← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အပိုင်း ( ၂၁ )

လင်ချုးဆွေ့က ဆက်ပြောလိုက်သည်။ "သူတို့က အမြဲတမ်း ပျင်းရိနေပြီး ပျင်းတဲ့အခါတိုင်း ကျိုးကြောင်းမဆီလျော်တာတွေ လုပ်တတ်ကြတယ်။ သူတို့က စာမေးပွဲမတိုင်ခင် နင့်ကိုတောင် ကိုးကွယ်လိုက်ကြသေးတယ်။ ဒါပေမယ့် ငါကတော့ အယူမသည်းတတ်ဘူး။"

ထိုသို့ပြောပြီးနောက် သူမက အိတ်ထဲမှ ဆန်တစ်ဆုပ်ထုတ်လိုက်ပြီး ရှောက်ယန်၏ စားပွဲပေါ်သို့ ပက်လိုက်သည်။

ရှောက်ယန် : ...

"အဲဒါဆို မင်း အခု ဘာလုပ်နေတာလဲ။"

လင်ချုးဆွေ့က သူမ၏ ဆံပင်များကို သပ်ကာ နားနောက်သို့ ညှပ်လိုက်သည်။ "အိုး ဘာမှ မဟုတ်ပါဘူး။ နင် ဆာနေမှာစိုးလို့ ကျွေးတာ​လေ။"

ရှောက်ယန် : "ငါ့ကို ဆန်တွေ ကျွေးတာလား။"

"အင်း"

"အဲဒါဆို မင်း အရင်စားပြလေ။"

လင်ချုးဆွေ့က ဆန်စေ့တစ်စေ့ကောက်ယူကာ သူမ ပါးစပ်ထဲ ထည့်၍ ဝါးပြလိုက်သည်။

သူမသည် ဖုန်းရွှေစာအုပ်များက ပြောထားသည့်အတိုင်း ကောက်ညှင်းဆန်ကြောင့် ဖိအားပေးခံရပြီး လောင်လင် ထွက်လာမလား မြင်ချင်မိသည်။

သို့သော်.... မည်သည့်လက္ခဏာမှ မပြ​ပေ။

သူမက ကောက်ညှင်းဆန်တို့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်နှင့် ရှောက်ယန်က သူမ လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။ "မင်း လက်တွေက ညစ်ပတ်နေတာ။"

"နင် ဘာလို့ အရမ်း OCD ဖြစ်ရတာလဲ။" လင်ချူးဆွေ့က သူမ လက်သည်းများကို ကြည့်လိုက်သည်။ "ဘယ်မှာညစ်ပတ်လို့လဲ။"

"အခုကစပြီး တစ်ခုခု မစားခင် လက်ကို အရင်ဆေးရမယ်။"

လင်ချူးဆွေ့က သူ့အနားသို့ ကပ်လာပြီး အပြုံးနှင့် ပြောလိုက်သည်။ "ငါတို့ လောင်လင်ကလည်း အမြဲတမ်း အစားအသောက် မစားခင် ငါ့လက်တွေကို ဆေးခိုင်းတယ်။"

"ငါက လောင်လင် မဟုတ်ဘူး။" သူက အလေးအနက် ပြောလိုက်သည်။ "ဒါပေမယ့် မင်းကို 'နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုး' နေတဲ့ ရှောက်ယန်​လေ။"

လင်ချူးဆွေ့က သူ့နဖူးကို တွန်းလွှတ်လိုက်သည်။ "အိုင်း.. အိုင်း... အိုင်း... ဉာဏ်ကြီးရှင်ရှောက် နင့် ခံစားချက်တွေကို ထိန်းချုပ်ထားစမ်းပါ။ ငါတို့မှာ ဘာအနာဂတ်မှ မရှိနိုင်ဘူး။"

.......

သူတို့နောက်မှ လုချီက ရွှီကျားနင်ကို မေးလိုက်သည်။ "ရွှီသခင်လေး မင်းက လူပျိုလား။"

ကျန်းချန်ယွီ : "သူက နိုင်ငံခြားမှာ ကြီးလာတာ။ ကျိန်းသေ လူပျိုမဖြစ်နိုင်ဘူး။"

ရွှီကျားနင်က အေးစက်စွာ ပြောလိုက်သည်။ "စိတ်မကောင်းပါဘူး။ ဒါပေမယ့် ငါက လူပျိုပဲ။"

လုချီက ပြောလိုက်သည်။ "အဲဒါဆို ခဏနေကျရင် မင်းဆီက လူပျိုဆီး နည်းနည်းလောက် ရနိုင်မလား။"

"ရွံစရာကောင်းလိုက်တာ။" ရွှီကျားနင်က ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်သည်။ "မင်းမှာရော မရှိလို့လား။"

"ရှိတယ်လေ။ ဒါပေမယ့် ငါ ဒီမနက်က ဆီးသွားပြီးသွားပြီ။ အဲဒါကြောင့် ​နေ့လယ်ခင်းအထိ ထပ်သွားတော့မှာ မဟုတ်ဘူး။"

ရွှီကျားနင် : ...

မင်းက တကယ်..... သည်းခံထားနိုင်တာပဲ။

ကျောင်းဆင်းသွားပြီးနောက် ရှောက်ယန်က ကျောင်း၏ စိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးသည့် အခန်းသို့ သွားခဲ့သည်။ လင်ချူးဆွေ့က ကြောင်တစ်ကောင်ကဲ့သို့ သူ့နောက်မှ ခြေဖျားထောက်ကာ မသိမသာနှင့် တစ်လမ်းလုံး လိုက်လာပြီး စူးစမ်းလေ့လာနေသည်။

သူက ဆွေးနွေးခန်းထဲသို့ ဝင်သွားသည်အား မြင်သည့်အခါ သူမက တံခါးနားသို့ ကပ်၍ သူမ ဖခင်ဖြစ်သူအကြောင်း ကြားရရန် မျှော်လင့်ချက်နှင့် ခိုးနားထောင်နေခဲ့သည်။

ဆွေး​နွေးပေးသည့်အခန်းတွင် အလွန် ပရော်ဖက်ရှင်နယ်ဆန်ပြီး ကျွမ်းကျင်သည့် စိတ်ပညာရှင်ဆရာဝန်တစ်ဦး တာဝန်ကျသည်။

တက္ကသိုလ်ဝင်စာမေးပွဲ၏ ပြင်းထန်သော ဖိအားကြောင့် ကျောင်းသားများက အကြံဉာဏ်ရယူရန် ဆွေးနွေးခန်းသို့ နေ့တိုင်း လာလေ့ရှိသည်။

စိတ်ပညာရှင်က အသက်သုံးဆယ်ခန့်ရှိသည့် အမျုးသမီးတစ်ယောက်ဖြစ်ပြီး ဆံပင်ရှည်တို့ကို ပခုံးပေါ် ဖြန့်ချထားပြီး အဖြူရောင်ဂျူတီကုတ်နှင့် ထောင့်မှန်စတုဂံသဏ္ဌာန် မျက်မှန်ကို ဝတ်ဆင်ထားသည်။

ချောမောသည့် လူငယ်လေး လျှောက်ဝင်လာသည်ကို မြင်သောအခါ သူမက မျက်မှန်ကို ချိန်ညှိရင်း မေးလိုက်သည်။ "ဆယ်ကျော်သက်အချစ်အကြောင်း ဆွေးနွေးဖို့ လာတာလား။"

"မဟုတ်ဘူး။"

စိတ်ပညာရှင်က တံခါးအဟကြားမှ ချောင်းကြည့်နေသည့် လင်ချူးဆွေ့ကို ညွှန်ပြလိုက်သည်။ "မင်း ကောင်မလေးလည်း ဒီရောက်နေတာတောင် ဆယ်ကျော်သက် အချစ်ပြဿနာ မဟုတ်ဘူးလို့ ပြောနေသေးတာလား။"

ထိုသည်ကို ကြားသည့်အခါ လင်ချူးဆွေ့က သုတ်သုတ်ပျာပျာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ရှောက်ယန်က သူမ၏ ကော်လာမှ ကိုင်ကာ ဆွဲခေါ်သွားခြင်းကိုသာ ခံလိုက်ရသည်။ "မင်း နားထောင်ချင်ရင် ပွင့်ပွင့်လင်းလင်း ဝင်လာပြီး နားထောင်လိုက်။"

"အိုး" လင်ချူးဆွေ့က လက်နှစ်ဖက်ကို နောက်မှာထားကာ နံရံကို မှီရပ်နေပြီး အနည်းငယ် ရှက်ရွံ့နေသည်။

စိတ်ပညာရှင်က မေးလိုက်သည်။ "ဘယ်လို ဆယ်ကျော်သက်အချစ်ပြဿနာမျိုး ဖြစ်နေလို့လဲ။"

လင်ချူးဆွေ့ : "ဒေါက်တာ.. သူ့ကို ကြည့်ပါဦး။ အဆင့်တွေ အရမ်းကောင်းတဲ့ ထိပ်တန်းကျောင်းသားလေ။ ကျွန်မက ပုစ္ဆာဖြေရှင်းရမယ့်အစား ဆရာကို ချီးကျူးတဲ့ ကဗျာတစ်ပုဒ် ရေးလိုက်မိလို့ သင်္ချာမှာ ကိုးမှတ်ပဲရတဲ့ အရှုံးသမားကျောင်းသူတစ်ယောက်ပဲ။ တကယ်လို့ ကျွန်မတို့သာ တကယ် တွဲနေခဲ့ရင် ကျွန်မ အသက်ရှင်လျက် ရှိနေပါဦးမလား။ အတန်းပိုင်က သေအောင် ရိုက်သတ်တာ ခံလိုက်ရမှာပေါ့။"

လင်ချူးဆွေ့ ပေါက်ကရတွေ ထပ်မပြောနိုင်ခင် ရှောက်ယန်က သူမ၏ နဖူးကို ခပ်ဖွဖွ ရိုက်လိုက်သည်။ "အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ပါးစပ်ပိတ်။"

သူမက နာနာခံခံ ပါးစပ်ပိတ်သွားသည်။

ရှောက်ယန်က စားပွဲတစ်ဖက်မှ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "အခုတလော ကျွန်တော့်မှာ ကွဲပြားတဲ့ စရိုက်လက္ခဏာတွေ ရှိလာသလို ခံစားရတယ်။"

"အသေးစိတ် ပြောပြလို့ရမလား။"

ရှောက်ယန်က အသေးစိတ် ဖော်ပြလိုက်သည်။ "ကျွန်တော် အခုနောက်ပိုင်း အာရုံချောက်ချားပြီး မရှိတဲ့ အသံတွေလည်း ကြားလာတယ်။"

စိတ်ပညာရှင်က မျက်မှောင်ကြုတ်လိုက်ပြီး သူမရှေ့မှ လူငယ်စုံတွဲကို ကြည့်လိုက်သည်။ "ဒီလိုကိစ္စမှာ ဆယ့်နှစ်တန်းရဲ့ စာမေးပွဲဖိအားတွေက အရမ်းများလို့ မင်းရဲ့ ခံစားချက်တွေက ဆန့်ကျင်ဘက်လိင်အပေါ် ပြောင်းလဲရောက်ရှိသွားတာလို့ ယူဆတယ်။"

"..."

"လူငယ်လေး မိန်းကလေး အတန်းဖော်ကို ကြိုက်မိတာက ပုံမှန်ပါပဲ။ သူမ သင်္ချာမှာ ကိုးမှတ်ပဲ ရတာလောက်နဲ့ နှိမ့်ချမြင်လို့ မရဘူးလေ။ ဒီနေ့ မင်း ခံစားချက်တွေကို ဝန်ခံဖို့ ငြင်းဆိုနေတာ ထားပါတော့။ ဒါပေမယ့် အဲဒါကို ကွဲပြားတဲ့စရိုက်လက္ခဏာတွေလို့ ပြောနေတာကတော့ လွန်သွားပြီလေ။"

ရှောက်ယန် : "ဒေါက်တာ ခင်ဗျားရဲ့ အထူးပြုက ဆယ်ကျော်သက်အချစ် သုတေသနများလား။"

"ငါ့ရဲ့ အထူးပြုက ဆယ်ကျော်သက် စိတ်ပညာသုတေသနလေ။"

မထူးဆန်းတော့ပါဘူး။

ရှောက်ယန်က ထို့ထက်ပို၍ မရှင်းပြချင်တော့ပေ။ ကျွမ်းကျင်သည့် အာရုံကြောဋ္ဌာနကို သွားခြင်းမှ မဟုတ်လျှင် ဤစိတ်ပညာရှင်က သူလိုချင်သည့် အဖြေအား ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း သိလိုက်ပေသည်။

ဘာစနစ်လဲ။ ဘာကို သေဆုံးရာက ပြန်လာတာလဲ။ ဘာအပိုင်စီးတာလဲ....

သူ ကြုံတွေ့နေရသည့် အရာအားလုံးမှာ အစကတည်းက ကိုးရို့ကားယားနိုင်လှသည်။

"ဒေါက်တာ ဒီပင်ကိုစရိုက်ကွဲထွက်တာက ပြင်းထန်လား။" လင်ချူးဆွေ့က ​ဖြတ်မေးလိုက်သည်။ "အဲဒါက စာလေ့လာတာတို့ IQ တို့ တခြားတစ်ခုခုကိုရော သက်ရောက်မှု ရှိနိုင်လား။"

"ဖြစ်နိုင်တယ်။" စိတ်ပညာရှင်က တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။ "အချစ်က တစ်စုံတစ်ယောက်ကို အရူးဖြစ်စေနိုင်တယ်လေ။"

"အိုး... နိုး.... ဘယ်လိုလုပ်ရမလဲ။ ကျွန်မက သူ့ဆီကနေ အိမ်စာကူးနိုင်ဖို့ မျှော်လင့်နေတာ။"

"အတန်း​ဖော်လေး မင်းက အခု ဆယ့်နှစ်တန်းရောက်နေပြီ။ မင်းရဲ့ ဆရာအနေနဲ့ အကြံပေးရရင် သင်ယူခြင်းဆိုတဲ့ သမုဒ္ဒရာကြီးက အဆုံးမရှိဘူး။ ပြုပြင်ဖို့ဆိုတာ ဘယ်တော့မှ နောက်မကျဘူး။ ကိုယ့် အိမ်စာ ကိုယ် လုပ်ပါ။"

စိတ်ပညာရှင်က မှတ်စုပေါ်တွင် နံပါတ်တစ်ခုရေးကာ ရှောက်ယန်ထံ ပေးလိုက်သည်။ "ငါ အခု မင်းကို ပေးလိုက်တဲ့ ဖုန်းနံပါတ်က ငါ သိတဲ့ အာရုံကြောဆရာဝန် တစ်ယောက်ပဲ။"

"ကျေးဇူးတင်ပါတယ်"

ထို့နောက်မှသာ လင်ချူးဆွေ့က ဆွေးနွေးသည့် အခန်းသို့ သူမ လာရသည့် ရည်ရွယ်ချက်ကို သတိရလိုက်သည်။ သူမက အလျင်အမြန် မေးလိုက်၏။ "ဒေါက်တာ အရင်တုန်းက သေသွားတာ အကြာကြီးပဲ ရှိပြီဖြစ်တဲ့ လူတစ်ယောက်က ရုတ်တရက်ကြီး တခြားလူရဲ့ ခန္ဓာကိုယ်မှာ အသက်ပြန်ရှင်လာတာမျိုး ကြုံဖူးလား။"

"အသေးစိတ်ပြောပြနိုင်မလား။"

"တစ်စုံတစ်ယောက်က သေသွားပြီးပြီ။ ဒါပေမယ့် တစ်နေ့မှာ ရုတ်တရက်ကြီး အဲဒီလူရဲ့ အရိပ်ကို တခြားတစ်ယောက်ဆီမှာ မြင်လိုက်ရတာမျိုးပေါ့။ သူတို့ရဲ့ အရည်အချင်းတွေ၊ အပြုအမူတွေနဲ့ စကားပြောပုံတွေ အကုန်လုံး ဆင်တူလာတာမျိုးလေ။"

စိတ်ပညာရှင်က စဥ်းစားရင်းနှင့် ခေါင်းညိတ်လိုက်သည်။ "အဲဒီလို ပြဿနာမျိုးကို ဆွေးနွေးဖို့ လာတဲ့သူ တော်တော်များများရှိတယ်။ အများစုကတော့ သူတို့ချစ်ရတဲ့လူတွေကို အရမ်းလွမ်းဆွတ်မိတဲ့အခါ ထင်ယောင်ထင်မှား ဖြစ်တတ်ပြီး မသိစိတ်ကလည်း အဲဒီခံစားချက်ကို အားဖြည့်ပေးတယ်လေ။ အဲဒါနဲ့ သူတို့က တခြားတစ်ယောက်ကို တစ်စုံတစ်ယောက်အဖြစ် မှားယွင်းယူဆလိုက်တယ်။"

"သိပါပြီ။" လင်ချူးဆွေ့က အနည်းငယ် စိတ်ပျက်သွားသည်။

စိတ်ပညာရှင်က လင်ချူးဆွေ့ကို ကြည့်လိုက်သည်။ "အဲဒီတော့ မင်းမှာလည်း တူညီတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတာပေါ့။"

လင်ချူးဆွေ့က အမှန်အတိုင်း ပြောလိုက်သည်။ "ကျွန်မက သူ့ခန္ဓာကိုယ်ကနေ တခြားပင်ကိုစရိုက်ကို ခံစားမိပြီး အဲဒါက ကျွန်မရဲ့ ဆုံးပါးသွားတဲ့ အဖေနဲ့ တူနေတာ။"

စိတ်ပညာရှင် : ...

သူမက ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို ပေးလိုက်သည်။ "မင်းလည်း သူနဲ့အတူ အာရုံကြောဋ္ဌာနကို သွားပြဖို့ အကြံပေးချင်တယ်။"

လင်ချူးဆွေ့နှင့် ရှောက်ယန်က တိုင်ပင်ဆွေးနွေးသည့်အခန်းထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်၌ နေမင်းက အနောက်ဘက်သို့ ယွန်းသွားခဲ့ပြီ ဖြစ်သည်။

သူမက သူ၏ ရှည်လျားပိန်သွယ်သော ပုံရိပ်ကို ကြည့်ရင်း သူ့လက်ကို ဖမ်းဆုပ်ရန် အကြိမ်များစွာ ကြိုးစားချင်သော်လည်း မဝံ့ရဲခဲ့ပေ။

သူက ရှောက်ယန် ဖြစ်သည်။

လောင်လင်က သူ့အရိပ်ကဲ့သို့ တစ်ခါတစ်ရံရှိ​နေပြီး တစ်ခါတစ်ရံ မတွေ့ရပေ။

ရှောက်ယန်က ခေါင်းငုံ့ကာ လျှောက်​နေရင်း မိန်းကလေး၏ လက်က အကြိမ်ကြိမ် ရှေ့တိုးလာလိုက် ပြန်ဆုတ်သွားလိုက် လုပ်နေသည်ကို မြင်နေရ၏။

သူက ရိုးရှင်းစွာပင် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ၎င်းမှာ ဖခင်တစ်ယောက်က သူ၏ သမီးကို လက်တွဲထားသကဲ့သို့ပင် ဖြစ်သည်။

သူ၏ ထက်ရှသော ဘေးတိုက်ပုံရိပ်ကို ကြည့်ရင်း လင်ချူးဆွေ့၏ နှလုံးသားက ခုန်ပေါက်လာသည်။

သူမသည် သူမလက်ကို ကိုင်ထားသည်မှာ လောင်လင် မဟုတ်ဘဲ ရှောက်ယန် ဖြစ်ကြောင်း သိရှိပေသည်။

"နင် ပြောတော့ ငါ့ကို မချစ်ဘူးဆို။"

"ငါ မင်းကို သေလောက်အောင် ချစ်တာ။"

........

အားကစားကွင်း၏ အဆုံးတွင် လုချီနှင့် ကျန်းချန်ယွီတို့အပြင် အခြား အားကစားအဖွဲ့မှ ကျောင်းသားများက မာရသွန်အတွက် ပြင်ဆင်နေကြသည်။

အစိမ်းရောင်ဖျော့​ဖျော့ စကက်အကွက်ကို ဝတ်ဆင်ထားသည့် လုထျန်းပိုင်က လင်ချူးဆွေ့ကို လမ်းတစ်ဖက်မှ လက်လှမ်းပြနေသည်။

"ငါ အခု သွားလေ့ကျင့်တော့မယ်။"

"နောက်ကျတဲ့အထိ မနေနဲ့။ ပြန်ရောက်တဲ့အခါ အိမ်စာလုပ်ဖို့ သတိရဦး။"

ရှောက်ယန်က လက်များကို အိတ်ထဲသို့ ထည့်ထားပြီး ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တွက် ချိတ်ထားကာ အဝေးသို့ ပျင်းရိစွာ လျှောက်ထွက်သွားသည်။

လင်ချူးဆွေ့က သူ၏ ရှပ်အင်္ကျီအနားစကို လှမ်းဆွဲလိုက်၏။ "ခဏလောက် စောင့်ပါဦး။"

ရှောက်ယန်က ပြန်လှည့်လာသည့်အခါ သူမက ခြေဖျားထောက်၍ သူ့နဖူးကို သူမ လက်ညှိုးလေးနှင့် ပုတ်လိုက်သည်။ "မစ္စတာဉာဏ်ကြီးရှင် ငါ နင့်ကို လောင်လင်ဆီ စကားတချို့ပို့ပေးဖို့ တောင်းဆိုလို့ရမလား။"

"ငါ သူ့ဆီ မပို့နိုင်မှာစိုးရတယ်။"

"နင် သူ့ဆီ မပို့ပေးနိုင်ရင် သူကြားနိုင်အောင် ကျယ်ကျယ်ပြောပေးမယ်။"

လင်ချူးဆွေ့က သူမ၏ လက်များကို ပါးစပ်နားထားလိုက်​ပြီး အားကစားကွင်းဘက်သို့ လှည့်ကာ ကောင်းကင်ကြီးထံ အော်ပြောလိုက်သည်။

"တောင်းပန်ပါတယ်။"

ရှောက်ယန်က သူမကို ကြည့်နေခဲ့သည်။ ဆည်းဆာနေက သူမ၏ ပါးပြင်များပေါ် အလင်းပြန်နေပြီး နှင်းဆီရောင်သမ်းနေစေ၏။ သူမ၏ ကြည်လင်သောမျက်လုံးများတွင် ပြင်းထန်သည့် အပြစ်ရှိစိတ်တို့ဖြင့် ပြည့်နှက်နေသည်။

"တောင်းပန်ပါတယ် အဖေ။ သမီးကို ဒီလိုမြင်ရတာ အရမ်း စိတ်ပျက်နေမှာပဲနော်။"

ရှောက်ယန်သည် သူ့ရင်ဘတ်ထဲမှ လာသည့် စူးနင့်သော နာကျင်မှုကို ခံစားမိနိုင်ပေသည်။

လင်ချူးဆွေ့က သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်ပြီး ညစ်ပတ်နေသည့် အင်္ကျီလက်ကို သုံးကာ မျက်နှာအား ပွတ်သုတ်လိုက်သည်။ သူမက ပြုံးကာ ပြောလိုက်၏။ "သွားတော့မယ်။"

သူမ ထွက်ခွာသွားသည်ကို အချိန်အတော်ကြာ စောင့်ကြည့်နေပြီးနောက် ရှောက်ယန်က အကြည့်များကို ပြန်ရုတ်သိမ်းကာ အိမ်ပြန်ရန် ပြင်လိုက်သည်။

ထိုအချိန်၌ သူ့ခန္ဓာကိုယ်အတွင်းမှလာသော ကြည်လင်ပြတ်သားသည့် အသံတစ်ခုကို ကြားလိုက်ရပေသည်။

"ရှောင်ထုန်းရွှယ် မင်းရော QQ သကြားလုံး စားချင်လား။"

(*ရှောင်ထုန်းရွှယ် - ကျောင်းသားလေး)

ဤအချိန်အတောအတွင်း လင်ချူးဆွေ့သည် သူမ၏ ဉာဏ်ကြီးရှင် အတန်း​ဖော်လေးက သူမနှင့် ပတ်သတ်သည့် စိတ်အားထက်သန်မှုက တဖြေးဖြေး မှေးမှိန်လာသည်ကို စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ရှာဖွေတွေ့ရှိခဲ့သည်။

နေ့တိုင်း ကျောင်းဆင်းပြီးနောက် ရှောက်ယန်က ခပ်သုတ်သုတ် ပြန်သွားလိမ့်မည် ဖြစ်သည်။

အချိန်တိုင်းလိုလို လင်ချူးဆွေ့က ကွေ့ပတ်ပြီး လမ်းထောင့်မှာ ရှိသည့် ဟော့​ပေါ့ဆိုင်နား တဝဲလည်လည် လုပ်နေတတ်သည်။

သို့သော် သူမသည် အလုပ်များနေသည့် သူ့အစ်မ ရှောက်ချန်ကိုသာ တွေ့ရတတ်ပြီး ရှောက်ယန်၏ အစအနကိုပင် ရှာမတွေ့ပေ။

သူ ဘယ်နေရာကို သွားနေလဲ သူမ သိချင်မိ၏။

ယခု လင်ချူးဆွေ့က လေ့ကျင့်ရန်ပင် စိတ်မဝင်စားတော့ပေ။ အားကစားကွင်းတွင် လဲလျောင်းနေရင်း ကောင်းကင်၌ ရွေ့လျားနေသည့် တိမ်စိုင်များကို ငေးကြည့်​နေရင်း အလွန် ပျင်းရိကာ နွမ်းနယ်နေသလို ခံစားရပေသည်။

ထိုသူက ရဖို့ခက်သလို ဟန်ဆောင်၍ သူမနှင့် ကစားချင်နေသည်လား။

သူမကို အကြောက်လန့်စေဆုံးမှာ သူ၏ ထိုလှည့်ကွက်လေးက အမှန်တကယ် အလုပ်ဖြစ်လေသည်။

သူမ၏ ဝိညာဥ်ကင်းမဲ့နေသော ပုံစံကို ​​မြင်သည့်အခါ လုချီက လျှောက်လာရင်း ပြောလိုက်သည်။ "မာရသွန်ပြိုင်ပွဲ ရောက်ဖို့ လဝက်တောင် မလိုတော့ဘူး။ မင်းရဲ့ လက်ရှိအခြေအနေနဲ့ မာရသွန်ပြိုင်ပွဲ တလျှောက်လုံး အေးအေးဆေးဆေး လမ်းလျှောက်ဖို့ စီစဥ်ထားတာလား။"

"ဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆုရအောင် ပြိုင်ဖို့လည်း အစီအစဉ် မရှိဘူး။"

"မင်း ဆုမရရင် ကျောင်းအားကစားအဖွဲ့က နှုတ်ထွက်ဂလိမ့်မယ်။ မင်းရဲ့ မကောင်းဆိုးဝါးပထွေး ဆန္ဒအတိုင်း ဖြစ်သွားတာကို လိုချင်လို့လား။"

လင်ချူးဆွေ့က ပျင်းရိစွာ ကုတ်ခြစ်ရင်း ​ပြောလိုက်သည်။ "လုပ်ချင်သလိုသာ လုပ်ကြပါစေ ငါ ပင်ပန်းနေလို့။"

လုချီက သူ့လက်ကို သူမ ပခုံးတွင် တင်၍ သက်ပြင်းချလိုက်သည်။ "အစ်ကိုချူး မင်းက တကယ် ငါတို့ အားလုံးထဲမှာ စိတ်ဓာတ်အကျဆုံးလူ ဖြစ်နေပြီပဲ။"

"ငါ မင်းကို လန်ရှန်ကျောင်းမှာ စောင့်နေမယ်။"

"နောက်မှတွေ့မယ်။"

.......

လုချီသည် လင်ချူးဆွေ့က သူ့ကို နောက်မှ တွေ့မယ်ဟု သဘောတူခဲ့သော်လည်း ထားသွားလိမ့်မည် မဟုတ်ဟု အမှန်တကယ် တွေးထင်ခဲ့သည်။ ထိုသည်မှာ လပတ်စာမေးပွဲရလဒ်များ ထွက်လာသည့်အချိန်၌ သူ့ကို ပြင်းထန်သည့် ရိုက်ချက်နှင့် ထိတ်လန့်မှုတစ်ခု ပေးခဲ့သည့် အချိန်တိုင်အောင် ဖြစ်သည်။

အရင်က လင်ချူးဆွေ့သည် အတန်း၏ နောက်ဆုံးဘိတ်နေရာကို အမြဲသိမ်းပိုက်ထားသူ ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်၌ သူမက အတန်းထဲတွင် နောက်ဆုံး၏ ဒုတိယနေရာကို ရခဲ့သည်။

ယခင် ဘိတ်ချေးအဆင့်က လုချီ၏ ခေါင်းထက်တွင် ကျက်သရေရှိရှိ ​နေရာယူသွားလေသည်။

စာမေးပွဲရလဒ်များကို ကြည့်ပြီး လုချီသည် သစ္စာဖောက်ခံရသလို ခံစားလိုက်ရပေသည်။

"ငါတို့ ဘိတ်ချေးအဆင့်သမားတွေ အတူတူရှိကြမယ်လို့ သဘောတူထားတာကို မင်းက နောက်ကွယ်မှာ စာခိုးလုပ်နေတယ်ပေါ့။ ငါတို့ ဘယ်လို အတူတူ ပျော်ပျော်ရွှင်ရွှင် လျှောက်ဆော့လို့ ရနိုင်တော့မှာလဲ။"

လင်ချူးဆွေ့၏ စာမေးပွဲအဖြေလွှာပေါ်တွင် သူမက သင်္ချာ၌ အမှန်တကယ် ၅၈ မှတ်ရရှိခဲ့ပေသည်။

"ဒါက ဘယ်လိုချာတူးလံအမှတ်လဲ။"

"ငါးဆယ့်ရှစ်မှတ်လေ။ နင်က ဘာထပ်လိုချင်သေးလို့လဲ။" လင်ချူးဆွေ့က ပြောလိုက်သည်။

လုထျန်းပိုင်က လှည့်ကြည့်လာပြီး လင်ချူးဆွေ့၏ အဖြေလွှာကို စစ်၍ ပြောလိုက်၏။ "အချစ်လေး နင် အဖြေမှန်ရွေးတဲ့ မေးခွန်း တော်တော်များများ မှန်တယ်။ ပြီးတော့ နောက်ဆုံး မေးခွန်းကြီးက အမှတ်နှစ်ဆယ်တောင် ကျော်တယ်။"

နောက်ဆုံးမေးခွန်းက အခက်ဆုံးဖြစ်ကြောင်း လူတိုင်း သိကြပေသည်။

"နောက်ဆုံး​မေးခွန်းက လေ့ကျင့်ခန်းစာအုပ်ထဲက မူရင်းမေးခွန်းအတိုင်းပဲ။ တိုက်ဆိုင်စွာနဲ့ တစ်ယောက်ယောက်က ငါ့ကို အဲဒါမှတ်မိအောင် လုပ်ခဲ့တာ။"

လင်ချူးဆွေ့၏ အကြည့်များက အဖြေလွှာကို အလေးအနက် ဆန်းစစ်နေသည့် ရှောက်ယန်ပေါ်သို့ ကျရောက်သွားသည်။

ရှောက်ယန်က သာမန်ကာလျှံကာ ပြောလိုက်၏။ "ဘာမှမဖြစ်ဘူး။ နောက်လစာမေးပွဲမှာ မင်း သေချာပေါက် အောင်အောင် လုပ်ပေးမယ်။"

"ငါ မအောင်ချင်ဘူး။" လင်ချူးဆွေ့က ခေါင်းမာစွာ ပြောလိုက်သည်။ "ငါ အမှတ်မြင့်မြင့်ရဖို့ စိတ်မဝင်စားဘူး။"

ရှောက်ယန်က ဘယ်ဘက်ထောင့်မှ တိုးတက်မှုဘားတန်းကို ကြည့်လိုက်သည်။ "ဒါပေမယ့် ငါက မင်းကို အောင်စေချင်တယ်လေ။"

"ဉာဏ်ကြီးရှင်အတန်းဖော်လေး ကျေးဇူးပြုပြီး ငါ့ကို သက်ညှာပေးပါဦး။ ငါ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငါးဆားနယ်လေး ဖြစ်ချင်ရုံပါ။"

လုချီက ဒေါသတကြီး ပြောလိုက်သည်။ "အစ်ကိုချူး မင်းက ဘိတ်ချေးအဆင့်ပလ္လင်ကို လက်မလျှော့ချင်ဘူးဆိုမှတော့ ဘာလို့ စာမေးပွဲအဖြေလွှာစာရွက်ကို အလွတ် မထပ်လိုက်တာလဲ။"

"ငါက အရူးမဟုတ်ဘူး။ အမှားဖြေလိုက်တာက စွမ်းရည်နဲ့ ဆိုင်တယ်ဆို စာရွက်အလွတ်ထပ်တာက သဘောထားနဲ့ ဆိုင်တယ်။ အဲဒါက အခြေခံကျကျ ကွာခြားမှုရှိတယ်။ လောင်ချင်က မစ္စဖန်းကို ထပ်ခေါ်​ပြီး ငါ့အကြောင်းတွေ ပြောမှာ မလိုချင်ဘူး။"

"အဲဒါဆိုလည်း အရင်တစ်​ခေါက်ကလို သင်္ချာဆရာမကို ချီးကျူးတဲ့ ကဗျာ မရေးရတာလဲ။"

"ငါ မရေးဘူးလို့ ဘယ်သူပြောလဲ။" လင်ချူးဆွေ့က သင်္ချာအဖြေလွှာ၏ နောက်ဆုံးစာရွက်ကို လှန်၍ လက်ချောင်းထိပ်လေးနှင့် ထောက်ပြလိုက်သည်။ "ဒီတစ်ခေါက် သခင်ချူးက ရှိတ်စပီးယား ၁၄ ကြောင်းစပ် မူရင်းကဗျာနဲ့ အင်္ဂလိပ်ဆရာမနာမည်ထည့်ပြီး ရေးလိုက်တာ။"

လုချီ : "သေစမ်း! သူတို့ အဲဒါတောင် အမှတ်မလျှော့ဘူးလား။"

"ဟုတ်တယ်။" လင်ချူးဆွေ့က စိတ်ပျက်စွာ ပြောလိုက်သည်။ "သူတို့က အမှတ်တောင် လျှော့မထားဘူး။ တကယ် မသမာတာပဲ။"

"အကြောင်းပြချက်နှစ်ခုရှိတယ်။" ရှောက်ယန်က သူမ၏ အဖြေလွှာစာရွက်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ပထမတစ်ချက် သင်္ချာဆရာမက အဲဒါကို နားမလည်ဘူး။ ဒုတိယတစ်ချက် သင်္ချာဆရာမက မင်းနဲ့ ပြိုင်ငြင်းရမှာ အရမ်းကို ပျင်းနေတယ်။"

"..."

***

All Chapters