အခန်း ၁၉
Vol. 2 Ch. 19
အပိုင်း ( ၁၉ )
ရှောက်ယန်က သူမ၏ အင်္ကျီလက်ကို ဆွဲလိုက်၏။ "ငါ ဘယ်တုန်းက မင်းမိသားစုဝင် ဖြစ်လာတာလဲ။"
"အာ ငါ ပြောလိုက်မိလို့လား။"
ဘေးတွင် ရပ်နေသည့် ရှောက်ချန်က အပြုံးနှင့် ဝင်ပြောလိုက်သည်။ "ငါ သက်သေခံပေးနိုင်တယ်။ မင်း ခုနက 'ကျွန်မတို့မိသားစုရဲ့... ဉာဏ်ကြီးရှင်လေး' လို့ ပြောခဲ့တယ်လေ။"
"ညီမ လျှာချော်သွားတာ ဖြစ်ရမယ်။ ဟားဟားဟား" လင်ချူးဆွေ့က ကိုးရို့ကားယား ရယ်မောလိုက်သည်။ "အဲဒါကို အလေးအနက် မထားပါနဲ့။ သွားတော့မယ် သွားတော့မယ်။"
ထိုသို့ပြောလိုက်ပြီး သူမက အပြေးအလွှား ထွက်သွားခဲ့သည်။
ထို့နောက် တစ်ခုခု အမှတ်ရကာ သူမက ပြန်ပြေးလာပြီး ရှောက်ချန်အား ဟင်းရည်ပူပူတစ်ပန်းကန် ထုပ်ပေးပါရန် ပြောလိုက်သည်။ သူမက ရှောက်ယန်ထံသို့ ယွမ်တစ်ရာလွှဲလိုက်၏။
ငွေလွှဲမှုကို လက်ခံရပြီးနောက် ရှောက်ယန်က ပြောလိုက်သည်။ "မင်း အများကြီး ပေးထားတယ်။ ငါတို့ စီးပွားရေးက ဥပဒေဘောင်ထဲမှာ ရှိတာ။ ဒီလောက် အများကြီး မပေးရဘူး။"
"ယွမ်ငါးဆယ်က ဓာတ်ပုံတစ်ပုံနဲ့ ယွမ်တစ်ရာဆိုရင် အတူတူဓာတ်ပုံရိုက်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"
ရှောက်ယန်က သူ့ဘောပင်န်ကို ချလိုက်ပြီး အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ "မင်းက ငါနဲ့အတူ တွဲပြီး ဓာတ်ပုံရိုက်ချင်တာလား။"
"မှားတယ်။ ငါက နင့်ကို နင့်ရဲ့ လက်လှမ်းမမီနိုင်တဲ့ နတ်ဘုရားမနဲ့ ဓာတ်ပုံတွဲရိုက်ရမယ့် ဂုဏ်သရေကို ပေးအပ်နေတာလေ။"
ရှောက်ယန်က သဘောတူလိုက်သည်။ "မင်းရဲ့ ဖုန်းလား။ ငါ့ရဲ့ ဖုန်းလား။"
"ငါ့ဟာ။ နင့်ရဲ့ ချာတူးလံဖုန်းက လူတွေကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရလောက်အောင် ဆိုးဝါးတဲ့ အရည်အသွေးရှိတဲ့ဟာကို။" လင်ချူးဆွေ့က လျှောက်လာပြီး သူမ၏ အလှကင်မရာကို ဖွင့်လိုက်သည်။
ရှောက်ယန်က သူ့ကိုယ်သူပင် မမှတ်မိနိုင်လောက်အောင် အလှပြုပြင် filter များ ပါဝင်နေသည့် သူ့မျက်နှာကို ဆွံ့အစွာ ကြည့်လိုက်သည်။ "မင်း ဒီပုံအတိုင်း ရိုက်မှာ သေချာလား။"
"ဒါက ဘာဖြစ်လို့လဲ။"
"ဘာမှ မဖြစ်ပါဘူး။" ဆိုင်၏ ဝယ်ယူသူက အမြဲ ဘုရင်ပင် ဖြစ်သည်။
လင်ချူးဆွေ့က filter ကို ချိန်ညှိလိုက်ပြီး ဓာတ်ပုံတစ်ပုံ ရိုက်လိုက်သည်။ ထို့နောက် သူမက မေးလိုက်၏။ "ငါ့ကိုယ်ငါ တချို့နေရာတွေ ပြင်လို့ရလား။"
"လုပ်လေ။"
ထို့ကြောင့် လင်ချူးဆွေ့က ထိုင်ချလိုက်ပြီး ဟင်းရည်ပါဆယ်က အသင့်ဖြစ်နေချိန်မှာပင် သူမက ဓာတ်ပုံကို စိတ်အားထက်သန်စွာ ပြုပြင်နေဆဲ ဖြစ်သည်။ သူမက ရှောက်ယန် လာကြည့်သည့်အချိန်ထိ မပြီးနိုင်သေးပေ။ သူမက သူမ၏ မျက်နှာကို မြွေနတ်ဆိုးကဲ့သို့ ပြုပြင်လိုက်ပြီး သူ့ကို ပန်ကိတ်တစ်ခုလို လုပ်ပစ်လိုက်သည်။
ရှောက်ယန် : ......
တာဝန်အတွက်ပဲ သည်းခံရမယ်။
ထိုညတွင် လင်ချူးဆွေ့က 'နန်ချန် အမှတ် ၁ အလယ်တန်းကျောင်း အချောလေးများ' အဖွဲ့ထဲသို့ ဓာတ်ပုံတစ်ပုံ ပို့လိုက်သည်။
လင်ချူးဆွေ့ : ယွမ်တစ်ရာသုံးပြီး ဉာဏ်ကြီးရှင်နဲ့ ဓာတ်ပုဲတွဲရိုက်ခဲ့တယ်။ စာမေးပွဲမတိုင်ခင် ကိုးကွယ်ကြလော့ လူတိုင်းပဲ။
လုချီ : “မင်း သူ့မျက်နှာကို ရောင်ကိုင်းလာအောင် ထိုးထားတာလား။”
လင်ချူးဆွေ့ : “မဟုတ်ဘူး။ ဒါက သူ့ရဲ့ သဘာဝမျက်နှာပဲ။"
လုထျန်းပိုင် : “နင့်ရဲ့ PS စကေးက သောက်ကျိုးနည်း။ မူရင်းပုံသာ ပို့ပေးစမ်းပါ။ ငါ နင့်အတွက် ကူပြီး ပြုပြင်ပေးမယ်။"
လင်ချူးဆွေ့ : “ဒါက မူရင်းပဲ။”
လုချီ : “မင်းရဲ့ မေးစေ့က မြေကြီးကိုတောင် ထိုးမိတော့မယ်။”
လင်ချူးဆွေ့ : ......
“ဒါက မူရင်းပဲလို့!!!”
လုချီ : “သူနဲ့ ဓာတ်ပုံရိုက်ဖို့ ဘာလို့ ယွမ်တစ်ရာသုံးရတာလဲ။ သူက မင်းကို အရမ်း သဘောကျနေတာ မဟုတ်ဘူးလား။ မင်းနဲ့ ဓာတ်ပုံ ရိုက်ရဖို့ သူကတောင် တောင်းဆိုသင့်တာလေ။"
ကျန်းချန်ယွီ : “သူမက ချမ်းသာတယ်။ ပိုက်ဆံတွေ မီးရှို့ပစ်နေတာလေ။”
လင်ချူးဆွေ့ : “အဲဒီလိုမဟုတ်ပါဘူး။ ငါက ဒီအတိုင်း ခံစားမိလို့..... ထားလိုက်ပါတော့။ ဘာမှမဟုတ်တော့ဘူး။"
သူမက ဘာကြောင့်မှန်း ကိုယ့်ကိုယ်ကိုယ်ပင် မသိပေ။ အစပိုင်း၌ သူမသည် သူ၏ မိသားစုအခြေအနေက သူမလောက်မကောင်းဟု ခံစားမိရုံသာ ဖြစ်သည်။ သူတို့က အကြွေးတင်နေပြီး အကြွေးရှင်များက သူတို့တံခါးရှေ့ပင် ရောက်လာမည်ဟု သူမ ထင်မထားမိပေ။
လင်ချူးဆွေ့သည် စိတ်ထဲ၌ မွန်းကြပ်လာသလို ခံစားရသော်လည်း ၎င်းက ဘယ်လိုခံစားချက်လဲ မသိခဲ့ပေ။
သာမန် အတန်းဖော်နှင့် ထိုင်ခုံဖော်တစ်ယောက်အနေနှင့် သူမက သူ၏ မိသားစုအရေးကိစ္စများမှ ဝေးဝေးနေသင့်ပြီး အတန်းဖော်အဖြစ်နှင့်သာ ပတ်သတ်သင့်ပေသည်။
သူမတွင် ကန့်သတ်နယ်နိမိတ်စည်းမျဥ်းများ ရှိသင့်ပေသည်။
သို့သော် သူမသည် သူ့အား အခြားအတန်းဖော်များကဲ့သို့ သဘောမထားနိုင်တော့ကြောင်း သိလိုက်ရသည်။
လင်ချူးဆွေ့ : “နင်တို့တွေ ဒီနေ့ သူ လူကယ်တာကို မြင်ခဲ့ကြလား။"
ကျန်းချန်ယွီ : “ဗွီဒီယိုတွေက အင်တာနက်တစ်ခွင်လုံးမှာ ပြန့်နေပြီ။ ငါ့ ဦးလေးတောင် ပြန်မျှဝေထားသေးတယ်။"
လုချီ : “အဲဒီဉာဏ်ကြီးရှင်က ပုံမှန်ဆို လူတွေကို လျစ်လျူရှုတတ်ပေမယ့် အခုကတော့ သူ တော်တော်လေး ယောက်ျားပီသတာကို ဝန်ခံရမယ်။"
လင်ချူးဆွေ့ : “နင်တို့ထင်ကြလား သူ့ကို ကြည့်ရတာ နည်းနည်း...."
သူမ စာရိုက်၍ မပြီးခင် လုထျန်းပိုင်က မက်ဆေ့ချ်တစ်စောင်ပို့လာသည်ကို မြင်လိုက်ရသည်။ "သူ လူကယ်နေတဲ့ ဗွီဒီယိုကို ကြည့်ပြီးတော့ သူက နင့်ရဲ့ အဖေနဲ့ တကယ်ကြီး တူတယ်လို့ တွေးမိတယ်။ အန်ကယ်လင်က သူရဲကောင်းတစ်ယောက်ပဲ။"
လင်ချူးဆွေ့၏ နှလုံးသားက အခုန်မြန်သွားသည်။
သူမ ပထမဆုံး ရှောက်ယန်ထံ၌ သူမ အဖေ၏ အရိပ်အယောင်ကို မြင်တွေ့မိစဥ်က သူမ၏ ထင်ယောင်ထင်မှား ဖြစ်မှုဟု တွေးမိခဲ့ပေသည်။ သူက 'အလိမ္မာတုံးလေး' ဟု ခေါ်စဥ်ကပင် သူမသည် ၎င်းက တိုက်ဆိုင်မှုသက်သက်ဟု တွေးမိခဲ့သည်။ သို့သော် ယနေ့ သာ့ဖန့်ကို တွေ့ပြီးနောက်၌မူ.....
ဤကမ္ဘာ၌ ထိုမျှ တိုက်ဆိုင်မှုများစွာ ရှိနိုင်ပါရဲ့လား။
လင်ချူးဆွေ့ : “ငါတော့ အဲဒီညက တကယ်ပဲ ငါ့အဖေရဲ့ ဝိညာဥ်ကို ဆင့်ခေါ်လိုက်နိုင်သလို ခံစားရတယ်။"
ရွှီကျားနင်က ထိုစကားကြောင့် ရန်စခံလိုက်ရသည်။ "ငါ မင်းတို့ကို အကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် မင်းတို့က မယုံခဲ့ဘူးလေ။ အဲဒီညက တကယ် သရဲရှိတာပါဆို။"
လုချီ : “[တုန်ယင်နေ]”
ကျန်းချန်ယွီ : “အောင်မြင်ဖြစ်ထွန်းခြင်း၊ ဒီမိုကရေစီ၊ ယဥ်ကျေးသိမ်မွေ့မှု၊ သဟဇာတဖြစ်ခြင်း...”
နောက်ဆုံး၌ လင်ချူးဆွေ့ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်တွင် ရွှီစုန့်ပိုင်နှင့် ဖန်းယို့ယိတို့ နှစ်ယောက်လုံး ရှိနေပြီး ဆိုဖာထက်၌ ထိုင်နေကြကာ တရားရင်ဆိုင်နေသကဲ့သို့ တင်းမာသည့် လေထုအခြေအနေရှိပေသည်။
ရွှီကျားနင်က တမင်သက်သက် ထမင်းစားစားပွဲတွင် အိမ်စာလုပ်နေပြီး အခြေအနေကို နားစွင့်နေကာ ယနေ့ည၌ လင်ချူးဆွေ့အတွက် နောက်ဆုံး အဆုံးအဖြတ်ကို နားထောင်ရန် စောင့်ဆိုင်းနေသည်။
လင်ချူးဆွေ့က အသက်ပြင်းပြင်းရှူလိုက်ပြီး လှမ်းဝင်လာရင်း ရှိုးတိုးရှန်းတန့်နှင့် ပြောလိုက်သည်။ "သမီး ပြန်လာပြီ။ အခန်းပြန်ပြီး အိမ်စာသွားလုပ်တော့မယ်နော်။"
"အဲဒီမှာရပ်လိုက်။" ဖန်းယို့ယိက သူမကို ခက်ထန်စွာ တားဆီးလိုက်သည်။ "မနေ့က ဘယ်မှာနေခဲ့တာလဲ။"
"သူငယ်ချင်းအိမ်မှာပါ။"
"ဒီနေ့ အန်ကယ်ရွှီက နင့်အတွက် အတန်းပိုင်ဆရာနဲ့ သွားတွေ့ခဲ့ရတယ်။ ဆရာပြောတာတော့ အခုနောက်ပိုင်း ကျောင်းမှာ နင့်ရဲ့ အခြေအနေက အရမ်းဆိုးဝါးလာတယ်ဆို။"
"သမီး တောင်းပန်ပါတယ်။ သမီးမှားသွားပါတယ်။ အခုကစပြီး ကြိုးကြိုးစားစား ပိုလေ့လာပါ့မယ်။" လင်ချူးဆွေ့က ဝတ်ကျေတန်းကျေ ပြောလိုက်ပြီး လှေကားဆီ လျှောက်သွားခဲ့သည်။ "သမီး အိမ်စာတွေ အများကြီး လုပ်ရဦးမှာမို့ အမေတို့နှစ်ယောက်နဲ့ စကားပြောဖို့ အချိန်မရှိတော့လို့။"
ဖန်းယို့ယိက စားပွဲကို ရိုက်ချပြီး ထရပ်လိုက်သည်။ "ရပ်နေစမ်း! အဲဒါ ဘယ်လို အပြုအမူမျိုးလဲ။"
ရွှီစုန့်ပိုင်က ပြောလိုက်သည်။ "ကလေးကို အပြစ်မတင်ပါနဲ့။ သူမက အခုထိ ငယ်သေးတယ်။ ကိုယ် နောက်ကျရင် သူမကို ဆုံးမလိုက်ပါ့မယ်။"
လင်ချူးဆွေ့က ရုတ်တရက် ပြန်လှည့်လာပြီး ရွှီစုန့်ပိုင်ကို ကြည့်လိုက်သည်။
ထိုလူသည် ယနေ့တွင် သူမကို ကျောင်းအပြင်၌ စကားပြောရန် ရောက်လာသည့်အခါ အလွန်ပင် တည့်တိုးဆန်စွာ ချဥ်းကပ်ခဲ့သည်။ ဤသည်က သူ၏ ပင်ကိုသဘောထား မဟုတ်ပေ။
ထိုသက်လတ်ပိုင်းလူကြီး၌ မျက်နှာနှစ်ဖက် ရှိပေသည်။
ရွှီကျားနင်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည့် လင်ချူးဆွေ့၏ မျက်လုံးများထဲတွင် နက်ရှိုင်းသည့် အဓိပ္ပါယ်များ ရှိနေခဲ့၏။
ရွှီကျားနင်က 'ငါဖြင့် အဲဒါကို အသားကျနေပြီ' ဟူသည့် အကြည့်တစ်ချက် ပြန်ပေးလိုက်၏။
"တကယ် ဒေါသထွက်စရာပဲ။" ဖန်းယို့ယိတွင် ဆိုးရွားသည့် ဒေါသရှိပြီး သူမ မျက်နှာက ဒေါသကြောင့် နီရဲလာသည်။ "ကျွန်မ သူမကို ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘူး။ သူမ အဖေကလွဲရင် သူမက ဘယ်သူ့စကားကိုမှ နားထောင်တာ မဟုတ်ဘူး။"
"ကိုယ် ရှောင်ချူး နားထောင်လာအောင် လုပ်လိုက်ပါ့မယ်။" ရွှီစုန့်ပိုင်က ဖန်းယို့ယိအတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်သည်။ "စိတ်မတိုပါနဲ့။ မင်း ကိုယ်ဝန်ယူဖို့ ပြင်နေတာ မဟုတ်ဘူးလား။ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်စေတာမျိုးတွေ ရှောင်ရမယ်လေ။"
လင်ချူးဆွေ့က သရော်လိုက်သည်။
အဲဒီတော့ သူတို့က ဒုတိယကလေး ယူဖို့ ကြံစည်နေကြတာပေါ့။
ရွှီကျားနင်က လင်ချုးဆွေ့ကို ကြည့်လိုက်သည်။ သူမ မျက်လုံးထောင့်များက အနည်းငယ် ပင့်တက်လာသည်။ သူမက ဂရုမစိုက်သလို ဟန်ဆောင်နေသော်လည်း ရှင်းရှင်းလင်းလင်းပင်....
သူမ မျက်လုံးများထဲ၌ နာကျင်မှု အနည်းငယ် ရှိနေခဲ့သည်။
ရွှီကျားနင်က မျက်လွှာချလိုက်ပြီး သူ့ခံစားချက်များကို ဖိနှိပ်ကာ အိမ်စာများကိုသာ ဆက်လုပ်လိုက်သည်။
သို့သော် သူသည် လင်ချူးဆွေ့၏ လေသံက ပြောင်းလဲသွားသည်ကို ကြားလိုက်ရသည်။
"အမေက ကိုယ်ဝန်ယူဖို့ ကြိုးစားနေတာဆိုမှတော့ သမီး ကောင်းကောင်းမွန်မွန် နေပြီး ဒေါသမထွက်စေရအောင် အကောင်းဆုံး ကြိုးစားပါ့မယ်။"
ဖန်းယို့ယိက အနည််းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဘာကြောင့်မှန်းမသိဘဲ ဤခေါင်းမာလှသည့် မိန်းကလေးက ရုတ်တရက် နူးညံ့ပျော့ပျောင်းသွားသည်။
ချူးဆွေ့သည် အရင်က သူမကို 'အမေ' ဟု တစ်ခါမှ မခေါ်ဖူးခဲ့ပေ။ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။
ဖန်းယို့ယိက အနည်းငယ် သက်သောင့်သက်သာ မဖြစ်သလို ခံစားလိုက်ရသည်။
ရွှီစုန့်ပိုင်သည် ဤမိန်းကလေးက လွယ်ကူသော ပစ်မှတ်မဟုတ်ကြောင်း သိသည့်အတွက်ကြောင့် သူက ပြောလိုက်သည်။ "ဟုတ်တယ် ယို့ယိ စိတ်မတိုပါနဲ့။ မိသားစုတစ်ခုလိုပဲ ကောင်းကောင်းမွန်မွန် ပြောကြတာပေါ့။"
လင်ချူးဆွေ့က သူမ၏ ကျောင်းလွယ်အိတ်ကို ဆိုဖာပေါ်သို့ ချလိုက်သည်။ "ကောင်းပါပြီ အန်ကယ်ရွှီ.. ရှင် သင်ပေးတာကို နားထောင်ပါ့မယ်။"
ရွှီစုန့်ပိုင်က ပြောလိုက်သည်။ "ငါ ကြားမိတာတော့ မင်းက မူလတန်းနဲ့ အလယ်တန်းကျောင်းမှတုန်းက အတော်လေး အခြေခံကောင်းခဲ့တယ်ဆို။ မင်းရဲ့ အဆင့်တွေက အထက်တန်းရောက်မှ ကျသွားတာ ဟုတ်လား။"
ဖန်းယို့ယိက စိတ်ငြိမ်လာပြီဖြစ်ကာ သူမက ပြောလိုက်သည်။ "သူမ အဖေ ဆုံးပါးသွားကတည်းက သူမရဲ့ စိတ်က စာလေ့လာဖို့ကို စိတ်မဝင်စားတော့တာ။"
လင်ချူးဆွေ့က တိတ်ဆိတ်နေပြီး ထိုကောက်ကျစ်သည့် လက်ဖက်စိမ်းကောင် ကစားချင်နေသည့် လှည့်ကွက်များကို လိုက်ပါကစားပေးရန် ကြံရွယ်ထားသည်။
ရွှီစုန့်ပိုင်က သူမ၏ အေးစက်သော အကြည့်တို့ကို လျစ်လျူရှုထားကာ ဆက်ပြောလိုက်သည်။ "ကိစ္စတော်တော်များများက ရှောင်ချူး အာရုံပြောင်းအောင် လုပ်နေတယ်လို့ ထင်တယ်။ သူမက ကျောင်းရဲ့ အားကစားအဖွဲ့ကို ဝင်ထားပြီး အားကစားစာမေးပွဲ ဖြေဖို့ အစီအစဥ် ရှိတယ်လို့ ကိုယ်ကြားတယ် ဟုတ်လား။"
ဖန်းယို့ယိက အေးစက်စွာ နှာမှုတ်လိုက်သည်။ "သူမ ကြိုးကြိုးစားစား လေ့ကျင့်နေတာလည်း မမြင်မိပါဘူး။ အရင်တုန်းက သူမ အဖေက သူမကို တခြားသူတွေရဲ့ အနိုင်ကျင့်ခံရတာကနေ ကာကွယ်နိုင်ဖို့နဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းဖို့ဆိုပြီး အားကစားလုပ်စေခဲ့တာလေ။"
"ကြည့်ရတာ ရှောင်ချူးရဲ့ အဖေက သူမကို အရမ်းချစ်တဲ့ပုံပဲ။" ရွှီစုန့်ပိုင်က ဆက်ပြောလိုက်သည်။ "ကျားနင်အပေါ် ကိုယ့်ရဲ့ အုပ်ထိန်းမှုပုံစံက ငယ်ငယ်လေးကတည်းက ပညာရေးမှာပဲ အာရုံစိုက်စေခဲ့ပြီး အများဆုံး သင်ယူရတာက စန္ဒယားလို တူရိယာမျိုးပဲ ရှိတယ်။ စိတ်ဝင်စားမှုတွေ အများကြီးရှိတာက အာရုံပျံ့လွင့်စေတယ်လေ။ အထူးသဖြင့် အားကစားလိုမျိုးပေါ့။ အားကစားလုပ်ကြတဲ့သူတွေအားလုံးက စာမလုပ်ကြတဲ့ သူတွေချည်းပဲ။ ရှောင်ချူးက သူတို့နဲ့ တစ်ချိန်လုံး လျှောက်သွားနေမှတော့ အဆင့်တွေကျပြီပေါ့။"
လင်ချူးဆွေ့က လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။
ရွှီစုန့်ပိုင်က သူမ၏ အေးစက်စက်အကြည့်များကို လျစ်လျူရှုကာ ဆက်ပြောလာသည်။ "ရှောင်ချူး ကျောင်းအားကစားအဖွဲ့က ထွက်ဖို့အတွက် သူမရဲ့ အတန်းပိုင်နဲ့ ကိုယ် ပြောလာပြီးပြီ။"
ဖန်းယို့ယိက တွေဝေသွားသည်။ "အသင်းက ထွက်မှာလား။ သူမက အားကစားလုပ်လာတာ နှစ်နှစ်ရှိပြီ။ သူမ အခု အသင်းကနေ ထွက်လိုက်ရင် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲအတွက် ဘယ်လိုလုပ်မလဲ။"
ရွှီစုန့်ပိုင်က ခိုင်မာစွာ ပြောလိုက်၏။ "နောက်တစ်နှစ်ကျန်သေးတာပဲ။ ကြိုးစားအားထုတ်ဖို့ အချိန်ရှိပါသေးတယ်။ မဟုတ်လို့ သူမက တက္ကသိုလ်တက်ဖို့အတွက် အားကစားစာမေးပွဲကို မှီခိုခဲ့ရတယ်ဆိုတာ ဆွေမျိုးတွေ သိသွားခဲ့ရင် လှောင်ရယ်ခံရလိမ့်မယ်။"
"ကောင်းပြီလေ။ ဒါက တစ်ခုတည်းသော နည်းလမ်းပဲလို့ ထင်ပါတယ်။" ဖန်းယို့ယိက ခေါင်းညိတ်ကာ လင်ချုးဆွေ့ကို ပြောလိုက်သည်။ "နောက်တစ်ပတ် ကျောင်းကို သွားရင် အသင်းကထွက်လိုက်။"
လင်ချူးဆွေ့က ရွှီစုန့်ပိုင်ကို မဝံ့မရဲ ကြည့်ရင်း တွန့်ဆုတ်စွာ သဘောတူလိုက်သည်။ "အိုခေ"
ဖန်းယို့ယိက မျက်မှောင်ကြုတ်သွားသည်။
သူမက သူမသမီး၏ အကျင့်စရိုက်ကို ကောင်းကောင်းသိပေသည်။ အိမ်တွင် သူမက သူမအဖေ၏ အလွန်အကျွံ အလိုလိုက်ခြင်းကို ခံထားရလေရာ အကြောက်အလန့် မရှိပေ။ သူမက ရုတ်တရက်ကြီး ဘယ်လိုလုပ် ကြောင်ကလေးတစ်ကောင်ကဲ့သို့ ပြုမူနေရပါသနည်း။
ရွှီစုန့်ပိုင်သည်လည်း အနည်းငယ် ထူးဆန်းသလို ခံစားနေရပေမယ့် သူ ဘာမှမတွေးနိုင်သေးခင် လင်ချူးဆွေ့က သူမ၏ ယူနီဖောင်းအင်္ကျီလက်များကို မသိမသာ လိပ်တက်သွားစေရင်း ပြောလိုက်သည်ကို မြင်လိုက်ရသည်။ "တကယ်လို့ အမေ့မှာ ဘာမှ ပြောစရာမရှိတော့ရင် သမီး အိမ်စာသွားလုပ်တော့မယ်။"
မိခင်တစ်ယောက်အနေနှင့် ဖန်းယို့ယိ၏ မျက်လုံးများက စူးရှပြီး အထူးသဖြင့် သူမ၏ ကလေးအပေါ်တွင် ဖြစ်သည်။
သူမသည် လင်ချူးဆွေ့၏ လက်ဖျံမှ အညိုမည်းစွဲနေသည့် ဒဏ်ရာကို သတိပြုမိလိုက်၏။
"လက်က ဘာဖြစ်တာလဲ။" သူမက လင်ချူးဆွေ့၏ လမ်းကို ပိတ်ဆို့ကာ လက်ကို ဆွဲယူ၍ ဂရုတစိုက် စစ်ဆေးလိုက်သည်။ "နင် ရန်ဖြစ်ခဲ့ပြန်ပြီလား။"
လင်ချူးဆွေ့က အပြင်းအထန် ခေါင်းခါလိုက်ပြီး ပြောလာသည်။ "အမေ မမေးပါနဲ့။ သမီး မပြောနိုင်ဘူး။"
"ဘာလို့ မပြောနိုင်တာလဲ။" ဖန်းယို့ယိက အလွန် အလေးအနက်ဖြစ်နေသည်။ "နင် မပြောပြရင် လုမောင်နှမကို ဖုန်းခေါ်ပြီး မေးလိုက်မယ်။"
"မလုပ်ပါနဲ့...." လင်ချူးဆွေ့က ကြောက်ရွံ့စွာဖြင့် ရွှီစုန့်ပိုင်ကို ကြည့်လိုက်သည်။
ရွှီစုန့်ပိုင်၏ နှလုံးသားက ရုတ်တရက် နစ်မြုပ်သွားသည်။ သူက နက်ရှိုင်းသည့် အသံနှင့် ပြောလိုက်၏။ "အဲဒါက ကိုယ်ပါ..."
"ဘာ?!"
"အဲဒီအချိန်တုန်းက... ကိုယ် ထိန်းချုပ်မှု လွတ်မသွားသင့်ဘူး။ တောင်းပန်ပါတယ်။"
"အမေ အန်ကယ်ရွှီကို အပြစ်မတင်ပါနဲ့။ သမီး မလိမ္မာတာပါ။ အန်ကယ်ရွှီ ရုံးခန်းထဲက ထွက်လာတုန်းက သမီးရဲ့ ဆိုးဝါးတဲ့ သင်္ချာအမှတ်တွေကို မြင်လိုက်ရတယ်လေ။ အဲဒါကြောင့် ခဏလောက် ဒေါသထွက်ပြီး စိတ်လွတ်သွားတာ ဖြစ်ပါလိမ့်မယ်။ နားလည်ပေးလို့ ရပါတယ်။"
ရွှီစုန့်ပိုင် : ?
ဒီမိန်းကလေးရဲ့ သရုပ်ဆောင်စကေးက ဘယ်အဆင့်တောင် ရောက်နေပြီတုန်းဟ။
သူက ထိုမိန်းကလေး၏ လက်ကောက်ဝတ်မှ အညိုမည်းဒဏ်ရာတို့အား ဂရုတစိုက် လှမ်းကြည့်လိုက်သည်။ ဤသည်က ကျိန်းသေ သူ လုပ်ခဲ့တာ မဟုတ်ပေ။ သူ အစောပိုင်း သူမကို ဆွဲခဲ့သည်မှာ မှန်သော်လည်း အိမ်တွင်းအကြမ်းဖက်ခံရသလို ကြောက်စရာ အညိုမည်းကြီး ထင်ကျန်နေခဲ့ပါသနည်း။
ဖန်းယို့ယိက သူမ သမီးလက်မှ ဒဏ်ရာကို စစ်ဆေးနေရင်း အလွန် ပူပန်သောကရောက်နေသည်။ အမေတစ်ယောက်၏ ကလေးအပေါ်အချစ်က မင်္ဂလာဦးပျော်ရွှင်မှုတို့ကို ဖုံးလွှမ်းသွားသည်။ သူမက ရွှီစုန့်ပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ရှင် ကျားနင်ကို ဘယ်လို သင်ကြားပေးခဲ့လဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ ဒါပေမယ့် ကျွန်မတို့အိမ်မှာ ကလေးတွေကို ဘယ်တော့မှ မရိုက်ဘူး။"
***