အခန်း ၂၇
Vol. 3 Ch. 27
အပိုင်း ( ၂၇ )
သူမက ပြေးနေခြင်းကို ရပ်တန့်လိုက်ပြီး သူ့ရှေ့သို့ လျှောက်လာရင်း မေးလိုက်သည်။ "ဟေး နင် ခုနက မိန်းကလေးနဲ့ ဘာအကြောင်း ပြောနေတာလဲ။"
"မင်း ထောက်လှမ်းဖို့ စပိုင်လွှတ်ခဲ့တာပဲ မဟုတ်ဘူးလား။"
"ငါ့စပိုင်က နားထောင်တာ အဲ့လောက်မကောင်းဘူး။ သူက ပေါက်ကရတွေ ချဲ့ကားပြောရတာ အရမ်းကြိုက်တယ်။"
"မင်း ဘာလို့ အဲဒီလောက်အဝေးကြီး ရပ်နေတာလဲ။"
လင်ချူးဆွေ့က အခုလေးတင် လေ့ကျင့်ခန်းလုပ်ပြီးခြင်းဖြစ်သည့်အတွက် သူနှင့် နီးနီးကပ်ကပ် မရပ်ချင်ပေ။ သူမက ပြောလိုက်သည်။ "ဝေးတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ အတန်းဖော်တွေ စကားပြောရင် ဒါက သာမန်အကွာအဝေးပဲ မဟုတ်ဘူးလား။ ငါ့ အကြားအာရုံက ကောင်းမွန်တယ်။ အဲဒါကြောင့် နင်ပြောတာကို ကြားနိုင်တယ်။"
"မင်း တစ်ခုခုလိုတာကြောင့် ဒီကို လာခဲ့တာလား။"
"ငါက ခုနက မိန်းကလေးအကြောင်းကို မေးချင်ရုံပဲ။"
"အဲဒီအကြောင်း အရမ်း ဂရုစိုက်နေတာလား။"
"နင့်ရဲ့ ဘယ်မျက်လုံးကနေ ငါ အရမ်းဂရုစိုက်တယ်လို့ မြင်ရတာလဲ။ ငါက ရိုးရိုးသားသား သိချင်ရုံလေးပဲ ဟုတ်ပြီလား။"
ရှောက်ယန်က သူ့ဘေးမှ နေရာကို ပုတ်လိုက်သည်။ "ဒီမှာလာထိုင်။ ငါ မင်းကို ပြောပြမယ်။"
လင်ချူးဆွေ့က ခဏတွေဝေသွားပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ သို့သော် သူတို့ကြား၌ တစ်ယောက်စာ အကွာအဝေး ခြားထားသည်။ သူမ မျက်နှာက အနည်းငယ် နီရဲနေ၏။
တိုးတက်မှုဘားတန်း : 12%
"သူမ ငါ့ကို ဝန်ခံခဲ့တာ။"
"အိုး…"
"သူမက အရမ်း အားနည်းပျော့နွဲ့နေလို့ ငြင်းလိုက်တယ်။"
"ငါ သိပြီ။'
လင်ချူးဆွေ့က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး သူမလက်များက ဘယ်နားထားလို့ထားရမလဲ မသိဖြစ်နေသည်။
တိုးတက်မှုဘားတန်း : 13%, 14%...
တိုးတက်မှုဘားတန်းက ဒုံးပျံတစ်စင်းလို ရုတ်တရက် မြင့်တက်လာသည်။ ရှောက်ယန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ့အိတ်ထဲမှ တစ်ရှူးတချို့ထုတ်ကာ သူမ၏ ချွေးများ သုတ်ပေးရန် ပြင်လိုက်သည်။
လင်ချူးဆွေ့၏ ခန္ဓာကိုယ်က ဆတ်ခနဲ နောက်သို့ ဆုတ်သွားကာ သူ့လက်ထဲမှ တစ်ရှူးကို ယူလိုက်ပြီး အထိတ်တလန့် ပြောလိုက်၏။ "ငါ ကိုယ့်ဘာသာ လုပ်နိုင်တယ်။"
တိုးတက်မှုဘားတန်း : 15%
လင်ချူးဆွေ့က ချွေးများကို သုတ်လိုက်ပြီး ထပ်မေးလိုက်၏။ "နင် ကျန်းမာရေးမကောင်းဘူးလို့ ကြားတယ်။"
"ငါ အရမ်းကျန်းမာတယ်။" ရှောက်ယန်က အလေးအနက် ပြောလိုက်သည်။ "အဲဒီ အားကစားအသင်းက ကောင်တွေနဲ့ ယှဥ်မှသာ နည်းနည်း ချို့တဲ့သလို ဖြစ်တာ။"
"ငါ နင့်ကို တစ်ခုလောက်မေးချင်တယ်။ ဒေါသမထွက်နဲ့။" လင်ချူးဆွေ့က ကျန်းချန်ယွီ ပြောဖူးသည့် စကားကို ပြန်စဥ်းစားလိုက်သည်။ "ငါ ကြားတာတော့ နင့်မှာ ကျောက်ကပ်တစ်ခြမ်း မရှိဘူးဆို။"
"..."
ရှောက်ယန် : "ကျောက်ကပ်မဟုတ်ဘူး။ အသည်းပါ။ ငါ ငယ်ငယ်တုန်းက တစ်စုံတစ်ယောက်ကနေ တခြားတစ်ယောက်ကို ကယ်တင်ဖို့ ငါ့အသည်းကို ဖြတ်တောက်ခဲ့တာ။"
"အဲဒါက မတူဘူးလား။"
"မတူဘူး။ အသည်းဆိုတာက ပြန်လည်ဖွံ့ဖြိုးနိုင်တဲ့ စွမ်းရည်ရှိတာကြောင့် တစ်စိတ်တစ်ပိုင်း ဖယ်ထုတ်လိုက်ရင်တောင် ပြန်ကြီးထွားလာနိုင်တယ်။ အဲဒါက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တချို့ကို ထိခိုက်စေပြီး ဖျားနာတာမျိုးနဲ့ ခံနိုင်ရည်ကျဆင်းတာမျိုး နည်းနည်းဖြစ်နိုင်ပေမယ့် တခြား ကြီးကြီးမားမား ပြဿနာမရှိဘူး။" ရှောက်ယန်က စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။ "ကျောက်ကပ်တစ်ခြမ်း မရှိတော့ရင်တော့ မရှိတော့တာပဲ။ အဲဒါက ပြန်မကြီးထွားနိုင်ဘူး။ ပြီးတော့ လုပ်ဆောင်ချက်တစ်ခုခုကို ထိခိုက်နိုင်တယ်။"
လင်ချူးဆွေ့က ဇီဝဗေဒနှင့် ပတ်သတ်ပြီး လုံးဝမသိပေ။ "ဘာလုပ်ဆောင်ချက်လဲ။"
"အဲဒါက...."
တိုးတက်မှုဘားတန်း : 16%, 17%, 18%...
ထိုအချိန်၌ လင်ရှို့ကျယ်၏ ခြိမ်းခြောက်သောအသံ ထွက်ပေါ်လာသည်။ "မင်း ပရောပရည်နည်းလမ်းတွေ သုံးပြီး ငါ့သမီးရဲ့ တိုးတက်မှုဘားတန်းကို မြင့်လာအောင် လုပ်ရင် ငါ အခုချက်ချင်း မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းပစ်လိုက်မယ်။"
"..."
လင်ချူးဆွေ့က သိလိုစိတ်နှင့် မေးလိုက်သည်။ "အတန်းဖော် နင် ဘာလို့ ဘာမှ ထပ်မပြောတော့တာလဲ။"
ရှောက်ယန် : "ကောင်းကင်ဘုံက စောင့်ကြည့်နေတယ်။"
"အတန်းဖော် ရွီကျားနင် ငါ နင့်ရဲ့ WeChat ကို add လို့ ရနိုင်မလား။ ငါ နင့်ကို စာနဲ့ပတ်သတ်တဲ့ မေးခွန်းတချို့ မေးချင်လို့ပါ။" ယဥ်ကျေးမှုကော်မတီအဖွဲ့ဝင် ကျောက်ရှောင်လုက ပြောလိုက်သည်။
၎င်းသည် လင်ချူးဆွေ့ တတိယအကြိမ်မြောက် မကြားချင်တော့သော တူညီသည့် လှည့်ကွက်ဟောင်းတစ်ခု ဖြစ်လေသည်။ သူမက ပျင်းရိစွာ သမ်းဝေလိုက်ပြီး ယဥ်ကျေးမှုကော်မတီအဖွဲ့ဝင် ကျောက်ရှောင်လုနှင့် ရွှီကျားနင်ကို လှမ်းကြည့်လိုက်သည်။
ကျောက်ရှောင်လုက ပုံမှန်အားဖြင့် မောက်မာဝင့်ကြွားကာ အထက်စီးဆန်သည့် မိန်းကလေး ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် သူမက သိမ်မွေ့နူးညံ့ကာ အိန္ဒြေရသည့် မိန်းကလေးတစ်ယောက်အသွင် ပေါ်နေသည်။ သူမက ရွှီကျားနင်၏ စားပွဲခုံဘေးတွင် ရပ်နေပြီး ၉၃ မှတ် ရသည့် သင်္ချာအဖြေလွှာကို ကိုင်ထားခဲ့သည်။ "မေးခွန်းနံပါတ်သုံး ငါ အဲဒါကို ဖြေရှင်းဖို့ အချိန်အကြာကြီး ကြိုးစားခဲ့ပေမယ့် အဖြေကို ရအောင်မတွက်နိုင်ခဲ့ဘူး။ နင် ငါ့ကို ရှင်းပြပေးနိုင်မလား။"
ရွှီကျားနင်က ပုစ္ဆာဖြေရှင်းနေရင်း ခေါင်းမော့ကြည့်ရန်ပင် အလွန်ပျင်းရိနေခဲ့သည်။ "ဘာလို့ အမှတ်ပြည့်ရတဲ့ သင်္ချာပါရမီရှင်ကို သွားမမေးရတာလဲ။ ဘာလို့ ငါ့လို ၁၄၇ မှတ်ပဲ ရတဲ့ ကျောင်းကြယ်ပွင့်လေးဆီ လာရတာလဲ။"
လင်ချူးဆွေ့က မျက်လုံးလှိမ့်လိုက်သည်။
အရမ်း သဘောထားမသေးစမ်းပါနဲ့။
ကျောက်ရှောင်လုက အရှေ့တန်းမှ ရှောက်ယန်ကို ကြည့်လိုက်ပြီး သူမအသံကို တမင်သက်သက် မြှင့်လိုက်သည်။ "တချို့လူတွေက အရမ်း လက်တွေ့ကျပြီး ငွေမက်တာကြောင့် ကျောင်းရဲ့ ပတ်ဝန်းကျင် အခြေအနေကို ပျက်ယွင်းစေတယ်လေ။ ပညာဆိုတာ တန်ဖိုးမဖြတ်သင့်ဘူး။ ငါကတော့ ကျောင်းသားရွှီက တချို့လူတွေနဲ့ ကွာခြားတယ်လို့ ခံစားရတယ်။"
လင်ချူးဆွေ့က မကျေမနပ် လှည့်ကြည့်လာသည်။ "နင့်ဟာနင် ကောင်လေးတစ်ယောက်ကို လိုက်ချင်တယ်ဆိုရင် လိုက်လေ။ ဘာလို့ တစ်ယောက်ကို မြှောက်ပင့်ဖို့ နောက်တစ်ယောက်ကို ဆွဲချချင်နေတာလဲ။"
ကျောက်ရှောင်လုက အလျှော့ပေးလိုက်ရန် ငြင်းဆန်နေသည်။ "ငါ မှားတာ ပြောမိလို့လား။"
"ပညာက အဖိုးမဖြတ်နိုင်ဘူးဆိုရင်တောင် အချိန်က အရမ်း တန်ဖိုး ရှိတယ်လေ။ ဒီကမ္ဘာမှာ ရှိနေတဲ့ လူတိုင်းက နင့်အဖေ ဖြစ်မနေရင် နင့်ကို ပုစ္ဆာတွေ ရှင်းပြပေးရမယ်ဆိုတဲ့ တာဝန် ဘယ်သူ့မှာမှ ရှိမနေဘူး။ ဆရာတွေက ရုံးခန်းမှာ ရှိတယ်။ နင် ဘာလို့ သူတို့ကို သွားမမေးတာလဲ။ နင်က တကယ်ပဲ စာလေ့လာဖို့ လိုချင်တာလား။ မဟုတ်ရင် တစ်ယောက်ယောက်ကို လိုက်ဖို့ စာကို ဆင်ခြေအနေနဲ့ အသုံးပြုနေတာလား။"
ယဥ်ကျေးမှုကော်မတီအဖွဲ့ဝင် ကျောက်ရှောင်လုက ဒေါသတကြီး ခြေဆောင့်လိုက်သည်။ "လင်ချူးဆွေ့ ငါ နင့်ကို ဘာများ ရန်စမိလို့လဲ။"
လုချီ ရယ်မောရင်း ပြောလိုက်သည်။ "မင်းက သူမကို ရန်မစပါဘူး။ ဒါပေမယ့် သူမရဲ့ ချစ်လှစွာသော ထိုင်ခုံဖော်ကိုတော့ ရန်စလိုက်မိတယ်လေ။"
သူက တမင်သက်သက် 'ချစ်လှစွာသော' ဟူသည့် စကားလုံးကို ဖိပြောခဲ့သည်။
ရှောက်ယန်က တိတ်ဆိတ်စွာနှင့် ပုစ္ဆာတွက်နေခဲ့သည်။ သူက ထိုစကားလုံးများကို ကြားသည့်အခါ လက်ထဲမှ ခဲတံက ခေတ္တမျှ ရပ်တန့်သွား၏။ သူက လှည့်လာကာ ပြောလိုက်သည်။ "မှားတယ်။ အဲဒါက လေးစားတာ။ သူမက ငါ့ကို အမြဲတမ်း အဖေနဲ့ သမီးလို လေးစားမှုမျိုး ဆွဲကိုင်ထားတာ။"
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ မင်းက သင်ယူခြင်းနတ်ဘုရားပဲ။ မင်း ပြောသမျှ အားလုံး မှန်ပါတယ်။"
ရွှီကျားနင်က စာရွက်ပေါ်တွင် ပုစ္ဆာဖြေရှင်းသည့် အဆင့်များ ချရေးလိုက်ပြီး ကျောက်ရှောင်လုကို လှမ်းပေးလိုက်သည်။ "မင်းဘာသာမင်း ကြည့်လိုက်။ အဲဒါမှ နားမလည်သေးရင် ဆရာ့ကိုသာ သွားမေး။"
"ဒါပေမယ့် ငါ နင့်ကို WeChat မှာ add ချင်တယ်လေ။"
ရွှီကျားနင်၏ စိတ်အခြေအနေက မကောင်းလှဘဲ သူမနှင့် အပိုစကားများ ပြောရန် ပျင်းရိနေသည်။ သူက ဖြေရှင်းနည်းအဆင့်များ ရေးထားသည့် စာရွက်ကို ပြန်ယူလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "မင်း ပုစ္ဆာဖြေရှင်းနည်းကို တကယ် မေးချင်တာ မဟုတ်ဘူးဆိုရင် ငါ့ကို လာမနှောက်ယှက်နဲ့။"
ပုံမှန်အားဖြင့် လူကြီးလူကောင်းဆန်ဆန် ပြုမူတတ်သော ရွှီကျားနင်က ယခုအချိန်တွင် ကောင်းကောင်း ပြုမူရန် အလုပ်ရှုပ်ခံမနေနိုင်ပေ။
လင်ချူးဆွေ့ကဲ့သို့ မိန်းကလေးမျိုးနှင့် အချိန်ကြာကြာ ဆက်ဆံရသည်ကပင် သူ၏ စိတ်ရှည်သည်းခံမှုများကို ကုန်ဆုံးသွားစေပြီး ဖြစ်သည်။
ကျောက်ရှောင်လုက လင်ချူးဆွေ့ကို စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။ သူမက အတန်းထဲသို့ ဝင်လာသည့် လုထျန်းပိုင်နှင့် တိုက်မိတော့မလို ဖြစ်သွားသည်။ "ကျားနင် ခဏလောက် ထွက်လာလို့ရမလား။ ငါ နင့်ကို ပြောစရာလေးရှိလို့။"
ရွှီကျားနင်က လုထျန်းပိုင်အပေါ် အမြဲ ကောင်းမွန်စွာ ဆက်ဆံပေသည်။ သူက ခဲတံကို ချကာ သူမနောက်မှ လိုက်၍ အတန်းထဲမှ ထွက်သွားသည်။
ကျောက်ရှောင်လုက သူ၏ နောက်ကျောကို ကြည့်ပြီး အလွန် စိတ်အနှောက်အယှက် ဖြစ်သွားသည်။
.........
ရွှီကျားနင်က လုထျန်းပိုင်နောက်မှ စင်္ကြန်အဆုံးသို့ လိုက်သွားခဲ့သည်။ လုထျန်းပိုင်က သူမလက်မှ နာရီကို ချွတ်ကာ သူ့ထံ ပြန်ပေးလိုက်သည်။ "ရော့ ဒါ ပြန်ပေးမယ်။"
သူက ဇဝေဇဝါနှင့် ကြည့်လိုက်သည်။ "မင်း မကြိုက်လို့လား။"
"အဲဒီလို မဟုတ်ဘူး။" လုထျန်းပိုင်က ငြင်းဆန်သည့်ဟန်ဖြင့် သူမလက်ကို ယမ်းလိုက်သည်။ "ငါ တကယ်ကြိုက်ပါတယ်။ ဒါပေမယ့် ဒါက နင် ပထမဆုံး ရှာနိုင်ခဲ့တဲ့ ပိုက်ဆံနဲ့ ဝယ်ခဲ့တာလေ။ ဒါက အရမ်း အဓိပ္ပါယ်ရှိတာကြောင့် ငါ မဟုတ်ဘဲ နင့်အတွက် ပိုအဓိပ္ပါယ်ရှိတဲ့ တစ်စုံတစ်ယောက်ကို ပေးသင့်တယ်လို့ ခံစားမိတာကြောင့်ပါ။"
ရွှီကျားနင်က အမျိုးသမီးများအတွက် အတော်လေး သင့်တော်သည့် အဖြူရောင်ဒိုင်ခွက်နှင့် စိန်မြှုပ်ထားသည့် ရိုးရှင်း၍ လှပကျော့ရှင်းသော Cartier နာရီကို ကြည့်လိုက်သည်။
"ငါ လက်ဆောင်ပေးပြီးတဲ့အရာကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ပြန်ယူမှာ မဟုတ်ဘူး။" ရွှီကျားနင်က ပြောလိုက်သည်။ "အဲဒီညက ရှောက်ယန်နဲ့ ငါ ပြဿနာဖြစ်လိုက်တာကြောင့် မင်းရဲ့ မွေးနေ့ပါတီကို ပျက်စီးသွားစေခဲ့တယ်။ အဲဒါကြောင့် တကယ် အားနာမိသလို ခံစားရတယ်။ ဒါကို လျော်ကြေးအဖြစ် ယူထားလိုက်ပြီး ငါ့ကို ဒေါသမထွက်နဲ့တော့။"
"ငါက နင့်ကို ဘယ်လို ဒေါသထွက်နိုင်မှာလဲ။" လုထျန်းပိုင်က ရှိုးတို့ရှန်းတန်းဖြင့် ပြောလိုက်သည်။ "ငါ ဒေါသမထွက်ပါဘူး။ ချူးဆွေ့က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလေ။ ပြီးတော့ နင်ကလည်း ငါ့အတွက် အရမ်းအရေးကြီးတဲ့ တစ်စုံတစ်ယောက်ပဲ။ ငါ နင်တို့နှစ်ယောက် အချင်းချင်း လိုက်လျောညီထွေ ရှိဖို့ မျှော်လင့်မိတယ်။"
ရွှီကျားနင်က ပြုံးလိုက်သည်။ "ငါက မင်းအတွက် အရမ်းအရေးကြီးတယ်လား။"
"အိုး... အဲဒါ နင်က ငါ့ ထိုင်ခုံဖော်ရဲ့ အနောက်က အတန်းဖော်ရဲ့ ထိုင်ခုံဖော်လေ။ အဲဒါကြောင့် အရမ်း အရေးကြီးတာပေါ့။"
လုထျန်းပိုင်က သူမ၏ ဆံပင်များကို ဖွလိုက်ပြီး သူမက အလွန် တုံးအသလို ခံစားလိုက်ရသည်။
"ကောင်မလေး စာလေ့လာတာကိုပဲ အာရုံစိုက်။" ရွှီကျားနင်က လက်ကို ဆန့်ထုတ်ကာ သူမ၏ ဆံပင်များကို ဖွလိုက်သည်။ "လင်ချူးဆွေ့လို ပုန်ကန်တတ်တဲ့ မိန်းကလေးမျိုးထက်စာရင် မင်းက ငါ့ညီမလေး ဖြစ်ဖို့ မျှော်လင့်မိတယ်။"
လုထျန်းပိုင်၏ ပါးပြင်များက နီစွေးလာသော်လည်း သူမက နာရီကို ရွှီကျားနင်ထံ ပြန်ပေးနေဆဲဖြစ်သည်။ "ဒီဟာက ငါ့အတွက် အထူးတလည် ပြင်ဆင်ထားတာ မဟုတ်တာမို့ ငါ တကယ် လက်မခံနိုင်ဘူး။ နင် အမှားကို တောင်းပန်ချင်တယ်ဆိုရင် ငါ့အတွက် တခြားလက်ဆောင်ပေးလေ။ ဒါပေမယ့် ပိုက်ဆံတော့ အများကြီး မသုံးနဲ့။"
သူမ၏ လေးနက်သော သဘောထားကို မြင်သောအခါ နောက်ဆုံး၌ ရွှီကျားနင်က နာရီကို ပြန်ယူလိုက်သည်။ "ကောင်းပြီ။ ငါ မင်းအတွက် အခြားလက်ဆောင် ရွေးပေးမယ်။"
"ကျေးဇူးပါ ကျားနင်"
နှစ်ရက်ကြာပြီးနောက် ကျောင်း၏ ဖိုရမ်တွင် ဒိုင်ယာရီစာမျက်နှာတချို့ ပို့စ်တင်ခံခဲ့ရသည်။
ပို့စ်၏ ခေါင်းစဥ်က အလွန် မျက်စိဖမ်းစားဖွယ် ကောင်းလှသည်။ 'နန်ချန် အမှတ် ၁ အလယ်တန်းကျောင်းမှ မိန်းကလေးတစ်ယောက်၏ လျှို့ဝှက်ဒိုင်ယာရီကို ကြည့်ရန် နှိပ်ပါ။'
ဒိုင်ယာရီမှာ သိမ်မွေ့၍ မိန်းကလေးဆန်လှသော လက်ရေးဖြင့် ရေးထားသည့် စာမျက်နှာကို ဆဲလ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူထားခြင်း ဖြစ်သည်။ အကြောင်းအရာများက အလွန် သီးသန့်ဆန်ပြီး ချစ်ခြင်းတို့ဖြင့် ပြည့်နှက်နေသည့် မိန်းကလေးတစ်ယောက်၏ ဒိုင်ယာရီဖြစ်သည်မှာ ရှင်းလင်းပေသည်။
"ရွှီကျားနင် ငါ နင့်ကို သဘောကျနေတာ တော်တော်ကြာပြီ။ နင်က အရမ်းတော်တယ်။ ဒါပေမယ့် ငါ့အဆင့်တွေက အရမ်းဆိုးပြီး ဉာဏ်လည်းမကောင်းဘူး။ ငါက နင်နဲ့ လုံးဝမတန်ဘူးလို့ ခံစားရတယ်။ အဲဒါကြောင့် ငါ့ရဲ့ ဒီခံစားချက်တွေကို ဒိုင်ယာရီထဲမှာပဲ ရင်ဖွင့်နိုင်နယ်။ ငါ နင့်ကို ဝန်မခံရဲဘူး။"
"တစ်ခါတစ်လေကျရင် နင်က အရမ်းပါးနပ်တာကြောင့် ငါ နင့်ကို သဘောကျနေတာ သိလိမ့်မယ်လို့ ခံစားရတယ်။ ဒါပေမယ့် နင်က ငါ့ကို ညီမလေးလို့ ခေါ်တယ်။ ငါ အဲဒီအကြောင်း အများကြီးတွေးကြည့်ပြီးတော့ ဒါက ပါးပါးနပ်နပ်နဲ့ ငြင်းဆန်လိုက်တာလို့ ခံစားရတယ်။ နူးညံ့ညင်သာပေးလို့ ကျေးဇူးပါ။"
"ငါတော့ နင့်ကို သဘောကျနေတာ ရပ်လိုက်သင့်တယ်လို့ ထင်တယ်။ ဟင်း (သက်ပြင်းချသံ) ငါ နင့်ကို အစ်ကိုတစ်ယောက်အနေနဲ့ ဆက်ဆံနိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်။"
...
တစ်နေ့အတွင်း ဒိုင်ယာရီပို့စ်က ဖိုရမ်အတွင်း၌ လျင်မြန်စွာ ကျော်ကြားလာပြီး home page တွင်ပင် admin က pin ထောက်ထားခဲ့သည်။ မရေတွက်နိုင်သည့် ကျောင်းသားများက ကောမန့်များ ချန်ရစ်ခဲ့၏။
"အွီး အပေါစားဆန်လိုက်တာ"
"ယို့ မာမားရေ၊ ဒါက ဘယ်လိုတောင် လူသိရှင်ကြားကွပ်မျက်ခံရတဲ့ မြင်ကွင်းမျိုးလဲ။"
"ငါက ကျောင်းသားဥက္ကဋ္ဌပါ။ ဒိုင်ယာရီပိုင်ရှင် ကျေးဇူးပြုပြီး အတန်းပြီးသွားရင် ငါ့ ရုံးခန်းကို လာခဲ့ပေးပါ။"
"ဒါကို ဘယ်သူရေးထားတာလဲ။ တစ်ယောက်ယောက်က အဲဒါတွေကို ရှာပေးနိုင်မလား။"
"ဒါက အရမ်း လွယ်ပါတယ်။ အဆိုင်းမန့်က လက်ရေးနဲ့ ယှဥ်ကြည့်လိုက်လေ။ ရွှီကျားနင်ရဲ့ အတန်းထဲက မိန်းကလေးတစ်ယောက်ယောက် ဖြစ်မှာပေါ့။"
........
ဒိုင်ယာရီ၏ ပထမတစ်ကြောင်းကို ဖတ်ပြီးသည့်အခါ လင်ချူးဆွေ့၏ မျက်ခုံးများက စုကျုံ့သွားသည်။
ဒါက အရူးမလေး လုထျန်းပိုင်ရဲ့ ဒိုင်ယာရီ မဟုတ်ဘူးလား။
ထိုဒိုင်ယာရီစာအုပ်မှာ ဆယ်တန်း ၌ သူမတို့ ရှော့ပင်းထွက်သည့်အချိန်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ လုထျန်းပိုင်က ဒိုင်ယာရီရေးသည့်အချိန်တွင် ရူးတူးတူးပေါတောတော ခွေးလေးများ၊ ကြောင်လေးများ ကာတွန်းပုံတွဲရသည်ကို နှစ်သက်ပေသည်။
ဤဒိုင်ယာရီပိုင်ရှင်က ကျိန်းသေ သူမ ဖြစ်ပေသည်။
သူမက အရှေ့တန်းရှိ လုထျန်းပိုင်ကို မော့ကြည့်လိုက်သည်။ သနားစရာမိန်းကလေးက စားပွဲပေါ်တွင် လက်မောင်းများကြား ခေါင်းမြှုပ်ထားလျက် တရှုံ့ရှုံ့ငိုနေခဲ့သည်။ သူမက ဤတစ်မနက်လုံး ရွှင်လန်းမှုမရှိဘဲ စိတ်ဓာတ်ကျနေပုံရလေသည်။
လင်ချူးဆွေ့က သူမ ပခုံးကို ပုတ်လိုက်သည်။ "အရူးမလေး...."
လုထျန်းပိုင်က မတုန့်ပြန်ခဲ့ပေ။
"ငါ ရှပ်အင်္ကျီအဖြူနဲ့ နင့်ကို သဘောကျတယ်။ နင့်ရဲ့ အပြုံးလေးကိုရောပဲ။ နင် အတန်းထဲမှာ ငိုက်နေတာလေးလည်း သဘောကျတယ်။ ငါ တကယ် နင့်ကို အဲဒီလောက်တောင် အများကြီး သဘောကျတယ်။"
လုချီက ပျော်ရွှင်စွာ ရယ်လိုက်ပြီး သူ့ဖုန်းကို သူ့ဘေးတွင် ထိုင်နေသည့် ရွှီကျားနင်ထံ ပေးလိုက်သည်။ "လာပါဦး ဒီအံ့သြစရာချစ်ခင်နှစ်သက်မှုကြီးကို ကြည့်ရအောင်။ ဒီဒိုင်ယာရီနဲ့.... မင်းရဲ့ ဆွဲဆောင်မှုအဆင့်ကြီးက ငါတို့ရဲ့ သင်ယူခြင်းနတ်ဘုရားကို ချက်ချင်း ကျော်တက်သွားသလို ခံစားလိုက်ရတယ်။"
လင်ချူးဆွေ့က လုချီ၏ ဖုန်းကို ဆတ်ခနဲ ဆွဲလုသွားပြီး လုချီအား စူးစူးရဲရဲ ကြည့်လိုက်သည်။ "နင်က ဘာဖြစ်နေတာလဲ။"
လုချီက လင်ချူးဆွေ့ ထိုမျှ ရက်စက်ကြမ်းကြုတ်ဟန်ပေါ်နေသည်ကို မည်သည့်အခါမှ မမြင်ဖူးခဲ့ပေ။ "မင်း ဒီနေ့ ဆေးမှားသောက်လာတာလား။ မင်းကို ဘာတွေ ဝင်ပူးသွားလို့လဲ။"
"ငါတို့က အတန်းထဲမှာ နင် စာပဲလိုက်နားထောင်သင့်တာ။ နင့်ဖုန်းထဲကဟာတွေ သူ့ကို ပြရမှာ မဟုတ်ဘူး။"
"ဒါပေမယ့် အခု စာသင်ချိန် မဟုတ်ဘူးလေ။"
"သူ့ကို နင့်ဖုန်းမပြနဲ့။"
လင်ချူးဆွေ့က ရွှီကျားနင်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ "ပြီးတော့ နင်ရော နှစ်ဝက်စာမေးပွဲက ဖြေရတော့မှာ။ နင် ပထမ မရရင် အိမ်က ထွက်သွားရလိမ့်မယ်။ လာမယ့် စာမေးပွဲအတွက် ငါ့ကို နင့်ဖုန်းအပ်ထားလိုက်။ ငါ နင့် ဖုန်းကို သိမ်းထားပေးမယ်။"
ရွှီကျားနင်က သူမကို ကြည့်လိုက်ပြီး တမင်သက်သက် အသံကျယ်ကာ ပြောလိုက်၏။ "ငါ့ဖုန်း မနေ့က အိမ်သာထဲ ကျသွားတယ်။ စိတ်ပူပေးတာ ကျေးဇူးပဲ။ လက်ရှိမှာ ဖုန်းမရှိဘူး။"
"ဘယ်လောက် ကံမကောင်းလိုက်တဲ့ တိုက်ဆိုင်မှုလဲ။"
လုချီက အခုထိ မရိပ်မိသေးပေ။ သူက မေးလိုက်၏။ "ချူးဆွေ့ မင်း ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။ အဲဒီ တိတ်တိတ်လေးကြိုက်နေတဲ့ အကြောင်း အချစ်ဒိုင်ယာရီကို ရေးထားတာက မင်းဖြစ်နေတာလို့တော့ မပြောနဲ့နော်။"
သူ ထိုသို့ပြောပြီးပြီးချင်း အတန်းတစ်ခုလုံး၏ အကြည့်များက လင်ချူးဆွေ့ထံ ကျရောက်လာသည်။
***