← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အပိုင်း ( ၄၀ )

"အဲဒါကို မြင်ရဲ့လား အရာရှိကြီး။ ဒီမိန်းက​လေးက အခုလေးတင် ကျွန်မတို့ ကလေးလေးကို အနိုင်ကျင့်နေတာ။" အဖွားကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "မြန်မြန်လေး သူမကို ဖမ်းလိုက်ပါတော့။"

ရဲအရာရှိက တစ်ဖက်တည်း၏ ပြောစကားကို နားထောင်လိမ့်မည် မဟုတ်ပေ။ သူက လင်ချူးဆွေ့ကို မေးလိုက်သည်။ "မင်းက ကလေးကို ကိုယ်ထိလက်ရောက် လုပ်ခဲ့တာလား။"

"လုပ်ခဲ့တယ်။ ဒါပေမယ့် သူက ကျွန်မကို အရင်ကိုက်တာ။ သူ ဒဏ်ရာရသွားတယ်ထင်ရင် ရှင် သူ့ကို ဆရာဝန်နဲ့ ပြပေးလိုက်လို့ရတယ်။ ကုန်ကျစရိတ်အားလုံးကို ကျွန်မ ပေးမယ်။ ဒါပေမယ့် သူ ကျွန်မရဲ့ အစ်ကိုကို ဆက်ပြီး အနိုင်ကျင့်နေမယ်ဆိုရင် ကျွန်မ သူ့ကို တွေ့တဲ့အခါတိုင်း ရိုက်မယ်။"

ကျူးကျစ်ချီက ကြောက်ရွံ့သွားပုံပေါ်ပြီး ကျန်းရူယွမ်၏ နောက်တွင် အလျင်အမြန် ဝင်ပုန်းလိုက်သည်။

ကျန်းရူယွမ်က လင်ချူးဆွေ့ကို ကြည့်လိုက်သည်။ "နင်က သူ့ညီမလား။'

"ကျွန်မက ရှင့် ယောက်ျားဟောင်းရဲ့ လက်ရှိ မိသားစုက လူပဲ။ ကျွန်မ ဒီနေ့ ကျွန်မရဲ့ အစ်ကိုကို ပြန်ခေါ်ဖို့လာခဲ့တာ။ သူက ပြည်ပကနေ ပြန်လာတာ မကြာသေးတော့ ဒီလို အရှက်မရှိတဲ့ လူအိုမကြီးတွေနဲ့ ဆိုးသွမ်းတဲ့ သားရဲပေါက်စတွေကြောင့် ကြောက်လန့်သွားရတယ်။ သူက အခုထိ ထိတ်လန့်နေရတုန်းပဲ။ ရှင် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ပေးလျော်စရာမလိုဘူး။ ကျွန်မ သူ့ကို အခုပဲ ခေါ်သွားမယ်။"

ကျန်းရူယွမ်သည်လည်း လင်ချူးဆွေ့၏ စကားများကြောင့် ဒေါသထွက်သွားကာ သူမ မျက်နှာက နီရဲလာသည်။ "ဒီလျှာစောင်းထက်တဲ့ မိန်းကလေးက ဘယ်က လာတာလဲ။ နင့် မိဘတွေက အခြေခံယဥ်ကျေးမှုနဲ့ လူကြီးတွေ ကလေးတွေကို ချစ်မြတ်နိုးရမယ်ဆိုတာ မသင်ပေးထားဘူးလား။"

လင်ချူးဆွေ့ : "လူကြီးနဲ့ ကလေးတွေအပေါ် ယဥ်ကျေးဖို့နဲ့ ကြင်နာဖို့ဆိုတာ လိုအပ်တဲ့အရာပဲ။ ဒါပေမယ့် အဲဒီလိုအပ်မှုက လေးစားဖို့ ထိုက်တန်တဲ့ လူကြီးတွေနဲ့ ကြင်နာဖို့ ထိုက်တန်တဲ့ ကလေးတွေ အပေါ်ပဲ အလုပ်ဖြစ်တယ်။ ရှင့် မိသားစုထဲမှာ ဘယ်သူက ယဥ်ကျေးဖို့ ထိုက်တန်နေလို့လဲ။"

"နင်.... နင့်ကို ငါ အခုပဲ ရဲလက်အပ်လိုက်တော့မယ်။" ကျန်းရူယွမ်က ရဲအရာရှိဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "သူတို့ကို ဖမ်းလိုက်ပါတော့။"

ရဲအရာရှိ ရှောင်ချန်းက ကျူးကျစ်ချီနှင့် အဖွားကြီး ဘာမှမထိထားသည်ကို မြင်ခဲ့ပြီး ပြောလိုက်သည်။ "အရင်ဆုံး အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း သိဖို့လိုသေးတယ်။ ရဲတွေက လူတွေကို လက်လွတ်စပယ် ဖမ်းဆီးလို့ မရဘူး။"

"အခြေအနေက ရှင်းလင်းနေပြီ မဟုတ်ဘူးလား။ ဒီအပြုအမူဆိုးတွေ ရှိတဲ့ လူတွေက ကျွန်မတို့ လူကြီးတွေနဲ့ ကလေးတွေကို အနိုင်ကျင့်နေတယ်လေ။"

"ရှင့်မိသားစုကလေးက အရင်လူရိုက်တာ။"

"နင့်မှာ သက်သေရှိလို့လား။ ငါတို့ ကလေးက အရမ်းလိမ္မာတယ်။ သူက ပုံမှန်ဆိုရင် ပိုးကောင်သေးသေးလေးတွေကိုတောင် နာကျင်အောင် မလုပ်ရက်တဲ့သူပဲ။ သူက ဘယ်လိုလုပ် နင့်ကို လက်ပါနိုင်မှာလဲ။"

ထိုအချိန်၌ တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ရှောက်ယန်က သူ့ဖုန်းကို ထုတ်ကာ အခုလေးတင် ရိုက်ကူးခဲ့သည့် ဗီဒီယိုအား ဖွင့်လိုက်သည်။

"ကျွန်တော်က စိတ်လှုပ်ရှားစရာ ကောင်းတာတွေကို ကြည့်ရတာ ကြိုက်တယ်။ အဲဒါကြောင့် တိုက်ခိုက်နေကြတာကို မြင်တဲ့အခါ နောက်ကျ ပြန်ကြည့်လို့ရအောင် မှတ်တမ်းတင်ထားခဲ့တယ်။"

ရဲအရာရှိက ချက်ချင်း ဖုန်းကို ယူကာ ကြည့်လိုက်သည်။

ဗီဒီယိုထဲ၌ အလွန်ပင် ပြည့်ပြည့်စုံစုံပါဝင်ပြီး ကျူးကျစ်ချီက ကလေးအုပ်စုကို ဦးဆောင်လာကာ ဝင်ပေါက်၌ ပိတ်ရပ်လိုက်သည်မှစကာ ရွှီကျားနင်ကို ရေသေနတ်နှင့် ပစ်ပြီး နောက်ပိုင်း လောက်လေးခွနှင့် ပစ်ခတ်လိုက်သည်အထိပါ အကုန်လုံး ပါဝင်လေ၏။

လင်ချူးဆွေ့ ကလေးများကို တွန်းလိုက်သည့် အချိန်၌ ကင်မရာက ကျွမ်းကျင်စွာဖြင့် လမ်းသွားလမ်းလာများကို ရိုက်ကူးလိုက်သည်။ ကလေးများ ခုန်ဝင်လာပြီး ကုတ်ခြစ်ကြသည့်အချိန်တွင် ကင်မရာက ပြန်၍ မှတ်တမ်းတင်လိုက်သည်။

ရလဒ်အနေနှင့် ဗီဒီယိုသည် အခြေခံအားဖြင့် ကလေးများ၏ ရိုင်းစိုင်းကြမ်းကြုတ်မှုနှင့် အမျိုးသမီးကြီး၏ မြေပြင်ပေါ်တွင် ထိုင်ချကာ ကျိုးကြောင်းမသင့်စွာ ပြဿနာရှာနေခြင်းများသာ ပါဝင်ပေသည်။

ဗီဒီယို ကြည့်ပြီးနောက် လင်ချူးဆွေ့က ရှောင်ယန်အား အမြင်သစ်ဖြင့် ကြည့်လိုက်မိသည်။

ကျောင်းဉာဏ်ကြီးရှင်က အမှန်တကယ်ပင် အကြောင်းအရာကို အဖြူအမည်း ပြောင်းပြန်လှန်နိုင်စွမ်း ရှိပေသည်။

ရဲအရာရှိက ဗီဒီယိုကို ကြည့်ပြီးနောက် မစ္စကျန်းရူယွမ်ကို သတိပေးသလို လှည့်ကြည့်လိုက်သည်။ သူသည် ကလေးများက အခြားလူများကို ဤကဲ့သို့ အနိုင်မကျင့်သင့်ကြောင်းနှင့် လူကြီးသူမများကလည်း မြေပြင်တွင် ထိုင်ချကာ ငိုကြွေး၍ အားတိုင်း ပြဿနာမရှာသင့်ကြောင်း အများပြည်သူကို ဒုက္ခမပေးသင့်ကြောင်း ဆုံးမစကားပြောလိုက်သည်။

သူတို့ ရပ်ကွက်ရဲစခန်းမှ ထွက်လာသည့်အခါ အဖွားကြီးက ရွှီကျားနင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ "အထုပ်အပိုးတွေ ထုပ်ပြီး ငါတို့ အိမ်ကနေ ထွက်သွား။ ငါတို့နဲ့ လာမနေနဲ့၊ ကပ်ပါးရပ်ပါးကောင်။"

ကျန်းရူယွမ်သည် ထိုစကားများက ကြမ်းတမ်းသည်ဟု ခံစားရသော်လည်း သူမက ယောက္ခမကို မဆန့်ကျင်ခဲ့ပေ။ သူမက ရွှီကျားနင်ကို ပြောလိုက်၏။ "ကျားနင် နင် ဘာလို့ နင့်အဖေအိမ်ကို ပြန်မသွားတာလဲ။ ငါတို့အိမ်က အစကတည်းက ကျဥ်းကျဥ်းလေး။ လူအများကြီးနေဖို့ အဆင်မပြေဘူး။ နင် လာနေတာက ငါတို့ကို အရမ်း အဆင်မပြေဖြစ်စေတယ်။"

ကျူးကျစ်ချီက ကျန်းရူယွမ်၏ ခြေထောက်ကို ဖက်ကာ ရွှီကျားနင်အား စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ "ထွက်သွား သူမက ငါ့အမေ။ မင်း အမေ မဟုတ်ဘူး။"

ရွှီကျားနင်က သူတို့ကို ကြည့်ကာ သူ့မျက်လုံးထဲတွင် မှောင်မိုက်သည့် အရိပ်အငွေ့တို့ ဖြတ်သန်းသွားသည်။

သူက ဘာစကားမှ မပြောတော့ဘဲ အထုပ်အပိုးများ ယူရန် ထိုအိမ်သို့ သွားခဲ့သည်။

လင်ချူးဆွေ့နှင့် ရှောက်ယန်က ရပ်ကွက်ဝင်ပေါက်၌ သူ့ကို စောင့်ဆိုင်းနေခဲ့သည်။ သူ ထွက်လာသည်ကို မြင်သောအခါ လင်ချူးဆွေ့က သူ့လက်ကို ဆွဲကာ ပြောလိုက်သည်။ "စျေးပေါတဲ့အစ်ကို အိမ်ပြန်လာတာ ကြိုဆိုပါတယ်။"

ရွှီကျားနင်က သူမကို နက်နက်ရှိုင်းရှိုင်း ကြည့်၍ မေးလိုက်သည်။

"မင်း ဘာလို့ ငါ့ကို လာကူညီတာလဲ။ ငါ့ကိုယ်ငါ အရူးလုပ်နေတာကို ကြည့်ချင်ရုံ မဟုတ်ဘူးလား။"

"ငါ နင့်ကိုယ်နင် အရူးလုပ်နေတာကို မြင်ချင်တယ်။ ဒါပေမယ့်..."

လင်ချူးဆွေ့က လက်ဆန့်ထုတ်ကာ သူ့ခေါင်းကို ပုတ်လိုက်သည်။ "နင့်ကိုယ်နင် အရူးလုပ်တာ လုံလောက်သွားပြီလို့ ခံစားရတယ်။ တခြားလူတွေ နင့်ကို အနိုင်ကျင့်တာ မမြင်ချင်ဘူး။"

ရွှီကျားနင်၏ ကျုံ့နေသော မျက်ခုံးများက နောက်ဆုံး၌ ပြေလျော့သွားသည်။ သူက လက်ဆွဲသေတ္တာကို လင်ချူးဆွေ့အား ပေးလိုက်သည်။ "မင်းအစ်ကိုအတွက် လက်ဆွဲသေတ္တာ သယ်ဖို့ ကူညီပေး။"

ရှောက်ယန်က လိုလိုလားလား ဝင်ပြောလိုက်သည်။ "ငါ ကူညီပေးမယ်။"

ရွှီကျားနင် : "ကျောင်းဉာဏ်ကြီးရှင်က ဒီနေ့ အရမ်း အကူအညီပေးနေတော့ ငါ့ကို လူသားတွေရဲ့ နွေးထွေးမှုကို ခံစားမိစေတယ်။"

ရှောက်ယန်က လင်ချူးဆွေ့ ဘေးသို့ လျှောက်လာပြီး သူ့မျက်လုံးများက အနည်းငယ် နူးညံ့သွားသည်။ "စျေးပေါတဲ့ မင်း ညီမလေးရဲ့ မျက်နှာသာပေးမှုကို မှတ်ထား။"

လင်ချူးဆွေ့သည် ရှောက်ယန်၏ အကြည့်များက ပြောင်းလဲသွားပြီး ယခင်ကလောက် မအေးစက်တော့ကြောင့် ခံစားလိုက်ရသည်။

သို့သော် ရှောက်ယန်က လက်ဆွဲသေတ္တာကို လက်တစ်ဖက်နှင့် မ,ရန် ကြိုးစားသော်လည်း ကျရှုံးသွားပြီး ထို့နောက်တွင် လက်နှစ်ဖက်နှင့် မ,ယူရန် ကြိုးစားလိုက်သည်ကို သူမ ကြည့်နေခဲ့သည်။ သို့သော် ရလဒ်မှာ သူက မ,မနိုင်ဘဲ ရှိနေဆဲပင်။

ရှောက်ယန်က လက်ဆွဲသေတ္တာကို လွှတ်ကာ လင်ချူးဆွေ့အား အကူအညီမဲ့စွာ ပြန်ကြည့်လိုက်သည်။ "ငါ့မှာ.... အားနည်းတဲ့ ခန္ဓာကိုယ် ရှိတယ်။"

လင်ချူးဆွေ့ : ...

သေချာပေါက် ကျောင်းဉာဏ်ကြီးရှင်က မပြောင်းလဲပေ။

လင်ချူးဆွေ့က လျှောက်လာပြီး လက်ဆွဲသေတ္တာအား လက်တစ်ဖက်တည်းနှင့် ကောက်မလိုက်သည်။ "ကျောင်းဉာဏ်ကြီးရှင်ရေ နင် မွေးထားတဲ့ အဲဒီ ကြွက်သားတွေက အချည်းနှီးပဲနော်။"

ရှောက်ယန်က စိတ်ထဲမထားဘဲ သူမနောက်မှ အပြုံးနှင့် လိုက်သွားသည်။ "အချည်းနှီးမဖြစ်ပါဘူး။ အနာဂတ် ရည်းစားကောင်မလေးက သဘောကျမှာပါ။"

လင်ချူးဆွေ့က ရွှီကျားနင်အား အိမ်ပြန်ခေါ်လာခဲ့သည်။ ကျန်းရူယွမ်သည် က ရွှီစုန့်ပိုင်အား ဖုန်းခေါ်ကာ သူမ၏ အခြေအနေနှင့် အခက်အခဲကို ရှင်းပြထားပြီး ဖြစ်သည်။

ရွှီကျားနင် လက်ဆွဲသေတ္တာကို ဆွဲ၍ ပြန်လာသောအခါ ဆိုဖာပေါ်မှာ ထိုင်နေသည့် ရွှီစုန့်ပိုင်က သူ့ကို ကြည့်နေရင်း ထေ့ငေါ့ ပြောလိုက်သည်။ "မင်း UK မှာ တစ်ယောက်တည်း နေခဲ့တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ မင်းအမေအိမ်မှာ တစ်ရက်တောင် မနေနိုင်တာလဲ။"

လင်ချူးဆွေ့က ရှင်းပြရန် လုပ်လိုက်သော်လည်း ရွှီကျားနင်က အရင်ပြောလိုက်၏။ "ကျွန်တော့်ညီမက ကျွန်တော့်ကို အရမ်းလွမ်းနေပြီး ပြန်လာဖို့ ငိုယိုတောင်းပန်နေလို့လေ။ ကျွန်တော်သာ ပြန်လိုက်မလာရင် သူမ အသက်မရှင်နိုင်တော့ပါဘူးဆိုလို့ ပြန်လိုက်လာတာ။"

"အိုး.. ကျေးဇူးပြုပြီး" လင်ချူးဆွေ့က ရွှီကျားနင်ကို ကြည့်လိုက်သည်။ "လူသားဆန်စမ်းပါ။ ငါ ဘယ်တုန်းက နင်မရှိရင် အသက်မရှင်နိုင်ဘူးလို့ ပြောမိလို့လား။"

"ငါ့ ညီမက ရှက်နေတာလား။"

"မဟုတ်ဘူး။ ငါ မပြောခဲ့ဘူး နိုင်ငံခြားသားအတုကောင် နင့်မှာ နှလုံးသား မရှိဘူးလား။"

ဖန်းယို့ယိက မောင်နှမနှစ်ယောက် လိုက်လျောညီထွေ ရှိနေသည်ကို မြင်သောအခါ အလွန် ပျော်ရွှင်သွားသည်။ သူမက ပြောလိုက်သည်။ "မင်း ပြန်လာတာ ကောင်းတယ်။ အန်တီ့သမီးက တစ်ဦးတည်းသော သမီးဆိုတော့ အမြဲ အစ်ကိုတစ်ယောက် လိုချင်နေခဲ့တာ။ သူမက ကျားနင်ကို အစ်ကိုအရင်းလို ဆက်ဆံတာ ဖြစ်ရမယ်။ သားတို့နှစ်ယောက် ကောင်းကောင်းနေနေတာ မြင်ရတော့ အန်တီ အရမ်းဝမ်းသာမိတယ်။ စုန့်ပိုင် ကျားနင်ကို ထပ်ပြီး အဝေးမပို့နဲ့တော့။"

လင်ချူးဆွေ့သည် အစက ရှင်းပြချင်သော်လည်း သူမသည် ရွှီကျားနင်အား ကျန်းရူယွမ်အိမ်၌ ကြုံခဲ့ရသော နစ်နာမှုများကို ပြန်မတွေးစေချင်သောကြောင့် ကိုးရို့ကားယားနှင့် ပါးစပ်ပိတ်ထားလိုက်သည်။

ဖန်းယို့ယိက သူ့ကို တောင်းဆိုနေသည့်အတွက် ရွှီစုန့်ပိုင်က ရွှီကျားနင်အား ပြောလိုက်သည်။ "မင်း အန်တီကြောင်မို့လို့ မင်းကို နေခွင့်ပြုလိုက်မယ်။ ဒါပေမယ့် မင်းအပေါ်မှာ ငါ့ တောင်းဆိုချက်က မပြောင်းလဲဘူး။ မင်း အဆင်တစ် မဟုတ်ရင် အနည်းဆုံး အဆင့်နှစ်တော့ ရရမယ်။ အဲဒီအဆင့်အတိုင်း ထိန်းထား။"

ရွှီစုန့်ပိုင်က အမြဲတမ်း ရွှီကျားနင်အပေါ်၌ အများကြီး တောင်းဆိုလေ့ရှိသည်။ သူ ကလေးဘဝကတည်းက အကောင်းဆုံးကျောင်းသို့ ပို့ကာ အကောင်းဆုံး ပညာရေးကို ရရှိစေသည်။ သူက တစ်ဦးတည်းသော သားဖြစ်ပြီး အနာဂတ်တွင် ကုမ္ပဏီကို တာဝန်ယူရမည် ဖြစ်သောကြောင့် အမှားများ ပြုလုပ်ပြီး စိတ်ပျက်ရစေခြင်းမျိုး ရှိ၍ မရနိုင်ပေ။

ရွှီကျားနင်က ရွှီစုန့်ပိုင်၏ တောင်းဆိုချက်များကို လိုက်နာလေ့ရှိသည်။

"ပြီးတော့ ငါ မင်းညီမကို သင်ပြပေးနေရင် နောက်ထပ် သူမကို ကာကွယ်ပေးလို့ မရဘူး။ နောက်ဆုံးတစ်ကြိမ်ကလို ထပ်လုပ်ခဲ့ရင် မင်းကို ငါ အလွတ်ပေးမှာ မဟုတ်ဘူး။"

"နားလည်ပါပြီ။"

...........

ထိုညတွင် လင်ချူးဆွေ့က မီးဖိုချောင်သို့ သွားကာ ရေခဲသေတ္တာအား ဖွင့်၍ ညလယ်စာ စားရန် ရှာဖွေနေသည်။

နို့ဖြူရောင်ညအိပ်ဝတ်စုံကို ဝတ်ထားသည့် ရွှီကျားနင်က နွားနို့တစ်ခွက်ကိုင်ထားပြီး တံခါးဘောင်ကို မှီရပ်နေရင်း ပြောလိုက်သည်။ "ဒီနေ့အတွက် ကျေးဇူးပဲ။"

လင်ချူးဆွေ့က ရေခဲသေတ္တာတံခါးနားမှာ ရ​ပ်ရင်း အာလူးကြော်ကို ဟမ်းစတားလေးတစ်ကောင်ကဲ့သို့ ဝါးနေပြီး လှည့်ကြည့်ကာ ပြောလိုက်သည်။ "ကျေးဇူးတင်စကားကို သာမန်ကာလျှံကာ ပြောတာထက် မပြောတာက ပိုကောင်းတယ်။ နင် တကယ် ကျေးဇူးတင်ရင် ရိုးသားမှုတချို့ပြလေ။"

"ကောင်းပြီ။ အဲဒါဆို ငါ့ရဲ့ ရိုးသားမှုကို ပြဖို့ မင်းကို စကားတချို့ ပြောပြမယ်။"

"ငါ အတင်းအဖျင်းတွေ စိတ်မဝင်စားဘူး။" လင်ချူးဆွေ့က အာလူးကြော်ထုပ်ကို ကိုင်ပြီး သူ့ဘေးမှ ဖြတ်လျှောက်သွားသည်။

"အဲဒါက မင်းရဲ့ ချစ်လှစွာသော ဉာဏ်ကြီးရှင် ထိုင်ခုံဖော် အ​ကြောင်းပဲ။"

သူမက ခြေလှမ်းကို ရပ်လိုက်သည်။ "သူ့ကို ဘယ်သူက ချစ်ကြောင်း ဝန်ခံပြန်ပြီလဲ။"

"ငါ အဲဒီအကြောင်းတွေ ဂရုမစိုက်ဘူး။" ရွှီကျားနင်က သူမကို ပြောလိုက်သည်။ "ငါတို့ အရင်တစ်ခေါက် ဝိညာဥ်ခေါ်တဲ့ ဂိမ်းဆော့တာ မှတ်မိလား။ ငါတို့ ဆော့နေတဲ့အချိန်တုန်းက ဝိညာဥ်.... ဒါမှမဟုတ် မင်း အဖေလို့ ပြောသင့်လား သူ တကယ် ရောက်လာခဲ့တယ်။"

"နင် အဲဒီကိစ္စကို ထပ်အစဖော်ပြန်ပြီ။" လင်ချူးဆွေ့က သူ့ကို စိုက်ကြည့်လိုက်သည်။ "အဲဒီတုန်းက ဝိညာဥ် အယောင်ဆောင်တာအတွက်တောင် နင်နဲ့ စာရင်းမရှင်းရသေးဘူး။"

"အဲဒီတုန်းက ဖြစ်ခဲ့တာကို ငါ ရှင်းရှင်းလင်းလင်း ရှင်းပြချင်တယ်။" ရွှီကျားနင်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ပထမ မေးခွန်း အနည်းငယ်တုန်းက ငါ ဝိညာဥ်အယောင်ဆောင်ခဲ့တာ မှန်တယ်။ ဒါပေမယ့် နောက်ဆုံး မေးခွန်းနှစ်ခုမှာ တကယ် ငါ လုပ်တာ မဟုတ်ဘူး။"

လင်ချူးဆွေ့က သူ့ကို စူးစိုက်ကြည့်ကာ သူ့စကားလုံးများအား ယုံကြည်ရနိုင်စွမ်းရှိမရှိ အကဲဖြတ်နေသည်။

"တကယ်လား။"

"အဲဒီလောက် အချိန်အကြာကြီးတုန်းက ဖြစ်ခဲ့တဲ့ အ​ကြောင်းအရာနဲ့ ပတ်သတ်ပြီး နောက်ပြောင်ဖို့ ငါ အရမ်းပျင်းမနေဘူး။" ရွှီကျားနင်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "ငါ သဘာဝလွန်စွမ်းအားဆိုတာကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးဘူး။ ဒါပေမယ့် အဲဒီအချိန်တုန်းက ငါ တကယ်... အဲဒါကို ဘယ်လိုရှင်းပြရမလဲ မသိဘူး။ မင်းသာ ငါ့ကို တမင်သက်သက် ခြောက်လှန့်ခဲ့တာမဟုတ်ရင် အဲဒီတုန်းက... တကယ်ပဲ မင်း အဖေ ရောက်လာတာ ဖြစ်နိုင်တယ်။"

လင်ချူးဆွေ့၏ နှလုံးသားက တစ်ချက် အမြန် ခုန်သွားသည်။ "နင် ဘာလို့ အခုမှ အဲဒါကို ရှင်းပြနေရတာလဲ။"

"ငါ အဲဒီတုန်းကလည်း ပြောခဲ့ပေမယ့် မင်းတို့တွေက ငါ ချဲ့ကားပြောနေတယ်လို့ ထင်ပြီး မယုံကြည်ကြဘူးလေ။" ရွှီကျားနင်က ပခုံးတွန့်လိုက်သည်။ "ငါတို့ရဲ့ ဆက်ဆံရေးကလည်း သိပ်မကောင်းဘူး။ မင်းအဖေက မင်းအတွက် အရမ်းအရေးကြီးပေမယ့် ငါနဲ့တော့ ဘာမှမဆိုင်ဘူးလေ။ ငါ ထပ်ပြီး ရှင်းပြဖို့ အရမ်းပျင်းနေခဲ့တာ။ မင်း ဒီနေ့ ငါ့ကို ကူညီခဲ့တာမို့လို့ အဲဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်ပြီး မင်းရဲ့ အကူအညီကို ပြန်ပေးဆပ်တယ်လို့ ဆုံးဖြတ်နိုင်တယ်။"

လင်ချူးဆွေ့က စိတ်လှုပ်ရှားသွားသည်။ "ငါ့ အဖေ တကယ်ပဲ ပြန်လာခဲ့တာဆိုရင် သူက အခု ဘယ်မှာလဲ။"

"အဲဒါက ပြဿနာရဲ့ ဖြေရှင်းမရနိုင်တဲ့ အချက်ပဲ။" ရွှီကျားနင်က ပြောရင်းနှင့် လေးနက်စွာ ကြည့်လိုက်သည်။ "မင်း ဘယ်လိုထင်လဲ။ သူက တစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဝင်စီးထားတာရော မဖြစ်နိုင်ဘူးလား။"

"ဘယ်သူလဲ။ လုချီ၊ ကျန်းချန်ယွီ၊ ရှောင်ထျန်းလား.... ငါတို့ အားလုံး အဲဒီအချိန်တုန်းက ဂိမ်းကို အတူတူ ဆော့နေကြတာလေ။"

"အဲဒီတုန်းက ဘာဖြစ်ခဲ့လဲ မင်း မှတ်မိသေးလား။ ငါတို့အပြင် မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက်လည်း ရှိသေးတယ်လေ။"

"ရှောက်ယန်"

"အဲဒီတုန်းက သူ ပေါ်လာတာ အရမ်း တိုက်ဆိုင်လွန်းတယ်လို့ မင်း မထင်ဘူးလား။"

လင်ချူးဆွေ့၏ စိတ်က တုန်လှုပ်သွား၏။ "သူ မဖြစ်နိုင်ဘူး။ သူနဲ့ ငါ့အဖေက..... လုံးဝ မတူညီဘူး။ သူက ငါ့အဖေ မဖြစ်နိုင်ဘူး။"

"အဲဒါဆိုရင်တော့ ငါလည်း မသိတော့ဘူး။ ငါက သူ ပေါ်လာတာ အရမ်းတိုက်ဆိုင်လွန်းတယ်လို့ ခံစားမိရုံပဲ။" ရွှီကျားနင်က ပြောလိုက်သည်။ "ပြီးတော့လည်း သူက မင်းရဲ့ ထိုင်ခုံဖော် ဖြစ်လာပြီး သူ့မှာ ပိုက်ဆံအရမ်းလိုနေတာတောင် မင်းကို အခမဲ့စာသင်ပေးတယ်။ အဲဒီကိစ္စတွေကလည်း ရှင်းပြဖို့ ခက်တယ်မလား။"

လင်ချူးဆွေ့ : "အဲဒါ ငါက သူ့နတ်ဘုရားမ ဖြစ်နေတာကြောင့်လေ။"

"မင်းရဲ့ စကားကို မင်းကိုယ်မင်းရော ယုံရဲ့လား။" ရွှီကျားနင်က အေးစက်စွာ ပြောလိုက်သည်။ "ငါ့လိုမျိုး Eton မှာ နှစ်တိုင်း ထိပ်တန်းကျောင်းသား ဖြစ်ခဲ့တဲ့သူတောင် ပညာသင်ဆုကြေးရနိုင်အောင် ရှောက်ယန်ကို ဖိနှိပ်နိုင်ဖို့ အသည်းအသန်ကြိုးစားနေရတာ။ မင်းလို စာညံ့လွန်းတဲ့ ကျောင်းသားတွေထဲမှာတောင် အညံ့ဆုံးဖြစ်နေတဲ့သူက သူ့ရဲ့ နတ်ဘုရားမ ဖြစ်ရောဖြစ်နိုင်ရဲ့လား။ မင်းကိုယ်မင်း အသီနာလို့ ထင်နေလား။"

"..."

လင်ချူးဆွေ့က လက်သီးကျစ်ကျစ် ဆုပ်လိုက်မိလေသည်။

***

All Chapters