အခန်း ၂၈
Vol. 3 Ch. 28
အပိုင်း ( ၂၈ )
ကျောက်ရှောင်လု၏ လှောင်ပြောင်လိုဟန် စကားသံ ထွက်ပေါ်လာ၏။ "အဲဒါက သူမ မဖြစ်နိုင်ဘူး။ သူမရဲ့ ကြက်ခြစ်ထားသလို လက်ရေးက လုံးဝ ကိုက်ညီမနေဘူး။"
လင်ချူးဆွေ့၏ မျက်လုံးများက ခေါင်းမော့လာပြီး နီရဲသော မျက်လုံးများနှင့် လင်ချူးဆွေ့ထံ အကူအညီမဲ့စွာ ကြည့်နေသည့် လုထျန်းပိုင်ထံ ရောက်သွားသည်။ သူမ ငိုနေသည်မှာ ရှင်းလင်းလှသည်။
"အမှန်ပဲ။ အဲဒီဒိုင်ယာရီကို ငါရေးထားတာ။" လင်ချူးဆွေ့က ဝန်ခံလိုက်သည်။ "အဲဒါက အမှန်ပဲ။ ငါ ရွှီကျားနင်ကို တိတ်တိတ်လေးကြိုက်နေတာ အတော်ကြာပြီ။ သူ ကျောင်းကို ရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက သူ့အပေါ် ငါ့ရဲ့ ချစ်ခြင်းတွေက အရှေ့မြစ်တစ်စင်းလို အဆက်မပြတ် စီးဆင်းနေတာ ရပ်တန့်ဖို့ မဖြစ်နိုင်တော့ဘူး။"
ကျောင်းသားများက ရယ်မောလိုက်သည်။ "မင်းရဲ့ ဝန်ခံမှုက တကယ်ပဲ အဲဒီဒိုင်ယာရီစတိုင်လ်မျိုး ရှိတာလား။"
"ဒါပေမယ့် သူက မင်းရဲ့ ပထွေးပါအစ်ကို(ကျိရှုန်း) မဟုတ်ဘူးလား။"
"ဟုတ်တယ်။ ငါတို့မှာ ကျော်ဖြတ်လို့မရနိုင်တဲ့ ကျင့်ဝတ်စည်းမျဥ်းတွေ ရှိနေတယ်လေ။ အဲဒါကြောင့် သူ့အတွက် ငါ့ရဲ့ ခံစားချက်တွေကို ဒိုင်ယာရီထဲမှာ ရေးထားဖို့ပဲ တတ်နိုင်တယ်။"
သူမက ပြောလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ ရွှီကျားနင်၏ မေးဖျားကို လက်ချောင်းထိပ်လေးနှင့် ထိလိုက်သည်။ " 'ငါ့ကို မမွေးဖွားခင် မင်းကို မွေးဖွားပြီး ငါ့ကို မွေးဖွားတဲ့အချိန်မှာ မင်းကတော့ အိုမင်းသွားခဲ့ပြီ။ မင်းကို နေ့တိုင်းတွေးပြီး ဒီမြစ်ရဲ့ ရေကို အတူတူ မျှဝေခဲ့ကြပေမယ့် မင်းနဲ့တော့ ဆုံစည်းနိုင်ခြင်း မရှိခဲ့ဘူး' အဲဒါကို နင် ကြားဖူးလား"
လုချီက သူ စားလာသည့် မနက်စာများကို အန်ထုတ်မိတော့မတတ်ပင်။
ရွှီကျားနင်က သူမနှင့်အတူ လိုက်သရုပ်ဆောင်ပြီး သူမ၏ လိမ်ညာမှုကို မဖော်ထုတ်ခဲ့ပေ။ "အဲဒီတော့ မင်းက မင်းရဲ့ အစ်ကိုကို ဒီလောက်တောင် ချစ်တာလား။"
"နောက်ဆုံးတော့ နင် သိသွားပြီပဲ။"
လင်ချူးဆွေ့၏ သဘာဝမကျသော ဖန်တီးထားသည့် သရုပ်ဆောင်မှုက အတန်းဖော်များကြား ပျံ့နှံ့ကာ ရယ်မောစေခဲ့သည်။
ကျောက်ရှောင်လုက ထရပ်ကာ လင်ချူးဆွေ့အား လက်ညှိုးထိုးလိုက်သည်။ "နင်က လိမ်နေတာပဲ။ အဲဒီဒိုင်ယာရီက နင် ရေးတာ လုံးဝ မဟုတ်ဘူး။ အဲဒီဒိုင်ယာရီက သိသိသာသာကို...."
သူမ စကားမဆုံးခင် လင်ချူးဆွေ့က စူးရှသည့် အကြည့်တစ်ချက် ပေးလိုက်သည်။ "အိုး အဲဒီတော့ နင်က ဘယ်သူ ရေးလဲ သိတယ်ပေါ့။ အဲဒါဆို ဘယ်သူက စက်ဆုပ်ရွံရှာ အထင်သေးဖို့ကောင်းလဲဆိုတာ နင်သိသင့်တယ်။ တစ်စုံတစ်ယောက်ရဲ့ ဒိုင်ယာရီကို ခိုးကြည့်ပြီး အွန်လိုင်းပေါ် ပို့စ်တင်တယ်တဲ့။ ဒါက အနိုင်ကျင့်တယ်လို့ သတ်မှတ်လို့ရတယ်မလား။"
"ဟုတ်တယ်။" ကျန်းချန်ယွီက ခေါင်းညိတ်လိုက်သည်။ "ပေါင်ဝေ့(ကာကွယ်ရေးနဲ့လုံခြုံရေး) ဘာသာရပ်ဆရာက ပြီးခဲ့တဲ့အပတ်ကမှ အကြမ်းဖက်အနိုင်ကျင့်တာ ဆန့်ကျင်ရေး သင်ခန်းစာကို သင်ပေးခဲ့တာ။ ဒီလိုအပြုအမူမျိုးက ကျိန်းသေ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်အနိုင်ကျင့်တာလို့ ပြောလို့ရတယ်။"
ကျောက်ရှောင်လုက ရုတ်တရက် အသိပြန်ဝင်လာပြီး သူမ အရူးလုပ်ခံရကြောင်း သတိပြုမိလိုက်သည်။ 'သူမကိုယ်သူမ ကျရှုံးအောင် လုပ်လိုက်မိခြင်း' ကြောင့် နောင်တတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ သူမက ဝေ့လည်ကြောင်ပတ်နှင့် သူမကိုယ်သူမ ခုခံကာကွယ်ခဲ့သည်။ "ငါ... ငါ သေချာမသိဘူး။ ဒါပေမယ့် နင် ကြိုက်နေတဲ့သူက ရှောက်ယန်ဆိုတာကိုတော့ သိတယ်။ အဲဒါကြောင့် အဲဒီဒိုင်ယာရီကို ရေးတာ နင် မဖြစ်နိုင်ဘူး။"
ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိပုံပေါ်သည့် စာဂျပိုး ရှောက်ယန်က မမျှော်လင့်ထားစွာ ဝင်ပါလာသည်။ သူက စိတ်မရှည်စွာနှင့် ကျောက်ရှောင်လုကို အေးစက်သည့် အကြည့်တစ်ချက် ပေးလိုက်သည်။ "မှားတယ်။"
"ဘာက မှားတာလဲ။"
"သူမ ကြိုက်နေတဲ့လူက ငါ မဟုတ်ဘူး။" ရှောက်ယန်က သာမန်ကာလျှံကာနှင့် ပြောလိုက်သည်။ "ငါက သူမကို လိုက်နေတဲ့သူ ဖြစ်ပေမယ့် သူမရဲ့ အချစ်ကိုတော့ မရနိုင်သေးဘူး။"
ထိုစကားကို ကြားသည့်အခါ အတန်းထဲမှ အခြားမိန်းကလေးများက အံ့သြမှင်တက်ကာ တိတ်ဆိတ်သွားခဲ့လေသည်။
နင်က မရေတွက်နိုင်တဲ့ မိန်းကလေးတွေ လိုက်ချင်နေတဲ့ ကျောင်းရဲ့ အသည်းကျော်လေးလေ။ ဘယ်လိုလုပ် လင်ချူးဆွေ့လို ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ယောက်ကို ချစ်မိသွားနိုင်ရတာလဲ။
ဒါက ဘယ်လိုတောင် ရှုပ်ထွေးပြီး ဒရာမာဆန်တဲ့ သုံးပွင့်ဆိုင်အချစ်လဲ။
ရှောက်ယန်က လင်ချူးဆွေ့ကို ကြည့်လိုက်ပြီး သူ့လက်နှင့် သူမ မေးဖျားကို ပင့်တင်လိုက်သည်။ "မင်း ကြားဖူးလား။ 'တောင်ပေါ်က သစ်ပင်တွေကြားမှာ တစ်ပင်တည်းကပဲ ကျန်တဲ့အပင်တွေ အားလုံးထက် သာလွန်တယ်။ ငါ့နှလုံးသားက မင်းအတွက် ဖြစ်ပေမယ့် မင်းကတော့ တခြားတစ်ယောက်ကို တွေးနေခဲ့တယ်' ဆိုတာကိုလေ။"
“အိုး ဘုရားရေ”
လင်ချူးဆွေ့က သူ့လက်မှ အထိအတွေ့ကြောင့် ရှက်ရွံ့စွာ နီမြန်းလာပြီး သူမနှလုံးသားက ခုန်ပေါက်လာသည်။
သူက ကဗျာဆက်မရွတ်တော့ဘဲ ခပ်ဖျော့ဖျော့ ပြုံးရင်း စာအုပ်ဆက်ဖတ်နေ၏။
တိုးတက်မှုဘားတန်း : 20%
ကျောင်းဆင်းပြီးနောက် လင်ချူးဆွေ့က ကျောက်ရှောင်လုကို ကျောင်းအားကစားအသင်း၏ ပစ္စည်းများ ထားရာအခန်းသို့ ဆွဲခေါ်သွားခဲ့သည်။
လုချီသည် အတန်းပြီးနောက် သူ့ညီမ၏ နီရဲနေသော မျက်လုံးများကို မြင်ကာမှ ဘာတွေဖြစ်နေသလဲ သတိပြုမိသွားသည်။ သူက အလွန် ဒေါသထွက်သွားပြီး သူ့အဆုပ်တွေပင် ပေါက်ကွဲထွက်တော့မလို ဖြစ်သွားရ၏။ သူက ကျောက်ရှောင်လု၏ ခေါင်းကို ဆွဲကာ ရိုက်ခွဲပစ်လိုက်ချင်သော်လည်း ကံကောင်းစွာနှင့် ကျန်းချန်ယွီက တားဆီးလိုက်သည်။
"မိန်းကလေးတွေရဲ့ ကိစ္စကို မိန်းကလေးတွေပဲ ကိုင်တွယ်သင့်တယ်။ မင်းက ဘာဝင်ရှုပ်မှာလဲ။"
လင်ချူးဆွေ့က ကျောက်ရှောင်လု၏ ဆံပင်ကို ဆွဲထားပြီး သူမ ခေါင်းကို လုထျန်းပိုင်ရှေ့၌ ဖိထားရင်း ပြောလိုက်သည်။ "ငါ့ သူငယ်ချင်းကို တောင်းပန်။"
မသပ်မရပ် ရှုပ်ပွနေသော ဆံပင်များနှင့် ကျောက်ရှောင်လုက အရူးမတစ်ယောက်လို ရုန်းကန်နေသည်။ "ငါက ဘာကို တောင်းပန်ရမှာလဲ။ ဒီလောကကြီးမှာ တစ်စုံတစ်ယောက်ကို အတင်းအကျပ် ဖိအားပေးပြီး ခေါင်းငုံ့တောင်းပန်ခိုင်းတာမျိုး မရှိဘူး။"
"နင်က တစ်စုံတစ်ယောက်ရဲ့ ဒိုင်ယာရီကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာ တင်တာက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို ကျူးကျော်စွက်ဖက်တာပဲ။"
"အဲဒါဆိုလည်း ငါ့ကို ရုံးခန်းမှာ သွားတိုင်လေ။ ဆရာက ဘယ်သူ့ဘက်မှာ ရပ်တည်မလဲ ကြည့်ရတာပေါ့။"
"နင့် အဆင့်တွေက ငါ့ထက် ပိုကောင်းတယ်။ လောင်ချင်က အဆင့်ကောင်းတဲ့ သူ့ကိုပဲ ဂရုစိုက်တတ်တဲ့ ဆရာမျိုးပဲ။ သူက ကျိန်းသေ ငါ့ဘက်မှာ ရပ်တည်မှာ မဟုတ်ဘူး။" လင်ချူးဆွေ့၏ နှုတ်ခမ်းတို့က အေးစက်စွာ ကွေးညွှတ်သွားသည်။ "ဘာလို့ ငါက အဲဒီလို အကျိုးမရှိတဲ့အရာမျိုးကို လုပ်ရမှာလဲ။"
သူမသည် ကလေးများ၏ အခြေအနေကို လူကြီးများက နားလည်ပေးနိုင်ရန် မျှော်လင့်ချက်အား စွန့်လွှတ်လိုက်သည်မှာ ကြာပြီဖြစ်သည်။ အတန်းပိုင်ဆရာသည်ပင် ပျမ်းမျှအဆင့်များ၊ ဝင်ခွင့်နှုန်းနှင့် သူတို့၏ စွမ်းဆောင်ရည်များကိုသာ ဂရုစိုက်တတ်သူ ဖြစ်သည်။ သူတို့က ကျောင်းသားများ အနိုင်ကျင့်ခံရသည်ဖြစ်စေ မတရားခံရသည်ဖြစ်စေ အမှန်တကယ် ဂရုစိုက်ခြင်း မရှိပေ။
ကလေးများ၏ ကိစ္စကို ကလေးများ၏ နည်းလမ်းအတိုင်း ဖြေရှင်းရုံသာ တတ်နိုင်သည်။
လင်ချူးဆွေ့က လုထျန်းပိုင်၏ အရှေ့တွင် ကျောက်ရှောင်လု ခေါင်းကို ဖိချထားသည်။
"အချစ်လေး သူမကို ရိုက်"
လုထျန်းပိုင်က ဒေါသထွက်နေသော်လည်း ကျောက်ရှောင်လု၏ အကျည်းတန်သော အမူအရာကို မြင်သည့်အခါ သူမ၏ စိုးရိမ်ပူပန်မှုက ဒေါသကို ကျော်လွန်သွားသည်။ "မေ့လိုက်ပါတော့။ ထားလိုက်တော့။ ဆရာသာ ရှာတွေ့သွားရင် ငါတို့ ပြေးလွတ်မှာ မဟုတ်ဘူး။"
"သူမ နင့်ကို လုပ်ခဲ့တာတွေ မေ့သွားပြီလား။ သူမက နင့် ဒိုင်ယာရီကို အင်တာနက်ပေါ် တင်ခဲ့တယ်လေ။ ပို့စ်က ဆယ်မျက်နှာကျော်တောင်နော်။"
ဒေါသက လင်ချူးဆွေ့ နှလုံးသားထဲ၌ အားကောင်းလာပြီး ပျောက်ကွယ်မသွားပေ။ သူမသည် သူမ ကိုယ်ပိုင်ဒိုင်ယာရီကို ဖွင့်ချခံရသည်ထက် ပို၍ ဒေါသထွက်နေခဲ့သည်။
လုထျန်းပိုင်က ကျောက်ရှောင်လုကို တစ်ချက်ရိုက်လိုက်သော်လည်း အလွန်ညင်သာပြီး ဖွဖွလေး ပုတ်လိုက်သည်နှင့် မခြားနားပေ။
"တော်လောက်ပြီ အချစ်လေး။ ငါ အဆင်ပြေပါပြီ။ ဒီအကြောင်း မေ့လိုက်ကြရအောင် ဟုတ်ပြီလား။"
သေချာပေါက် လင်ချူးဆွေ့က လွယ်လွယ်နှင့် လွှတ်မပေးလိုက်နိုင်ပေ။ သူမက ကျောက်ရှောင်လု၏ အင်္ကျီကော်လာမှနေ၍ ဆွဲသွားခဲ့ပြီး အေးစက်သည့် ရေထဲသို့ ခေါင်းကို ဆွဲကာ နှစ်ပစ်လိုက်သည်။
ကျောက်ရှောင်လုက အော်ဟစ်လိုက်သည်။ "လင်ချူးဆွေ့ f**k you"
"ထပ်ပြောလိုက်စမ်း"
"ငါ့ အဖေသာ ဒီအကြောင်း သိသွားရင် နင့်ကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး။" ကျောက်ရှောင်လု၏ စကားများက ဓားများကဲ့သို့ လင်ချူးဆွေ့၏ နှလုံးသားကို ထိုးနှက်နေသည်။ "လင်ချူးဆွေ့ နင့် အဖေက သေသွားပြီ။ နင်နဲ့ တန်တယ်။ နင်က အဖေမရှိတဲ့ အရိုင်းအစိုင်းမပဲ။"
လင်ချူးဆွေ့က ချက်ချင်း သူမကို လွှတ်ပေးလိုက်သည်။ မြိုသိပ်ထားရသည့် ခံစားချက်များက တစ်ချက်တည်း ပေါက်ကွဲအုံကြွလာသည်။
သူမက မြေပြင်ပေါ်ရှိ တုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး လက်ထဲ၌ ဆကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲက ရေခဲကဲ့သို့ အေးစက်နေခဲ့၏။
သူမ၏ အမူအရာကို မြင်သောအခါ ကျောက်ရှောင်လုက ထိတ်လန့်သွားသည်။ "နင် ဘာလုပ်မလို့လဲ။"
"နင် ငါ့အဖေ အသက်ရှင်နေဖို့ ဆုတောင်းလိုက်တာ ပိုကောင်းမယ်။"
ကျောက်ရှောင်လုက အလွန် ကြောက်ရွံ့ ထိတ်လန့်သွားပြီး သူမ မျက်နှာကြွက်သားများပင် တုန်ယင်လာသည်။ "က... ကမူးရှူးထိုးမလုပ်ပါနဲ့။I
"ငါ့အဖေသာ ရှိသေးရင် သူက နင့်ကို ငါ မသတ်မိအောင်လို့ တားဆီးပေးနိုင်ဦးမယ်။"
ထိုသို့ပြောပြီးနောက် လင်ချူးဆွေ့က သူမ လက်ကို မြှောက်ကာ ကျောက်ရှောင်လုအား ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
ထိုအခိုက်အတန့်တွင် အားကစားပစ္စည်းထားသည့် အခန်းတံခါးက ပွင့်သွားကာ တင်းမာခက်ထန်သော မျက်နှာနှင့် ရှောက်ယန်က ဝင်လာပြီး လင်ချူးဆွေ့၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။
ရှောက်ယန်ကို မြင်သည့်အခါ သူမက စက္ကန့်ဝက်မျှ အသက်ရှူအောင့်လိုက်မိသည်။
"နင်..."
ရှောက်ယန်က သူ့ လက်ချောင်းများတွင် အားအနည်းငယ် ထည့်ကာ သူမလက်ထဲမှ တုတ်ကို ဖြုတ်ချလိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားစေသည်။
လုချီနှင့် ကျန်းချန်ယွီက အထဲသို့ ပြေးဝင်လာကာ ပြောလိုက်သည်။ "ဆောရီး ချူးဆွေ့ ငါတို့ သူ့ကို မတားလိုက်နိုင်ဘူး။"
ထိုအခြေအနေကို မြင်သောအခါ လုထျန်းပိုင်က ကျောက်ရှောင်လုကို အော်လိုက်သည်။ "နင် ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ ထွက်သွား"
ကျောက်ရှောင်လုက ခလုတ်တိုက်မတတ် ထွက်ပြေးသွားသည်။
လင်ချူးဆွေ့၏ နှလုံးသားထဲမှ ဒေါသက ငြိမ်သက်မသွားခဲ့ပေ။ သူမက တုတ်ကို ကောက်ယူပြီး ကျောက်ရှောင်လု နောက်က လိုက်ချင်သော်လည်း ရှောက်ယန်က သူမ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမအား လွှတ်မပေးပေ။
"သင်ယူခြင်းနတ်ဘုရား နင် ဘာလို့ ဝင်စွက်ဖက်နေတာလဲ။"
"ငါ ဒီကိစ္စမှာ ဝင်စွက်ဖက်ဖို့ ဆုံးဖြတ်ထားတယ်။"
ထိုသို့ပြောပြီးနောက် သူက သူမကို အားကစားပစ္စည်းထားသည့်အခန်းမှ ဆွဲထုတ်သွားသည်။
လုချီက သူတို့နောက်သို့ လိုက်သွားချင်သော်လည်း ကျန်းချန်ယွီက တားလိုက်သည်။ "စုံတွဲတစ်တွဲကြားက ကိစ္စကို ဝင်မရှုပ်ချင်စမ်းနဲ့။"
လုထျန်းပိုင်၏ မျက်နှာထက်တွင် မျက်ရည်များ စိုစွတ်နေဆဲ ဖြစ်သည်ကို မြင်သည့်အခါ လုချီ၏ နှလုံးသားက နာကျင်သွားပြီး သံက သံမဏိဖြစ်မလာသည့်အတွက် မုန်းတီးမိသွားသည်။ "ရွှီကျားနင်ကို မကြိုက်ပါနဲ့လို့ ငါ ပြောသားပဲ။ မင်း ဘယ်သူ့ကိုမဆို ကြိုက်လို့ရတယ်။ ဒါပေမယ့် ဘာလို့ သူ့ကိုပဲ ကြိုက်ရတာလဲ။"
"အစ်ကိုကျားနင် ဘာအမှားမှ မလုပ်ခဲ့ဘူး။"
"ဒီကိစ္စဖြစ်တော့ သူ မင်းအတွက် စကားတစ်ခွန်း ပြောပေးခဲ့တာ မြင်လား။ လင်ချူးဆွေ့ကပဲ မင်းအတွက် ရပ်တည်ပေးခဲ့ရတာ မဟုတ်ဘူးလား။"
"ဒါပေမယ့် သူ့ဖုန်း..."
လုထျန်းပိုင်သည် ရွှီကျားနင်၏ ဖုန်းက တိုက်တိုက်ဆိုင်ဆိုင် သူမ ဒိုင်ယာရီ ဖိုရမ်ပေါ်၌ အတင်ခံရသည့်နေ့မှ သန့်စင်ခန်းထဲ ပြုတ်ကျသွားသည်ဟု မယုံကြည်ပေ။
သူက အရာအားလုံး မြင်တွေ့ပြီးသားဖြစ်သော်လည်း သူမ အရှက်မရစေရန် ဟန်ဆောင်ခဲ့ခြင်း ဖြစ်ရပေမည်။
လုထျန်းပိုင်သည် အကူအညီမဲ့သလို ခံစားလိုက်ရသည့်အပြင် ရှက်ရွံ့ဒေါသထွက်သွားမိလေသည်။
........
ရှောက်ယန်က လင်ချူးဆွေ့ကို လှေကားနားသို့ ဆွဲခေါ်လာသည်။ သူ့လေသံက ရှားရှားပါးပါး ဒေါသ အတော်လေး ထွက်နေပုံရလေသည်။ "မင်း လွန်လွန်းသွားပြီ။"
"ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့ ကိစ္စကို ဝင်မပါသင့်ဘူး။"
"ဒါပေမယ့် ငါ ဒီကိစ္စကို ဝင်စွက်ဖက်ဖို့ ဆုံးဖြတ်ထားတယ်။" ရှောက်ယန်က ရန်စလိုသည့်ဟန်ဖြင့် လက်တစ်ဖက်နှင့် သူမ ပါးပြင်ကို ပုတ်၍ အေးစက်စွာ ပြောလိုက်သည်။ "ဘယ်လောက်ကြီးတဲ့ ရန်ငြိုးမို့လို့ မင်းကို အဲဒီလောက် ရက်ရက်စက်စက် ပြုမူစေတာလဲ။ မင်းက ကိုယ့်အတိုင်းအတာကိုယ်မသိသလို အကျိုးဆက်ကိုလည်း မစဥ်းစားဘူး။ လင်ချူးဆွေ့ မင်းက ကယ်တင်လို့ မရတော့ဘူးပဲ။"
လင်ချူးဆွေ့က အံကြိတ်လိုက်သည်။ သူ၏ ကြမ်းတမ်းသော စကားများက သူမကို အလွန် မကျေမနပ် ခံစားရစေသည်။
အစောပိုင်းက ကျောက်ရှောင်လုနှင့် ရင်ဆိုင်သည့်အခါ သူမက ရဲရင့်ပြီး အကြောက်အလန့် ကင်းမဲ့သလို ခံစားခဲ့ရသည်။ သူမသည် လုပ်ချင်သည့်အရာကို အတားအဆီးမရှိ လုပ်ဆောင်ရသည်အား ကျင့်သားရနေခဲ့သည်။
သို့သော် ယခုတွင် ရှောက်ယန်၏ အကြည့်စူးစူးများအောက်၌ သူမက အလွန် နုံချာပြီး ဆိုးဆိုးဝါးဝါး အသုံးမကျသလို ခံစားလိုက်ရသည်။
သူမ၏ အချစ်ဆုံးသူငယ်ချင်းများက အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော်လည်း ယခုတွင် သူမ၏ အမှားဖြစ်သွားသကဲ့သို့ ထင်မှတ်ရပေသည်။
လင်ချူးဆွေ့က ရှောက်ယန်ကို ဆန့်ကျင်ရန် ဒေါသမရှိပေ။ သူမက လှေကားထက်၌ တစ်ယောက်တည်း ထိုင်နေခဲ့ပြီး ဒူးများကြားတွင် သူမခေါင်းကို မြှုပ်နှံထားခဲ့သည်။
သူမ အဖေ ကွယ်လွန်သွားကတည်းက သူမသည် ထိုမျှ မသက်မသာဖြစ်မှုနှင့် နာကျည်းမှုကို မခံစားခဲ့ရပေ။
လောင်လင် သူမကို ဆူပူသောအခါ၌သာ သူမက ဝမ်းနည်းသလို ခံစားရခြင်း ဖြစ်သည်။ သူမ အဖေဆုံးပါးသွားပြီးနောက် ဤကမ္ဘာ၌ မည်သူကမှ သူမကို ငိုအောင် လုပ်နိုင်သူမရှိတော့သလို သူမအား မည်သူကမှ မထိန်းချုပ်နိုင်တော့ပေ။
လင်ချူးဆွေ့ သူမ၏ အင်္ကျီလက်များနှင့် မျက်ရည်တို့ကို ပွတ်သုတ်လိုက်သည်။ သူမက မငိုချင်ခဲ့ပေ။ အထူးသဖြင့် အခြားလူများရှေ့တွင် သူမကို အားနည်းသလို မမြင်စေချင်သောကြောင့် ဖြစ်သည်။
ကောင်းကင်လွှာကို ဖြတ်သန်းကျရောက်လာသည့် နေရောင်ခြည်တို့က သူမကိုယ်ပေါ်ကို နူးညံ့ညင်သာစွာ ကျရောက်နေပြီး သူမ၏ ဆံနွယ်များကို တောက်ပနေစေသည်။
သူမကို ငုံ့ကြည့်နေသည့် ရှောက်ယန်၏ နှလုံးသားထဲတွင် နူးညံ့ညင်သာသည့် ခံစားချက်များက တဟုန်ထိုး မြင့်တက်လာသည်။
သူသည် ထိုခံစားချက်များက သူ့ခန္ဓာကိုယ်ထဲရှိ အခြားဝိညာဥ်တစ်ခုဆီမှ လာခြင်းဖြစ်ပြီး သူ့ကိုယ်ပိုင်ခံစားချက်မဟုတ်ကြောင်း သိနေသော်လည်း.....
သောက်ကျိုးနည်း..
သူက ထိုခံစားချက်များ၏ လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်သည်။
နောက်ဆုံးတွင် ဆယ်ကျော်သက်လေးက သူမဘေးတွင် ဝင်ထိုင်လိုက်သည်။
လင်ချူးဆွေ့က ဘေးသို့ ကြည့်လိုက်၏။ သူ၏ ရှည်လျားသော ခြေထောက်များက လှေကားနှစ်ထက်ကို အပြည့်သိမ်းပိုက်ထားသည်။
သူက သူမအနားသို့ တိုးကပ်ကာ သိမ်မွေ့ညင်သာသည့် အသံနှင့် မေးလိုက်သည်။ "ဒီလောက်အချိန်အကြာကြီး ကြာပြီးနောက်မှာတောင် ငါ မင်းကို တခြားလူတွေရှေ့မှာ ငိုတာ မမြင်ဖူးဘူး။ မင်း ငါ့ရှေ့မှာ သနားဖို့ကောင်းအောင် ဟန်ဆောင်နေတာလား။"
"ငါ သနားဖို့ကောင်းအောင် ဟန်ဆောင်မနေဘူး။ နင်က အခု ကျောက်ရှောင်လုအစား လာပြောပေးနေတာလား။"
"အိုး... အဲဒီတော့ ငါ့ တံတောင်ဆစ်က အပြင်ဘက်ကို ကွေးတာလား။" ထို့နောက် သူက သူ၏ လက်မောင်းကို သူမအား ပွေ့ဖက်ဟန်လုပ်လိုက်သည်။ "အဲဒါက မင်း ငါ့တံတောင်ဆစ် အတွင်းဘက်မှာ ရှိနေတာလို့ ဆိုလိုတာ မဟုတ်ဘူးလား။"
"Oh my god" လင်ချူးဆွေ့က စိတ်ညစ်ညူးစွာနှင့် သူ့ကို တွန်းလွှတ်လိုက်သည်။ "သင်ယူခြင်းနတ်ဘုရားရေ ကိုယ့်ကိုယ်ကိုယ် လေးစားမှုလေး ထားပါဦး။"
ရှောက်ယန်က သူမကို မထိတော့ပေ။ သူက ခေါင်းကို ငုံ့ရင်း ရှင်းပြလိုက်သည်။ "မင်းက ငါ့ တံတောင်ဆစ်အတွင်းဘက်မှာ ရှိနေတဲ့သူပဲ။ အဲဒါကြောင့်ပဲ ငါ မင်းကို ဆူရတာ။ ငါ တခြားလူကို ဆူပူနေတာမျိုး မင်း မြင်ဖူးလို့လား။"
လင်ချူးဆွေ့သည် သူ ယခင်က ထိုမျှ ညင်သာသိမ်မွေ့သည့် လေသံမျိုးနှင့် စကားပြောသည်ကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။ သူတို့ ယခင် အတူတူရှိခဲ့စဥ်ကတည်းက လှောင်ပြောင်သရော်ခြင်းနှင့် ရန်ဖြစ်နေခြင်းတို့သာ ရှိခဲ့သည်။
သူမ ရှောက်ယန်ကို ကြည့်လိုက်သည့်အခါ ကောင်လေး၏ ဘေးဘက်ပုံရိပ်က အေးစက်မာကျောပေသည်။ နေရောင်ခြည်က သူ၏ နူးညံ့သော အသားအရေပေါ် ကျရောက်လာသည့်အခါ သူ့ကို ပို၍ ဖြူဖွေးတောက်ပသွားစေသည်။
ထိုအခိုက်အတန့်တွင် သူ့အကြည့်များက အလွန် သိမ်မွေ့နူးညံ့နေ၏။
လင်ချူးဆွေ့က မကျေမနပ်နှင့် ပြောလိုက်သည်။ "သူမက ငါ့ကို ပဲ့ပြင်ထိန်းကျောင်းမယ့်သူ မရှိတဲ့ အဖေမဲ့ အရိုင်းအစိုင်းမလို့ပြောတယ်။"
"သူမ ဘာမှ မှားမပြောခဲ့ဘူး။ အခု မင်းက အဲဒီလို ဖြစ်နေတာပဲ။"
လင်ချူးဆွေ့က သူ့ကို စိုက်ကြည့်လိုက်ပြီး ဆက်နေရန်အတွက် အလွန် ဒေါသထွက်သွားခဲ့သည်။ သူမက ထွက်သွားရန် ထရပ်လိုက်၏။
ရှောက်ယန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ဒါပေမယ့် အခု မင်းကို ထိန်းကျောင်းပေးဖို့ ငါ ရှိတယ်မဟုတ်ဘူးလား။"
သူမ၏ လက်ကောက်ဝတ်ကို သူ ဆုပ်ကိုင်လိုက်သည့်အတွက်ကြောင့် ရပ်တန့်သွားခဲ့သည်။ သူ၏ လက်ဖဝါးက နွေးထွေးပြီး သူ့ လက်ချောင်းထိပ်တို့တွင် အသားမာတို့ ရှိသည်။
"ငါ အခု မင်းကို ဂရုစိုက်ပေးနေတာ မဟုတ်ဘူးလား။"
တိုးတက်မှုဘားတန်း : 25%
***