← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အပိုင်း ( ၁၈ )

လင်ချူးဆွေ့က ထွက်သွားရန် ပြင်လိုက်သည့်အချိန်တွင် လမ်းကြားထဲမှ လာသော ကြောင်အော်သံတစ်ခုကို ကြားလိုက်ရသည်။ သူမက အသံလာရာကို ရှာကြည့်လိုက်ပြီး နောက်ဆုံးတွင် ဥယျာဥ်နံရံပေါ်တွင် ထိုင်နေသည့် လိမ္မော်ရောင်ကြောင် တစ်ကောင်ကို ရှာတွေ့လိုက်သည်။

"ဟေး…"

လင်ချူးဆွေ့က လိမ္မော်ရောင်ကြောင်နားသို့ လျှောက်သွားခဲ့ပြီး ဂရုတစိုက် ကြည့်လိုက်သည်။ သူမသည် ၎င်းက သူမ အဖေ အိမ်သို့ ခေါ်ဆောင်လာသည့် ဖက်တီးလေးနှင့် အတော်တူကြောင်း သတိပြုမိလိုက်သည်။

ဖက်တီးလေးကို လောင်လင်က မီးထဲမှ ကယ်တင်ခဲ့ခြင်း ဖြစ်သည့်အတွက် လောင်လင်ကို အလွန် တွယ်ကပ်ပေသည်။ လောင်လင် အိမ်သို့ ပြန်လာသည့်အချိန်တိုင်း ဖက်တီးလေးက ဘာပဲလုပ်​နေပါစေ ပြေးထွက်လာပြီး သူ့ကို နှုတ်ဆက်တတ်သည်။

နောက်ပိုင်း လောင်လင် ကွယ်လွန်သွားသည့်အခါ ဖက်တီးလေးလည်း ပျောက်သွားခဲ့သည်။

သူမ အဖေနှင့် ဖက်တီးလေးကို တပြိုင်တည်း ဆုံးရှုံးလိုက်ရပြီးနောက် နှစ်တလျှောက်လုံး လင်ချူးဆွေ့က အဆုံးမရှိသ​ည့် ဝမ်းနည်းမှုတို့၌ နစ်မြုပ်နေခဲ့သည်။

"ဖက်တီးလေး(သာ့ဖန့်)လား။" လင်ချူးဆွေ့က မဝံ့မရဲနှင့် အစမ်းသဘောမျိုး ခေါ်လိုက်သည်။

လိမ္မော်ရောင်ကြောင်လေးက တုန့်ပြန်လာပြီး ဘုရင်တစ်ပါးကဲ့သို့ ပိုင်စိုးပိုင်နင်း အကြည့်မျိုးနှင့် ကြည့်လာခဲ့သည်။

"နင်က တကယ်ကို သာ့ဖန့်ပဲ။"

လင်ချူးဆွေ့က ၎င်းကို အကြည့်တစ်ချက်တည်းနှင့် သတိပြုမိပေသည်။ ဘုရင်တစ်ပါးကဲ့သို့ ကြီးကြီးကျယ်ကျယ် အကြည့်မျိုးနှင့် ဤလေလွင့်ကြောင်က သူမ၏ သာ့ဖန့် ဖြစ်လေသည်။

"မြန်မြန် ဆင်းလာခဲ့။ မာမားက နင့်ကို အိမ်ပြန်ခေါ်သွားပေးမယ်။"

လင်ချူးဆွေ့က စိတ်လှုပ်ရှားစွာနှင့် နံရံပေါ်တက်ကာ ဖက်တီးလေး သာ့ဖန့်ကို ဆွဲခေါ်၍ သူမ၏ ကျောင်းလွယ်အိတ်ထဲ ထည့်လိုက်သည်။ သာ့ဖန့်က မည်သည့် ခုခံခြင်းမှ မလုပ်ခဲ့ပေ။

ထို့နောက်တွင် ရှောက်ယန်က သန့်ရှင်းသည့် ရှပ်တစ်ထည် လဲဝတ်ပြီး အောက်ထပ်သို့ ဆင်းလာသည်။

သာ့ဖန့်က ရှောက်ယန်ကို မြင်မြင်ချင်း လင်ချူးဆွေ့၏ လက်ထဲမှ ရုန်းကန်ထွက်သွားပြီး ရှောက်ယန်ထံ ပြေးသွားကာ သူ့ခြေထောက်ကို တယုတယ ပွတ်သပ်လိုက်သည်။

ရှောက်ယန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ၎င်း၏ ခေါင်းလေးကို ပုတ်၍ ကြောင်စာတချို့ ကျွေးလိုက်သည်။

သူက ခေါင်းကို မော့၍ သူမအား ကြည့်လိုက်၏။ "မင်း ဘာလို့ ထွက်မသွားသေးတာလဲ။"

"ဒါ နင့်ကြောင်လား။"

"မဟုတ်ဘူး။ ဒါက ငါ အစာကျွေးထားတဲ့ လေလွင့်ကြောင်တစ်ကောင်ပဲ။"

လင်ချူးဆွေ့က လိမ္မော်ရောင်ကြောင်ကြီးကို လက်ညှိုးညွှန်ပြရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဒါပေမယ့် ဒါက ငါ့ကြောင်ပဲ။"

"မင်းက လေလွင့်ကြောင်တစ်ကောင်အတွက် တိုက်ခိုက်တော့မလို့လား။"

"အဲဒါက ငါ့အဖေဆီက လက်ဆောင်ပဲ။ ဘယ်လိုလုပ်ပြီး နင့်ဆီမှာ အဆုံးသတ်သွားတာလဲ။"

"သူက လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်ကတည်းက ဒီမှာ လျှောက်သွားနေတာ။ သူ ဒီမှာနေနေတာကြောင့် ငါ နေ့တိုင်း အစာစကျွေးခဲ့တာပဲ။" ရှောက်ယန်က ပြောလိုက်သည်။ "သူ့မှာ မင်းနဲ့ လိုက်ချင်တဲ့ ဆန္ဒရှိရင် မင်း သူ့ကို ခေါ်ချင်ခေါ်သွားလို့ရတယ်။"

လင်ချူးဆွေ့က ရှေ့သို့ တိုးလာပြီး လိ​မ္မော်ရောင်ကြောင်လေးကို ကောက်ယူလိုက်သည်။ "သာ့ဖန့် မာမားနဲ့ အိမ်အတူပြန်ရအောင်။"

လိမ္မော်ရောင်ကြောင်လေးက ရုန်းကန်ကာ ရှောက်ယန်၏ ပခုံးပေါ် ခုန်ချလာ၍ ထွက်သွားရန် ငြင်းဆန်နေသည်။

သာ့ဖန့်က လေလွင့်ကြောင်ဖြစ်သောကြောင့် သူ၏ စရိုက်က လွတ်လွတ်လပ်လပ် နေတတ်ပြီး လူသားများကို သတိနှင့်ဆက်ဆံတတ်ကာ သိပ်ပြီး ရင်းရင်းနှီးနှီး မနေတတ်ပေ။

သူ ဤကဲ့သို့ မှီခိုအားထားခဲ့သည့် နောက်ဆုံးလူသားက လောင်လင် ဖြစ်ခဲ့သည်။

လင်ချူးဆွေ့က အဖြူရောင်ရှပ်နှင့် ရှောက်ယန်ကို ကြည့်လိုက်ပြီး အလွန်ရှုပ်ထွေးလှသည့် ခံစားချက်ကြောင့် မျက်လုံးများ နီရဲလာသည်။

"နင်.... နင်က...."

သူမသည် မဖြစ်နိုင်ကြောင်း သိသော်လည်း ထိုကဲ့သို့ မတွေးဘဲ မနေနိုင်ပေ။

ရှောက်ယန်က လိမ္မော်ရောင်ကြောင်ကို သူ့စက်ဘီးခြင်းထဲသို့ ထည့်၍ ထွက်သွားခဲ့သည်။

လင်ချူးဆွေ့က သူ ထွက်ခွာသွားသည့်ပုံရိပ်ကို ရပ်ကြည့်နေပြီး သူမ နှလုံးသားထဲတွင် ဇဝေဇဝါဖြစ်၍ ရှုပ်ထွေးနေသည့် ခံစားချက်တို့က ပြည့်နှက်လာသည်။

သူမက လောင်လင်ကို အရမ်း လွမ်းနေခြင်း ဖြစ်ရပေမည်။

ရှောက်ယန်က ဆယ်မီတာလောက် စက်ဘီးနင်းသွားပြီး နောက်ဆုံး၌ သနားစိတ်ဝင်ကာ သူမအား ပြန်လှည့်ကြည့်၍ လှမ်းပြောလိုက်သည်။ "ငါ အခု ဆိုင်ကို သွားကူမလို့။"

"အိုး"

ရှောက်ယန်က သူ့စက်ဘီး နောက်ခုံကို ပုတ်ပြလိုက်သည်။ "လိုက်ခဲ့ချင်လား။"

လင်ချူးဆွေ့က သူ့ကို ငေးကြည့်နေပြီးနောက် ချက်ချင်းပင် အပြုံးတို့ ဖြစ်ပေါ်လာပြီး သူ့စက်ဘီးနောက်ခုံသို့ ပျော်ရွှင်စွာ ခုန်တက်လိုက်သည်။ "လာပြီ။"

......

ဟော့ပေါ့ဆိုင်တွင် လင်ချူးဆွေ့သည် ညနေက မီးလောင်မှုတွင် ရှောက်ယန်က လူဘယ်လိုကယ်ခဲဲ့ကြောင်း ရှောက်ချန်အား ပြောပြနေသည်။

"တကယ်ပါဆို။ အဲဒီတုန်းကဆိုရင် ညီမလေ သူ့ကို သူရဲကောင်းတစ်ယောက်ယောက်ရဲ့ ဝိညာဥ်က ဝင်ပူးသွားတယ်တောင် ထင်နေတာ။"

ရှောက်ချန်က ပြုံးကာ ပြောလိုက်သည်။ "ငါ့ရဲ့ မောင်လေးက ဒီလောက် စွမ်းဆောင်နိုင်မယ်လို့ ငါ မထင်ထားမိဘူး။"

"ဒါပေါ့။ သင်ယူခြင်းနတ်ဘုရားက အရမ်းလုပ်နိုင်စွမ်း ရှိတာပေါ့။"

လင်ချူးဆွေ့က ရှောက်ယန်ကို အပြည့်အဝ ​လေးစားကြည်ညိုနေပြီး သူမ၏ စိတ်ထားကောင်းလေးကလည်း တဖြေးဖြေး မြင့်တက်လာနေသည်။

ရှောက်ယန်က ဆန်ပြုတ်ပန်းကန်ကြီး နှစ်ပန်းကန်ကို တိတ်ဆိတ်စွာ စားသောက်နေပြီး သူ၏ ချောမောသော အသွင်အပြင်က ထင်ရှားပေါ်လွင်နေသည်။ သူ၏ နှုတ်ခမ်းများက အပူကြောင့် အနည်းငယ် နီရဲရွှန်းစိုနေ၏။

ရှောက်ချန်က သူ့တံတောင်ဆစ်ကို အသာတိုးတိုက်ကာ စိတ်ပူစွာ ကြည့်လိုက်သည်။ "ယန်.. နင် မီးကြောက်တယ် မဟုတ်ဘူးလား။ ဘာလို့ ဒီနေ့ လူတစ်ယောက်ကို ကယ်နိုင်ရတာလဲ။"

"အများကြီး မတွေးနဲ့။"

ရှောက်ယန် ခန္ဓာကိုယ်က ဝိညာဥ်နှစ်ခု၏ နေထိုင်ရာအိမ် ဖြစ်သည်။

လင်ရှို့ကျယ်၏ အရည်အချင်း အားလုံးနီးပါးက သူ့ထံ အပ်နှင်းခံခဲ့ရသည်။ အတိုက်အခိုက်စွမ်းရည်၊ အတွေးအခေါ်ပိုင်းဆိုင်ရာအပြင်......

ကြင်နာတတ်မှုနှင့် ရဲစွမ်းသတ္တိကိုပင် ဆက်ခံရရှိခဲ့၏။

လင်ချူးဆွေ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒါပေါ့။ အရင်တုန်းက သူ...."

ရှောက်ယန်က ရှောက်ချန်ကို အဓိပ္ပါယ်ရှိရှိ ကြည့်လိုက်သည်။ "အစ်မ"

ရှောက်ချန်က သူ့အကြည့်ကို နားလည်စွာနှင့် အကြောင်းအရာ၏ လေးနက်မှုကို လျှော့ချလိုက်သည်။ "ငါ့မောင်လေးက အရမ်းကြောက်တတ်တာ။ သူက မီးလည်း ကြောက်တယ်။ ရေလည်း ကြောက်တယ်။ အပူလည်း ကြောက်တယ်။ အအေးလည်း ကြောက်တတ်သေးတာ။ သူက အရမ်း နူးညံ့ပျော့ဖတ်နေရောလေ။"

လင်ချူးဆွေ့က အများကြီး မတွေးဘဲ လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်သည်။ "သင်ယူခြင်းနတ်ဘုရားက အရမ်းပျော့ဖတ်နေတာပေါ့လေ။"

"သေချာတာပေါ့။"

လင်ချူးဆွေ့က ရှောက်ယန်ကို ထပ်ကြည့်လိုက်သည်။ သူ့တွင် ကွေးညွှတ်လှပပြီး အလွန် ကြည့်ကောင်းသော မျက်ဝန်းတစ်စုံ ရှိသည်။ ပုံမှန်အားဖြင့် ၎င်းတို့က ရေခဲကဲ့သို့ အေးစက်ပြီး ပျင်းရိကာ သီးခြားဆန်၍ ခင်မင်ရင်းနှီးမှုမရှိသော ခံစားချက်မျိုးကို ပေးစွမ်းပေသည်။

သူက စိတ်အားထက်သန်သည့် ကောင်းမွန်သော အပြုအမူများ ပြုလုပ်တတ်သူနှင့် မတူပေ။

အတန်းဖော်များ၏ သူ့ကို ဖော်ပြရန် အသုံးအများဆုံး စကားလုံးမှာ— 'အေးစက်သည်' ဟု ဖြစ်လေသည်။

ထိုအေးစက်မှုမှာ မောက်မာခြင်း သို့မဟုတ် အခြားသူများနှင့် စကားမပြောခြင်း မဟုတ်သော်လည်း အခြားသူများ အရေးကိစ္စကို ဝင်မစွက်ဖက်တတ် အခြားသူများကို မကူညီတတ်ခြင်း ဖြစ်သည်။ သူက စာလေ့လာသင်ယူခြင်းနှင့် ပိုက်ဆံရှာခြင်းမှလွဲလျှင် အခြားမည်သည်ကိုမှ ဂရုမစိုက်ဘဲ အနည်းငယ် တစ်ကိုယ်ကောင်း ဆန်ပေသည်။

ထိုသည်ကပင် သူ့ထံ၌ သူငယ်ချင်းမရှိရခြင်း အကြောင်းရင်း ဖြစ်သည်။

လင်ချူးဆွေ့က ခေါင်းကို ငဲ့ကြည့်ရင်း ရှောက်ယန်သည် 'အေးစက်သည့်သင်ယူခြင်းနတ်ဘုရား' ဟု အတန်းဖော်များ ဖော်ပြသည်နှင့် မကိုက်ညီကြောင်း ပို၍ပင် ခံစားမိလာပေသည်။ ထို့အစား သူက သူမနှလုံးသားထဲမှ 'သူရဲကောင်း' နှင့် ပို၍ တူလာသည်။

သူမ၏ အရူးအမူးချစ်နေသကဲ့သို့ အကြည့်များကို မြင်သည့်အခါ ရှောက်ချန်က ပြုံး၍ ထရပ်လိုက်သည်။ "ချူးချူး ထပ်လိုချင်သေးလား။ အစ်မ နောက်တစ်ပန်းကန် ထပ်ထည့်ပေးမယ်။"

"ရပါပြီ ကျဲ... ညီမ ဗိုက်ပြည့်နေပြီ။"

"ဟိတ်ဟန်တွေများမနေပါနဲ့။ အစ်မ မင်းအတွက် နောက်တစ်ပန်းကန် သွားချက်ပေးမယ်။"

ရှောက်ချန် မီးဖိုချောင်သို့ ဝင်သွားသည်နှင့် ရှောက်ယန်က လှမ်းပြောလိုက်သည်။ "သူမက အစပ်မစားဘူး။ စစ်ချွမ်းငရုတ်ကောင်းနဲ့ပဲ လုပ်ပေးလိုက်ပါ။"

ရှောက်ချန်က လှည့်ကြည့်လာပြီး အဓိပ္ပါယ်ရှိသည့် အပြုံးတစ်ခု ဖော်ပြလာသည်။ "ငါ သိပြီ။ မင်းမို့လို့ ဒီလောက် အာရုံစိုက်ထားနိုင်တယ်နော်။"

လင်ချူးဆွေ့က သူမ၏ ဆံပင်ကို လှန်တင်လိုက်ပြီး ဝင့်ကြွားနေဟန်ဆောင်လိုက်သော်လည်း သူမ၏ 'ဖန်' ကြောင့် ရင်ထဲထိမသွားနိုင်ခင် သူက မျက်နှာသေနှင့် ပြောလိုက်သည်။

"ဟင်းရည်ကို မတူတဲ့အဆင့်နဲ့ ချက်ပေးရမှာဖြစ်တာမလို့ ပစ္စည်းဖိုး ဆယ်ယွမ် အပိုပေးရမယ်။ အရင်တုန်းက စည်းမျဥ်းအတိုင်းပဲ ငွေချေလို့ရတယ်။ ယွမ်ငါးဆယ်ပြည့်ရင် ဓာတ်ပုံတစ်ပုံရိုက်လို့ရတယ်။ ယွမ်တစ်ရာဆိုရင် အဖွဲ့လိုက်ပုံရိုက်လို့ ရလိမ့်မယ်။"

လင်ချူးဆွေ့က ဟန်ပါပါနှင့် မျက်လုံးလှိမ့်လိုက်၏။ "ဒီနတ်ဘုရားမက နင့်ရဲ့ ဓာတ်ပုံကို စိတ်မဝင်စားဘူး။ ကျေးဇူးပဲ။"

ရှောက်ယန်က စိတ်ထဲမထားဘဲ ဖော်မြူလာများကိုသာ အကြမ်းစာရွက်ပေါ်၌ ဆက်လက်တွက်ချက်နေသည်။

သူမက ရှေ့သို့ ယိမ်းကာ သာယာညင်းပျောင်းစွာ မေးလိုက်သည်။ "ယွမ်တစ်ရာ့ငါးဆယ်ဆိုရင် ငါ သင်္ချာ၊ ရူပဗေဒနဲ့ ဓာတုဗေဒ အိမ်စာ အထူးပက်ကေ့ချ် ရနိုင်မလား။"

ရှောက်ယန်၏ ခဲတံက တန့်သွားခဲ့သည်။ "ဘာလို့ သင်္ချာ၊ ရူပဗေဒနဲ့ ဓာတုဗေဒပဲလဲ။ မင်းရဲ့ အင်္ဂလိပ်က အရမ်းကောင်းတာပဲလား။"

လင်ချူးဆွေ့၏ ပါးစပ်က တွန့်သွားခဲ့သည်။ "နင်က... အဓိကအချက်ကို ဘယ်လိုဖမ်းဆုပ်ရမလဲ တကယ် သိတာပဲ။"

"ဟမ်…"

သူမက ထိုင်ခုံကျောမှီကို မှီချရင်း ရှင်းပြလိုက်သည်။ "ငါ အင်္ဂလိပ်စာကို ငါ့မိသားစုရဲ့ စျေးပေါတဲ့ အစ်ကိုဆီကနေ ရပြီးသွားတာကြောင့် နင့်ဆီက ကူးချဖို့ မလိုတော့ဘူး။ ယွမ် ၁၅၀ က အဆင်ပြေတယ်လို့ မထင်ဘူးလား။"

ရှောက်ယန်၏ အမူအရာက အနည်းငယ် အေးစက်နေသည်။ "သူ့ရဲ့ အင်္ဂလိပ်စာက ငါ့ထက် ကောင်းလား။"

"နင့် အသံက နည်းနည်း မကျေနပ်သံပေါက်နေသလိုပဲ။"

"ငါက ဘာလို့ မကျေနပ်ဖြစ်ရမှာလဲ။"

"နင့်ရဲ့ အင်္ဂလိပ်အမှတ်က အမြဲတမ်း ၁၄၀ ကျော်ပေမယ့် အဲဒီစျေးပေါတဲ့အစ်ကိုရဲ့ နားထောင်နိုင်စွမ်းနဲ့ အရေးစွမ်းရည်က တကယ် ထူးခြားတယ်။" လင်ချူးဆွေ့က ဓမ္မဓိဋ္ဌာန်ကျကျ ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"ငါ သိပြီ။"

ဖော်မြူလာကို သက်သေပြပြီးနောက် ရှောက်ယန်က ပြောလိုက်သည်။ "အဲဒါဆိုလည်း မင်း သူ့ရဲ့ နတ်ဘုရားမပဲ သွားလုပ်လိုက်တော့။"

လင်ချူးဆွေ့ : ?

"သင်ယူခြင်းနတ်ဘုရား အခု ဒါက ဒဏ္ဍာရီလာ..... သ-ဝန်-တို-ခြင်း လား။'

ရှောက်ယန်က လှောင်ရယ်လိုက်သည်။ "အဲဒီတော့ မင်းရဲ့ တရုတ်အိမ်စာတွေက ပြီးပြီလား။"

လင်ချူးဆွေ့က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ "ဒီဉာဏ်ကြီးရှင်မိန်းကလေးရဲ့ အစွမ်းထက်တဲ့ မှတ်ဉာဏ်နဲ့ တရုတ်စာက ပြဿနာမဟုတ်ဘူး။ ငါ့ ဦးနှောက်က တရုတ်ရှေးကဗျာတွေရဲ့ အချက်အလက် သိုလှောင်ရာနေရာပဲ။"

ရှောက်ယန် : " 'လူငယ်လေးက အိမ်က ထွက်သွားပြီး လူကြီးက ပြန်လာတယ်' ရဲ့ နောက်တစ်ကြောင်းက ဘာလဲ။" (ရှောက်ရှောင်လီကျား လောင်သာ့ဟွေ)

လင်ချူးဆွေ့က မစဥ်းစားဘဲ ပြန်ဖြေလိုက်သည်။ "အနိုင်အရှုံးကို ဘယ်သူက ခွဲခြားသိမြင်နိုင်မှာလဲ။"

(အန်းနန်ပျန့်ဝေါ်ရှိရှုန်းချီ/ ရှုန်းချီက အနိုင်အရှုံးလို့ အဓိပ္ပါယ်ရသလို လိင်အမျိုးအစားလို့လည်း အဓိပ္ပါယ်ရပါတယ်။ )

ရှောက်ယန် : ......

လည်သာဂျက်ကက် ဝတ်ဆင်ထားသည့် အမျိုးသားတစ်​ယောက်က စားသောက်ဆိုင်ထဲသို့ ဝင့်ကြွားစွာ ဝင်ရောက်လာသည်။

သူ့ကို မြင်သည့်အခါ ရှောက်ချန်၏ အမူအရာက ပြောင်းလဲသွားသည်။ သူမက သူ့ထံ လျင်မြန်စွာ လျှောက်သွားပြီး ပြောလိုက်သည်။ "အပြင်မှာ စကားသွားပြောရအောင်။"

"ငါတို့က ဘာလို့အပြင်မှာ သွားပြောဖို့ လိုတာလဲ။"

ရှောက်ချန်က သူ့ကို တံခါးမှ ဆွဲထုတ်လိုက်ပြီး ညင်သာစွာ ပြောလာ၏။ "ငါ့ မောင်လေးရဲ့ သူငယ်ချင်း ရောက်နေတယ်။"

လည်သာဂျက်ကက်နှင့် အမျိုးသားက အထဲသို့ အထင်အမြင်သေးစွာ လှမ်းကြည့်လိုက်သည်။ "မိန်းကလေးနဲ့ ဒိတ်ဖို့ကျ ပိုက်ဆံရှိပေမယ့် အကြွေးဆပ်ဖို့ကျ ပိုက်ဆံမရှိဘူးလား။"

"လတိုင်း နည်းနည်းချင်းစီ ပြန်မဆပ်လို့လား။"

"မင်း လတိုင်း ပေးနေတဲ့ ပမာဏ သေးသေးလေးနဲ့ အတိုးအတွက်တောင် မလုံလောက်ဘူး။ လာပြီး အငြင်းမပွားနဲ့။ ဒီနှစ်ကုန်တာနဲ့ အကုန် ပြန်ဆပ်ရမယ်။"

.......

ရှောက်ချန်က အသံကို တိုးထားသော်လည်း ထိုလည်သာဂျက်ကက်နှင့်ကောင်၏ အသံက ကျယ်လောင်ကာ ခက်ထန်ပေသည်။

လင်ချူးဆွေ့က ပါးပါးနပ်နပ်နှင့် နားကြပ်များ တပ်လိုက်သည်။

ရှောက်ယန်က ကိုးရို့ကားယားနှင့် နားကြပ်ကောက်တပ်လိုက်သော မိန်းမငယ်လေး၏ ဖြူဖွေးကာ ဖောင်းအိအိလေး ဖြစ်​နေသည့် နားရွက်တို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အကြည့်တို့အား လွှဲဖယ်လိုက်သည်။

ရှောက်ချန်က လည်သာဂျက်ကက်နှင့် လူဖြင့် စကားပြော၍မပြီးခင် လေးလံသည့် သစ်သီးအိတ် တစ်အိတ်ကို သယ်ဆောင်ထားသည့် အသက်အရွယ် ကြီးရင့်သော လူကြီးနှစ်ယောက်က စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။

ဧည့်သည်များ ရောက်လာသည်ကို မြင်သောအခါ ရှောက်ချန်က အမျိုးသမီးကြီး၏ စကားကို ကြားလိုက်ရ၏။ "ရှောက်ယန်ကို လာရှာတာပါ။ ရှောက်ယန် ရှိလား။"

ရှောက်ယန်က ထရပ်လိုက်သည်။ "ကျွန်တော် ဒီမှာ။"

လူအိုကြီးနှစ်ယောက်က အနည်းငယ် ချိချိနဲ့နဲ့နှင့် ရှေ့သို့ တိုးလာပြီး ကျေးဇူးတင်စကားပြောလိုက်သည်။ "ငါတို့ရဲ့ သမီးကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီနေ့ မင်းကြောင့်သာ မဟုတ်ရင် သူမ..... မီးလောင်ပြီး သေသွားရလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။ တကယ် ကျေးဇူးတင်ပါတယ်။"

"ဘာမှမဖြစ်ပါဘူး။"

"ငါတို့တွေ ပတ်ဝန်းကျင်က အိမ်နီးချင်းတွေနဲ့ မင်းတို့အတန်းဖော်တွေကို ပတ်မေးပြီးမှ မင်းကို ရှာတွေ့ခဲ့တာ။" အမျိုးသမီးကြီးက ပြောရင်းနှင့် သူမအိတ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။ အထဲတွင် ငွေစက္ကူလိပ်တစ်လိပ်နှင့် အရောင်စုံ ပမာဏပေါင်းစုံရှိသည့် ငွေအကြွေစေ့များ ရှိနေသည်။ "ဒါက ငါတို့ရဲ့ ကျေးဇူးတင်လက်ဆောင်ပါ။ ပမာဏ အများကြီး မဟုတ်ပေမယ့် ဒါက ငါတို့မှာ ရှိသမျှ စုငွေ အကုန်ပါပဲ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။"

လင်ချူးဆွေ့က ထိုအဖိုးအဖွားနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့က အတော်လေး နွမ်းပါးပုံရပြီး သူတို့၏ အဝတ်များကလည်း ဟောင်းနွမ်းကာ ပြဲစုတ်နေပြီး အချို့နေရာများ၌ အဖာရာများ ရှိနေသေးသည်။ ဤပိုက်ဆံများမှာ သူတို့ သမီး၏ အသက်သခင်ကို ကျေးဇူးတင်နိုင်ရန် ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းထားသည့် ငွေများကို ထုတ်လာခြင်း ဖြစ်ပေလိမ့်မည်။

ထိုသည်ကို မြင်သောအခါ ဂျက်ကက်ဝတ်ထားသည့် အမျိုးသားက ရယ်မောရင်း ပြောလိုက်သည်။ "ကောင်းတယ်။ အခုတော့ အကြွေးပေးစရာ ပိုက်ဆံရှိပြီ။ ငါ ဒီဟာကို ယူသွားပြီး မင်းတို့ အကြွေးပြန်ဆပ်ဖို့ နောက်ထပ်တစ်လ အချိန်ပေးမယ်။"

ထိုသို့ပြောပြီးနောက် သူက အမျိုးသမီးအိုကြီး လက်ထဲမှ လက်ကိုင်ပုဝါကို ဆွဲလုသွားပြီး သူ့လက်ချောင်းများကို တံတွေးဆွတ်ကာ ပိုက်ဆံရေရင်း ကျေနပ်မှုအပြည့်နှင့် လှည့်ထွက်သွားခဲ့၏။

ရှောက်ချန်က ဒေါသထွက်ထွက်နှင့် ခြေဆောင့်လိုက်သော်လည်း ဘာမှ မလုပ်နိုင်ခဲ့ပေ။

ရှောက်ယန်က ခြေတစ်လှမ်းရှေ့လှမ်းလာပြီး ထိုအမျိုးသား၏ ပခုံးကို လက်တစ်ဖက်တည်းနှင့် ပြန်ဆွဲခေါ်လိုက်သည်။

"ဟေး မင်း ဘာလုပ်တာလဲ ကောင်စုတ်လေး။"

ထိုလူ မတုန့်ပြန်နိုင်ခင် ရှောက်ယန်က သူ့လက်ထဲမှ ပိုက်ဆံကို ဆွဲလု၍ အေးစက်စွာ ပြောလိုက်သည်။ "အကြွေးတင်နေတဲ့ဟာကို ကျုပ် ဒီနှစ်အတွင်း ပေးပါ့မယ်။ ဒါပေမယ့် ခင်ဗျား ဒီပိုက်ဆံကို ယူသွားလို့ မရဘူး။"

ထိုသို့ပြောပြီးနောက် သူက ထိုအမျိုးသား၏ တုန့်ပြန်မှုကို မစောင့်ဆိုင်းတော့ဘဲ ဆိုင်ထဲ ပြန်ဝင်လာကာ အမျိုးသမီးအိုကြီး၏ ပိုက်ဆံကို ပြန်ပေးလိုက်သည်။

အမျိုးသမီးအိုကြီးက လျင်မြန်စွာ ပြောလိုက်သည်။ "လူငယ်သူရဲကောင်းလေး ဒါကို အထင်မသေးပါနဲ့။ မင်းက ငါတို့သမီးရဲ့ အသက်ကို ကယ်ခဲ့တာပါ။ အဲဒီအသက်ကယ်တဲ့ ကျေးဇူးနဲ့ ညီမျှတဲ့ ပိုက်ဆံဆိုတာ မရှိပါဘူး။"

"ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။" ရှောက်ယန်က ခိုင်မာစွာ ပြောလိုက်သည်။

လင်ချူးဆွေ့က အစပြုကာ အမျိုးသမီးအိုကြီး လက်ထဲမှ သစ်သီးခြင်းကို လက်ခံရယူလိုက်သည်။ "ကျွန်မတို့ မိသားစုရဲ့ ဉာဏ်ကြီးရှင်လေးက သစ်သီးစားရတာကို အကြိုက်ဆုံးပဲ။ ကျွန်မတို့ ဒါကိုပဲ လက်ခံလိုက်ပါ့မယ်။"

ရှောက်ယန်၏ ခိုင်မာသောအကြည့်များကို မြင်သည့်အခါ အမျိုးသမီးအိုကြီးက အနည်းငယ် တွေဝေနေပြီးနောက်မှ ပိုက်ဆံကို ပြန်ယူလိုက်သည်။ "အဲဒါဆို ကျေးဇူးအများကြီး တင်ပါတယ် လူငယ်သူရဲကောင်းလေး။ မင်း မရှိရင် ဒီအရိုးအိုကြီးတွေရဲ့ သမီးက.... သူမသာ သေသွားရင် သူမရဲ့ ဆယ်နှစ်အရွယ်ကလေးလေးက အမေ မရှိတော့ဘဲ ဖြစ်သွားရလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။"

လင်ချူးဆွေ့၏ နှလုံးသားထဲမှ ခံစားချက်တို့က အနည်းငယ် ရှုပ်ထွေးနေသည်။ အထူးသဖြင့် အဖိုးအဖွားစုံတွဲ၏ စကားလုံးများကို ကြားပြီးနောက် သူမက လောင်လင်ကို တွေးမိသွားလေသည်။

နှစ်ပေါင်းများစွာ လောင်လင်က မရေတွက်နိုင်သော အသက်များကို ကယ်တင်ခဲ့သည်။

လင်ချူးဆွေ့က ထိုမျှ ကြီးမြတ်လှသူမဟုတ်ဘဲ သူမသည် သူမအဖေကို မည်သည့်အခါမှ 'သူရဲကောင်း' မဖြစ်ပါရန် ဆုတောင်းမိသည်။ သူမသည် သူ့ကို အသက်ရှင်လျက် ပြန်လာပြီး သူမ ကြီးပြင်းလာသည်အထိ သူမဘေး၌ ရှိစေချင်မိသည်။

ထိုအဖိုးအဖွားနှစ်ယောက်က သူတို့ကို အထပ်ထပ်အခါခါ ကျေးဇူးတင်ရင်း ပြန်ထွက်သွားကြသည်။

ရှောက်ချန်က ပြဿနာကို ဖြေရှင်းပြီး ပြန်ဝင်လာ၏။ လင်ချူးဆွေ့က တိတ်တဆိတ်ပင် သူမ၏ အဖြေလွှာစာရွက်များကို သိမ်းဆည်းကာ အိမ်ပြန်ရန် ပြင်လိုက်သည်။

***

All Chapters