← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အပိုင်း ( ၃၅ )

သူမသည် လွန်ခဲ့သည့် သုံးနှစ်က မာရသွန်ပြိုင်ပွဲပြီးသွားသည့်နောက် သူမ၏ အဖေ လောင်လင်က သူမ ဆံပင်လေးများကို ချစ်ခင်ကြင်နာစွာ ဖွပေးရင်း နှစ်သိမ့်ခဲ့သည်။

"နောက်ဆုံးလိုင်းကို ဖြတ်တယ်ဆိုတာ တဒင်္ဂအခိုက်အတန့်လေးပဲ။ မင်း ပြေးနေချိန်အတွင်းမှာ မင်းရဲ့ အဖေက တလျှောက်လုံး စက်ဘီးနဲ့ လိုက်လာခဲ့ပေးတာကသာ အရေးကြီးဆုံးပဲ ဟုတ်ပြီလား။ မင်းရဲ့ အဖေအိုကြီး မရှိတော့တဲ့အခါ ဒီလို​​အမှတ်တရတွေက မင်းကို အဖော်ပြုပေးလိမ့်မယ်။"

"ဖတ်...ဖတ်... ဖတ်... အဖေက ဘာလို့ မရှိတော့ရမှာလဲ။"

"မင်း အမေနဲ့ အဖေက မင်းရဲ့ တစ်ဘဝလုံး အတူရှိမပေးနိုင်ဘူးလေ။ နောက်ပိုင်းကျရင် မင်းရဲ့ တစ်ဘဝလုံး ကျန်ရှိတဲ့ နေ့ရက်တွေမှာ မင်းနဲ့အတူ အဖော်ပြုပေးနိုင်မယ့်သူ တစ်ယောက် ရှိလာလိမ့်မယ်။ အဲဒီလူက အရေးကြီးတာကြောင့် သေချာ စဥ်းစားပြီး ရွေးချယ်ရမယ်။"

လင်ချူးဆွေ့က လောင်လင်ကို စိတ်မရှည်စွာ ပြောလိုက်သည်။ "အဖေက သမီးနဲ့အတူ ထာဝရ လိုက်ပြေးပေးနေမှာ"

လင်ချူးဆွေ့၏ မျက်တောင်များသည် မျက်ရည်တို့ဖြင့် စိုစွတ်လာပြီး မိုးရေတို့ စိုသွားသလို ထင်မှတ်ရပေသည်။ မှတ်ဉာဏ်များမှာ မနေ့တနေ့ကကဲ့သို့ ထင်ရှားနေခဲ့သည်။

ပထမနေရာ ရရမရရ ကိစ္စမရှိပေ။ ရလဒ်က ပြဿနာတစ်ခု မဟုတ်ချေ။

လင်ချူးဆွေ့က မျက်လုံးစုံမှိတ်ပြီး ရှေ့ဆက် ပြေးချင်ရုံသာ ဖြစ်သည်။

သူမက လွန်ခဲ့သော နှစ်နှစ်ကကဲ့သို့ ဆက်နေနေပါလျှင် သူမ အမှန်တကယ် ထိုနေရာ၌သာ ထာဝရ ရပ်တန့်နေတော့မည် ဖြစ်သည်။

သူမက ဆက်ပြေးနေမည်ဆိုလျှင် သူမ အဖေက စက်ဘီးနှင့် သူမကို အဖော်ပြုပေးနေဦးမည် ဖြစ်၏။

မာရသွန်ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်မည့် ဝန်ထမ်းများကလည်း တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေကြသည်။

"တစ်နာရီရှိပြီဖြစ်ပြီး အကွာအဝေးကလည်း တဖြေးဖြေး ကြီးမားလာပါပြီ။ အပြေးသမားတွေထဲက ထိပ်ဆုံးတစ်ရာက အိုလံပစ်ပန်းခြံဝန်းထဲကို ဝင်ရောက်လာပြီး အိုလံပစ်ပန်းခြံကို ဆယ်ကီလိုမီတာ ပြည့်အောင် ပတ်ပြီးရင် အနိုင်က လက်တစ်ကမ်းမှာ ရှိနေတော့မှာပါ။"

ရှောက်ယန်က ဟော့ပေါ့ဆိုင်တွင် အလုပ်များနေပြီး အပြင်ဘက်၌ ရွာသွန်းနေသော မိုးကို ရံဖန်ရံခါ လှမ်းကြည့်တတ်သည်။

သူသည် အကယ်၍ သူမ အအေးမိပြီး ဖျားနာသွားလျှင် သို့မဟုတ် ဒဏ်ရာရသွားလျှင် အခွင့်အရေးကောင်းကို ဆုပ်ကိုင်ပြီး သူမအပေါ် စိုးရိမ်ပူပန်မှုကို ဖော်ပြရမည်ဟု ကြံစည်နေသည်။

ယခင်က အတွေ့အကြုံကို အခြေခံရလျှင် ၎င်းက သူတို့၏ ဆက်ဆံရေး တိုးတက်မှုဘားတန်းကို အနည်းဆုံး ငါးရာခိုင်နှုန်းခန့် တိုးလာစေလိမ့်မည်။

သူက သူမကို မသွားရန် တားဆီးပြီး ဒေါသထွက်အောင် လုပ်မိလိုက်လျှင် တိုးတက်မှုဘားတန်းက တက်လာရမည့်အစား လျော့ကျသွားလိမ့်မည် ဖြစ်ကာ သူ၏ ကြိုးစားအားထုတ်ခဲ့မှုများကို သဲထဲရေသွန် ဖြစ်သွားစေလိမ့်မည် ဖြစ်သည်။

ကိစ္စများက အဆင်ပြေချောမွေ့နေလျှင် သူက တိုးတက်မှုဘားတန်းကို စာသင်နှစ်ဝက်တစ်ခုအတွင်း ပြည့်အောင် လုပ်နိုင်ပြီး သူ့ခန္ဓာကိုယ်ထဲမှ အပိုဝိညာဥ်အား ဖယ်ထုတ်နိုင်လိမ့်မည် ဖြစ်သည်။

သူက အကောင်းဆုံး တက္ကသိုလ်ကို တက်ရောက်နိုင်ရန် ကျန်သည့် စာသင်နှစ်များတွင် စာလေ့လာခြင်းကို အာရုံစိုက်နိုင်လိမ့်မည် ဖြစ်ကာ သူ၏ မကောင်းမွန်သော ကံကြမ္မာမှ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်လိမ့်မည် ဖြစ်ပေသည်။

သူ့ အကြံအစည်များက မည်မျှ ညစ်ပတ်ပါစေ သူက ဂရုမစိုက်ပေ။ သူက ရလဒ်ကိုသာလျှင် ဂရုစိုက်ပြီး ဖြစ်စဥ်ကို မဟုတ်ပေ။

ရှောက်ယန်က သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ့စိတ်ထဲ လောင်ကျွမ်းနေသည့် ခံစားချက်များကို တည်ငြိမ်အောင် လုပ်လိုက်ကာ တံခါးရှိ ဧည့်သည်အချို့ကို မေးလိုက်သည်။ "ဘာသုံးဆောင်ချင်ပါသလဲ။"

"ယွမ်နှစ်ဆယ်တန် ဟော့ပေါ့ နှစ်ပွဲ အဆာပလာကြည့်ထည့်ပေးပါ။ မစားတာ မရှိဘူး။"

ရှောက်ယန်က အော်ဒါကို အာရုံစိုက်လိုက်စဥ် သူက ဧည့်သည်များ မာရသွန်ပြိုင်ပွဲအကြောင်း ဆွေးနွေး​နေသည်ကို ကြားလိုက်ရသည်။ "ဆေးအကူတွေက တလျှောက်လုံး လိုက်နေရတာ။ ငါကြားတာတော့ နှစ်ယောက် သတိလစ်သွားပြီတဲ့။"

"သူတို့ တကယ်ကို အစွမ်းကုန် ကြိုးစားနေကြတာပဲ။"

"လူတိုင်းက ပထမနေရာကို နိုင်ချင်ကြတာပဲ။ ဒါက နန်ချန်မှာ သုံးနှစ်မှ တစ်ကြိမ်ပဲ ကျင်းပတဲ့ ပြိုင်ပွဲကြီးတစ်ခုပဲလေ။"

"ယွမ်ငါးသောင်း ဆုကြေးငွေကလည်း တပ်မက်စရာပဲ။"

ဧည့်သည်များကို ဟော့​ပေါ့ ပါဆယ် ပေးပြီးနောက် ရှောက်ယန်က သာမန်ကာလျှံကာ မေးလိုက်သည်။ "မာရသွန်ပြိုင်ပွဲမှာ တစ်ယောက်ယောက် ဒဏ်ရာရသွားလို့လား။"

"ငါ ကြားတာတော့ သွေးတွင်းသကြားဓာတ်နည်းလို့ မေ့လဲသွားတာတဲ့။"

"ဟုတ်တယ်။ မနှစ်က B မြို့ရဲ့ မာရသွန်ပြိုင်ပွဲမှာဆို တစ်ယောက်တောင် သေသွားတယ်တဲ့။"

.......

ဧည့်သည်များ ထွက်သွားပြီးနောက် ရှောက်ယန်က လမ်းမထက် ဖြစ်ပေါ်နေသည့် ဗွက်အိုင်များ၊ ချိုင့်ခွက်များအတွင်း ကားဖြတ်သွားသဖြင့် ကျန်ခဲ့သည့် ရေပွက်များနှင့် စိုစွတ်နေသော လမ်းကို ငေးကြည့်လိုက်သည်။

မိုးရွာသွန်းခြင်းကို ပြင်းထန်လာပြီး ဆောင်းရာသီ၏ အေးစိမ့်မှုကလည်း လိုက်ပါလာသည်။

သူက ဖုန်းကို ထုတ်လိုက်ပြီး အဖွဲ့လိုက်စကားပြောခန်းအတွင်းမှ လုထျန်းပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်သည်။ "ချူးဆွေ့က အိုလံပစ်တောအုပ်အဝိုင်းထဲ ရောက်သွားပြီ။ ထိပ်တန်းတစ်ရာထဲ ပါတယ်။"

လုချီ : "လောင်ကျစ်တော့ ထပ်မပြေးနိုင်တော့ဘူး။ ချူးကော ကျားယို..."

ရွှီကျားနင် : "သူမ ပြေးနေတဲ့ အရှိန်နဲ့ ပထမရဖို့ကို မေ့လိုက်တော့။"

လုချီ : "ငါတို့ ချူးဆွေ့က ပေါက်ကွဲထွက်လာတော့မှာ။ စောင့်နေလိုက်။ သူမရဲ့ လုပ်နိုင်စွမ်းက မကုန်သေးဘူး။"

ရွှီကျားနင် : "ငါ လုံစန်းလမ်းမအနားမှာ သူမကို မြင်လိုက်တယ်။ သူမ ပုံစံက ချက်ချင်းပဲ ပစ်လဲတော့မလို ဖြစ်နေပြီ။ သူမက မျက်ဖြူဆိုက်နေပြီဆိုတာ ပြောနိုင်တယ်။"

လုထျန်းပိုင် : "အဓိပ္ပါယ်မရှိတာ မပြောနဲ့။ နတ်ဘုရားမက ဘယ်လိုလုပ် မျက်ဖြူဆိုက်မှာလဲ။"

လုချီ : "ငါ သတိထားမိတာတော့ နိုင်ငံခြားသားအတုကောင်က ဉာဏ်ကြီးရှင်ကို ဒီအဖွဲ့ထဲ ထည့်လိုက်ကတည်းက သူ ချူးဆွေ့ကို တော်တော် အကန်တွေ ပြောနေတာပဲဲ။"

ရွှီကျားနင် : "@ရှောက်ယန် မင်းရဲ့ ထိုင်ခုံဖော်နတ်ဘုရားမက အရင်တုန်းက ငါ့ကို တံတွေးနဲ့တောင် ထွေးဖူးတယ်နော်။"

လုချီ : "ကြည့်ပါလား။ ဉာဏ်ကြီးရှင်ကဖြင့် မင်း ဘာပြောလဲဆိုတာတောင် ဂရုမစိုက်ဘူး။"

.........

အိုလံပစ်သစ်တောအဝိုင်းထဲ ဝင်ရောက်ပြီးနောက် အပြေးသမားများ နည်းသထက် နည်းလာပြီး သစ်တောဝန်းအနီး၌ ကြည့်ရှုနေသူတို့ မရှိတော့ပေ။ တစ်ကီလိုမီတာချင်းစီတိုင်းတွင် ဆေးအကူရုံများနှင့် ယာယီသန့်စင်ခန်းများ ရှိနေသည်။

သူမက အမှန်တကယ် အံတင်းတင်းကြိတ်ကာ ပြေးနေရခြင်း ဖြစ်သည်။

ကံကောင်းစွာနှင့် ယနေ့တွင် သူမ၏ အန်တီက အများကြီး မလာဘဲ အကိုက်အခဲပျောက်ဆေးကလည်း အာနိသင်ပြင်းသည့်အတွက် သည်းမခံနိုင်လောက်အောင် နာကျင်မှုကို မခံစားရဘဲ နာသည်ဆိုရုံမျှသာ ဖြစ်သည်။

သူမ၏ ယနေ့ ကံကောင်းခြင်းနှင့်ပင် ပထမနေရာရရန်မှာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။

မိုးက ပြင်းပြင်းထန်ထန် ရွာသွန်းနေပြီး မိုးစက်များက သူမ၏ မိုးကာပေါ်သို့ စည်းချက်ညီညီကျရောက်နေကာ ပါးပြင်၌လည်း မိုးစက်တို့ ခိုတွဲနေသည်။

သူမ၏ စိတ်က လုံးဝ ဗလာဖြစ်နေပြီး သူမ နှလုံးခုန်သံနှင့် အသက်ရှူသံမှလွဲ၍ အရာအားလုံးက တိတ်ဆိတ်နေခဲ့သည်။

သူမက မည်သည့်အတွက် ဆက်လက်တောင့်ခံနေမှန်းတောင် မသိတော့ပေ။

သူမသည် အစောပိုင်းက ပထမနေရာကို ရချင်သော်လည်း ယခုတွင် ပထမနေရာက အရေးမကြီးတော့ပေ။ သူမသည် ရလဒ်က အရေးမကြီး လုပ်ငန်းစဥ်ကိုပဲ အာရုံစိုက်ဟု သူမကိုယ်သူမ ပြောနေခဲ့သည်။

နှစ်တွေ ကြာလာသည်နှင့်အမျှ သူမ တစ်စုံတစ်ခုကို ဖြစ်မြောက်အောင် မလုပ်နိုင်သည့်အခါတိုင်း သတ္တိများ တဖြေးဖြေး ဆုံးရှုံးကာ လက်လျှော့တက်လာပြီး ချောက်နက်ဆီသို့ တစ်လှမ်းချင်း လှမ်းသွားမိနေသည်။

သူမ မည်မျှ ပြေးနေပါစေ သူမ အဖေက မမြင်နိုင်တော့ပေ။ သူက ပြန်မလာနိုင်တော့ချေ။

တစ်စုံတစ်ယောက် သေဆုံးသွားသည့်အခါ သူတို့က သေဆုံးသွားခြင်းသာဖြစ်ပြီး လုံးဝ ပြန်မလာနိုင်တော့သည့် လမ်းရောက်သွားခဲ့ခြင်းသာ ဖြစ်သည်။

...................

လင်ချူးဆွေ့က လမ်း၏ ဦးတည်ရာကိုပင် မမြင်နိုင်တော့ပေ။

ရှေ့ဆက်သွားရမည့် လမ်းမက မည်းနက်နေ​ပြီး မိုးကလည်း သည်းသည်းထန်ထန် ရွာသွန်းလာကာ သူမက အဆုံးသတ်မျဥ်းကို မဆိုထားနှင့် သွားရမည့် ဦးတည်ရာကိုပင် အမှန်တကယ် မမြင်နိုင်တော့ပေ။

လက်လျှော့၍ ထွက်ပစ်လိုက်တာက ပိုကောင်းနိုင်ပေသည်။

အဖေက ပြန်မလာတော့ဘဲ သူက သူမနှင့်အတူ အဖော်ပြုကာ ဤရှည်လျားသော ပြေးလမ်း၌ အဖော်ပြုပေးတော့မည် မဟုတ်ပေ။

လင်ချူးဆွေ့က ဒယိမ်းဒယိုင်နှင့် မူးဝေကာ လဲကျလုသည့်အချိန်တွင် ရုတ်တရက် သူမ အနောက်မှ စူးရှလှသည့် စက်ဘီးဘဲလ်သံကို ကြားလိုက်ရသည်။

သူမက ဝေဝါးနေသည့် မျက်လုံးတို့ကို ပွတ်သုတ်လိုက်ပြီး မှုန်မှိုင်းနေသည့် မိုးစက်များကြားမှ စက်ဘီးစီးနင်းသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။

သူ့ ပုံရိပ်က ထိုနှစ်က သူမအဖေ၏ ပုံရိပ်နှင့် တစ်ထပ်တည်း ကျလာသလိုပင်။

ပို၍ ထပ်တူကျသည်ဟု ထင်ရစေသည်မှာ စက်ဘီးပေါ်မှသူက လိမ္မော်ရောင်တောက်တောက် မီးသတ်သမားဝတ်စုံကို ဝတ်ဆင်ထားပြီး သူမကို အမီလိုက်ရန် စက်ဘီးကို ကိုးရို့ကားယား စီးနင်းလာခဲ့သည်။

ထိုသည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်က ယူနီဖောင်းပင် လဲဖို့အချိန်မရှိဘဲ သူမကို အဖော်ပြုရန် အပြေးလာခဲ့သည့် သူမအဖေ လင်ရှို့ကျယ်ကဲ့သို့ပင် ဖြစ်သည်။

မိုးရေထဲတွင် ပေတေကာ ရပ်နေရင်း လင်ချူးဆွေ့၏ မျက်လုံးထဲမှ မျက်ရည်များ သွန်းဖြိုးလာသည်။

"အဖေ... အဖေ"

သမီး အရမ်းလွမ်းတာပဲ။

ထိုသူက သူမအနားသို့ ရောက်လာသည်နှင့် လင်ချူးဆွေ့သည် ထိုလူက မီးသတ်သမားဝတ်စုံ ဝတ်ထားသည့် သူမ အဖေ မဟုတ်ကြောင်း သတိပြုမိလိုက်သည်။

၎င်းက ရှောက်ယန် ဖြစ်​လေသည်။

မိုးရေစက်များက သူ၏ ချောမောသော မျက်နှာထက်မှ တလိမ့်လိမ့် ကျဆင်းလာပြီး အမြန်လာရသဖြင့် မောဟိုက်နေပုံရကာ သူမကို ကြည့်လာသည်။

"ပြေးနေတာ ရပ်တော့ အရူးမရဲ့။"

လင်ချူးဆွေ့၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာပြီး သူမက သူ့အား ညွှန်ပြရင်း အော်လိုက်သည်။ "နင် ဘာလို့ အဲဒါကြီး ဝတ်ထားတာလဲ။"

ရှောက်ယန်က သူ ဝတ်ဆင်ထားသော လိမ္မော်ရောင်တောက်တောက် မိုးကာကို ကိုင်ကာ ပြောလိုက်သည်။ "ဒါက ငါ့မှာ ရှိတဲ့ တစ်ခုတည်းသော မိုးကာပဲ။"

ထို့နောက်မှသာ လင်ချူးဆွေ့က ၎င်းသည် မီးသတ်သမား ယူနီဖောင်းနှင့် ဆင်တူသည့် မိုးကာဖြစ်ကြောင်း သတိပြုမိလိုက်ပေသည်။

သူမသည် အစောပိုင်းက ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရခြင်း ဖြစ်နိုင်သလို သူမက သူမအဖေကို အရမ်းလွမ်းသွားလွန်း၍လည်း ဖြစ်နိုင်ပေသည်။

"ဒီလောက် မိုးသည်းနေတာကို နင် ဘာလို့ လာခဲ့တာလဲ။"

ရှောက်ယန်က တမင်သက်သက် စက်ဘီးကို လမ်းမပေါ်တွင် ပိတ်ရပ်ကာ လင်ချူးဆွေ့၏ လမ်းကို ပိတ်ဆို့ထားသည်။ တွန့်ဆုတ်စွာနှင့် သူက ပြောလိုက်၏။ "ငါက ဘယ်လိုသိမှာလဲ။"

သူသည် သူမကို ဒုက္ခခံရအောင် ပစ်ထားလိုက်ပြီးနောက်မှ သူမအား နှစ်သိမ်ပေးကာ တာဝန်ကို ချောချောမွေ့မွေ့ ပြီးမြောက်အောင် လုပ်ဆောင်မည်ဟု စဥ်းစားခဲ့သည်။

သို့သော်....

ရှောက်ယန်၏ ကျန်းမာရေးက အစကတည်းက ဆိုးရွားပေသည်။ သူမကို တားဖို့အတွက် မိုးရေထဲ အပြေးလာခဲ့တာ ဘာဖြစ်လို့လဲ ဘယ်သူသိမှာလဲ။

သူ၏ ထိုင်းမှိုင်းကာ တွန့်ဆုတ်နေသည့် အကြည့်တို့ကို မြင်သောအခါ လင်ချူးဆွေ့က ပြောလိုက်သည်။ "နင့်ကို ဘယ်သူက စိတ်အနှောက်အယှက် ပေးလို့လဲ။"

ရှောက်ယန်က သူမကို ကြည့်ကာ တစ်လုံးချင်း ပီပီသသ ပြောလိုက်သည်။ "ငါ့ကို စိတ်အနှောက်အယှက်ပေးနေတာ မင်းလေ။"

"ငါ့ကို ရေညစ်တွေနဲ့ လောင်းဖို့ မစဥ်းစားနဲ့။ ငါ မနေ့ညက အခန်းခအတွက် နင့်ကို ပေးပြီးသွားပြီ။ အဲဒါက စားပွဲပေါ်မှာ။ နင် ငါ ပြိုင်ပွဲဝင်နေတဲ့ အချိန်အတွင်း ပိုက်ဆံလာတောင်းလို့ မရဘူး။"

"ငါ ဒီကို ပိုက်ဆံလာတောင်းတာ မဟုတ်ဘူး။"

"အဲဒါဆို ဒီကို ဘာအတွက် လာခဲ့တာလဲ။"

"မင်းကို တားဖို့အတွက်။"

လင်ချူးဆွေ့က ဇဝေဇဝါ ဖြစ်သွားသည်။ "ငါ့ကို ဘာကြောင့် တားမှာလဲ။"

"အရူးလုပ်နေတာကို ရပ်ဖို့လေ။"

"..."

ရှောက်ယန်က စက်ဘီးကို ရပ်ပြီး ပြောလိုက်၏။ "မင်း ဆက်ပြေးချင်ရင် ငါ့အလောင်းကို အရင် ကျော်သွားမှရမယ်။"

"နင်က ငါ မလုပ်ရဲဘူး ထင်လို့လား။ ငါ နင့်ကို အလောင်းဖြစ်သွားအောင် ဖိခြေပစ်လိုက်မယ်။"

"အလောင်းက မင်းအတွက် အိမ်စာမလုပ်ပေးနိုင်ဘူးလေ။"

"..."

လင်ချူးဆွေ့က သူမ၏ မိုးကာဦးထုပ်ကို ချွတ်ကာ မျက်နှာပေါ်မှ မိုးစက်များကို သုတ်လိုက်သည်။ "ရှောက်ယန် ဒီမှာ လာစနောက်မနေနဲ့။ နင်က ငါ့ အဆင့်သတ်မှတ်ချက်ကို သက်ရောက်မှုရှိလိမ့်မယ်။"

"မင်း ဘယ်တုန်းက အဆင့်သတ်မှတ်ချက်တွေကို ဂရုစိုက်လို့လဲ။"

"အခု ဂရုစိုက်တယ် ဟုတ်ပြီလား။"

လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူမသည် မည်သည့်အရာမှ ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်ခြင်း မရှိခဲ့ပေ။ ယခု သူမက မကယ်နိုင်လောက်အောင် ပျက်စီးနေခြင်း မဟုတ်ကြောင်း သက်သေပြချင်မိသည်။

"ငါ့ လမ်းကနေ ဖယ်ပေး။"

သူမက သူ့ကို တွန်းဖယ်လိုက်သည်နှင့် ရှောက်ယန်က သူမလက်ကို ဆွဲကာ သူ့ဘေးသို့ ပြန်ဆွဲခေါ်လိုက်သည်။ "ချန်ပီယံဆုက အရေးမကြီးဘူး။ အရေးကြီးတာက မင်း ပြေးနေတဲ့အချိန်မှာ တစ်ယောက်ယောက်က အဖော်ပြုပေးနေဖို့ပဲမလား။ ဟုတ်တယ်ဟုတ်။"

လင်ချူးဆွေ့က သူ့စကားကြောင့် ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသည်။ သူမက သူ့ကို စိုက်ကြည့်နေခဲ့မိသည်။ "နင် ဘယ်လိုလုပ်.... သိတာလဲ။"

ငါ့ အဖေပြောခဲ့တာကို နင် ဘယ်လိုလုပ် သိတာလဲ။

"စက်ဘီးပေါ်တက်။ ကျန်တဲ့ လမ်းကြောင်းကို အဆုံးထိ ငါ မင်းနဲ့အတူ သွားပေးမယ်။"

"ဒါပေမယ့်.."

ရှောက်ယန်က စက်ဘီးပေါ် ပြန်တက်လိုက်ပြီ ဖြစ်သည်။ သူ၏ တောက်ပသော အကြည့်များက သူမကို ကြည့်နေခဲ့သည်။ "ငါ အချိန်မရွေး စိတ်ပြောင်းသွားနိုင်တယ်နော်။ မင်း မတက်ဘူးဆိုရင် ငါ သွားတော့မယ်။"

သူက မိုးရေထဲ၌ အရူးလို အမြန်လာခဲ့ရပြီး ရှောက်ယန်သည် သူ့ဦးနှောက်က ရေဝင်သွားသလားပင် မသိတော့ပေ။

လင်ချူးဆွေ့က ရေစိုနေသည့် လမ်းကို ငုံ့ကြည့်ကာ တွေဝေနေပြီးနောက် လျှောက်သွားလိုက်သည်။

ရှောက်ယန်က သူမကို စက်ဘီးပေါ် တက်ရန် ကူညီပေးလိုက်ပြီး တွင်းထွက်ရေနွေးပုလင်းကို လှမ်းပေးလိုက်၏။ "ဒါက အရမ်းပူမနေတော့ဘူး။ မင်းရဲ့ ဗိုက်ကို နွေးအောင် လုပ်လိုက်။"

လင်ချူးဆွေ့က နာနာခံခံနှင့် ပုလင်းကို လက်ခံလိုက်ပြီး သူမ၏ မိုးကာကို ဇစ်ဖြုတ်ကာ သူမ ဗိုက်ကို နွေးထွေးစေရန် ကပ်လိုက်သည်။

ရှောက်ယန်က မာရသွန်ပြေးလမ်းဘေးရှိ လမ်းလေးမှနေ၍ နင်းသွားခဲ့သည်။

စက်ဘီးက လမ်းတလျှောက်မှ ရေများကို စင်ထွက်သွားစေ၏။

လင်ချူးဆွေ့က သူ၏ မိုးကာကို တင်းတင်းဆုပ်ကိုင်ထားပြီး မေးလိုက်သည်။ "နင် ဘာလို့ လာခဲ့တာလဲ။"

"ငါ့ရဲ့ နတ်ဘုရားမ လမ်းမပေါ်တင် သေသွားမှာ စိုးလို့လေ။"

"ရှောက်ယန် ငါက တကယ်ပဲ နင့်ရဲ့ နတ်ဘုရားမ လား။"

"အမ်"

လင်ချူးဆွေ့က မျက်လွှာချလိုက်ပြီး သူမ၏ လည်ချောင်းထဲ၌ ရှတတခံစားချက်ကို ခံစားလိုက်ရ၏။ "ငါ့ အဆင့်တွေက မကောင်းဘူး။ ငါ့မှာ ဆိုးဝါးတဲ့ ဒေါသကလည်း ရှိသေးတယ်။ အမြဲ စိတ်အခြေအနေ မကောင်းဘဲ ဘာမှ အသုံးဝင်တာလည်း မရှိဘူး။ ငါ ဂုဏ်အယူဆုံးက မာရသွန်ပြေးတာပေမယ့် အဲဒါကလည်း ပျက်စီးသွားပြီ။"

ရှောက်ယန်က သူမကို ကြည့်လိုက်သည်။ မိန်းကလေးက သူ၏ မိုးကာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမ၏ နဖူးကို သူ့ကျောတွင် ကပ်ထားသည်။ သူမက ရေရွတ်လိုက်၏။ "ပြောပြပါ။ ငါက ဘယ်လိုနတ်ဘုရားမမျိုးလဲ။"

သည်းထန်စွာ ရွာသွန်းနေသည့် မိုးက သူမ၏ ယုံကြည်ချက်များနှင့် မာကျောသော စိတ်ဓာတ်တို့ကို တိုက်စားယူငင်သွားဟန်တူသည်။

သူမက အရိုးသားဆုံး နှလုံးသားနှင့် သူမကိုယ်သူမ အမှန်ကန်ဆုံး အကဲဖြတ်၍ သူ့ကို ပြောပြနေခဲ့ခြင်း ဖြစ်သည်။

ရှောက်ယန်၏ နှုတ်ခမ်းတို့ကို ကွေးညွှတ်သွားသည်။ "မင်းပြောတာ မှန်တယ်။ မင်းက အမြဲ စိတ်အခြေအနေမကောင်းဘဲ ဘာမှ အသုံးဝင်တာလည်း မရှိဘူး။ မင်းမှာ နတ်ဘုရားမနဲ့တူတာဆိုလို့ ဘာမှမရှိဘူး။"

အနည်းဆုံး သူမက သူသဘောကျသည့် ပုံစံမျိုး မဖြစ်သင့်ပေ။

ဟော်မုန်းလယ်ဗယ်အမြင့်ဆုံး ဆယ်ကျော်သက်ကောင်လေးများ အနေနှင့် သူသည် အနာဂတ် ၌ မည်သို့သော မိန်းကလေးမျိုးကို သဘောကျလိမ့်မည်နည်းဟု စိတ်ကူးယဥ်ခဲ့ဖူးသည်။

သူ့အိပ်မက်များထဲမှ မိန်းကလေးက နေရောင်ခြည်ကဲ့သို့ တောက်ပပြီး အကောင်းမြင်တတ်ကာ ပျော်ပျော်ရွှင်ရွှင် နေတတ်၍ ရယ်မောရသည်အား ကြိုက်နှစ်သက်သူ ဖြစ်သင့်သည်။ သူမက အနည်းဆုံး သူ၏ မှောင်မည်းနေသော ဘဝအတွင်း အလင်းတန်းလေး ဆောင်ယူလာပေးနိုင်ရပေမည်။

သူ၏ ခက်ခဲကြမ်းတမ်းလှသော ခရီးစဥ်အတွင်း ရှောက်ယန်က သူ့အိပ်မက်ထဲမှ မိန်းကလေးနှင့် မတွေ့ခဲ့ရပေ။

သို့သော် ဤသို့ မိုးသည်းထန်စွာ ရွာနေသည့် နေ့၌ သူက လင်ချူးဆွေ့ကို ခေါ်ရန် မီးနီသုံးခုပင် ဖြတ်၍ အလျင်စလို လာခဲ့ရပေသည်။

***

All Chapters