← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အပိုင်း ( ၁၇ )

ထိုအချိန်၌ ရွှီကျားနင်က မစ်တီးဆိုင်အတွင်း လျှောက်ဝင်လာသည်။

သူက ပခုံးတစ်ဖက်ပေါ်တွင် အိတ်ကို လွယ်ထားပြီး နို့စိမ်းရောင် ခပ်ပွပွ လည်ဝိုင်း တီရှပ်လက်ရှည်ကို အောက်ခံရှပ်တစ်ထည်အဖြစ် ဝတ်ဆင်ထားသည်။ ၎င်းက နွေဦးလေပြည်ကဲ့သို့ တောက်ပ၍ လတ်ဆတ်နေသည်။

လင်ချူးဆွေ့၏ ဘေးတွင် ရှိသော လုထျန်းပိုင်အပါအဝင် ဆိုင်ထဲမှ မိန်းကလေးများ အားလုံး၏ မျက်လုံးများက သူ့ထံ၌သာ ရှိနေသည်။ သူမ၏ အိုင်ဒေါလ် ဝူယန့်ကျူကို လူကိုယ်တိုင် မြင်တွေ့လိုက်ရသည်ထက်ပင် သူမအကြည့်များက ပိုတောက်ပနေသည်။

လုချီက လင်ချူးဆွေ့အား တံတောင်နှင့် ခပ်ဖြေးဖြေး တွက်လိုက်သည်။ "ဟိုမှာ မင်းရဲ့ အင်္ဂလိပ် အိမ်စာကြီး လမ်းလျှောက်လာနေပြီ။ ဒီအခွင့်အရေးကို လွဲချော်သွားခွင့် မပြုနဲ့။"

လင်ချူးဆွေ့က ကောင်တာသို့ သွားပြီး ချိစ်အပိုနှင့် ပုလဲ၊ အုန်းသီးဂျယ်လီတို့ပါဝင်သည့် သကြားအပြည့် ချိစ်မစ်တီးတစ်ခွက်ကို အော်ဒါမှာလိုက်သည်။ သူမက ထည့်နိုင်သမျှ အရာအားလုံးကို ပစ်ထည့်လိုက်ပြီးနောက် ၎င်းကို ရွှီကျားနင်ထံ ယူသွားပေးခဲ့သည်။

"ဒါ ငါ ဝယ်တိုက်တာ သောက်လိုက်။"

ရွှီကျားနင်က ကျော့ရှင်းစွာဖြင့် ပိုက်၏ အိတ်စွပ်ကို ဖွင့်ရင်း ပြောလိုက်သည်။ "လောင်ရွှီနဲ့ ထိပ်တိုက်ရင်ဆိုင်တာ တော်တော် သတ္တိရှိတာပဲ။"

"သူက ငါ့ရဲ့ အဖေအရင်းမှ မဟုတ်တာ။ ဘာလို့ ကြောက်ရမှာလဲ။"

"အင်း"

"သူ အရင်က နင့်ကိုလည်း ဒီလိုပဲ ထိန်းချုပ်ထားတာလား။ နင့်ရဲ့ အဆင့်တွေကို ထိပ်တန်းအဆင့်ထဲ ဝင်ရမယ်လို့ အမိန့်ပေးတယ်။ အိမ်မှာ နင့်နေရာကို နင်သိရမယ်လို့ ဆိုပြီး အပြင်မှာ ကောင်းကောင်းပြုမူရမယ်ပေါ့ ဟုတ်လား။"

ရွှီကျားနင်က ပြုံးလိုက်သည်။ "အဲဒါကြောင့် ငါက ဒီလိုထူးချွန်နေတာပဲ။ သူ့ကို ကျေးဇူးတင်ရမယ်။"

"အင်း နင့်ရဲ့ ဘယ်နေရာမှ ထူးချွန်နေတာကို မမြင်မိဘူး။ ဒါပေမယ့် ဟာသဉာဏ်တော့ အတော်ရှိပုံပဲ။"

"မင်း ကောင်းကောင်းမွန်မွန် ပြုမူပြီး သူနဲ့ ပဋိပက္ခဖြစ်တာကို ရှောင်ဖို့ အကြံပေးချင်တယ်။" ထိုနေရာ၌ ရှိခဲ့သည့် တစ်စုံတစ်ယောက်အနေနှင့် ရွှီကျားနင်က လင်ချူးဆွေ့ကို ရိုးသားစွာ အကြံပေးလိုက်သည်။ "မင်းက မင်းရဲ့ အကြီးအကဲ(မိဘ၊အဖိုးအဖွား)တွေကို အနိုင်မရနိုင်ဘူး။ အနာဂတ်မှာ မင်း နောင်တရလိမ့်မယ် ကောင်မလေး။"

"သူ ငါ့ကို တစ်ယောက်တည်း လွှတ်ထားသရွေ့ ငါလည်း သူနဲ့ မတိုက်ခိုက်ချင်ပါဘူး။"

"အဲဒါမဖြစ်နိုင်ဘူး။ လောင်ရွှီက အရမ်း ရှေးရိုးဆန်ပြီး ထိန်းချုပ်လွန်းတယ်။ သူက မင်းအတွက် သူ ဖြစ်စေချင်တဲ့ ဘဝမျိုးကိုတောင် အစီအစဥ်ချထားပြီးလောက်ပြီ။ မင်းရဲ့ စာလေ့လာမှု၊ ဝါသနာတွေ၊ တက္ကသိုလ်မေဂျာနဲ့ မင်းရဲ့ အနာဂတ် ရည်းစားတောင် ပါလိမ့်ဦးမယ်။"

"ဒါပေမယ့် သူက ငါ့အဖေ မဟုတ်ဘူးလေ။"

ရွှီကျားနင်က ပြုံးလိုက်သည်။ "မင်း စောင့်ကြည့်နေလိုက်။"

လင်ချူးဆွေ့က ကိုယ်ကိုကိုင်းကာ စားပွဲကို မှီလိုက်ပြီး သူ့အနားသို့ တိုးသွားခဲ့သည်။ "ဟေး နိုင်ငံခြားသားအတုကောင် အခု ငါတို့မှာ ​ဘုံရန်သူ ရှိနေပြီ။ ဒါက ငါတို့ကို မဟာမိတ်ဖြစ်စေမှာ ဟုတ်တယ်မလား။"

ရွှီကျားနင် : "မဟာမိတ်မဖြစ်ခင် မင်းရဲ့ မဟာမိတ်အပေါ် အခြေခံလေးစားမှုလေးတချို့ ပြကြည့်ပါဦး။"

လင်ချူးဆွေ့က ဖြေးဖြေးချင်း ပီပီသသ ခေါ်လိုက်သည်။ "ရွှီ-ကျား-နင်"

"ဥပဒေအရ ပြောရမယ်ဆိုရင် ငါက မင်းရဲ့ အစ်ကိုပဲ။ အဲဒီတော့...."

"အဲဒီအကြောင်း တွေးတောင် မတွေးနဲ့။"

ရွှီကျားနင်က သူ့အိတ်ထဲမှ ဖြေပြီးသား အင်္ဂလိပ်စာမေးခွန်းစာရွက်ကို ထုတ်လိုက်သည်။

လင်ချူးဆွေ့က မျက်လုံးလှိမ့်လိုက်သည်။ ပြီးနောက် တွန့်ဆုတ်စွာနှင့် ခေါ်လိုက်၏။ "အစ်ကို"

ရွှီကျားနင်က သူ၏ အင်္ဂလိပ်စာအဖြေလွှာကို လင်ချူးဆွေ့ အရှေ့၌ ဖြန့်ခင်းလိုက်သည်။ သူမက ကူးရေးရန် လုပ်လိုက်သော်လည်း သူက သူမ ဘောပင်န်ကို လုယူသွားသည်။ "မင်းမှာ အံ့သြစရာကောင်းတဲ့ မှတ်ဉာဏ်ရှိတယ်လို့ ကြားတယ်။ မင်းကို အလယ်တန်းကျောင်းရဲ့ ဉာဏ်ကြီးရှင်မိန်းကလေးလို့ ခေါ်တာ မဟုတ်ဘူးလား။"

"ငါက အဲဒီလောက် အံ့ဖွယ်ဖြစ်မနေပါဘူး။ အတန်းဖော်တွေနဲ့ ယှဥ်ရင် နည်းနည်း ပိုကောင်းနေရုံပါပဲ။"

"အဲဒီလိုဆိုမှတော့...." ရွှီကျားနင်က အဖြေလွှာစာရွက်ကို ပုတ်လိုက်သည်။ "ငါ မင်းကို အချိန်တစ်မိနစ်ပေးမယ်။ မင်း ဘယ်လောက်ထိ မှတ်မိနိုင်လဲ ကြည့်ရအောင်။"

လင်ချူးဆွေ့၏ နှုတ်ခမ်းက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ "ငါ့ကို စမ်းသပ်နေတာလား။"

"ဘာပဲဖြစ်ဖြစ် ဒါက မင်း အင်္ဂလိပ်စာအချိန်တိုင်း စင်ပေါ်တက်ပြီး အင်္ဂလိပ် သီချင်းဆိုရမှာကို ရှောင်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲလေ။"

သူမက ရွှီကျားနင်၏ အင်္ဂလိပ်စာအဖြေလွှာကို ဆတ်ခနဲ ကောက်ယူလိုက်ကာ လျင်မြန်စွာ စတင်မှတ်သားတော့သည်။

ဒါဇင်ချီသည့် အဖြေမှန်ရွေးချယ်ရသော မေးခွန်းများမှ ABCD များကပင် တစ်စုံတစ်ယောက်ကို မျက်စိလည်အောင် လုပ်နိုင်ပြီး ထိုအနောက်တွင် ကွက်လပ်ဖြည့်၊ ဘာသာပြန်နှင့် အက်ဆေးကလည်း ရှိနေသေးသည်။

ရွှီကျားနင်သည် လင်ချူးဆွေ့က ထိုအရာအားလုံးကို မှတ်မိနိုင်လိမ့်မည်ဟု မယုံကြည်ပေ။

သူမကို ဉာဏ်ကြီးရှင်မိန်းကလေးဟု ခေါ်သည်မှာ ထိုငတုံးအတန်းဖော်များက သူမလောက်ပင် မထက်မြက်၍ ဖြစ်နိုင်သည်။

သူက နာရီမှ အချိန်ကို ကြည့်နေခဲ့သည်။ တစ်မိနစ်ပြည့်သွားပြီးနောက် သူက ပြတ်သွားစွာဖြင့် အဖြေလွှာကို ဆွဲယူလိုက်သည်။

"ဉာဏ်ကြီးရှင်မိန်းကလေးရဲ့ လုပ်ဆောင်ချက်ကို ကြည့်ရအောင်။"

လင်ချူးဆွေ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူမ၏ အဖြေလွှာစာရွက်ထဲ၌ ABCD တစ်ခုချင်းစီ လိုက်ဖြည့်တော့သည်။

ရွှီကျားနင်က သူမ ရေးချထားသည်များကို သူ့စာရွက်ထဲမှ အဖြေများနှင့် တိုက်စစ်နေသည်။

သူက ပထမမေးခွန်းအနည်းငယ်အတွင်း ပေါ့ပေါ့ပါးပါးသာ ရှိသေးသော်လည်း အဆုံးတွင် သူ့အမူအရာက တဖြေးဖြေး ပို၍ တောင့်တင်းလာသည်။

သူမက အဖြေမှန်ရွေးချယ်ရသော မေးခွန်းအားလုံးကို အမှားအယွင်းမရှိ မှတ်မိလေသည်။ ကွက်လပ်ဖြည့်မေးခွန်းများတွင် သူမက စာလုံးပေါင်းအမှားတစ်ခုကိုပင် မပြုလုပ်ခဲ့ပေ။ ၎င်းက အတိအကျ ကူးယူထားသည်ကဲ့သို့ပင်။

ရွှီကျားနင်က အဖြေလွှာနှစ်ခုကို ထိတ်လန့်နေသော မျက်လုံးများနှင့် မယုံကြည်နိုင်စွာ နှိုင်းယှဥ်ကြည့်နေသည်။

အထက်တန်းကျောင်း နှစ်နှစ်လုံး ဘာမှ မသင်ယူခဲ့သော အောက်ခြေကျောင်းသူ တစ်ယောက်က ဤအဖြေများကို သူ့ရှေ့၌ အမှန်တကယ် ချရေးသွားခဲ့သည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

"ဘယ်လိုလဲ။ ယုံကြည်ပြီလား။" လင်ချူးဆွေ့က အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

ရွှီကျားနင်က အဖြေလွှာစာရွက်ကို ပြန်ချထားလိုက်သည်။ "မင်းမှာ အံ့သြစရာကောင်းတဲ့ မှတ်ဉာဏ်ရှိပါတယ်။ ဒါပေမယ့်....."

"ဒါပေမယ့် ဘာဖြစ်လဲ။"

ရွှီကျားနင်က အတိအကျ ကူးချထားသော စာလုံးထောင်ချီနေသည့် အက်ဆေးကို လက်ညှိုးထောက်ပြကာ ပြောလိုက်သည်။ "မင်းက ဘာလို့ ငါ့ရဲ့ အက်ဆေးတစ်ခုလုံးကိုပါ ၏သည်မရွေး ကူးချထားတာလဲ။ မင်းကို အင်္ဂလိပ်စာဆရာမက ငါ့ အဖြေတွေကို ကူးချထားတယ်လို့ မပြောနိုင်မှာ ကြောက်နေလို့လား။"

လင်ချူးဆွေ့ : ...

"ကိစ္စမရှိဘူး။" သူမက ဘောပင်န်ကို ကောက်ယူလိုက်ပြီး အက်ဆေးကို ပြန်လည်စိစစ်လိုက်သည်။ "ဒီလိုအက်ဆေးတွေက ဒါဇင်ချီမကရှိတယ်။ နည်းနည်းလောက် ပြင်လိုက်ရင် ရတယ်။"

ရွှီကျားနင်က ထပ်ပြောလိုက်သည်။ "နေပါဦး။ အဓိကဇာတ်ကောင် Tony ရဲ့ နာမည်ကို သာ့မင်လို့ ပြောင်းလိုက်တာက အက်ဆေးကို ဘာတွေများ ကွာခြားသွားစေလို့လဲ။"

.......

လင်ချူးဆွေ့က ဘေးမှ မိတ္တူကူးသည့် ဆိုင်သို့ သွား၍ အင်္ဂလိပ်စာမေးခွန်း တစ်ရွက် မိတ္တူဆွဲရန် သွားလိုက်ပြီးနောက် စတိုးဆိုင်တွင် မီးခြစ်တစ်လုံးဝယ်ရန် သွားခဲ့သည်။

ထို​နေရာ၌ အုတ်အော်သောင်းနင်း ဖြစ်နေပြီး မိန်းမတစ်​ယောက်၏ စူးရှသော အော်သံနှင့်အတူ သွေးရူးသွေးတန်း ဖြစ်နေသော အသံများက ပို၍ ကျယ်လောင်လာသည်။

လင်ချူးဆွေ့က ကုန်မျိုးစုံစတိုးမှ ထွက်လာပြီး လမ်းတစ်ဖက်ရှိ ဒုတိယထပ်မှ ထူထဲသော မီးခိုးငွေ့များ တလူလူ ထွက်နေသည်ကို မြင်လိုက်ရသည်။

"မီးလောင်နေတယ်"

"မီးသတ်သမားတွေ ဘယ်မှာလဲ။"

"အထဲမှာ လူတွေ ရှိနေတုန်းပဲ။ ​မြန်မြန် သူတို့ကို ကယ်ပါဦး။"

အမည်းရောင်မီးခိုးငွေ့များ တလိပ်လိပ်တက်လာသည်ကို မြင်သည့်အခါ လင်ချူးဆွေ့၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာသည်။ သူမခေါင်းထဲသို့ သွေးများ ဆောင့်တက်လာပြီး သူမက အသက်ရှူ​ကြပ်လာကာ ပါးစပ်ကို လက်နှင့် အုပ်ကိုင်လိုက်သည်။

အဖေ.... အဖေ

"အထဲမှာ လူတွေရှိနေတုန်းပဲ။ ပိတ်မိနေတယ်။"

သေချာပေါက်ပင် ဒုတိယထပ်မှ ပြတင်းပေါက် လုံခြုံရေးဘားတန်း၌ ရပ်နေသည့် အမျိုးသမီးတစ်ယောက် ရှိသည်။ သူမနောက်တွင် တောက်လောင်နေသည့် မီးလျှံတို့ရှိနေ၏။

လမ်းပေါ်မှ ရပ်ကြည့်နေသူများက ကျယ်လောင်စွာ အကြံပေးလိုက်သည်။

"ခုန်ချလိုက်။ ​မြန်မြန် ခုန်ချလိုက်။"

"သူမ ဘယ်လိုခုန်ချနိုင်မှာလဲ။ သူမကို တားဆီးထားတဲ့ ပြတင်းပေါက်အကာကို မမြင်ဘူးလား။"

"မီးသတ်သမားတွေ ဘယ်မှာလဲ။"

"​ခေါ်ပြီးသွားပြီ။"

အနက်ရောင်မီးခိုးတို့က လုံခြုံရေးဘားကို ​ဖြတ်သန်းလာသည်။ အမျိုးသမီးက ဘားတန်းကို ပြင်းပြင်းထန်ထန် ကိုင်ဆွဲကာ အော်ဟစ်လိုက်သည်။ "ကယ်ကြပါ။ ကူညီကြပါ။"

ဤကဲ့သို့ မီးမျိုးနှင့် ပစ္စည်းကိရိယာများမပါဘဲ သာမန် ရပ်ကြည့်သူများက သူမကို မကယ်တင်နိုင်ပေ။ သူမက ဘားတန်းနှင့် ပိတ်မိနေပြီး အပြင်လည်း မထွက်နိုင်ချေ။

မည်သူမှ သူမကို မကယ်တင်နိုင်ပေ။

သူတို့အားလုံးက သူမ ဘားတန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သွေးရူးသွေးတန်းနှင့် စူးစူးရှရှ အော်ဟစ်နေသည်ကိုသာ ကြည့်နေနိုင်ပေသည်။

ထိုမြင်ကွင်းက ငရဲကဲ့သို့ပင်။

ထိုအချိန်၌ ကျောင်းယူနီဖောင်းဝတ်ထားသည့် ရှောက်ယန်က ထိုနေရာမှ ဖြတ်ကာ အိမ်ပြန်ရင်း ယင်းမြင်ကွင်းကို မြင်သည့်အခါ သူက အလိုလိုပင် သူ့စက်ဘီးကို ပစ်ချပြီး ဆိုင်သို့ ​​ပြေးသွားခဲ့သည်။

စက်ဘီးဟောင်းလေးက လင်ချူးဆွေ့၏ ရှေ့၌ လဲကျကျန်ခဲ့သည်။

သူမသည် ရှောက်ယန်က ကားရေဆေးသည့် ဆိုင်သို့ ပြေးသွားခဲ့ပြီး ဘုံပိုင်ခေါင်းနှင့် တွဲဆက်ထားသည့် ရေပိုက်ရှည်ကို ဖြုတ်ယူကာ သူ့ကိုယ်တွင် ရစ်ခွေလိုက်သည်ကို မြင်လိုက်ရသည်။ (ဘုံပိုက်ခေါင်းကနေ ဖြုတ်တာ မဟုတ်ဘဲ ခွေထားတဲ့ပိုက်ရဲ့ တစ်ဖက်ပိုက်အစကနေ ယူသွားတာ ဖြစ်နိုင်ပါတယ်။)

ထို့နောက် ပိုက်ရှည်ကို ​ကျောထက်သယ်ရင်း ရှောက်ယန်က လူနေအဆောက်အဦးသို့ ပြေးတက်သွားသည်။

ထိုအဆောက်အဦးမှ နေထိုင်သူအားလုံးက ညအိပ်ဝတ်စုံများနှင့် လက်ထဲတွင် ကြောင်ကို ပိုက်ထားသောသူများ၊ ခရီးဆောင်လက်ဆွဲသေတ္တာကို ဆွဲလာသူများ..... လူတိုင်းက လှေကားမှ အပြေးအလွှား ဆင်းလာကြသည်။

သူက လူအုပ်ကြီးကို ဆန့်ကျင်ကာ တက်နေရသည်မှာ ရေဆန်သို့ ကူးခတ်နေသည့် ဝေလငါးတစ်ကောင်ကဲ့သို့ ထင်မှတ်ရပေသည်။

လင်ချူးဆွေ့က သူ၏ ပုံရိပ် လှေကားထစ်များအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ သူ့ပုံရိပ်သည် သူမ၏ အိပ်မက်အတွင်းမှ အဝေးသို့ လျှောက်ထွက်သွားသည့် မီးသတ်သမား ဝတ်စုံပြည့်နှင့် မစ္စတာလင်၏ ပုံရိပ်နှင့် တထပ်တည်း ကျသွားခဲ့သည်။

"မဟုတ်ဘူး မသွားပါနဲ့"

လင်ချူးဆွေ့က ရှောက်ယန် နောက်သို့ ပြေးလိုက်ရန် ပြင်လိုက်သော်လည်း ရွှီကျားနင်က သူမ၏ ကော်လာကို ဆွဲထားလိုက်သည်။ "မင်း သေချင်နေတာလား။"

ထို့နောက် မီးလောင်နေသည့် ဒုတိယထပ်၏ ဘေးချင်းကပ်လျက်မှ လုံခြုံရေးပြတင်းပေါက်တွင် ရှောက်ယန် ထွက်ပေါ်လာသည်။ သူ့လက်ထဲမှ ရေပိုက်ရှည်နှင့် ပိတ်မိနေသည့် အမျိုးသမီးထံ ရေနှင့် ပက်ဖြန်းလိုက်သည်။

မီးတောက်များက သူမ၏ နောက်ကျောတွင် နီးကပ်လာနေပြီဖြစ်ကာ ဘေးအခန်းမှ ရုတ်တရက် ရေနှင့် ဖြန်းလိုက်ခြင်းက သူမကို ခေါင်းအစခြေအဆုံး ရွှဲရွှဲစိုသွားစေပြီး သူမအား လောင်ကျွမ်းတော့မည့် အခြေအနေမှ သက်သာရာရစေခဲ့သည်။

အမျိုးသမီး၏ အော်သံက တဖြေးဖြေး တိတ်ဆိတ်သွားခဲ့သည်။

အောက်ဘက်မှ ကြည့်ရှုနေသူများလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ အစောပိုင်းအခြေအ​နေမှာ သူတို့သည် ဤအမျိုးသမီး သူခိုးကာ ပြတင်းပေါ်၌ သေသည်အထိ လောင်ကျွမ်းသွားသည်ကို ကြည့်နေရတော့မည် ဖြစ်သည်။

အိမ်ထဲတွင် မီးက လောင်နေဆဲ ဖြစ်သော်လည်း ရှောက်ယန်က ထိုအမျိုးသမီးအတွက် ရေပိုက်နှင့် လုံခြုံရေးဇုန်အသေးလေး ဖန်တီးပေးထားသည်။

မကြာခင်၌ မီးသတ်ကားများ ရောက်ရှိလာပြီး ဖိအားမြင့် ရေပိုက်များနှင့် အိမ်ထဲမှ မီးတောက်များကို ငြှိမ်းသက်လိုက်သည်။

အမျိုးသမီးသည်လည်း မီးသတ်သမားများ၏ ကယ်ဆယ်ပေးခြင်းကို ခံလိုက်ရပြီး လူနာတင်ကားနှင့် ခေါ်သွားခံလိုက်ရသည်။

ရှောက်ယန်က လူနေအဆောက်အဦးထဲမှ ထွက်လာခဲ့ပြီး သူ့တစ်ကိုယ်လုံး စိုရွှဲနေသည်။

သူ၏ ကျောင်းယူနီဖောင်းက အစွန်းအထင်းများနှင့် မူလအရောင်ပင် မပေါ်တော့ချေ။

သူ့ မျက်နှာထက်တွင်လည်း အမည်းရောင် မီးခိုးပြာများရှိနေပြီး မောဟိုက်စွာဖြင့် အသက်ကို ပြင်းစွာ ရှူနေခဲ့ကာ သူ့နောက်မှ မီးလောင်ထားသည့်နေရာကို ဗလာကျင်းသည့် အကြည့်များနှင့် ကြည့်နေခဲ့သည်။

မီးသတ်သမားတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်သည်။ "ကလေး မင်းရဲ့ တုန့်ပြန်မှုက အရမ်း အချိန်ကိုက်ဖြစ်တယ်။ မင်းက ငါတို့ အဖွဲ့သားတချို့ထက်တောင် ပရော်ဖက်ရှင်နယ်ကျသေးတယ်။ မင်း အရင်က မီးသတ်လေ့ကျင့်ရေးဆင်းဖူးလား။"

"မဆင်းဖူးဘူး။"

"အဲဒါဆို မင်းက အရမ်း ရဲရင့်တာပဲ။ ကျေးဇူးတင်ပါတယ်။"

ရှောက်ယန်က မောပန်းနေပြီး သူက ကျောင်းလွယ်အိတ်ကို ကောက်ယူကာ နိုးချိစွာနှင့် သူ့စက်ဘီးကို ရှာလိုက်သည်။

လှည့်ကြည့်လိုက်သည့်အခါ သူသည် လင်ချူးဆွေ့က သူ့စက်ဘီးကို သူ့ဆီ တွန်းလာပေးနေသည်အား မြင်လိုက်ရသည်။

ရှောက်ယန်က သူ့အိတ်ထဲမှ တစ်ရှူးကို ထုတ်ကာ ညစ်ပေနေသည့် သူ့မျက်နှာကို သုတ်လိုက်​ပြီးနောက် လင်ချူးဆွေ့ထံ လျှောက်သွားကာ စက်ဘီးကို ယူရင်း ပြောလိုက်သည်။ "ကျေးဇူး"

ထို့​နောက်တွင် လင်ချူးဆွေ့က သူ၏ စက်ဘီးခြင်းထဲသို့ တစ်စုံတစ်ခု ထည့်လာသည်ကို မြင်လိုက်ရပြီး သူမက တုန်ယင်နေသော အသံနှင့် ပြောလိုက်သည်။ "ငါ အခုကစပြီး နင့်စကားကို နားထောင်ပါ့မယ်။"

ရှောက်ယန်က ကြည့်လိုက်သည့်အခါ စီးကရက်ဘူးနှင့် မီးခြစ်ကို မြင်လိုက်ရသည်။

"အခုကစပြီး နင် ဘာပဲပြောပြော ငါ လုပ်ပါ့မယ်။"

တိုးတက်မှုဘားတန်း : 5%......

လင်ချူးဆွေ့က ရှောက်ယန် သူ့အိမ်တံခါးသို့ ရောက်သည်အထိ လမ်းတလျှောက်လုံး နီးနီးကပ်ကပ် လိုက်ပါလာသည်။

ဝင်လုဆဲဆဲနေမင်း၏ အလင်းရောင်က သူ့အရိပ်ကို ရှည်လျားသော အသွင်ဖြစ်ပေါ်နေစေသည်။

လင်ချူးဆွေ့က သူ့နောက်ကျောကို ကြည့်နေခဲ့ပြီး စကားပြောဖို့ရန် ခဏခဏ တွေဝေနေကာ မရေတွက်နိုင်သည့် မေးခွန်းများက သူမ စိတ်ထဲ၌ ဂယက်ရိုက်နေပေသည်။

ရှောက်ယန်အပေါ် သူမ၏ ခံစားချက်က ပို၍ပင် ရှုပ်ထွေးလာသည်။

သူက သူမရဲ့ အဖေလား။

......

ရှောက်ယန်က သူမကို ပြန်လှည့်ကြည့်ပြီး မေးလိုက်သည်။ "မင်း ဘာလို့ ငါ့နောက် လိုက်လာတာလဲ။"

လင်ချူးဆွေ့က သူ့ထံ လျှောက်လာပြီး​ ခေါင်းမာစွာ ပြောလိုက်သည်။ "လမ်းမက လူတိုင်းပိုင်တာပဲ။ ဘာလို့ နင့်နောက်လိုက်လာတာလို့ ပြောရတာလဲ။"

ရှောက်ယန်က သူ့အိမ် ဝင်ပေါက်သို့ ကြည့်လိုက်သည်။ "မင်း ငါ့ အိမ်တံခါးရှေ့ထိ လိုက်လာပြီးနေပြီလေ။"

လင်ချူးဆွေ့က ကိုးရို့ကားယားနိုင်စွာ ပြောလိုက်သည်။ "ငါက နင့်အိမ်ရှေ့တံခါးကနေ ဖြတ်သွားတာလေ ဘာဖြစ်လဲ။"

"ဖြတ်သွားတာက ရပါတယ်။ အခု မင်း အိမ်ပြန်လို့ရပြီ။"

လင်ချူးဆွေ့က သူ့ အိမ်ရှေ့တံခါးကနေ ဖြတ်လျှောက်ဝင်သွားပြီး ပြောလိုက်သည်။ "အိုခေ ဘိုင့်ဘိုင်"

ရှောက်ယန်က ခဏမျှ တွေးပြီးနောက် မေးလိုက်သည်။ "မင်း အခုကစပြီး ငါ ပြောသမျှ အားလုံး နားထောင်မယ်ဆိုတာ တကယ် ပြောတာလား။"

"မိန်းမတစ်​ယောက်က သူမ ပြောပြီးသားစကားကို ဘယ်တော့မှ မရုတ်သိမ်းဘူး။"

"အဲဒါဆို ဒီကိုလာခဲ့။"

လင်ချူးဆွေ့က ချက်ချင်း သူ့ ရှေ့တွင် လာရပ်လိုက်သည်။

ရှောက်ယန် : "ဂရုစိုက်ပြီးရပ်၊ ဘယ်ဘက်ကို လှည့်။"

လင်ချူးဆွေ့ : ?

သူမက တုန့်ဆိုင်းတွေဝေစွာဖြင့် ဘယ်ဘက်သို့ လှည့်လိုက်သည်။

"ပြီးရင် 'My Roller Skates' ဆိုတဲ့ သီချင်းဆိုပြ။ အဲဒီသီချင်းကို သိလား။"

လင်ချူးဆွေ့ : ...

"ငါက နင့်ရဲ့ ဓာတ်ပြားစက်လား။ နည်းနည်းပါးပါး ယုတ္တိလေးများ ရှိပါဦးလား။"

လူငယ်လေး၏ နှုတ်ခမ်းထက်တွင် ရှားပါးလှသည့် အပြုံးလေးတစ်ခု ပေါ်ပေါက်လာကာ လမ်းဘေးတွင် စက်ဘီးရပ်လိုက်ပြီးနောက် အဆောက်အအုံထဲသို့ လျှောက်ဝင်သွားသည်။

***

All Chapters