အခန်း ၃၈
Vol. 4 Ch. 38
အပိုင်း ( ၃၈ )
ကြို့ထိုးခြင်းကြောင့် သူမ မျက်နှာက နီရဲနေသည်ကို ကြည့်ပြီး ရှောက်ယန်က လျှောက်လာကာ သူမပခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ "တိတ်တိတ်နေ။"
လင်ချူးဆွေ့က ဝမ်းနည်းစွာ ပြောလိုက်သည်။ "ငါ နင့်ကို ဘယ်လိုများ ဆန့်ကျင်ခဲ့မိလို့လဲ။"
ရှောက်ယန်က ဓာတ်ဘူးထဲမှ ရေနွေးတချို့ လောင်းထည့်ရင်း ပြောလိုက်သည်။ "မင်းကို ကောင်းပေးတာကလည်း မင်းကို သေစေချင်တာနဲ့ အတူတူပဲလား။"
"နင်က အရမ်း လူကြိုက်များလွန်းလို့ ငါ့ကို ကောင်းကောင်းဆက်ဆံတာက နာမည်ကျော် ထိပ်တန်းအနုပညာရှင်တွေ သူတို့ရဲ့ ဆက်ဆံရေးကို ထုတ်ဖော်ကြေညာလိုက်တာနဲ့ အတူတူပဲ။ နင်က ငါ့အပေါ် ကောင်းပေးနေတာ မဟုတ်ဘူး။ နင်က ငါ့ကို သတ်ဖို့ ကြိုးစားနေတာပဲဲ။"
"အဲဒီလောက် ပြင်းထန်မယ်လို့ မထင်ပါဘူး။"
"လောင်ချင်က ငါတို့ရဲ့ ဆက်ဆံရေးကို သံသယဖြစ်လာတော့မယ်။ ဟစ်~ နင့်ရဲ့ လုပ်ရပ်က အဆင့်တွေ ကောင်းတဲ့ နင့်အတွက် ဘာကိစ္စမှမရှိဘူး။ ဒါပေမယ့် သူက ငါ့ကိုတော့ ခက်ခဲအောင် လုပ်လိမ့်မယ်။ ဟစ်~"
ရှောက်ယန်က အဓိကအချက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။ "အဲဒီတော့ အဲဒါက ငါ့အမှား မဟုတ်ဘူးပေါ့။ အမှားတွေ အများကြီး ရှိနေပေမယ့် အဆင့်တွေမကောင်းတဲ့ မင်းအပြစ်ပဲလေ။ ဘာလို့ ငါ့ကို အပြစ်တင်နိုင်ရတာလဲ။"
လင်ချူးဆွေ့က မျက်တောင်ခတ်ကာ သူ့ကို ကြည့်လိုက်ပြီးနောက် လက်မထောင်ပြလိုက်သည်။ "ငါ နင့်ကို 'မလိမ့်တပတ်ဘုရင်' လို့ပဲ ခေါ်တော့မယ်။ ဟစ်~"
ရှောက်ယန်က သူမ နောက်ကျောကို ပုတ်ပေးပြီး ရေနွေးခွက် ကမ်းပေးလိုက်သည်။ "တိတ်တိတ်နေ။"
လင်ချူးဆွေ့က တစ်ငုံသောက်ပြီးနောက် တစ်စုံတစ်ခု မှားနေကြောင်း သတိပြုမိလိုက်သည်။ သူမက သူမရှေ့ရှိ ငွေမှင်ရောင်အပူခံဘူးကို ကြည့်ကာ ဇဝေဇဝါနှင့် ပြောလိုက်သည်။ "ကျောင်းသားရှောက် ဒါက နင့်ခွက် မဟုတ်ဘူးလား။"
ရှောက်ယန်က ခွက်ကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်လိမ့်မယ်။"
"ဘာလို့ ငါ့ကို နင့်ခွက်နဲ့ သောက်ခိုင်းရတာလဲ။"
ရှောက်ယန်၏ မည်းနက်နေသော မျက်လုံးများထဲ ခပ်ငေးငေးအကြည့်တို့ ခဏမျှ ဖြစ်ပေါ်လာသည်။
"အဲဒါက တကယ့်ကို... မေးခွန်းကောင်းတစ်ခုပဲ။"
နှစ်ဝက်စာမေးပွဲရလဒ်များ ထွက်လာပြီ ဖြစ်သည်။
ရွှီကျားနင်က ဝမ်းနည်းပက်လက် ဖြစ်နေသည်။
တစ်နေ့လယ်ခင်းလုံး သူက ဘယ်သူ့ကိုမှ စကားမပြောဘဲ တိတ်ဆိတ်နေကာ ခေါင်းကို စားပွဲပေါ်၌ မှောက်၍ အိပ်နေသည်။
လေထုအခြေအနေက ပြင်းထန်နေ၏။
စာသင်သည့် စင်ထက်မှ ဆရာချင်က ပျော်ရွှင်စွာ ကြေညာလိုက်သည်။ "အတန်းတူတွေ အားလုံးထဲမှာ ငါတို့အတန်းရဲ့ ရှောက်ယန်က ပထမ ဖြစ်နေတုန်းပဲ။ သူက ဒုတိယနေရာထက် အမှတ်နှစ်ဆယ် ပိုများတယ်။"
လင်ချူးဆွေ့က ရွှီကျားနင်ကို လှည့်ကြည့်လိုက်သည်။
ဒီကောင် အရမ်းစိတ်တိုနေတာ အံ့သြစရာ မရှိတော့ပါဘူး။ သူက ထိပ်ဆုံးကျောင်းသားနဲ့ အမှတ်နှစ်ဆယ်တောင် ကွာတာကိုး။
ဆရာချင်က ဆက်ပြောလိုက်သည်။ "ဒုတိယအဆင့်က အတန်းအေက ရသွားတာ။ ရွှီကျားနင်က တတိယရတယ်။ သူက တတိယပဲ ရပေမယ့် သူ့ စုစုပေါင်းအမှတ်က တိုးတက်လာပြီး အရမ်းကောင်းတဲ့ ရလဒ် ဖြစ်နေတုန်းပဲ။"
လင်ချူးဆွေ့က ထိတ်လန့်သွားသည်။
အဲဒီတော့ ဒီကောင်က.... ဒုတိယနေရာကိုတောင် လွဲချော်သွားတာလား။
လင်ချူးဆွေ့သည် လောင်ရွှီက သူ့ကို ပထမ မရခဲ့ရင် စစ်တပ်စည်းမျဥ်းစည်းကမ်းအတိုင်း အပြစ်ပေးမည် ဖြစ်ပြီး အမေနှင့် သွားနေရန် ပို့ပစ်လိုက်မည်ဟု ပြောခဲ့သည်အား မှတ်မိနေသေးသည်။
ကြည့်ရတာ သူ ဒီတစ်ခါတော့ သေချာပေါက် ကန်ထုတ်ခံရတော့မယ် ထင်တယ်။
လင်ချူးဆွေ့သည် နောက်ဆုံး၌ ဤနိုင်ငံခြားသားအတုကောင်နှင့် တစ်မိုးအောက်တည်း အတူမနေရတော့ဘဲ သူက သူမနှင့် နေ့တိုင်း ရန်မဖြစ်နိုင်တော့ကြောင်း တွေးမိသည့်အခါ အလွန် ပျော်ရွှင်သွားသည်။
"အလားတူပဲ ငါတို့ အတန်းရဲ့ ရလဒ်တွေက အစွန်းနှစ်ဖက်ထိရောက်အောင် ကွဲထွက်နေတုန်းပဲ။ ထိပ်တန်းကျောင်းသား အနည်းငယ်ရဲ့ ရမှတ်တွေက ငါတို့ အတန်း ပျမ်းမျှရမှတ်ကို တခြားအတန်းတွေနဲ့ ကွာဟအောင် လက်တစ်ဖက်တည်းနဲ့ ဆွဲတင်ပေးခဲ့ရတယ်။" ဆရာချင်က ပြောလိုက်သည်။
သူက လုချီနှင့် လင်ချူးဆွေ့ကို ကြည့်၍ အေးစက်စွာ သရော်လိုက်သည်။ "အောက်ခြေအဆင့်က ကြွက်ချေးလို ကျောင်းသားတွေ မင်းတို့ အဆင့်တွေကို ပိုပြီး နိမ့်နိမ့်သွားအောင် လုပ်နေပေမယ့် အတန်းတစ်ခုလုံးရဲ့ ပျမ်းမျှရလဒ်ကိုတော့ သက်ရောက်စေမှာ မဟုတ်ဘူး။ ဒါက ထိပ်တန်းကျောင်းသားတွေကို ကျေးဇူးတင်ရမယ်။ အတန်းဖော်တို့ သူတို့ကို လက်ခုပ်သံလေး ချီးမြှင့်လိုက်ကြပါဦး။"
ကျိုးတို့ကျဲတဲ လက်ခုပ်သံတို့ ထွက်ပေါ်လာသည်။ လင်ချူးဆွေ့က အတော်လေး ပျော်ရွှင်နေသည်။ သူမက လက်ကို ခေါင်းထက်သို့ မြှောက်ကာ ကျယ်ကျယ်လောင်လောင် လက်ခုပ်တီးရင်း အော်ဟစ်လိုက်သည်။ "တော်တယ်။ လုပ်တာ ကောင်းတယ်။"
"ထိပ်တန်းကျောင်းသား အမိုက်စား"
သူမ နောက်မှလိုက်၍ အခြားကျောင်းသားများက စိတ်အားထက်သန်စွာဖြင့် လက်ခုပ်တီးလိုက်ကြပြီး မိုးချုန်းသံကဲ့သို့ ဟိန်းထွက်လာစေသည်။
"ထိပ်တန်းကျောင်းသား အမိုက်စား"
"ငါတို့ အတန်းရဲ့ ပျမ်းမျှရမှတ် မြင့်တာက ထိပ်တန်းကျောင်းသားတွေကို ကျေးဇူးတင်ရမယ်။"
ဆရာချင်က လင်ချူးဆွေ့ကို အေးစက်သည့် အကြည့်တစ်ချက်ပေးလိုက်ပြီး ရေရွတ်လိုက်၏။ "ဝက်တစ်ကောင်လို အရှက််မရှိလိုက်တာ။ ကိုယ့်ကိုယ်ကိုယ် သိမြင်မှု နည်းနည်းလေးတောင် မရှိဘူး။"
"ဆရာချင်၊ လင်ချူးဆွေ့ကလည်း ဒီတစ်ခေါက် ကောင်းကောင်း လုပ်ခဲ့တာပဲ မဟုတ်ဘူးလား။" လုချီက ပြောလိုက်သည်။ "နောက်ဆုံးနေရာကနေ ဒုတိယရပြီး နောက်တော့ တတိယရသွားတယ်လေ။ အဲဒါ အထင်ကြီးစရာပဲ မဟုတ်ဘူးလား။ နောက်ထပ်နည်းနည်းကြာရင် သူမ အလယ်အလတ်အဆင့်တောင် ရောက်လာလိမ့်မယ်။"
ဆရာချင်က လင်ချူးဆွေ့ကို လုံးလုံးလျားလျား မုန်းတီးပေသည်။ သူမက ဤစာမေးပွဲ၌ အမှတ်တစ်ရာတိုးလာပြီး အမှတ်ပေါင်း လေးရာကျော်ရလာကာ ကြီးမားသော တိုးတက်မှုရှိလာခဲ့လျှင်ပင် အတန်းတွင်း အဆင့်အနည်းငယ်သာလျှင် တက်လာခဲ့ခြင်း ဖြစ်၏။
"လင်ချူးဆွေ့ရဲ့ တိုးတက်မှုက.... တကယ်ကို ကြီးမားပါတယ်။"
လင်ချူးဆွေ့က ထရပ်ပြီး အပြုံးနှင့် ပြောလိုက်သည်။ "ဒီလို တိုးတက်မှုကြီး ရနိုင်ခဲ့တာ ငါ့ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကြောင့်ပဲ။ လူတိုင်း ငါ့ဆီကနေ နှိမ့်နှိမ့်ချချနဲ့ သင်ယူနိုင်ပါတယ်။"
အနောက်ဘက်မှ တစ်စုံတစ်ယောက်၏ အေးစက်စက် လှောင်ပြောင်သရော်သံ ထွက်ပေါ်လာသည်။ "အမှိုက်"
"စုစုပေါင်းရမှတ် တိုးလာပေမယ့် အဆင့်ကျသွားတဲ့ တစ်စုံတစ်ယောက်နဲ့ ယှဥ်ရင်တော့ ငါက အမှိုက်ဖြစ်ရတာကို တော်တော်လေး ပျော်တယ်။"
သူမက ပြောပြီးနောက် ရွှီကျားနင်ကို လှည့်ကြည့်လိုက်သည်။
ရွှီကျားနင်က မျက်လွှာချထားပြီး သူ့ စာမေးပွဲ အဖြေလွှာကို အမူအရာမဲ့စွာ ကြည့်ရင်း လေးတိလေးတွဲ့ ပြောလိုက်သည်။ "ဘာလှည့်ကွက်တွေ ထပ်လုပ်နေလဲ ဘယ်သူသိမှာလဲ။ မင်းလိုမျိုး လူတွေက အောက်ခြေလိုင်းမရှိဘဲ ဘာကိုမှ လုပ်နိုင်စွမ်းမရှိဘူး။"
လင်ချူးဆွေ့က သူနှင့် ရန်သတ်ရင်း သူမ အင်အားများကို ဖြုန်းတီးပစ်ရန် အလွန် ပျင်းရိနေသည်။ ဘယ်လိုဖြစ်ဖြစ် သူက ပထမမရခဲ့သည့်အတွက် မကြာခင် ထွက်သွားရလိမ့်မည် ဖြစ်သည်။
သူမက အူမြူးနေပေသည်။
ဆရာချင်က ထပ်ပြောလိုက်သည်။ "သေချာပေါက် လင်ချူးဆွေ့ ဒီလောက်အများကြီး တိုးတက်လာနိုင်တယ်ဆိုတာ ထိပ်တန်းကျောင်းသား ရှောက်ယန်ရဲ့ ဘေးမှာ ထိုင်ခွင့်ရတာကို ကျေးဇူးတင်ရမယ်။ သူ့ဘေးမှာနေပြီး သင်ယူလို့ သူမ အဆင့်တွေက တက်လာရတာပဲ။"
လင်ချူးဆွေ့ ကန့်ကွက်လိုက်သည်။ "ဆရာချင် သမီးကို ချီးကျူးချင်ရင် ချီးကျူးလိုက်လေ။ ဘာလို့ တခြားလူကို ဆွဲထည့်နေတာလဲ။"
ဆရာချင် : "ငါ့မှာ မင်းကို ချီးကျူးချင်တဲ့ ဆန္ဒမရှိဘူး။ မင်းကသာ ကိုယ့်ဘာသာ ချီးကျူးမဆုံး ဖြစ်နေတဲ့သူပဲ။"
ကောင်းပြီလေ။
လင်ချူးဆွေ့က ယနေ့ စိတ်ကောင်းဝင်နေသည်အတွက် ထိုသာမန်လူသားများနှင့် တန်းညှိနေမည် မဟုတ်ပေ။
အတန်းပြီးနောက် သူမက ကျောင်းလွယ်အိတ်ထဲမှ လက်ဆောင်ဘူးကို ထုတ်ယူပြီး ရှောက်ယန်ဘေးတွင် ချထား၍ ပြောလိုက်သည်။ "ထိပ်တန်းကျောင်းသား ဒီရက်တွေမှာ ငါ့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း လက်ဆောင်ပါ။"
ရှောက်ယန်က ထူးခြားသပ်ရပ်စွာ ထုပ်ပိုးထားသော ဘူးလေးကို ကြည့်လိုက်သည်။ "ဆိုင်က ဝယ်တာလား။ အိမ်မှာလုပ်တာလား။"
"သေချာပေါက် အိမ်မှာ လုပ်တာပေါ့။ ကိုယ်တိုင်လုပ်ထားတာ။"
"အိုး.. အဲဒါဆို မလိုချင်ဘူး။"
လင်ချူးဆွေ့ : ...
နင် အဲဒီလောက် လက်တွေ့ဆန်စရာလိုလို့လား။
"ထိပ်တန်းကျောင်းသား တစ်ချက်လောက် ကြည့်ပါဟ။"
ရှောက်ယန်က ဘူးကို လက်ခံပြီး ဖွင့်လိုက်သည်။ သူ၏ မူလ အမူအရာမဲ့ မျက်လုံးများက အေးစက်သည့်ဘက်သို့ ကူးပြောင်းသွားပြီး လင်ချူးဆွေ့ထံ ဘူးကို လှမ်းပေးလိုက်သည်။ "ဒါက ဘာလဲဆိုတာ မေးပါရစေ။"
လင်ချူးဆွေ့က ဘူးထဲမှ QR Code ကတ်ပြားကို ထုတ်ယူလိုက်သည်။ "ငါ နင့်အတွက် ဒီ ငွေပေးချေဖို့ QR code ကို အထူးတလည် လုပ်ပေးခဲ့တာ။ နောက်ပိုင်းကျ နင် အလုပ်လုပ်တဲ့အခါ ပိုက်ဆံလွှဲဖို့အတွက် အဲဒီမိန်းကလေးတွေကို WeChat ကနေ တစ်ယောက်ချင်း add စရာမလိုဘူး။ ဒီ QR code ကို ထုတ်ပေးလိုက်။ အရမ်း အဆင်ပြေနေရောမလား။"
ရှောက်ယန် : ......
လင်ချူးဆွေ့က အပြာရောင်ကြိုးနှင့် QR Code ကတ်ပြားကို ရှောက်ယန်၏ လည်ပင်း၌ ဆွဲပေးလိုက်သည်။
QR Code ၏ နောက်ကျောဘက်တွင် လင်ချူးဆွေ့သည် ဟော့ပေါ့ဆိုင်၌ ချက်ပြုတ်နေသည့် သူ့ကို တိတ်တိတ်လေး ရိုက်ယူထားသော ဓာတ်ပုံအား အောင်မြင်သည့် စွန့်ဦးတီထွင်သူစတိုင်လ် ပြုပြင်ထားသည်။ နောက်ဘက်တွင် ရေးထားသည့် စာမှာ―
"လုံ့လဝီရိယရှိခြင်းက အောင်မြင်ခြင်းကို ဖြစ်ပေါ်စေတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ မင်း လုပ်နိုင်ပါတယ်"
မည်းနက်သည့် အာမေဋိတ်အမှတ်အသားများက မျက်စိနောက်စဖွယ် အတန်းလိုက် ပါဝင်နေသည်။
သူ့လည်ပင်းတွင် ကတ်ပြားကို ချိတ်ပြီးနောက် လင်ချူးဆွေ့က ပြောလိုက်သည်။ "ထိပ်တန်းကျောင်းသား၊ ဒီ QR Code ကို အချိန်တိုင်း သိမ်းထားဖို့ သတိရ။နင့် စီးပွားရေးက တရိပ်ရိပ် တိုးတက်လာပြီး အမြတ်အများကြီး ရလိမ့်မယ်လို့ အာမခံတယ်။"
"ထိပ်တန်းကျောင်းသား နင့် မျက်လုံးတွေ ဘာလို့ နီနေတာလဲ။ ရင်ထဲ အရမ်းထိသွားလို့ ငိုနေတာလား။"
ရှောက်ယန်က ညာဘက်ထောင့် အောက်ခြေရှိ တာဝန်တိုးတက်မှုဘားတန်းကို ကြည့်လိုက်သည်။ : 34%.
သူက ဆက်၍ သည်းခံနိုင်သေးသည်။
ထိုညတွင် အတန်းပြီးသည့်နောက် လုချီက လင်ချူးဆွေ့သာ ရှောက်ယန်နှင့် အတူတူ ဆက်ထိုင်နေလျှင် ပေသာ့ ချင်းညောင် တက္ကသိုလ်ကို သူမ တစ်ယောက်တည်း ဝင်ခွင့်ရနိုင်လိမ့်မည်ဟု ပြော၍ ဝမ်းနည်းပူဆွေးနေသည်။
လင်ချူးဆွေ့က သူ့ကို မေးလိုက်သည်။ "နန်ချန် သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်ကို ဘယ်လိုထင်လဲ။"
"မင်း ပြောတာ နန်ချန် သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်အောက်က ပုဂ္ဂလိကကောလိပ်လား။ မင်းရဲ့ အဆင့်နဲ့ဆို ခရီးဝေးကြီး လျှောက်ရဦးမှာပဲ။"
"မဟုတ်ဘူး။ ပုဂ္ဂလိကကောလိပ်မဟုတ်ဘူး။ နန်ချန် သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်ကို ပြောတာ။"
လုချီက ခေတ္တမျှ တိတ်ဆိတ်သွားပြီး တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ "မင်းကိုယ်မင်း ယုံကြည်လိုက်။ လုံ့လဝီရိယက အောင်မြင်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်။"
"အဲဒီတော့ နင်ဆိုလိုတာက ငါ ကြိုးစားနေသရွေ့ လုပ်နိုင်တယ် ဟုတ်တယ်မလား။"
"ငါတော့ မင်း နောက်ဘဝလောက်ဆို လုပ်နိုင်မယ် ထင်တယ်။"
"......"
"အင်တာနက်ကဖီးမှာ ညဇီးကွက်တွေ သွားလုပ်ရအောင်။"
"သွားကြစို့။"
"ငါ မသွားတော့ဘူး။" လင်ချူးဆွေ့က ထွက်သွားရန် ခြေလှမ်း အရှိန်မြှင့်လိုက်သည်။ "အိမ်ပြန်ပြီး အိမ်စာလုပ်ရဦးမယ်။"
"မင်း တကယ်ပဲ နန်ချန် သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကို ဝင်ဖို့ စီစဥ်နေတာလား။"
"ဟုတ်တယ်။"
"ဘာလို့ ရည်မှန်းချက် သေးသေးလေး အရင်မထားတာလဲ။ တတိယအဆင့် တက္ကသိုလ်မျိုးလေ။"
လင်ချူးဆွေ့က လျှောက်ထွက်သွားရင်း ပခုံးကို ကျော်ကာ လက်ခလယ်ထောင်ပြလိုက်သည်။
.........
လင်ချူးဆွေ့ အိမ်သို့ ပြန်ရောက်သည့်အခါ ရွှီကျားနင်က အထုပ်အပိုးပြင်ကာ ဧည့်ခန်းထဲ၌ ချထားပြီးပြီ ဖြစ်သည်။
သူ၏ နေထိုင်မှု အကျင့်စရိုက်က မိန်းကလေးတစ်ယောက်ထက်ပင် အသေးစိတ်ဂရုစိုက်တတ်သောကြောင့် သူ့တွင် ပစ္စည်းအများအပြားရှိပြီး လက်ဆွဲအိတ်နှစ်လုံးနှင့် အပြည့်ဖြစ်သည်။
ဖန်းယို့ယိက ရွှီကျားနင်ကို ထွက်သွားခိုင်းရမှာ အလွန် တွန့်ဆုတ်နေပြီး ရွှီစုန့်ပိုင်ကို နားချရန် ကြိုးစားနေသည်။ "အဆင့်မှာ တစ်ဆင့်ကျသွားတယ်ဆိုပေမယ့် သူ့ရဲ့ စုစုပေါင်းရမှတ်က တိုးလာတယ်လေ။ အဲဒီလောက် ကြမ်းတမ်းစရာ မလိုပါဘူး။"
ရွှီစုန့်ပိုင်က ပြောလိုက်သည်။ "သူက ပထမအဆင့်ရမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် ပထမရဖို့ ကျရှုံးရုံတောင် မကဘူး။ တတိယအဆင့်ထိတောင် ကျသွားသေးတယ်။ ယောက်ျားတစ်ယောက်က သူ့စကားကို သူ တည်သင့်တယ်။ ပေးထားတဲ့ ကတိကို မတည်နိုင်တာက စီးပွားရေးလောကမှာဆို လုံးဝ မလုပ်သင့်တဲ့ အရာပဲ။ အနာဂတ်မှာ သူ့ကိုယ်သူ ဘယ်လို သက်သေပြနိုင်မှာလဲ။'
"သူ အဲဒီမှာ ဘယ်တုန်းကမှ မနေခဲ့ဖူးဘူးလို့ ရှင် မပြောခဲ့ဘူးလား။ အခုသွားရင်... သူ အဆင်မပြေဘဲ ဖြစ်နေလိမ့်မယ်။"
"ဘာအဆင်မပြေစရာရှိလို့လဲ။ အမေက ကလေးကို ဂရုစိုက်ဖို့ တာဝန်ယူသင့်တာပဲ။ ငါ ဒီနှစ်တွေတလျှောက်လုံး သူ့ကို တစ်ယောက်တည်း ပျိုးထောင်ခဲ့ရတာ။ သူ့အမေက နည်းနည်းလေးတောင် တာဝန်ယူပေးခဲ့လို့လား။"
ဖန်းယို့ယိက သက်ပြင်းချလိုက်သည်။ သူမသည် လင်ချူးဆွေ့၏ အမှတ်များ တိုးလာသည့်အတွက် ပျော်ရွှင်သွားခဲ့ပြီး ဤနှစ်နှစ်အတောအတွင်း အပျော်ဆုံး ဖြစ်သည်။
သို့သော် အစောပိုင်းက ရွှီကျားနင်၏ မပျော်ရွှင်မှုကြောင့် သူမသည် ရွှီကျားနင်၏ ခံစားချက်ကို ထည့်သွင်းစဥ်းစားကာ ပျော်ရွှင်နေသည်အား ထုတ်မပြရဲခဲ့ပေ။
အခြေအနေကို လက်ဦးမှုယူပြီး လင်ချူးဆွေ့က ကျောင်းအားကစားအသင်းကို ပြန်ဝင်နိုင်ရန် ဖန်းယို့ယိထံ တောင်းဆိုမှုသေးသေးလေး ပြုလုပ်လိုက်သည်။
"မဖြစ်နိုင်ဘူး။" ရွှီစုန့်ပိုင်က ချက်ချင်း ကန့်ကွက်လိုက်၏။ "မင်းရဲ့ အဆင့်တွေက နောက်ဆုံးမှ တိုးတက်မှုနည်းနည်း ဖြစ်လာတာ။ အခု မင်းရဲ့ စွမ်းအင်တွေကို အားကစားမှာ ဖြုန်းတီးမယ့်အစား စာလေ့လာတဲ့နေရာမှာ အာရုံစိုက်ထားရမှာ။"
"ကျွန်မ ရှင့်ရဲ့ ခွင့်ပြုချက်ကို မလိုနေဘူး။" လင်ချူးဆွေ့က ဖန်းယို့ယိ လက်မောင်းကို ကိုင်ကာ ကလေးဆန်ဆန် ချွဲ့နွဲ့လိုက်သည်။ "မား... ကျေးဇူးပြုပြီး သမီးကို လေ့ကျင့်ရေး ပြန်ဆင်းခွင့် ပြုပါနော်။ အဆင့်တွေ မကျစေရဘူးလို့ ကတိပေးပါတယ်။ သမီး အချိန်အများကြီး မသုံးပါဘူး။ နေ့တိုင်း ကျောင်းဆင်းမှ နည်းနည်းပဲ လေ့ကျင့်မှာပါ။"
ဖန်းယို့ယိက တွေဝေတုန့်ဆိုင်းသွားသည်။ "သမီးရဲ့ အန်ကယ်ရွှီ ပြောတာ အဓိပ္ပါယ်ရှိတယ်။ သမီးက ဆယ့်နှစ်တန်း ရောက်နေပြီ။ စာလေ့လာတာကို ပိုပြီး အာရုံစိုက်သင့်တယ်။"
"အဖေက သမီး ကြိုက်တာလုပ်လို့ ပြောဖူးတယ်။ သမီး စာလေ့လာတာ သဘောကျရင် ကြိုးကြိုးစားစား လေ့လာလိုက်မယ်။ သမီး အားကစားကို သဘောကျရင် ပြင်းပြင်းထန်ထန် ပြေးလိုက်မယ်။ သမီး ကြိုက်တဲ့ လမ်းကို လျှောက်နေရသရွေ့ အဲဒါက အကောင်းဆုံး ဖြစ်နေမှာပဲ။"
"သမီး တကယ်ပဲ အားကစားကို သဘောကျတာလား။" ဖန်းယို့ယိက သံသယဖြစ်စွာ မေးလိုက်သည်။ "အမေက သမီး စာလေ့လာရတာကို ရှောင်ချင်လို့ အားကစားလုပ်တယ်လို့ ထင်နေတာ။ ပြီးတော့လည်း အဲဒီတုန်းက သမီး နေ့တိုင်း ပျင်းရိပြီး အဖွဲ့လိုက် လေ့ကျင့်တာကို ရှောင်နေခဲ့တာ မဟုတ်ဘူးလား။ သမီး အရင်နှစ်နှစ်တုန်းက ဘာတွေ လုပ်နေလဲဆိုတာ အမေ မသိဘူးလို့ မထင်နဲ့။"
လင်ချူးဆွေ့က ခိုင်ခိုင်မာမာ ကြည့်ရင်း ပြောလိုက်သည်။ "အခုကစပြီး သမီး သေချာပေါက် ထပ်ရှောင်တိမ်းနေတော့မှာ မဟုတ်ဘူး။"
မိုးရွာသွန်းခြင်းကြောင့် ပြိုင်ပွဲအား မပြိုင်နိုင်ခဲ့သည့် မာရသွန်ပြိုင်ပွဲမှ နောင်တက သူမကို အများကြီး ဝမ်းနည်းစေခဲ့သည်။
သူမ အဖေ ထွက်သွားပြီးနောက် သူမက တစ်ယောက်တည်း တိုက်ခိုက်ပြီး တလျှောက်လုံး ရုန်းကန်နေခဲ့ရပြီး ပိုပို၍ လက်မခံနိုင်ဖွယ် ဖြစ်လာသည်။
သို့သော် သူမဘဝတွင် သူမ ဂရုစိုက်သည့်သူများကို ထို 'လက်ခံနိုင်ဖွယ်မရှိသည့်' မျက်နှာနှင့် ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။
သူမက ပိုကောင်းလာအောင် အမှန်တကယ် ပြောင်းလဲချင်ပေသည်။
"အမေ သမီး အရင်တုန်းကလို ထပ်မလုပ်တော့ပါဘူး။"
"ကောင်းပြီလေ။" ဖန်းယို့ယိက သူမ သမီးကို သနားလာသည်။ "သမီး လျှောက်ချင်တဲ့ လမ်းကို သိနေသရွေ့ ခိုင်ခိုင်မာမာသာ ဆက်လျှောက်ပါ။ ဘာပဲဖြစ်ဖြစ် အမေက သမီးကို ပံ့ပိုးပေးမယ်။"
ဖန်းယို့ယိက လင်ချူးဆွေ့ကို အပြစ်ပေးဆုံးမခြင်းထက် အမြဲတမ်း အလိုလိုက်တတ်ပေသည်။ ထိုအလိုလိုက်မှုက လင်ချူးဆွေ့၏ ခေါင်းမာမှုကို ပိုဆိုးလာအောင် လုပ်မိသော်လည်း သူမက အလိုလိုက်ပေးနေဆဲပင်။
သူမတွင် ဤသမီးတစ်ယောက်သာ ရှိသည်။ အဖေဖြစ်သူအား ငယ်ငယ်ရွယ်ရွယ်လေးနှင့် ဆုံးရှုံးလိုက်ရခြင်းကြောင့် ဖန်းယို့ယိက ပို၍ပင် အလိုလိုက်ချစ်ခင်ပေးခဲ့၏။
ရွှီစုန့်ပိုင်သည် အစက တစ်ခုခု ထပ်ပြောချင်ခဲ့သော်လည်း ဖန်းယို့ယိက စိတ်ပိုင်းဖြတ်ပြီးသွားပြီ ဖြစ်သောကြောင့် သူက တိတ်ဆိတ်၍သာ နေခဲ့လိုက်သည်။
.......
နောက်တစ်နေ့တွင် လင်ချူးဆွေ့သည် စောစောထလာခဲ့ပြီး အလွန် လွတ်လပ်ပျော်ရွှင်နေသော ခံစားချက်ဖြင့် ဆေးကြောသန့်စင်ရန် အောက်ထပ်သို့ ဆင်းလာခဲ့၏။
အိမ်အကူအန်တီကြီးက စားပွဲပေါ်တွင် နို့၊ ကြက်ဥများနှင့် ပေါင်မုန့်ကင်တို့ကို ဖောဖောသီသီ ပြင်ဆင်ပေးထားသည်။
ယခင်ကဆိုလျှင် လင်ချူးဆွေ့ မနက်ခင်းနိုး၍ အောက်ဆင်းလာသည့်အချိန်၌ ရွှီကျားနင်က ခုံတွင် သေသေသပ်သပ် ထိုင်ကာ ကော်ဖီသောက်နေရင်း လက်တစ်ဖက်တွင် ခန်းဆောင်နီအိပ်မက် ဝတ္ထုအား ကိုင်ကာ ဖတ်နေတတ်ပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိ ရှိသည့် မှန်ပြတင်းမှ ကျရောက်လာသော နေရောင်ခြည်က သူပါးပြင်ပေါ် အလင်းပေးနေကာ ပြီးပြည့်စုံသည့် ပုံရိပ်ကို ဖြစ်ပေါ်နေစေသည်။
ထိုအချိန်မျိုး၌ ဟန်ဆောင်တတ်လွန်းသော နိုင်ငံခြားသားအတုကောင်က မတူညီသော လေးနက်သည့် အသွင်မျိုးကို ပြသနေသည်။
သို့သော် ယခုတွင် စားပွဲက ဗလာကျင်းနေပြီး သူမနှင့် စကားနိုင်လုမည့်သူက မရှိတော့ပေ။ လင်ချူးဆွေ့က အထီးကျန်လှသည့် ခံစားချက်ဖြင့် တစ်ယောက်တည်း မနက်စာစားနေခဲ့သည်။ အစောပိုင်းက သူမ၏ ပျော်ရွှင်နေသော ခံစားချက်က လေထဲတွင် ပျောက်ကွယ်သွားပုံရကာ တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားနေခဲ့ရပေသည်။
အဲဒါက.... သူမ ရွှီကျားနင်ကို နည်းနည်း လွမ်းနေတာများ ဖြစ်နိုင်လား။
လင်ချူးဆွေ့သည် ထိုအဓိပ္ပါယ်မရှိသည့် အတွေးကို ချက်ချင်း ငြင်းပယ်လိုက်သည်။
အများဆုံး လူတစ်ယောက်လျော့သွားလို့ အသားမကျတာလောက်ပဲ ဖြစ်မှာပါ။
***