← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အပိုင်း ( ၂၅ )

လုချီက အလျင်အမြန် ပြောလိုက်၏။ "ငါ့ ညီမက ဒီနေ့ ဆယ့်ရှစ်နှစ်ပြည့်တာ။ ငါတို့က ညသန်းခေါင်မတိုင်ခင်နဲ့ သန်းခေါင်ကျော်ပြီး မွေးခဲ့တဲ့အမြွှာတွေပဲ။ ငါက သူမထက် တစ်ရက်ပိုပြီး အသက်ကြီးတယ်။"

ရှောက်ယန်က ဝိုင်ပုလင်းနှင့် လင်ချူးဆွေ့ဆီသို့ လျှောက်သွားခဲ့ပြီး သူက သူမအတွက် ဝိုင်လောင်းထည့်မပေးခဲ့ပေ။ ထို့အစား သူ့အိတ်ထဲမှ ကယ်လ်ဆီယံဓာတ်မြင့်သည့် နွားနို့တစ်ဘူးကို ထုတ်ယူ၍ သူမရှေ့တွင် ချထားပေးလိုက်သည်။

"ဟမ်…"

"မင်း အသက်ပြည့်ပြီလား။"

"သေချာ...."

သူ၏ အကြည့်များကို မြင်သောအခါ လင်ချူးဆွေ့က သူမ အသက်ပြည့်ပြီးပြီဟူသော စကားများကို ပြန်မြိုချလိုက်ရပြီး သူ့ကို မေးလိုက်သည်။ "ငါတို့ နွားနို့အော်ဒါမှာခဲ့လို့လား။"

ရှောက်ယန် : "မမှာဘူး။"

"အဲဒါဆို ဘာလို့...."

"ငါ ဝယ်တိုက်တာ။"

လင်ချူးဆွေ့က သူ၏ မင်ရည်ကဲ့သို့ နက်မှောင်သော မျက်လုံးများကို စိုက်ကြည့်ရင်း မရေမရာမေးလိုက်သည်။ "ငါ့တစ်ယောက်တည်းကို ဝယ်တိုက်တာလား။"

"အင်း"

"ဘာလို့လဲ။"

သူမ၏ မျက်နှာလေးက နီရဲလာပြီး သူမက တုန်ယင်စွာ အော်ဟစ်လိုက်သည်။ "ငါ့ အချစ်ဆုံး သူငယ်ချင်းလည်း ဒီမှာရှိတယ်။ ငါ့ အချစ်ဆုံးသူငယ်ချင်းရဲ့ သူငယ်ချင်းတွေလည်း ဒီမှာ ရှိတယ်။ ငါ့ အချစ်ဆုံးသူငယ်ချင်းရဲ့ အစ်ကိုအရင်းလည်း ဒီမှာရှိတယ်။ အဲဒါတောင် ဘာလို့ ငါ့တစ်ယောက်တည်းကို ဝယ်တိုက်ရတာလဲ။ ငါက နင့်အတွက် အရမ်း အရေးကြီးတာပဲလား။"

ထိုသို့ပြောပြီး​နောက် သူမက ဘာမှမဖြစ်သည့် အမူအရာကို ထိန်းသိမ်းထားပြီး သူမက သဘောကျနေလျှင်ပင် သိသိသာသာ ပြသ၍ မဖြစ်နိုင်ပေ။

"..."

တကယ့်ကို ဒရာမာတွေများလွန်းတဲ့ မိန်းကလေးပဲ။

ရှောက်ယန်က ပိုက်ချောင်းလေးကို နွားနို့ဘူးထဲ ထည့်ပေးလိုက်ပြီး လင်ချူးဆွေ့ထံ ပေးလိုက်သည်။ "သောက်လိုက်။"

လုချီက ရှောက်ယန်အား လက်မထောင်ပြလိုက်၏။

"ငါတို့ ချူးကော(အစ်ကိုချူး)က သိမ်မွေ့ညင်သာတဲ့ အမျိုးကောင်းသားတွေရဲ့ ဝန်ခံမှုတွေကို အမြဲငြင်းဆန်လာတာ။ ငါ ထင်တာတော့ မင်းလို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ကျောင်းရဲ့ အသည်းကြော်​လေးကပဲ ချူးကောကို လိုက်နိုင်မယ့် အလားအလာကောင်းတွေ ရှိတဲ့ပုံပဲ။"

လုချီစကားဆုံးသွားပြီးနောက် KTV အခန်းတစ်ခုလုံးက တစ်ညီတစ်ညာတည်း လက်ခုပ်သြဘာပေးလိုက်ကြပြီး စနောက်ကာ သံပြိုင်အော်လိုက်ကြ၏။

"တွဲလိုက်ကြ။ တွဲလိုက်ကြ။"

လင်ချူးဆွေ့က နွားနို့ဘူးကို ယူကာ တစ်ငုံသောက်လိုက်သည်။

ရှောက်ယန်က ရှင်းပြလိုက်၏။ "မင်းက ဒီည ငါ့ရဲ့ အရောင်းတန်ဖိုးကို ဒုံးပျံလို မြင့်တက်လာအောင် အများကြီး သုံးဖြုန်းနိုင်တဲ့ ရွှေသခင်လေးကို ခေါ်လာခဲ့ပေးတာလေ။ နွားနို့လေး တစ်ဘူးလောက် ဝယ်တိုက်ရတာက ဘာမှမဖြစ်ပါဘူး။"

သူ ပြောသည်ကို ကြားသောအခါ ရွှီကျားနင်၏ မျက်နှာအမူအရာက ပို၍ပင် မည်းမှောင်လာသည်။

"အဲဒါဆိုလည်း ကျေးဇူး။" လင်ချူးဆွေ့က ​ပြောလိုက်သည်။

"သောက်ပြီးရင် မြန်မြန် အိမ်ပြန်ပြီး အိပ်တော့။"

သူမသည် အရင်တုန်းက သူမအတွက် ညတိုင်း လောင်လင်က နွားနို့တစ်ခွက် ကျိုပေးခဲ့ပြီး အိပ်ရာမဝင်ခင် သောက်ခဲ့ရသည်ကို သတိရလိုက်သည်။

သူမ၏ ခံစားချက်များက ချက်ချင်း နူးညံ့ပျော့ပျောင်းသွား၏။

နွားနို့အရသာက သူမ၏ လျှာဖျားတွင် ပေါက်ကွဲထွက်လာသည်။

"ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်အနေနဲ့ နင်က ဘယ်လိုလုပ် ဧည့်သည်တွေကို နှင်ထုတ်နိုင်ရတာလဲ။" လင်ချူးဆွေ့က ပြောလိုက်သည်။ "ငါ အိပ်ချင်တဲ့ အချိန်ကျမှ အိပ်မှာပေါ့။"

"သူတို့အတွက်တော့ ငါက ဝန်ဆောင်မှုပေးတဲ့လူပဲ။" ရှောက်ယန်က ဗန်းကို ကိုင်ရင်း ထရပ်လိုက်ပြီး သူမနားနားတွင်ကပ်ကာ နူးညံ့ညင်သာစွာ ပြောလိုက်သည်။ "မင်းအတွက်တော့ ငါက လေးစားရတဲ့ ထိုင်ခုံဖော်လေးပဲ။"

လင်ချူးဆွေ့သည် သူမနားထဲသို့ ရောက်လာသည့် ပူနွေးသော ထွက်သက်လေကို ခံစားမိနိုင်သည်။ သူမက ခေါင်းကို ငုံ့ရင်း ရေရွတ်လိုက်၏။

"အရမ်းစိတ်ရှုပ်စရာပဲ။ ငါက နင့်ကို ထိုင်ခုံဖော်လို့ မ​မြင်ဘဲ ငါ့အဖေလို့ မြင်နေတာလေ။"

ရှောက်ယန်က အလုပ်ဆင်းပြီးနောက် ပုံမှန်အတိုင်း အိမ်စာလုပ်ရန် အိမ်သို့ အမြန်မပြန်ခဲ့ပေ။ သူက ဘားတွင် တစ်ယောက်တည်း ထိုင်နေပြီး ပုလင်းတစ်ဝက်ကျန်သည့် ဝိုင်နီကို တိတ်ဆိတ်စွာ သောက်နေခဲ့သည်။

သူနှင့် ဆက်ဆံရေးကောင်းမွန်သော အဖျော်ဆရာက သူ့ပခုံးကို ပုတ်ရင်း နှစ်သိမ့်လိုက်သည်။ "မင်းက ဒီည ငါတို့ရဲ့ လအနည်းငယ်စာ လစာနဲ့ ညီမျှတဲ့ ဘောက်ဆူးအများကြီးရအောင် လုပ်နိုင်ခဲ့တာလေ။ ဘာတွေ စိတ်တိုစရာ ရှိနေလို့လဲ။"

"ကျွန်တော် စိတ်မတိုပါဘူး။"

သူက စိတ်တိုနေခြင်း မဟုတ်ဘဲ အနည်းငယ် မချင့်မရဲ ဖြစ်နေခြင်း ဖြစ်သည်။

"ငါ သိပါတယ်။ မင်း အရင်တုန်းက ဘောက်ဆူးလေးပိုရဖို့အတွက် ဧည့်သည်တွေကို ဘယ်တော့မှ ဒူးမထောက်ဘူးဆိုတာ။ ဒါပေမယ့် မင်း ဒီနေ့ည ပထမဆုံး လုပ်ခဲ့တယ်လေ။ ပိုက်ဆံဆိုတာ မရှိရင် ငါတို့မှာ ဂုဏ်သိက္ခာမရှိဘူး။ အတွေးလွန်တာက မင်းကို ပိုပြီး စိတ်တိုစရာပဲ ဖြစ်လာစေလိမ့်မယ်။"

အမှန်ပင် ယနေ့ညမတိုင်ခင်က ရှောက်ယန်သည် ဘောက်ဆူး ပိုမိုရစေရန်အတွက် အောက်ခြေစည်းမရှိဘဲ လူရွှင်တော်များကဲ့သို့ ခုန်ပေါက်​နေသည့် အခြားဝိတ်တာများကဲ့သို့ သူ့အဆင့်ကို ဘယ်တော့မှ မနှိမ့်ချခဲ့ဖူးပေ။

သူသည် ပိုက်ဆံရှာဖွေရန်အတွက် သူ၏ ကိုယ်ပိုင်စွမ်းရည်ကို မှီခို၍ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရင်း အမြင့်သို့ တဖြေးဖြေး တက်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ယနေ့ည အဖြစ်အပျက်တွင်သည် သူသည် ရွှီကျားနင်ကို သင်ခန်းစာတစ်ခု ပေးချင်ခဲ့ကြောင်း ဝန်ခံပါသည်။ တစ်ချိန်တည်းတွင် လင်ချူးဆွေ့ကို ဤလူမှုအသိုင်းအဝိုင်း၏ အရက်စက်ဆုံး အမှန်တရားအား မြင်တွေ့စေပြီး သူမအား လှုံ့ဆော်ချင်ခဲ့သည်။

တိုးတက်မှုဘားတန်းက ဆယ်ရာခိုင်နှုန်းအထိ ခုန်တက်သွားသည်မှာ သူအောင်မြင်ခဲ့ကြောင်း သက်သေပင် ဖြစ်သည်။

ရှောက်ယန်က လက်တွေ့ကျသောသူတစ်​ယောက် ဖြစ်သည်။ အသက်ရှင်သန်နိုင်ရန် ကောင်းကောင်းမွန်မွန် အသက်ရှင်နိုင်ရန် သူသည် မည်သည့်နည်းလမ်းမဆို အသုံးပြု၍ ဘာမဆိုလုပ်မည် ဖြစ်သည်။

သူ၏ စွမ်းရည်နှင့် နေ့တိုင်း ဂရုမထားဘဲ လွတ်လွတ်လပ်လပ် နေတတ်သည့် ရူးကြောင်ကြောင် မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်ရန်မှာ လွယ်ကူလှပေသည်။

လှည့်ကွက်​​လေးအနည်းငယ်နှင့် သူမကို နာခံလာအောင် လုပ်နိုင်ပြီး သူမ၏ အဆင့်များကို တက်လာအောင်နှင့် သူမကို လမ်းမှန်သို့ ရောက်အောင် လမ်းပြပေးရန် လုပ်ဆောင်နိုင်သည်။

ရှောက်ယန်က အသက်ရှင်ချင်သလို ကောင်းမွန်သည့် အနာဂတ်တစ်ခုကိုလည်း လိုချင်ပေသည်။

တာဝန်က ဆယ်ပုံတစ်ပုံ ပြီးမြောက်သွားပြီ ဖြစ်သည်။ သူက အစီအစဉ်အတိုင်း ဆက်လုပ်သွားခဲ့လျှင် တစ်နှစ်အတွင်း တာဝန်ကို ပြီးမြောက်ရန်မှာ အလွယ်လေးပင်။

သို့သော် ရှောက်ယန်က မပျော်နိုင်သလို ခံစား​နေရသည်။ သူက မပျော်သလို ခံစားရရုံမျှမက အလွန်ပင် ထိုင်းမှိုင်းနေခဲ့သည်။ အထူးသဖြင့် လင်ချူးဆွေ့က 'ငါ့ထိုင်ခုံဖော်က ဟိုဟာ ဒီဟာ' နှင့် ပြောဆိုပြီး သူ့ကို အထပ်ထပ်အခါခါ ကာကွယ်ပေးနေသည်ကို မြင်ရသည့်အခါတွင် ဖြစ်သည်။

ကလေးဘဝကတည်းက သူ၏ အစ်မမှလွဲ၍ မည်သူကမှ သူ့ကို ဤကဲ့သို့ ဂရုမစိုက်ပေးဖူးခဲ့ပေ။

သူ့အစ်မက သူနှင့် မိသားစုတော်စပ်သူ ဖြစ်သည်။ သို့သော် သူမက မည်သို့တော်စပ်ပါသနည်း။

သူက သူမအဖေကို သွယ်ဝိုက်သောနည်းဖြင့် သေစေခဲ့သည့် တရားခံဖြစ်သည်။ တစ်နေ့တွင် သူမသာ အမှန်တရားကို ရှာဖွေတွေ့ရှိသွားပါက သူမက သူ့ကို ဓားဖြင့် ထိုးသတ်ချင်လိမ့်မည်လား။

ရှောက်ယန်က ဝိုင် နောက်ဆုံးတစ်ငုံ သောက်လိုက်ပြီး ပုလင်းကို စားပွဲပေါ်တွင် ပစ်စလတ်ခတ် ထားပစ်၍ ထွက်လာခဲ့ပေသည်။

.......

ရွှီကျားနင်က လင်ချူးဆွေ့ကို အိမ်သို့ ပြန်ခေါ်လာခဲ့သည်။

ဤနှစ်ရက်အတွင်း ဖန်းယို့ယိက အလုပ်ကိစ္စခရီးသွားနေရပြီး အိမ်မှာ မရှိပေ။ အမှန်တကယ်၌ လင်ချူးဆွေ့သည် သူမ၏ ပထွေး ရွှီစုန့်ပိုင်က သူမကို ထပ်ပြီး ဆုံးမချင်နေမည်ကို အနည်းငယ် စိုးရိမ်ကြောက်ရွံ့နေသည်။

သို့သော် လောင်ရွှီသည် ယနေ့ည၌ သူမနှင့် ရန်ဖြစ်ချင်သည့် စိတ်အခြေအနေရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ရှောင်ရွှီက သူနှင့် ချိတ်ဆက်ထားသည့် ခရက်ဒစ်ကတ်မှ ယွမ် ၂၂၃၄၀၀ သုံးပစ်လိုက်၍ ဖြစ်သည်။

ရွှီစုန့်ပိုင်က ထိုပမာဏလောက်ကို စာဖွဲ့လိမ့်မည် ​မဟုတ်ပေ။ သို့သော် ထိုပိုက်ဆံကို ဘယ်နေရာ၌ သုံးလိုက်သလဲဟူသည်က အဓိက အကြောင်းပြချက်ဖြစ်ကာ ဖျော်ဖြေရေးကလပ်၌ သုံးလိုက်ခြင်းကို သူက သေချာပေါက် သိပေလိမ့်မည်။

သူက အမြဲတမ်း ရွှီကျားနင်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တတ်သည်။ ကျားအဖေ၏ နှစ်ပေါင်းများစွာ သင်ကြားပေးခြင်းခံရပြီး သူက သူ့သားကို အထူးကဲဆုံးအသွင်ရအောင် လေ့ကျင့်ပေးနိုင်ခဲ့သည်။

ရွှီကျားနင်က သူ့ သင်ကြားရေးဆိုင်ရာ အတွေးအမြင်၏ ပုံစံငယ်တစ်ခုဟု ဆိုနိုင်ပေသည်။

ထို့အတွက်ကြောင့်ပင် ဖန်းယို့ယိ က လင်ချူးဆွေ့အပေါ် သူ၏ စကားလုံးများနှင့် အပြုအမူများကို သဘောမကျသော်လည်း သိပ်မပြောခဲ့ခြင်းမှာ ထူးချွန်သည့် ရွှီကျားနင်က ဤနေရာ၌ ရှိနေပြီး စကားလုံးများဖြင့် ပြောဆိုနေခြင်းထက် ထင်သာမြင်သာ ရှိနေသောကြောင့် ဖြစ်သည်။

သို့သော် ယနေ့ညတွင် ရွှီကျားနင်က သူ ခြေမချသင့်သည့် ဖျော်ဖြေရေးကလပ်သို့ သွားခဲ့ရုံသာမက ယွမ်နှစ်သိန်းကျော်ကိုလည်း သုံးဖြုန်းပစ်ခဲ့သေးသည်။

ရွှီစုန့်ပိုင်က ထိုမက်ဆေ့ချ်ကို မြင်သည့်အခါ မေ့လဲလုမတတ် ဒေါသထွက်သွားခဲ့သည်။

လောင်ရွှီ သူ့သားကို ဆုံးမချင်သည်က လင်ချူးဆွေ့အား ပျော်ရွှင်စေပြီး ရွှီကျားနင်က နေ့တိုင်း အဆူအရိုက်ခံရပါစေဟုပင် ဆုတောင်းမိသည်။

သို့သော် သူမက သူမစကားကို တည်ပေသည်။ သူမ ရွှီကျားနင်ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် ကတိပေးခဲ့သည့်အတွက် သူမစကားကို တည်ရမည် ဖြစ်သည်။

သူမက ရွှီစုန့်ပိုင်ထံသို့ လျှောက်သွားပြီး တောင်းပန်ရန် ခေါင်းငုံ့ အရိုအသေပေးလိုက်သည်။ "တောင်းပန်ပါတယ်။"

ရွှီစုန့်ပိုင်က ရွှီကျားနင်အပေါ် ထွက်နေသည့် ဒေါသအား ဖိနှိပ်ကာ မေးလိုက်သည်။ "မင်းက ဘာကို တောင်းပန်တာလဲ။"

"ကလေးတွေက လူကြီးတွေကို အနိုင်မကျင့်သင့်ဘူး။ ရှင့်ကို အရှက်ရအောင် မလုပ်သင့်ဘူး။ ကျွန်မတို့ ရန်ဖြစ်နေတုန်း ရွှီကျားနင် ဓာတ်ပုံနဲ့ ဗွီဒီယိုတွေ ရိုက်နေတာကို သတိထားမိလိုက်သင့်တယ်။" သူမက ဆက်ပြောလိုက်သည်။ "အဲဒါကြောင့် တောင်းပန်ပါတယ်။"

ထိုသို့ပြောပြီးနောက် ရွှီစုန့်ပိုင်၏ ဒေါသက အဆင့်တစ်ဆယ်သို့ ချက်ချင်းမြင့်တက်သွားသည်။ သူက လင်ချူးဆွေ့ကို မရိုက်နိုင်သည့်အတွက် သူ့ဒေါသအားလုံးကို ရွှီကျားနင်ပေါ်သို့ ပုံချလိုက်သည်။

"အသုံးမကျတဲ့ကောင် ဒူးထောက်စမ်း။"

ရွှီကျားနင်က တွေဝေခြင်းမရှိဘဲ ဒူးထောက်ချလိုက်သည်။

ရွှီစုန့်ပိုင်က အိမ်ကို လှည့်ပတ်ကြည့်လိုက်ပြီး လက်ထဲတွင် ကိုင်စရာမည်သည့် 'လက်နက်' မှ ရှာမတွေ့သောကြောင့် သူက ဝရံတာကို ထွက်ကာ အင်္ကျီချိတ်တစ်ခု ယူလိုက်ပြီး ရွှီကျားနင်၏ ကျောကို ရိုက်နှက်လိုက်သံက စူးရှစွာ ထွက်ပေါ်လာသည်။

အသံကို နားထောင်ရုံနှင့်ပင် လင်ချူးဆွေ့က နာကျင်မှုကို ခံစားလိုက်ရပေသည်။ သို့သော် ရွှီကျားနင်က မတုန်မလှုပ်နှင့် ရှိနေပြီး ခွင့်လွှတ်ရန် တောင်းပန်ဖို့မဆိုထားနှင့် အသံပင် တစ်စက်မှ မထွက်ခဲ့ပေ။

သူက ထိုကဲ့သို့ အံတင်းတင်းကြိတ်ထားသည်ကို မြင်သောအခါ ရွှီစုန့်ပိုင်က ပို၍ ဒေါသထွက်လာပြီး သူ့ ခွန်အားကို ပိုတိုးလိုက်ကာ ရွှီကျားနင်၏ ကျောကို အားပြင်းပြင်းနှင့် ရိုက်နှက်လိုက်သည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။ "ငါ မင်းကို ဒီနှစ်တွေတလျှောက် အချည်းနှီး ပျိုးထောင်လာမိတာပဲ။ ငါက မင်းကို စာသင်ဖို့ ပို့လိုက်တာကို မင်းက လျှောက်သုံးဖြုန်းဖို့ မကောင်းတဲ့ အကျင့်တွေ တတ်လာတယ်။ မင်းနဲ့ အဲဒီကောင်းကွက်တစ်ကွက်မှ မရှိတဲ့ဟာတွေကြားမှာ ဘာကွာတော့လို့လဲ။ မင်းအမှားကို မင်း ဝန်ခံလား။"

"ကျွန်တော် မှားသွားပါတယ်။" သူ့အသံက အားနည်းကာ အက်ရှနေသည်။

မမျှော်လင့်ဘဲ ရွှီစုန့်ပိုင်က သူ့အား ပို၍ပင် ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။ "မင်းက ဘယ်နေရာမှာ မှားနေလဲဆိုတာ သတိပြုမိမှာတောင် မဟုတ်ဘူးလို့ ငါ မြင်တယ်။"

နောက်ဆုံး၌ လင်ချူးဆွေ့က ထပ်၍ ရပ်ကြည့်မနေနိုင်တော့ပေ။ သူမက ရွှီကျားနင်အရှေ့၌ ပိတ်ရပ်၍ ပြောလိုက်သည်။ "ရှင့်မှာ အကြင်နာတရား နည်းနည်းလေးတောင် မရှိဘူးလား။ သူ မှားတယ်လို့ ဝန်ခံပြီးပြီလေ။ ဘာလို့ သူ့ကို ဆက်ရိုက်နေသေးတာလဲ။"

"ငါ့သားကို ငါ ဘယ်လို ဆုံးမတယ်ဆိုတာ မင်းနဲ့ ဘာမှမဆိုင်ဘူး။ အနာခံမှ အသာစံရမှာ။ မင်းသာ ငါ့သမီးဆိုရင် မင်းကိုလည်း ငါ ဒီလိုပဲ ရိုက်မှာကွ။"

"ဟုတ်တယ်။ ကျွန်မက ရှင့်သမီး မဟုတ်ဘူး။ ရိုက်ကြည့်လိုက်လေ။"

"မင်းကို မရိုက်ဘူးလို့ ငါ မင်းအမေကို ကတိပေးထားတယ်။ ဒါပေမယ့် မင်းအမှား မင်းသိအောင် လုပ်ဖို့ နည်းလမ်း ငါ့မှာ ရှိတယ်။"

လင်ချူးဆွေ့က ထိုလူ၏ မနှစ်မြို့ဖွယ် နည်းလမ်းများကို သိရှိပေသည်။ သူက ဖန်းယို့ယိကို သူမ နောက်ကွယ်တွင် မကောင်းကြောင်းများ ပြောပြီး သူမ၏ နေ့ရက်များကို ခက်ခဲအောင် ပြုလုပ်လိမ့်မည် ဖြစ်သည်။

သို့ဆိုလျှင်ပင် လင်ချူးဆွေ့က ဘေးထွက်ရပ်ကာ ကြည့်မနေနိုင်ပေ။ "ဒါက ကျွန်မအိမ်ပဲ။ ရှင် တစ်ယောက်ယောက်ကို ရိုက်ချင်တယ်ဆိုရင် အပြင်မှာ ထွက်ရိုက်။ ကျွန်မတို့်အိမ်မှာ အကြမ်းဖက်တာကို ခွင့်မပြုဘူး။"

ဤသည်မှာ လောင်လင်၏ စကားများ ဖြစ်သည်။

ဖန်းယို့ယိက လောင်လင်၏ စကားများကို အလွန် နားထောင်ပေသည်။ သူမတွင် ဒေါသကြီးသည့် စိတ်သဘောထားမျိုး ရှိလျှင်ပင် လင်ချူးဆွေ့က မည်မျှ ပုန်ကန်တတ်ပြီး ထိန်းမရအောင် ဆိုးသွမ်းနေလျှင်ပင် တစ်ခါမှ လက်မတင်ဖူးခဲ့ပေ။

အိမ်ဆိုသည့်အရာမှာ နွေးထွေးမှုနှင့် နားလည်မှုအပြည့် ရှိရမည့်နေရာဖြစ်ပြီး အကြမ်းဖက်မှု မတည်ရှိသင့်ပေ။

ရွှီစုန့်ပိုင်က လင်ချူးဆွေ့ကို ကြည့်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်း အမေနဲ့ ငါက လက်ထပ်ပြီးပြီ။ ငါတို့က တစ်အိမ်တည်းမှာ မျှဝေနေထိုင်နေတာ။ ငါ့အိမ်မှာ ငါ့သားကို ဆုံးမတာက သဘာဝပဲ။ မင်း ဝင်မစွက်ဖက်ဖို့ပြောလိုက်မယ်။ မဟုတ်ရင် ငါ မင်းကိုပါ သင်ခန်းစာပေးရလိမ့်မယ်။"

"ရှင် လုပ်ရဲလား။"

တလျှောက်လုံး တိတ်ဆိတ်နေသည့် ရွှီကျားနင်က မနေနိုင်တော့ဘဲ လင်ချူးဆွေ့၏ အင်္ကျီလက်ကို ခပ်ဖွဖွ ဆွဲလိုက်သည်။ "ဒီမှာ သူရဲကောင်းလာလုပ်မနေနဲ့တော့။ မင်း အခန်းကို ပြန်ပြီး အိမ်စာသွားလုပ်နေလိုက်။"

လင်ချူးဆွေ့က သူ့ကို လျစ်လျူရှုကာ ရွှီစုန့်ပိုင်ကို ထိပ်တိုက်ရင်ဆိုင်ကာ တစ်လုံးချင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။ "သူ့ကို ထပ်မရိုက်နဲ့တော့။"

သူ့ရှေ့တွင် ပိတ်ကာထားသည့် မိန်းကလေးကို ကြည့်ရင်း ရွှီကျားနင်၏ မျက်လုံးများက အနည်းငယ် ရှုပ်ထွေးနေသည်။

ရွှီစုန့်ပိုင်က အင်္ကျီချိတ်ကို ပစ်ချလိုက်၏။ သူ့ ဒေါသက မပြေသေးသော်လည်း သူ့ကိုယ်သူ ထိန်းကာ ​ပြောလိုက်သည်။ "ကောင်းပြီ။ ထပ်မရိုက်တော့ဘူး။ ဘားမှာ ဘာလို့ အဲဒီလောက် ပိုက်ဆံတွေအများကြီး သုံးခဲ့တာလဲ မသိပေမယ့် သုံးခဲ့တာက သုံးခဲ့တာပဲ။ ဒါပေမယ့် ငါ မင်းကို ငယ်ငယ်ကတည်းက ကိစ္စတစ်ခုကို မလုပ်ခင် အကျိုးဆက်ကို သုံးခါတိတိ စဥ်းစားဆုံးဖြတ်ရမယ်လို့ ပြောခဲ့တယ်။ အခု မင်း လုပ်ခဲ့တာဆိုတော့ အကျိုးဆက်ကို လက်ခံနိုင်တဲ့ သတ္တိရှိတယ်မလား။"

"လက်ခံပါတယ်။" ရွှီကျားနင်က ၎င်းကို မျှော်မှန်းထားသကဲ့သို့ ခေါင်းအား မော့လိုက်သည်။

"ကောင်းတယ်။ ဒီတစ်ခေါက် နှစ်ဝက်စာမေးပွဲမှာ မင်း ပထမအဆင့် ရတာကို လိုချင်တယ်။"

လင်ချူးဆွေ့က ရယ်မောလိုက်သည်။ "ပထမရဖို့အတွက် အခက်အခဲက နောက်နေ့မနက်ခင်းမှာ ရုတ်တရက်ကြီး နိုးလာပြီး ကျွန်မရဲ့ ချစ်လှစွာသော အစ်ကိုတစ်ယောက် ဖြစ်လာဖို့ထက်ကို ပိုခက်ခဲတယ်။ ဖြစ်နိုင်ချေက မရှိသလောက်ပဲ။ ကျွန်မတို့ ကျောင်းရဲ့ ထိပ်တန်းကျောင်းသားက ထူးကဲသာလွန်တဲ့ ဉာဏ်ကြီးရှင်ပဲ။ သူ့ကို ဘယ်သူမှ မဖိနှိပ်နိုင်ဘူး။"

ရွှီစုန့်ပိုင်က ရွှီကျားနင်ကို ကြည့်လိုက်သည်။ "မင်း မလုပ်နိုင်ရင် မင်းအမေဆီ ပြောင်းသွားနိုင်တယ်။"

ရွှီကျားနင်က မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ "ဘာ…"

ရွှီစုန့်ပိုင်က အတည်ပြောနေခြင်း ဖြစ်သည်။ "ငါက အဖေကောင်းမဟုတ်ဘူးလို့ တစ်ယောက်ယောက်က မေးခွန်းထုတ်နေမှတော့ မင်းအမေက ဘယ်လောက် ကောင်းမွန်တဲ့ အမေဖြစ်လဲဆိုတာကို အတွေ့အကြုံ သွားယူလိုက်။"

'တခြားလူရဲ့ အမှားကို ကျွန်တော့်ပေါ် ပုံချပြီး တခြားလူရဲ့ အတွေးတွေကြောင့် ကျွန်တော့်ကို အပြစ်ပေးတယ်။ အဖေ့ မျက်လုံးထဲမှာ ကျွန်တော်က အဲဒီလောက်တောင် မထိုက်တန်ဘူးလား။'

ရွှီကျားနင်က ထိုစကားများကို ပြောထွက်လုနီးပါး ဖြစ်သွားသော်လည်း အဆုံးတွင် သူ့ကိုယ်သူ ပြန်ထိန်းထားလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ဆုပ်ထားသည့် လက်သီးကို ဖြေလျော့လိုက်ကာ နက်ရှိုင်းသည့် အသံနှင့် ပြောလိုက်သည်။ "ကျွန်တော် အဆင့်တစ်ရအောင် လုပ်မယ်။"

........

ထိုအချိန်အတောအတွင်း ရွှီကျားနင်က ရှောက်ယန်ကို ကျော်တက်ပြီး အဆင့်တစ်ရစေရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။

လင်ချူးဆွေ့က သူမ၏ 'အဖိုးတန်ထိုင်ခုံဖော်' လေးကို ထိုအတွင်းသတင်း ပြောပြခဲ့သော်လည်း သူမ၏ 'အဖိုးတန်ထိုင်ခုံဖော်' ​လေးက တစ်လုံးတည်းသာ ပြန်ဖြေခဲ့သည်။

"အိုး"

လင်ချူးဆွေ့က ပြောလိုက်သည်။ "ဒီတလောမှာ နင်က အချိန်ပိုင်းအလုပ် လုပ်နေရပေမယ့် နိုင်ငံခြားသားအတုကောင်ကတော့ နေ့တိုင်း ညဘက်ကို နောက်ကျတဲ့အထိ စာလုပ်နေခဲ့တာ။ ပြီးတော့ ဒီမနက်လည်း ငါးနာရီလောက်ကြီး ခြံထဲမှာ ကဗျာကျက်နေသေးတယ်။"

"ငါ သိသလောက်တော့ အဲဒီကဗျာကို ခုန်ချွယ့်သုန်းနန်ဖေး (အရှေ့တောင်အရပ်ကို ပျံသန်းတဲ့ ဥဒေါင်း) လို့ ခေါ်သင့်တာမလား။"

"အသေးစိတ်ကို မပြောနဲ့။"

"အဲဒါက အသေးစိတ်မဟုတ်ဘူး။" သူက သူမ၏ ခေါင်းကို စာအုပ်ဖြင့် ခေါက်၍ ပြောလိုက်သည်။ "အဲဒါက မင်းရဲ့ အမှတ်တွေကို တိုက်ရိုက်သက်ရောက်လိမ့်မယ်။"

"ငါ့ကို ထားစမ်းပါ။ နင်က မ​စိုးရိမ်ဘူးလား။"

"ဘာလို့ ငါ့ရဲ့ ထိုင်ခုံဖော်လေးက ရုတ်တရက် ငါ့အကြောင်း အာရုံစိုက်နေရတာလဲ။"

လင်ချူးဆွေ့က ငြင်းဆန်လိုက်သည်။ "ငါက နင့်အကြောင်း အာရုံစိုက်နေတာ မဟုတ်ဘူး။ အဲဒီနိုင်ငံခြားသားအတုကောင်သာ ပထမရသွားရင် သူ့မျက်နှာပေါ်က မောက်မာနေတဲ့ အပြုံးကြီး မြင်နေရမှာကိုစိုးတာ။ ငါ မမြင်ချင်ဘူး။"

"အဲဒါဆို မင်း စိတ်ချထားလိုက်။ သူ ငါ့ကို ကျော်မတက်နိုင်ဘူး။"

***

All Chapters