← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အပိုင်း ( ၂၆ )

အစပိုင်းတွင် လင်ချူးဆွေ့က ရှောက်ယန်၏ လွန်ကျူးသော ယုံကြည်ချက်ကြီးကို စိတ်ပူမိသေးသည်။ သို့သော် နှစ်ရက်ကြာပြီးနောက် သင်္ချာဉာဏ်စမ်းတွင် ရွှီကျားနင်၏ မျက်နှာက နေရာ၌ပင် နက်မှောင်သွားခဲ့ပေသည်။

လင်ချူးဆွေ့က သူတို့၏ 147 နှင့် 150 ရထားသော အဖြေလွှာများကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

အမှတ်များက ကွာဟမှုသိပ်မရှိဘဲ သုံးမှတ်သာလျှင် ခြားနားချက်ရှိသော်လည်း နှစ်ယောက်ကြားမှ ကွာခြားချက်ကို ဖော်ပြရန် လုံလောက်နေသည်။

သူမက ပြုံးကာ ပြန်လှည့်ကြည့်၍ ရွှီကျားနင်ကို နောက်တစ်ခါ ထပ်၍ ထိုးနှက်လိုက်သည်။ "ကျောင်းရဲ့ ကြယ်ပွင့်လေးသာသာက ကျောင်းဉာဏ်ကြီးရှင်နဲ့ ပြိုင်ဖို့ ကြိုးစားဝံ့တယ်တဲ့။ ဘယ်လောက် ရဲတင်းလိုက်သလဲ။"

.......

လင်ချူးဆွေ့က လဝက်အတွင်း ရောက်လာမည့် မာရသွန်ပြိုင်ပွဲအတွက် အလေးအနက် စတင် ပြင်ဆင်နေသည်။

ညနေတိုင်း သူမက ကျောင်းအားကစားအသင်းတွင် ဆက်နေ၍ ​လေ့ကျင့်နေခဲ့သည်။ လုချီက သိချင်စိတ်ဖြင့် သူမကို မေးလိုက်သည်။ "မင်း အစတုန်းက အရမ်းတွေ အပူအပင်မရှိနေနေတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ပြိုင်ပွဲ ဝင်ဖို့ ဆုံးဖြတ်လိုက်တာလဲ။"

လင်ချူးဆွေ့က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ "ငါက ကျောင်းဉာဏ်ကြီးရှင်လေးရဲ့ ပြင်းထန်တဲ့ စိတ်ဝိညာဥ်ကြောင့် လှုံ့ဆော်ခံလိုက်ရလို့လေ။"

"အဲဒီည KTV မှာ ဖြစ်ခဲ့တာကြောင့်လား။"

"ဟုတ်တယ်။"

လုချီက သူမပခုံးကို ပုတ်လိုက်သည်။ "ဒီလူ့အသိုင်းအဝိုင်းကြီးထဲမှာ ပြိုင်ဆိုင်မှုတွေဆိုတာ အစကတည်းက အညှာအတာကင်းမဲ့တာပဲ။ သင့်တင့်လျောက်ပတ်အောင် ရှင်သန်နိုင်ရမယ်။ မင်းတိုးတက်အောင် မလုပ်နိုင်ရင် နောက်ကောက်ကျနေမှာပဲ။"

လင်ချူးဆွေ့က ဝမ်းနည်းစွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ အထူးသဖြင့် ငါ့လိုလူမျိုးတွေပေါ့။"

"မင်းက ​ဘယ်လိုလူမျိုးလဲ။"

"ငါ့လိုလူမျိုးက ကောင်းကောင်းမကြိုးစားရင် အိမ်ပြန်ပြီး မိသားစုအမွေကို ဆက်ခံရလိမ့်မယ်။ အဲဒီလိုသာဖြစ်သွားရင် ဘယ်လောက်တောင် အရှက်ရလိုက်မလဲ။"

ထိုသို့ပြောပြီးနောက် သူမက တမင်သက်သက် အဓိပ္ပါယ်ရှိရှိ သက်ပြင်းချလိုက်သည်။

လုချီ : "..."

သူမကို နှစ်သိမ့်ရန် ဆန့်ထုတ်ထားသည့်လက်ကို ပြန်ရုတ်သိမ်းလိုက်တော့သည်။

"လင်ချူးဆွေ့ မင်းရဲ့ အတန်းပိုင်ပြောတော့ မင်းက ကျောင်းအားကစားအဖွဲ့ကနေ ထွက်သွားပြီဆို။" အားကစားအသင်းမှ နည်းပြဆရာက လင်ချူးဆွေ့ကို မြင်သောအခါ ပြောလိုက်သည်။ "မင်း ထပ်လာပြီး လေ့ကျင့်စရာ မလိုတော့ဘူး။ ပညာရေးစာမေးပွဲ ဖြေဖို့အတွက်ပဲ ပြင်ဆင်ဖို့ အာရုံစိုက်တော့။"

"နည်းပြ သမီး မာရသွန်ပြေးချင်တယ်။" လင်ချူးဆွေ့က ပြေးလမ်းပေါ်မှာ ရပ်လိုက်ပြီး မောဟိုက်စွာ အသက်ရှူနေသည်။ "သမီးကို လေ့ကျင့်ရေးမှာ ပါဝင်ခွင့်ပေးပါ။ သမီး ပထမရချင်တယ်။"

"ပထမရဖို့ဆိုတာ အရမ်းလွယ်တယ်ထင်လို့လား။"

"သမီး လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်။"

PE ဆရာသည် လင်ချူးဆွေ့က အာကစား၌ ပါရမီရှိကြောင်းနှင့် အထူးသဖြင့် သက်လုံကောင်းကြောင်း သိရှိပေသည်။ ကျောင်းအားကစား အသင်းမှ ကလေးများက သူမကို မယှဥ်နိုင်ပေ။

သို့သော် မိဘများက မပံ့ပိုးလျှင် မည်မျှ ပါရမီရှိနေပါစေ ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

PE ဆရာက သူမနားသို့ လျှောက်လာပြီး ပြောလိုက်သည်။ "လင်ချူးဆွေ့ မင်း အားကစားကို ဒီလောက်အထိ သဘောကျတယ်ဆိုရင် အိမ်ကို ပြန်ပြီး မိဘတွေနဲ့ သေချာဆွေးနွေးသင့်တယ်။ ပြီးရင် သူတို့ရဲ့ အားပေးထောက်ခံမှုကို ရအောင်လုပ်။ အဲဒါမှ မင်းရဲ့ ဆရာအနေနဲ့ မင်းကို အကူအညီပေးလို့ရမယ်။"

"သမီး အဖေက အရမ်းပံ့ပိုးထောက်ခံပေးတာ။" လင်ချူးဆွေ့က ပြောလိုက်သည်။ "သူသာ အသက်ရှင်နေသေးရင် မာရသွန်ပြိုင်ပွဲမှာ ပါဝင်ဖို့ တစ်ရာရာခိုင်နှုန်း ထောက်ခံအားပေးမှာ သေချာတယ်။"

ထိုသည်ကို ကြားသည့်အခါ PE ဆရာက အ​ခြေအနေကို ခန့်မှန်းမိလိုက်သည်။ သူက တခဏတွေးလိုက်ပြီးနောက် ပြောလိုက်၏။ "ဒီလိုဆိုမှတော့ မာရသွန်ပြိုင်ပွဲမတိုင်ခင် ဆယ်ရက်ကျော်လောက် အချိန်ရသေးတယ်။ မင်း ဒီအချိန်အတွင်း ကျောင်းအဖွဲဲ့နဲ့အတူ လေ့ကျင့်လို့ရတယ်။ မင်းရဲ့ အတန်းပိုင်ကမေးရင် မင်း ကိုယ့်ဘာသာ လေ့ကျင့်နေတာလို့ ပြောလိုက်မယ်။ မင်း မာရသွန်ပြိုင်ပွဲမှာ တကယ်ပဲ ပထမနေရာကို ရနိုင်ရင် မင်းရဲ့ ပညာရေးအဆင့်ပေါ်မူတည်ပြီး အတန်းပိုင်ဆရာလည်း မင်း အားကစားအဖွဲ့မှာ ဆက်နေနိုင်စေဖို့ မင်းမိသားစုကို ဖျောင်းဖျနိုင်မယ့် နည်းလမ်းရှာတွေ့မယ်လို့ ဆရာ ယုံတယ်။"

"အိုခေ"

PE ဆရာ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် လင်ချူးဆွေ့က ကျောင်းအားကစားအဖွဲ့၌ ဆက်နေ၍ လေ့ကျင့်ခွင့်ရသွားခဲ့သည်။ မာရသွန်ပြိုင်ပွဲ၌ ပထမနေရာကို ရရှိခြင်းက သူမကို အားကစားစာမေးပွဲ၌ အဆင့်မီသည့် လက်မှတ်ရရှိစေနိုင်ရုံသာမက ဆုငွေအဖြစ် ယွမ်ငါးသောင်းလည်း ရရှိဦးမည် ဖြစ်သည်။

လင်ချူးဆွေ့က သူမ လုပ်နိုင်မလုပ်နိုင် မသေချာသော်လည်း ကြိုးစားကြည့်ချင်မိပေသည်။

သူမ၏ အဖေကလည်း ကောင်းကင်မှနေ၍ သူမ မာရသွန်ပြေးနေသည်အား ကြည့်နေချင်ပေလိမ့်မည်။

ကျောင်းဆင်းပြီးနောက် လင်ချုးဆွေ့သည် ရှောက်ယန်က အားကစားကွင်းနားသို့ လျှောက်လာပြီး ဘောလုံးကွင်းမြက်ခင်းပေါ် ထိုင်ချလိုက်သည်အား မြင်လိုက်ရသည်။

သူက အဖြူနှင့်အပြာစပ် ခပ်ပွပွ ကျောင်းဝတ်စုံကို အတွင်းဘက်၌ အောက်ခံရှပ်အဖြူတစ်ထည်နှင့် တွဲ၍ ဝတ်ဆင်ထားသည်။ အောက်ခံရှပ် ကော်လံက လျော့ရဲနေပြီး သူ၏ ကျော့ရှင်းသော လည်တိုင်နှင့် ထင်ရှားသည့် လည်ဇလုတ်တို့ကို ပေါ်လွင်နေစေပြီး ရှင်းပြ၍ မရနိုင်လောက်သည့် ဆက်စီကျသော ခံစားချက်မျိုးကို ပေးစွမ်းပေသည်။

သူက ရှေးခေတ်ကဗျာ ပေါင်းချုပ်ကို ထုတ်ယူကာ တိတ်တဆိတ် ကျက်မှတ်နေသည်။

လင်ချူးဆွေ့က သူမ၏ အရှိန်ကို နှေးချလိုက်ပြီး မျက်လုံးထောင့်မှနေ၍ သူ့ကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။

သူက ခေါင်းငုံ့၍ စာအုပ်ကို ကြည့်နေပြီး အလွန် ​လေးနက်သည့် အမူအရာမျိုး ရှိနေသည်။ ညနေခင်းနေအလင်းက သူ့မျက်လုံးများကို ရောင်ပြန်ဟပ်ကာ တောက်ပကြ​ည်ရှင်းနေစေသည်။

လင်ချူးဆွေ့သည် သူ့ကို ဖြတ်လျှောက်သွားသည့် မိန်းကလေးများက မသိမသာနှင့် အရှိန်ကို နှေးချလိုက်ကာ သူ့အား ခိုးကြည့်နေကြသည်ကို သတိပြုမိပေသည်။

သူက ဘာလို့ အားကစားကွင်းနားလာပြီး စာကျက်နေရတာလဲ။ သူ့ကို သဘောကျတဲ့ လူတစ်အုပ်ကို ဆွဲဆောင်ဖို့လား။

လင်ချူးဆွေ့သည် သူမဘေးရှိ ကောင်မလေးနှစ်ယောက်က သူတို့၏ ဖုန်းများကို ထုတ်ကာ သူ့အား လျှို့လျှို့ဝှက်ဝှက်နှင့် ဓာတ်ပုံရိုက်နေသည်ကို တွေ့လိုက်ရသည်။

သူမက သူတို့ကို တားလိုက်သည်။ "နင်တို့ သူ့ကို ဓာတ်ပုံရိုက်လို့မရဘူး။"

"ဘာလို့မရတာလဲ။"

"နင်တို့ သူ့ကို ဓာတ်ပုံရိုက်ချင်ရင် သူ့မိသားစုဆိုင်ကို သွားပြီး အနည်းဆုံး ယွမ်ငါးဆယ်ဖိုး ဝယ်ရ....."

သူမသည် သူမ၏ ခေါင်းထဲ၌ 'နင့်အပူနည်းနည်းမှမပါဘူး' ဟူသည့် အတွေး ရုတ်တရက် ထွက်ပေါ်လာသည့်အခါ သူမ စကားကို တစ်ဝက်တစ်ပျက်တွင် ရပ်တန့်လိုက်သည်။

"ဘာမှမဟုတ်တော့ဘူး။ ရိုက်ချင်ရင်လည်း ဆက်ရိုက်ပါ။ သင်ယူခြင်းနတ်ဘုရားက လူတိုင်းနဲ့ သက်ဆိုင်တယ်။"

ဘာပဲဖြစ်ဖြစ် သူက သူမ၏ မိသားစုဝင် မဟုတ်ပေ။

လင်ချူးဆွေ့က အခြားလူများ၏ ကိစ္စကို ဝင်မစွက်ဖက်တော့ဘဲ ပြေးလမ်းပေါ်တွင် ဆက်ပြေးနေခဲ့သည်။

သူမသည် ဘယ်လောက်ကြာကြာ ပြေးနေခဲ့လဲ မသိခဲ့ဘဲ ပြန်လှည့်ကြည့်လိုက်သည််အခါ ရှောက်ယန်၏ ဘေး၌ ကျောင်းသူတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသည်။

ထိုမိန်းကလေးတွင် ခါးအထိရှည်လျားသည့် ဆံပင်တို့ရှိ၏။ သူမက အလွန် သွယ်လျသော ခန္ဓာကိုယ်၊ ကောင်းမွန်သော အသားအရေနှင့် သစ်အယ်သီးသဏ္ဌာန် ကြီးမားသော မျက်ဝန်းတစ်စုံရှိပြီး အလွန်လှပ၏။

လင်ချူးဆွေ့က သူမ၏ အရှိန်ကို တဖြေးဖြေး နှေးချလိုက်ကာ ထိုနှစ်ယောက်ထံ အကြည့်များ ရောက်ရှိနေပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူတို့က စကားပြောနေပုံရသည်။ သူမသည် ထိုမိန်းကလေး၏ နှုတ်ခမ်းများ လှုပ်ရှားနေသည်ကို မြင်နိုင်ပြီး သူမက ရှောက်ယန်အား စကားပြောနေခြင်း ဖြစ်ပေလိမ့်မည်။

ရှောက်ယန်၏ အကြည့်များက စာအုပ်ပေါ်တွင် ရှိနေပေမယ့် သူ့ နှုတ်ခမ်းများကလည်း လှုပ်ရှားနေသည်။

သူတို့က ဘာအကြောင်း ပြောနေကြတာလဲ။

မိန်းကလေး၏ မျက်နှာက ရှက်စနိုးနှင့် နီမြန်းနေ၏။

အဝေးမှ PE ဆရာက ဝီစီမှုတ်လိုက်သည်။ "လင်ချူးဆွေ့ ဘာလို့ ရပ်လိုက်တာလဲ။ ငါ အချိန်မှတ်ပေးနေတယ်လေ။"

ထို့ကြောင့် လင်ချူးဆွေ့က ရွေးချယ်စရာမရှိဘဲ စတင်၍ ပြန်ပြေးရသော်လည်း အချိန်နှင့်အမျှ သူတို့အား ခိုးခိုးကြည့်နေခဲ့သည်။

သူတို့က စကားပြောနေဆဲ ဖြစ်၏။

သူမက ကွင်းအစပ်တွင် ဆိုဒါသောက်ရင်း ရှိနေသည့် အတင်းအဖျင်းဘုရင် ကျန်းချန်ယွီကို မြင်လိုက်ရပြီး သူမ လက်ကို ဝှေ့ယမ်းကာ ခေါ်လိုက်သည်။ "အစ်ကိုရေဘဝဲ ဒီကို လာပါဦး။"

ကျန်းချန်ယွီက ပြေးလာခဲ့သည်။ "ဝတုတ်လေး ဘာကိစ္စလဲ။"

"သင်ယူခြင်းနတ်ဘုရားနဲ့ အဲဒီမိန်းကလေး ဘာအကြောင်း ပြောနေတာလဲလို့ သွားနားထောင်ပေး။"

ကျန်းချန်ယွီက သူတို့ကို လှည့်ကြည့်လိုက်သည်။ "သူတို့ ဘာအကြောင်းပြောနေလဲ မင်းက ဘာလို့ သိချင်ရတာလဲ။"

"သေချာပေါက်သိရဖို့လိုတာပေါ့။ သူက ငါ့ရဲ့..... ထိုင်ခုံဖော်လေ။"

"ထိုင်ခုံဖော်လေးကိုများ။ မင်း အရမ်းစပ်စုနေတာ သူက မင်းရဲ့......... လိုမျိုး..."

လင်ချူးဆွေ့၏ ခြိမ်းခြောက်နေသော အကြည့်တို့အောက်တွင် 'ရည်းစားကောင်လေး' ဟူသော စကားလုံးအား လည်ချောင်းထဲသို့ အတင်းအကျပ် ပြန်မြိုချလိုက်ပြီး 'အဖေ' ဟု ပြောင်းလိုက်သည်။

"ပေါက်ကရပြောတာ လျှော့ပြီး ​မြန်မြန် သွားနားထောင်။"

ကျန်းချန်ယွီက ဆိုဒါပိုက်ကို ပါးစပ်ထဲတွင် ကိုက်ထားရင်း နာနာခံခံနှင့် ပန်းခြုံများနောက်မှ လျှောက်သွားကာ နားစွင့်လိုက်သည်။

"ရှောက်ယန်.. ဟယ်လို ညီမနာမည်က ထန်ယန်းနီ ပါ။ ညီမက ဆယ်တန်း တန်းခွဲ ၅ ကပါ။ ညီမတို့ WeChat add လို့ရမလား။"

ရှောက်ယန်က စာမျက်နှာတစ်မျက်နှာကိို လှန်လိုက်သည်။ "မင်း တစ်ခုခုလိုလို့လား။"

"ညီမ စီနီယာနဲ့ ခင်မင်ပြီး သူငယ်ချင်း ဖြစ်ချင်လို့ပါ။"

သူ့မျက်လုံးများက စာအုပ်ပေါ်တွင် ရှိနေပြီး မျက်လုံးကိုပင် ပင့်မကြည့်ခဲ့ပေ။ "ငါက အခု ဆယ့်နှစ်တန်းဖြစ်​နေပြီ။ သူငယ်ချင်းမသစ်ဖွဲ့ဖို့ အချိန်မရှိဘူး။"

"မဟုတ်ပါဘူး။ စီနီယာရဲ့အဆင့်တွေက အရမ်းကောင်းလို့ပါ။ ညီမတို့ အတန်းပိုင်ဆရာက ညီမတို့ နားမလည်တဲ့ မေးခွန်းတွေရှိရင် အဆင့်ကောင်းတဲ့ ကျောင်းသားတွေကို အကူအညီတောင်းပြီး မေးသင့်တယ်လို့ ပြောခဲ့တာ။ စီနီယာ ညီမကို မေးခွန်းတချို့အတွက် ကူညီပေးနိုင်မလားလို့ မေးချင်လို့ပါ။"

နောက်ဆုံး၌ ရှောက်ယန်က ခေါင်းကိုမော့လာပြီး သူမအား ကြည့်လိုက်သည်။ "မေးခွန်းတစ်ခုကို ယွမ်ငါးဆယ်။ ပိုက်ဆံအရင်လွှဲလိုက်။ ငါ မင်းအတွက် ဖြေရှင်းနည်းအားလုံး ရေးချပေးမယ်။ မင်းဘာသာမင်း ကြည့်ပြီး သဘောတူရင် WeChat မှာ add လိုက်။ ငါ အရေးမပါတဲ့ နေ့စဥ်အကြောင်းအရာတွေ ပြောမှာ မဟုတ်ဘူး။ ငါ့ကို စိတ်အနှောက်အယှက်ပေးတဲ့ ဘယ်သူ့ကိုမဆို block ပစ်မယ်။"

"......"

ထန်ယန်းနီက သူမ၏ စကတ်ကို တင်းတင်းဆုပ်လိုက်ပြီး သူမ လက်သည်းများက ဖိအားကြောင့် ဖြူဖွေးလာသည်။ အချိန်အတော်လေးကြာပြီးနောက် သူမက သတ္တိစုကာ ပြောလိုက်သည်။ "ရှောက်ယန် ညီမ စီနီယာ့ကို ဆယ်တန်းစတက်ကတည်းက သဘောကျခဲ့တာ။ အဲဒီအချိန်တုန်းက စီနီယာ ညီမတို့အတန်းက မိန်းကလေးတစ်ယောက်ကို ပန်းခြံထဲမှာ စာရှင်းပြနေတာ မြင်ခဲ့တယ်။ ညီမ တကယ် သူမကို မနာလိုဖြစ်ပြီး သူမ ဖြစ်ချင်ခဲ့တာ။"

ရှောက်ယန်က သူ့စာအုပ်ကို ချကာ ပြောလိုက်သည်။ "မင်း သူမကို မနာလိုဖြစ်စရာမလိုဘူး။ မင်းလည်း အဲဒီလို ဖြစ်နိုင်ပါတယ်။"

ထန်ယန်းနီ၏ မျက်လုံးများက တောက်ပသွားပြီး ပါးပြင်များက နီစွေးလာသည်။ "တကယ်လား။"

"ပြင်ပကျူရှင်ချိန်အတွက် ငါ့ရဲ့ နှုန်းထားက မင်းရဲ့ အဆင့်ပေါ်မူတည်ပြီး တွက်ချက်တာ။ အမှတ် ၆၀၀ ကျော်အတွက် တစ်မိနစ်ကို 3 ယွမ်ပေးရပြီး အမှတ် ၅၀၀ ကနေ ၆၀၀ ကြားကို 5 ယွမ်နဲ့ အမှတ်ငါးရာအောက်ဆိုရင် တစ်မိနစ်ကို 10 ယွမ်ယူတယ်။"

"......"

ထန်ယန်းနီကို မပြောနှင့် ကျန်းချန်ယွီပင် ဆက်သည်းခံ၍ နားမထောင်နိုင်လောက်အောင် ဖြစ်သွားရသည်။ ဒီကောင်က နည်းနည်း လွန်လွန်းတာ မဟုတ်ဘူးလား။ မိန်းကလေးတစ်​​ယောက် သူ့ကို ဝန်ခံပြီးတော့ နှစ်ပတ်လောက် ငိုသွားတာ အံ့သြစရာမရှိတော့ပါဘူး။

"ပိုက်ဆံအကြောင်း ထပ်မပြောလို့ မရဘူးလား။ ညီမ တကယ် အလေးအနက် ပြောနေတာပါ။ ရှောက်ယန် ညီမ စီနီယာ့ကို အမြဲ ​သဘောကျခဲ့တာပါ။"

"မင်းက ငါ့ကို ဒစ်စကောင့်ပေးစေချင်တာလား။" ရှောက်ယန်က ပြောလိုက်သည်။ "ဆောရီး ငါ့ကို ကြိုက်တာက ဒစ်စကောင့်ရဖို့ အကြောင်းပြချက်အနေနဲ့ သုံးလို့မရဘူး။"

"မဟုတ်ဘူး။ ညီမက ဒစ်စကောင့်အတွက် မေးနေတာ မဟုတ်ဘူး။ ညီမရဲ့ ဝန်ခံမှုကို လက်ခံပြီး ညီမနဲ့ တွဲနိုင်မလားလို့ မေးနေတာပါ။ ညီမ စီနီယာရဲ့ ရည်းစားကောင်မလေး ဖြစ်ချင်တယ်။"

တွေးပင်မတွေးပဲ ရှောက်ယန်က မေးလိုက်သည်။ "မင်း မာရသွန်​ပြေးနိုင်လား။"

"အာ.. ဟင့်အင်း... မပြေးနိုင်ဘူး..."

"မင်း သုံးကီလိုမီတာ ပြေးနိုင်လား။"

"အရင်က တစ်ခါမှ မစမ်းကြည့်ဖူးဘူး။ အားကစားကို သိပ်မထူးချွန်လို့ မီတာရှစ်ရာလောက်က ညီမရဲ့ အကန့်အသတ် ဖြစ်လိမ့်မယ်။"

"ငါ သိပြီ။" ရှောက်ယန်၏ အကြည့်က သူ့ စာအုပ်ပေါ် ပြန်ရောက်သွားသည်။ "ငါ့ရဲ့ ခံနိုင်ရည်က သိပ်မကောင်းဘူး။ ငါ့ ရည်းစားကောင်မလေးကို အားကစားတော်တဲ့သူမျိုး ရှာချင်တယ်။ အဲဒါမှ အနာဂတ်ကျ တချို့ကိစ္စတွေမှာ ငါ့အတွက် ပိုလွယ်ကူလိမ့်မယ်။"

"......"

ထန်ယန်းနီက ဒေါသတကြီး ထွက်သွားတော့သည်။

ကျန်းချန်ယွီက တက်ကြွလွန်းသည့် လေသံနှင့် ပြန်ပြောပြနေသည်။ "သူက သက်လုံကောင်းတဲ့ ကောင်မလေးမျိုးကိုပဲ ရှာမှာလို့ ပြောခဲ့တယ်။ သူ့ကို တွန်းလှဲပြီး အောက်ပုဂ္ဂိုလ်ဖြစ်အောင်လုပ်။ သူ လိုချင်တဲ့ ကောင်မလေးမျိုးက....."

"ရပ်... ရပ်တော့…"

လင်ချူးဆွေ့က ဆွံ့အစွာနှင့် မနှစ်မြို့စွာ ကြည့်လိုက်သည်။ "သင်ယူခြင်းနတ်ဘုရားက တကယ်ပဲ အဲဒီလို ပြောတာလား။ နင် လုပ်ကြံပြောနေတာ မဟုတ်ဘူးလား။"

"ငါ့ စကားထဲ လုပ်ဇာတ်ခင်းတာ တစ်ခွန်းပါရင် နေရာတင် သေပါစေကွာ။"

လင်ချူးဆွေ့က ထန်ယန်းနီ၏ စိတ်ဓာတ်ကျသော အမူအရာနှင့် ထွက်သွားသည်ကို ပြန်တွေးမိပြီး ထိုစကားကို တစ်ဝက်လောက် ယုံကြည်သွားသည်။ "နင် နည်းနည်းတော့ တန်ဆာဆင်ထားသေးတယ်မလား။"

"ဟုတ်တယ်။ ရသမြောက်အောင် နည်းနည်းတော့ စကားလုံးလှလှသုံးရတာပေါ့။" ကျန်းချန်ယွီက ကျိန်လိုက်သည်။ "ဒါပေမယ့် သူ့ မူလစကားတွေရဲ့ ဆိုလိုရင်းကို မပြောင်းထားဘူး။ သူက သူမကို မာရသွန်ပြေးနိုင်လားလို့ မေးတယ်။ ပြီးတော့ သုံးကီလိုမီတာ ပြေးနိုင်လားတဲ့။ အဲဒီနောက်ကျ သူက ရုပ်ပိုင်းဆိုင်ရာခွန်အား ကောင်းမွန်တဲ့ မိန်းကလေးမျိုးကိုပဲ ရည်းစားကောင်မလေးအဖြစ် ရှာမှာလို့ ပြောခဲ့တာ။"

လုချီက ရယ်မောရင်း ပြောလိုက်သည်။ "မာရသွန်ပြေးနိုင်ပြီး သုံးကီလိုမီတာကို ချွေးတစ်စက်မထွက် မျက်နှာတစ်ချက်မနီဘဲ ပြေးနိုင်တဲ့ မိန်းကလေးက သေချာပေါက် ဒီမှာရှိနေတဲ့ ငါတို့ရဲ့ ဝတုတ်လေး မဟုတ်ဘူးလား။"

"အဲဒါဟုတ်တယ်။" ကျန်းချန်ယွီက ရုတ်တရက် သတိပြုမိသွားသည်။ "ဝတုတ်လေး မင်းက တကယ်ကို သင်ယူခြင်းနတ်ဘုရားရဲ့ အောက်ပုဂ္ဂိုလ်ဖြစ်ချင်တဲ့ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တယ်။"

"......"

လင်ချူးဆွေ့က သူတို့ကို မောင်းထုတ်လိုက်ပြီး သူမဘာသာသူမ ဆက်ပြေးလိုက်သည်။ ဆက်တိုက်ပြေးနေခြင်းကသာ သံပူတံဆိပ် ခတ်နှိပ်သလို ပူပြင်း နီရဲလာသည့် သူမ မျက်နှာကို ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။

သူမသည် ရှောက်ယန်က သူမကို တိတ်တိတ်လေး သဘောကျနေသည်အား သိသော်လည်း သူက ဘာကြောင့် သူမကို ကြိုက်ရသလဲဟူသည့် အကြောင်းပြချက်ကို မသိခဲ့ပေ။

သူမကဲ့သို့ ဘာတစ်ခုမှ ကောင်းတာမရှိသော အရှုံးသမားက သင်ယူခြင်းနတ်ဘုရားကို ဘယ်လိုဆွဲဆောင်နိုင်ခဲ့သလဲ မသိရှိခဲ့ချေ။

ယခု နောက်ဆုံးတွင် သူမက နားလည်သွားပြီ ဖြစ်သည်။

သင်ယူခြင်းနတ်ဘုရားက သူမ၏ သက်လုံကောင်းမွန်သော ခန္ဓာကိုယ်ကို သဘောကျခြင်း ​ဖြစ်လေသည်။

၎င်းက အလွန် ညစ်ညမ်းသော အကြောင်းပြချက်ဖြစ်သော်လည်း ရေကန်ပေါ်သို့ လေပြေညင်းလေး ဖြတ်တိုက်သွားသလို သူမ နှလုံးသားကို လှိုင်းထစေပြီး အချိန်အတော်ကြာသည်အထိ မတည်မငြိမ်ဖြစ်​အောင် လုပ်နိုင်ပေသည်။

သူမသည် နောက်ဆုံးတွင် တစ်ခါတစ်ရံ၌ အရူးမလေး လုထျန်းပိုင်က 'ရှက်စရာကြီး' ဟု မည်သည့်အတွက် ထထအော်တတ်ကြောင်း နားလည်သွားခဲ့သည်။

၎င်းက တကယ် ရှက်ဖို့ကောင်းလေသည်။

သူမနှလုံးသားထဲ၌ မြေဆီလွှာကို ဖောက်ထွက်ကာ တိတ်တဆိတ် ကြီးထွားလာသည့် တစ်စုံတစ်ရာ ရှိနေကြောင်း ခံစားရပေသည်။

.......

လင်ချူးဆွေ့ ရှောက်ယန်ကို ငါးကြိမ်မြောက် ဖြတ်ပြေးရင်း ဟိတ်ဟန်ထုတ်၍ ဆံပင်ကို ခဏခဏ သပ်လိုက် ခါလိုက် လုပ်နေပြီး နောက်ဆုံး၌ ရှောက်ယန်က ခေါင်းမော့လာပြီး သူမကို သာမန်ကာလျှံကာ ကြည့်လာသည်။ "မင်း ဘယ်လောက်ပဲ ဆံပင်ကို ခါနေခါနေ ချွေးတွေနဲ့ ရွှဲရွှဲစိုနေတုန်းပဲ။"

လင်ချူးဆွေ့ : "......"

ဒီကောင်ရဲ့ ပါးစပ်က ဘာလို့ ဒီလောက် အဆိပ်ပြင်းနိုင်ရတာလဲ။

***

All Chapters