← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အပိုင်း ( ၃၉ )

ရွှီကျားနင်သည် အမြဲတမ်း စာဖတ်ရန်အတွက် အတန်းထဲသို့ စောစောရောက်လေ့ရှိသော်လည်း ယနေ့တွင် သူက ပုံမှန် လုပ်နေကျ အမူအကျင့်ကို ချိုးဖောက်ကာ မနက်ခင်းစာကြည့်ချိန် ခေါင်းလောင်းတီးကာမှ အချိန်အတိအကျ ရောက်လာခဲ့သည်။

သူ့ အခြေအနေက အတော်လေး ဆိုးရွားနေပြီး ဆံပင်က အနည်းငယ် ရှုပ်ပွနေ၍ မျက်လုံးတို့က မို့အစ်ကာ မျက်လုံးအောက်ခြေ၌ အနက်ရောင်အဝိုင်းတို့ ခပ်ဖျော့ဖျော့ ထင်နေ၏။

သူက မေးစေ့မှ မုတ်ဆိတ်ငုတ်စိများကိုပင် သန့်ရှင်းအောင် မရိတ်သင်ထားပေ။

သူက ပုံမှန်အားဖြင့် ပြင်ပသွင်ပြင်ကို အလွန်ဂရုစိုက်သည့်သူမျိုး ဖြစ်သည်။ သူက အပြင်မထွက်ခင် မနက်တိုင်း မှန်ရှေ့၌ အနည်းဆုံး ဆယ်မိနစ်ကြာအောင် အချိန်ကုန်တတ်ပြီး သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်တတ်သည်။

လုထျန်းပိုင်ပင် ယနေ့ ရွှီကျားနင်၏ စိတ်အခြေအနေမကောင်းသည်ကို သတိပြုမိပြီး စိုးရိမ်စွာဖြင့် သူ့ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

"ဒီနေ့ နင့်အစ်ကိုကျားနင် ဒီနေ့ ဘာဖြစ်နေတာလဲ။"

လင်ချူးဆွေ့က ညင်သာစွာ ပြောလိုက်၏။ "မိတ်ကပ်မလိမ်းတဲ့ မျက်နှာပြောင်နဲ့။ ဒါက သူ တကယ်တမ်း ဘယ်လိုပုံစံလဲဆိုတာပဲ။"

"အစ်ကိုကျားနင်ရဲ့ မူလအသွင်က အရမ်း အရိုင်းဆန်တာပဲ။"

"စိတ်ပျက်သွားလား ကောင်မလေး။"

လုထျန်းပိုင်က ရှက်ရွံ့စွာဖြင့် ခေါင်းခါလိုက်သည်။ "ငါက သူ့ရဲ့ တစ်ဖက်တည်းကိုပဲ ကြိုက်တာမဟုတ်ဘူး။ သူ့ရဲ့ အရာအားလုံးကို ကြိုက်တာ။"

လင်ချူးဆွေ့က သူမကို လက်မထောင်ပြလိုက်သည်။

........

ရွှီကျားနင်က အလွန် ဆိုးရွားသည့် စိတ်အခြေအနေတွင် ရှိနေသည်။ ပုံမှန်အားဖြင့် သူက အတန်းထဲတွင် လက်မြှောက်ကာ မေးခွန်းများ ဖြေရသည်ကို နှစ်သက်ပြီး အထူးသဖြင့် တရုတ်စာသင်သည့် အတန်းချိန်၌ ရှေးဟောင်းစာပေနှင့် ကဗျာအကြောင်း ပြောသည့်အခါ သူက စိတ်အဝင်စားဆုံး ဖြစ်သည်။ သူ့တွင် အမြဲတမ်း ကိုယ်ပိုင် အတွေးအမြင်များ ရှိသည်။

ယနေ့တွင် ရွှီကျားနင်က လုံးဝ အာရုံမစိုက်နိုင်ဘဲ ရှိနေ၏။

အတန်းပြီးသွားသည့်နောက် လင်ချူးဆွေ့က ရွှီကျားနင်နားသို့ တိုးကပ်သွားပြီး ပြုံးပြလိုက်သည်။ "နင့်အမေအိမ်က ပတ်ဝန်းကျင်ကို ကျင့်သားမရဘူးလား။"

"အဲဒီမှာ အရမ်းပျော်တယ်။" ရွှီကျားနင်က ခေါင်းငုံ့ရင်း အိမ်စာစာအုပ်ထဲမှ မေးခွန်းများ လုပ်နေပြီး ခေါင်းပင် မော့မလာပေ။ "စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းတဲ့လူနဲ့ တစ်မိုးအောက်တည်းမနေရတော့ ဘယ်လောက်တောင် စိတ်ချမ်းသာရလဲ မသိတော့ပါဘူး။"

"အဲဒီလိုလား။" လင်ချူးဆွေ့က သူ့ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ "နင့် အမေက နင့်ကို ကြိုဆိုရဲ့လား။ နင် သူမကို နှစ်တွေ အများကြီး ကြာအောင် မတွေ့ခဲ့ရဘူးလို့ ပြောခဲ့တာမလား။"

ရွှီကျားနင်က သူ့ဘောပင်န်ကို ချလိုက်ပြီး မျက်လုံးများကို မှေးကျဥ်းရင်း လင်ချူးဆွေ့အား ကြည့်လိုက်သည်။ "ဘာလဲ။ ညီမလေးက ငါ့အတွက် စိတ်ပူနေတာလား။"

"နင် အဆင်ပြေလား မပြေလား သိချင်ရုံပါပဲ။"

"ငါ အဆင်ပြေပြေ မပြေပြေ မင်းနဲ့ ဘာဆိုင်လို့လဲ။"

လင်ချူးဆွေ့က ရယ်မောလိုက်သည်။ "နင် အဲဒီမှာ အဆင်ပြေနေရင် ငါ ကျိန်းသေပေါက် အန်ကယ်ရွှီက နင့်ကို ပြန်ခေါ်လာအောင် နည်းလမ်းစဥ်းစားမှာ။ တကယ်လို့ နင် ကောင်းကောင်းမနေနိုင်ရင် ငါ စိတ်အေးအေးနေနိုင်တာပေါ့။"

"လင်ချူးဆွေ့ ငါ တကယ် မင်းကို သဘောမကျဘူး။"

"ငါလည်း နင့်ကို သဘောမကျပါဘူး။"

"လိမ့်စမ်း(ထွက်သွား)"

"နင်ပဲ လိမ့်"

.........

စကားအခွန်းအနည်းငယ်လောက် ရန်ဖြစ်ပြီးနောက် သူတို့သည် ရင်းနှီးသည့် ခံစားချက်အား တစ်ဖန် ပြန်ရှာတွေ့ခဲ့ကြသည်။ လင်ချူးဆွေ့က အလွန် ကျေနပ်သွားပြီး အရှေ့သို့ ပြန်လှည့်လိုက်၏။။

ထိုအချိန်တွင် ရှောက်ယန်က သူမ၏ အိမ်စာတိုးတက်မှုကို စစ်ဆေးနေတာ ဖြစ်သည်။ အမှတ်တမဲ့နှင့် လင်ချူးဆွေ့ ပြန်လှည့်လိုက်ချိန်တွင် သူမ၏ နှုတ်ခမ်းက သူ့နှာခေါင်းအား ခပ်ဖွဖွ ပွတ်တိုက်သွားခဲ့သည်။

ရှောက်ယန်သည် သူ့နှာခေါင်းက မိန်းကလေး၏ နှုတ်ခမ်းမှ နူးညံ့သော အထိအတွေ့ကို ခံစားမိလိုက်ပြီး သူ့တစ်ကိုယ်လုံးကို တောင့်တင်းသွားစေသည်။

လင်ချူးဆွေ့ကို ကြည့်လိုက်သည့်အခါ သူမက ပါးစပ်ကို လက်နှင့် ချက်ချင်း အုပ်လိုက်ပြီး ရှောက်ယန်ကို ပြူးကျယ်နေသော မျက်လုံးများဖြင့် မယုံကြည်နိုင်သလို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။

သူတို့နှစ်ယောက်က ထူးဆန်းသည့် အခြေအနေအောက်တွင် စက္ကန့်အနည်းငယ်လောက် ကိုးရို့ကားယား စိုက်ကြည့်နေခဲ့ပြီးနောက် ဘာမှမဖြစ်ပျက်ခဲ့သလို ဟန်ဆောင်၍ လုပ်စရာရှိတာ ပြန်လုပ်နေခဲ့သည်။

အတန်းစတင်ပြီး မိနစ်အနည်းငယ်ကြာသည့်အခါ ရှောက်ယန်သည် လင်ချူးဆွေ့က 'နန်ချန် အမှတ် ၁ အထက်တန်းကျောင်း အချောအလှလေးများ' အဖွဲ့တွင် မက်ဆေ့ချ်တစ်စောင် ပို့လာသည်အား မြင်လိုက်ရ၏။

"ကူညီပါဦး၊ ဉာဏ်ကြီးရှင်က ငါ့ဆီကနေ အနမ်းခိုးချင်နေတယ်။"

ထိုမက်ဆေ့ချ်ကို မြင်သည့်အခါ ရှောင်ယန်က ရှက်ရွံ့မှုကြောင့် နီမြန်းနေဆဲ ဖြစ်သည့် လင်ချူးဆွေ့ကို ထပ်ကြည့်လိုက်သည်။ သူသည် အလွန် မေ့တတ်သည့် အရူးမလေးကို သူသည်လည်း ထိုအဖွဲ့ထဲ၌ ရှိနေကြောင်း သတိပေးသင့်လား မသိတော့ပေ။

ထိုညတွင် အတန်းပြီးသွားသည့်နောက် လင်ချူးဆွေ့သည် ရွှီကျားနင်၏ အမေအိမ်က မည်သည်နှင့်တူကြောင်း မြင်ချင်သည့်အတွက် သူ့နောက်မှ ​အမြီးလေးလို လိုက်သွားခဲ့သည်။

သူမသည် တခြားလူ၏ အမိုးအောက်၌ ရွှီကျားနင် မည်သို့ ဆင်းရဲမွဲတေနေကြောင်း မြင်ချင်ပေသည်။ ထိုသည်မှာ သူ ကောင်းကောင်း မနေရသရွေ့ သူမ စိတ်​အေးအေးဖြင့် နေနိုင်မည် ​ဖြစ်သောကြောင့်ဟု တွေးထားခဲ့သည်။

သို့သော် လင်ချူးဆွေ့တွင် စက်ဘီးမရှိသောကြောင့် ဉာဏ်ကြီးရှင်အတန်းဖော်ကို သူမအား တင်ခေါ်သွားပေးပါရန် တောင်းဆိုခဲ့သည်။

ဉာဏ်ကြီးရှင်အတန်းဖော်သည် အစက ငြင်းပယ်ချင်ခဲ့သော်လည်း လင်ချူးဆွေ့က လက်နှစ်ဖက်ကို ဆုပ်ကာ ချစ်စရာကောင်းအောင် ပြုမူ ချွဲနွဲ့ခဲ့သည်။ "လူချောလေးရေ ကျေးဇူးပြုပြီး။"

အတန်းဖော်ဉာဏ်ကြီးရှင်က သဘောတူလိုက်၏။

သို့သော် တစ်စုံတစ်ယောက်နောက်သို့ လိုက်ရန် သဘောတူညီမှုအတွက် အပေးအယူမှာ စက်ဘီးကို သူမ နင်းရမည် ဖြစ်သည်။

"နင်က ယောက်ျား ဟုတ်ရော ဟုတ်ရဲ့လား။"

"ဟုတ်တယ်လေ။ ဒါပေမယ့် ငါက ကျန်းမာရေးမှ မကောင်းဘဲ။"

"နင်သာ ဒီလောက် အားနည်းနေရင် အနာဂတ်မှာ ရည်းစား ဘယ်လို ရှာတွေ့တော့မှာလဲ။"

"အဲဒါကြောင့် ငါက ကျန်းမာရေးကောင်းပြီး ခွန်အားရှိတဲ့ မိန်းကလေးမျိုး ရှာဖို့ လိုအပ်နေတာပေါ့။"

"..."

ရွှီကျားနင် နင်းနေသည့် စက်ဘီးက သူတို့နှစ်ယောက်ကို ချန်ထားရစ်ခဲ့သည်။

လင်ချူးဆွေ့က စကားပြောရန် အလွန် ပျင်းရိနေသည်။ သူမက စက်ဘီးပေါ် ခုန်တက်လိုက်ပြီး လမ်းတလျှောက်လုံး သူ့နောက်ကနေ အမြီးလေးလို လိုက်သွားခဲ့၏။

ရွှီကျားနင်၏ အမေသည် နန်ချန် အပြည်ပြည်ဆိုင်ရာရပ်ကွက် အဆင့်မြင့်အပိုင်ငယ်လေး၌ နေထိုင်သည်။ အိမ်များက အရွယ်အစားကြီးမားပြီး ပုံပြင်ဆန်ဆန် ဒီဇိုင်းနှင့် နန်ချန်အဆင်မြင့်အိမ်ရာ အရည်အသွေးရှိကာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အခြေအနေက သိပ်မဆိုးဘဲ လင်ချူးဆွေ့၏ ဗီလာထက် အနည်းငယ်သာ နိမ့်ကျသည်။

ရွှီကျားနင်က ဝင်ပေါက်သို့ လျှောက်သွားပြီး အထဲဝင်ရန် ကတ်ဖြတ်တော့မည့်အချိန်တွင် ခုနစ်နှစ် ရှစ်နှစ်အရွယ်ရှိသည့် ကလေးများ ပြေးထွက်လာပြီး ရွှီကျားနင်၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။

အရှေ့ဆုံးမှ ကလေးက Ultraman ဝတ်စုံကို ဝတ်ဆင်ထားပြီး ရေသေနတ်တစ်လက် ကိုင််ထားကာ ရွှီကျားနင်အား ရေများဖြင့် ထပ်ကာတလဲလဲ ဖြန်းနေခဲ့သည်။ "သေအောင် ရိုက်ပစ်မယ်။ သေအောင် ရိုက်ပစ်မယ်။"

အငိုက်မိသွားသည့် ရွှီကျားနင်က ရေများကို ကာရန် သူ့လက်ကို မြှောက်လိုက်မိသော်လည်း သူ့ ကျောင်းယူနီဖောင်း တစ်ဝက်လောက်က ရေများဖြင့် စိုရွှဲသွားသည်။ သူ့ဆံပင်များပင် ရွှဲနစ်သွား၏။

အဓိကအချက်မှာ ထိုကလေး၏ ရေသေနတ်ထဲရှိ ရေများက ရွှံ့ရေများဖြစ်ကာ သူက ရွှီကျားနင်အား ရွှံ့များဖြင့် ဖုံးအုပ်သွားစေသည်။

ရွှီကျားနင်က အလွန် အသန့်ကြိုက်သည့်လူ ဖြစ်သည်။ သူ့အဝတ်များက ဤကဲ့သို့ ရုတ်တရက် ညစ်ပတ်သွားသည့်အခါ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။ "ကျူးကျစ်ချီ မင်း ဘာလုပ်တာလဲ။"

"ဒီနေရာကနေ ထွက်သွား၊ မင်းကို ငါ့အိမ်မှာ နေခွင့်မပြုဘူး။"

"ဖယ်ပေးစမ်း"

"ထွက်သွား ထွက်သွား"

ထိုကောင်လေး၏ အမည်က ကျူးကျစ်ချီ ဖြစ်ပြီး ရွှီကျားနင်၏ အမေတူအဖေကွဲ ညီ ဖြစ်ပုံပေါ်သည်။ သူက ရွှီကျားနင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ "အမေက ငါ့တစ်ယောက်တည်းကိုပဲ ချစ်တာလို့ ပြောတယ်။ မင်း လာပြီး ငါ့အမေရဲ့ အချစ်ကို လုယူလို့မရဘူး။ အမေက ငါ့အမေ။ မင်းအမေ မဟုတ်ဘူး။ ငါ့အိမ်ကနေ ထွက်သွား"

"ငါ ထွက်သွားသွား မသွားသွား မင်းနဲ့ မဆိုင်ဘူး။"

"ငါ မင်းကို အထဲဝင်ခွင့်မပြုဘူး။"

ကျူးကျစ်ချီက လက်နှစ်ဖက်ကို ဖြန့်ကားကာ အိမ်ဝင်ပေါက်အား ပိတ်ထားခဲ့သည်။ "ဒါ မင်းအိမ် မဟုတ်ဘူး။ လာခဲ့တဲ့နေရာကို ပြန်သွားလိုက်။ မဟုတ်ရင် ငါ ယဥ်ကျေးမနေတော့ဘူး။"

ရွှီကျားနင်က ငြိမ်ခံနေမည့်သူ မဟုတ်ပေ။ သူက အေးစက်စွာ သရော်လိုက်၏။ "မင်းလို ကောင်စုတ်လေးက မယဥ်ကျေးဘူးဆိုတော့ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ။ မင်းက ငါ့ကို ရိုက်မှာလား တခြားတစ်ခုခု လုပ်မှာလား။"

ကျူးကျစ်ချီနှင့် အခြားကလေးများက သူတို့ အိတ်ထဲမှ လောက်လေးခွကို ထုတ်ယူလိုက်ကာ ရွှီကျားနင်အား ချိန်ရွယ်လိုက်သည်။ "သူ့ကို ပစ်"

"သေတဲ့အထိ ပစ်"

လောက်လေးခွမှ သားရေကြိုးပြားက အလွန် အားပါလှသည်။ ရွှီကျားနင်က အချိန်မီမရှောင်လိုက်နိုင်သည့်အတွက် ကျောက်တုံးက သူ့နဖူးကို ဆိုးဆိုးဝါးဝါး ထိခိုက်သွား၏။

လင်ချူးဆွေ့က ထပ်ပြီး ရပ်ကြည့်မနေနိုင်တော့ပေ။ သူမက စက်ဘီးကို အမြန် ပစ်ချလိုက်ပြီး အပြေးသွားကာ ကျူးကျစ်ချီ၏ လောက်လေးခွကို ဆွဲယူ၍ ဝင်ပေါက်နားရှိ ပန်းပုရုပ်ရေပန်းကန်အတွင်း လွှင့်ပစ်လိုက်သည်။

ကျူးကျစ်ချီက ဒေါသထွက်သွား၏။ သူက လင်ချူးဆွေ့ကို ကုတ်ဆွဲလိုက်သည်။ "ငါ့ လောက်လေးခွ ပြန်ပေး ငါ့ လောက်လေးခွ ပြန်ပေး"

"နင့်အမေကြီးကိုပဲ ပြန်ပေးမယ်"

လင်ချူးဆွေ့က ကျူးကျစ်ချီကို ကော်လာမှ ဆွဲကိုင်ကာ ပစ်ထုတ်လိုက်ပြီး မြေပေါ်သို့ ပြုတ်ကျသွားအောင် ပြုလုပ်လိုက်သည်။

အနားရှိကလေးများက ကျူးကျစ်ချီ အနိုင်ကျင့်ခံနေရသည်ကို မြင်သောအခါ ရှေ့တိုးလာပြီး သူ့ကို ကူညီချင်ခဲ့သည်။ သို့သော် လင်ချူးဆွေ့၏ ကြောက်စရာကောင်းသော အကြည့်ကို မြင်သည့်အခါ သူတို့က မကူညီရဲတော့ဘဲ တစ်ညီတစ်ညာတည်း အပြစ်တင်လိုက်သည်။ "ခင်ဗျားက ဘယ်လိုလုပ် လူတွေကို အနိုင်ကျင့်နိုင်ရတာလဲ။ လူကြီးတွေက ကလေးတွေကို အနိုင်မကျင့်သင့်ဘူး။"

"ငါ နင်တို့ကို အနိုင်ကျင့်တော့ ဘာဖြစ်လဲ။ နင်တို့တွေက ပြန်မလုပ်တဲ့လူကိုပဲ အနိုင်ကျင့်ရဲတဲ့ ငကြောက်တစ်သိုက်ပဲ။" လင်ချူးဆွေ့က လက်ခုပ်တီးလိုက်သည်။ "ငါက ကလေးတွေကို အနိုင်ကျင့်ရတာကို ကြိုက်ရုံတင်မကဘူး.. ဆိုးသွမ်းတဲ့ ကောင်စုတ်လေးတွေကို ရိုက်ရတာလည်း ကြိုက်သေးတယ်။ သဘောမတူတဲ့ကောင် ထွက်လာခဲ့"

ကလေးများက လင်ချူးဆွေ့၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ကြောက်လန့်သွားပြီး ထိတ်လန့်တကြား ထွက်ပြေးသွားသည်။

ကျူးကျစ်ချီက အိမ်တွင် အလိုလိုက်ခံထားရပြီး ယခင်က ထိုကဲ့သို့ နစ်နာမှုမျိုးကို လုံးဝ မကြုံဖူးခဲ့ပေ။ သူက ကျယ်လောင်စွာ အော်ငိုရင်း လင်ချူးဆွေ့ထံ ပြေးဝင်လာသည်။

လင်ချူးဆွေ့က သူ့ကို ကန်ထုတ်လိုက်၏။ သူမက သူ ဒဏ်ရာမရအောင် အားကို ထိန်းထားသော်လည်း နာကျင်သွားရန် လုံလောက်ပေသည်။

ထိုကလေးက မြေပေါ်တွင် ထိုင်ကာ ကျယ်လောင်စွာ ငိုကြွေးတော့သည်။

ထိုအချိန်၌ အိမ်ရာဝန်းအတွင်း square dance ကနေသည့် ကျူးကျစ်ချီ၏ အဖွားက သူ့မြေး ငိုသံကို ကြားလိုက်သည့်အခါ လေအလျင်နှင့် အပြေးရောက်လာခဲ့ပေသည်။ သူမက သူမမြေးကို ကာကွယ်လိုက်၏။

"နင် ဘယ်လိုလုပ် ငါ့မြေးကို အနိုင်ကျင့်ရဲရတာလဲ။ ငါ... ငါ နင့်ကို သေအောင် ရိုက်ပစ်မယ်။"

ထိုသို့ပြောရင်း အသိစိတ်ပျောက်သွားသည့် အဖွားကြီးက သူမ ဖိနပ်ကို ချွတ်ကာ လင်ချူးဆွေ့ထံ ပြေးဝင်လာသည်။

လင်ချူးဆွေ့က သူမဖိနပ်ကို လုယူကာ လွှင့်ပစ်လိုက်သည်။ "ကျွန်မက အကျိုးအကြောင်းသင့် လုပ်တတ်တဲ့ သူမျိုး မဟုတ်ဘူး။ ကျွန်မ ကလေးတစ်ယောက်ကို ရိုက်နိုင်တယ်ဆိုကတည်းက အဖွားကြီးတစ်ယောက်ကိုလည်း ရိုက်နိုင်တယ်။ ရန်လာမစနဲ့။"

အဖွားကြီးက မြေပြင်တွင် ထိုင်ချကာ ကျယ်လောင်စွာဖြင့် ဆွဲဆွဲငင်ငင် အော်ဟစ်ငိုကြွေးတော့သည်။ "ကြောက်စရာပဲ။ လူတွေကို အနိုင်ကျင့်နေပါတယ်။ ကိုယ်ထိလက်ရောက် ရိုက်နှက်နေပါတယ်။"

"ဟုတ်တယ်။ ကျွန်မက ရှင့်ကို အနိုင်ကျင့်ပြီး ရိုက်နှက်နေတာ။ အဲဒီတော့ ဘာဖြစ်လဲ။ ကျယ်ကျယ်ငိုစမ်းပါ။ ဘယ်သူ မျက်နှာပျက်ရမလဲ ကြည့်ကြတာပေါ့။"

"နင်က ဘယ်လိုလူမျိုးလဲ။ နင်က ဘာအကြောင်းနဲ့ ငါတို့ရဲ့ အဖိုးတန်လေး အာ့ပေါင်ကို ဘာလို့ ရိုက်ရတာလဲ။"

လင်ချူးဆွေ့က သူမနောက်မှ ရွှီကျားနင်ကို ဆွဲထုတ်လိုက်သည်။ "ကြည့်လိုက်စမ်းပါ။ သူက ကျွန်မတို့ အစ်ကိုပဲ။ ရှင့်ရဲ့ သောက်ကျိုးနည်း အလိုလိုက်ခံထားရတဲ့ ကောင်စုတ်လေးက ကျွန်မတို့ အစ်ကိုပေါ်ကို ရွှံ့ရေတွေနဲ့ ဖြန်းတဲ့အပြင် နဖူးမှာ ရောင်သွားအောင်တောင် လောက်လေးခွနဲ့ ပစ်လိုက်တာလေ။ ကျွန်မအစ်ကိုမှာ IQ မြင့်မြင့်ရှိတယ်။ သူ အရိုက်ခံလိုက်ရလို့ ငတုံးဖြစ်သွားရင် ကျွန်မ ရှင့်မြေးအစုတ်အပျက်ရဲ့ ​ခေါင်းကို ရိုက်ခွဲပစ်မယ်။"

ရွှီကျားနင်၏ နှုတ်ခမ်းထောင့်က တုန်ယင်သွားသည်။ "ငါ ငတုံးဖြစ်လာမှာ မဟုတ်ဘူး။"

"ပါးစပ်ပိတ်ထား"

...........

ရှောက်ယန်က လက်ပိုက်ကာ ရေပန်းကို မှီ၍ ရပ်နေပြီး ထိုမြင်ကွင်းကို ဘေးမှ စောင့်ကြည့်နေသည်။

သူက မနေနိုင်ဘဲ နှုတ်ခမ်းတို့ အနည်းငယ် ကွေးညွှတ်သွား၏။

မိန်းမငယ်​လေး၏ ယူနီဖောင်းကော်လာက ရွဲ့စောင်းနေကာ သူမ၏ နူးညံ့သော အသွင်အပြင်က မောက်မာဝင့်ကြွားသည့် သဘောထားကြောင့် ရန်လိုနေသည့်ဟန် ထင်မှတ်ရသည်။

အကြောင်းပြချက်တချို့ကြောင့် ရှောက်ယန်သည် သူ့နှလုံးခုန်နှုန်းက မြန်ဆန်လာသည်အား ခံစားမိလိုက်သည်။

သူ မိဘမဲ့ဂေဟာ၌ရှိစဥ်က သူသည်လည်း ထိုကဲ့သို့ ကလေးတစ်အုပ်၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရဖူးသည်။ သူက မိသားစုတစ်ခု၏ မွေးစားခြင်း မခံရခင်အချိန်ထိ သည်းခံခဲ့ရပြီး နူးညံ့သိမ်မွေ့ပုံပေါ်သည့် 'အဖေနှင့်အမေ' ထံမှ ထပ်ပြီး အနိုင်ကျင့်ခံခဲ့ရပြန်သည်။ နောက်ပိုင်း၌ သူက လူမှုအသိုင်းအဝိုင်း၏ လူများထံမှ အနိုင်ကျင့်ခံရပြန်၏။

သူသည် တစ်စုံတစ်ယောက်၏ နှလုံးသားထဲ၌ ဒေါသကို ဖိနှိပ်ထားရသော အကူအညီမဲ့သည့် ခံစားချက်ကို ကောင်းကောင်း နားလည်ပေသည်။

အခြားလူများကို ကာကွယ်ရန် မဆိုထားနှင့် ကိုယ့်ကိုယ်ကိုယ်ပင် ကာကွယ်နိုင်စွမ်း မရှိပေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ရှောက်ယန်သည် သူ့အစ်မကဲ့သို့ နူးညံ့ညင်သာသော အမျိုးသမီးမျိုးကို ကြိုက်နှစ်သက်သည်ဟု တွေးခဲ့ဖူးသည်။

သို့သော် အခုချိန်၌ သူက နောက်ဆုံးတွင် နူးညံ့ညင်သာပြီး ဆွဲဆောင်မှုရှိသည့် အမျိုးသမီးများကို စိတ်ဝင်စားခြင်းမရှိဘဲ အကျိုးအကြောင်း မသင့်ဘဲ ရိုင်းစိုင်းကြမ်းတမ်းသည့် လင်ချူးဆွေ့ကသာ သူ၏ စိတ်ကူးထဲမှ အမျိုးသမီးမျိုး ဖြစ်နေကြောင်း သတိပြုမိလိုက်ပေသည်။

လင်ရှို့ကျယ် : ?

အဖွားကြီးက မြေပေါ်၌ ထိုင်ကာ ခဏလောက် ဝုန်းဒိုင်းကြဲ သောင်းကျန်းပြီးနောက် လင်ချူးဆွေ့နှင့် ရွှီကျားနင်ကို ရပ်ကွက်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ရွှီကျားနင်၏ အမေကလည်း ထိုသတင်းကို ကြားကြားချင်း အပြေးရောက်လာခဲ့၏။

"သူတို့... သူတို့ ငါ့​မြေးကို အနိုင်ကျင့်ကြတယ်။"

အဖွားကြီး၏ ထက်ရှသော လျှာက နေရာအနှံ့ကို တံတွေးများ လွင်ပျံနေစေသည်။ "သူတို့က ကျွန်မ မြေးကို မမှတ်မိနိုင်လောက်တဲ့ အခြေအနေထိရောက်အောင် ရိုက်လိုက်တယ်။ အရာရှိကြီး ရှင် ကျွန်မတို့အတွက် တရားမျှတမှု ရအောင် ယူပေးရမယ်။"

လင်ချူးဆွေ့က အဖွားကြီး၏ နောက်တွင် ပုန်းနေသော ဆိုးသွမ်းသည့် ကလေးကို တစ်ချက်လှမ်းကြည့်ကာ ရှင်းပြလိုက်သည်။ "သူ့ကို ရိုက်တာ ကျွန်မ မဟုတ်ဘူး။ ဒီသားရဲပေါက်စလေးက အစကတည်းက အချိုးမပြေတာ။"

အဖွားကြီးသည် သူမက ဟင်းသီးဟင်းရွက် စျေးထဲမှ စကားအရာ၌ ရှုံးပွဲမရှိသည့် လမ်းဘေး တိုက်ခိုက်ရေးသမား တစ်ယောက်ဟု တွေးထားခဲ့သည်။ သို့သော် သူမ ထင်မှတ်မထားခဲ့သည်မှာ လင်ချူးဆွေ့နှင့် တွေ့ဆုံလိုက်ပြီးနောက် ထိုမိန်းကလေးက သူမကို မိနစ်တိုင်း ဒေါသများဖြင့် မူးဝေလာအောင် လုပ်ဆောင်နိုင်မည်ကို ဖြစ်သည်။

သူမသည် နည်းလမ်းဟောင်းကြီးကို တစ်ခါထပ်သုံးရုံသာ ရှိပြီး မြေပြင် ငိုယိုအော်ဟစ်နေသည်။ "အဆုံးအမကို မရှိဘူး။ ဒီနေ့ခေတ် လူငယ်တွေက လူကြီးတွေနဲ့ ကလေးတွေကိုတောင် အနိုင်ကျင့်လောက်အောင် ရက်စက်ကြတာပဲ။"

"ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်တာလဲ။ ရှင့်မိသားစုရဲ့ သားရဲပေါက်စလေးက ကျွန်မ အစ်ကိုကို အရင် တိုက်ခိုက်တာလေ။"

အမေ ကျန်းရူယွမ်က ရွှီကျားနင်ကို ခက်ထန်စွာ မေးလိုက်သည်။ "ဒီမှာ အတိအကျ ဘာတွေ ဖြစ်နေတာလဲ။ နင်က နင့်ညီလေးကို ထပ်ပြီး အနိုင်ကျင့်ပြန်ပြီလား။"

'ထပ်ပြီး' ဟူသည့် စကားလုံးကို ကြားလိုက်ရသောအခါ ရွှီကျားနင်၏ မျက်လုံးထဲ၌ စိတ်ပျက်သွားသည့် အရိပ်အယောင်တို့ သိသိသာသာ ပေါ်ထွက်လာသည်။ "ကျွန်တော် သူ့ကို ဘယ်တုန်းကမှ အနိုင်မကျင့်ဖူးဘူး။"

သို့သော် ကျန်းရူးယွမ်က ရှင်းပြမှုကို နားမထောင်ပေ။ "ရွှီကျားနင် နင့် အဖေက နင့်ကို ငါ့အိမ်မှာ နေခိုင်းဖို့ ​ပြောခဲ့တာကို ငါ မကန့်ကွက်ခဲ့ဘူး။ ငါတို့အိမ်က ကျဥ်းပေမယ့် နင့်အတွက် အခန်းတစ်ခန်းရအောင် လုပ်ပေးခဲ့တယ်။ ငါတို့ နင့်ကို လုံလုံလောက်လောက် ကောင်းကောင်း ဆက်ဆံပေးခဲ့တယ်။ နင်က ဘာလို့ နင့်ညီလေးကို ခက်ခဲအောင် လုပ်နေရတာလဲ။"

"မနေ့ညက နင် ရောက်ရောက်ချင်း သူ့ရဲ့ Lego အရုပ်တွေကို လွှင့်ပစ်တယ်။ အခု နင်က နင့်သူငယ်ချင်းတွေနဲ့ ပေါင်းပြီး သူ့ကို အနိုင်ကျင့်တယ်။ ငါတို့က နင့်မိသားစုအပေါ် ဘာများ အမှားလုပ်ခဲ့မိလို့လဲ။"

ရွှီကျားနင်က တစ်လုံးချင်း ထပ်ပြောလိုက်သည်။ "ကျွန်တော် သူ့အရုပ်တွေကို လွှင့်မပစ်ခဲ့ဘူး။"

"အဲဒါ သူပဲ သူလုပ်တာ" ကျူးကျစ်ချီက ခုန်ထွက်လာပြီး ဆူဆူညံညံဖြင့် မကျေမနပ် ပြောလိုက်သည်။ "အမေ မြန်မြန်လေး သူ့ကို မောင်းထုတ်လိုက်။ သူက သားကို အနိုင်ကျင့်တယ်။ ရိုက်တယ်။ ကန်တောင် ကန်သေးတယ်။"

လင်ချူးဆွေ့က ကျူးကျစ်ချီကို ဒေါသတကြီး ကြည့်လိုက်သည်။ "ငါ အခုပဲ နင့်ကို ကန်ပစ်လိုက်မယ်ဆိုတာ ယုံလား။"

"ဟာ့"

ရွှီကျားနင်က သူမကို ဆွဲလိုက်သည်။ "တော်လောက်ပြီ။"

***

All Chapters