← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အပိုင်း ( ၂၉ )

လင်ချူးဆွေ့က ရုံးခန်းတံခါးနားသို့ ရောက်သည့်အခါ ကျောက်ရှောင်လု ငိုယိုတိုင်တန်းနေသည့် အသံကို ကြားလိုက်ရသည်။ သူမက အမှန်တကယ် ဝင်မသွားချင်ခဲ့ပေ။

သူမ၏ ယခင် စိတ်သဘောထားအရဆိုလျှင် သူမက ကျောင်းပြေးပြီး လုချီနှင့် ကျန်းချန်ယွီကို ခေါ်ကာ ကျောင်းအပြင်ဘက်ဂိတ်၌ ဗွီဒီယိုဂိမ်းများ တစ်ညလုံး ဆော့နေလိုက်မည် ဖြစ်သည်။ ကျောက်ရှောင်လုကို ကျောင်းတွင် စိတ်ကြိုက် ခုန်ပေါက်ခိုင်းထားပြီး သူမကတော့ ရက်အနည်းငယ်ကြာ ကျောင်းပြေးပစ်လိုက်မည် ဖြစ်၏။ မည်သည့် မုန်တိုင်းမဆို နောက်ဆုံး၌ ငြိမ်သက်သွားမည်သာ ဖြစ်သည်။

ထိုသည်မှာ သူမ ဤနှစ်နှစ်အတွင်း ဖြတ်သန်းခဲ့သည့် ပုံစံဖြစ်သည်။

သို့သော် ယခုတွင် ရှောက်ယန်က သူမဘေးတွင် ရပ်နေခဲ့၏။

လင်ချူးဆွေ့သည် မည်သည့်အတွက်ကြောင့် သူ့စကားကို နားထောင်မိမှန်း မသိသော်လည်း ဝိညာဥ်အပိုင်စီးခံလိုက်ရသလို သူနှင့်အတူ ရုံးခန်းသို့ လိုက်လာခဲ့မိသည်။

သူက သူမကို ဂရုစိုက်ပေးမည်ဟု ပြောခဲ့သည်။

လင်ချူးဆွေ့က သူမအား ဆုံးမသွန်သင်သည်​မျိုးကို လိုက်နာရန် ဆန္ဒမရှိသော်လည်း ထိုစကားက သူမကို အလွန်ပင် စိတ်အေးလက်အေး ဖြစ်စေခဲ့သည်။ ထိုသည်မှာ ဦးတည်ရာမဲ့ မျောပါနေသည့် လှေငယ်က အိမ်ပြန်ရန် လမ်းပြမည့် ​မီးပြတိုက်ကို ရှာတွေ့သွားသလိုပင် ​ဖြစ်၏။

သူက သူမ၏ မီးပြတိုက်ပေလား။

လင်ချူးဆွေ့သည် အတည်မပြုရဲသလို တွေးကြည့်ရန်လည်း မဝံ့ရဲပေ။

သူမက အတွေးထဲ နစ်နေစဥ် ရှောက်ယန်က လက်ကို ဆန့်ထုတ်၍ သူမ၏ မသပ်မရပ်ဖြစ်နေသော ကော်လာကို ပြင်ပေးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ဝင်သွားပြီးရင် စစ်မှန်တဲ့ သဘောထားမျိုးနဲ့ တောင်းပန်လိုက်။ ဘယ်သူ့ကိုမှ မအော်နဲ့။ ပြီးရင် သူမရဲ့ အမှားကို သိမ်သိမ်မွေ့မွေ့ ထောက်ပြလိုက်။ ပညာသားပါပါ ပြောဖို့ မှတ်ထား။"

"ဘယ်လို ပညာသားပါပါ ပြောရမှာလဲ။"

ရှောက်ယန်က နွမ်းလျစွာ ပြောလိုက်၏။ "ရှက်သလိုလို ကြောက်သလိုလို ဘယ်လို ဟန်ဆောင်ရမလဲ သိလား။"

လင်ချူးဆွေ့က ရိုးရိုးသားသား ခေါင်းခါလိုက်သည်။ "ငါ မသိဘူး။"

"အဲဒါဆို မင်း ဘာသိလဲ။"

"ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ။"

"..."

"ငါ မင်းကို တစ်ခေါက် သင်ပေးမယ်။ ငါပြောတဲ့ စကားတွေကို မှတ်ထားပြီး နောက်ကျ ဆရာ့ကို အဲဒီအတိုင်းပြော။"

လင်ချူးဆွေ့က စိတ်ဝင်စားစွာနှင့် သူမ၏ မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး သူ့အား ကြည့်လိုက်သည်။ "ကောင်းပြီ ငါ့ကို သင်ပေး။"

ရှောက်ယန်က လည်ချောင်းရှင်းလိုက်သည်။ "ဆရာ ဒါက သမီးရဲ့ အမှားပါ။ ကျောက်ရှောင်လုက သမီးသူငယ်ချင်းရဲ့ ဒိုင်ယာရီကို ခိုးပြီး လူတိုင်းရဲ့ အလှောင်ပြောင်ခံ အဆူဆဲခံရအောင် ဖိုရမ်ပေါ်မှာ ပို့စ်တင်လိုက်တာဆိုပေမယ့် ဘယ်လိုဖြစ်ဖြစ် သမီး သူ့ကို မရိုက်သင့်ပါဘူး။ အရမ်းအပြစ်ရှိသလို ခံစားရပါတယ်။"

"Oh my god."

ရှောက်ယန်က သူမကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။ "ဆရာ ကျေးဇူးပြုပြီး ကျောက်ရှောင်လုကို အပြစ်မတင်ပါနဲ့။ သူမ ဒီလိုလုပ်တာ အ​ကြောင်းရှိလို့ ဖြစ်ပါလိမ့်မယ်။ သူမက လုထျန်းပိုင်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ချင်လို့ မဟုတ်ဘူးဆိုတာ သမီးယုံကြည်တယ်။ အဲဒါက ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်သွားလို့ ဖြစ်ပါလိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက်ကို အပြစ်ပေးချင်ရင် သမီးကိုပဲ ပေးပါ။ အားလုံးက သမီးရဲ့ အမှားတွေချည်းပါပဲ။" သူက ထပ်ပြောလိုက်သည်။ "အဲဒီစကားတွေ​ပြောရင်းနဲ့ မင်းရဲ့ အင်္ကျီလက်နဲ့ မျက်လုံးကို ပွတ်သုတ်ဖို့ သတိရနော်။"

"..."

"ရပြီလား။"

လင်ချူးဆွေ့က လက်မထောင်ပြလိုက်သည်။ "ငါ နင့်ကို လေးစားတယ်။"

ရှောက်ယန်က သူမကို ရုံးခန်းအတွင်းသို့ တွန်းထည့်လိုက်သည်။ လင်ချူးဆွေ့က အနည်းငယ် တွေဝေနေဆဲဖြစ်ပြီး ပြောလိုက်၏။ "အဲဒါက နည်းနည်း အရှက်မရှိသလို ဖြစ်မနေဘူးလား။"

"အရှက်မဲ့ပေမယ့် အလုပ်ဖြစ်တယ်လေ။"

.........

လင်ချူးဆွေ့က ရုံးခန်းထဲသို့ ဝင်သွားပြီး ရှောက်ယန်ရေးသည့် ဇာတ်ညွှန်းအတိုင်း မျက်ရည်များဖြင့် ပြဇာတ် က တော့သည်။

ကျောက်ရှောင်လုက သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး ဆက်ငို၍ တိုင်တန်းရန်ပင် မေ့သွားလေသည်။

လင်ချူးဆွေ့က အမြဲ တည့်တိုးဆန်သူ ဖြစ်သည်။ သူမက ရှက်ကြောက်တတ်သော မိန်းကလေး တစ်ယောက်၏ အခြေခံစွမ်းရည်များကို မည်သို့ သင်ယူခဲ့ပါသနည်း။

သေချာပေါက်ပင် အတန်းပိုင်ဆရာချင်က ကျောက်ရှောင်လုအား ဒိုင်ယာရီကို ဖတ်ခဲ့သလားဟု မေးလေသည်။

ကျောက်ရှောင်လုက မရှင်းမလင်း ပြောလိုက်သည်။ "သမီး ဒိုင်ယာရီကို ဖတ်ခဲ့ပေမယ့် ဆရာချင် လုထျန်းပိုင်ရဲ့ ဆယ်ကျော်သက်အချစ်ရေးကို ခွင့်ပြုထားလို့ မရဘူးနော်။"

လင်ချူးဆွေ့က ကျောက်ရှောင်လုအား အေးစက်စွာ ကြည့်လိုက်သည်။ "သူမက ဝန်ခံခဲ့ဖူးတာလည်း မရှိသလို ရည်းစားစာလည်း မရေးခဲ့ဖူးဘူး။ သူမ ဒိုင်ယာရီထဲမှာ သူမရဲ့ အတွေးတချို့ကို ချရေးထားရုံပဲ။ တကယ်လို့ အပြစ်ပေးချင်တယ်ဆိုရင် အတန်းထဲက မိန်းကလေးတွေ အားလုံးရဲ့ ဒိုင်ယာရီတွေကိုပါ သိမ်းယူပြီး စစ်ဆေးသင့်တယ်။"

ဆရာချင်က 'အဆင့်နှင့် ဘက်လိုက်တတ်သော' ဆရာတစ်ယောက်ဖြစ်သော်လည်း အဆုံးမှာတော့ သူက အကျိုးအကြောင်းသင့်စွာ စဥ်းစားတတ်နေဆဲ ဖြစ်သည်။ သူက မိန်းကလေးကျောင်းသူများ၏ ဒိုင်ယာရီထဲက အတွေးများကို မည်သို့ လိုက်စစ်နေနိုင်ပါမည်နည်း။

"တော်လောက်ပြီ။ မင်းတို့ နှစ်ယောက်လုံး အမှားလုပ်ခဲ့တာပဲ။ ကျောက်ရှောင်လုက အရင် မှားခဲ့ပြီး လင်ချူးဆွေ့ မင်းက တစ်ယောက်ယောက်ကို ရိုက်နှက်တာ မမှန်ဘူး။ အဲ့တော့ ညီတူမျှတူပဲလို့ ပြောကြရအောင်။"

ရုံးခန်းထဲက ထွက်လာသည့်အခါ ကျောက်ရှောင်လုက လင်ချူးဆွေ့ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။ "နင် စောင့်ကြည့်နေလိုက်။"

လင်ချူးဆွေ့က မျက်လုံးလှိမ့်လိုက်သည်။ "ငါက ဘာလို့ နင့်ကို ကြောက်ရမှာလဲ။"

.......

ထို့နောက်တွင် ရှောက်ယန်နှင့် လင်ချူးဆွေ့က စာသင်ဆောင်ထဲမှ လျှောက်ထွက်လာသည်။

လုချီနှင့် အခြားလူများက လေ့ကျင့်ရေးကွင်းထဲ၌ ရှိနေသည်။ လင်ချူးဆွေ့ ပြန်လာသည်ကို မြင်သောအခါ သူတို့က စိုးရိမ်ပူပန်စွာ စုဝေးလာကြ၏။

"ဘယ်လိုလဲ။ ဆရာက မင်းကို ခက်ခဲအောင် လုပ်သေးလား။"

"ကျောက်ရှောင်လုရဲ့ အမှားအမှန်ကို ပြောင်းပြန်လှန်တတ်တဲ့ စွမ်းရည်နဲ့ ဘော့စ်လင်ကို ခက်ခဲအောင် လုပ်မှာ ကျိန်းသေပဲ။"

လင်ချူးဆွေ့က ပျော်ရွှင်စွာ ပြောလိုက်သည်။ "ငါက တစ်ပတ် သန့်ရှင်းရေးလုပ်ဖို့ အပြစ်ပေးခံရတယ်။ ဒါပေမယ့် ကျောက်ရှောင်လုက ပိုတောင်ဆိုးသေးတယ်။ သူမက မိဘတွေဆီ အသိပေးခံရတယ်။"

"မဖြစ်နိုင်တာ" လုချီက အံ့အားသင့်စွာ ပြောလိုက်သည်။ "သန့်ရှင်းရေးတာဝန်လေးပဲလား။ ငါတို့က မင်း လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်း သွားရမလား တစ်ခုခု ဖြစ်မလား ထင်နေတာ။"

"ငါ့ ထိုင်ခုံဖော်ကို ကျောင်းဉာဏ်ကြီးရှင် ဖြစ်နေဖို့ ဘယ်သူပြောလို့လဲ။" လင်ချူးဆွေ့က ကျေးဇူးတင်စွာနှင့် ရှောက်ယန်၏ ပခုံးကို ပုတ်လိုက်သော်လည်း သူက ရှောင်တိမ်းလိုက်သည်။

လုချီက ရှောက်ယန်အား စစ်မှန်စွာ ကျေးဇူးတင်လိုက်၏။ "ဒီတစ်ခေါက် ကူညီပေးတာ ကျေးဇူးတင်ပါတယ်။"

"ဘာလို့ ငါ့ကို ကျေးဇူးတင်တာလဲ။"

"မင်းက ဘော့စ်လင်ကို ကူညီခဲ့တယ်လေ။"

ရှောက်ယန်က ပြောလိုက်သည်။ "ငါ သူမကို ကူညီတာက ငါတို့ကြားက ကိစ္စ။ မင်းနဲ့ ဘာဆိုင်လို့လဲ။"

"အိုး... အမ်း..."

ရှောက်ယန်က လင်ချူးဆွေ့ကို ပြောလိုက်သည်။ "ငါ ဝိုင်းပေးထားတဲ့ မေးခွန်းတွေကို အိမ်စာလုပ်ဖို့ သတိရ။"

"အိုး.. ငါ သိပြီ။" လင်ချူးဆွေ့က နာနာခံခံ ခေါင်းညိတ်လိုက်သည်။

"အိုခေ"

ရှောက်ယန်က စက်ဘီးစီး၍ နင်းထွက်သွားသည်။

"ဟေး!" လင်ချူးဆွေ့က ရုတ်တရက် သူ့ကို ခေါ်လိုက်၏။ "ကျောင်းဉာဏ်ကြီးရှင်လေး ငါ နင့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ညစာဝယ်ကျွေးချင်တယ်။"

သူမသည် သူ့ဘက်က တုန့်ပြန်ခြင်းမရှိသည့်အတွက် သူကြားလားမကြားလား မသိပေ။ သူက သူ့လမ်းသူ ဆက်သွားနေခဲ့သည်။

လင်ချူးဆွေ့က ကျောင်းဂိတ်ပေါက်၌ ပျောက်ကွယ်သွားသည့် မြင့်မားသော သူ့ပုံရိပ်ကို ကြည့်​နေခဲ့၏။

နေမင်းက မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။

လုချီက သူ့လက်များကို လင်ချူးဆွေ့၏ မျက်လုံးရှေ့တွင် ဝှေ့ယမ်းလိုက်သည်။

"မင်း မျက်လုံးတွေ ကျွတ်ကျလာတော့မယ်။" သူက ရယ်မောရင်း မေးလိုက်၏။ "မင်းတို့နှစ်ယောက် ဘယ်တုန်းက အရမ်းရင်းနှီးသွားတာလဲ။"

"သူက အမြဲတမ်း ငါ့အပေါ် တကယ်ကောင်းတယ်။"

"အစောပိုင်းက သူ့ရည်ရွယ်ချက် ဘာလဲဆိုတာ မင်း သိတယ်မလား။" လုချီက သူမဘေးသို့ လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ "သူက မင်းကို သဘောကျပြီး လိုက်နေတာ ဟုတ်တယ်ဟုတ်။"

"အဲဒါကို ဘာလို့ မေးတာလဲ။"

"ငါက မင်းရဲ့ သူ့အပေါ် သဘောထားကို မေးနေတာ။ သူ့ကို ညစာကျွေးဖို့ ခေါ်နေတာ မင်း တကယ် သူ့ကို ကြွေသွားတာကြောင့်မို့လို့တော့ မပြောနဲ့နော်။"

"မဖြစ်နိုင်တာကြီး…"

လူတိုင်းက တစ်ညီတည်း ပြောလိုက်ကြသည်။ "ဖြစ်နိုင်တာကြီး…"

"..."

လုထျန်းပိုင်က လင်ချူးဆွေ့၏ ဘေးတွင် ဝင်ထိုင်ရင်း သာမန်ကာလျှံကာ မေးလိုက်သည်။ "နင် ချင်းနိုင့် အကြောင်း မေ့သွားပြီလား။"

ချင်းနိုင့်ဆိုသည့် စကားလုံးနှစ်လုံးက လင်ချူးဆွေ့ကို ကြက်သီးထလာစေသည်။ "အဲဒါ ရှေးပဝေသဏီတုန်းက အကြောင်းတွေပဲ။"

သူမသည် လူတွေက သူမ၏ အရင်တုန်းက အကြောင်းအရာများကို ပြောဆိုသည့်အခါ အမုန်းဆုံး ဖြစ်သည်။

"နှစ်နှစ်လောက်တောင် ရှိသွားပြီ။" လုထျန်းပိုင်က ပြောလိုက်သည်။ "အဲဒီတုန်းက နင်တို့နှစ်ယောက်.. ငါတို့ကျောင်းရဲ့ အကျော်ကြားဆုံး စုံတွဲဖြစ်ခဲ့တာ။ ငါ ကြားတာတော့ နင်တို့ လမ်းခွဲပြီးတော့ သူ အချိန်အကြာကြီး စိတ်ဓာတ်ကျနေခဲ့တာတဲ့။"

ချင်းနိုင့်က လင်ချူးဆွေ့၏ ပထမဆုံး ရည်းစားကောင်လေး ဖြစ်သော်လည်း အချစ်ဦး မဟုတ်ပေ။ လူတွေက သူတို့အား လိုက်ဖက်သည်ဟု အမြဲစနောက်နေကြသည့်အတွက် သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက ဒွိဟဖြစ်စရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ချင်းနိုင့်က အလယ်တန်းကျောင်း၏ ကျောင်းလူဆိုး ဖြစ်သည်။ သူ၏ အဆင့်က မကောင်းမွန်ဘဲ စိတ်လိုက်မာန်ပါလုပ်တတ်၍ ဒေါသကြီးသော်လည်း လင်ချူးဆွေ့အပေါ်၌ တော်တော်လေး နူးညံ့ညင်သာပေသည်။

နောက်ပိုင်း၌ သူက အနီးအနားရှိ သက်မွေးဝမ်းကြောင်း အထက်တန်းကျောင်းသို့ ရောက်သွားခဲ့ပြီး သူက အလျင်အမြန်ပဲ ကောင်မလေးအသစ် ရသွားခဲ့သည်ဟု သူမ ကြားခဲ့သည်။

ထို့နောက်၌ လင်ချူးဆွေ့က သူ့ကို ထပ်မတွေ့ခဲ့ရတော့ပေ။

ကနဦးခံစားချက်က မေ့ပျောက်ရန် ခက်ခဲသော်လည်း သူတို့က ငယ်ရွယ်သေး၏။ ယခု ပြန်စဥ်းစားကြည့်သောအခါ ထိုခံစားချက်က သမိုင်းတစ်ခုသာ ဖြစ်လာခဲ့ပေသည်။

"ချင်းနိုင့်အကြောင်း မေ့လိုက်စမ်းပါ။" လုချီက လက်ကို ယမ်းလိုက်သည်။ "အဲဒီကောင်ရဲ့ ရုပ်ရည်က ကြည့်ကောင်းပေမယ့် အကျင့်စရိုက်က ပိုင်ဆိုင်ချင်စိတ် အရမ်းများလွန်းပြီး စိတ်လိုက်မာန်ပါနဲ့ ဒေါသက ကြီးသေးတယ်။ သူ့လိုကောင်မျိုးတွေက အိမ်တွင်းအကြမ်းဖက်တာမျိုး လုပ်မယ့် အနေအထား ရှိတယ်။ ငါသာ လင်ချူးဆွေ့ အဖေဆိုရင် ကျိန်းသေ သဘောတူမှာ မဟုတ်ဘူး။ အသေသတ်ပစ်လိုက်မှာ။"

"နင် အခု သွားသေလိုက်လေ။" လင်ချူးဆွေ့က သူ့နားရွက်ကို ဆွဲလိုက်သည်။ "ငါ့ အဖေအကြောင်း ဟာသမလုပ်နဲ့။"

"အောင်း... အောင်း… နာတယ်ဟ။"

လုထျန်းပိုင်က ပြောလိုက်သည်။ "ဟုတ်တယ်။ ချင်းနိုင့်ထက်စာရင် ကျောင်းဉာဏ်ကြီးရှင်က ပိုကောင်းတယ်။ အဆင့် ကောင်းတယ်။ ရုပ်ချောတယ်။ အကျင့်စရိုက်ကလည်း လက်ခံနိုင်လောက်စရာ ရှိတယ်။"

လင်ချူးဆွေ့က လုချီကို လွှတ်ပေးလိုက်သည်။ သူက သူ့နားရွက်ကို ပွတ်နေရင်း ပြောလိုက်၏။ "ဒါပေမယ့် ချင်းနိုင့်ရဲ့ ခက်ထန်ကြမ်းတမ်းမှုက အတွင်းစိတ်ထဲမှာ အမှန်တကယ် အဆိပ်ပြင်းတာ မဟုတ်ဘူးလို့ ခံစားရတယ်။ ငါတို့ရဲ့ ကျောင်းဉာဏ်ကြီးရှင်ကတော့ အပြင်ပန်းမှာ ပုံမှန်လိုပဲဆိုပေမယ့် သူ့ရဲ့ မျက်လုံးတွေက အရမ်း နက်ရှိုင်းလွန်းတယ်။ သူ့ရဲ့ စိတ်အခြေအနေက အတော်လေး မှန်မနေမှာကို စိုးမိတယ်။"

လုထျန်းပိုင် : "နင်က သူ့ကို ကြောက်စရာကောင်းအောင် ပြောနေတာပဲ။"

"ငါ လူတစ်ယောက်ကို အကဲခတ်တာ ဘယ်တုန်းက မှားဖူးလို့လဲ။ ငါ အရင်တုန်းက ချင်းနိုင်နှနှစ်ဝက်အတွင်း လမ်းခွဲပြီး ချက်ချင်း ရည်းစားအသစ် ရှာလိမ့်မယ်လို့ မပြောခဲ့ဘူးလား။ နောက်တော့ သုံးလတောင် မပြည့်ဘဲ အဲဒီလိုဖြစ်သွားခဲ့တယ်လေ။ သူ့အတွက် တန်းစီနေတဲ့ မိန်းကလေးတွေက အများကြီးပဲ။"

လင်ချူးဆွေ့က ထရပ်လိုက်ပြီး သူမ ဘောင်းဘီမှ မြက်များကို ခါလိုက်သည်။ "အိမ်ပြန်ကြစို့။"

"အစောကြီးလား။"

"အိမ်စာလုပ်ဖို့ အိမ်ပြန်ရမယ်။"

လုချီသည် ချက်ချင်းပင် လူသတ်ချင်စိတ်ဖြစ်လာပြီး ပြောလိုက်၏။ "မင်းက သူ ပြောသမျှ လိုက်လုပ်နေတာလား။ အဲဒီလောက် နာခံတတ်တယ်ပေါ့။"

လင်ချူးဆွေ့က ပြန်လှည့်ကြည့်လိုက်သည်။ "သူက ငါသာ လိမ်လိမ်မာမာနဲ့ သူ ဝိုင်းပေးထားတဲ့ မေးခွန်းတွေကို ပြီးအောင်လုပ်ပြီး သူ့ စာရှင်းပြတဲ့ အချက်တွေကို သေချာနားထောင်မယ်ဆိုရင် ငါ့ရဲ့ အိမ်စာအားလုံးကို ကူးပေးမယ်တဲ့။"

လုချီက ရပ်တန့်သွားပြီး လုထျန်းပိုင်ကို ကြည့်လိုက်သည်။ "ကျောင်းဉာဏ်ကြီးရှင်ရဲ့ စာသင်ကြေးက ဘယ်လောက်လဲ။"

လုထျန်းပိုင်က သူမ လက်ချောင်းများကို သုံးပြီး တွက်ချက်လိုက်သည်။ "သူ့ရဲ့ ကျူရှင်ကြေးက တွက်ရတာ အတော်ရှုပ်ထွေးတယ်။ ငါ သိတာတော့ သူ့ဆီ ကျူရှင်ယူလိုက်တဲ့ တခြားအတန်းက မိန်းကလေး တစ်လကို ခုနစ်ထောင် ရှစ်ထောင်လောက် သုံးလိုက်ရတယ်တဲ့။ ဒါပေမယ့် သူမရဲ့ အဆင့်တွေက နှစ်ရာလောက် ထိုးတက်သွားတာ။"

"သေစမ်း… ဒါပေမယ့် ပေးရတဲ့ ပမာဏနဲ့တော့ တန်သား။" လုချီက ထပ်မေးလိုက်သည်။ "အဲဒီတော့ လင်ချူးဆွေ့ကရော သူ့ကို ဘယ်လောက် ပေးရလဲ။"

"တစ်ပြားမှ မပေးရဘူး။" လုထျန်းပိုင်က အဓိပ္ပါယ်အပြည့်နှင့် ပြောလိုက်သည်။ "အဲဒါတင်မကဘူး။ သူမ မေးခွန်းတွေ အဖြေမှန်အောင် တွက်နိုင်နေသရွေ့ သင်ယူခြင်းနတ်ဘုရားက သူမကို ဆုချတဲ့အနေနဲ့ မနက်တိုင်း သရက်သီးနို့မလိုင်တစ်ခွက် ဝယ်တိုက်လိမ့်မယ်။"

လုချီ : ...

ဒါကိုမှ အချစ်လို့မခေါ်ရင် ဘယ်ဟာကို သွားခေါ်ရမလဲ။

.........

လင်ချူးဆွေ့က ကျောင်းဂိတ်ပေါက်မှ ထွက်လာပြီး တောင်ဘက်သို့ လျှောက်လာကာ ချောင်းတံတားကို ဖြတ်ပြီးနောက် ဟောင်းနွမ်းနေသည့် ရပ်ကွက်သို့ ရောက်လာသည်။

စည်ကားနေသည့် ညစျေးလမ်းတွင် ရှောက်ယန်၏ ဟော့ပေါ့ဆိုင်၌ အလွန် လူကျကာ အလုပ်များနေပြီး လူတန်းရှည်ကြီး တန်းစီနေ၏။

ထို့ပြင် လူများက လူအုပ်နှင့်အတူ လိုက်လုပ်တတ်သူများ ဖြစ်ကြသည်။ လူတန်းရှည်ကြီးကို မြင်သည့်အခါ လူသွားလူလာတို့က ပို၍ စိတ်ဝင်စားလာပြီး ဧည့်သည်များ ပို၍ စုဝေးလာသည်။

ကြည့်ရသည်မှာ အလွန် အလုပ်များနေပုံပေါ်၏။

လင်ချူးဆွေ့၏ မူလအစီအစဥ်မှာ ထွက်လာပြီး ညစာစားရန် မေးလိုခြင်းဖြစ်သော်လည်း မဖြစ်နိုင်တော့ပုံရသည်။

သူမက အိတ်ထဲသို့ လက်များထည့်ထားရင်း လူတန်းရှည်ကြီးတလျှောက် တန်းစီလိုက်သည်မှာ ဆိုင်တံခါးနား ရောက်သည်အထိ ဖြစ်သည်။

ဤအချိန်ဆိုလျှင် သူ့အစ်မက ညကျောင်းသွားနေပြီ ဖြစ်ကာ ဆိုင်၌ ရှောက်ယန်တစ်ယောက်တည်း အလုပ်များနေခြင်း ဖြစ်နိုင်သည်။

သင်ယူခြင်းနတ်ဘုရားက အနက်ရောင်တီရှပ်နှင့် အေပရွန် ဝတ်ဆင်ထားသည်။ သူ၏ လှပသော မျက်ဝန်းနက်နက်များကို အောက်သို့ငိုက်နေသည့် မျက်တောင်များအောက် ကွယ်ဝှက်ထားပြီး လက်များက ယောက်ချိုဇွန်းတို့ဖြင့် အလုပ်များနေပြီး ဟော့ပေါ့ဟင်းရည်ကို ကျွမ်းကျင်စွာ ပြုလုပ်နေသည်။

ယောက်ျားလေး အနည်းစုသာ တိုကပ်ကပ်ဆံပင်မျိုး ညှပ်ကြသည်။ ကျောင်းမှ ယောက်ျားလေးတော်တော်များများတွင် ဆံမြိတ်များရှိကြပြီး အလွန် ကိုရီးယားစတိုင်လ် ဆန်ကြသည်။

သို့သော် ရှောက်ယန်က သပ်ရပ်၍ ရှင်းသန့်နေသည့် တိုကပ်ကပ် ဆံပင်စတိုင်လ်မျိုး ညှပ်ထားကာ သူ၏ အသွင်အပြင်ကို ကြံ့ခိုင်သန်မာပုံပေါက်သွားစေကာ သူ၏ မျက်နှာအသွင်အပြင်ကို ရှင်းသန့်ကာ ထင်ရှားစေပြီး အိုင်ဒေါလ်ဒရာမာထဲမှ ခုန်ထွက်လာသည့် အမျိုးသားဇာတ်လိုက်ကဲ့သို့ ထင်မှတ်ရစေသည်။

တန်းစီနေသည့် မိန်းကလေးများက အကြည့်မလွှဲဘဲ ရှောက်ယန်ကို စိုက်ကြည့်နေကြသည်မှာ သူ၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို လွဲချော်သွားမည်အား စိုးရိမ်နေသကဲ့သို့ပင် ဖြစ်သည်။

သူက တကယ်ပဲ အဲဒီလောက် ကြည့်ကောင်းလို့လား။

လင်ချူးဆွေ့က ပီကေဝါးကာ ဆိုင်ရှေ့၌ တန်းစီ၍ သူ့ကို စောင့်နေရင်း တွေးနေခဲ့သည်။

ရှောက်ယန်က သူမ လာသည်ကို သိသော်လည်း သူမအား အရေးမလုပ်ဘဲ သူ့အလုပ်သူသာ ဆက်လုပ်နေသည်။

"ဓာတ်ပုံတစ်ပုံလောက် ရိုက်လို့ရလား။" တန်းစီနေသည့် မိန်းကလေးတစ်ယောက်က သူ့ကို မေးလိုက်သည်။ "ယွမ်ငါးဆယ် ပေးပါ့မယ်။"

ရှောက်ယန်က လင်ချူးဆွေ့ကို တစ်ချက်ကြည့်လိုက်ပြီး ယဥ်ကျေးစွာ ငြင်းပယ်လိုက်၏။ "ဒီနေ့ ဓာတ်ပုံမရိုက်ပါဘူး။"

"အိုခေ။" ကောင်မလေး အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

လင်ချူးဆွေ့က ပီကေကို မှုတ်လိုက်သည်။ ပူဖောင်းက သူမ နှုတ်ခမ်းကြားမှ ထွက်ပေါ်လာပြီး ထပ်ခနဲ ဖောက်လိုက်သည့်အခါ လျှာကို သွားကပ်ကာ ပြန်သွင်းလိုက်သည်။

သူမက စိတ်အခြေအနေ ကောင်းမွန်နေ၍ ပျော်ရွှင်စွာ ပြောလိုက်၏။ "ဘော့စ် ငါ အော်ဒါမှာချင်လို့။"

ရှောက်ယန်က သာမန်ကာလျှံကာ ဟန်ဖြင့် မေးလိုက်သည်။ "မင်း ဘာလိုချင်လဲ။"

"နင် လုပ်ထားတာ ဖြစ်သရွေ့ ဘာဖြစ်ဖြစ် အဆင်ပြေတယ်။ ဒါပေမယ့် မစပ်စေနဲ့။"

***

All Chapters