← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အပိုင်း ( ၃၁ )

"မင်းက ငါ့ရဲ့ ချူးဆွေ့လေးကို ဒုက္ခပေးဖို့အတွက် လူတွေ အများကြီးစုနေရတာကြောင့် မင်း ဖုန်းကိုတောင် မကြည့်နိုင်သေးဘူးမလား။"

သူက ပြောပြီးသည်နှင့် ကျောက်ရှောင်လုအား လွှတ်ပေးလိုက်သည်။ "ဘာလို့ အခု မကြည့်တာလဲ။"

ကျောက်ရှောင်လု လွတ်မြောက်သွားပြီးနောက် ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ပြီး ရှောက်ယန်ကို သံသယဖြင့် ပြန်ကြည့်လိုက်သည်။

ရှောက်ယန် နှင့် လင်ချူးဆွေ့တို့က ၎င်းတို့၏ မူလနေရာများတွင် ရပ်နေဆဲ ဖြစ်သည်။

သူမက တုန်ယင်နေသော လက်ဖြင့် ဖုန်းကို ထုတ်လိုက်သည်။

အတန်းပိုင်နှင့် သူမ၏ မိဘများထံမှ လွတ်သွားသော ဖုန်းခေါ်ဆိုမှုများစွာ ရှိခဲ့သည်။ အတန်းထဲမှ အုပ်စုဖွဲ့ စကားပြောခန်း​၌လည်းလည်း ပေါက်ကွဲနေသည်။

"သေစမ်း ဒီ ID တွေအားလုံးက ကျောက်ရှောင်လုရဲ့ ဟာတွေလား။"

"ငါတို့ သူ့ကို ​ခြေအိတ်ရုပ်ဘုရင်မလို့ ခေါ်ရမယ်။"

(​ခြေအိတ်ရုပ် - အွန်လိုင်းပေါ်၌ အသုံးပြုသော အကောင့်တု)

"ဒါဆို သန့်စင်ခန်းထဲမှာ ခိုးရိုက်တဲ့ ဗီဒီယိုကလည်း သူမ လုပ်ထားတာလား။ ဘယ်လောက်တောင် ရွံရှာစရာကောင်းလိုက်သလဲ။"

"မိန်းကလေးတစ်​ယောက်က တခြားမိန်းကလေးကို ဒီလိုလုပ်တယ်ဆိုတာ မယုံနိုင်ဘူး။"

"သူမက ဝမ်ရူရှင်းကို အရှက်ကွဲအောင်လုပ်ပြီး တစ်စုံတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးပစ်လိုက်တာပဲ။"

"သူမလို လူတွေက အပိုင်းပိုင်း အခုတ်ခံရသင့်တယ်။"

........

ကျောက်ရှောင်လု၏ မျက်နှာက ခရမ်းရောင်သမ်းလာကာ တုန်တုန်ယင်ယင်နှင့် မတ်တပ်မရပ်နိုင်တော့သောကြောင့် ထောင့်စွန်းတွင် ဒူးထောက်ထိုင်ချလိုက်သည်။ သူမ၏ ဦးနှောက်က ဘာမှ မတွေးနိုင်တော့ပေ။

ရှောက်ယန်က သူမကို ဆက်ဒုက္ခပေးရန် ပျင်းလွန်းလှသည်။ သူက သူ့စက်ဘီးကို တွန်းလာပြီး လင်ချူးဆွေ့အား ပြောလိုက်သည်။ "စက်ဘီးပေါ် တက်။ အိမ်ပြန်ကြမယ်။"

လင်ချူးဆွေ့က အသိပြန်မဝင်သေးပေ။ သူ့စကားကြောင့် သူမက သူ့ကို မော့ကြည့်လိုက်သည်။

လရောင်အောက်တွင် ရှောက်ယန်သည် တိုက်ခိုက်နေစဥ်ကကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး အေးစက်စက် အကြည့်မျိုး မရှိတော့ပေ။ သူမကို ကြည့်နေသည့် နက်မှောင်သော မျက်လုံးများတွင် သူမ တစ်ခါမှ မမြင်ဖူးသည့် နူးညံ့မှုတို့နှင့် ပြည့်နေခဲ့သည်။

သူမ နှလုံးခုန်သံက ပြန်၍ မြန်ဆန်လာသည်။

တာဝန်တိုးတက်မှု- 27%, 28%, 29%, 30%...

တိုးတက်မှုဘားတန်းကို ထပ်ပြီး အရူးလို မြင့်တက်လာပြန်သည်ကို မြင်သည့်အခါ ရှောက်ယန်က မျက်လွှာချပြီး စက်ဘီးလက်ကိုင်ဘားကို ကြည့်လိုက်သည်။

လေပြေအေးများ တိုက်ခတ်လာသကဲ့သို့ သူ့စိတ်တွေက ထူးထူးခြားခြား နူးညံ့သွားခဲ့သည်။

"သွားရအောင် အလိမ္မာတုံးလေး။"

လင်ချူးဆွေ့သည် ကုတင်ပေါ်တွင် လဲလျောင်းနေရင်း မျက်နှာကြက်သို့ စိုက်ကြည့်နေကာ လက်ချောင်းများက စက်ဝိုင်းသဏ္ဌာန် ရေးဆွဲနေခဲ့သည်။

သူမသည် ရှောက်ယန်က ကျောက်ရှောင်လုနှင့် ပတ်သက်သော လူမသိသည့် မှောင်မိုက်သော သမိုင်းအားလုံးကို တူးဖော်နိုင်လိမ့်မည်ဟု မဆိုထားနှင့် သူ အမှန်တကယ် တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အွန်လိုင်းဖိုရမ်များသည် ယနေ့ညတွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး အတန်းတွင်း စကားပြောခန်းများနှင့် ကျောင်းမှ အုပ်စုလိုက် စကားပြောခန်းများ အားလုံးတွင် ထို စက်ဆုပ်ဖွယ် အဖြစ်အပျက်ကို ဆွေးနွေးနေကြသည်။

ကျောက်ရှောင်လုက အဆုံးသတ်သွားပြီ ဖြစ်လေသည်။

ယနေ့တွင် ရှောက်ယန်က လင်ချူးဆွေ့ကို ဆရာ့ရုံးခန်းဆီ ဆွဲခေါ်သွားပြီး တောင်းပန်စေခဲ့သော်လည်း တစ်ဖက်သို့ လှည့်လိုက်သည်နှင့် သူက ကျောက်ရှောင်လုကို ဆန့်ကျင်ရန် သက်သေများကို စတင် စုဆောင်းနေခဲ့၏။

သူ့တွင် အလွန်နက်နဲလှသော အကြံအစည်များ ရှိပြီး သူ၏ နည်းလမ်းများသည် အလွန်ရက်စက်ကြမ်းကြုတ်သည်မှာ တွေးကြည့်၍ပင် မရနိုင်ပေ။

လင်ချူးဆွေ့သည် အတင်းအဖျင်းဘုရင် ကျန်းချန်ယွီ ပြောခဲ့ဖူးသည့် ​ရှောက်ယန်၏ အတိတ်အကြောင်းကို ပြန်စဥ်းစားလိုက်သည်။ ထိုသည်မှာ သူက သူ့မွေးစားဖခင်ကို ထောင်ထဲသို့ ပို့နိုင်ရန် သူ့အသက်ကိုပင် ရင်းကာ မီးလောင်မှုတစ်ခု မည်သို့ ဖန်တီးခဲ့သည်ဟူသော အကြောင်းပင် ဖြစ်သည်။

ဒီလူ... သူမက သူ့ကို ဖြူစင်ရိုးသားပြီး အပြစ်ကင်းစင်သည့် 'ယုန်ဖြူလေး' တစ်ကောင်အဖြစ် မှတ်ယူထားခဲ့သော်လည်း အမှန်တကယ်၌ သူက လူယောင်ဆောင်ထားသည့် မိစ္ဆာတစ်ကောင် ဖြစ်နေခဲ့လေသည်။

လင်ချူးဆွေ့သည် အနည်းငယ် ရူးမိုက်ခဲ့မိသလို ခံစားလိုက်ရသည်။ သူမသည် ယနေ့တွင် သူ့အား ထိုကောင်လေးများက အနိုင်ကျင့်ရိုက်နှက်ခြင်းမှ ကာကွယ်ရန်အတွက် သူ့ရှေ့၌ မိုက်မိုက်မဲမဲ ပိတ်ရပ်ခဲ့ပြီး ကျောက်ရှောင်လု ထံ ဒူးထောက်လုနီးပါး ဖြစ်ခဲ့ရသည်။

ရှောက်ယန်ကဲ့သို့သော လူသည် မည်သူတစ်ဦးတစ်ယောက်၏ အနိုင်ကျင့်ခြင်းကိုမှ ခံရမည်မဟုတ်ပေ။

[နန်ချန် အမှတ် ၁ အထက်တန်းကျောင်း အချောလေးများအဖွဲ့]

လင်ချူးဆွေ့က ထိုအဖြစ်အပျက်ကို သူမ သူငယ်ချင်းများအား ပြန်ပြောပြခဲ့သည်။

လုချီ : "ဒါက တကယ်ပဲ ရှောက်ယန် လုပ်ခဲ့တာလား။ ငါက ကျောက်ရှောင်လု ရက်စက်တဲ့ ရန်သူတချို့ကို ရန်စလိုက်မိတာလို့ ထင်နေတာ။ ဘယ်လောက် ကြီးမားတဲ့ ရန်ငြိုးတွေက ဒီလိုဖြစ်တဲ့အထိ လှုံ့ဆော်ပေးနိုင်တာလဲလို့။"

ကျန်းချန်ယွီ : "ဘာရန်ငြိုး အာဃာတမှ မရှိဘူး။ သူမက ချူးဆွေ့ရဲ့ တစ်ဦးတည်းသော အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ မင်းရဲ့ ညီမလေးကို အကွက်ချခဲ့မိရုံပါပဲ။"

လုချီ : "ငါ ပြည်သူ့ရေးရာဗျူရိုကို ဒီအထိ ရွှေ့လာပြီး မင်းတို့ နှစ်ယောက်ကို နေရာမှာတင် ချက်ချင်း လက်ထပ်ခိုင်းချင်နေပြီ။"

လင်ချူးဆွေ့ : "သူက အဲဒါတွေ အကုန်လုံးကို ငါ့အတွက် လုပ်ပေးခဲ့တာလား။"

လုချီ : "မဟုတ်ရင် ဘယ်​သူ့အတွက် ဖြစ်ရမှာလဲ။ ငါ့အတွက်လား။"

လင်ချူးဆွေ့က သေချာပိုင်နိုင်မှု မရှိပေ။ ရှောက်ယန်ကဲ့သို့ လူမျိုးနှင့် သူမက မတူညီသော ကမ္ဘာမှ လူများကဲ့သို့ ခံစားရပေသည်။ အကယ်၍ သူတို့သာ မတော်တဆ ထိုင်ခုံဖော်များ ဖြစ်မလာပါက သူတို့၏ ဘဝ လမ်းတလျှောက်တွင် တစ်ကြိမ်တစ်ခါမှ ဖြတ်မလျှောက်ကြလိမ့်မည် သူများ ဖြစ်သည်။

သူက ထက်မြက်ကာ ချောမောပြီး သူ့အား နှစ်သ​က်သဘောကျသူများကို လက်ချောင်းတစ်ချောင်း ကွေးညွှတ်လိုက်ရုံဖြင့် အလွယ်တကူ ဆွဲဆောင်နိုင်သည်။

လောင်လင် မရှိတော့ကတည်းက လင်ချူးဆွေ့၏ ယုံကြည်ချက် အများစုက ပျောက်ကွယ်သွားခဲ့သည်။

ရှောက်ယန်က သူမ၏ မည်သည့်အရာကို သဘောကျနိုင်သလဲ တကယ် မသိခဲ့ပေ။

လင်ချူးဆွေ့ : "သူ့မှာ ငါ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေသလို ခံစားရတယ်။"

ရွှီကျားနင် : "သင်္ချာမှာ ကိုးမှတ် ဆယ်မှတ်ပဲ ရနေတဲ့ မင်းလိုလူကို သူက ဘာတွေ ကြံစည်ရမှာ လဲ- မင်းရဲ့ ဒေါသကိုလား ဒါမှမဟုတ် မကောင်းတဲ့ အဆင့်တွေကိုလား။"

လင်ချူးဆွေ့ : "နောက်ဆုံး စာမေးပွဲမှာ ငါ့ရဲ့ ရမှတ်က ၅၇ မှတ်ဆိုတာ ပြောပါရစေ။ ကျေးဇူး။"

ရွှီကျားနင်: "၅၇ မှတ်လောက်လေးကို မင်းက ဂုဏ်ယူနေတာလား။"

လင်ချူးဆွေ့: "တစ်ယောက်က ရမှတ် ၁၄၇ မှတ်နဲ့ နောက်တစ်ယောက်က အမှတ် ၁၅၀ တဲ့။ ဉာဏ်ကြီးရှင်တွေနဲ့ နတ်ဘုရားတွေကြားမှာ ၃မှတ်ကွာဟတယ်ဆိုတာက ကောင်းကင်နဲ့ မြေကြီးကြားက အကွာအဝေးလိုမျိုး ငါးနဲ့ ငှက်ကြားက ကွာဝေးမှုလိုမျိုးပဲလေ။ [ပခုံးတွန့်အီမိုဂျီ]"

ထိုစကားက ရွှီကျားနင်၏ ဒဏ်ရာကို ထိုးနှက်လိုက်မိပြီး သူ့ကို ဒေါသတကြီး ဖြစ်သွားစေခဲ့သည်။ "အမှိုက်လေး!"

လင်ချူးဆွေ့ : "တစ်စုံတစ်ယောက်ကတော့ စိတ်တိုနေပြီပဲ။"

ရွှီကျားနင်က 'လစ်လိုက်တော့' အီမိုဂျီကို ပို့ပြီးနောက် အဖွဲ့ထဲမှ ထွက်သွားခဲ့သည်။

နှစ်မိနစ်အကြာတွင် လုထျန်းပိုင်က သူ့ကို ချက်ချင်း ပြန်ထည့်လိုက်ပြီး လင်ချူးဆွေ့အား သီးသန့်စာတစ်စောင် ပေးပို့ခဲ့သည်။

"အစ်မလေးရေ ကျေးဇူးပြုပြီး ငါတောင်းဆိုပါတယ်။"

လင်ချူးဆွေ့ - "ကောင်းပြီလေ။ ငါ သူ့ကို ရန်မစတော့ဘူး။"

...........

သူမက အဖွဲ့လိုက်စကားပြောခန်းကို ပိတ်ကာ ရှောက်ယန်အား WeChat မှ စာပို့လိုက်သည်။ "မေးဖို့ မေ့သွားလို့။ ဒီနေ့ တိုက်ပွဲမှာ ဒဏ်ရာရသွားသေးလား။"

ထိုသို့ ပို့ပြီးသည်နှင့် သူမက စာကို ချက်ချင်း ပြန်ဖျက်လိုက်သည်။

သူမက ဘာလို့ သူ့ကို ရှင်းမပြနိုင်လောက်အောင် စိတ်ပူပေးနေရတာလဲ။

သို့သော် သူမ စာကို ပြန်ဖျက်လိုက်သည့် အခိုက်အတန့်မှာပဲ ရှောက်ယန်က ပြန်ဖြေလာသည်။ "မရဘူး။"

နှစ်စက္ကန့်အကြာ၌ သူသည်လည်း ၎င်းကို ပြန်ဖျက်ရန် ရွေးချယ်ခဲ့သည်။

စာရိုက်၍ စကားပြောရုံဖြင့်ပင် လင်ချူးဆွေ့သည် ဖော်ပြ၍မရနိုင်သော ကိုးရို့ကားယားနိုင်မှုကို ခံစားရသေးသည်။

တခဏအကြာတွင် သူမက မေးလိုက်၏။ "နင် ဘာကို ပြန်ဖျက်လိုက်တာလဲ။"

ရှောက်ယန် : "အဲဒါဆို မင်းကရော ဘာကို ပြန်ဖျက်လိုက်တာလဲ။"

လင်ချူးဆွေ့ : "ငါ နင့်ရဲ့သင်္ချာအိမ်စာတွေကို ကူးခွင့်ပေးမလားလို့ မေးချင်ခဲ့တာ။ ဒါပေမယ့် နင် သေချာပေါက် ခွင့်ပြုမှာ တွေးမိလိုက်တယ်။ မေးနေလည်း အဓိပ္ပါယ်မရှိဘူးလေ။ အဲဒါကြောင့် ပြန်ဖျက်လိုက်တာ။"

ရှောက်ယန် : "ငါ ပြန်ဖျက်လိုက်တာကလည်း သင်္ချာအိမ်စာပဲ"

"..."

လင်ချူးဆွေ့ : "ဒါဆို နင် အဲဒါကို ပြန်ပို့ပေးဖို့ စိတ်ကူးရှိလား။"

ရှောက်ယန် : "ပို့ပေးမယ်။"

လင်ချူးဆွေ့ : "မဟုတ်လည်း ထားလိုက်ပါတော့။ [မျက်လုံးလှိမ့်အီမိုဂျီ]"

မိနစ်အနည်းငယ်ကြာပြီးနောက် ရှောက်ယန်က စာထပ်ပို့လာသည်။ "အရိုက်ခံရတာကို ရှောင်ဖို့ မင်းက တစ်ယောက်ယောက်ကို ဒူးထောက်ပြီး တောင်းပန်ဖို့ လုပ်ခဲ့တာလား။ မင်းက အလျှော့မပေးတတ်တဲ့ သူမျိုးလို့ ငါထင်ခဲ့တာ။"

လင်ချူးဆွေ့ : "ငါ အဲဒီလိုလုပ်ခဲ့တာ တစ်ယောက်ယောက် အရိုက်မခံရစေဖို့လေ ဟုတ်ပြီလား။"

ရှောက်ယန် : "ငါ သိတယ်။"

ရုတ်တရက် လေထုက အနည်းငယ် ထူးဆန်းပြီး အဆင်မပြေ ဖြစ်သွားသည်။ လင်ချူးဆွေ့၏ ပါးပြင်များက နီမြန်းလာပြီး ဆောင်ထုတ်ပြတင်း၌ ထိုင်လိုက်ကာ အထဲသို့ ဝင်လာသည့် လေနုအေးများက သူမ မျက်နှာအား ညင်သာစွာ ထွေးပွေ့နေသည်ကို ခွင့်ပြုထားလိုက်သည်။

အပြင်ဘက်၌ မိုးရွာနေပြီး လေထဲတွင် မိုးစက်မှုန်လေးများ သယ်ဆောင်ထားသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ရှောက်ယန်က ဓာတ်ပုံများစွာကို အဆက်မပြတ်ပေးပို့ခဲ့သည်။ လင်ချူးဆွေ့က ၎င်းတို့ကို ဖွင့်ကြည့်လိုက်သောအခါ သင်္ချာအိမ်စာအတွက် အဖြေများ ဖြစ်နေသည်ကို မြင်လိုက်ရသည်။

"?"

ရှောက်ယန် : "အကြွေး ပြန်ဆပ်တာ။"

လင်ချူးဆွေ့က ဟန်ဆောင်ပန်ဆောင်နှင့် ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။ "အိုး မဟုတ်ပါဘူး၊ အဲဒါအတွက် စိတ်မပူပါနဲ့။ အကြွေးဆိုတာက ဘာလဲ။ ငါတို့က ထိုင်ခုံဖော်​တွေမလား။ နင့်ကို ကာကွယ်ဖို့က ငါ့ တာဝန်ပဲကို။ ငါက မြင့်မြတ်ပြီး ဖြောင့်မတ်တဲ့ ထိုင်ခုံဖော်လေ။"

[ရှောက်ယန်က ပုံတစ်ပုံကို ပြန်ဖျက်သွားခဲ့သည်။]

လင်ချူးဆွေ့ : "ကျေးဇူးတင်ပါတယ် ဆရာရေ။ ကောင်းမြတ်တဲ့ ကြမ္မာနဲ့ အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်။"

ထို့နောက် သူမက ကျန်ရှိနေသေးသည့် အိမ်စာပုံများကို အမြန်သိမ်းဆည်းလိုက်သည်။

"ပြန်မဖျက်ပါနဲ့။ မလုပ်ပါနဲ့။ ဒူးထောက်တောင်းဆိုပါတယ်။"

........

ထိုညတွင် ရှောက်ယန်က အိပ်မပျော်နိုင်ခဲ့ပေ။

သူ့မွေးစားဖခင်ကို ထောင်ထဲပို့ပြီးနောက် သူ၏ မှောင်မိုက်သော ဝမ်းနည်းအားငယ်စရာ ကောင်းသည့် ငယ်ဘဝမှ တဖြေးဖြေး ရုန်းထွက်နိုင်ခဲ့ကာ အိပ်မပျော်သည့် ဝေဒနာကို မခံစားရတော့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ယခု သူ့တွင် ရည်မှန်းချက်အသစ်တွေ ရှိလာခဲ့ပြီး သူ့ဘဝကလည်း စတင်၍ တောက်ပလာခဲ့သည်။ အဲဒီနောက်ပိုင်း အိပ်မပျော်သည့် ဝေဒနာကို မခံစားရတော့ပေ။

သို့သော် ယနေ့ညတွင် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့် ရတက်မအေး ဖြစ်နေခဲ့ရသည်။

ထို တိုးတက်မှုဘားတန်း 30% တွင် သူ ရှင်းရှင်းလင်းလင်း မသိရသေးသည့် မိန်းမငယ်လေး၏ ရိုးသားစစ်မှန်သော နှလုံးသား ပါ၀င်သည်။

တိုးတက်မှုဘားတန်း မြန်မြန်မြင့်တက်လာလေ သူ့ခံစားချက်များက ပိုမိုရှုပ်ထွေးလာလေဖြစ်သည်။

ဤကမ္ဘာတွင် ပေးဆပ်ရန် အခက်ခဲဆုံးက နှလုံးသားခံစားချက်များ ဖြစ်သည်။

သူ ရုတ်တရက် ဘာဆက်လုပ်ရမလဲ မသိတော့ပေ။

ထိုအချိန်တွင်ပင် အချိန်အကြာကြီး ငြိမ်သက်နေခဲ့သည့် လင်ရှို့ကျယ်၏ အသံက ထွက်ပေါ်လာသည်။

" 'နှစ်လပိုင်းရဲ့ နွေဦးလေပြေက ပြင်းလွန်းတယ်။ အေးလွန်းတဲ့ ညချမ်းမှာ လေပြေညင်းက ဘယ်သူ့အတွက် တိုက်ခတ်နေတာလဲ။' ရှောက်ယန်ထုန်းရွှယ် ဉာဥ့်နက်နေပြီကို ဘာလို့ မအိပ်သေးတာလဲ။"

ရှောက်ယန် : "ကျွန်တော်တွေးနေတာ လင်ချူးဆွေ့ရဲ့ ဂန္တဝင်ကဗျာရှည်မှာ အရမ်းတော်တဲ့ အကြောင်းပြချက်ကို နောက်ဆုံးတော့ တွေ့လိုက်ရပြီလို့။"

လင်ရှို့ကျယ်က အပြုံးနှင့် ပြောလိုက်သည်။ "ရှောက်ယန် အခု ငါတို့က တူညီတဲ့ ခန္ဓာကိုယ်ကို မျှဝေအသုံးပြုနေကြတာ။ မင်းရဲ့ အသိစိတ်က နာကျင်နေလား မနာကျင်နေဘူးလားဆိုတာ ငါ သိတယ်။"

ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးနောက် လင်ရှို့ကျယ်သည် ရှောက်ယန်၏ အတိတ်မှ အရာအားလုံးကို သိလာခဲ့သည်။ သူသည် ယခင်က လှည့်စားခံရပြီး နာကျင်ခဲ့ရသောကြောင့် အခြားသူများကို မည်သို့ ရိုးသားစွာ ဆက်ဆံရမည်အား သူနားမလည်တော့ပေ။

သူ့ကမ္ဘာတွင် လှည့်စားခြင်း နှင့် လွတ်မြောက်ခြင်းသာ ရှိပြီး အကြင်နာတရားဟူ၍ မရှိချေ။

စိတ်ရင်းမှန်သော နှလုံးသားကို ပေးစွမ်းရန်မှာ သူ့အတွက် ကောင်းကင်ဘုံသို့ တက်ရသည်ထက် ခက်ခဲလှသည်။

သို့သော် ဤအချိန်ကာလအတွင်း သူ့နှလုံးသားက တဖြည်းဖြည်း ယိမ်းယိုင်လာသည်။

လင်ရှို့ကျယ် : "ရှောက်ယန် ငါ မင်းကို တော်တော်လေး သဘောကျတယ်။"

ရှောက်ယန် : "ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မလိုပါဘူး။ ခင်ဗျား ပြောချင်တာကိုပဲ ပြောပါ။"

လင်ရှို့ကျယ် : "မင်း QQ သကြားလုံး လိုချင်လားလို့ မေးမလို့။"

ရှောက်ယန် : "ခင်ဗျားရဲ့ QQ သကြားလုံးကို စားပြီးသွားရင် ခင်ဗျားရဲ့ မိသားစုက ချစ်လှစွာသော ကလေးမလေးနဲ့ သူငယ်ချင်းကောင်း ဖြစ်ပေးရမှာလား။"

လင်ရှို့ကျယ် : "မင်း သူမရဲ့ ချစ်သူဖြစ်ပေးချင်လည်း အဆင်ပြေတယ်။ ဒါပေမယ့် ကောလိပ်ဝင်ခွင့် စာမေးပွဲပြီးမှ ဖြစ်ရမယ်။ ငါ မင်းကို စောင့်ကြည့်နေမယ်။"

"..."

မာရသွန်ပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ လင်ချူးဆွေ့၏ လေ့ကျင့်ရေးက ပြင်းထန်သော ပြင်ဆင်မှု ကာလတစ်ခုအတွင်း ရောက်ရှိသွားခဲ့သည်။ သူမက နေ့တိုင်း အလွန် နောက်ကျမှသာ အိမ်ပြန်ရောက်ပေသည်။

ပြိုင်ပွဲအကြိုနေ့၌ ရွှီကျားနင်သည် စာကြည့်ခန်းနားမှ ဖြတ်သွားစဥ် ရွှီစုန့်ပိုင်က အတန်းပိုင်ဆရာနှင့် ဖုန်းပြောနေသည်အား ကြားခဲ့ရသည်။

“သူမက ပြိုင်ပွဲမှာ ဆုတွေရနိုင်ရင်တောင် မာရသွန်ပြိုင်ပွဲမှာ ပါဖို့ ခွင့်မပြုနိုင်ဘူး။"

"သူမက ဒုတိယအဆင့် တတိယအဆင့် တက္ကသိုလ်တွေကိုပဲ ဝင်ခွင့်ရရင်တောင် ကိစ္စမရှိဘူး။ သူမက ဘဏ္ဍာရေးနဲ့ စာရင်းအင်းပညာကို လေ့လာနိုင်ပြီး အနာဂတ်မှာ ကုမ္ပဏီကို အလုပ်ဝင်တဲ့အခါ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတစ်ခု ရရှိနိုင်တယ်။ ခင်ဗျားက သူမကို အားကစားလိုက်လုပ်ဖို့ ပြောပြီး ထိပ်တန်းတက္ကသိုလ်တစ်ခု ဝင်ခွင့်ရသွားရင်တောင် ဘာလုပ်ရမှာလဲ။ ကုမ္ပဏီကို အလုပ်ဝင်တဲ့အခု သူမက လုံခြုံရေးအစောင့် သွားလုပ်ရမှာလား။"

"ဒါက ကလေးရဲ့ အနာဂတ်မှာ ဘာအကောင်းဆုံး ဖြစ်မလဲဆိုတာကို ဆုံးဖြတ်နေတာပါ။"

"ဒီအသက်အရွယ် ကလေးတွေက သူတို့ ဘာကို စိတ်ဝင်စားတယ်ဆိုတာ သေချာမသိကြဘူး။ သူတို့က လျှောက်ပတ်ကစားနေဖို့ပဲ သိတာ။ လူကြီးတွေကပဲ သူတို့အတွက် ဘယ်ဟာက အကောင်းဆုံး ဖြစ်မလဲဆိုတာကို သိကြတာ။"

"ဆရာ ထပ်ပြောစရာ မလိုတော့ဘူး။ ကျုပ် အခု အရမ်း အလုပ်များနေတယ်။ ဖုန်းချလိုက်တော့မယ်။"

ရွှီစုန့်ပိုင် ဖုန်းချလိုက်ပြီးနောက် ရွှီကျားနင်ကို မြင်သောအခါ မေးလိုက်သည်။ "မင်း ကျောင်းက ပြန်လာပြီလား။"

"အမ်း။"

"အန်တီကို မင်းအတွက် စားစရာတချို့ နွှေးခိုင်းလိုက်။ အိုး ဟုတ်သားပဲ မင်း ညီမ ပြန်မလာသေးဘူးလား။"

"မလာသေးဘူး။"

"သူမကို ပိုပြီး ဂရုစိုက်စောင့်ကြည့်ထား။ အဖေလည်းမရှိ ငါ့စကားကိုလည်း နားထောင်ဖို့ ဆန္ဒမရှိဘူး။ မင်းက သူမ အစ်ကိုပဲ။ ကျောင်းမှာ စာလုပ်ဖို့ သူမကို ပိုပြီး အကူအညီပေးလိုက်။"

ရွှီကျားနင်က ပြန်မဖြေဘဲ မျက်လွှာချထားခဲ့သည်။

မျိုးဆက်ဟောင်းတွေက အမှန် တကယ်ကို စိတ်ထားကျဥ်းမြောင်းလွန်းသည်။

သူနှင့် လင်ချူးဆွေ့ကြားမှ ရှုပ်ထွေးသည့် ဆက်ဆံရေးကို မည်သို့ဖြစ်၍ "မောင်နှမ" ဟု သိမ်းကျုံးပြောလို့ ရနိုင်ပါမည်နည်း။

သူတို့ဘာမှ မသိကြတာ ဖြစ်နိုင်သလို ဂရုမစိုက်ချင်ကြတာလည်း ဖြစ်နိုင်သည်။

ရွှီကျားနင်က လှည့်ထွက်ကာ သူ့အခန်းထဲ ဝင်သွားသည်။ တံခါးကို တွန်းဖွင့်လိုက်သည့်အခါ တီးခတ်ခြင်းမှ တားမြစ်ထားရသော ဖုန်တက်နေသည့် ဂီတာအား မြင်လိုက်ရ၏။

သူက ရွှီစုန့်ပိုင်ကို ပြန်လှည့်ကြည့်ပြီး ရုတ်တရက် ကျယ်လောင်စွာ ပြောလိုက်သည်။ "သူမက အားကစားမှာ အရမ်းတော်တယ်။ ကျွန်တော် မြင်ဖူးတယ်။ အပြေးမှာလည ယောက်ျားလေးတွေ အများစုထက် ပိုသာတယ်။ ဘတ်စကတ်ဘောဆိုရင်လည်း ကောင်းကောင်းကစားတတ်တယ်။"

ရွှီစုန့်ပိုင်၏ အမူအရာက မည်းမှောင်သွားသည်။ "မင်း ကိစ္စပဲ မင်း အာရုံစိုက်။"

ရွှီကျားနင်က သူ့နှုတ်ခမ်းတွေကို တင်းတင်းဖိပိတ်လိုက်ပြီးနောက် မနေနိုင်ဘဲ ထပ်ပြောလိုက်သည်။ "အဖေ ဆုံးဖြတ်ထားတဲ့ အောင်မြင်တဲ့ဘဝဆိုတာက တစ်မျိုးတည်း ရှိတယ်။ ဒါပေမယ့် လူတိုင်းက မတူညီဘူး။ သူမမှာလည်း သူမ ကြိုက်တာကို လုပ်ပိုင်ခွင့်ရှိတယ်။ မတူညီတဲ့ လူတွေကို မတူကွဲပြားတဲ့ဘဝမျိုး ရှင်သန်နေထိုင်ခွင့်ပေးသင့်တယ်။"

"မင်းက အရိုက်ခံချင်လို့ ယားနေပြန်ပြီလား။" ရွှီစုန့်ပိုင်က ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်သည်။ "မင်းကိစ္စသာ မင်း ဂရုစိုက်။ မင်း ညီမကိစ္စ ငါ ဂရုစိုက်လိုက်မယ်။ ဒီမှာ လာပြီး သူမအတွက် ရပ်တည်ပေးမနေနဲ့။"

"သူမက အဖေ့ သမီး မဟုတ်ဘူး..."

"ပါးစပ်ပိတ်ထား" ရွှီစုန့်ပိုင်က အမှန်တကယ် ဒေါသထွက်လာသလို အော်ဟစ်လိုက်သည်။ "သူမက ငါနဲ့ သွေးသားမတော်စပ်ပေမယ့် အဖေအရင်းလို စောင့်ရှောက်ပေးရမယ်။ မှားယွင်းတဲ့ ဘဝလမ်းကြောင်းကို ရွေးချယ်မိအောင် သူမကို ဆက်ပြီး ခွင့်ပြုထားမှာ မဟုတ်ဘူး။"

ရွှီကျားနင်က ဘာမှ ထပ်မ​ပြော​တော့ဘဲ သူ့အခန်းထဲ လှည့်​ဝင်သွားကာ အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။

***

All Chapters