အခန်း ၃၆
Vol. 4 Ch. 36
အပိုင်း ( ၃၆ )
မာရသွန်ပြိုင်ပွဲက ပြီးဆုံးသွားပြီ ဖြစ်သည်။ လင်ချူးဆွေ့က လမ်းတစ်ဝက်တွင် လက်လျှော့လိုက်သောကြောင့် အဆင့်ဝင်ရန် ကျရှုံးသွား၏။
သို့သော် ပြိုင်ပွဲ၏ ကျန်ရှိနေသော လမ်းတစ်ဝက်ကို ရှောက်ယန်က သူမအား စက်ဘီးနှင့် တင်ခေါ်သွားကာ သည်းထန်စွာ ရွာသွန်းနေသည့် မိုးစက်များကြား၌ အဆုံးသတ်လိုင်းအထိ ပို့ပေးခဲ့သည်။
ပြေးခြင်း၏ အဓိပ္ပါယ်မှာ ပန်းဝင်ခြင်း သို့မဟုတ် အပြေးလှုပ်ရှားမှုပြုခြင်း မဟုတ်ခဲ့ဘဲ ပြေးလမ်းတလျှောက် မြင်ကွင်းများကို အတူ အဖော်ပြုပေးခဲ့သည့် လူနှင့်အတူ ရှုစားနိုင်ရန် ဖြစ်သည်။
နောက်ဆုံးတစ်ခေါက်တွင် ထိုသို့ အဖော်ပြုပေးခဲ့သူမှာ အဖေ ဖြစ်သည်။ သို့သော် ယခုတွင်....
စက်ဘီးနောက်ခုံတွင် ထိုင်လိုက်လာရင်း တောင်ကဲ့သို့ ခိုင်မာတောင့်တင်းသည့် ကောင်လေး၏ နောက်ကျောကို ကြည့်ကာ လင်ချူးဆွေ့သည် အလင်းတန်းတစ်ခု ရုတ်တရက် ကျဆင်းလာသလို ခံစားလိုက်ရသည်။ သူမ၏ ပတ်ဝန်းကျင်တွင် မှောင်မိုက်နေသော်လည်း သူမ ခန္ဓာကိုယ်က နောက်ဆုံး၌ အလင်းဖြင့် လွှမ်းမိုးခံလိုက်ရပြီး သူမ ဖမ်းဆုပ်ချင်နေသည့် အလင်းတန်း ဖြစ်လေသည်။
P.E. ဆရာသည် မာရသွန်ပြိုင်ပွဲ၌ လင်ချူးဆွေ့၏ ကျရှုံးမှုအတွက် အချိန်အတော်ကြာသည်အထိ ဝမ်းနည်းနေခဲ့သည်။ သို့သော် မည်သည့် နည်းလမ်းမှ မရှိပေ။ မိန်းကလေးတစ်ယောက်၏ ဓမ္မတာကာလအတွင်း ပြိုင်ပွဲကို မပြိုင်နိုင်ခြင်းက ပုံမှန်ပင် ဖြစ်သည်။
"ဒါပေမယ့် မင်း တကယ်ပဲ အားကစားပရိုဂရမ်ကနေ ထွက်တော့မှာလား။"
လင်ချူးဆွေ့သည် အစကတည်းက အားကစားကို ထိုမျှ ကြိုက်နှစ်သက်ခြင်း မရှိခဲ့ပေ။ လွန်ခဲ့သည့်နှစ်နှစ်က သူမသည် ကြိုးကြိုးစားစား စာလေ့လာရမည်ကို ရှောင်ရှားရန် ဆင်ခြေတစ်ခုအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အားကစားကျောင်းသူတစ်ယောက် အနေနှင့် အနည်းဆုံး ဆရာများထံမှ စာလေ့လာခြင်းအပေါ်၌ တောင်းဆိုမှုအများကြီး တောင်းဆိုခံရလိမ့်မည် မဟုတ်ပေ။
ကျောင်းအသင်းမှ ထွက်ပြီး စာလေ့လာခြင်း၌ သူမ၏ အင်အားများကို အသုံးချခြင်းကလည်း မဆိုးလှသည့် အကြံတစ်ခု ဖြစ်သည်။
"ဆရာ နောက်ပိုင်းမှာ ပြိုင်ပွဲတစ်ခုခု ရှိခဲ့ရင် သမီးကို အချိန်မရွေး ခေါ်လို့ရပါတယ်။ သမီး အစွမ်းကုန် ကြိုးစားပါ့မယ်။"
"ကောင်းပြီ။ ကောင်းပြီ။ စီနီယာအထက်တန်း တတိယနှစ် ကျောင်းသူတစ်ယောက်ကို လာမရှုပ်တော့ပါဘူး။ ပြန်သွားပြီး ကြိုးကြိုးစားစား စာလုပ်။ တက္ကသိုလ်ကောင်းကောင်း တက်နိုင်အောင် ရည်ရွယ်ထား။"
တက္ကသိုလ်ကောင်းကောင်း တက်နိုင်အောင်လို့လား။
အတန်းတွင်း၌ လင်ချူးဆွေ့က မေးကို လက်ထောက်ထားကာ ဘောပင်န်အား လှည့်ဆော့နေရင်း သူမ ဘေးရှိ ကောင်လေးကို ကြည့်လိုက်သည်။
ရှောက်ယန်က သန့်ရှင်းသည့် အဖြူနှင့် အပြာစပ် ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားကာ သူ၏ အပြစ်အနာအဆာကင်းသည့် ကျော့ရှင်းသော လည်တိုင်ကို ထုတ်ဖော်ပြသထားသည်။
သူက သင်ခန်းစာကို နားထောင်နေပြီး ရံဖန်ရံခါ သူ့ မှတ်စုစာအုပ်ထဲ၌ မှတ်စုများ ချရေးနေခဲ့သည်။
သူ၏ လက်ရေးက သပ်ရပ်ကာ ကျော့ရှင်း၏။ ဆွဲချက်တစ်ခုချင်းစီတိုင်းက သူကိုယ်တိုင်ကဲ့သို့ ကျစ်လျစ်ကြံ့ခိုင်ကာ ကျက်သရေရှိသည်။
သူမက သူ့အနီးသို့ တိုးကပ်သွားကာ ခပ်တိုးတိုး မေးလိုက်သည်။ "သင်ယူခြင်းနတ်ဘုရား၊ နင် ဘယ်တက္ကသိုလ် ဘယ်မေဂျာကို လျှောက်ချင်လဲ။"
ရှောက်ယန် : "နန်ချန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ် A.I နည်းပညာဋ္ဌာန။"
လင်ချူးဆွေ့က ခေါင်းညိတ်လိုက်သည်။
နန်ချန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က နိုင်ငံ့ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခု မဟုတ်သော်လည်း သိပ္ပံအထူးပြုဘာသာရပ်ကိုသာ အာရုံစိုက်ထားသည့်အတွက် နိုင်ငံတစ်ဝှမ်းမှ သိပ္ပံကျောင်းသားများ ရွေးချယ်ချင်ကြသော တက္ကသိုလ်တစ်ခု ဖြစ်သည်။ ၎င်း၏ ခွန်အားက ထိပ်တန်းနံပါတ်တစ် ကျောင်းထက် နိမ့်ကျခြင်း ရှိလိမ့်မည် မဟုတ်ပေ။
"လူလုပ်အသိဉာဏ်တုကို လေ့လာရမယ့် ပညာရပ်က အရမ်းရှုပ်ထွေးမယ့်ပုံပဲ။ နင် ဘာလို့ အဲဒါကို လေ့လာချင်တာလဲ။"
"ဘာလို့လဲဆိုတော့ ငါက ဉာဏ်ကောင်းလို့လေ။"
လင်ချူးဆွေ့က ရှောက်ယန်ကို ကြည့်လိုက်သည်။ ရှောက်ယန်၏ ကြည်လင်သော မျက်လုံးများက သူမကို အလွန် တည်ငြိမ်စွာဖြင့် ကြည့်နေခဲ့သည်။
လင်ချူးဆွေ့၏ နှုတ်ခမ်းက ကော့တက်သွားသည်။ သူမက သူ့ကို လက်မသာ ထောင်ပြလိုက်တော့၏။
နင် သွားနိုင်ပါတယ်။
ထိုအချိန်၌ ရှောက်ယန်၏ နောက်ခုံရှိ ရွှီကျားနင်က မှတ်စုစာရွက်သေးသေးလေးတစ်ခု တိတ်တိတ်လေး လှမ်းပေးလိုက်သည်။
ရှောက်ယန်က မှတ်စုကို ယူကြည့်လိုက်ပြီးနောက် ရွှီကျားနင်ကို လှည့်ကြည့်လိုက်သည်။
ရွှီကျားနင်က လက်များကို ပိုက်ကာ ထိုင်နေပြီး မေးကို ဝင့်ကြွားစွာ မော့ထားခဲ့၏။
ရှောက်ယန်က သူ့ဘောပင်န် အဖုံးကို ဖွင့်လိုက်ပြီး ပထမဆုံး အကြိမ် တုန့်ပြန်သည့်အနေနှင့် မှတ်စုပေါ် စာတချို့ရေးကာ ခေါင်းပင် လှည့်မကြည့်ဘဲ ရွှီကျားနင်၏ စားပွဲပေါ်သို့ လက်နောက်ပြန် တင်ပေးလိုက်သည်။
မှတ်စုကို ကြည့်ကာ ရွှီကျားနင်၏ မောက်မာဝင့်ကြွားမှုက ချက်ချင်း ပူဖောင်းလေလျော့သလို ဖြစ်သွားခဲ့သည်။ ဒေါသတကြီးဖြင့် သူက နောက်စာတစ်ကြောင်း ထပ်ရေးလိုက်ပြီး စာရွက်ကို ဘောလုံးလို လုံးကာ ရှောက်ယန်ထံ ပစ်ပေါက်လိုက်သည်။
လင်ချူးဆွေ့က ဆရာမ၏ နှာခေါင်းအောက်၌ပင် မှတ်စုစာရွက်ကို အပြန်အလှန်ပေးနေသည်အား ကြည့်နေခဲ့သည်။
ဤသည်က ပထမအဆင့်နှင့် ဒုတိယအဆင့် ရသည့် သူများ၏ မောက်မာဝင့်ကြွားခြင်း ဖြစ်နိုင်သလား။
လင်ချူးဆွေ့က သူတို့ကြားတွင် အသည်းအသန် ဖလှယ်နေသည့် စာကို မြင်ရရန် အနားသို့ တိုးကပ်သွားခဲ့သည်။
"ရှောက်ယန် ငါ မင်းကို တရားဝင် စစ်ကြေညာတယ်။ နှစ်ဝက်စာမေးပွဲမှာ ဘယ်သူက ပိုတော်လဲဆိုတာ ဆုံးဖြတ်ကြရအောင်။"
"တစ်မှတ်ကို ယွမ်တစ်ရာ။"
"ဘာကို တစ်မှတ် တစ်ရာလဲ။"
"တစ်မှတ်ကို ယွမ်တစ်ရာ ပေးရင် ငါ မင်းကို ပထမနေရာ ပေးလိုက်မယ်။"
"..."
ရွှီကျားနင် : "မင်းက ဘယ်လိုတောင် အဆင့်ကို စီးပွားရေးဆန်ဆန် အသုံးပြုနိုင်ရတာလဲ။"
ရှောက်ယန် : "အရာအားလုံးက စီးပွားရေးဆန်နိုင်တာပဲ။"
ရွှီကျားနင် : "မင်း အနိုင်ပေးဖို့ ငါ့အတွက် မလိုဘူး။ ငါ့စွမ်းရည်နဲ့ မင်းကို အနိုင်ယူပြမယ်။"
ရှောက်ယန် : "ဟာ့"
လင်ချူးဆွေ့ : ...
ဒီလို အသေးအဖွဲ ကိစ္စလေးမျှနှင့် သူတို့က စာသင်ချိန်တစ်ဝက်လောက် မှတ်စုစာရွက် အပြန်အလှန် လဲလှယ်နေခဲ့ကြသည်လား။ မည်မျှ ပျင်းရိစရာကောင်းလိုက်သနည်း။
နောက်ဆုံး၌ ပုံမှန်အားဖြင့် လျစ်လျူရှုထားတတ်သော အင်္ဂလိပ်ဆရာမသည်ပင် ဆက်ကြည့်မနေနိုင်တော့ပေ။
ထို အရူးထိပ်တန်းကျောင်းသား နှစ်ယောက်က သူမ မျက်စိအောက်၌ မှတ်စုအား စာသင်ချိန်တစ်ဝက်လောက် ဟိုဟိုဒီဒီ ကူးသန်းလွှဲပြောင်းနေသည်အား သူမ သတိပြုမိလိမ့်မည်မဟုတ်ဟု တွေးထင်နေကြသည်လား။
"ရွှီကျားနင်၊ ရှောက်ယန် မင်းတို့ နှစ်ယောက် ဘာတွေ ပေးလိုက်ယူလိုက် လုပ်နေကြတာလဲ။ ငါ ကြည့်ရအောင် ပြပါဦး။"
ရှောက်ယန်က ဘောလုံးကဲ့သို့ လုံးကြေနေသော စာရွက်ကို ဖွင့်လိုက်ချိန်၌ ထိုစကားကို ကြားလိုက်ရပေသည်။
ဤသည်မှာ အတန်းချိန်အတွင်း၌ ချီးကျူးခံရခြင်းမဟုတ်ဘဲနှင့် နာမည်ခေါ်ခံရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူက စာရွက်ကို လှမ်းပေးလိုက်၏။
လျှပ်တပြက်အတွင်း လင်ချူးဆွေ့က ရှောက်ယန်လက်ထဲမှ စက္ကူလုံးကို သိမ်းငှက်တစ်ကောင်က အစာသုတ်ကဲ့သို့ အလစ်သုတ်ယူလိုက်သည်။ သူမက ၎င်းကို ချက်ချင်းပင် ပါးစပ်ထဲပစ်ထည့်ကာ တစ်ချက်နှစ်ချက်လောက် ဝါးပြီးနောက် စားပွဲပေါ်ရှိ တရုတ်ဆီးသီးနှင့် စွံပလွံစိမ် ရေနွေးအား သောက်ချလိုက်သည်။
သူမ နောက်မှ ရွှီကျားနင်က ရေရွတ်လိုက်၏။ "ငလူး"
အင်္ဂလိပ်ဆရာမက အစပိုင်းတွင် အမှန်တကယ် ဒေါသမထွက်ပေ။ သူမသည် ထို ထိပ်တန်းကျောင်းသားနှစ်ယောက်က မှတ်စုစာရွက်တွင် ဘာတွေများ ရေးထားသလဲ သိချင်ရုံသာ ဖြစ်သည်။ သို့သော် လင်ချူးဆွေ့၏ ရုတ်တရက် အပြုအမူက သူမအား ဒေါသထွက်သွားစေသည်။
"လင်ချူးဆွေ့ ထွေးထုတ်လိုက်စမ်း"
"ထွေး.... ထွေးထုတ်လို့ မရတော့ဘူး။" လင်ချူးဆွေ့က ရေကို အနည်းငယ် ထပ်သောက်လိုက်ပြီး စက္ကူဘောလုံးအား လုံးဝ မြိုချလိုက်သည်။
"မင်းတို့.... အတန်းပြီးရင် မင်းတို့ သုံးယောက်လုံး အတန်းပိုင်ရုံးခန်းကို လာခဲ့ကြ။"
.......
အင်္ဂလိပ်ဆရာမက ဒေါက်ဖိနပ်တဒေါက်ဒေါက်ဖြင့် လှည့်ထွက်သွားသာ်။ ရှောက်ယန်က လင်ချူးဆွေ့ကို ခပ်တိုးတိုး ပြောလိုက်၏။ "အဲဒီလောက်ကြီး လုပ်စရာမလိုပါဘူး။ ဆရာမက ငါ့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး။"
လူသတ်မှု သို့မဟုတ် မီးရှို့မှု ကျူးလွန်ခြင်းသာ မဟုတ်ပါက သုံးသပ်စာရေးပြီး အကျဥ်းချုံးကာ အလွယ်တကူ ကျော်သွားနိုင်မည်ဖြစ်သော အဆင့်ကောင်းသည့် ထိပ်တန်းကျောင်းသားများ၏ ရောင်ဝါအကြောင်း လင်ချူးဆွေ့ ကောင်းကောင်း သိရှိပေသည်။
"နင်က ကျောင်းသားကောင်းတစ်ယောက်ပဲ။ ဆရာမစိတ်ထဲ မကောင်းတဲ့ ထင်မြင်ချက်မျိုး ကျန်နေခဲ့လို့ မဖြစ်ဘူး။ နင်က အတန်းထဲမှာ အဆင့်ကို ငွေနဲ့ အလဲအလှယ်လုပ်တယ်ဆိုတာ သိသွားရင် နှစ်အဆုံးပိုင်းကျ ထူးချွန်ကျောင်းသား ထောက်ခံချက် ကိစ္စကို ဘယ်လို လုပ်မှာမို့လို့လဲ။"
"ထူးချွန်ကျောင်းသား ထောက်ခံချက်အတွက် ငွေကြေးဆုလာဘ်မရှိဘူး။ အဲဒါကြောင့် ငါ ဂရုမစိုက်ဘူး။"
"ဒါပေမယ့် ဂုဏ်ရှိတယ်လေ။"
"အဲဒီဂုဏ်က စားလို့ ရလား။"
"နင်က တကယ် ပိုက်ဆံရဲ့ ထောင်ချောက်မှာ ကျရှုံးသွားတာပဲ။"
ရှောက်ယန်၏ ပါးစပ်က တွန့်သွားသည်။ သူက ပိုက်ဆံ၏ ထောင်ချောက်တွင် ကျရှုံးသွားသည်မှာ အမှန် ဖြစ်သည်။
ချမ်းသာသော မိသားစုများမှ စိုးရိမ်ပူပန်စရာမရှိသည့် ကျောင်းသားများသာလျှင် ဂုဏ်အကြောင်း ဂရုစိုက်ပေသည်။ သူက အမြဲ အမှန်တရားကို နားလည်ကာ လက်တွေ့ဆန်ပြီး အထင်အမြင် သေးလောက်ပေသည်။
သူမ၏ ရေခွက်ထဲ၌ ရေမရှိတော့လုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ရှောက်ယန်က သူ၏ အပူခံခွက်ထဲမှ ရေအချို့ကို သူမ ခွက်ထဲ လောင်းထည့်ပေးလိုက်သည်။ "မင်းက တကယ်ကြီး စက္ကူလုံးကို မြိုချနိုင်တာပဲ။"
သူ့လေသံတွင် အပြစ်တင်သည့် အရိပ်အယောင်တချို့ သယ်ဆောင်ထားသည်။
"ငါက ဘာမဆို မြိုချနိုင်တယ်။" ရုတ်တရက် ခံစားချက်ကောင်းမွန်သွားသည့် လင်ချုးဆွေ့က ပြုံးလိုက်ပြီး သူမ အကြည့်များက ရေလောင်းထည့်ပေးရန် အသုံးပြုခဲ့သည့် သူ့လက်ပေါ် ကျရောက်သွားသည်။
သူ့လက်က နှင်းကဲ့သို့ ဖြူဖွေးကာ သွယ်လျပြီး အေးစက်သည်။ ၎င်းသည် လူအများက သူ့ကို ညစ်ညမ်းအောင် ပြုလုပ်ချင်လာစေသည်။
သူမက ရှောက်ယန် ဖြည့်ပေးခဲ့သည့် ရေကို တစ်လုတ်တည်း အကုန် သောက်ပစ်လိုက်သည်။ "သင်ယူခြင်းနတ်ဘုရား ငါ ထပ်သောက်ချင်သေးတယ်။"
ရှောက်ယန်က သူ့ခွက်ထဲ၌ ကျန်နေသေးသည့် ရေများကို လောင်းထည့်ပေးလိုက်သည်။
"သင်ယူခြင်းနတ်ဘုရား ငါ ထပ်လိုချင်သေးတယ်။"
"သင်ယူခြင်းနတ်ဘုရားမှာ မရှိတော့ဘူး။"
"ဂရုမစိုက်ဘူး။ ငါ ထပ်လိုချင်နေတုန်းပဲ။"
"အဲဒါဆို ခဏစောင့်။"
လုထျန်းပိုင်က သူတို့ကို အဓိပ္ပါယ်ပြည့်ဝသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူမ မျက်လုံးများထဲ၌ အလင်းတို့ တောက်ပနေပြီး သူမစိတ်ထဲတွင် မည်သို့သော အတွေးများ တွေးနေသလဲ မသိပေ။
......
အတန်းပြီးနောက် သူတို့ သုံးယောက်က ရုံးခန်းထဲ၌ နံရံနားတွင် တန်းစီ ရပ်နေပြီး အတန်းပိုင်ရှေ့၌ မှတ်စုစာရွက်ထဲ ရေးခဲ့သည့် အကြောင်းအရာများကို ပြန်ရွတ်ပြနေရသည်။
ရွှီကျားနင် : "ရှောက်ယန် ငါ မင်းကို တရားဝင် စစ်ကြေညာတယ်။ နှစ်ဝက်စာမေးပွဲမှာ ဘယ်သူက ပိုတော်လဲဆိုတာ ဆုံးဖြတ်ကြရအောင်။"
ရှောက်ယန် : "စိန်ခေါ်မှုကို ငါ လက်ခံတယ်။"
ရွှီကျားနင် : "ကောင်းပြီလေ။ အဲဒါဆို အတန်းပြီးရင် ဟွမ်ကန်းက မေးခွန်းတွေ ဖြေမယ်။"
ရှောက်ယန် : "စိန်ခေါ်မှုကို ငါ လက်ခံတယ်။"
ရွှီကျားနင် : "ရှုံးတဲ့ကောင်ခွေးပဲ"
ရှောက်ယန် : "စိန်ခေါ်မှုကို ငါ လက်ခံတယ်။"
ရွှီကျားနင် : "မင်းမှာ တခြားစကားမရှိတော့ဘူးလား။"
ရှောက်ယန် : "ငါ...."
.......
"ပါးစပ်ပိတ်ထား" အတန်းပိုင်ဆရာချင်က သူတို့စကားစကို ဖြတ်လိုက်သည်။ "အဲဒါပဲလား။"
လင်ချူးဆွေ့က တက်တက်ကြွကြွ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်.. ဟုတ်တယ်.. ဟုတ်တယ်။ သမီး အဲဒါကို သက်သေခံပေးနိုင်တယ်။ အဲဒီအတိုင်းပဲ။ ဘယ်လောက် ပျင်းစရာကောင်းလိုက်သလဲ ဟုတ်တယ်မလား။ ထိပ်တန်းကျောင်းသားတွေ ဘာတွေးနေလဲဆိုတာ ဆရာ ဘယ်တော့မှ သိမှာ မဟုတ်ဘူး။ ဒီလို အကြောင်းအရာလေးနဲ့ အတန်းချိန်တစ်ဝက်လောက် မှတ်စုစာရွက် အပေးအယူလုပ်ကြတယ်တဲ့။"
လောင်ချင်က သူ၏ သင်ကြားရေးစာအုပ်ကို လိပ်ကာ သူမခေါင်းအား ခေါက်လိုက်သည်။ "မင်းက နောက်ဆုံးအဆင့်မှာ ဗိုလ်စွဲထားတဲ့သူပဲ။ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြားက တိုက်ပွဲကို ဘာဝင်ရှုပ်တာလဲ။"
လင်ချူးဆွေ့ : "သမီးက.... အပျော်သဘော ဝင်ပါမိတာပါ။"
လောင်ချင် : "သူတို့က အတန်းထဲမှာ မှတ်စုတွေ ပေးနေရင်တောင် အမှတ်မြင့်မြင့်ရနိုင်နေတုန်းပဲ။ မင်းက လျှောက်ဝင်ဆော့ပြီး အမှတ်ဘယ်လောက်မြင့်မြင့် ရနိုင်လို့လဲ။ သွား... ပြန်ပြီး သုံးသပ်ချက်သွားရေး။"
လင်ချူးဆွေ့ : ?
"ဘာလို့ သမီးလဲ။ သူတို့ကမှ မှတ်စု အပေးအယူ လုပ်ခဲ့တဲ့သူတွေလေ။"
"သူတို့ရတဲ့ အမှတ်တွေရဲ့ အစွန်းထွက်ကို ရနိုင်တဲ့ အချိန်ကျရင် မင်းလည်း သုံးသပ်ချက်ရေးရတာကနေ လွတ်မြောက်ခွင့်ရှိမယ်။ အဲ့လိုမှမဟုတ်ရင်..."
"သမီး.."
ဟာသပဲ…
အဆုံးမှာတော့ အတန်းထဲမှာ မှတ်စုစာရွက် အပေးအယူ လုပ်တဲ့ ဒီကျောင်းသားကောင်းနှစ်ယောက်က အပြစ်ပေးမခံရဘဲ လွတ်ကျွတ်သွားတယ်ပေါ့လေ။
ရုံးခန်းထဲမှာ ကျန်ရစ်ပြီး လောင်ချင်ရဲ့ ဝါးစားခံရတဲ့ တစ်ယောက်တည်းသောသူက လင်ချူးဆွေ့တဲ့လား။
လင်ချူးဆွေ့က ဤတစ်ကြိမ်၌ သင်ခန်းစာရသွားလေသည်။ နောက်ဆုံး၌ သူမက နတ်ဘုရား များကြားမှ တိုက်ပွဲတွင် ဝင်မစွက်ဖက်တာကသာ အကောင်းဆုံးဖြစ်ကြောင်း နားလည်သွားသည်။
သူတို့က အထိအခိုက်မရှိ လွတ်မြောက်သွားချိန်တွင် သူမကသာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည့် မြေစာပင် ဖြစ်ရလေသည်။
အတန်းပြီးသွားချိန်၌ လင်ချူးဆွေ့က သူမ စားပွဲခုံပေါ်တွင် ခြေကားယားလက်ကားယားဖြင့် သုံးသပ်ချက်စာရွက်ပေါ် ခေါင်းအုံးထားသည်။
ရှောက်ယန်က ပြောလိုက်သည်။ "မင်း ရေးပြီးသွားရင် စာလုံးပေါင်းအမှား ပြန်စစ်ဦး။"
"ဘာစာလုံးပေါင်းအမှားမှ မရှိဘူး"
"ငါ့ကို ပြ။ ဘာအမှားမှ ရှာမတွေ့ရင် ငါ မင်းကို ဝယ်ကျွေးမယ်။"
"..."
ထိုအချိန်၌ အတန်းသုံး၏ အတန်းခေါင်းဆောင် အန်းရှန့်က ရှောက်ယန်ကို လာရှာခဲ့သည်။ "ရှောက်ယန် ငါ ကြားတာ မင်း ကျူရှင်ပြပေးတယ်ဆို။ ငါ အခုတလော အဆင့်တက်ချင်ပေမယ့် အခက်အခဲတချို့ ရှိနေလို့။ မင်း ငါ့ကို ကျူရှင်ပြပေးနိုင်မလား။"
လင်ချူးဆွေ့က အန်းရှန့်ကို အကဲခတ်လိုက်သည်။ မိန်းကလေးက နဖူးထက်တွင် ဖြောင့်စင်းစင်း ဆံမြိတ်လေး ချထားသည်။ သူမ မျက်လုံးများက ကြီးမားလုံးဝိုင်းပြီး တောက်ပကြည်ရှင်းကာ အလွန် နာနာခံခံရှိပုံပေါ်၍ နှစ်လိုဖွယ် ကောင်းလှသည်။
ရှောက်ယန် မတုန့်ပြန်နိုင်ခင် လင်ချူးဆွေ့က ပြောလိုက်သည်။ "သင်ယူခြင်းနတ်ဘုရားရဲ့ ကျူရှင်ပြပေးတာကို လိုချင်ရင် ကျူရှင်ခပေးရမှာနော်။"
အန်းရှန့်က နာနာခံခံ ခေါင်းညိတ်လိုက်သည်။ "ငါ သိပါတယ်။ သင်ယူခြင်းနတ်ဘုရား WeChat မှာ ငါ့ကို add လိုက်လေ။ ပိုက်ဆံလွှဲလိုက်မယ်။"
လင်ချူးဆွေ့ : "..."
ဒီနားမှာ ပြောသမျှယုံတဲ့ အယုံလွယ်သူတွေ တကယ်ရှိတာပဲ။
သူမက ထပ်ပြောလိုက်သည်။ "နင့်ရဲ့ အမှတ်ပေါင်းက စုစုပေါင်း လေးရာအောက် ကျနေရင် သင်ယူခြင်းနတ်ဘုရားက အခြေခံကျူရှင်ကြေးအတွက် အပိုကြေးတောင်းလိမ့်မယ်။"
အန်းရှန့် : "အဲဒီလောက် မဆိုးပါဘူး။ ငါ့ စုစုပေါင်းအမှတ်က ၆၄၅ မှတ် ရှိတယ်။"
လင်ချူးဆွေ့ : "..."
ကောင်မလေးရေ နင့်ရဲ့ အမှတ်တွေနဲ့ ကျူရှင်ယူဖို့ သူ့ဆီ လာနေသေးတယ်လား။
အန်းရှန့်က ရှောက်ယန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ "ငါ ကြားတာတော့ ရှောက်ယန်ရဲ့ အင်္ဂလိပ်စာအမှတ်တွေက အချိန်တိုအတွင်း အများကြီး တက်လာတာတဲ့။ ရှောက်ယန်က ငါ့ကို နည်းလမ်းလေး သင်ပြပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ နာရီအလိုက် ပေးရတဲ့ စျေးနှုန်းကို ဂရုမစိုက်ဘူး။ ဗဟုသုတနဲ့ သင်ယူမှုနည်းလမ်းဆိုတာ... ပိုက်ဆံနဲ့ တိုင်းတာလို့ မရနိုင်ဘူး။"
လင်ချူးဆွေ့က အမြန် ပြောလိုက်သည်။ "နင် အင်္ဂလိပ်စာ သင်ယူချင်တယ်ဆိုရင် ရွှီကျားနင်ဆီ သွားဖို့ အကြံပေးမယ်။ ရွှီကျားနင်က UK မှာ ကြီးတာဆိုတော့ သူ့မှာ လန်ဒန်လေသံအစစ်ရှိတယ်။"
အန်းရှန့် : "မလိုဘူး။ ရွှီကျားနင်ရဲ့ အင်္ဂလိပ်စာက ကောင်းပေမယ့် စာမေးပွဲအတွက် မသင့်တော်နိုင်ဘူး။"
လင်ချူးဆွေ့ : "အန်းရှန့် နင် ရေရှည်ကို တွေးဖို့ လိုအပ်တယ်။"
ရှောက်ယန်က လင်ချူးဆွေ့ကို ပျင်းရိစွာ ကြည့်လိုက်ပြီး သူမ စကားအား ဝင်နှောက်ယှက်လိုက်သည်။ "အဲဒီတော့ ရွှီကျားနင်က ငါ့စီးပွားရေးကို ခိုးပေးဖို့အတွက် မင်းကို ဘယ်လောက်ပေးထားတာလဲ။"
လင်ချူးဆွေ့က မကျေမနပ်နှင့် ပါးစပ်ပိတ်သွားသည်။ သူမက ဘာစိတ်ကူးပေါက်ပြီး ဝင်ပါလိုက်မိလဲ မသိပေ။
ရှောက်ယန်က တလျှောက်လုံး ကျူရှင်ပြပေးနေခဲ့တာ ဖြစ်သည်။ သူ့ကို စာပြပေးရန် လာရှာသူ အများစုက မိန်းကလေးများဖြစ်ပြီး ပုံမှန်မဟုတ်တာ ဘာမှမရှိပေ။
သူမက စိတ်ဆိုးနေပြီး ပီကေအား ဒေါသတကြီးနှင့် အမှုန့်ဖြစ်သွားအောင် ကြိုးစားနေသကဲ့သို့ ကြိတ်ဝါးနေသည်။ ထို့နောက် သူမက စိတ်ဆိုးမာန်ဆိုးနှင့် စာအုပ်များကို စုကိုင်ကာ မောက်မာဝင့်ကြွားသည့် အရှိန်အဝါတို့ဖြင့် ခြေဆောင့်နင်းကာ ထွက်သွားခဲ့သည်။
လုချီနှင့် အခြားလူများဖြင့် ဘက်စကက်ဘော ခဏ ကစားပြီးနောက် လင်ချူးဆွေ့က အားအင်အများကြီး ကုန်ခမ်းသွားပြီ ဖြစ်သည်။ အချိန်တိုင်းလိုလို သူမက အန်းရှန့်နှင့် ရှောက်ယန်တို့ အင်္ဂလိပ်စာ ကျူရှင်သင်နေသည့် နားနေဆောင်သို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေခဲ့သည်။
အန်းရှန့်တွင် ကျိုးနွံသော အကြည့်တို့ ရှိပြီး ဖုံးကွယ်မရနိုင်သော ချစ်မြတ်နိုးမှုတို့ဖြင့် သူ့ကို ကြည့်နေခဲ့သည်။
ရှောက်ယန်က သူမကို စိတ်အားထက်သန်စွာဖြင့် စာပြပေးနေခဲ့သည်။ သူတို့နှစ်ယောက်က အင်္ဂလိပ်လို စကားပြောနေခဲ့ပြီး သူမက တစ်လုံးမှ နားမလည်နိုင်ခဲ့ပေ။
***