အခန်း ၃၃
Vol. 4 Ch. 33
အပိုင်း ( ၃၃ )
ထိုညတွင် လင်ချူးဆွေ့က ရေချိုးပြီးနောက် ရှောက်ချန်၏ အဖြူရောင် ညဝတ်ဂါဝန်လေးကို လဲဝတ်ထားကာ ဆိုဖာပေါ်တွင် ထိုင်ပြီး သင်္ချာပုစ္ဆာများဖြေရှင်း ခေါင်းကုတ်နေခဲ့သည်။
အရင်တုန်းကတော့ သူမသည် အခြေခံမေးခွန်းများကိုပင် နားမလည်နိုင်သော်လည်း မကြာသေးမီအချိန်က ရှောက်ယန်၏ တစ်ယောက်ချင်း အထူးတလည် သင်ကြားပြသပေးမှု အပြီးတွင် သူမက ရင်းနှီးသည့် မေးခွန်းတော်တော်များများကို ရှာတွေ့ခဲ့သည်။
သူမတွင် အံ့သြစရာကောင်းသည့် မှတ်ဉာဏ်တစ်ခုရှိသောကြောင့် ရှောက်ယန် သူမကို သင်ပေးခဲ့တဲ့ အကြောင်းအရာများက သူမ စိတ်ထဲ ထည့်သွင်းထားသရွေ့ အကြမ်းဖျင်း ထင်မြင်ချက် ကျန်ရှိနိုင်သည်။
ထို့ကြောင့် ရိုးရှင်းသောမေးခွန်းများစွာတွင် သူမ အလွတ်ကျက်မှတ်ထားသော ဖော်မြူလာများကို အသုံးချနိုင်နေသရွေ့ အဖြေကို တွက်ချက်နိုင်ပုံရသည်။
လင်ချူးဆွေ့က သူမ၏ လေ့ကျင့်ခန်းစာအုပ်ကို လှန်ကြည့်လိုက်သည့်အခါ စာမျက်နှာအနည်းငယ်တွင် သူမ၏ အဖြေမှန်သည့်နှုန်းက အဖြေမှားသည့် နှုန်းနှင့် တူညီနေကြောင်း အံ့အားသင့်ဖွယ် ကောင်းစွာ တွေ့လိုက်ရသည်။ သူမက ဆရာပေးထားသည့် အမှတ်များကို ဂရုတစိုက်ရေတွက်လိုက်သည့်အခါ အမှားခြစ်ထားသည်ထက် ပိုနေကြောင်း သိလိုက်ရ၏။
မသိလိုက်ဘဲနှင့် သူမ၏ အညံ့ဆုံးဖြစ်သော သင်္ချာဘာသာသည် ထိုမျှမျှော်လင့်ချက်မဲ့နေပုံ မပေါ်တော့ပေ။
[နန်ချန် အမှတ် ၁ အထက်တန်းကျောင်း အချောလေးများအဖွဲ့] ၏ အဖွဲ့လိုက်စကားပြောခန်းရှိ အဖွဲ့သားများက အိမ်စာများကို အပြီးသတ်ရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။
လုချီ : "@လင်ချူးဆွေ့ သင်ယူခြင်းနတ်ဘုရားက မင်းကို သင်္ချာအိမ်စာတွေ ပေးခဲ့တာလား။"
လင်ချူးဆွေ့ : "မဟုတ်ဘူး။"
လုချီ - "သူ တွက်ခိုင်းတဲ့ မေးခွန်းတွေကို ပြီးအောင် လုပ်ရင် ကူးဖို့အတွက် သူ့အိမ်စာတွေ ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"
လင်ချူးဆွေ့ : "သူပေးခဲ့တဲ့ မေးခွန်းတွေက သင်္ချာအိမ်စာလေ။ ငါကိုယ်တိုင် အရင်လုပ်တယ်။ ပြီးတော့ မသိတာကို သူက ရှင်းပြတယ်၊ နောက်တော့ ငါက နားလည်သလောက် အခြေခံပြီး ပြန်ကူးတယ်။"
လုချီ : "..."
"ဒါက မင်းကို သူ့အိမ်စာတွေကို ပေးကူးတာလို့ ခေါ်လား၊ မင်း ဒါကို သဘောတူတယ်လား။"
လင်ချူးဆွေ့သည် ရှောက်ယန်၏ တောင်းဆိုချက်ကို မသိလိုက်ဘဲ သဘောတူမိတတ်ပြီး သူ၏ တောင်းဆိုချက်မှန်သမျှကို ငြင်းဆန်နိုင်စွမ်း မရှိမှုက ပိုများလာကြောင်း သူမတွေ့ရှိခဲ့သည်။ သူမက သူ့မျက်လုံးထဲ၌ စိတ်ပျက်နေသည့် အရိပ်အယောင်ကို မမြင်လိုပေ။
တစ်ယောက်ယောက်က သူမကို ထိန်းကျောင်းပေးနေသည့်အခါ သူမက ချုပ်ချယ်မှုတွေကို ဖယ်ရှားပြီး လွတ်လပ်ပေါ့ပါးစွာ နေလိုပြီး အမှန်တကယ် ထိန်းကျောင်းမခံရသည့် အခါမှာတော့ ကြိုးနှင့် တွဲချည်ခံထားရသည့် စွန်များကို အားကျကြောင်း သိရှိခဲ့သည်။
ကြိုးဖြင့် ချည်နှောင်ခံထားရသော စွန်က အကန့်အသတ်မဲ့လွတ်လပ်မှုကို စိတ်ကူးမယဉ်နိုင်သော်လည်း ကြိုး၏ အခြားတစ်ဖက်က နှလုံးသား အခြေချရာ ဖြစ်နိုင်သည်။
သူမ အဖေ ထွက်သွားပြီးနောက် လင်ချူးဆွေ့သည် လေနှင်ရာအတိုင်း မျောလွင့်နေပြီး ဦးတည်ရာ မရှိခဲ့ပေ။
တစ်ယောက်ယောက်က သူမ၏ ကြိုးကိုဆွဲပြီး "ငါ အခုကစပြီး မင်းကို ထိန်းဖို့ တာဝန်ယူပေးမယ်။" ဟု ပြောလာရန်မှာ ခက်ခဲပေသည်။
သည်လူကို သူမ စိတ်မပျက်စေချင်ပေ။
လုချီ : "ဘော့စ်ချူး မင်းက ငါတို့ကြားထဲမှာ ရန်သူကို ထောက်လှမ်းနိုင်တဲ့ တစ်ယောက်တည်းသော သူလျှိုပဲ။ ပျားရည်ထောင်ချောက်က အလုပ်မလုပ်ဘူးလား။ ဒါမှမဟုတ် ငါးဆားနယ်လို နေရတာ မပျော်ဘူးလား။ တကယ်ပဲ သင်ယူခြင်းနတ်ဘုရား မင်းကို ဦးဆောင်သွားမှာ ခွင့်ပြုလိုက်တော့မှာလား။"
လင်ချူးဆွေ့ : "နင့်ရဲ့ ဘော့စ်ချူးက အိမ်စာကူးတာကို အထင်သေးတယ်။ ငါ တကယ် ကူးချင်တယ်ဆိုရင် သင်ယူခြင်းနတ်ဘုရားက သူ့အိမ်စာတွေကို လက်နှစ်ဖက်နဲ့တောင် လွှဲပေးမှာ။"
လင်ချူးဆွေ့ : "ခဏ စောင့်နေ။"
ရှောက်ချန်က မူးပြီး အိပ်ပျော်နေသလို ရှောက်ယန်လည်း ပြန်မလာသေးတာကြောင့် လင်ချူးဆွေ့က ခြေဖျားထောက်ကာ သူ့အခန်းတံခါးသို့ လျှောက်သွားခဲ့သည်။
တံခါးကို တွန်းဖွင့်ကာ မီးဖွင့်လိုက်၏။ ရှောက်ယန်၏ အိပ်ခန်းက အလွန်ကျဥ်းပြီး ကုတင်က နေရာအားလုံးနီးပါး နေရာယူထားကာ ဘေးတွင် သစ်သားဗီရိုအဟောင်းတစ်ခု ရှိသည်။ လမ်းလျှောက်သာရုံ နေရာလေးအပြင် အခြားနေရာလွတ်မရှိပေ။
အခန်းက ကျဥ်းသော်လည်း အလွန် သပ်ရပ်သည်။ အိပ်ယာခင်းက အနည်းငယ်ပင် တွန့်ခြင်းမရှိ ပြန့်ပြူးနေပြီး စားပွဲပေါ်ရှိ လေ့ကျင့်ခန်းစာအုပ်များနှင့် စာမေးပွဲစာရွက်များကလည်း သပ်သပ်ရပ်ရပ် စီထားခံရသည်။
သင်ယူခြင်းနတ်ဘုရား၏ အခန်းသည် ထင်ထားသည့်အတိုင်းပြင်းထန်၍ လေးနက်သောအသွင်အပြင်ကို ပေါ်လွင်စေသည်။
ကုလားထိုင်ပေါ်တွင် သူ့ကျောင်းလွယ်အိတ်ကို မြင်လိုက်ရသည်။ လင်ချူးဆွေ့သည် သူ အိမ်မှ ထွက်မသွားခင် အိမ်စာစာအုပ်ကို ယူသွားနိုင်ကြောင်း တွေးလိုက်မိသည်။
သူမက ကျောင်းလွယ်အိတ်ကို သေသေချာချာ ဇစ်ဖွင့်ပြီး လှန်လှောရှာဖွေလိုက်သည့်အခါ သင်္ချာစာအုပ်ကို အလွယ်တကူ ရှာတွေ့သည်။
သူမ၏ နှလုံးသားက ရွှင်မြူးမှုတို့နှင့် ပြည့်နှက်သွားသည်။
သူမက သင်္ချာစာအုပ်ကို အမြန်ဖွင့်ကြည့်လိုက်သည်။ ယနေ့ သင်္ချာအိမ်စာက ပြီးသွားပြီ ဖြစ်၏။
သူပြောခဲ့ဖူးသည့်အတိုင်း သူက ပုံမှန်အားဖြင့် အတန်းထဲ၌ အိမ်စာများကို ပြီးအောင် လုပ်တတ်လေသည်။
သင်ယူခြင်းနတ်ဘုရားက ထင်ထားသည့်အတိုင်းပင်။
လင်ချူးဆွေ့က သူမ၏ ဖုန်းကို ထုတ်ကာ စာမျက်နှာ တစ်ခုပြီးတစ်ခု ဓါတ်ပုံများ ရိုက်နေသည်။
ထိုအချိန်တွင် သူမသည် တံခါးအပြင်ဘက်၌ လှုပ်ရှားသံကိုကြားလိုက်ရသည်။ တစ်ယောက်ယောက် ပြန်လာပုံရ၏။
လင်ချူးဆွေ့က ထိတ်လန့်သွားပြီး လေ့ကျင့်ခန်းစာအုပ်ကို ကျောင်းလွယ်အိတ်ထဲ ပြန်ထည့်လိုက်သည်။
ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်သည်နှင့် လင်ချူးဆွေ့သည် စဉ်းစားချိန်မရတော့ဘဲ သူ့ဗီရိုထဲတွင် ပုန်းနေလိုက်သည်။
ကံကောင်းစွာနှင့် ဗီရိုက ကြီးမားပြီး သူမက သေးသွယ်သည်။ သူမက ခြေထောက်များကို ကွေးလျက် အတွင်းထဲတွင် လုံခြုံစွာ ပုန်းအောင်းနေနိုင်သည်။
ဗီရိုတံခါးပိတ်လိုက်ပြီးနောက် အိပ်ခန်းတံခါး ပွင့်လာခဲ့သည်။
ဗီရိုတံခါးအဟကြားမှနေ၍ လင်ချူးဆွေ့သည် ရှောက်ယန်က အခန်းထဲသို့ ဝင်လာပြီးနောက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ခဏအနားယူနေသည်ကို မြင်လိုက်ရသည်။
သူက အရမ်းပင်ပန်းနေပုံရပြီး သူ့ပခုံးများကို လက်ချောင်းထိပ်လေးတွေနဲ့ ဖိ၍ နှိပ်နေပြီး သူ့ကိုယ်သူ အကြောလျှော့ရန် လုပ်ဆောင်လိုက်သည်။ ထို့နောက် စားပွဲတင်မီးအိမ်ဖွင့်၍ တစ်ဝက်ပြီးသွားပြီဖြစ်သော အင်္ဂလိပ်စာ မေးခွန်းကို ကိုင်ကာ လေးလေးနက်နက် စတင်လုပ်ဆောင်လိုက်သည်။
လင်ချူးဆွေ့၏ ရှုထောင့်ကနေကြည့်လျှင် သူ့ရဲ့ ချောမောလှသော အသွင်အပြင်ကို မြင်နိုင်သည်။
မီးအိမ်အလင်းက သူ့မျက်နှာပေါ် ကျရောက်နေပြီး မူလက အေးစက်မာကျောသည့် အသွင်အပြင်ကို ပိုမို နူးညံ့နေစေသည်။
ညဉ့်နက်ချိန်ဖြစ်ရာ အရာအားလုံးက တိတ်ဆိတ်နေပြီး သူ၏ ညင်းပျောင်းသော အသက်ရှုသံကိုပင် ကြားနေရသည်။
ခဏအကြာ၌ လူငယ်လေးဟာ အင်္ဂလိပ်စာ စာမေးပွဲစာရွက်ကို ပြီးသွားကာ သူ့အင်္ကျီကို ချွတ်လိုက်ပြီး ရေသွားချိုးရန် ပြင်နေသည်။
လင်ချူးဆွေ့သည် အင်္ကျီမရှိသော လူငယ်လေးက ဗီရိုထံ လျှောက်လာသည်ကို အဟကြားမှ ကြည့်နေခဲ့သည်။
သူမက တောင့်တင်းနေပြီး ခန္ဓာကိုယ်ကို ဘောလုံးကဲ့သို့ ကွေးထားကာ ဗီရိုတံခါးကို ရုတ်တရက်ဖွင့်လိုက်မည်အား ကြောက်ရွံ့နေသည်။
ကံကောင်းစွာနှင့် ရှောက်ယန်က ဗီရိုတံခါးကို မဖွင့်ဘဲ အံဆွဲငယ်လေးထဲက အဝတ်အစားများကို ထုတ်ယူလိုက်သည်။
လင်ချူးဆွေ့က စိတ်သက်သာရာရစွာ သက်ပြင်းချတော့မလို့ဖြစ်သော်လည်း သူက အပြင်မထွက်သေးဘဲ ဗီရိုတံခါးနားမှာ ရပ်နေသေးသည်ကို သိလိုက်ရသည်။
သူမ အဟကြားမှ သူ့ကို ချောင်းကြည့်လိုက်သည့်အခါ သူက ဗီရိုရှေ့တည့်တည့်မှာ ရပ်နေပြီး ဗီရိုတံခါးကို ဂရုတစိုက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လင်ချူးဆွေ့က ခဏတာ အံ့အားသင့်သွားပြီးနောက်မှ သူက မှန်ကြည့်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
အဝတ်ဗီရိုရှေ့ ညာဘက်တွင် ကိုယ်လုံးပေါ် မှန်တစ်ချပ်ရှိသည်။ ဒီကောင်... အင်္ကျီမဝတ်ဘဲ မှန်ကြည့်နေတယ်။
သူက အင်္ကျီကို ချွတ်ထားလိုက်ရာ အပေါ်ပိုင်းခန္ဓာကိုယ်၏ အချိုးကျသော ကြွက်သားများ ပေါ်လွင်လာသဖြင့် လင်ချူးဆွေ့ အံ့သြသွားသည်။ ပုံမှန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းပုံပေါ်သော ဉာဏ်ကြီးရှင်၏ ခန္ဓာကိုယ်က အမှန်တကယ် ကောင်းမွန်ပြီး ကြွက်သားမြှောင်းများပင် ရှိလိမ့်မည်ဟု ထင်မှတ်မထားပေ။
သူ ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်တာ အံ့သြစရာ မရှိတော့ပါချေ။ သူက ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
လင်ချူးဆွေ့က သူမ၏ ဘယ်ဘက်ရင်အုံကို လက်ဖြင့် အုပ်ထားသည်။ သူမ၏ နှလုံးခုန်သံက ဗီရိုထဲတွင် ပဲ့တင်ထပ်နေသည်ဟု ခံစားလိုက်ရပေသည်။
အိုး... သူမ မူးဝေလာသလိုပဲ။
သို့သော် သူ့ခန္ဓာကိုယ်က လုံးဝ ပြီးပြည့်စုံနေခြင်း မဟုတ်ပေ။ သူ၏ ရင်ဘတ်အောက်ပိုင်း ညာဘက်ဝမ်းဗိုက် အပေါ်ဘက်တွင် အလွန်ထင်ရှားသော အမာရွတ်တစ်ခု ရှိနေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ခွဲစိတ်မှုမှ ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။
လူငယ်လေးသည် ထိုကင်းခြေများသဏ္ဌာန် အမာရွတ်ကို နက်မှောင်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ သူ့လက်ချောင်းထိပ်များက ၎င်းကို ညင်သာစွာ ထိတွေ့လာပြီး သူ့နှုတ်ခမ်းက အေးစက်စွာ ကွေးညွှတ်သွားသည်။
"အဲဒါက ကျွန်တော် ဘာလို့ မီးရှို့ခဲ့လဲဆိုတဲ့ အကြောင်းရင်းပဲ။ သူတို့က ကျွန်တော့်ဆီက ယူမှတော့ အဆတစ်ရာ ပြန်ပေးဆပ်ရမယ်လေ။"
"ကျွန်တော့်လို လူမျိုးဆီ တကယ်ပဲ သူမကို ပေးရဲတယ်လား။"
လင်ချူးဆွေ့က မျက်မှောင်ကြုတ်လိုက်သည်။
သူက သူ့ကိုယ်သူ စကားပြောနေပုံ မပေါ်ဘဲ တစ်စုံတစ်ယောက်ဖြင့် စကားပြောနေသည်နှင့် ပိုတူသည်။
ဤကဲ့သို့ညဉ့်နက်ကြီးတွင် သူနဲ့ ဘယ်သူ စကားပြောနိုင်မလဲ။
"နောင်တမရပါဘူး။ ကျွန်တော်က ဘာလို့ အပြစ်ရှိစိတ်ကို ခံစားရမှာလဲ။"
"ကျွန်တော် အသက်ရှင်ဖို့ တာဝန်ကို အမြန်ဆုံး ပြီးမြောက်ချင်ရုံပါပဲ။"
"ရိုးသားမှုဆိုတာ မရှိဘူး။ လိမ်ညာနေရုံသက်သက်ပဲ။"
........
ရှောက်ယန်၏ အနက်ရောင် မျက်လုံးများထဲမှ လှုပ်ခတ်မှုများကို မြင်သည့်အခါ လင်ချူးဆွေ့က ရူးသွားတော့မလို ခံစားလိုက်ရသည်။
သူက တကယ်ပဲ ဘယ်သူနဲ့ စကားပြောနေတာလဲ။
ဒီလောက် ညဥ့်နက်နေမှ.... သူက အရမ်းကြောက်ဖို့ ကောင်းတယ်။
လင်ချူးဆွေ့သည် စိတ်ပညာရှင်ထံသွားခဲ့သော ထိုနေ့ကို သတိရမိသည်။
သူ့မှာ တကယ်ပဲ... DID ကိုယ်တူစိတ်ခွဲလိုမျိုး စိတ်ရောဂါတစ်ခုခု ရှိနေတာလား။
လင်ချူးဆွေ့သည် ရာဇ၀တ်မှုမြောက်သော သည်းထိတ်ရင်ဖိုဇာတ်ကားများစွာကို တွေးတောပြီး စရိုက်ခွဲ ကွင်းဆက်လူသတ်သမားများအကြောင်းကိုပင် တွေးတောခဲ့သည်။
နေ့ခင်းဘက်တွင် သူတို့သည် အန္တရာယ်ကင်းကင်းနှင့် နူးညံ့သိမ်မွေ့စွာ ပြုမူကြသော်လည်း လျှို့ဝှက်သောအားဖြင့် သူတို့သည် သွေးစွန်းနေသော လက်များဖြင့် စိတ်ဝေဒနာရှင် လူသတ်သမားများ ဖြစ်ကြသည်။
အစတွင် လင်ချူးဆွေ့သည် အိမ်စာများကို ခိုးယူမိသောကြောင့် ဖမ်းမိသွားမည်ကို ရှောင်ရှားရန်သာ ပုန်းရှောင်နေခဲ့ခြင်း ဖြစ်သည်။
ယခုတော့...သူမသည် အမှန်တကယ် ကြောက်ရွံ့ထိတ်လန့်နေပြီ ဖြစ်၏။
ရှောက်ယန်သည် အောက်ညာဘက်ထောင့်ရှိ တိုးတက်မှုဘားတန်း နောက်ပြန်ဆုတ်သွားသည်ကို သတိပြုမိသည် ။
30%, 29%, 28%, 27%, 26%...
စက္ကန့်အနည်းငယ်အတွင်း တိုးတက်မှုဘားတန်းသည် 19% သို့ တိုက်ရိုက်ပြန်ကျသွားခဲ့သည်။
ရှောက်ယန်က အနည်းငယ် ရတက်မအေးသလို ခံစားလိုက်ရသည်။ သူက ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ဖုန်းကို ထုတ်လိုက်သည်။
ထိုအချိန်၌ လင်ချူးဆွေ့သည် ရှောက်ယန်ထံမှ WeChat မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။ "???"
ကံကောင်းထောက်မစွာဖြင့် သူမသည် ဗီရိုထဲတွင် ပုန်းပြီးနောက် ဖုန်းကို အသံပိတ်ထားခဲ့သည်။
လင်ချူးဆွေ့က စာပြန်ပို့လိုက်၏။ "???"
ရှောက်ယန် : "မင်း ငါ့အပေါ် စိတ်ခုစရာ တစ်ခုခု ရှိနေလား။"
လင်ချူးဆွေ့ : "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး QAQ"
ရှောက်ယန် : "ဒါဆို မင်းဘာလို့ ဒီလို ပြုမူရတာလဲ။"
လင်ချူးဆွေ့ : "ဘယ်လို ပြုမူလို့လဲ။"
သူက စကားအသုံးအနှုန်းကို သေချာစဥ်းစားပြီးနောက် မေးလိုက်သည်။ "လင်ချူးဆွေ့ ငါ မင်းအပေါ် ဘာအမှားလုပ်မိလို့လဲ။"
လင်ချူးဆွေ့သည် "နန်ချန် အမှတ် ၁ အလယ်တန်းကျောင်း အချောအလှလေးများအဖွဲ့" တွင် စာပို့လိုက်သည်။ "ငါ အခု အတည်ပြုလိုက်ပြီ။ နင် မှန်တယ် @ကျန်းချန်ယွီ။ ဉာဏ်ကြီးရှင်က မြင်နေရတဲ့ သူ့အပြင်ပန်းပုံစံအတိုင်း အန္တရာယ်ကင်းပြီး ကြင်နာတတ်တာမျိုး မဟုတ်တာ ဖြစ်နိုင်တယ်။ သူက သိုးရေခြုံထားတဲ့ ဝံပုလွေ ဖြစ်နိုင်တယ်။"
ကျန်းချန်ယွီ : "ငါပြောတာမဟုတ်ဘူး။ မင်း အမှတ်မှားနေပြီ။ အဲဒါက လုချီ ပြောခဲ့တာ။"
လုချီ: "ငါ မပြောခဲ့ဘူး။ ငါ စာလုပ်နေတာ။ ငါ့ကို လာဆွဲမထည့်နဲ့။"
လင်ချူးဆွေ့ : "နင်တို့တွေပဲ အရင်က သူ့ကို မကောင်းတဲ့လူလို ပြောနေကြတာ မဟုတ်ဘူးလား။"
ကျန်းချန်ယွီ : "ငါမပြောဘူး! ဉာဏ်ကြီးရှင်က ကြင်နာတတ်တဲ့ နှလုံးသားရှိပြီး အကျင့်စာရိတ္တ ကောင်းမွန်သလို အခြားသူတွေကိုလည်း ကူညီတတ်တယ်။ သူက ငါတို့အတွက် စံပြပုဂ္ဂိုလ်ပဲ။"
လင်ချူးဆွေ့ : "အဲဒါကို ငါ မငြင်းဘူး။ ဒါပေမယ့် ငါ သိသလောက်တော့ သူ့မှာ အနည်းဆုံး စရိုက်ခွဲနှစ်ခုရှိတယ်။ တစ်ခုက ငါ့ရဲ့ ကြင်နာတတ်တဲ့ ထိုင်ခုံဖော်ဖြစ်ပြီး နောက်တစ်ခုက ရက်စက်ကြမ်းကြုတ်မှုတို့ရဲ့ အရှင်သခင်ပဲ။ သူက ကွင်းဆက်လူသတ်သမားတောင် ဖြစ်နိုင်တယ်။ [တုန်ယင်နေတဲ့ အီမိုဂျီ]"
ထိုအချိန်တွင် ကျန်းချန်ယွီက လင်ချူးဆွေ့ထံသို့ သီးသန့်စာပို့လာသည်။ "ပြောမနေနဲ့တော့။ ပါးစပ်ပိတ်ထား"
လင်ချူးဆွေ့ : "ဘာလို့လဲ။"
သူမ စကားပြောနေတုန်းမှာပဲ ရှောက်ယန်က အဖွဲ့ထဲ၌ စာပို့လာသည်ကို မြင်လိုက်ရ၏။ "ငါက... ရက်စက်ကြမ်းကြုတ်မှုတို့ရဲ့ အရှင်သခင်လား။"
လင်ချူးဆွေ့ : ......
"Admin @လုထျန်းပိုင် ဘယ်သူက သူ့ကို အဖွဲ့ထဲ ထည့်လိုက်တာလဲ။"
လုထျန်းပိုင် : "နင့် အစ်ကို။"
ရွှီကျားနင် : "တစ်စုံတစ်ယောက်က တခြားသူရဲ့ အိမ်စာတွေကို အဖွဲ့ထဲမှာ မဆင်မခြင် ပို့နေတာကြောင့်လေ။ အိမ်စာဆိုတာ 'ဉာဏပိုင်ဆိုင်မှု' ပဲ။ အဲဒါကြောင့် ပိုင်ရှင်က သိပိုင်ခွင့်ရှိတယ်လို့ ယူဆတယ်။"
လင်ချူးဆွေ့ : "နင်က ကမ္ဘာပေါ်မှာ အဖြောင့်မတ်ဆုံး လူပါပဲ။"
ကြောင်သူတော်ကောင်။
ရွှီကျားနင် : “@ရှောက်ယန် မင်းရဲ့သင်္ချာစာအုပ်ကို သေချာဂရုစိုက်ပါ။ သူမက အဖြေတွေကို ဓာတ်ပုံရိုက်ပြီး အဖွဲ့ထဲကို ပို့ပေးထားတယ်။”
ရှောက်ယန်က ချက်ချင်းလှည့်ကြည့်ကာ စစ်ဆေးရန် သူ့ကျောင်းလွယ်အိတ်ကို ကောက်ယူလိုက်သည်။
ကျောင်းလွယ်အိတ်ဇစ်က ကျယ်ကျယ် အဖွင့်ခံထားရပြီး သင်္ချာစာအုပ်က ဖြစ်သလို ထိုးသိပ်ခံထားရကာ တစ်စုံတစ်ယောက်က ထိသွားသည်မှာ ထင်ရှားသည်။
ရှောက်ယန်က သူ့ကျောင်းလွယ်အိတ်ကို ချလိုက်ပြီး အခန်းတဝိုက်ကို ရှာကြည့်ရင်း သူ့အကြည့်များက ဗီရိုပေါ်တွင် ကျရောက်သွားသည်။
တစ်ခန်းလုံးက တစ်ယောက်ရဲ့ အသက်ရှူသံကို တစ်ယောက် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။
လင်ချူးဆွေ့က ထိတ်လန့်ခြောက်ခြားဖွယ် ရုပ်ရှင်တစ်ကား ရိုက်ကူးနေသကဲ့သို့ နှလုံးသားက ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် တင်းမာ ကြောက်ရွံ့နေခဲ့သည်။
ရှောက်ယန်က အကြည့်ကို ပြန်ရုတ်လိုက်ပြီး လသာဆောင်ကို ထွက်ကာ ဘောင်းဘီရှည် သွားဝတ်လိုက်သည်။ အစောပိုင်းတွင် သူက အိမ်နေရင်း ဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်သည်။
သူက အဝတ်အစား လဲပြီးနောက် ဗီရိုနားသို့ ရောက်လာကာ ညင်သာစွာ ပြောလိုက်သည်။ "လင်ချူးဆွေ့ မင်း အထဲမှာရှိလား။"
လင်ချူးဆွေ့က လက်ဖြင့် ပါးစပ်ကို အုပ်ထားကာ မျက်လုံးများကို မှိတ်ထားပြီး အသံတစ်စက်မှ မထွက်ရဲပေ။
"ပြောတာ နားထောင်။ ငါက ရက်စက်ကြမ်းကြုတ်တဲ့သူပဲ။" ရှောက်ယန်က ဘီရိုနားသို့ ချဥ်းကပ်လာကာ သူ၏ နက်မှောင်သော မျက်ဝန်းများက ဘီရို တံခါးအဖွင့်အပိတ် အဟကြားသို့ စိုက်ကြည့်နေခဲ့သည်။ "ရက်စက်ယုတ်မာတဲ့သူရဲ့ အဝတ်ဘီရိုထဲမှာ ပုန်းနေတာ ငါ မင်းကို တစ်သက်လုံး ဘီရိုထဲမှာ သော့ခတ်ထားလိုက်မှာကို မကြောက်ဘူးလား။"
"အား" လင်ချူးဆွေ့က ထိတ်လန့်တကြားနှင့် ဘီရိုထဲမှ ခုန်ထွက်လာပြီး စားပွဲကို မှီကာ တုန်တုန်လှုပ်လှုပ်ဖြင့် သူ့ကို ကြည့်လိုက်သည်။ "မလာနဲ့"
ရှောက်ယန်က သူမကို ကြည့်ရင်း သူ့နှုတ်ခမ်းတို့က တွန့်ကွေးသွား၏။ "ငါ့ကို ကြောက်လို့လား။"
"ငါ...ငါ မကြောက်ဘူး"
ရှောက်ယန်က အရှေ့သို့ လှမ်းလာကာ သူမအနား ရောက်အောင် ကိုယ်ကို ကိုင်း၍ မေးလိုက်သည်။ "တကယ် မကြောက်တာလား။"
သူ၏ နှုတ်ခမ်းပါးများက သူမအနားသို့ တိတ်တဆိတ် တိုးကပ်လာသည်။ သူ့ အသွင်အပြင်က အလွန် ရန်လိုနေခဲ့သည်။ သူ၏ အလျားရှည်ကာ အဖျား၌ ကော့တက်နေသည့် မျက်ဝန်းအိမ်တို့က ညအမှောင်တွင် ပို၍ တောက်ပနေပြီး ပျင်းရိနေသည့် စိတ်ဆန္ဒတို့ကို သယ်ဆောင်ထားသည်။
ဆွဲဆောင်မှုရှိသော်လည်း အန္တရာယ်များသည်။
လင်ချူးဆွေ့သည် သူမ၏ မျက်နှာက နီရဲလာပြီး နားရွက်များ ပူလောင်လာသည်အထိ သူ၏ 'ချောမောမှု' ကြောင့် ရန်စခံလိုက်ရပေသည်။ ထုတ်ပြော၍ မကောင်းသည့် အတွေးပေါင်း မြောက်မြားစွာက သူမ စိတ်ထဲတွင် ဖြစ်ပေါ်လာပြီး သူမ နှလုံးသားက စတင် ခုန်ပေါက်လာပြန်သည်။
တာဝန်တိုးတက်မှု - 26%, 27%, 28%...
ရှောက်ယန်၏ နှုတ်ခမ်းတို့က ကွေးညွှတ်သွားပြီး သူမ နောက်ရှိ စားပွဲပေါ်က သင်္ချာလေ့ကျင့်ခန်း စာအုပ်ကို ကောက်ကိုင်ကာ သူမခေါင်းကို ခပ်ဖွဖွ ရိုက်လိုက်သည်။ "ငါ့ရဲ့ ဉာဏမူပိုင်ခွင့်ကို ချိုးဖောက်နေတာလား။"
လင်ချူးဆွေ့၏ မျက်နှာက နီရဲသွားသည်။ သူမက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရိုးသားစွာ တောင်းပန်လိုက်၏။ "တောင်းပန်ပါတယ်။ ငါ နင့်ရဲ့ အိမ်စာတွေကို မယူလိုက်သင့်ဘူး။"
သူမက ယုန်တစ်ကောင်ကဲ့သို့ ကျိုးနွံနာခံနေဟန်ရှိသည်ကို မြင်သောအခါ ရှောက်ယန်က ထပ်မေးလိုက်သည်။ "မင်း ငါ့ကို စိတ်မမှန်တဲ့သူလို့ ထင်နေတာလား။"
"ဒီမှာ ဘယ်သူမှ မရှိဘဲနဲ့ နင့်ဟာနင် တစ်ယောက်တည်း စကားပြောနေရမယ်လို့ ဘယ်သူက ပြောထားလို့လဲ။"
***