အခန်း ၂၄
Vol. 3 Ch. 24
အပိုင်း ( ၂၄ )
လင်ချူးဆွေ့က လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ပြီး ပြေးထွက်သွားကာ ရွှီကျားနင်ကို ပြင်းပြင်းထန်ထန် ထိုးကြိတ်ပစ်ချင်နေသည်။
ရွှီကျားနင်သည် လင်ချူးဆွေ့ မျက်နှာက ဒေါသကြောင့် ပျက်ယွင်းနေသည်ကို မြင်သောအခါ ပေါ့ပေါ့ပါးပါး ပြုံးရင်း မေးကို မော်ချီလိုက်သည်။ သူသည် အစောပိုင်းက ရှုံးနိမ့်မှုကို လက်စားချေလိုက်နိုင်သည့်အတွက် ပျော်ရွှင်နေပုံရသည်။ "အတန်းဖော်ဉာဏ်ကြီးရှင်လေး ဒါက အလုပ်ဆိုမှတော့ ပျင်းရိမနေဘဲ ငါ့အတွက် တစ်ခွက်ငှဲ့ပေး။"
ထို့နောက် သူက ဖန်ခွက်ကို ကိုင်ကာ မြှောက်ပြလိုက်သည်။
ရှောက်ယန်က တည်ငြိမ်စွာဖြင့် ယမကာထည့်ထားသည့် ဖန်ပုလင်းကို ကောက်ယူကာ ရွှီကျားနင် သောက်ရန် လောင်းထည့်ပေးလိုက်သည်။ "ဖြေးဖြေးသောက်ပါ။"
"အိုး ဟုတ်သား။ ငါ ကြားမိတာတော့ ရှဲ့ထင်းကလပ်မှာ ဧည့်သည်တွေက တောင်းဆိုရင် ဝန်ဆောင်မှုပေးတဲ့သူတွေက ဒူးထောက်ပြီး ဝန်ဆောင်မှုပေးရတာမျိုး ရှိတယ်ဆို။ ငါက အဲဒါကို ကြားရုံပဲ ကြားဖူးပြီး ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး။ အဲဒီတော့ အတန်းဖော်ဉာဏ်ကြီးရှင်လေး မင်း ဘာလို့ ဒီနေ့ ငါတို့ အမြင်ကျယ်သွားအောင် လုပ်မပေးရမှာလဲ။"
သူ၏ စကားကို ကြားသောအခါ လူတိုင်းက စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီး လှမ်းကြည့်လိုက်ကြသည်။
လင်ချူးဆွေ့က ထပ်၍ သည်းမခံနိုင်တော့ပေ။ သူမက ဗန်းပေါ်မှ ပုလင်းတစ်ခုကို ကောက်ကိုင်လိုက်ပြီး ထိုခွေးကောင်၏ ခေါင်းအား ရိုက်ခွဲပစ်ရန် ပြင်လိုက်သော်လည်း ရှောက်ယန်၏ သူမ၏ သေးသွယ်သော လက်ကောက်ဝတ်ကို ခပ်မြန်မြန် ဖမ်းဆွဲထားလိုက်သည်။
သူမက ရုန်းလိုက်သော်လည်း မလွတ်နိုင်သည့်အတွက် ရှောက်ယန်ကို ပြန်လှည့်ကြည့်လိုက်၏။
ရှောက်ယန်၏ ခံစားချက်များက နက်မှောင်သော မျက်လုံးများအတွင်း နက်ရှိုင်းစွာ မြှုပ်နှံခံထားရပြီး သူ့ နှုတ်ခမ်းထောင့်က ခပ်ဖျော့ဖျော့ မြင့်တက်နေသည်။ "ဒီဝိုင်တွေက အရမ်းစျေးကြီးတယ်။ ဖြုန်းတီးပစ်ဖို့ အကြံမပေးချင်ဘူး။"
လင်ချူးဆွေ့က စိတ်ဆိုးမာန်ဆိုးနှင့် လက်ကို ပြန်ရုတ်လိုက်ပြီး ရွှီကျားနင်အား စိုက်ကြည့်လိုက်သည်။
ရှောက်ယန်က တည်ငြိမ်စွာဖြင့် ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး အလျင်မလိုသည့် လေသံဖြင့် ပြောလိုက်သည်။ "မင်း ပြောခဲ့တဲ့ ဝန်ဆောင်မှုက နှစ်နှစ်ဆယ်နဲ့အထက် ဝိုင်ကို မှာယူမှသာ တောင်းဆိုလို့ရတာပါ။ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါဦး။"
သူက ထိုသို့ပြောပြီးနောက် မီနူးထည့်ထားသည့် tablet ကို ထုတ်ယူလိုက်ပြီး ရွှီကျားနင်ထံ ကမ်းပေးလိုက်သည်။ "ဒါက ကျွန်တော်တို့ ကလပ်ရဲ့ ထိပ်တန်းဝိုင်စာရင်းပါ။ ကျေးဇူးပြုပြီး မှာယူချင်တာကို တစ်ချက်လောက် ကြည့်ပေးပါ။"
အစပိုင်းတွင် လင်ချူးဆွေ့သည် ရွှီကျားနင်က လူများကို အနိုင်ကျင့်နေသည်ဟု ခံစားနေရသော်လည်း tablet ပေါ်တွင် ပြထားသည့် ထိပ်တန်းဝိုင်များမှာ ယွမ်တစ်သိန်းအထက် ကျသင့်မည်ဖြစ်ကြောင်း မြင်သည့်အခါ ရွှီကျားနင်အား သနားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။
ချက်ချင်းပင် သူမက သူ့အတွက် စိတ်မကောင်း ဖြစ်သွား၏။
ယနေ့တွင် ဤခွေးအိုကြီး ရွှီကျားနင်၏ နှလုံးသားက သွေးစိမ်းရှင်ရှင် ကျရပေတော့မည်။
"အတန်းဖော်လေး ဒီဝိုင်တွေကို အော်ဒါမှာရင် နင် ကော်မရှင်ရမှာလား။" လင်ချူးဆွေ့က သူ့ကို အပြုံးနှင့် မေးလိုက်သည်။
"ဟုတ်တယ်။ ဒါပေမယ့် သိပ်တော့မများဘူး။"
"ဥပမာ ငါ ဒီ နှစ်သိန်းတန်တစ်ခုကို မှာမယ်ဆိုရင် နင် ကော်မရှင်ဘယ်လောက်ရမှာလဲ။"
"အော်ဒါတစ်ခုကနေ ရမယ့် ကော်မရှင်က မင်သယ့်စကော်လာရှစ်နဲ့ ပမာဏအတူတူလောက်ပဲ ဖြစ်မယ်။"
ရှောက်ယန်ပြောသည်ကို ကြားပြီးနောက် ရွှီကျားနင်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားလေသည်။ သို့သော် ယခုအချိန်မှ ပြန်ရုတ်သိမ်းရန် အလွန်နောက်ကျသွားပြီ ဖြစ်တာကြောင့် သူက tablet ကို ကောက်ယူကာ မှာယူနိုင်မည့်ဟာကို ရှာဖွေရန်သာ တတ်နိုင်သည်။
ထိုမှာယူရန်စာရင်းတွင် တစ်သိန်းခွဲအောက် လျော့သည့် တစ်ခုတစ်လေပင် မရှိပေ။
လင်ချူးဆွေ့သည် ရွှီကျားနင်က ကြည့်လေလေ သူ့မျက်နှာက ပိုပို၍ ရုပ်ဆိုးလာသည်ကို စောင့်ကြည့်နေခဲ့သည်။ သူက အရာအားလုံးထက် မျက်နှာပျက်ရမည်ကို အကြောက်ဆုံးဖြစ်ကြောင်း သူမ သိရှိပေသည်။ ယခုလေးတင် သူက သိက္ခာဆယ်ရန် လုထျန်းပိုင်အား သူ၏ Cartier နာရီ လက်ဆောင်ပေးခဲ့သည်။ သူမသည် ယခု သူ့မျက်နှာမပျက်စေရန် တစ်သိန်းနှင့်အထက် ဝိုင်တစ်လုံးအား အမှန်တကယ် မှာယူလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းမိသည်။
သူမက ပြောလိုက်သည်။ "ဟေး ဒီနေ့က ထျန်းပိုင်ရဲ့ မွေးနေ့ဖြစ်ပြီး သူမက ငါတို့ကို ဒကာခံခဲ့တာ။ ဒါပေမယ် နင်က ဒီလို စျေးကြီးတဲ့ ဝိုင်မျိုး မှာခဲ့ရင် အဲဒါက နင့်ရဲ့ ကိုယ်ပိုင်အမှာစာပဲ။ ထျန်းပိုင်က နင့်ကိုယ်စား ပေးပေးမှာ မဟုတ်ဘူး။"
ရွှီကျားနင်က အံကြိတ်ကာ ပြောလိုက်သည်။ "အဲဒီအတွက် စိတ်မပူပါနဲ့ ညီမလေး။"
သူ ထုတ်ပြောလိုက်သည့် ထို 'ညီမလေး' ဟူသော စကားထဲတွင် သေလောက်အောင် မုန်းတီးခြင်းဟူသည့် အငွေ့အသက်များ ပါဝင်နေသည်။
သူက ယွမ်နှစ်သိန်းနှစ်သောင်း စျေးရှိသည့် ဝိုင်နီကို ညွှန်ပြလိုက်သည်။ "ငါ ဒါယူမယ်။"
ရွှီကျားနင်က ပိုက်ဆံအိတ်ကို ထုတ်၍ အနက်ရောင်ခရက်ဒစ်ကတ်အား ဆွဲထုတ်ကာ ရှောက်ယန်ထံသို့ ပေးလိုက်သည်။
သူ၏ လက်က.... တုန်ယင်နေသည်။
ဤကတ်က လောင်ရွှီ၏ ဖုန်းနှင့် တိုက်ရိုက်ချိတ်ထားခြင်း ဖြစ်သည်။ ဤတစ်ခုကို ငွေရှင်းပြီးနောက် သူ အိမ်ပြန်ရောက်သည့်အခါ သူ့အဖေက သူ့ကို အရှင်လတ်လတ် အရေခွံနွှာလိမ့်မည် ဖြစ်သည်။
လုထျန်းပိုင်၏ စိုးရိမ်ပူပန်နေသော အမူအရာကို ကြည့်ပြီး လုချီက ပြောလိုက်သည်။ "ဒီနေ့က ထျန်းပိုင်ရဲ့ မွေးနေ့ပဲ။ ငါ ဒီကောင် သူ့စရိတ်နဲ့သူသွားတာ မြင်ချင်ပေမယ့် အလွန်အကျွံတော့ မဖြစ်စေချင်ဘူး။"
လုချီက ရွှီကျားနင်ဘေးတွင် ထိုင်လိုက်ပြီး ခရက်ဒစ်ကတ်ကို ဆွဲယူကာ ရွှီကျားနင်၏ ပိုက်ဆံအိတ်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ "ဒါကို ပြန်ထည့်ထားလိုက်။ အတန်းဖော်ဉာဏ်ကြီးရှင်နဲ့ ဒီလိုမျိုး နောက်ပြောင်နေဖို့ မလိုအပ်ဘူး။"
သံလွင်ခက် အကမ်းခံလိုက်ရတာကြောင့် ရွှီကျားနင်က ရေစီးအတိုင်း မျှောလိုက်သည်။ "မင်း ပြောတာ မှန်တယ်။ လျှောက်နောက်နေရုံလေးပဲ။ ငါတို့အားလုံးက အတန်းဖော်တွေပဲ။ နောက်လည်း ဆက်မြင်တွေ့နေရမယ့်သူတွေ။ မင်းကို တကယ်ဒူးထောက်ပြီး ဝိုင်ငှဲ့ခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။"
သို့သော် ရွှီကျားနင်က သူ၏ ပိုက်ဆံအိတ်ကို သိမ်းရန်ပြင်လိုက်သည်နှင့် ရှောက်ယန်၏ သွယ်လျသော လက်ချောင်းများက ၎င်းပေါ် ဖိချလိုက်ပြီး အေးစက်စက်အသံနှင့် ပြောလိုက်သည်။
"နောက်ပြောင်တာလား။ အဲဒါက ရယ်စရာကောင်းလား။"
"နောက်ပြောင်တာလား။ အဲဒါက ရယ်စရာကောင်းလား။"
ရွှီကျားနင်၏ မျက်နှာက အေးစက်သွားသည်။
ရှောက်ယန်၏ လက်ချောင်းများက အလွန် အားကောင်းပြီး ပိုက်ဆံအိတ်က သူ့လက်ချောင်းများအောက်တွင် ဖိခံထားရသောကြောင့် ပြန်ယူ၍ မရနိုင်ပေ။
"ငါက မင်းကို ဒူးထောက်ပြီး ဝန်ဆောင်မှုပေးရလည်း စိတ်မရှိပါဘူး။ ရှဲ့ထင်းကလပ်မှာ ဧည့်သည်တွေက နတ်ဘုရားပဲလေ။" ရှောက်ယန်က မော့ကြည့်လိုက်ပြီး သူ၏ အနက်ရောင်မျက်လုံးများက မှောင်မိုက်သည့် အလင်းတို့ဖြင့် လောင်ကျွမ်းနေသည်။ "အဲဒီလိုပဲ ရှဲ့ထင်းကလပ်မှာ ပေးပြီးတဲ့ ကတ်တွေကို ဘယ်တော့မှ ပြန်ရုတ်သိမ်းနိုင်တဲ့ အခွင့်အရေးမရှိဘူး။ အခု မင်းက ကတ်ကို ပြန်သိမ်းချင်နေတာ။ အဲဒါကြောင့် ငါ မင်းကို မေးပါရစေ။ မင်းက အတန်းဖော်လား။ နတ်ဘုရားလား။"
လင်ချူးဆွေ့သည် ရှောက်ယန်က ထိုမျှ အလေးအနက်ဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သည်အခိုက်အတန့်ကို ရောက်မှ သူမသည် ရိုးရှင်းသော အပြာရောင်ကျောင်းယူနီဖောင်းကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် ကျောင်းသားပုံစံနှင့် လုံးဝ မတူကွဲပြားသော ရှောက်ယန်၏ တစ်ဖက်ခြမ်းကို မြင်တွေ့ခဲ့ရလေသည်။
ဤနေရာ၌ သူက ထိပ်တန်းကျောင်းသား မဟုတ်သလို သူမ၏ ထိုင်ခုံဖော်လည်း ဖြစ်မနေဘဲ တကယ့် ကြမ်းတမ်းသည့် လက်တွေ့ဘဝကို ဖြတ်သန်းနေရခြင်း ဖြစ်ပေသည်။
ဤနေရာ၌ သူက အခြားသူများကို အားရဝမ်းသာ လှောင်ပြောင်သရော်ကာ နောက်ပြောင်မှုဟု အလွယ်တကူ အမည်တပ်လိုက်နိုင်သည့် အတန်းဖော်အမည်ခံထားသော စဥ်းလဲသူများနှင့် ရင်ဆိုင်ရနိုင်သည်။
ရှောက်ယန်သည် ထိုကဲ့သို့ အနိုင်ကျင့်ခံနေရမည့် တစ်စုံတစ်ယောက် မဟုတ်ပေ။
လုချီက လင်ချူးဆွေ့ကို လှမ်းကြည့်လိုက်ပြီး သူမဘက်က စကားအနည်းငယ် ပြောပေးရန် မျှော်လင့်နေသည်။ ရှောက်ယန်က သူတို့ကို မျက်နှာသာမပေးကောင်း မပေးနိုင်သော်လည်း သူက လင်ချူးဆွေ့ကိုတော့ ကျိန်းသေ မျက်နှာသာပေးမည် ဖြစ်သည်။
လင်ချူးဆွေ့က လက်ပိုက်လျက်သားနှင့် ရပ်နေရင်း ဘေးမှ ကြည့်ရှုနေကာ ရွှီကျားနင်အား ကူညီမည့် စကားတစ်ခွန်းမှ ပြောပေးရန် ရည်ရွယ်ချက် မရှိပေ။
သူ စလိုက်သည့် ဇာတ်လမ်း သူကိုယ်တိုင် အဆုံးသတ်ရပေလိမ့်မည်။
သူနှင့် ထိုက်တန်ပေသည်။
ရွှီကျားနင်က အံကြိတ်ရင်း ရှောက်ယန်ကို ကြည့်လိုက်သည်။ ရှောက်ယန်က နှိမ့်ချသည်လည်း မဟုတ် မောက်မာသည်လည်း မဟုတ်သည့် အကြည့်တို့နှင့် ပြန်ကြည့်နေခဲ့သည်။
"အတန်းဖော်တစ်ယောက်အနေနဲ့ ငါ မင်းကို တစ်ခွက်လောက်ငှဲ့ပေးနိုင်တယ်။ နတ်ဘုရားအဖြစ်နဲ့ဆိုရင်တော့ နတ်ဘုရားတစ်ပါးရသင့်တဲ့ စံနှုန်းအတိုင်း ဝန်ဆောင်မှုကို ရယူနိုင်လိမ့်မယ်။"
"သေချာပေါက် အတန်းဖော်ပေါ့။" လုချီက အလျင်အမြန် ဝင်၍ ဖြန်ဖျေလိုက်သည်။ "ငါတို့က အတန်းတူတဲ့သူတွေပဲ။ ဘယ်သူ့ကိုမှ နှိမ့်ချကြည့်တာမျိုး မရှိဘူး။ အစောပိုင်းက ဒီနိုင်ငံခြားသားအတုကောင် သောက်ပြီး နည်းနည်းမူးသွားလို့သာ ပေါက်ကရတွေ လျှောက်ပြောနေတာ။"
ရွှီကျားနင်က အမှန်တကယ် ဒေါသထွက်နေပုံရပြီး လုချီကို အော်ဟစ်လိုက်သည်။ "ငါ့ကို နိုင်ငံခြားသားအတုကောင်လို့ ထပ်မခေါ်နဲ့။"
"ဘာ... ဘာလို့ ငါ့ကို လာအော်နေတာလဲ။"
လုချီက မှားယွင်းအပြစ်တင်ခံရသလို ခံစားလိုက်ရပြီး အနည်းငယ် ဒေါသထွက်သွားသည်။ "ငါက မင်းကို ကူညီမို့ ကြိုးစားနေတာ။ မင်းက ဘာလို့ ခွေးရူးတစ်ကောင်လိုမျိုး မြင်သမျှလူတိုင်းကို ကိုက်ချင်နေရတာလဲ။"
"ငါ မင်းအကူအညီကို မလိုအပ်ဘူး။ ဒါက ယွမ်နှစ်သိန်းတန် ဝိုင်ပုလင်းလေး တစ်ပုလင်းတည်းပဲမလား။" ရွှီကျားနင်က သူ့ကတ်ကို လှမ်းပေးလိုက်ပြီး စကားတစ်လုံးချင်းစီ ပီပီသသ ပြောလိုက်သည်။ "ငါ ရွှီကျားနင်က ဒါကို တတ်နိုင်တယ်။ ဒီနေ့ ဒီနေရာမှာ အတန်းဖော်ဆိုတာ မရှိဘူး။ ဝန်ဆောင်မှုလိုချင်တဲ့သူနဲ့ ဝန်ဆောင်မှုပေးရမယ့်သူပဲ ရှိတယ်။"
ရှောက်ယန်၏ နှုတ်ခမ်းထောင့်က ပေါ့ပါးစွာ ကွေးညွှတ်သွားပြီး သူ့ကတ်ကို တည်ငြိမ်စွာ ယူလိုက်ပြီးနောက် POS စက်တွင် လျင်မြန်စွာ ဖြတ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ဝိုင်ကို အခုချက်ချင်း ယူလာခဲ့ပါ့မယ်။"
ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားခဲ့သည်။
အခန်းက တိတ်ဆိတ်သွားပြီး လူတိုင်းက သီချင်းဆိုခြင်းနှင့် စကားပြောခြင်းကို ရပ်တန့်လိုက်ကာ ရွှီကျားနင်အား ဗလာဖြစ်စွာ စိုက်ကြည့်နေခဲ့သည်။
လက်ရှိ ရောက်နေခဲ့သည့် အတန်းဖော်အများစုမှာ သာမန်မိသားစုများမှ ဖြစ်သည်။ လုချီနှင့် လုထျန်းပိုင်ကဲ့သို့ ချမ်းသာသည့် ကလေး အနည်းငယ် ရှိလျှင်ပင် တစ်စုံတစ်ယောက်အား စိတ်အနှောက်အယှက်ပေးရန် ယွမ်နှစ်သိန်း သုံးပစ်မည့်သူက အနည်းငယ်သာ ရှိပေသည်။
ကျန်းချန်ယွီက လူတိုင်း စကားပြောရပ်တန့်လိုက်သည်ကို သတိပြုမိသည့်အတွက် မိုက်ကို ကောက်ယူကာ သံစဥ်နှင့်အတူ သီဆိုလိုက်သည်။ "ဘာလို့ ဒီပန်းကမ္ဘာထဲကနေ ပျံသန်းထွက်မသွားနိုင်တာလဲ။ ငါဟာ မူးယစ်နေတဲ့ လိပ်ပြာငယ်လေးတစ်ကောင်ပါပဲ။"
ထိုဖားအော်နေသလို သီချင်းစာသားနှစ်ကြောင်း ထွက်လာပြီးနောက်၌ပင် အခန်းထဲရှိ လေထုအခြေအနေက ပြင်းထန်နေဆဲ ဖြစ်သည့်အတွက် သူက မိုက်ကို ပြန်ချထားလိုက်ကာ ချောကလက်အချိုပွဲတစ်ခု ယူစားလိုက်သည်။
ဒါက ဘယ်လို ဒရာမာမျိုးလဲ။
မကြာခင်၌ ရှောက်ယန်က ဝိုင်နီတစ်ပုလင်း ယူဆောင်လာခဲ့ပြီး ဝိုင်ပုလင်းအဖုံးကို ဖွင့်လိုက်သည်။
ရွှီကျားနင်က ဆိုဖာတွင် ပျင်းရိစွာ မှီထိုင်နေပြီး သူ၏ သွယ်လျသော လက်ချောင်းများက ဝိုင်ခွက်နှုတ်ခမ်းကို ပွတ်သပ်နေခဲ့၏။
လူတိုင်းက သူတို့နှစ်ယောက်ထံ ကြည့်နေခဲ့ပြီး ယွမ်နှစ်သိန်းတန် ဝိုင်အတွက် ရှောက်ယန်က မည်သို့သော ဝန်ဆောင်မှု ပြုလုပ်လိမ့်မည်ကို မြင်ရရန် စောင့်ဆိုင်းနေကြသည်။
"သူ တကယ် ဒူးမထောက်လောက်ပါဘူး ဟုတ်တယ်မလား။"
"ကတ်က ဖြတ်ပြီးသွားပြီ။ သူ အတည်လုပ်နေတာ။"
"ဒါပေမယ့် သူတို့က အတန်းဖော်တွေလေ။ ဒီလိုလုပ်လိုက်တာက နောက်ပိုင်း တွေ့တဲ့အခါ အရမ်းတွေ ကိုးရို့ကားယားနိုင်ကုန်မှာ မဟုတ်ဘူးလား။"
"ပါဝင်ပတ်သတ်နေတဲ့ လူတွေကတောင် ကိုးရို့ကားယားမဖြစ်တာ။ မင်းက ဘာလို့ အကြောင်းပြချက်မရှိ လိုက်ခံစားကြည့်နေတာလဲ။"
.......
ရှောက်ယန်က ပရော်ဖက်ရှင်နယ်ကျကျက သူ၏ ရှပ်အင်္ကျီအိတ်ထဲမှညအသစ်စက်စက် အဖြူရောင်လက်အိတ်ကို ထုတ်ယူကာ ဝတ်ဆင်လိုက်ပြီး ဝိုင်ကို လောင်းထည့်ရန် ပြင်လိုက်သည်။
လင်ချူးဆွေ့က ချက်ချင်း ထရပ်ကာ ရှောက်ယန်ကို ရပ်တန့်ရန် ကြိုးစားလိုက်ချင်သော်လည်း သူမ စကားပြောရန် ပါးစပ်ကိုပင် မဖွင့်နိုင်ခင် ရှောက်ယန်က သူမကို ဆွဲကာ သူ့နောက်သို့ ပို့လိုက်ပြီး လမ်းမပိတ်အောင် လုပ်လိုက်သည်။
ထို့နောက် မည်သည့်တွေဝေမှုမှမရှိဘဲ သူက ဒူးတစ်ဖက်ထောက် ထိုင်ချကာ ရွှီကျားနင်အတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်သည်။
"ကျေးဇူးပြုပြီး ဖြေးဖြေး သုံးဆောင်ပါ။"
ရွှီကျားနင်က သူ့ရှေ့တွင် ဒူးထောက်ထားသည့် လူကို ကြည့်လိုက်သည်။
သူသည် ဘာကြောင့်မှန်းမသိဘဲ ပျော်ရွှင်မှုကို နည်းနည်းတောင် မခံစားခဲ့ရပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ့နှလုံးသားထဲ၌ အလွန် မသက်မသာဖြစ်မှုကို ခံစားခဲ့ရသည်။
တစ်ဖက်တွင် သူက ယွမ်နှစ်သိန်း သုံးလိုက်မိသည့်အတွက် နာကျင်နေရပြီး အခြားတစ်ဖက်တွင် သူသည် ယနေ့ည၌ ရွံရှာဖွယ်ကောင်းသော တစ်စုံတစ်ခုကို လုပ်လိုက်မိသလို ခံစားနေရသည်။
ရှောက်ယန်က တည်ငြိမ်စွာ ဝိုင်လောက်ထည့်ပေးလိုက်ပြီး သူ့မျက်နှာထက်တွင် အနိုင်ကျင့်စော်ကားခံရသည့် အမူအရာဖြစ်စေ မာနထိပါးခံရသည့် အမူအရာဖြစ်စေ မည်သည်ကိုမှ မပြသခဲ့ပေ။
သူက နေ့တိုင်း အိမ်စာကို ပြီးအောင် လုပ်နေရသကဲ့သို့ သူ့အလုပ်ကို ပြီးစီးအောင် လုပ်နေရုံမျှသာ ဖြစ်သည်။
ဒူးထောက်ထားသည့် သူ့နောက်ကျောကို ကြည့်ရင်း လင်ချူးဆွေ့၏ နှလုံးသားက တင်းကျပ်လာသည်။
သူမသည် ဤကဲ့သို့ ကိစ္စမျိုးက နေ့တိုင်း ဖြစ်ပျက်နိုင်သည်ဟု ခန့်မှန်းမိပေသည်။ နောက်ဆုံး၌ သူမသည် ရှောက်ယန်က အဘယ့်ကြောင့် သူ့အပေါ် ဝိုင်များဖြင့် လောင်းချခဲ့သည့် ဝတုတ်ကောင်ကို ထိုမျှ တည်ငြိမ်စွာ ရင်ဆိုင်ခဲ့သလဲဆိုသည်ကို နားလည်သွားခဲ့သည်။
ဤသည်က သူမ နေနေကျ ခါးသီးသည့် ဘဝအတွေ့အကြုံများ မရှိသော သီးခြားနေထိုင်ရာ မဟုတ်သလို ကျောင်း၌လည်း ဟုတ်မနေဘဲ လက်တွေ့အကျဆုံးသော လူ့ကမ္ဘာလောကပင် ဖြစ်သည်။ ဤနေရာ၌ အတန်းပိုင်ဆရာ လောင်ချင်မရှိသလို သူမကို ဆူပူရင်း ဂရုစိုက်ပေးနေမည့် အဖေနှင့် အမေလည်း မရှိပေ။
သူတို့ ကျောင်းနှင့် မိသားစုက သူတို့၏ ဖြူစင်ကာ အပြစ်ကင်းသည့် လူငယ်ဘဝကို ကာကွယ်ပေးထားပြီး အခက်အခဲများကို သဘာဝအလျောက် တားဆီးပေးထားသည်။
သို့သော် သူတို့ ကျောင်းမှ ထွက်လာပြီး လူမှုပတ်ဝန်းကျင်သို့ ဝင်ရောက်လာသည်နှင့် မည်သည့် သည်းခံမှုနှင့် စိတ်အပန်းပြေမှုတို့မှ မပေးဘဲ တောတွင်းဥပဒေသနှင့်အညီ ရှင်သန်နိုင်အောင် ကြိုးစားရမည် ဖြစ်သည်။
ရွှီကျားနင်က ယွမ်နှစ်သိန်း ထုတ်သုံးနိုင်သည့်အတွက်ကြောင့် သူက တစ်ဖက်လူ၏ ဂုဏ်သိက္ခာကို လွတ်လပ်စွာဖြင့် ရက်ရက်စက်စက် နင်းခြေနိုင်ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လင်ချူးဆွေ့သည် ရှောက်ယန်ပြောခဲ့ဖူးသော စကားကို ရုတ်တရက် နားလည်သွားသလို ခံစားလိုက်ရသည်။
"ဒီကမ္ဘာမှာ မင်းကို ကာကွယ်ပေးဖို့ မင်းနဲ့အတူ ဘယ်သူမှ မရှိဘူးဆိုရင် မင်းကိုယ်တိုင် ကြီးပြင်းလာအောင် သင်ယူရမယ်။"
မင်းတွင် ဆန္ဒမရှိလျှင်ပင် အခြားလူများက မင်းကို ကြီးပြင်းလာအောင် ဖိအားပေးလိမ့်မည် ဖြစ်သည်။
သူမက သူ့နေရာတွင် ဝင်စဥ်းစားကြည့်ပြီးနောက် သူမ ကျောင်းနှင့် အိမ်က ထွက်လာခဲ့ပြီး သူမ၏ အံ့ဖွယ်အမေကို ချန်ထားခဲ့ပါက သူမတွင် မည်သည့်အရာမှ ရှိတော့မည်မဟုတ်သလို မည်သည့်စွမ်းရည်မှလည်း ရှိမနေပေ။ သူမက ရှောက်ယန်နှင့်ပင် ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။
အနည်းဆုံး ရှောက်ယန်က ဒူးထောက်ရန် သည်းခံနိုင်စွမ်း ရှိသေးသည်။
သူမသာဖြစ်လျှင် တကယ်ပဲ ဒူးထောက်နိုင်ပါမည်လား။
..........
တိုးတက်မှုဘားတန်း : 10%
ရှောက်ယန်က အခြားကျောင်းသားများအတွက်လည်း ဝိုင်ငှဲ့ပေးလိုက်သည်။
သို့သော် သူတို့က ရှောက်ယန်၏ ဝန်ဆောင်မှုကို လက်မခံနိုင်သည်မှာ သေချာပေသည်။ အထူးသဖြင့် လုချီနှင့် အခြားသူများ ဖြစ်သည်။ လင်ချူးဆွေ့၏ ခြိမ်းခြောက်နေသော အကြည့်အောက်တွင် သူတို့က ရှောက်ယန်လှမ်းပေးသည့် ဝိုင်ခွက်များကို လက်ခံရန် လက်နှစ်ဖက်ကို အသုံးပြုခဲ့ကြသည်။ "ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။"
သူတို့က အလွန် လေးစားလှသော သဘေားထားဖြင့် ရှောက်ယန်ကို ဒူးမထောက်စေခဲ့ပေ။
"မင်း အသက်ပြည့်ပြီလား။" ရှောက်ယန်က လုချီကို မေးလိုက်သည်။ "ဒီကလပ်မှာ အသက်မပြည့်တဲ့ သူတွေကို အရက်မရောင်းရဘူးဆိုတဲ့ စည်းမျဥ်းရှိတယ်။"
လုချီ ပြန်မဖြေရသေးခင် ရွှီကျားနင်က အေးစက်စက် သရော်လိုက်သည်။ "မင်းက ကတ်ဖြတ်ပြီးမှ အသက်ပြည့်ပြီလားလို့ မေးတာ မြင်းလွတ်သွားပြီးမှ တံခါးပိတ်နေတာပဲ မဟုတ်ဘူးလား။"
"ငါ မင်းကတ်ကို ဖြတ်လိုက်တာ ရုံးခန်းထဲမှာ ဆရာ့ကို ဖိုင်တွေစီဖို့ ကူညီပေးတုန်းက မင်းရဲ့ ကျောင်းသားမှတ်တမ်းကို မြင်ခဲ့ပြီး မင်းအသက်ပြည့်တာကို သိနေလို့ပဲ။ အဲဒါကြောင့် မင်းကို အရက်ရောင်းဖို့အတွက် ပြဿနာမရှိဘူး။"
ရွှီကျားနင်က ရှိုးတို့ရှန်းတန်းဖြင့် ပါးစပ်ပိတ်သွားပြီး ထပ်နှောက်ယှက်ရန် ပျင်းရိသွားသည်။
***