အခန်း ၁၅
Vol. 2 Ch. 15
အပိုင်း ( ၁၅ )
လင်ချူးဆွေ့က လေပွေကဲ့သို့ လှေကားမှ ပြေးဆင်းလာချိန်၌ ရှောက်ယန်က သူ့စက်ဘီးပေါ်တက်ကာ နင်းထွက်သွားပြီး မနက်ခင်းအလင်းအောက်၌ ပျောက်ကွယ်သွားသည်။
"ရှောင်းယန်ယောက် ငါ့ကို စောင့်ဦး။" (ယောက် က ဆေးဝါး ဆိုတဲ့ အဓိပ္ပါယ်ပါ။ ကြည့်ရတာ ရှောင်းယန်ဆိုတဲ့နာမည်နဲ့ ဆေးရှိတဲ့ပုံပါပဲ။)
လင်ချူးဆွေ့က သူ့ကို ဖမ်းရန် ပြေးလိုက်ခဲ့ပြီး ရှောက်ယန်က သူမအား တမင်သက်သက် စောင့်နေဟန်ရှိသော်လည်း သူမ၏ အဖမ်းကို မခံဘဲ စက်ဘီးကို မနှေးမမြန်နှင့် လမ်းမထက် ပေါ့ပေါ့ပါးပါး နင်းသွားခဲ့သည်။
ကျောင်းဂိတ်နားသို့ ရောက်သည့်အခါ နောက်ဆုံးတွင် လင်ချူးဆွေ့က သူ့ကို ဖမ်းမိသွားပြီး မောဟိုက်နေလျက်နှင့် သူ့အဝတ်ကို ဖမ်းဆွဲထားလိုက်သည်။ "ဖမ်း... ဖမ်းမိပြီ။"
ရှောက်ယန်က ဘရိတ်ညှစ်လိုက်သည်။ "ဘာလို့ ငါ့ကို ဖမ်းတာလဲ။"
"ကျောင်းကို တင်နင်းသွားပေး။ ငါ နောက်ကျတော့မယ်။"
သူက အမူအရာမဲ့စွာ မော့ကြည့်လိုက်သည်။ "နတ်ဘုရားမလေး မင်းရဲ့ မြင့်မြတ်တဲ့ ခြေထောက်ကို မပြီး ကျောင်းဂိတ်ကနေ ဆယ်မီတာလောက်ပဲ ဆက်လျှောက်ဖို့ လိုတော့တာနော်။"
"..."
လင်ချူးဆွေ့က ကျောင်းဂိတ်ကို ကြည့်လိုက်ပြီး အံကြိတ်ကာ တွန့်ဆုတ်စွာ ပြောလိုက်သည်။ "ဒါပေမယ့် ငါ နင့်နောက်ကနေ နှစ်ကီလိုမီတာတောင် လိုက်ခဲ့ရတာလေ။"
"အဲဒီတော့..."
"အဲဒီတော့ ငါ နင့် စက်ဘီးပေါ်မှာ ထိုင်လိုက်ချင်တယ်။ မဟုတ်ရင် ငါ နင့်နောက် လိုက်လာတာ အလကား ဖြစ်သွားမှာပေါ့။"
"တကယ်တော့ မင်း တက္ကစီငှားပြီး လာလိုက်ရင် ငါ့ထက်တောင် မြန်ဦး....." သူ့စကားမဆုံးခင် လင်ချူးဆွေ့က သူ့ စက်ဘီးနောက်မှာ ထိုင်ရင်း လောဆော်လိုက်သည်။ "မြန်မြန်... မြန်မြန် ငါးမိနစ်ပဲ လိုတော့တယ်။"
ရှောက်ယန်က ကူကယ်ရာမဲ့စွာပင် ကျောင်းထဲသို့ သူမကို တင်ခေါ်သွားရုံသာ တတ်နိုင်တော့သည်။
မနက်ခင်းအလင်းရောင်အောက်တွင် သန့်ရှင်းသည့် အဖြူနှင့် အပြာရောင် ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားပြီး စက်ဘီးနင်းနေသည့် သူ့ပုံစံက လမ်းတလျှောက်တွင် အလွန် မျက်စိဖမ်းစားစရာ ဖြစ်နေသည်။
လင်ချူးဆွေ့က မြေပေါ် ကြွေကျနေသည့် သစ်ရွက်များကို ကန်ရင်း သူ့နောက်ကျောကို မော့ကြည့်လိုက်ပြန်သည်။
"ရှောင်းယန်ယောက် နင် ဘာလို့ ငါ့ ထိုင်ခုံဖော် ဖြစ်လာချင်တာလဲ။"
"ဘာလို့လဲဆိုတော့ ငါ မင်းကို ကြိုက်နေလို့လေ မဟုတ်ဘူးလား။"
"နင် ငါ့ကို တကယ် ကြိုက်လို့လား။"
"မင်း နောက်ဆုံးတော့ မင်းရဲ့ ကိုယ်ပိုင်ဆွဲဆောင်မှုကြီးကို သံသယဝင်သွားပြီပေါ့။"
"မဟုတ်ဘူး။" လင်ချူးဆွေ့က သူ၏ ရယ်မြူးရိပ်သမ်းနေသော အသံကို ကြားသည့်အခါ ခေါင်းမာစွာ ပြောလိုက်သည်။ "မဟုတ်ဘူး။ နင့်အချစ်က ငါ့အတွက်ပဲဆိုတာ အခုထိ သံသယမရှိဘူး။ ပြီးတော့ ငါက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေနပ်အားရနေတယ်။"
ရှောက်ယန်က ပေါ့ပါးစွာ ရယ်လိုက်သည်။
"အိုး"
သူ၏ သန့်စင်သော အပြုံးကို မြင်သောအခါ လင်ချူးဆွေ့က မှင်တက်သွားလေသည်။
ဤသည်မှာ သူ၏ ထိုမျှ သက်သောင့်သက်သာ ဖြစ်နေသော အမူအရာကို သူမ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
........
မနက်ခင်းစာဖတ်ချိန်အတွင်း လုချီက နောက်သို့ မှီထိုင်ကာ သူမ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ "အတန်းထဲကို အတူတူ ဝင်လာတာ။ မင်းတို့ တကယ်ပဲ ညက အချိန်အတူတူ ကုန်ဆုံးခဲ့တာတော့ မဟုတ်ဘူးမလား။"
"ဟုတ်တယ်။ ငါ ညက တစ်ညလုံး သူ့ဆီမှာ နေခဲ့တာ။"
"သေစမ်း ကျောင်းက နံပါတ်တစ်ကျောင်းသားကြီး ဘယ်လိုနေလဲ။"
"ဘာကို ဘယ်လိုနေလဲလဲ။"
"သူ့ စွမ်းရည် သူက ကောင်းလား။"
"ကျောင်းနံပါတ်တစ်က ကျိန်းသေကောင်းတာပေါ့။"
ထိုသို့ပြောလိုက်ပြီးနောက် လုထျန်းပိုင်သည်ပင် သူတို့ကို ပြန်လှည့်ကြည့်လာပြီး သူမ၏ အမူအရာက ကြောက်စရာကောင်းနေသည်။
အကျင့်စာရိတ္တပျက်ပြားသည့် ကိစ္စများကို ပြောခံရခြင်းမှ ရှောင်ရှားရန် လင်ချူးဆွေ့က ထပ်ပြောလိုက်သည်။ "ကျောင်းနံပါတ်တစ်က သေချာပေါက် ကောင်းတာပေါ့။ နင်တို့တွေ သူ့ရဲ့ သင်္ချာအိမ်စာကို ပျော်ပျော်ကြီး ကူးခဲ့ကြတယ် မဟုတ်ဘူးလား။"
"သူ မင်းကို တစ်ညလုံး နှိပ်စက်နေတယ်လို့တော့ မပြောနဲ့နော်။"
"သူ တကယ် လုပ်ခဲ့တာ။"
"ဟမ့်~ ပျင်းစရာကြီး"
ရွှီကျားနင်က ရှေးဟောင်းကဗျာနှင့် စကားပြေ စာအုပ်ကို ကိုင်ထားရင်း လှောင်ပြောင်သရော်ကာ ပြောလိုက်သည်။ "တစ်ညလုံး အိမ်ပြန်မလာရုံတင်မကဘူး။ ယောက်ျားလေးတစ်ယောက်ရဲ့ အိမ်ကိုပါ ညသွားအိပ်လိုက်သေးတယ်။ မင်း အဖေသာ သိရင် ဒေါသထွက်လွန်းလို့ စွေ့စွေ့ခုန်နေမှာပဲ။"
"နင့် သောက်ပူမပါဘူး။" လင်ချူးဆွေ့က အလွန် ရိုင်းစိုင်းစွာ ပြောလိုက်သည်။ "ပြီးတော့ ငါ့ အဖေကို ထည့်ပြောနေတာ ရပ်လိုက်။"
ရွှီကျားနင်က အေးစက်စွာ နှာမှုတ်လိုက်သည်။ "သေသွားတဲ့လူကို လက်လွှတ်မပေးဘဲ တွယ်ကပ်နေပြီး အသက်ရှင်နေသေးတဲ့ လူတွေကို နာကျင်ပြီး စိတ်ပျက်ရအောင် လုပ်တယ်။ မင်းက တစ်ကမ္ဘာလုံး မင်းကို အကြွေးတင်နေသလို ခံစားနေရတာလား။ ဘယ်သူက မင်းကို အကြွေးတင်နေတာလဲ။"
လင်ချူးဆွေ့၏ လက်က တရုတ်ဖတ်စာအုပ်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "ငါ့ ဘဝကို လိုက်စွက်ဖက်ထောက်ပြနေရအောင် နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလဲ။"
"ဆောရီး ငါ့ အဖေက မင်းအမေနဲ့ လက်ထပ်ထားတာ။ အခု ငါက ဥပဒေအရဆို မင်းရဲ့ အစ်ကိုပဲ။" နောက်ဆုံး၌ ရွှီကျားနင်က သူ့လက်ထဲက စာအုပ်ကို ချ၍ သူမအား မော့ကြည့်လိုက်သည်။ "ငါ မင်းကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေတာ မနေ့တုန်းက မင်းဘက်ကအရင် ဓာတ်ပုံတွေကို ဖြုတ်ချပေးသွားလို့ပဲ။ ဒါကြောင့် မင်းက လုံးဝ ပြောမနိုင်ဆိုမနိုင်ဖြစ်နေတာ မဟုတ်ဘူးလို့ ခံစားရတယ်။"
"ကျေးဇူးပဲ။ ဒါပေမယ့် ငါ နင့်ရဲ့ အကဲဖြတ်မှုကို မလိုအပ်ဘူး။"
"မင်းကို အကဲဖြတ်ဖို့ကို ငါ အရမ်းပျင်းတယ်။ အိုး ဟုတ်သားပဲ။ ဒါနဲ့ သူတို့ မနေ့က master bedroom မှာ အိပ်ကြတာ။"
လင်ချူးဆွေ့၏ နှလုံးသားက လျင်မြန်စွာ ခုန်လာပြီး သွေးများက ခေါင်းထဲ ဆောင့်တက်လာကာ သူမ လက်များကို လက်သီးအဖြစ် တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။ "နင်... အဲဒါကို ထပ် ပြောလိုက်စမ်း"
ရွှီကျားနင်က မေးကို မော်ချီထားပြီး အေးစက်စွာ သရော်လိုက်သည်။ "ကလေး၊ မင်းက ပုန်ကန်တတ်ရုံနဲ့ မင်းမိဘတွေရဲ့ ဘဝကို လွှမ်းမိုးနိုင်မယ်လို့ ထင်နေတာလား။ မရင့်ကျက်လိုက်တာ။"
ရှောက်ယန်က လင်ချူးဆွေ့ကို ကြည့်လိုက်သည်။ သူမ မျက်နှာက ဒေါသကြောင့် နီရဲနေပြီ ဖြစ်၏။
ဒေါသက အထွတ်အထိပ်သို့ ရောက်သွားသည့်အခါ ၎င်းက နက်ရှိုင်းသည့် ကူကယ်ရာမဲ့ခြင်းအဖြစ် ပြောင်းလဲသွားသည်။
ရွှီကျားနင်က သူမ၏ အားအနည်းဆုံးသော ပျော့ကွက်ကို ထိမိလိုက်လေသည်။
အရှေ့တန်းမှ လုထျန်းပိုင်သည်ပင် ပြင်းထန်လာသည့် လေထုပခြေအနေကို ခံစားမိကာ သူတို့ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။ "အချစ်လေး နည်းနည်းလောက် စိတ်အေးအေးထားပါဦး။"
လုချီ၏ သွေးများလည်း ဆူပွက်နေပြီး လင်ချူးဆွေ့ဘက်မှ စတင်တိုက်ခိုက်သည်နှင့် သူမနှင့်အတူ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
လင်ချူးဆွေ့၏ အသံက တုန်ယင်နေပြီး သူမက ရွှီကျားနင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ "ငါ့ရဲ့ ဥပဒေအရ တော်စပ်တဲ့ အစ်ကိုရေ နင်က အရမ်းစွမ်းဆောင်နိုင်တာပဲ။ အရာရာတိုင်းမှာ ငါ့ထက် ပိုသာတယ်။ စဥ်းစားဉာဏ်ပိုရှိပြီး မိသားစုဆီကနေလည်း ပိုအချစ်ခံရတယ်။ နင်ကတော့ ဒီသာလွန်တဲ့ ခံစားချက်တွေကြောင့် အရမ်းပျော်နေတော့မှာပဲ ဟုတ်တယ်မလား။"
ရွှီကျားနင်က အေးစက်စွာ သရော်လိုက်သည်။ "ငါက အရှုံးသမားတစ်ယောက်ထက် သာလွန်တယ်ဆိုတဲ့ ခံစားချက်ကို ရခဲ့ရင် အဲဒါ ငါ့ကို လုံးဝ ရှုံးနိမ့်သွားအောင် ဖြစ်စေတာ မဟုတ်ဘူးလား။"
"မင်း ဘာစောက်စကားပြောတာလဲ" နောက်ဆုံး၌ လုချီက သည်းမခံနိုင်တော့ပေ။ သူက ထရပ်ကာ ရွှီကျားနင်၏ ကော်လာကို ဆုပ်ဆွဲလိုက်၏။ "မင်းက အင်္ဂလိပ်စကားလေး နည်းနည်းပြောနိုင်ရုံနဲ့ မင်းကိုယ်မင်း အံ့သြစရာကောင်းနေပြီ ထင်လား။"
သူနှင့် လင်ချူးဆွေ့သည် ငယ်ငယ်ကတည်းက အခင်ဆုံး သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည့်အတွက် သူက လင်ချူးဆွေ့ အနိုင်ကျင့်ခံနေရသည်ကို မြင်သောအခါ သည်းမခံနိုင်တော့ပေ။
"စကားနဲ့ အနိုင်မရတော့ လက်သီးသုံးချင်တာလား။"
"အနိုင်မရနိုင်ဘူးလား။ ချူးဆွေ့ အံ့ဖွယ်တွေ လုပ်ပြနိုင်တဲ့အချိန်တုန်းက မင်း စောက်အမှိုက် Eton ကျောင်းမှာ စောက်လူကြီးလူကောင်းယောင်ဆောင်တုန်းပဲ ရှိနေဦးမှာ"
ရွှီကျားနင်က လှောင်ပြောင်သရော်လိုက်သည်။ "သူမက ဘယ်လောက် အံ့ဖွယ်လုပ်ပြနိုင်မှာလဲ။ သင်္ချာတောင် အောင်ဖူးရဲ့လား။ မဟုတ်ရင် အနည်းဆုံး အင်္ဂလိပ် Listening မေးခွန်းမှာ တစ်ခုတောင် အဖြေမှန်ဖူးလို့လား။"
"လူတွေကို စောက်ထင်မသေးနဲ့" လုချီက သူ့လည်ချောင်းထဲမှ အငွေ့ပင် ထွက်လာတော့မလို ဒေါသတကြီး ဖြစ်လာသည်။ "မူလတန်းကျောင်းကနေ အလယ်တန်းကျောင်းအထိ ချူးဆွေ့ရဲ့ အဆင့်တွေက အရမ်းကောင်းတယ်။ သူမက TV မှာတောင် ပါဖူးတယ်။"
"လာနောက်နေတာလား။"
"နောက်တယ်ဟုတ်လား။ မင်းဘာသာမင်း သွားရှာကြည့်လိုက်။ နန်ချန်အထက်တန်းကျောင်းခွဲက ဓာတ်ပုံရိုက်ထားသလို ဘယ်တော့မှ မမေ့တတ်တဲ့ မှတ်ဉာဏ်နဲ့ ပါရမီရှင်မိန်းကလေးဆိုပြီး။ သူမ လက်က ဆုတွေကို ကိုင်ရလွန်းလို့ ညောင်းချိနေလောက်အောင်ပဲ။ CCTV က အမျိုးသား မှတ်ဉာဏ်ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဟားဗက်နဲ့ အောက်စဖို့ဒ် တက္ကသိုလ်က ကျောင်းသားတွေကိုတောင် ရိုက်ချနိုင်ခဲ့တာကွ"
ရှောက်ယန်က လင်ချူးဆွေ့ကို ကြည့်လိုက်သည်။
"ပါးစပ်ပိတ်ထား" လင်ချူးဆွေ့က စူးရှစွာ အော်ဟစ်ပြီး လုချီ၏ စကားများကို ဖြတ်လိုက်သည်။
လုချီက ရပ်လိုက်ရန် ဆန္ဒမရှိဘဲ တစ်ခုခု ထပ်ပြောချင်သေးသော်လည်း ဓားကဲ့သို့ ထက်ရှသည့် အကြည့်များအောက်တွင် စကားလုံးများကို သူ့လည်ချောင်းထဲသို့ အတင်းအကျပ် ပြန်မြိုချလိုက်ရသည်။
သူက ကိုးရို့ကားယားနိုင်စွာ ပြန်ထိုင်ချလိုက်ပြီး သူ၏ တရုတ်စာ ဖတ်စာအုပ်ကို ဖွင့်ကာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။
ရွှီကျားနင်ကလည်း ပြန်ထိုင်ချလိုက်ပြီး အေးစက်စွာ သရော်လိုက်၏။ "ပြင်ဆင်မှုမရှိဘဲ ကြွားဝါနေတာက ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာပဲ။ သူမ အဲဒီလောက် တော်နေရင် ငါ သူမကို အစ်ကိုလို့ ခေါ်လိုက်မယ်။"
လင်ချူးဆွေ့၏ ခံစားချက်က ပြန်၍ တည်ငြိမ်သွားပြီ ဖြစ်သည်။ သူမက ရွှီကျားနင်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်သည်။
သူမ၏ အကြည့်အောက်တွင် ရွှီကျားနင်က ကြက်သီးဖြန်းဖြန်းထလာပြီး ရိုင်းစိုင်းစွာ ပြောလိုက်သည်။
လင်ချူးဆွေ့က စားပွဲထောင့်စွန်းတွင် တင်ထားသည့် သင်္ချာလေ့ကျင့်ခန်းစာအုပ်ကို ဆွဲထုတ်ကာ တတိယမြောက် မေးခွန်းကို ထောက်ပြလိုက်သည်။ "နင် ဒီမေးခွန်းရဲ့ အဖြေက C မဟုတ်ဘူး။ B ကို ရွေးရမှာ။"
ရွှီကျားနင်၏ နှုတ်ခမ်းများက လှောင်ပြောင်သရော်ဟန် ကွေးညွှတ်သွားသည်။ "မဖြစ်နိုင်ဘူး။"
လင်ချူးဆွေ့က ခပ်ကျယ်ကျယ် ရွတ်ပြလိုက်သည်။ "f(x) က odd function ဖြစ်တယ်။ အဲဒါဆိုရင် f(-x)=-f(x)."
ရှောက်ယန်က သူ့ခေါင်းကို ဖြေးညင်းစွာ လှည့်၍ သူမအား ကြည့်လိုက်သည်။
ဤမေးခွန်းက သူ မနေ့ညက သူမကို သင်ပေးခဲ့သော်လည်း သူမ လုံးဝ နားမလည်ခဲ့သည့် တစ်ခု ဖြစ်သည်။
မိန်းမငယ်လေး၏ မှင်ရည်ကဲ့သို့ နက်မှောင်သည့် မျက်လုံးများထဲ ခိုင်မာပြတ်သားသည့် အလင်းတို့ဖြင့် ပြည့်နေခဲ့သည်။ သူမက အကြမ်းစာရွက်သုံးရန်ပင် အလုပ်ရှုပ်ခံမနေဘဲ တိုက်ရိုက် ပါးစပ်က ချပြောလိုက်သည်။ "X ရဲ့ တန်ဖိုးက သုညထက် နည်းတဲ့အခါ -f(x)=f(-x)=-[-(negative x) minus 1]=negative x plus 1 greater than 0, အဲဒါကြောင့် B ကို ရွေးသင့်တယ်။ C ကို ရွေးရင်မှားတယ်။ ဘာလို့လဲဆိုတော့ f(x) multiplied by f(-x) equal (x minus 1)(negative x plus 1) which is less than 0."
ရှောက်ယန်က သူမ တွက်ပြသည့် အဆင့်များကို နားထောင်ရင်း သူ့စိတ်ထဲမှာ လျင်မြန်စွာ တွက်ချက်နေသည်။
သူ့ နှုတ်ခမ်းထောင့်စွန်းများက ခပ်ရေးရေး ကော့ညွှတ်လာ၏။
အထက်တန်း သင်္ချာအခြေခံနည်းနည်းလေးမှ မရှိသည့် သင်ယူမှုတွင် ချို့ယွင်းနေသော ကျောင်းသားက အမှန်တကယ်တွင် ပုစ္ဆာ ဖြေရှင်းနည်းအားလုံးကို အဆင့်တိုင်း မှတ်ထားနိုင်သည့် မှတ်ဉာဏ်မျိုး ပိုင်ဆိုင်ထားလေသည်။
"သေစမ်း"
လင်ချူးဆွေ့ စကားပြောပြီးနောက် ရွှီကျားနင် မတုန့်ပြန်နိုင်ခင် လုချီနှင့် ကျန်းချန်ယွီက တစ်ချိန်းတည်းလိုလို လက်ခုပ်တီးလိုက်ကြသည်။ သူတို့၏ သွေးများက ဆူပွက်နေ၏။
"ချူးဆွေ့ အရမ်းတော်တာပဲ။ ချူးဆွေ့ကို လက်ဖက်ရည် ဆက်သပါတယ်။"
"နတ်ဘုရားမ ချူးဆွေ့ ပြန်လာပြီ။"
ရွှီကျားနင်က ဘောပင်န်ကို ကောက်ကာ အကြမ်းစာရွက်၌ သဲသဲမဲမဲ စတင်တွက်ချက်တော့သည်။ မကြာခင်၌ အဖြေကို အတည်ပြုလိုက်နိုင်လေသည်။
အဆင့်တိုင်းက လင်ချူးဆွေ့ ရွတ်ပြသွားသည့်အတိုင်း ဖြစ်သည်။ B ကို ရွေးချယ်ရမည် ဖြစ်ပြီး C မဟုတ်ပေ။ သူက လျှမ်းသွားခဲ့ခြင်း ဖြစ်လေသည်။
ရွှီကျားနင်က သူမကို မသေချာသလို ကြည့်လိုက်ပြီး အစောပိုင်းက လုချီ ပြောသွားသည့်စကားများကို စတင်ယုံကြည်လာပုံရသည်။
"ငါ့ကို အစ်ကိုလို့ ခေါ်ဖို့က မေ့လိုက်။ ငါ့မှာ ညီငယ်တွေ ရှားမနေဘူး။" လင်ချူးဆွေ့က မြင့်မြတ်စွာနှင့် အေးစက်စက် ပြန်လှည့်ကြည့်လိုက်သည်။
"ငါ့ကို သခင်ချူးလို့ ခေါ်။"
ကျောင်းမဆင်းခင် လောင်ချင်က အတန်းထဲသို့ ရောက်လာပြီး နောက်လတွင် နန်ချန်၌ ခရိုင်မာရသွန်ပြိုင်ပွဲ စတင်တော့မည် ဖြစ်ကြောင်း ကြေညာလာသည်။
"ငါတို့ ခရိုင်ရဲ့ မာရသွန်ပြိုင်ပွဲက သုံးနှစ်တစ်ကြိမ် ကျင်းပတယ်ဆိုတာကို ကြားဖူးတယ်မလား။ ဒါက အရမ်းအရေးကြီးတဲ့ ပွဲတစ်ခုပဲ။ အထူးသဖြင့် အားကစားစာမေးပွဲ ဖြေမယ့် ကျောင်းသားတွေအတွက်ပေါ့။ ဆုတွေက မက်လောက်စရာပဲ။"
ကျောင်းသားများသည် ထိုပြိုင်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားမှုသိပ်မရှိကြပေ။ ဘာပဲဖြစ်ဖြစ် သူတို့က မည်သည့်ဆုနေရာမှ ရနိုင်လိမ့်မည် မဟုတ်ကြောင်း သိပေသည်။
သို့သော် လုချီ၊ ကျန်းချန်ယွီနှင့် ကျောင်းအားကစားအဖွဲ့မှ အဖွဲ့ဝင်များမှာ သုံးနှစ်လုံးလုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းလာခဲ့ကြပေသည်။ သူတို့က နေ့တိုင်းလေ့ကျင့်ခဲ့ကြပြီး ဤမာရသွန်ပြိုင်ပွဲတွင် ဂုဏ်သရေရှိစွာ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
"အစ်ကိုချူး မင်း စာရင်းပေးသင့်တယ်။" လုချီက လင်ချူးဆွေ့၏ ပခုံးကို ပုတ်လိုက်သည်။ "ငါတို့တွေက ပြေးလမ်းပေါ်မှာ ပြေးတယ်ဆိုရုံပဲရှိမှာ။ ဒါပေမယ့် အစ်ကိုချူး မင်းဆိုရင်တော့ တကယ်ပဲ ဆုရနိုင်စွမ်းရှိတယ်လေ။"
ရှောက်ယန်က သူမကို ကြည့်လိုက်ပြီး အေးစက်စက် သူ့မျက်လုံးများက သူမ၏ သေးသွယ်လျသော ပခုံးများထက် ဝေ့ဝဲသွားသည်။
လင်ချူးဆွေ့က သူ့အကြည့်ကို သတိပြုမိကာ မပျော်မရွှင်နှင့် ပြောလိုက်သည်။ "နင် ဘာကြည့်တာလဲ။"
"မင်း မာရသွန်ပြေးနိုင်တာလား။"
လုချီက ရောက်လာပြီး ပြောလိုက်သည်။ "ကျောင်းနတ်ဘုရား မင်း မသိလောက်ပေမယ့် ငါတို့ရဲ့ အစ်ကိုချူးက ဓာတ်ပုံရိုက်ထားသလို မှတ်ဉာဏ်တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ သူမရဲ့ ခံနိုင်ရည်အားကလည်း အမိုက်စားပဲ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ပြေးခုန်ပစ်အားကစားနဲ့ မာရသွန်မှာဆိုရင် သူမက ခရိုင်တစ်ခုလုံးမှာ တတိယဆုကို ရခဲ့ပြီး မြို့တော်ဝန်ကတောင် သူမကို ကိုယ်တိုင်ကိုယ်ကျ ဆုပေးခဲ့တာနော်။"
သူက ရှောက်ယန်၏ ပခုံးကို ပုတ်လိုက်ပြီး ပြုံးဖြဲဖြဲနှင့် ပြောလိုက်၏။ "သူမမှာ အရမ်းကောင်းတဲ့ ခံနိုင်ရည်အား ရှိတာမလို့ အနာဂတ်မှာ မင်းအတွက် ကိစ္စတွေက လွယ်ကူသွားတာပေါ့ကွာ။ ဟီးဟီးဟီး"
ရှောက်ယန်က စက်ဆုပ်ရွံရှာစွာဖြင့် လုချီ၏ လက်ကို တွန်းချလိုက်ပြီး သူ့ဘေးမှ မိန်းကလေးကို ကြည့်လိုက်သည်။ သူမတွင် သေးသွယ်သည့် ပုံရိပ်ရှိပြီး ရှုပ်ရှုပ်ပွပွ ဆံနွယ်မျှင်တို့က သူမ၏ နူးညံ့သော ပခုံးထက်တွင် ဖေးတင်နေသည်။
ထိုမျှ နူးညံ့ကျိုးကြေလွယ်သည့် ခန္ဓာကိုယ်တွင် ထိုကဲ့သို့များပြားလှသော စွမ်းအင်များ ရှိနေသည်ဟု တွေးထင်ရန်မှာ ခက်ခဲလှပေသည်။
လင်ချူးဆွေ့သည် သူမပေါ်၌ ကျရောက်နေသော ရှောက်ယန်၏ လောင်ကျွမ်းလုမတတ် အကြည့်များကို ခံစားမိပေသည်။ သူမက လက်ကို ဆန့်ထုတ်ကာ လုချီအား ရိုက်လိုက်သည်။ "အများကြီး လျှောက်ပြောနေတာကို ရပ်လိုက်။ နင့် တံတွေးတွေ လာစင်မှာကို သတိထားပေး။"
"အစ်ကိုချူးက ရှက်နေတာပဲ။"
"ဒါက ရှက်တာနဲ့မဆိုင်ဘူး။" လင်ချူးဆွေ့က ခပ်တိုးတိုး ပြောလိုက်သည်။ "အဓိကက.... ကျောင်းနတ်ဘုရားက ငါ့ရဲ့ ဆွဲဆောင်မှုကို ခံနေရပြီးပြီ။ တကယ်လို့ နင် ဆက်ပြောနေရင် သူက ပိုပြီး အတွေးနက်နေတော့မှာ။ အဲဒီအခါကျ ငါ သူ့ကို ဘယ်လို ခွာချလို့ ရတော့မှာလဲ။"
လုချီက ပြောလိုက်သည်။ "မင်း ပြောတာ မှန်တယ်။ ငါတို့ သိုသိုသိပ်သိပ်နေတာ ပိုကောင်းတယ်။"
ရှောက်ယန် : "..."
***