အခန်း ၂၀
Vol. 2 Ch. 20
အပိုင်း ( ၂၀ )
ရွှီစုန့်ပိုင်က လင်ချူးဆွေ့ကို ကြည့်လိုက်သည်။ မိန်းကလေး၏ မျက်လုံးထောင့်များက ကွေးညွှတ်နေပြီး အေးစက်သည့် လှောင်ပြောင်သရော်မှုတို့ ရှိနေသည်။
သူက သူမကို အမှန်တကယ် လျှော့တွက်လိုက်မိပေသည်။
သူသည် သူမက ရိုးရှင်းသော စိတ်နေစိတ်ထားနှင့် ရုပ်ပိုင်းဆိုင်ရာ ပျော့ညံ့သော ပုန်ကန်တတ်သည့် ဆယ်ကျော်သက်လေးတစ်ယောက်ဟုသာ ထင်ထားခဲ့သော်လည်း ထိုပုန်ကန်တတ်သည့် ကလေးမ၏ ဟန်ဆောင်နိုင်သည့် အဆင့်က သူ့ထက်ပင် သာလွန်နေသည်။
သူက ရှင်းပြရန် ကြိုးစားလိုက်သည်။ "တကယ်တော့ ကိုယ် ဒီလောက် အားအများကြီး မသုံးခဲ့ပါဘူး။ သူမကို နည်းနည်းလောက် ဆွဲလိုက်ရုံပါပဲ။"
"အဲဒါဆို သူမရဲ့ လက်ဒဏ်ရာက ဘယ်လိုဖြစ်တာလဲ။"
"သူမက မင်းရဲ့ သမီးပဲလေ။ ပုံမှန်ဆို သူမ ဘယ်လိုလဲဆိုတာ မင်း မသိဘူးလား။"
ဖန်းယို့ယိသည်လည်း လင်ချူးဆွေ့၏ ပုန်ကန်ထကြွမှုအကြောင်း သိရှိပေသည်။ သူမက သံသယရှိစွာ မေးလိုက်၏။ "ဒါက သမီးရဲ့ အန်ကယ်ရွှီ လုပ်ခဲ့တာလား။"
"အန်ကယ်ရွှီက တကယ် မရည်ရွယ်ပါဘူး။ သူက ခဏလောက် ဒေါသထွက်ပြီး စိတ်လွတ်သွားရုံပါ။"
"ဒေါသထွက်ပြီး စိတ်လွတ်သွားတယ်ဆိုရုံနဲ့ တစ်စုံတစ်ယောက်ကို ရိုက်ဖို့ အကြောင်းရင်းမရှိဘူးလေ။"
ရွှီစုန့်ပိုင်က ရှင်းပြလိုက်သည်။ "ကိုယ် သူမကို တကယ် မရိုက်ခဲ့ပါဘူး။"
လင်ချူးဆွေ့က ရွှီကျားနင်ကို ပြန်လှည့်ကြည့်လိုက်သည်။ "အဲဒီတုန်းက သမီး အစ်ကိုရွှီကျားနင် ဓာတ်ပုံတချို့ ရိုက်ထားတာ မြင်လိုက်တယ် ဟုတ်တယ်မလား အစ်ကို"
ရွှီကျားနင်၏ နှုတ်ခမ်းထောင့်များက လှုပ်ခတ်သွားသည်။ သူ့အကြည့်များက လင်ချူးဆွေ့ထံသို့ မီးတောက်နေသော ဓားများကဲ့သို့ ရောက်ရှိသွားသည်။
"ကျွန်တော် ဗွီဒီယိုရိုက်ထားခဲ့တယ်။ ဒါပေမယ့် အဲဒါကို တစ်ဝက်မှာတင် ဖျက်ပစ်လိုက်တာ။" ရွှီကျားနင်က ဘာမှမဟုတ်သလို ပြောလိုက်သည်။ "ဒါပေမယ့် သဘောထားကွဲလွဲမှုရှိခဲ့တာတော့ အမှန်ပါပဲ။"
'ပဋိပက္ခ' ဆိုသည်မှာ လောင်ရွှီနှင့် လင်ချူးဆွေ့ကြားတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့သော်လည်း လင်ချူးဆွေ့က နည်းနည်းလေးမှ အထိမခံဘဲ သူ့အား သင်ခန်းစာပင် ပေးလိုက်သေးပေသည်။
သူက မရှင်းပြဘဲ အဓိပ္ပါယ်အပြည့်နှင့် ပြုံးလိုက်သည်။
ရွှီကျားနင်က ထိုသို့ပြောသည်ကို မကြားရလျှင်ပင် ဖန်းယို့ယိက လင်ချူးဆွေ့၏ စကားများကို ယုံကြည်ပေသည်။ သူမက ရွှီစုန့်ပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ "ဒီနေ့ ကျွန်မတို့က မိသားစုတစ်ခု ဖြစ်လာပြီဆိုမှတော့ ကျွန်မတို့အိမ်မှာ အကြမ်းဖက်တာကို ခွင့်မပြုဘူးဆိုတာ ထပ်ပြောလိုက်ပါရစေ။ ကျားနင်ကို ဖြစ်စေ ရှောင်ချူးအပေါ်ကိုဖြစ်စေ လုံးဝ လက်တင်ခွင့် မရှိဘူး။ ကလေးတွေကို ရိုက်နှက်တာ ကျွန်မ လုံးဝ သည်းခံမှာ မဟုတ်ဘူး။"
ကလေးနှစ်ယောက်က သူ့ကို ဆန့်ကျင်ရန် မဟာမိတ်ဖွဲ့ထားလိုက်ရာ ရွှီစုန့်ပိုင်အတွက် အရေးမသာဘဲ ရှိနေခဲ့သည်။ သူက ကိုးရို့ကားယားနိုင်စွာ ပြောရုံသာ တတ်နိုင်သည်။ "ကောင်းပြီ။ ကိုယ်နားလည်ပါပြီ။ နောက်ထပ် ထပ်မဖြစ်စေရပါဘူး။"
......
ဒုတိယတစ်ချီတွင်လည်း လင်ချူးဆွေ့က အပြတ်အသတ် အနိုင်ရသူ ဖြစ်ခဲ့သည်။
သို့သော် သူမက အနိုင်ရသည့် ပျော်ရွှင်မှုကို မခံစားခဲ့ရပေ။ သူမ၏ ခံစားချက်က ထိုင်းမှိုင်းနေသည်။
ရွှီစုန့်ပိုင်က သူတို့လို အငယ်များကို အလွန် တင်းကျပ်ခက်ထန်စွာ ဆက်ဆံသော်လည်း သူသည် ဖန်းယို့ယိအပေါ်၌ အလျှော့ပေးကာ အလွန် ကောင်းမွန်စွာ ဆက်ဆံပေသည်။
လင်ချူးဆွေ့က သူမ အဖေကို နှလုံးသားထဲ၌ လွမ်းဆွတ်နေဆဲ ဖြစ်သော်လည်း သူမအမေကို အဟန့်အတားဖြစ်စေပြီး သူမနှင့်အတူ ပြန်မလာတော့မည့်သူကို စောင့်ဆိုင်းပေးရန် ကျိုးကြောင်းဆီလျော်မှု မရှိသည့် တောင်းဆိုမှုအား ပြုလုပ်မည် မဟုတ်ပေ။
ဖန်းယို့ယိတွင် သူမ၏ ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာဖွေရန် အခွင့်အရေးရှိပေသည်။ လင်ချူးဆွေ့က သူမအမေ၏ ပျော်ရွှင်မှုနှင့် မိသားစုအသိုက်အမြုံကို မဖျက်ဆီးချင်ပေ။
သူမက မြန်မြန်ကြီးပြင်းလာရုံသာ တတ်နိုင်ပေသည်။
[နန်ချန် အမှတ် ၁ အလယ်တန်းကျောင်း အချောလေးများအဖွဲ့စကားပြောခန်း]
လင်ချူးဆွေ့ : "ရဲဘော်တို့၊ ညီအစ်ကိုတို့၊ အစ်ကိုချူးက နင်တို့ကို မျက်ရည်အပြည့်နဲ့ နှုတ်ဆက်စကား လာပြောတာ။ အခုကစပြီး ဖြတ်လျှောက်ဖြစ်သွားတော့မယ့် ဒီအရှုံးသမားလေးအတွက် တစ်ခွက်လောက် သောက်ပေးဖို့ တောင်းဆိုပါတယ်။"
[လုချီ အံစာတုံး လှိမ့်လိုက်သည်။]
[ကျန်းချန်ယွီ အံစာတုံး လှိမ့်လိုက်သည်။]
လုချီ : "မင်းရဲ့ နံပါတ်က ငါ့ထက် သေးတယ်။ ပိုက်ဆံပေးတော့။"
[ကျန်းချန်ယွီက အနီရောင်စာအိတ် ပို့လိုက်ပါသည်။]
လင်ချူးဆွေ့က အနီရောင်စာအိတ်ကို လက်ခံလိုက်ပြီး ပြောလိုက်သည်။ "နင်တို့တွေ ငါ ဘာပြောထားလဲ မြင်ကြရဲ့လား။ ငါ နင်တို့အားလုံးကို နှုတ်ဆက်စကားပြောနေတယ်လေ။"
လုချီ : "မြင်တယ်လေ။ မဒမ်ဖန်းက မင်းကို အဆိပ်ဝိုင်တစ်ခွက် ချီးမြှင်လိုက်လို့လား။ သုံးပေအရှည်ရှိတဲ့ အဖြူရောင် ပိုးချည် ပေးအပ်လိုက်လို့လား။"
လင်ချူးဆွေ့ : "အဆိပ်ထက်ဆိုးတယ်ဟ၊ ကုမ္ပဏီဥက္ကဋ္ဌဆိုတဲ့ ကောင်ကြီးက တကယ်တော့ ကောက်ကျစ်တဲ့ လက်ဖက်စိမ်းကောင် ဖြစ်နေတာဟေ့။ ငါ့ အမေရှေ့မှာ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သလို ဟန်ဆောင်နေလိုက်တာများ။ ဖွီ… ဒါနဲ့ ရွှီကျားနင်ကို ကန်ထုတ်ပြီးသွားပြီလား။"
ရွှီကျားနင် : "မလုပ်ရသေးဘူး။"
လင်ချူးဆွေ့ : "ငါ နင့်ရဲ့ လေးစားရတဲ့ ဖခမည်းတော်ကို ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေနဲ့ တိုက်ခိုက်ပြောဆိုမယ်ဆိုရင် နင် စိတ်ရှိမှာလား။"
ရွှီကျားနင် : "စိတ်ရှိတယ်။"
လင်ချူးဆွေ့ : "ကောင်းပြီလေ။ Admin၊ ဒီကောင်ကို ကန်ထုတ်လိုက်။"
ရွှီကျားနင် : ......
Admin လုထျန်းပိုင် : "ကျိန်ဆဲတာက ပြဿနာကို မဖြေရှင်းနိုင်ဘူး။ အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ။"
လင်ချူးဆွေ့ : "ငါ သူတို့နဲ့အတူတူ ဘက်စကက်ဘော မကစားနိုင်တော့သလို ပြေးလည်း မပြေးနိုင်တော့ဘူး။"
လုချီ : "ဘာလို့လဲ။"
လင်ချူးဆွေ့ : "အိမ်မှာ ရှိနေတဲ့ 'ဂရုစိုက်တတ်တဲ့အဖေ' က ငါ့ကို ကျောင်းအားကစားအဖွဲ့ကနေ ထွက်ခိုင်းနေတယ်လေ။"
လုချီ : "......"
ကျန်းချန်ယွီ : "......"
လင်ချူးဆွေ့ : "[ပခုံးတွန့်ပြ]"
လုချီ : "နေပါဦး အစ်ကိုချူး။ မင်းရဲ့ အဆင့်က အားကစားကြောင့် ရတဲ့ အပိုအမှတ်နဲ့ဆိုရင်တောင် သင့်တော်တဲ့ တက္ကသိုလ်ကို ဝင်နိုင်ရုံလေးပဲ ရှိတာလေ။ အခု အဖွဲ့ကနေ ထွက်လိုက်ရင် မင်း ဘယ်လိုလုပ်မှာလဲ။ ငါတို့အတူတူ ကောင်းကင်ပြာအသက်မွေးဝမ်းကြောင်းကျောင်းကို သွားပြီး သင်ယူနေရလိမ့်မယ်နော်။"
ကျန်းချန်ယွီ : "သူက မင်းကို အသုံးမကျဖြစ်အောင် လုပ်ပြီး သူ့ရဲ့ အဖိုးတန်သခင်ငယ်လေးကို ဆက်ခံသူအဖြစ် ပေါ်လွင်ထင်ရှားလာအောင် လုပ်ချင်နေတာ ဖြစ်နိုင်လား။"
ရွှီကျားနင် : "ဒီသခင်ငယ်လေးက သူမရဲ့ သေးငယ်လှတဲ့ မိသားစုလေးရဲ့ ကံကြမ္မာကို ဆက်ခံဖို့ ဆန္ဒရှိမနေဘူးနော်။"
လုချီ : "လူငယ်လေး မင်း 'သေးငယ်တယ်' ဆိုတဲ့ အကြောင်း တစ်ခုခု အထင်လွဲနေတာလား။ မဒမ်ဖန်းယို့ယိက ပြည်တွင်းအချမ်းသာဆုံးစာရင်းမှာ အဆင့်ကိုး ချိတ်တယ်နော်။ အဲဒါတောင် မင်းရဲ့ နှလုံးသားက မလှုပ်ရှားဘူးလို့ မပြောနဲ့။"
လင်ချုးဆွေ့ : "@လုချီ ပါးစပ်ပိတ်ထား…"
လုချီ : "ငါ... ငါ... ငါ... ပါးစပ်ပိတ်ရမှာလား။ ငါက မင်းကို ကူညီဖို့ ကြိုးစားနေတာလေ။"
လင်ချူးဆွေ့သည် ဤ 'နိုင်ငံခြားသားအတုကောင်' က ကြောင်သူတော်ဆန်၊ လေလုံးထွားပြီး မောက်လာလှသော်လည်း ရက်စက်ယုတ်မာပြီး လောဘကြီးသည့် ဗီလိန်မျိုး မဟုတ်ဟု ခံစားမိပေသည်။
ရွှီကျားနင်က ပြောလိုက်သည်။ "သူမ အမေက အဲဒီလောက် အံ့သြဖို့ ကောင်းတာလား။"
လုချီ : "လာနောက်နေတာလား။"
ရွှီကျားနင် : "အခုကစပြီး သူမ(မဒမ်ဖန်း)က ငါ့အမေပဲ။'
လင်ချူးဆွေ့ : ...
"Admin ဒီကောင်တွေကို ကန်ထုတ်ပစ်လိုက်။"
ကျန်းချန်ယွီက ပြောလိုက်သည်။ "ပြောနေလက်စ အကြောင်းအရာဆီ ပြန်သွားရအောင်။ ချူးဆွေ့ အဖွဲ့ကနေ ထွက်ရမယ့် ကိစ္စကို ဆွေးနွေးကြမယ်။ အစ်ကိုရေဘဝဲမှာ မစ္စဖန်း မင်းကို ဘွဲ့ရတဲ့အထိ ကျောင်းအဖွဲ့ထဲ ဆက်နေရအောင် ခွင့်ပြုပေးစေမယ့် အကြံတစ်ခု ရှိတယ်။"
လင်ချူးဆွေ့ : "နားထောင်ကြည့်ရအောင်။"
ကျန်းချန်ယွီ : "နောက်လစာမေးပွဲမှာ ထိပ်တန်းအဆင့်တစ်ဆယ်ထိ ဝင်အောင် လုပ်လိုက်။"
လင်ချုးဆွေ့ : "အိပ်မက်မက်နေလိုက်။"
သူမသာ ထိုသို့လုပ်နိုင်လျှင် မည်သည့်အတွက်ကြောင့် အားကစားအသင်း၌ ဆက်နေလိမ့်ပါမည်နည်း။
ကျန်းချန်ယွီ : "မင်း တကယ်လုပ်နိုင်ပါတယ်။ မင်းရဲ့ ဘေးမှာ အတန်းရဲ့ ဉာဏ်ကြီးရှင်ရှိနေတာပဲလေ။"
လင်ချူးဆွေ့ : "ငါ့ ခေါင်းကို အဲဒီဉာဏ်ကြီးရှင်နဲ့ လဲလိုက်မှ ရမယ်။"
လုချီ : "လေ့လာရေးလမ်းညွှန်ထဲက မေးခွန်းတွေနဲ့ အဖြေတွေအားလုံးကို ဘာဖြစ်လို့ အလွတ်မှတ်မထားရတာလဲ။ သိပ္ပံဘာသာရပ်တွေမှာ လေ့လာရေးလမ်းညွှန်ထဲက မေးခွန်းတွေအားလုံး မှတ်ထားပြီး တူနေတဲ့ မေးခွန်းတွေ ရွေးဖြေလိုက်လို့ ရတာပဲ။"
လင်ချူးဆွေ့ : "အဲ့လိုသာ အလုပ်ဖြစ်ရင် ငါ ပေကျင်းတက္ကသိုလ်ကို ရောက်နေလောက်ပြီ။"
လုချီ : "ချမ်းသာပြီး အဆင့်အတန်းမြင့်သွားရင် မင်းရဲ့ သူငယ်ချင်းတွေကို မမေ့နဲ့"
လင်ချူးဆွေ့ : "သေချာတာပေါ့ သေချာတာပေါ့။"
ရွှီကျားနင် : "သိပ္ပံဘာသာရပ်တွေမှာ တူတဲ့ မေးခွန်းတွေ မြင်ရဖို့ အခွင့်အရေးက သိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်းတစ်ခုစီရဲ့ ဂဏန်းတွေက ပြောင်းသွားမှာမို့လို့ပဲ။ ဒါပေမယ့် ဖော်မြူလာတွေနဲ့ သီအိုရီတွေကတော့ အတူတူပဲ။ အဲဒါကြောင့် ငါ အကြံပေးချင်တာက...."
လင်ချူးဆွေ့ : ?
ရွှီကျားနင် : "မင်း ပေကျင်းတက္ကသိုလ်ကို မဝင်နိုင်ရင် ပေကျင်းချင်းညောင်*ကတော့ မင်းကို ကြိုဆိုနေမှာပါ။"
(*北大青鸟 ပေသာ့ချင်းညောင် - ရှာကြည့်တော့ ပေကျင်းနည်းပညာကောလိပ်နဲ့ ဆော့ဖ်ဝဲလ်ကုမ္ပဏီပဲ တွေ့ပါတယ်။)
လင်ချူးဆွေ့ : ...
"Admin ဘာလို့ ဒီကောင်ကို အခုထိ ကန်မထုတ်ရသေးတာလဲ။"
ကျန်းချန်ယွီ : "ကြည့်ရတာတော့ ငါ့ရဲ့ အန္တိမဗျူဟာကို ထုတ်သုံးရတော့မယ် ထင်တယ်။"
လင်ချူးဆွေ့ : "?"
ကျန်းချန်ယွီ : "နောက်လ ကျင်းပမယ့် မာရသွန်ပြိုင်ပွဲမှာ ပါလိုက်။ ပထမရအောင်ယူပြီး စကော်လာရှစ်ဆု ယွမ်ငါးသောင်းကို အိမ်ပြန်ယူလာပြီး..... မင်းရဲ့ အံ့သြစရာအစ်ကိုရေဘဝဲကို mechanical ကီးဘုတ် တစ်ခု ဝယ်ပေး။"
လုထျန်းပိုင် : "နင့်ရဲ့ အံ့ဖွယ်အချစ်ဆုံးသူငယ်ချင်းလေးကို အလှပြင်ပစ္စည်းတစ်ဆက် ဝယ်ပေး။"
လုချီ : "မင်း အချစ်ဆုံးသူငယ်ချင်းလေးရဲ့ အံ့ဖွယ်အစ်ကိုကို ဘလူးတုသ်နားကြပ်တစ်ခု ဝယ်ပေး။"
ရွှီကျားနင် : "မင်းရဲ့ အံ့ဖွယ်......."
လင်ချူးဆွေ့ : "[သွေးတစ်စက်စက်ကျနေတဲ့ ဓားသွားထက်ထက်]"
ရွှီကျားနင် : "တာ့တာ"
နောက်တစ်နေ့တွင် လုချီက တစ္ဆေဖမ်းနတ်မင်းကျုံးခွေ၏ ပိုစတာကို ကျောင်းသို့ ယူဆောင်လာခဲ့ပြီး အာရုံစိုက်မှုအများအပြားကို ဆွဲဆောင်ခဲ့သည်။
ပြတင်းပေါက်မှနေ၍ လင်ချူးဆွေ့က သူ့ကို မြင်လိုက်ပြီး လှမ်းခေါ်လိုက်သည်။ "လုချီ နင် တံခါးနတ်ဘုရားအဖြစ် တာဝန်ထမ်းဆောင်နေတာလား။ ဘာလို့ တစ်မနက်လုံး တံခါးနားမှာ ပတ်ပြီး လမ်းသလားနေတာလဲ။"
လုချီက စိတ်မရှည်စွာနှင့် သူ့လက်ကို ယမ်းလိုက်သည်။ "ဗရုတ်လာမကျနဲ့။ ကြည့်ရုံသာ စောင့်ကြည့်နေ။"
သိပ်မကြာခင်၌ ခပ်ပွပွ အဖြူနှင့်အပြာ ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ရှောက်ယန်က လျှောက်လာနေပြီး သူ့မျက်နှာက နေရောင်အောက်တွင် တောက်ပနေသည်။
နေရောင်ခြည်က သူ၏ နူးညံ့သော မျက်နှာထက် တောက်ပလင်းလက်နေကာ ရှည်လျားသည့် မျက်တောင်များ ဝန်းရံထားသည့် မျက်ဝန်းတို့က ခရစ္စတယ်ကဲ့သို့ ကြည်လင်ပြီး အလွန် သန့်စင်သည့် အရှိန်အဝါတစ်ခု ရှိနေပေသည်။
လုချီက ချက်ချင်းပင် တာအိုဆရာသခင် နတ်မင်းကျုံးခွေ၏ ပိုစတာကို သူ့ဘက်သို့ ရွယ်၍ ခပ်မြင့်မြင့် ကိုင်မြှောက်လိုက်သည်။
ရှောက်ယန်က သူ့ဘေးမှ ဖြတ်ကျော်သွားပြီး အကြည့်တစ်ချက်ပင် မစွန့်ကျဲဘဲ အတန်းထဲသို့ တန်းတန်းမတ်မတ် ဝင်လာသည်။
လင်ချူးဆွေ့က ပြတင်းပေါက်ကနေ သူမ ခေါင်းကိုထုတ်ထားသည်ကို မြင်သည့်အခါ ရှောက်ယန်က သာမန်ကာလျှံကာ မေးလိုက်၏။ "မင်းရဲ့ အိမ်စာတွေ ပြီးသွားပြီလား။"
သူမက သင်္ချာလေ့ကျင့်ခန်း စာအုပ်ကို အလျင်အမြန် ကာလိုက်သည်။ "ငါ အိမ်စာလုပ်နေတာကို နင် ဘယ်လိုသိတာလဲ။"
"မင်း ကျောင်းကို စောစောလာတာ ရှားတယ်လေ။ အိမ်စာလုပ်ဖို့ မဟုတ်ရင် အိပ်ဖို့လာတာလား။"
လင်ချူးဆွေ့က ပြန်ပက်လိုက်သည်။ "ဒီနတ်ဘုရားမက ဒီနေရာကို အိပ်ဖို့ လာခဲ့တာ။"
ရှောက်ယန်၏ မျက်လုံးများက အနည်းငယ် ကွေးညွှတ်သွားပြီး အပြုံးဖျော့ဖျော့နှင့် သူမကို ကြည့်လိုက်သည်။ "အဲဒါဆိုလည်း ဆက်အိပ်လေ။"
"ငါ.... နင်နဲ့ ပြိုင်မငြင်းတော့ဘူး။"
လင်ချုးဆွေ့က ဒေါသထွက်ထွက်နှင့် ဆက်၍ ရေးနေခဲ့သည်။
ကျန်းချန်ယွီက ခြေလှမ်းအနည်းငယ်နှင့် စာသင်ခန်းထဲသို့ လျှောက်ဝင်လာသည်။ လင်ချူးဆွေ့က သူမ၏ အပူခံခွက်ကို လှမ်းပေးလိုက်၏။ "အစ်ကိုရေဘဝဲ ရေနည်းနည်းလောက်ဖြည့်ဖို့ ကူညီပေးပါဦး။"
ကျန်းချန်ယွီ၏ မျက်နှာထက်တွင် ထူးဆန်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက ပြောလိုက်၏။ "မင်းရဲ့ ရေဘဝဲအစ်ကိုကို ပေးလိုက်။ ခဏစောင့်ဦး။"
မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ယွီ ပြန်ရောက်လာပြီး လင်ချူးဆွေ့ထံ ရေခွက် ပေးလိုက်သည်။ သူမက အများကြီး မတွေးဘဲ တစ်ငုံသောက်ချလိုက်၏။ ခွက်အတွင်းမှ အစပ်အရသာကြောင့် ချောင်းဆိုးသွားပြီး ရေများအားလုံးကို ထွေးထုတ်လိုက်မိသည်။
ပန်းထွက်လာသည့် ရေများနှင့် ဖြန်းပက်ခံရမလို ဖြစ်သွားသည့် ရှောက်ယန်က အကူအညီမဲ့စွာနှင့် ခေါင်းငဲ့ကြည့်လိုက်သည်။ "အတန်းမစခင် အရက်သောက်တယ်ပေါ့။ ငါ မင်းကို တိုင်ပစ်မယ်။"
"..."
နင်က မူလတန်းကျောင်းသားလား။
လင်ချူးဆွေ့က ဒေါသထွက်သွားပြီး အပူခံခွက်နှင့် ကျန်းချန်ယွီ၏ စားပွဲသို့ ပစ်ပေါက်လိုက်သည်။ "ဒါက ဘာလဲ။"
ကျန်းချန်ယွီ : "မြင်းသီလာအရက်။"
"ဘာလို့ ငါ့ကို မြင်းသီလာအရက်ပေးရတာလဲ။"
"ပယော... ပယောဂနှင်ဖို့။"
"ဘာပယောဂနှင်မှာလဲ။ ငါ့ အဖေက မကောင်းဆိုးဝါး မဟုတ်ဘူး။ သူက ငါ့အဖေ။ နင် ငယ်ငယ်တုန်းက QQ သကြားလုံးပေးခဲ့ဖူးတဲ့ ကြင်နာတတ်တဲ့ ဦးလေးလင် မှတ်မိလား။"
ကျန်းချန်ယွီက ရှောက်ယန်ကို အရိုအသေပေးလိုက်သည်။ "ဦးလေးလင်က အရမ်းကောင်းတယ်။ ကျွန်တော်တို့ QQ သကြားလုံးရဲ့ ကြင်နာမှုကို မှတ်မိပြီး ချူးချူးနဲ့ အမြဲတမ်း သူငယ်ချင်းကောင်းတွေ ဖြစ်နေမှာပါ။ ကြံ့ခိုင်သန်မာခြင်း၊ ဒီမိုကရေစီ၊ ယဥ်ကျေးသိမ်မွေ့ခြင်း၊ သဟဇာတဖြစ်မှု.... အော်မီသောဖော"
ရှောက်ယန်က ထိုအရူးများနှင့် ရန်ဖက်မဖြစ်ချင်ပေ။ သူက အင်္ဂလိပ်စာ ဖတ်စာအုပ်ကို ထုတ်ယူလိုက်သည်။
နောက်ဆုံး၌ မနက်ခင်းစာဖတ်ချိန်တွင် လင်ချူးဆွေ့က သူမ၏ သင်္ချာအိမ်စာများ အားလုံးပြီးသွားခဲ့သည်။
ရှောက်ယန်က သူမ၏ အိမ်စာများကို လှမ်းကြည့်လိုက်သည်။ "အတော်လေး အထင်ကြီးစရာပဲ။"
"ဟုတ်လား။" လင်ချုးဆွေ့က ပြီးမြောက်အောင်မြင်သွားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ "ငါ အတန်းထဲကို မနက်ခြောက်နာရီကတည်းက ရောက်လာတာ။"
ရှောက်ယန် : "အဖြေမှန်တွေ အားလုံးကို ရှောင်ပြီး ဖြေနိုင်တယ်ဆိုတာ တကယ် တော်တော်ကို အထင်ကြီးစရာကောင်းတာ။"
လင်ချူးဆွေ့ : "..."
ရှောက်ယန်က သူ့ကိုယ်ကို သူမဘက်သို့ ယိမ်း၍ မေးလိုက်သည်။ "မင်း သူငယ်ချင်းတွေ ဘာလုပ်နေတာလဲ မေးလို့ ရမလား။"
လင်ချူးဆွေ့က ပြတင်းပေါက်ဘောင်ပေါ်သို့ ကျရောက်လာသည့် မနက်ခင်းနေရောင်ခြည်ကဲ့သို့ ရင်းနှီးနေသည့် အဝတ်လျှော်ဆပ်ပြာရနံ့ကို ရလိုက်သည့်အခါ သူမ နှလုံးခုန်သံက အနည်းငယ် မြန်ဆန်လာသည်။ "သူတို့က နင့်ကို ငါ့အဖေ ဝင်ပူးထားတယ် ထင်နေတာ။"
"အိုး"
သူမက လေးနက်စွာ မေးလိုက်သည်။ "အဲဒီတော့ ငါ့အဖေ ပြန်လာခဲ့လား။"
ရှောက်ယန် : "သူ ပြန်လာတယ်။"
သူမက စိတ်လှုပ်ရှားစွာဖြင့် သူ့ကော်လာကို ဆွဲလိုက်သည်။ "တကယ်လား။"
ရှောက်ယန် : "တကယ် ငါ့ကို အဖေလို့ခေါ်။"
သူ၏ လေသံကို ကြားသည့်အခါ လင်ချူးဆွေ့က သူ နောက်နေမှန်းသိသွားပြီး ထုံထိုင်းစွာ လွှတ်ပေးလိုက်သည်။ "လောင်လင်နဲ့ ပတ်သတ်ပြီး လာမနောက်နဲ့။ မဟုတ်ရင် ငါ နင့်ကို ယဥ်ကျေးနေမှာ မဟုတ်ဘူးနော်။ ရိုက်ပစ်မှာ။"
ရှောက်ယန်က သူ့ကော်လာကို ပြန်ပြင်ရင်း မေးလိုက်သည်။ "ငါတို့မှာ ဘာထောက်ထားစရာ ခင်မင်မှု ရှိလို့လဲ။"
လင်ချူးဆွေ့က ပြုံး၍ ပြောလိုက်သည်။ "ငါက ပုံမှန်ဆို ငါ့ကို သဘောကျနေတဲ့သူတွေကို မရိုက်ဘူး။"
"မှုန်ကုပ်ကုပ်နဲ့ ပေါ့ပျက်ပျက်က နေသေးတယ်။ ငါကလွဲရင် မင်းကို သဘောကျတဲ့သူ ရှိမှာလည်း မဟုတ်ပါဘူး။"
"လူတွေကို အထင်မသေးနဲ့။"
လင်ချုးဆွေ့က ခဏလောက် ဒေါသထွက်နေပြီးနောက် တစ်ခုခုကို သတိထားမိသွားသည်။ "နင်.... နင် ငါ့ကို ကြိုက်နေတာ ဝန်ခံလိုက်တာလား။"
ရှောက်ယန်၏ နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားသွားသည်။ သူက ခဏလောက် ရပ်တန့်သွားပြီးနောက် အကြင်နာမဲ့စွာ ငြင်းပယ်လိုက်သည်။
"ဟမ့်…"
သူတို့နောက်မှ ကျန်းချန်ယွီက မြင်းသီလာအရက်များ ဖြုန်းတီးခံလိုက်ရသည့်အတွက် စိတ်တိုနေဆဲ ဖြစ်သည်။ သူက ရေမွှေးပုလင်းအလွတ်ထဲသို့ အရက်များလောင်းထည့်လိုက်ပြီး ရှောက်ယန် ထိုင်နေသည့်ဘက် လေထဲသို့ ဖြန်းလိုက်သည်။
ရှောက်ယန်က အမူအရာမဲ့စွာနှင့် လင်ချူးဆွေ့ကို ပြောလိုက်၏။ "မင်း ဘာလို့ သာမန်လူတွေနဲ့ သူငယ်ချင်း မလုပ်တာလဲ။"
"ငါ ငယ်ငယ်တုန်းက ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းဘူး။ ဒီထူးထူးဆန်းဆန်း သူငယ်ချင်းတွေက နွေရာသီတစ်ခုမှာ ငါ့အဖေက ရပ်ကွက်ထဲက ကလေးတွေကို QQ သကြားလုံးတွေနဲ့ အလဲအလှယ်လုပ်ပြီး ငါ့အတွက် သူငယ်ချင်း ဖွဲ့ပေးခဲ့တာ။"
"အိုး"
အဲဒီတော့ ဒါက အဖေရှိတာ ဘယ်လိုမျိုးလဲဆိုတာပေါ့။ ရှောက်ယန်သည် ယခင်က ထိုကဲ့သို့သော အကြောင်းကို လုံးဝ မသိဖူးခဲ့ပေ။
သူ ယခင်က မိသားစုတစ်ခု၌ မွေးစားခံခဲ့ရဖူးသည်။ ထိုစုံတွဲက အလွန် ကြင်နာတတ်ပုံပေါ်ပြီး သူ၏ ရောက်ရှိလာမှုကို စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြသည်။
သူသည်လည်း သူတို့ကို နှစ်နှစ်ကာကာ သဘောကျခဲ့ဖူး၏။
နောက်ပိုင်းမှသာလျှင် အရာအားလုံးက အပြင်ပန်း၌ ဟန်ဆောင်ထားသည့် အတုအယောင် လိမ်လည်လှည့်ဖျားသည့် ပရိယာယ်ဖြစ်ကြောင်း သိခဲ့ရသည်။
သူက ခေါင်းယမ်းလိုက်ပြီး ထိုအကြောင်းကို ထပ်မတွေးချင်တော့ပေ။
***