အခန်း ၃၂
Vol. 4 Ch. 32
အပိုင်း ( ၃၂ )
လင်ချူးဆွေ့က မနက်ဖြန် မာရသွန်ပြိုင်ပွဲအတွက် အနည်းငယ် စိတ်ပူနေမိသည်။ အိမ်အပြန်လမ်းတွင် သူမက အပြေးလေ့ကျင့်ရင်း သွေးပူလေ့ကျင့်ခန်း လုပ်လာခဲ့သည်။
သူမ အမှန်တကယ်ပဲ ပထမနေရာကို ရချင်ခဲ့ပေသည်။
လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း သူမသည် အမှိုက်ကဲ့သို့ အသုံးမကျသော ဘဝတွင် နေထိုင်ခဲ့ပြီး မည်သည့်အရာမှ မအောင်မြင်ခဲ့ပေ။ သူမ၏ အဆင့်များကလည်း ထိုးကျသွားသည်။
သို့သော် မာရသွန်ပြိုင်ပွဲသည် သူမ တစ်ချိန်က အလွန်ဂုဏ်ယူခဲ့ရသည့် အရာတစ်ခုဖြစ်သည်။ သူမသည် ထိပ်တန်းငါးနေရာတွင် ဝင်ခဲ့ဖူးသည်။
သူမက ပြေးရတာကို ကြိုက်နှစ်သက်ပြီး သူမ အဖေနှင့်အတူ တောင်တွေ ရေကန်တွေဆီ သွားလည်ရသည်ကိုလည်း ကြိုက်နှစ်သက်ကာ ကြယ်များနှင့် လရောင်အောက်တွင် အမြဲတမ်း ပြေးလေ့ရှိသည်။
သူမ အဖေ ထွက်သွားပြီးနောက် သူမက ပြေးခြင်းကို ရပ်တန့်လိုက်သည်။
သူမက သူမကိုယ်သူမ ဖုံးအုပ်ကာကွယ်၍ စည်းခြားလိုက်ကာ သူမ ဘဝအတွင်း ထွန်းလင်းနေသည့် အလင်းရောင်အားလုံးကို ပိတ်ဆို့ပစ်လိုက်လေသည်။
ယခုမူကား အဖုံးကို အနည်းငယ်ဖွင့်ဟလိုက်သည့်အတွက် အလင်းတန်းတစ်ခု တိုးဝင်လာခဲ့ပုံရလေသည်။
သူမ နောက်တစ်ကြိမ် ပြေးချင်လာခဲ့ပြီး ဆုငွေကို ဆွတ်ခူးရရှိချင်ကာ တစ်ချိန်တည်းမှာပဲ တက္ကသိုလ်တက်ရောက်ခွင့် ရရှိရန် ကြိုးစားချင်ခဲ့သည်။ ထို့အပြင်....
သူမသည် အသုံးမဝင်သော အမှိုက်တစ်စမဟုတ်ကြောင်း တစ်စုံတစ်ယောက်အား သက်သေပြလိုသည်။
သူမသည်လည်း အလွန်ထူးချွန်သော မိန်းကလေးတစ်ဦး ဖြစ်ပေသည်။
ထိုတစ်စုံတစ်ယောက်က အမြဲတမ်း ပထမရရှိတတ်သည့်အတွက်ကြောင့် သူမသည်လည်း ပထမနေရာကို ရယူကာ သူ့အား ပြချင်ခဲ့သည်။
သူမက ရပ်ကွက်အဝင်သို့ ရောက်သည့်အခါ အရှိန်နှင့် လာနေသည့် ရွှီကျားနင်၏ စက်ဘီးက သူမ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
"ရွှီကျားနင်.. နင် ဘာဖြစ်နေတာလဲ။"
ရုတ်တရတ် ဘရိတ်ညှစ်လိုက်သည်က သူမအား စက်ဘီးနှင့် တိုက်မိလုနီးပါး ဖြစ်သွားစေသည်။
ရွှီကျားနင်က ခြေတစ်ဖက်ကို မြေပြင်တွင် ထောက်ကာ စက်ဘီးအား ရပ်လိုက်သည်။ "ဒီည အိမ် မပြန်နဲ့။ ဟိုတယ်မှာ သွားနေလိုက်။"
"ဘာလို့လဲ။"
"လောင်ရွှီက မင်း မာရသွန်ပြေးတာကို ခွင့်မပြုဘူး။ မနက်ဖြန်တော့ မင်း အိမ်က ထွက်သွားတာကို တားဖို့ နည်းလမ်းရှာလိမ့်မယ်။ မင်းကို အခန်းထဲမှာတောင် သော့ပိတ်ထားနိုင်တယ်။"
လင်ချူးဆွေ့က ပြောလိုက်သည်။ "သေစမ်း၊ နင့်အဖေက အဲဒီလောက်တောင် သဘောထားသေးတယ်လား။"
"..."
"ငါ့ အဖေကို မစော်ကားနဲ့။"
"အဲဒါဆို နင်က ဘာလို့ ငါ့ကို ကူညီနေတာလဲ။"
ရွှီကျားနင်က ပခုံးတွန့်လိုက်သည်။ "နှစ်ဝက်စာမေးပွဲမှာ ပထမနေရာကို ရဖို့အတွက် ကုသိုလ်ကောင်းမှုတွေ လုပ်နေတာလေ။ ငါ ခွေးလေခွေးလွင့်တစ်ကောင်ကို မြင်လို့ အစာကျွေးလိုက်ရုံပဲ။"
လင်ချူးဆွေ့၏ ပါးစပ်ထောင့်က တွန့်သွားသည်။ "အဲဒီလောက် လုပ်စရာ မလိုပါဘူး။ နင်က ဘုရားကျောင်းမှာ သွားပြီး ဘုရားဆင်းတုတော်ကို ရွှေပြား ကပ်လှူရင်တောင် ပထမနေရာကို မရနိုင်ဘူး။"
ရွှီကျားနင်က သူမနှင့် စကားစစ်မထိုးချင်ပေ။ "ငါ မင်းကို လမ်းပြပေးပြီးပြီ။ မင်းအတွက် အကောင်းဆုံးက ဒီည အိမ်မပြန်ဖို့ပဲ။"
လင်ချူးဆွေ့က သူ့ကို အမီလိုက်ပြီး ပြောလိုက်သည်။ "အဲဒါဆို အစ်ကိုရေ၊ ပို့မယ်ပို့တော့ ကူးတို့ရောက်အောင်သာ ပို့ပေးစမ်းပါ။ ပိုက်ဆံပါရင် ပေးခဲ့ဦး။ ငါ့မှာ ပိုက်ဆံမရှိဘူး။"
ရွှီကျားနင်က သူ့ ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး သူမကို ယွမ်တစ်ရာ ပေးလိုက်၏။
"ဘာလို့ ယွမ်တစ်ရာတည်းလဲ။ ဒီလောက်လေးနဲ့ ငါ ဒီည အင်တာနက်ကဖေးမှာပဲ နေရလိမ့်မယ်။"
"မင်း ဘယ်သွားမလဲ ငါ ဂရုမစိုက်ဘူး။"
ရွှီကျားနင်က ပေါ့ပေါ့ပါးပါး ပြောပြီး စက်ဘီးကို ဖြေးဖြေးချင်း နင်းသွားနေခဲ့သည်။
လင်ချူးဆွေ့က ခေါင်းကို ငဲ့ကြည့်ရင်း မရေမရာနှင့် မေးလိုက်၏။ "ငါတို့ ရန်သူတွေမလား။"
ရွှီကျားနင်က ပြောလိုက်သည်။ "ဟုတ်တယ်။"
"ဒါဆို နင်က ဘာလို့ ရန်သူဆီ လျှို့ဝှက်သတင်း ပို့ရတာလဲ။"
"ပျင်းနေလို့လေ။"
လင်ချူးဆွေ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "ငါတော့ နင်က ငါတို့ ပထမဆုံးတွေ့တုန်းကလောက် အမြင်ကတ်စရာမကောင်းတော့ဘူးလို့ ထင်တယ်။"
"ငါတို့ ပထမဆုံးစတွေ့တုန်းက မင်း ငါ့ အချိုရည်ကို အလစ်သုတ်သွားတယ်။ ဘယ်သူက ပိုအမြင်ကတ်စရာ ကောင်းလဲ။"
"ဒါပေမယ့် နင် ဖုန်းဆက်ရင်း တခြားလူနဲ့ ငါ့ မကောင်းကြောင်းတွေ ပြောခဲ့တယ်လေ။"
"မင်း ငါ့ ကားပေါ်မှာ ပီကေတွေ ကပ်ခဲ့တယ်။"
"နင်က ငါ့ကို အမြဲတမ်း အထင်အမြင်သေးပြီး စက်ဆုပ်ရွံရှာသလို ကြည့်တယ်လေ။"
ရွှီကျားနင်က ပျင်းရိစွာ ပြောလိုက်သည်။ "ငါက အမြဲတမ်း အဲဒီအတိုင်းပဲ။ မင်းကိုပဲ သီးသန့် ရည်ရွယ်တာ မဟုတ်ဘူး။"
လင်ချူးဆွေ့က နှုတ်ခမ်းစူလိုက်သည်။ "အစ်ကို အမြဲတမ်း တောင်တစ်လုံးထက် ပိုမြင့်တဲ့ တောင်ဆိုတာ ရှိတယ်။ သိပ်မမောက်မာနဲ့။ နောက်ဆုံး သင်္ချာစာမေးပွဲမှာဆိုရင် သင်ယူခြင်းနတ်ဘုရားက အမှတ် ၁၅၀ ရတယ်၊ ဒါပေမယ့် နင်က ၁၄၇ ပဲရ....."
ရွှီကျားနင်က သူ့အသံကို နှိမ့်လိုက်ပြီး သူမ၏ စကားဖြတ်ပြောလိုက်သည်။ "မင်း အဲဒါကို ထပ်ပြောရင် စက်ဘီးပေါ်ကနေ လှမ်းကန်ပစ်မယ်။"
လင်ချူးဆွေ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူမ၏ ရယ်မောသံက သူတို့နှင့်အတူ လမ်းတလျှောက် လိုက်ပါသွားခဲ့၏။
ရွှီကျားနင်၏ နှုတ်ခမ်းထောင့်တို့ကလည်း အနည်းငယ် ကွေးညွှတ်သွားလေသည်။
........
သူတို့ ဘားလမ်းကို ဖြတ်သွားသောအခါတွင် လင်ချူးဆွေ့သည် အနည်းငယ်ရင်းနှီးပုံရသော မိန်းကလေးတစ်ဦးကို လမ်းပေါ်တွင် တွေ့လိုက်ရသည်။
သူမသည် အရပ်မြင့်ပြီး ပိန်သွယ်ကာ ဆက်စီကျသည့် မီးခိုးရောင် ကြိုးသိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကြိုးက သူမကိုယ်ပေါ်မှ တွဲလောင်းကျနေသည်။ စကတ်က သူမ တင်ပါးအောက်လျှောလျှောထိသာ ဖုံးအုပ်ထားပြီး ရှည်လျားလှသော ခြေတံသွယ်သွယ်တစ်စုံကို ထင်ရှားပေါ်လွင်နေစေသည်။
သူမက အရက်မူးနေပုံရပြီး လက်တစ်ဖက်တွင် ဒေါက်မြင့်ဖိနပ်ကို ကိုင်ကာ နောက်တစ်ဖက်တွင် အိတ်ငယ်တစ်အိတ်ကို ကိုင်ထားပြီး လမ်းဘေးတွင် ဒယိမ်းဒယိုင် လျှောက်နေခဲ့သည်။
သေးသွယ်သည့် ခါး၊ ခြေတံရှည်များရှိပြီး လှပသော အသွင်အပြင်ကြောင့် ဖြတ်သွားသော မည်သူမဆို သူမကို ငေးမကြည့်ဘဲ နေရန် ခဲယဉ်းပေလိမ့်မည်။
လင်ချူးဆွေ့က သူမကို ခဏလောက် စိုက်ကြည့်နေပြီးနောက် အံ့အားသင့်စွာဖြင့် ခေါ်လိုက်သည်။ "အစ်မရှောက်။"
ရှောက်ချန် နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ လင်ချူးဆွေ့အား မြင်လိုက်ရသည်။ သူမ၏ ကျဉ်းမြောင်းသော ဖီးနစ်မျက်ဝန်းများက လင်းလက်သွား၏။ "အိုး ရှောင်ချူး။"
ရွှီကျားနင်သည် လင်ချူးဆွေ့က အသိအကျွမ်းတစ်ယောက်နှင့် တွေ့နေသည်ကို မြင်သောအခါ ဘရိတ်ညှစ်လိုက်ပြီး ခြေတစ်ဖက်ချကာ ရှောက်ချန်၏ ဘေးတွင် ရပ်လိုက်သည်။
"အစ်မ ဒီမှာ ဘာလုပ်နေတာလဲ။"
ရှောက်ချန်က အရက်မူးနေပြီး လမ်းမီးတိုင်ကို မှီထားသည်။ "ဒီနေ့ည အတန်းမရှိဘူး။ ငါ အရက်သောက်ဖို့ ထွက်လာတာ။ အစ်မရဲ့ မောင်လေးကို သွားမပြောနဲ့နော်။ သူက သောက်ခွင့်မပေးထားဘူး..."
"ကောင်းပြီ ညီမ ဘာမှမပြောဘူး။"
စက်ဘီးပေါ်မှ ရွှီကျားနင်၏ အနေအထားအရ သူ့အကြည့်များသည် ထိုအရပ်မြင့်မြင့် အမျိုးသမီး၏ ဖွံ့ထွားသော ရင်သားများထံ တည့်မတ်စွာ ကျရောက်သွားသည်။ သူက သဘာဝမကျစွာဖြင့် အကြည့်များကို လွှဲဖယ်လိုက်၏။
"လင်ချူးဆွေ့ သူမက မင်းသူငယ်ချင်းလား။"
လင်ချူးဆွေ့က ဒယိမ်းဒယိုင် ဖြစ်နေသော ရှောက်ချန်ကို ထိန်းပေးထားရင်း ပြောလိုက်သည်။ "သူမက ရှောက်ယန်ရဲ့ အစ်မလေ။"
ရှောက်ချန်သည်လည်း ရွှီကျားနင်ကို မြင်ပေသည်။ သူမ၏ နှင်းဆီရောင် နှုတ်ခမ်းများက ပို၍ပင် ကွေးညွတ်သွားသည်။ သူမက သူ့ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်၏။ "အို ဒီမောင်လေးက အရမ်းချောတာပဲ။ သူက ငါ့ မောင်လေးထက်တောင် ချောသေးတယ်။"
လင်ချူးဆွေ့က ပြောလိုက်သည်။ "အစ်မရှောက် သေချာရော မြင်ရရဲ့လား။"
ရွှီကျားနင်က ရှောက်ယန်နှင့် မည်သို့ ယှဥ်နိုင်ပါမည်နည်း။
ရှောက်ချန်၏ သွယ်လျသောလက်ချောင်းများက ရွှီကျားနင်၏ မေးကို ဖျစ်ရင်း သူ့မျက်နှာကို ညင်သာစွာ မော့လာစေလိုက်သည်။ "အမ်း ငါ့မောင်လေးထက် ပိုကြည့်ကောင်းတယ်။"
သူမ၏ နူးညံ့သော လက်ကောက်ဝတ်ဆီမှ သင်းပျံသည့် ပန်းရနံ့က ရွှီကျားနင်၏ နှလုံးခုန်နှုန်းကို မြန်စေခဲ့သည်။ ထို့ပြင် ထိုရန်စသလို အပြုအမူက သူ့နားရွက်များကိုပင် အနီရောင် ပြောင်းသွားစေခဲ့၏။
"ငါ့ကို...ငါ့ကိုမထိနဲ့။"
ရွှီကျားနင်သည် ကိုးရို့ကားယားနှင့် သူမလက်မှ လွတ်သွားအောင် ခေါင်းကို လှည့်လိုက်သည်။
သူ့အရွယ် ယောက်ျားလေးတစ်ယောက်သည် အလွယ်တကူ သွေးဆောင်ခံရနိုင်ပြီး အထူးသဖြင့် ရှောက်ချန်ကဲ့သို့ ရင့်ကျက်သည့် အရွယ်ရှိသော အမျိုးသမီးများထံမှ ဖြစ်သည်။
"မင်းက ရှောင်ချူးရဲ့ ကောင်လေးလား။" ရှောက်ချန်က လင်ချူးဆွေ့ ပခုံးကို သိုင်းဖက်ကာ စနောက်လိုက်သည်။ "မဖြစ်ဘူးနော်။ ရှောင်ချူးကို ငါတို့ ပိုင်တာ။"
ရွှီကျားနင်က ချက်ချင်းဆိုသလို ဖြေရှင်းချက် ပေးလိုက်၏။ “ကျွန်တော်က သူ့အစ်ကိုပါ။"
ရှောက်ချန်၏ လသဏ္ဌာန် ကွေးနေသည့် မျက်ခုံးများက မျက်မှောင်ကြုတ်ခြင်းမှ ပြေလျော့သွားကာ ပြုံးလိုက်သည်။ "အဲဒါ ကောင်းတယ်။"
"အစ်မရှောက် အစ်မကို အိမ်ပြန်ပို့ပေးမယ်။ ဒီလိုပုံစံနဲ့ တစ်ယောက်တည်း အပြင်မှာ အန္တရာယ်များတယ်။"
"ကောင်းပြီလေ... ဒါဆို ငါ အိမ်ပြန်ဖို့ တက္ကစီတစ်စီး ခေါ်လိုက်တော့မယ်။"
"ရွှီကျားနင်.. နင် ပြန်နှင့်လိုက်တော့။ ငါ အစ်မရှောက်ကို ပြန်လိုက်ပို့လိုက်ဦးမယ်။"
ရွှီကျားနင်က မနေနိုင်ဘဲ ရှောက်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူက စိတ်အားထက်သန်စွာနဲ့ ပြောလိုက်၏။ "သူမ ဒီလိုမူးနေတာ၊ တက္ကစီပေါ်မှာ အန်ချလိမ့်မယ်။"
"ဟမ်?"
"ငါ သူမကို တင်နင်းပေးလို့ရတယ်။"
"ဘာရယ်..."
လင်ချူးဆွေ့က အံ့သြသွားသည်။ လူကြီးလူကောင်းအတုကောင် ရွှီကျားနင် ဘယ်တုန်းက လူကြီးလူကောင်းအစစ် ဖြစ်လာတာလဲ။
ရွှီကျားနင်က ရှောက်ချန်ကို တည်ငြိမ်စွာ ပြောလိုက်သည်။ "စက်ဘီးစီးရင် လေတိုက်တော့ အမူးပြေသွားနိုင်တယ်။ ဘယ်လိုလဲ။"
"ငါ လေတိုက်တာကို ခံစားချင်တယ်။" ရှောက်ချန်က ရွှီကျားနင်၏ စက်ဘီးနောက်ဘက်တွင် ထိုင်လိုက်ပြီး ဗလုံးဗထွေးနှင့် ပြောလိုက်၏။ "ဒီမောင်လေးက ငါ့မောင်လေးယန်ထက် ပိုပြီး ထောက်ထားတတ်တယ်။ အစ်မက မင်းကို သဘောကျတယ်နော်။"
ရွှီကျားနင်၏ နှုတ်ခမ်းတို့က ညင်သာစွာ စေ့ပိတ်သွားသည်။ သူမ စက်ဘီးပေါ်တွင် တည်တည်ငြိမ်ငြိမ် ထိုင်နိုင်ပြီးနောက် သူက စက်ဘီးနင်းထွက်လိုက်သည်။
"မလှုပ်နဲ့။ မပြုတ်ကျစေနဲ့။"
"ဟမ်..."
"အင်း... မပြုတ်ကျသွားအောင် ဂရုစိုက်။"
"ဟားဟား။"
ရှောက်ချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ကာ ရုတ်တရက် ရွှီကျားနင်၏ ခါးတစ်ဝိုက်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ "ဒီလိုဆို ငါ ပြုတ်မကျတော့ဘူး။"
လင်ချူးဆွေ့သည် မာရသွန်ပြေးပွဲအတွက် သွေးပူလေ့ကျင့်ခန်း လုပ်နေသောကြောင့် သူတို့နောက်မှ ပြေးလိုက်ခဲ့လေသည်။
သူမ ခေါင်းငဲ့ကြည့်လိုက်သည့်အခါ ရှောက်ချန်က ရွှီကျားနင်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားရင်း သူ့အပေါ်ကို ဖိကပ်နေတာကို တွေ့လိုက်ရသည်။ သူမက ဆက်စီကျသည့် ကြိုးသိုင်းဂါဝန်လေးကို ၀တ်ဆင်ထားသေးသည်။
ရွှီကျားနင်၏ မျက်နှာက ပွက်ပွက်ဆူလာတော့မလို နီရဲနေသည်။
လင်ချူးဆွေ့က စိုးရိမ်တကြီးနဲ့ အော်ပြောလိုက်သည်။ "အစ်မ အဲဒီကောင် အစ်မကို အခွင့်အရေးမယူစေနဲ့။"
ရှောက်ချန်သည် အိပ်ချင်မူးတူးဖြင့် မျက်တောင်ခတ်လိုက်ပြီး လင်ချူးဆွေ့အား ကြည့်သည်။ "ရှောင်ချူးဆွေ့ မင်း ပြေးတာ အရမ်းမြန်တာပဲ၊ မာရသွန်ပြိုင်ပွဲမှာ ပထမနေရာကို သေချာပေါက်ရလိမ့်မယ်။"
"အစ်မရေ... အိုး... သူ့ကို ဖက်မထားနဲ့လေ။"
"လွှတ်လိုက်... လွှတ်လိုက်၊ ဟဲ့... ရွှီကျားနင် လူယုတ်မာ"
ရွှီကျားနင်သည် သူ စက်ဘီးနင်းသည့် အရှိန်ကို မြှင့်လိုက်ပြီး လင်ချူးဆွေ့အား အနောက်တွင် ချန်ထားခဲ့လေသည်။
ရွှီကျားနင်က အနီရောင်ခရီးသွားလက်ဆွဲသေတ္တာကို သယ်ပြီး သူ့ကို တစ်ချက်မှ ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားသည့် သူ့အမေကို မကြာခဏ အိပ်မက်မက်လေ့ရှိသည်။
သူမက အလွန် ပြတ်သားစွာဖြင့် ထွက်ခွာသွားခဲ့သည်။
ရွှီကျားနင်သည် သူ့အား စွန့်ပစ်သွားသည့် သူမကို မုန်းတီးသင့်ပြီး သူ့စိတ်ထဲမှ 'အမေ' ဟူသော စကားလုံးကိုပင် ဖျောက်ဖျက်ပစ်သင့်သည်ဟု ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် သတိပေးခဲ့ဖူးသည်။
သို့ပေမယ့် နောက်ဆုံးမှာတော့ သူက အချစ်နှင့် အမုန်းကို နက်ရှိုင်းစွာ ခံစားတတ်သူ မဟုတ်ခဲ့ပေ။
လန်ဒန်၏ တစ်နှစ်ပတ်လုံး သင့်တင့်စွာ ပူနွေး၍ စိုစွတ်ထိုင်းမှိုင်းသော ရာသီဥတုသည်လည်း သူ့နှလုံးသားကို အလွန်နူးညံ့စေသည်။ သူက နူးညံ့သိမ်မွေ့ပြီး သီးခြားဆန်ကာ အခြားသူများနှင့် ရောနှောခြင်း မရှိတတ်ပေ။ သူက မည်သည့်အရာကိုမှ အစွန်းမရောက်တတ်သလို ခံစားချက်လည်း မရှိသလောက်ပင်။
နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ နောက်ဆုံးတွင် သူ့အမေအပေါ် လွမ်းဆွတ်တောင့်တခြင်းက အမုန်းတရားထက် သာလွန်သွားခဲ့ပေသည်။
သူ ပို၍ ထူးချွန်ထက်မြက်လာနေသရွေ့ သူ့အမေက သူ့ကို လာတွေ့ပြီး သူ့အတွက် ဂုဏ်ယူပေးလိမ့်မည်ဟု တွေးခဲ့ဖူးသည်။
ရွှီကျားနင်က အမြဲပင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့သည်။
ဤသည်မှာ သူ့ပတ်ဝန်းကျင်တွင် သူ့ကို ကြိုက်နှစ်သက်နေသာ ရှက်ကြောက်တတ်သည့် မိန်းကလေးများ မည်သည့်အခါမှ မပြတ်လပ်ခဲ့ပေ။ သူက ပုံမှန်အားဖြင့် အပြစ်ကင်းစင်၍ ရိုးသားသည့် မိန်းကလေးများကို ဆွဲဆောင်နိုင်ပုံရသည်။
သို့သော် ရွှီကျားနင်သည် ငယ်ရွယ်ပြီး အပြစ်ကင်းစင်သော မိန်းကလေးငယ်များအပေါ် ရင်မခုန်ခဲ့ဖူးဘဲ ဆန့်ကျင်ဘက်လိင်၏ ဆွဲဆောင်မှုကို မခံရနိုင်လောက်ဟုပင် တွေးမိခဲ့သည်။
သို့သော် ယခုအချိန်တွင် သူ့နှလုံးသားသည် အုံ့မှိုင်းသောညအတွင်း လရောင်အလွှာဖြင့် ဖုံးလွှမ်းခံလိုက်ရသလို ခံစားနေရပေသည်။
.......
ညလေညင်းက သူမမျက်နှာပေါ်သို့ တိုက်ခတ်လာသဖြင့် ရှောက်ချန်သည် အနည်းငယ် အမူးပြေ သွားပုံရပြီး သူ့ကို မပွေ့ဖက်တော့ပေ။
ရွှီကျားနင်သည် အကွေ့အကောက်များသော လမ်းများကြားမှ စက်ဘီးနင်းလာပြီး ရပ်ကွက်ဟောင်းရှိ ဟောင်းနွမ်းနေသော လူနေအဆောက်အအုံတစ်ခုရှေ့တွင် ရပ်လိုက်သည်။ "ဒီနေရာလား။"
"ဟုတ်တယ်။ ကျေးဇူးပါ မောင်ငယ်လေး။"
ရှောက်ချန်က သူမ အိတ်ကို ကောက်ကိုင်၍ ထလိုက်သည့်အခါ သူမရဲ့ ပုံရိပ်က အနည်းငယ် ယိမ်းယိုင်သွားပြီး ရွှီကျားနင်က သူမ၏ လက်လေးကို အလိုလို ဖမ်းကိုင်လိုက်သည်။
အရေပြားသည် ဆီကဲ့သို့ ချောမွေ့နေပြီး အနည်းငယ် အေးမြသော အထိအတွေ့က သူ့လက်ချောင်းထိပ်များမှတဆင့် အထိခိုက်မခံသော အာရုံကြောများတစ်လျှောက် စီးဆင်းသွားကာ ဦးနှောက်ဆီသို့ ပျံ့နှံ့သွားသည်။
ရွှီကျားနင်၏ နှလုံးခုန်သံက မြန်ဆန်လာပြန်သည်။
ရှောက်ချန်သည် ဆယ်ကျော်သက်လေး၏ ရှက်ရွံ့မှုကို မြင်လိုက်သောအခါ သူမ နှုတ်ခမ်းများကို စေ့ပိတ်လိုက်ပြိး ယဥ်ကျေးမှုရှိစွာနှင့် လက်ကို ပြန်ဆွဲယူလိုက်သည်။
လင်ချူးဆွေ့သည် နှစ်ကီလိုမီတာနီးပါး ပြေးလာခဲ့ရသည့်အတွက် မောဟိုက်နေသော်လည်း သူမ၏ အသက်ရှူသံက တည်ငြိမ်နေဆဲဖြစ်သည်။ "အစ်မ ရှောက်ယန် အိမ်မှာ ရှိလား။"
"သူက ဆိုင်မှာ ရှိလိမ့်မယ်။"
"အိုး။"
"ဘာဖြစ်လို့လဲ၊ သူ့ကို ရှာနေတာလား။"
လင်ချူးဆွေ့က သူမလက်ကို ကမန်းကတမ်း ယမ်းလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး...မေးကြည့်ရုံပါပဲ။"
"စကားမစပ် မင်း ဒီည ဟိုတယ်မှာ နေရမှာဆို။ ဘာလို့ အစ်မနဲ့ မအိပ်ရတာလဲ။" ရှောက်ချန်က လင်ချူးဆွေ့ကို ပြောလိုက်သည်။ "ဟိုတယ်မှာ တည်းပြီး ပိုက်ဆံဖြုန်းနေစရာ မလိုဘူးလေ။"
"အာ... အဲဒါ အရမ်းကောင်းတာပေါ့။" လင်ချူးဆွေ့က ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။ "နိုင်ငံခြားသားအတု... ရွှီကျားနင်က ညီမကို ယွမ်တစ်ရာပဲ ပေးခဲ့တာ။ ယွမ်တစ်ရာလေးနဲ့ ဟိုတယ်မှာ ဘယ်နေလို့ရမှာလဲ။ တည်းခိုခန်းသေးသေးလေးပဲ ရှာလို့ရမယ်။"
ရှောက်ချန်က လင်ချူးဆွေ့ကို ဖက်ထားရင်း ရွှီကျားနင်၏ သဘောတူချက်ကို တောင်းခံလိုက်သည်။ "အဲဒီလိုဆို အဆင်ပြေရဲ့လား မောင်ငယ်လေး။"
လင်ချူးဆွေ့သည် ရွှီကျားနင်က သဘောတူမည်ဟု ထင်မထားခဲ့ပေ။ သူနှင့် ရှောက်ယန်က အမြဲတမ်း ရန်လိုနေခဲ့ကြပေမယ့် မထင်မှတ်ပဲ သူက ချက်ချင်း သဘောတူလိုက်သည်။ "ဒါဆို သူ့ကို မင်းနဲ့ပဲ ထားခဲ့လိုက်တော့မယ်။"
"မင်း... မင်း အရမ်းရိုင်းတာပဲ။" ရှောက်ချန်က သူ့ခေါင်းကို ပုတ်ကာ အပြစ်တင်လိုက်သည်။ "ငါက မင်းကို မောင်ငယ်လေးလို့ ခေါ်တယ်။ အဲဒါကြောင့် မင်းက ငါ့ကို ရှောင်ချူးနဲ့ ရှောင်ယန်လိုမျိုး အစ်မလို့ ခေါ်သင့်တယ်။"
ရွှီကျားနင်က မရှောင်ဘဲ ရှောက်ချန် သူ့ခေါင်းကို ပုတ်လိုက်သည်အား ခွင့်ပြုထားသည်။
"ကျွန်တော်က လင်ချူးဆွေ့ထက် နည်းနည်း အသက်ပိုကြီးတယ်။ အဲဒါကြောင့် ခင်ဗျားက ကျွန်တော့်ထက် အများကြီး အသက်ပိုကြီးမှာ မဟုတ်ဘူး။”
"ဒါဆို မင်းအသက်ဘယ်လောက်လဲ။"
ရွှီကျားနင်က အပြစ်ရှိစိတ်တို့ဖြင့် မရိုးဖြောင့်စွာ ပြောလိုက်သည်။ "ဆယ့်... ဆယ့်ကိုး..."
လနည်းနည်းလောက် လိုသေးသော်လည်း ဆယ့်ကိုးနှစ်ဟု ပြော၍ရနိုင်ပေသည်။
"ဟမ်.. မင်းနဲ့ ရှောက်ယန်က အတန်းဖော် မဟုတ်ဘူးလား။ အသက်ဆယ့်ကိုးနှစ်က အထက်တန်း ကျောင်းတက်တုန်းလား။"
"ကျွန်တော် အရင်တုန်းက အင်္ဂလန်မှာ ကျောင်းတက်ခဲ့တာ၊ နောက်တော့ ကျောင်းပြောင်းမလာခင် ဘာသာစကားသင်တန်းတွေ တစ်နှစ်ယူခဲ့တယ်။ ပြီးတော့ ဒီတစ်ခေါက် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဖို့အတွက် ကျွန်တော် ဒီအတန်းကို ပြန်တက်ခဲ့တာ။"
"မင်းက ဆယ့်ကိုးနှစ်ဆိုရင်တောင် ငါ့ထက် အများကြီးငယ်သေးတယ်။ ဒါကြောင့် မင်းနဲ့ ရှောက်ယန် နှစ်ယောက်လုံးက ငါ့ မောင်ငယ်လေးတွေပါပဲ။"
"ခင်ဗျား အသက်ဘယ်လောက် ရှိပြီလဲ။"
ရှောက်ချန်က စနောက်ကာ ပြောလိုက်သည်။ "သုံးဆယ်"
ထိုကွာခြားလှသော အသက်အရွယ်ကြောင့် ရွှီကျားနင် ရှိန်သွားလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း သူက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်မာ်ဟု ထင်မှတ်မထားခဲ့ပေ။ "ဒါက အမျိုးသမီးတစ်ယောက်အတွက် အကောင်းဆုံး အသက်အရွယ်ပဲ။"
ရှောက်ချန်သည် ဆယ်ကျော်သက်လေး၏ ရိုးသားသော အမူအရာကို ကြည့်ပြီး ပျော်ရွှင်သွားပြီး သိမ်မွေ့စွာ ပြုံးရင်း တိုးတိုးလေး ပြောလိုက်သည်။ "မင်းက စကားကို ဘယ်လို ပြောရမလဲ တကယ်သိတာပဲ။ ငါ ရှောက်ယန်ကို မလိုချင်တော့ဘူး။ မင်းပဲ ငါ့ မောင်လေး လာလုပ်လိုက်ပါတော့။"
လင်ချူးဆွေ့က ချက်ချင်းပြောလိုက်သည်။ "အစ်မ သူ့ကို မယုံနဲ့။ သူက လူတိုင်းအပေါ်မှာ ဒီလိုမျိုးပဲ။ ဟန်ဆောင်ကောင်းပြီး ကြောင်သူတော်ဆန်..."
"ဟမ်..."
လင်ချူးဆွေ့က ရွှီကျားနင်၏ အကြည့်ကို မြင်ပြီး နောက်ဆုံးတွင် ပါးစပ်ပိတ်သွားတော့သည်။
ယနေ့ သူက သူမကို သတင်းပေး၍ ကူညီထားသည်ံတွက်ကြောင့် သူ့ကို သိက္ခာမချသင့်ပေ။
သို့သော် ယနေ့တွင် ဤစျေးပေါသော အစ်ကို၏ အပြုအမူ လုံးဝ ပုံမှန် ဟုတ်မနေပါချေ။
***