပေသည်။

သူသည် မွေးကတည်း ရုန်းကန်နေခဲ့ရသည်။ မိဘမဲ့ဂေဟာတွင် ကလေးတစ်ယောက်စီက တစ်နေ့လျှင် သကြားလုံး တစ်လုံးသာ ရသည်။ သူက အမြဲတမ်း တစ်ယောက်တည်းနေကာ စာလေ့လာနေလေ့ရှိသည့်အတွက် အခြားကလေးများက အုပ်စုဖွဲ့ပြီး သူ၏ သကြားလုံးကို လုယက်တတ်သည်။

သူက သူ၏ တစ်ခုတည်းသော သကြားလုံးကို ကာကွယ်ရန် သူတို့ကို ပြန်တိုက်ခိုက်ခဲ့သည်။

နောက်ပိုင်းတွင် နိုင်ငံရပ်ခြားမှ သီးသန့်ဆေးရုံ၌ ဆေးသွင်းခံရပြီးနောက် သူ၏ အသည်းတစ်ခြမ်းကို ဆုံးရှုံးခဲ့ရသည်။ သူက ပြင်းထန်သည့် နာကျင်မှုကို သည်းခံရင်း နေ့တိုင်း အများကြီး စားသောက်ပြီး ပြန်လည်ကောင်းမွန်လာစေရန် ကြိုးစားခဲ့သည်။

သူသည် မည်းမှောင်သည့် တိမ်တိုက်များက မည်မျှထူသလဲ သိသည့်အတွက် သူတို့အား လက်စားချေဖို့ရာ သူ့အသက်နှင့်လဲရန် ဆုံးဖြတ်ခဲ့သည်။

သူက အမြဲတမ်းရုန်းကန်နေရပြီး ရွှံ့နွံထဲမှ တွားသွားထွက်လာနိုင်ရန် ကြိုးစားခဲ့ရသည်။

ဤတစ်ကြိမ်၌လည်း အတူတူပင်။ သူက အသက်ဆက်ရှင်ပေသည်။

ညအချိန်၌ ရှောက်ချန် ညကျောင်းမှ ပြန်လာသည့်အခါ လင်ချူးဆွေ့က အိမ်၌ ရောက်နေသည်ကို မြင်ပြီး သူမက အလွန် အံ့သြသွားခဲ့သည်။

သို့သော် အံ့အားသင့်သွားသည့် အကြည့်က တခဏမျှသာ ဖြစ်သည်။ လင်ချူးဆွေ့က အိပ်ချင်၍ သမ်းဝေနေသည်ကို မြင်သောအခါ သူမက အရင်သွားအိပ်ရန် ပြောလိုက်သည်။

"အစ်မရှောက် မအိပ်သေးဘူးလား။"

ရှောက်ချန်က သူမ၏ စာအုပ်များကို ထုတ်ကာ အလင်းမှိန်မှိန်ရှိသည့် စားပွဲတင်မီးအိမ်ကို ဖွင့်လိုက်သည်။ "အစ်မ မေးခွန်းတချို့ ဖြေလိုက်ဦးမယ်။ ရှောင်ချူး အရင် အိပ်နှင့်လိုက်။"

လင်ချူးဆွေ့က နူးညံ့သည့် စောင်ကို ဖက်ထားရင်း ပိန်သွယ်သည့် ပုံရိပ်ကို ကြည့်ရင်း အံ့အားသင့်စွာ ပြောလိုက်သည်။ "အစ်မတို့က ဘာလို့ ဒီလောက်တောင် ကြိုးစားရတာလဲ။"

ရှောက်ချန်က နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်။ "အစ်မ မကြိုးစားရင် အနာဂတ်မှာ ရှောက်ယန်အတွက် ဇနီးတစ်ယောက် ဘယ်လိုရှာပေးနိုင်မှာလဲ။"

"ဝိုး.. အစ်မက သူ မိန်းမ မရမှာတောင် တွေးပူနေလိုက်သေးတယ်။" လင်ချူးဆွေ့က အလျင်အမြန် ပြောလိုက်သည်။ "အစ်မ မသိလို့နော်။ ညီမတို့ ကျောင်းက မိန်းကလေးတွေ သူ့ကို နေ့တိုင်းလိုလို လာဝန်ခံနေကြတာ။ သူက အရမ်းနာမည်ကြီးတယ်။"

ရှောက်ချန်က ပြုံးကာ မေးလိုက်သည်။ "ဒါဆို ညီမလေးကရော။ သူ့ကို ကြိုက်လား။"

"ညီမလား..." လင်ချူးဆွေ့က ချက်ချင်း ပြောလိုက်သည်။ "သေချာပေါက် မကြိုက်ဘူးပေါ့။"

"ဘာလို့ မကြိုက်တာလဲ။"

လင်ချူးဆွေ့က ဤအကြောင်းကို သူမနှင့် ဆွေးနွေးရမည်အား အနည်းငယ် ရှက်ရွံ့နေသည်။ သူမက စောင်ထဲသို့ တိုးဝင်သွားသည်။ "အစ်မ... ညီမ အခုအိပ်တော့မယ်။ ဝမ်အန်း"

စောင်ထဲတွင် လင်ချူးဆွေ့က ကြေမွ​နေသည့် အကြမ်းစာရွက်ကို ထုတ်ယူလိုက်ပြီး စာကြည့်စားပွဲမှ မီးအလင်းရောင်အောက်တွင် သူ၏ အားကောင်းလှသည့် လက်ရေးကို ကြည့်နေခဲ့သည်။

ရည်မှန်းချက်အတွက် ကြိုးစားခြင်းဟူသော ခံစားချက်ကို သူမ မေ့နေခဲ့တာ အချိန် အတော်ကြာပြီ ဖြစ်သည်။

မကြာခင်၌ လင်ချူးဆွေ့က အိပ်မောကျသွားသည်။ ဝက်တစ်ကောင်ကဲ့သို့ အိပ်ပျော်သွားခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်က သူမသည် အတန်းထဲတွင် အိပ်သလို အင်တာနက်ဆိုင်တွင်လည်း အိပ်ဖူးသည်။ သူမက ၂၄ နာရီဖွင့်သည့် ကုန်မျိုးစုံဆိုင်၌ပင် အိပ်ဖူးပြီး အသားကျနေပြီ ဖြစ်သည်။ သူမက မည်သည့်နေရာဖြစ်ဖြစ် မည်သည့်အချိန်ဖြစ်ဖြစ် အလွယ်တကူ အိပ်ပျော်နိုင်ပေသည်။

နောက်တစ်နေ့နံနက် သူမ နိုးလာသည့်အခါ မနက်ခုနစ်နာရီပင် ရှိနေပြီ ဖြစ်သည်။

မနက်ပိုင်း စာဖတ်ချိန်က ခုနစ်နာရီခွဲ စမှာဖြစ်သည်။ ယနေ့တွင် မနက်ခင်းစာဖတ်ချိန်က တရုတ်စာအချိန် ဖြစ်သည်။ တရုတ်ဆရာသည် ကျောင်းသားများကို နှိပ်စက်ရန် ထူးဆန်းသည့် နည်းလမ်းပေါင်းစုံ တွေးနေတတ်သည့် ထူးဆန်းသော လူအိုကြီး ဖြစ်သည်။

နောက်ဆုံးတစ်ခေါက် မနက်ခင်းတရုတ်စာအချိန်၌ လင်ချူးဆွေ့သည် အားလပ်ချိန်အတွင်း မနက်ခင်းအားကစားလုပ်နေသည့် ကျောင်းသားများကိုာ 'ဝက်သစ်ချပင်တမ်းချင်း' (ကျစ်ရှန့်ရှူ့) အား အလွတ် ရွတ်ဆိုပြရန် ပြစ်ဒဏ်ပေးခံခဲ့ရသည်။

လူအများရှေ့၌ မျက်နှာပျက်ရတာက ကိစ္စမရှိပေ။ ဤသည်က အရေထူခြင်းမထူခြင်းနှင့် သက်ဆိုင်ပေသည်။ သူမ ရှက်ရွံ့ခြင်း မရှိသရွေ့ ရှက်ရမည့်သူက အခြားသူများသာ ဖြစ်သည်။

သို့သော် အဓိကအချက်မှာ.... လေ့ကျင့်ခန်းလုပ်ရန် ဦးဆောင်လာသည့် ကျောင်းသားက ဘဝ၏ မုန်တိုင်းများကို မတွေ့ကြုံဖူးသေးသည့် အနည်းငယ် ဝဖိုင့်သော ပထမနှစ်ကောင်လေး ဖြစ်သည်။ သူသည် စီနီယာအစ်မ လင်ချူးဆွေ့၏ စိတ်အားထက်ထက်သန်သန်နှင့် ရွတ်ဆိုနေသော 'ငါ နင့်ကို ချစ်ခဲ့ရင် အချစ်ရူးငှက်ကလေးရဲ့ ဖန်တရာတေသီချင်းကို ဘယ်တော့မှ အတုယူမှာ မဟုတ်ဘူး။' ဆိုသည့် စာသားကြောင့် နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားသွားခဲ့သည်။

ထိုစဥ်မှစ၍ သူက မနက်ခင်း လေ့ကျင့်ခန်းလုပ်ရန် ဦးဆောင်ကျောင်းသား နေရာမှ နှုတ်ထွက်လိုက်သည်။ လင်ချူးဆွေ့ကို မြင်သည့်အခါတိုင်း ဖက်တီးလေး၏ မျက်နှာက နီရဲလာကာ သူမကို မြင်တိုင်း ရှောင်သွားလိမ့်မည် ဖြစ်သည်။

လင်ချူးဆွေ့သည် လေ့ကျင့်ခန်းလုပ်ရန် ဦးဆောင်လာမည့် ဒုတိယကျောင်းသားလေးကို ထပ်မထိခိုက်စေချင်တော့သောကြောင့် မနက်ခင်း တရုတ်စာ စာဖတ်ချိန်ကို မည်သည့်အခါမှ နောက်မကျတော့ပေ။

သူမက အိပ်ရာပေါ်မှ အလူးအလဲထကာ ကျောင်းယူနီဖောင်းကို အမြန်ဝတ်လိုက်ပြီး အခန်းထဲမှ ပြေးထွက်လာခဲ့သည်။

ရှောက်ချန်က ဆိုင်ဖွင့်ရန် ထွက်သွားပြီ ဖြစ်ကာ ရှောက်ယန်၏ အရိပ်အယောင်ကိုလည်း မတွေ့ရပေ။ သူ ကျောင်းသို့ သွားနှင့်ခြင်း ဖြစ်ပုံရသည်။

လင်ချူးဆွေ့က မျက်နှာကို ကမန်းကတမ်းသစ်ပြီးနောက် တံခါးမှ ခလုတ်တိုက်မတတ် ပြေးထွက်လာသည်။ သူမသည် ရှောက်ယန်က လမ်းကြားအဝင်သို့ စက်ဘီးတွန်းကာ ထွက်သွားသည်ကို မြင်လိုက်ရသည်။

မနက်ခင်း၏ နေရောင်ခြည်နုနုက သူ့အပေါ် ကျဆင်းနေပြီး သန့်ရှင်းစင်ကြယ်နေ၏။

လင်ချူးဆွေ့က သူ့ကို ပြောလိုက်သည်။ "ငါတို့ နောက်ကျတော့မှာပဲ။ နင် ငါ့ကို ဘာလို့ မနှိုးတာလဲ။"

ရှောက်ယန်က ခေါင်းမော့လာကာ သူ၏ လှပသော မျက်ဝန်းများထဲတွင် အလင်းတို့ ပြည့်နေပြီး သူ့မျက်ဆံများက အညိုဖျော့ရောင် ဖြစ်နေသည်။ "လိုအပ်လို့လား။"

"ဒီနတ်ဘုရားမက မထိန်းချုပ်နိုင်တဲ့ လွတ်လပ်မှု ချစ်ခြင်းတရားအပြည့်နဲ့ ရှင်သန်ခဲ့ပေမယ့် တစ်စုံတစ်ယောက်ရဲ့ အေးစက်မှုအောက်မှာ ခေါင်းကို ညွှတ်ခဲ့ရတယ်လေ။ အထူးသဖြင့် အဲဒီ ခေတ်နောက်ကျတဲ့ အဖိုးကြီးထန်ရဲ့ တရုတ်စာ စာဖတ်ချိန်ပဲ။ နောက်ကျလို့မရဘူး။"

***

All Chapters