← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း ( ၁၆ )

လင်ချူးဆွေ့က မာရသွန်ပြိုင်ပွဲဝင်ရန် အစီအစဥ် မရှိပေ။

သူမသည် နောက်ဆုံးတစ်ခေါက် မာရသွန်ပြိုင်ပွဲဝင်စဥ်အချိန်က မှတ်ဉာဏ်များက ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်သည်။ ၎င်းက တစ်မြို့လုံးကို ပတ်၍ ပြေးရသည့် မာရသွန်ပြိုင်ပွဲဖြစ်ကာ ပြေးလမ်းက ဗဟိုပန်းခြံမှနေ၍ တောင်ဘက်ဟွားဖုမြို့အထိ ဖြစ်၏။

ထိုနေ့က အနောက်ဘက်ရှိ လူနေအဆောက်အဦးတစ်ခုတွင် မီးလောင်ခဲ့ပြီး သူမ အဖေက ထိုနေရာသို့ အရေးပေါ် သွားခဲ့ရသည်။ သူမက ပြေးနေသည့်တလျှောက်လုံး သူမအဖေအတွက် စိုးရိမ်ပူပန်နေခဲ့ရသည်။

မထင်မှတ်ထားဘဲ လမ်းတစ်ဝက်လောက်ပြေးပြီးနောက် သူမ အဖေသည် စက်ဘီးတစ်စီးနှင့် အမီလိုက်လာခဲ့ပေသည်။ သူသည် ထိုအချိန်၌ သူ၏ ခေါင်းဆောင်းကိုပင် မချွတ်နိုင်ခဲ့ဘဲ သူ့မျက်နှာတွင်လည်း မီးခိုးမှ ပြာများ ကပ်ညိနေသေးသည်။ သူ့ကို ကြည့်ရသည်မှာ အတော်လေး မသပ်မရပ် ဖြစ်နေခဲ့၏။

"ရှောင်ကွိုင်း ဆက်ပြေးထား ရှောင်ကွိုင်း ကြိုးစားထား ရှောင်ကွိုင်း လုပ်ထားကွ"

လင်ချူးဆွေ့က လောင်လင်အား ရယ်မောလိုက်သည်။ "မျက်နှာကို အရင်သွားဆေးလိုက်ပါဦး။"

"မသွားဘူး။ သွားလိုက်မိရင် ငါတို့ ရှောင်ကွိုင်းရဲ့ ပထမဆုရမယ့် အဖိုးတန်အခိုက်အတန့်ကို လွဲချော်သွားမှာပေါ့။"

"ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ။ သမီးကို မသိသလိုသာ ဟန်ဆောင်နေလိုက်။"

"ဟား" လောင်လင်က အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ "ကံကောင်းစွာနဲ့ အခု မီးလောင်ခဲ့တဲ့ အဆောက်အဦးမှာ ဘယ်သူမှ မသေသလို ဒဏ်ရာရတာလည်း မရှိဘူး။ အဖေ မီးခိုးခေါင်းတိုင်ထဲကနေ လိမ္မော်ရောင် ကြောင်လေးတစ်ကောင်ကို ကယ်ပြီး ပြန်ခေါ်လာခဲ့တယ်။ မာရသွန်လက်ဆောင်အဖြစ် ညကျရင် ပေးမယ်။"

"အားးးး" လင်ချူးဆွေ့က စိတ်လှုပ်ရှားစွာနှင့် အာခေါင်ခြစ် အော်လိုက်သည်။ "သမီး ထပ်မပြေးချင်တော့ဘူး။ သမီး အခု ကြောင်​လေးနဲ့ ကစားချင်တယ်။"

"မရဘူး။ ပြိုင်ပွဲကို ပြီးအောင် ပြိုင်ရမယ်။ အဖေ သမီးကို အချိန်အကြာကြီး လေ့ကျင့်ပေးထားခဲ့တာ။ ဒီနေ့က ဆုလာဘ်ကို ရိတ်သိမ်းရမယ့် နေ့ပဲ။ စပြီး ပြေးပြီဆိုကတည်းက ဆုတစ်ခုတော့ ကျိန်းသေရရမယ်။"

ထို့နောက်တွင် လောင်လင်က စက်ဘီးတစ်စီးနှင့် လင်ချူးဆွေ့၏ မာရသွန်ပြိုင်ပွဲတလျှောက်လုံး အဖော်ပြုပေးခဲ့သည်။

သူမသည် လောင်လင်၏ လေ့ကျင့်ပေးမှုကို စိတ်မပျက်စေခဲ့ဘဲ ထူးချွန်လှစွာဖြင့် ခရိုင်တစ်ခုလုံးတွင် တတိယဆုကို ရရှိခဲ့သည်။ အရေးအကြီးဆုံးမှာ သူက ထိပ်ဆုံးဆယ်ယောက်ထဲ၌ အငယ်ဆုံး ဖြစ်လေသည်။

ထို့နောက်တွင် လင်ချူးဆွေ့က လိမ္မော်ရောင်ကြောင်လေးတစ်ကောင် ရရှိခဲ့သည်။

သို့သော်..... လောင်လင် ကွယ်လွန်သွားပြီးနောက် ထိုလိမ္မော်ရောင်ကြောင်လေးလည်း ပျောက်ဆုံးသွားခဲ့ပေသည်။

လင်ချူးဆွေ့က မာရသွန်အတွက် စာရင်းမပေးခဲ့ပေ။

လွန်ခဲ့သည့်နှစ်နှစ်တွင် စာလေ့လာခြင်း၌ဖြစ်စေ အားကစား၌ဖြစ်စေ သူမက အလေးထား၍ ကြိုးစားခဲ့ခြင်း မရှိပေ။ တခါတရံ ဘက်စကက်ဘော ကစားခြင်းမှလွဲ၍ သူမ ဘဝက အမှောင်ထဲ၌ နစ်မြုပ်​နေခဲ့သည်ဟု ပြောနိုင်ပေသည်။

ထိုညနေတွင် ကျောင်းဆင်းပြီးနောက် အတန်းပိုင်က လင်ချူးဆွေ့၏ အ​ခြေအနေကို ဆွေးနွေးရန်အတွက် မိဘများကို ကျောင်းသို့ လာရန် ဆက်သွယ်ခဲ့သည်။

လင်ချူးဆွေ့သည် ထိတ်လန့်ကြောက်ရွံ့ ပူပန်နေသည့် စိတ်အခြေအ​နေနှင့် ရုံးခန်းသို့ ရောက်လာခဲ့သည်။ သို့သော် ရုံးခန်းထဲ၌ လောင်ချင်၏ ဆူပူမှုကို ခံနေရသူမှာ မစ္စဖန်းယို့ယိ မဟုတ်ဘဲ လူစိမ်းတစ်ဦးဖြစ်ကြောင်း သတိပြုမိလိုက်သည်။

သူက အရပ်မြင့်ကာ ထူထဲသည့် မျက်ခုံးမွေး၊ ကြီးမားသော မျက်လုံးများနှင့် အတော်လေး ချောမောသည့် လူကြီးလူကောင်း တစ်ယောက် ဖြစ်သည်။

အချိန်အကြာကြီး တွေးပြီးနောက် လင်ချူးဆွေ့သည် နောက်ဆုံး၌ ထိုလူက မစ္စဖန်းယို့ယိ၏ လက်ရှိ ခင်ပွန်း ရွှီကျားနင်၏ အဖေဖြစ်သည့် ရွှီစုန့်ပိုင် ဖြစ်ကြောင်း သတိ​ပြုမိလိုက်သည်။

လွန်ခဲ့သည့် လအနည်းငယ်ခန့်က မစ္စဖန်းယို့ယိသည် လင်ချူးဆွေ့အား ရွှီစုန့်ပိုင်နှင့် တွေ့ဆုံရန် ညစာစားပွဲတစ်ခု စီစဥ်ခဲ့သည်။

ထိုညစာစားချိန်၌ လင်ချူးဆွေ့က အလွန် တည်ငြိမ်၍ လိမ်လိမ်မာမာ ပြုမူခဲ့ပြီး မစ္စဖန်းယို့ယိကို အရှက်မရစေခဲ့ပေ။

ထို့ပြင် အန်ကယ်ရွှီစုန့်ပိုင်သည်လည်း ဟာသများ မပြောတတ်သလို စကားများများ ပြောရခြင်းကို မနှစ်သက်သည့် စကားနည်းသော အမျိုးသားတစ်ဦး ဖြစ်၏။

မစ္စဖန်းယို့ယိ၏ ကြိုက်နှစ်သက်မှုက နှစ်တစ်ရာကြာတောင် ပြောင်းလဲမည် မဟုတ်ပေ။ သူမသည် ကြွက်သားများနှင့် တောင့်တင်းကြံ့ခိုင်သည့် အမျိုးသားပုံစံကို နှစ်သက်ပေသည်။

ရွှီကျားနင်က လင်ချူးဆွေ့၏ ပခုံးကို တိုက်ကာ သူမအား ဖြတ်ကျော်သွားရင်း ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။

"မင်းတော့ သေပြီပဲ။"

လင်ချူးဆွေ့က ထိုတွန်းတိုက်မှုကြောင့် ရှေ့သို့ ယိုင်သွားသည်။ သူမက မြေပြင်မှ ကျောက်ခဲတစ်ခဲ ကောက်ကာ ပစ်ပေါက်လိုက်သော်လည်း သူက ရှောင်တိမ်းလိုက်၏။

မကြာခင်၌ ရွှီစုန့်ပိုင်က ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ လင်ချူးဆွေ့က ယဥ်ကျေးသိမ်မွေ့စွာဖြင့် သူ့အား ဟယ်လိုဟု နှုတ်ဆက်လိုက်သည်။

သူမက ယဥ်ကျေးသော်လည်း သူမ၏ သဘောထားမှာ မရင်းနှီးသည့် လူများကဲ့သို့ အကွာအဝေးတစ်ခု ခြားထားသည်။ အထူးသဖြင့် ယခုအချိန်၌ ရွှီစုန့်ပိုင်၏ အနေအထားကို သူမအနေနှင့် ဆက်ဆံရခက်ပေရာ သူမက သူ့ရှေ့တွင် ဂရုစိုက်ကာ ပြုမူသင့်သည်။

အနည်းဆုံး သူမက သူ့ကို ရန်သူဖြစ်သွားအောင် မလုပ်နိုင်ပေ။

ရွှီစုန့်ပိုင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမ​ပြောခဲ့ပေ။ သူက သူမ၏ ရီပို့ဒ်ကတ်ကို ကိုင်ထားရင်း ကျောင်းဂိတ်ဝသို့ လျှောက်သွားခဲ့သည်။

လင်ချူးဆွေ့က သူ၏ ရည်ရွယ်ချက်ကို မဖော်ထုတ်နိုင်လေရာ သူ့နောက်မှ လိုက်သွားရုံသာ တတ်နိုင်သည်။

ကျောင်းဂိတ်ဝတွင် ရွှီစုန့်ပိုင်၏ ကားက တရုတ်ဘယ်ရီပင်တစ်ပင်အောက်တွင် ရပ်ထားခဲ့သည်။ သူက ကားထဲသို့ ချက်ချင်း ဝင်မသွားဘဲ ပြန်လှည့်လာကာ သူမထံ ရီပို့ဒ်ကတ်ကို ယမ်းပြလိုက်ပြီး မေးလာသည်။

"သင်္ချာမှာ ကိုးမှတ်ပဲ ရတာလား။ ဘယ်လိုဖြစ်တာလဲ။"

သူ၏ စာရင်းရှင်းချင်နေသလို လေသံမျိုးကို ကြားသည့်အခါ လင်ချူးဆွေ့သည် သူက အမှန်တကယ် မိဘတစ်​​ယောက်နှင့် အတော်လေး တူကြောင်း တွေးလိုက်မိသည်။ သူသည် သူတို့ ပထမဆုံး တွေ့ဆုံစဥ်ကလောက် ယဥ်ကျေးမနေခဲ့ပေ။

သူမက ရေရွတ်လိုက်သည်။ "မသိဘူး။"

"မင်း အမေ ပြောတာတော့ အထက်တန်းမတက်ခင်တုန်းက မင်းရဲ့ အဆင့်တွေက တော်တော်လေး ကောင်းတယ်တဲ့။ အခုကျမှ အဆင့်တွေ ထိုးကျသွားတာပေါ့ ဟုတ်လား။"

"ဟုတ်တယ်။"

"ဘာလို့လဲ။"

လင်ချူးဆွေ့သည် သူ၏ မေးခွန်းကြောင့် သူမ နှလုံးသားထဲမှ ဒေါသမီးပွားများ ထွက်ပေါ်လာသလို ခံစားလိုက်ရသည်။ "ဘာဖြစ်လို့ သမီးကို လာမေးနေတာလဲ။ အမေ့ကို သွားမေးပါလား။"

"ငါတို့ မိသားစုထဲမှာ အငယ်တွေက လူကြီးတွေကို ဒီလို လေသံမျိုးနဲ့ စကားမ​ပြောကြဘူး။ ကလေးတစ်ယောက်ရဲ့ ပညာရေးစွမ်းဆောင်ရည်ကလည်း ထိပ်တန်း ၅၀ အောက် ကျသွားလို့ မရဘူး။ အဲဒါက ရွှီကျားနင်အတွက် ငါ့ရဲ့ လိုအပ်ချက်ဖြစ်ပြီးတော့ မင်းအတွက်လည်း အတူတူပဲ။"

လင်ချူးဆွေ့က ဤခပ်တည်တည်နှင့် ရှိနေသော လူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ရွှီကျားနင် ပြောသည့် 'မင်းတော့ သွားပြီ' ဆိုတာ ဒီအဓိပ္ပါယ်လား။

ဒီလူက အရမ်း □ □ ဖြစ်တာပဲ (ရိုင်းတဲ့စကားလုံးမို့ ဆင်ဆာဖြတ်ထားတာနေပါမယ် မူရင်းဝတ္ထုမှာလည်း အဲ့အတိုင်းပါပဲ။)

"တကယ်လို့ ထိပ်တန်း ၅၀ ထဲ မဝင်ခဲ့ရင်ရော။"

"မင်း မဝင်နိုင်ရင် ဝင်နိုင်အောင် အကောင်းဆုံး ကြိုးစားပေါ့။ မင်းရဲ့ အဆင့်တွေက ကောင်းခဲ့တယ်ဆိုမှတော့ မင်းက မတုံးဘူးလို့ ဆိုလိုတာပဲ။ မင်းက ကြိုးစားမှု မလုံလောက်နေရုံပဲလေ။"

ရွှီစုန့်ပိုင်က ပြောလိုက်သည်။ "အတန်းပိုင်ဆရာ ပြောတာတော့ မင်းက ကျောင်းအားကစားအဖွဲ့က ဖြစ်ပြီး နောက်ကျရင် အားကစားစာမေးပွဲ ဖြေဖို့ စီစဥ်ထားတယ်လို့ ပြောတယ်။ ငါတို့ မိသားစုမှာ အားကစားကျောင်းသားဆိုတာကို ခွင့်မပြုဘူး။ ဒီအချက်ကို မင်းအမေနဲ့ ငါ သဘောတူညီမှု ယူပြီးသွားပြီ။ အဲဒါကြောင့် ကျန်တဲ့နှစ်မှာ စာလေ့လာတာကိုပဲ အာရုံစိုက်ထားပြီး တက္ကသိုလ်ကောင်းကောင်းကို တက်ဖို့ စိတ်ကူးထား။ ငါ မင်းကို ကြီးကြပ်ပေးမယ်။"

"Pfft." လင်ချူးဆွေ့၏ နှုတ်ခမ်းက တွန့်ကွေးသွားသည်။ "ရှင်က ဘယ်သူလဲ ဦးလေးကြီး။"

"ငါက ဥပဒေအရ မင်းရဲ့ အဖေပဲ။"

"ကျွန်မက ရွှီကျားနင် မဟုတ်ဘူး။ ပြီးတော့ ရှင့်ရဲ့ သမီးလည်း မဟုတ်ဘူး။ ရှင် ကျွန်မကို ထိန်းချုပ်လို့ မရဘူး။"

ရွှီစုန့်ပိုင်က လင်ချူးဆွေ့၏ ကော်လာကို ဆွဲလိုက်သည်။ "မင်း အမေက နှလုံးသား နူးညံ့ပြီး မင်းကို စည်းကမ်းရှိအောင် မထိန်းသိမ်းနိုင်ဘူး။ ဒါပေမယ့် ငါ မင်းကို ပြောမယ်။ အခုကစပြီး ရွှီကျားနင် တွေ့ကြုံရသမျှ မင်းလည်း အတူတူပဲ ဖြစ်လိမ့်မယ်။ အိမ်မှာ မင်းနေရာ မင်းသိပြီး အပြင်မှာ ယဥ်ယဥ်ကျေးကျေးနေ။"

လင်ချူးဆွေ့၏ နှလုံးသားထဲ၌ တောက်လောင်နေသည့် ဒေါသမီးတောက်လေးက ချက်ချင်းပင် ငရဲမီးကဲ့သို့ ပြင်းထန်စွာ တောက်လောင်လာ၏။ သူမက ရွှီစုန့်ပိုင်၏ လက်ကို အတင်းအကျပ် ခါထုတ်လိုက်သည်။ "မဖြစ်နိုင်ဘူး။"

ရွှီစုန့်ပိုင်က ဤမိန်းကလေးကို အလွယ်တကူ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ သူက သူမ ပခုံးကို ထပ်၍ ဆုပ်ကိုင်လိုက်၏။ "ငါ မင်းကို လူမြင်ကွင်းမှာ မဆုံးမချင်ဘူး။ အထူးသဖြင့် မင်းရဲ့ အတန်းဖော်တွေ ရှေ့မှာပေါ့။ ဂုဏ်သိက္ခာကို အလေးထားပြီး ကားထဲ ဝင်လိုက်။"

"ဘာလဲ။ ရှင်က ကျွန်မကို ရိုက်မလို့လား။"

"ငါ ရွှီကျားနင်ကို ဆုံးမတဲ့ မင်းကိုလည်း လုပ်နိုင်တယ်။ ဘယ်သူမှ ဘာမှ လာမပြောရဲဘူး။"

"ကျွန်မလည်း အရမ်းကို သိချင်မိတယ်။ ရှင် ရွှီကျားနင်ကို ဘယ်လိုများ သင်ပေးခဲ့လို့ သူက ဒီလိုမျိုး မျက်နှာနှစ်ဖက်နဲ့ ကြောင်သူတော် ဖြစ်လာရတာလဲဆိုတာလေ။"

ရွှီစုန့်ပိုင်က လင်ချူးဆွေ့၏ ကော်လာကို အားနှင့်ဆွဲကာ သူမအား ကားထဲသို့ ဝင်စေရန် အတင်းအကျပ် ပြုလုပ်လိုက်သည်။

လင်ချူးဆွေ့က လက်တစ်ဖက်တည်းနှင့် သူ့လက်ကောက်ဝတ်ကို ဖမ်းချုပ်၍ လိမ်ပစ်လိုက်ကာ သူ့လက်မောင်းအောက်မှ တစ်ပတ်လည်သွားပြီး သူ့နဖူးက ကားနှင့် သွားရိုက်မိလုနီးပါး ဖြစ်သွားခဲ့၏။

လောင်လင်သည် သူမက မကောင်းသည့် ကောင်လေးများထံမှ အနိုင်ကျင့်ခံရမည်ကို အမြဲစိုးရိမ်ခဲ့သည့်အတွက်ကြောင့် သူမကို လေ့ကျင့်ခန်းများစွာ လုပ်ခိုင်းခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် နည်းလမ်းများကို သင်ပေးခဲ့သည်။

လင်ချူးဆွေ့သည် ထိုတိုက်ကွက်များကို ကျောင်းရှိ ယောက်ျားလေးများထံ တစ်ခါမှ အသုံးမပြုခဲ့ဖူးပေ။ သူမသည် ဤတိုက်ကွက်နှင့် ပထမဆုံး တိုက်ခိုက်ရသည့်သူက ဤ 'ပထွေး' ဆိုသူ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

ရွှီစုန့်ပိုင်က အငိုက်မိသွားကာ အတိုက်ခိုက်ခံလိုက်ရပြီး သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူသည် ဤသနားကမား မိန်းကလေးက ထိုမျှ ကျွမ်းကျင်သည့် စွမ်းရည်ရှိနေမည်ဟု ထင်မထားခဲ့ပေ။

သူ့ မျက်လုံးထဲ၌ ဒေါသတို့ တောက်လောင်လာ၏။

အနည်းဆုံး ရွှီကျားနင်က သူ၏ XXXX "စည်းမျဥ်း" ကို မည်သည့်အခါမှ ခုခံခဲ့ဖူးခြင်း မရှိပေ။

မစ္စဖန်းယို့ယိက သူမ သမီးအကြောင်း ပြောသည့်အခါတိုင်း သူမသမီးက မည်မျှ ပုန်ကန်တတ်ပြီး ဆုံးမ၍ မရကြောင်း ပြောကာ အဆုံးမရှိ သက်ပြင်းချလိမ့်မည် ဖြစ်သည်။

ရွှီစုန့်ပိုင်၏ အမြင်တွင် ဆုံးမ၍ မရသော ကလေးဟူ၍ မရှိဘဲ အလိုလိုက်သော မိဘသာလျှင် ရှိပေသည်။

တုတ်တစ်ချက်က လိမ္မာသော မျိုးဆက်ကို မွေးထုတ်ပေးနိုင်သည်။ (ဒီဖေ..... ထွီ)

ရွှီကျားနင်က သူ့ဆီကနေ အရိုက်ခံရသော်လည်း နာခံခဲ့သည်။ သူက မည်သည့်အခါမှ မခုခံရဲခဲ့ဘဲ ကောင်းကောင်းမွန်မွန် ယဥ်ကျေးသိမ်မွေ့စွာနှင့် ကြီးပြင်းလာခဲ့ပေသည်။

ပထမဆုံးအကြိမ်အဖြစ် ရွှီစုန့်ပိုင်သည် လင်ချူးဆွေ့ဆိုသည့် ဤမိန်းကလေးထံမှ သူ၏ မိဘအခွင့်အာဏာကို အဘက်ဘက်မှ စိန်ခေါ်ခံရခြင်း ဖြစ်လေသည်။

ရွှီစုန့်ပိုင်က လက်လျှော့ရန် ငြင်းဆန်ပြီး လင်ချူးဆွေ့ကို ဆွဲခေါ်ရန် တစ်ဖန် ကြိုးစားလိုက်သည်။

လင်ချူးဆွေ့က ထပ်မံလှုပ်ရှားလိုက်ပြီး သူ့ကို နောက်တစ်ခါ ထပ်၍ လေကိုသာ ဖမ်းဆွဲမိသွားစေသည်။

"ငါ မင်းကို ကိုယ်ထိလက်ရောက်လုပ်ပြီး တခြားလူတွေက ငါ့ကို မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေတယ်လို့ ပြောလာမှာမျိုး မလိုချင်ဘူး။ ဒါပေမယ့် မင်း ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ သိသင့်တယ်။ မင်း တကယ် ငါ့ကို စိတ်တိုအောင် လုပ်လာရင် ငါ ယဥ်ကျေးနေမှာ မဟုတ်တော့ဘူး။"

ရွှီကျားနင်က သစ်ပင်အောက်မှနေ၍ သူတို့ကို ကြည့်နေခဲ့သည်။

သူသည် လင်ချူးဆွေ့က သူမ၏ 'နတ်ဆိုးလိုပထွေး' ထံမှ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံရခြင်းကို မြင်ချင်နေပေသည်။

သို့သော် ထင်မှတ်မထားဘဲ ထို 'နတ်ဆိုးလိုပထွေး' က သူမ၏ ပြိုင်ဘက် ဟုတ်မနေပုံရလေသည်။

သူ၏ ကြမ်းတမ်းရက်စက်သော 'စည်းမျဥ်းစည်းကမ်း' တို့ကို နှစ်ပေါင်းများစွာ သည်းခံလာခဲ့ရသည့် ရွှီကျားနင်၏ မျက်လုံးတို့က အနည်းငယ် တောက်ပလာသည်။ သူက အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

ထိတ်လန့်ပြီး စိတ်လှုပ်ရှားစရာပဲ။

ရွှီကျားနင်က သူ့ဖုန်းကို ထုတ်ယူကာ ထိုသမိုင်းဝင်အခိုက်အတန့်အား မှတ်တမ်းတင်ရန် လုပ်လိုက်သည်။

လင်ချူးဆွေ့က မစ်တီးဆိုင်ရှိ ကြမ်းပြင်မှ မျက်နှာကြက်ထိ ရှိသော မှန်ပြတင်းနားရှိ စားပွဲတွင် နေရာယူထားပြီး စတော်ဘယ်ရီအရသာ ပီကေကို ဝါးနေရင်း အပြင်ဘက်၌ သွားလိုက်လာလိုက် လုပ်နေသည့် ကျောင်းသားများကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေခဲ့သည်။

သူမသည် ရွှီစုန့်ပိုင်က မည်သည့် နည်းလမ်းများဖြင့် ဆုံးမမည်ကို မတွေးနိုင်သော်လည်း အစောပိုင်းက ရွှီကျားနင်၏ မျက်နှာထက်မှ အားရကျေနပ်နေသော အကြည့်တို့ကို ဆုံးဖြတ်ရလျှင် ယခင်က သူသည် ရွှီစုန့်ပိုင်၏ ထိုဆုံးမပဲ့ပြင်မှု နည်းလမ်းကို အကြိမ်ပေါင်းများစွာ ခံယူခဲ့ရပုံရသည်။

ရွှီကျားနင်က သူ၏ ကိုယ်ပိုင်သားဖြစ်သောကြောင့် မည်သည့် ဆုံးမပဲ့ပြင်မှုနည်းလမ်းမဆို မှန်ကန်ပေသည်။

သို့သော် ရွှီစုန့်ပိုင်က သူမကို ထိုကဲ့သို့ ဆက်ဆံရန် မည်သည့်အခွင့်အရေး ရှိပါသနည်း။

လင်ချူးဆွေ့က သူတို့၏ တိုက်ခိုက်မှုတွင် အသာစီးရခဲ့သော်လည်း သူမက မပျော်မရွှင် ဖြစ်နေဆဲ ဖြစ်သည်။

ရွှီစုန့်ပိုင်က သူမ၏ ဖခင်အရင်းမဟုတ်သောကြောင့် သူမက သူ့ကို လိုက်နာရန် ဆန္ဒမရှိပေ။

သူမက မျက်လွှာချလိုက်ပြီး အစောပိုင်းက ရွှီစုန့်ပိုင် သူမအား ဆွဲကိုင်ထားသည့် သူမ လက်ကောက်ဝတ်တွင် အနီရောင်အမှတ် ကျန်နေခဲ့သည်ကို ကြည့်လိုက်သည်။

သူမသည် တိုက်ခိုက်နေစဥ်အတွင်း မည်သည်ကိုမှ မခံစားမိခဲ့သော်လည်း ယခုတွင် ထိုနေရာက တဆစ်ဆစ် ဖြစ်လာသည်။

ယခင်က သူမ ခြင်ကိုက်ခံရ၍ အဖုများကို သွေးထွက်သည်အထိ ကုတ်မိသည့်အခါ လောင်လင်က သူမကို မိန်းကလေးများ၏ အသားအရေက နူးညံ့၍ အလွယ်တကူ ဒဏ်ရာရအောင် မလုပ်သင့်ဟု ပြောကာ ဆူပူလိမ့်မည် ဖြစ်သည်။

သူမ အမှန်တကယ် ယားယံနေလျှင်ပင် ကြက်ခြေခတ်ကလေးများ ဖြစ်အောင် ဆိတ်၍ အယားပြေစေရန်သာ လုပ်ပေးလိမ့်မည် ဖြစ်ပေသည်။

ရွှီစုန့်ပိုင်က သူမအား ​ဤကဲ့သို့ ဆက်ဆံသည်ကို လောင်လင် သိလျှင် သူက ကျိန်းသေ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ သူက ရွှီစုန့်ပိုင်နှင့် သွား၍ပင် တိုက်ခိုက်လိမ့်မည် ဖြစ်သည်။

ရွှီစုန့်ပိုင်က လောင်လင်ကို အနိုင်ရနိုင်စရာအကြောင်း မရှိပေ။ ထိုလူက လောင်လင်ကို မပြောနှင့် သူမကိုပင် နိုင်အောင် မတိုက်နိုင်ပေ။

လောင်လင်က မီးသတ်သမားများကြားတွင် အသန်မာဆုံးနှင့် လျင်မြန်မှုအရှိဆုံး အဖျတ်လတ်ဆုံး ဖြစ်သည်။ သူသည် နှစ်တိုင်း 'အထူးချွန်ဆုံးမီးသတ်သမား' ဆုကို ရရှိခဲ့ပြီး မရေတွက်နိုင်သည့် အသက်များကို ကယ်တင်နိုင်ခဲ့သည်။

ထိုသို့တွေးမိသည့်အခါ လင်ချူးဆွေ့သည် မကျေနပ်သလို ခံစားလိုက်ရပြီး သူမ၏ ကျိန်းစပ်နေသော မျက်လုံးများကို ပွတ်လိုက်သည်။

အဖေသာ ဤနေရာ၌ ရှိနေလျှင် သူမကို ကျိန်းသေ ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။

"မိန်းမကြမ်းလေးက ငိုနေပြန်ပြီ။ မစ္စတာလင်ကို လွမ်းနေတာလား။"

လုချီနှင့် ကျန်းချန်ယွီက လင်ချူးဆွေ့၏ ဘေးတစ်ဖက်တစ်ချက်၌ ထိုင်ချလိုက်သည်။ လုချီက သူမ ပခုံးကို ပုတ်လိုက်သည်။ "မင်းရဲ့ မျက်ရည်တွေကို ခဏအရင်သိမ်းထားလိုက်။ အင်္ဂလိပ်စာမေးခွန်း အရင်လုပ်ရအောင်။"

ကျန်းချန်ယွီက သူ့ ဖုန်းကို လင်ချူးဆွေ့ထံ ထိုးပေးလိုက်သည်။ "ချူးချူး မင်း ဘာလို့ မင်းရဲ့ ဖန်ဘွိုင်းလေးကို အိမ်စာအတူလုပ်ဖို့ မခေါ်ရတာလဲ။"

"မဖြစ်နိုင်ဘူး။ အိမ်စာလေးနည်းနည်းအတွက်နဲ့ ငါ သူ့ ခံစားချက်တွေကို အခွင့်အရေး မယူနိုင်ဘူး။"

ကျန်းချန်ယွီက စိတ်ရှည်စွာဖြင့် သူမကို အကြံပေးလိုက်သည်။ "မင်းကို ချစ်နေတဲ့ ယောက်ျားတစ်ယောက်က အသုံးချခံရတယ်လို့ ခံစားမိမှာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူက သူ့ရဲ့ နတ်ဘုရားမအတွက် အသုံးဝင်လို့တောင် ဂုဏ်ယူနေဦးမယ်။"

"အသုံးချခံရတာကို ကျေနပ်ပြီး ဂုဏ်ယူနေတဲ့ကောင်က လူမဟုတ်ဘူး။ သူက အိမ်မွေးခွေးတစ်ကောင်ပဲ ဖြစ်လိမ့်မယ်။" လင်ချူးဆွေ့က လုချီ၏ ပခုံးကို ပုတ်လိုက်သည်။ "ဥပမာ ဒီကောင်ဆိုရင် လျှာတစ်လစ်နဲ့ ခွေးလေးဖြစ်နေတာ နှစ်တစ်ရာလောက် ရှိပြီ။"

"အဲဒီတော့ မင်းက ဒီအင်္ဂလိပ်စာမေးခွန်းကို ဘယ်လိုလုပ်မှာလဲ။"

"ငါ့ဘာသာငါ လုပ်မယ်။" လင်ချူးဆွေ့က သူမ၏ အင်္ဂလိပ်မေးခွန်းစာရွက်ကို ထုတ်ယူလိုက်သည်။ "ငါ ဘယ်တုန်းက တခြားလူရဲ့ အိမ်စာကို ကူးလို့လဲ။ ကူးချတာက ချင်းဟွာ မဟုတ်ရင် ပေကျင်းတက္ကသိုလ်ကို ဝင်နိုင်မှာမို့လို့လား။"

"မင်းက တကယ် စည်းကမ်းလိုက်နာတဲ့သူပဲ။" လုချီက ပြောလိုက်သည်။ "အိုး ဟုတ်သားပဲ။ ငါ အင်္ဂလိပ်ဆရာမ ရုံးခန်းမှာ ပြောနေတာ ကြားမိတာ။ ဒီတစ်ခေါက် အင်္ဂလိပ်စာဖြေတာ အကုန်မှားရင် အင်္ဂလိပ်စာအတန်းတိုင်း စင်ပေါ်တက်ပြီး အင်္ဂလိပ်သီချင်းတစ်ပုဒ် ဆိုပြရမယ်တဲ့။"

လင်ချူးဆွေ့ : ...

သူမသည် အဖြေမှန်ရွေးသည့် မေးခွန်းများအတွက် ဖြည့်ထားသည့် အဖြေများအားလုံးကို တိတ်တိတ်လေး ဖျက်ပစ်လိုက်သည်။

***

All Chapters