← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အပိုင်း ( ၄၁ )

လင်ချူးဆွေ့က ရွှီကျားနင် ပြောလိုက်သည့်စကားကို မတွေးဘဲ မနေနိုင်တော့ပေ။

မကြာသေးမီက သူမ ရှောက်ယန်နှင့်အတူ ဖြတ်သန်းခဲ့သည့် နေ့ရက်များအတွင်း သူမသည် သူနှင့်ပတ်သတ်၍ အမှန်တကယ် ထူးဆန်းသည့် အရာတစ်ခု ရှိနေကြောင်း ခံစားခဲ့ရပေသည်။

တစ်ချိန်တည်းမှာပင် ကျောင်းရှိ မိန်းကလေးများအားလုံးက ငေးကြည့်နိုင်သော်လည်း အနားသို့ ချဉ်းကပ်နိုင်ခြင်းမရှိသော သူက သူမအား နတ်ဘုရားမတစ်ပါးအဖြစ် အမှန်တကယ် မြင်လိမ့်မည်ဟူ၍ သူမ တစ်ခါမှ မခံစားခဲ့ရပေ။

ရွှီကျားနင် ပြောတာ အမှန်ဖြစ်ရင် သူမ အဖေသည်....

လင်ချူးဆွေ့က ထိုင်မနေနိုင်တော့ဘဲ ထိုကိစ္စကို အောက်ခြေအထိ ရောက်အောင် တူးဆွချင်နေသည်။

ညကိုးနာရီတွင် သူမသည် သွားလာရလွယ်ကူစေရန် သက်တောင့်သက်သာရှိသော အားကစား အနွေးဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကာ ဆံပင်ကို ပိုနီတေးလ်စည်းလိုက်ပြီး အခန်းတွင်းမှ ခိုးကြောင်ခိုးဝှက် ထွက်လာရင်း အပြင်ထွက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

လသာဆောင်တွင် ရှေးကဗျာများ ရွတ်နေသည့် ရွှီကျားနင်က သူမ အောက်ထပ်ကို ခိုးကြောင်ခိုးဝှက် ဆင်းလာတာကို မြင်ပြီး သူက ပြောလိုက်သည်။ "မင်း ဘယ်သွားမလို့လဲ။ မင်းပထွေးက မင်းရဲ့ စာလေ့လာမှုကို ကြီးကြပ်ပေးဖို့ ငါ့ကိုပြောထားတယ်။"

"ဒီနေ့ အိမ်စာတွေက အရမ်းခက်တယ်။ ငါ ပုစ္ဆာတွေ ရှင်းပြပေးဖို့ ရှောက်ယန်ကို သွားရှာမလို့။"

ရွှီကျားနင်က သူမ၏ ကျောင်းလွယ်အိတ်ကို ဆွဲယူကာ စာကြည့်ခန်းထဲသို့ ဆွဲခေါ်သွားပြီး ပြောလိုက်သည်။ "မင်းကို ငါ ရှင်းပြမယ်။"

"ဟင့်အင်း.. မဟုတ်ဘူး.. အလုပ်ရှုပ်မခံပါနဲ့။ ငါ ဗိုက်ဆာနေလို့ ညလယ်စာအတွက် တစ်ခုခု ဝယ်ဖို့ ဆိုင်ကို သွားဦးမှာ။"

ရွှီကျားနင်က ခဏလောက် စဉ်းစားကာ မေးလိုက်သည်။ "သူနဲ့ သူ့အစ်မက အတူတူနေပြီး ဟော့ပေါ့ဆိုင်ဖွင့်တယ်လို့ မင်း ပြောခဲ့ဖူးတယ် မလား။"

"ဟုတ်တယ်။ သူတို့က ဆိုင်ကို အလှည့်ကျ တာဝန်ယူကြပုံရတယ်။ ဆိုင်ရဲ့ စီးပွားရေးကလည်း တော်တော်ကောင်းတယ်။ ငါသွားတိုင်း အမြဲ တန်းစီနေတဲ့ လူတန်းက အရှည်ကြီးပဲ ရှိတယ်။"

"ဒါဆို သွားရအောင်။" ရွှီကျားနင်က ဖိနပ်စီးရန် တံခါးနား ဆောင့်ကြောင့်ထိုင်ချရင်း ပြောလိုက်သည်။ "ငါ မင်းနဲ့ လိုက်ခဲ့မယ်။"

"ဟမ် နင်က ဘာလို့ ငါနဲ့ လိုက်ချင်တာလဲ။"

"ငါလည်း ဗိုက်ဆာလို့ ညလယ်စာ လိုက်စားမလို့လေ။"

ရွှီကျားနင်က လင်ချူးဆွေ့ကို ညဈေးလမ်းသို့ စက်ဘီးနင်း၍ လိုက်ပို့ပေးလိုက်သည်။ ယနေ့တွင် ရှောက်ယန် ဆိုင်မှာ မရှိပုံရပြီး ရှောက်ချန်၏ အလုပ်ရှုပ်နေသော ပုံရိပ်ကိုသာ မြင်နေရသည်။

ရှောက်ယန် မရှိသည့်အတွက် စီးပွားရေးက သိပ်မကောင်းပုံပေါ်သည်။

"အစ်မ ရှောက်ယန် ဘယ်မှာလဲ။"

လင်ချူးဆွေ့ကို မြင်သည့်အခါ ရှောက်ချန်က ပြုံးလိုက်သည်။ "သူ မနေ့က သန်းခေါင်ယံအထိ ဒီမှာ ရှိနေခဲ့တာမို့ ဒီနေ့ သူ့ကို ပြန်ပြီး အနားယူခွင့်ပေးလိုက်တယ်။"

"အိုး.. ညီမ သူ့ကို အိမ်စာမေးဖို့ လာခဲ့တာ။ အဲဒါဆို အိမ်မှာပဲ သွားရှာလိုက်မယ်။"

"သွားလေ။ ဒီအချိန်ဆို သူလည်း စာလုပ်နေလောက်တယ်။"

ရွှီကျားနင်၏ အကြည့်က ရှောင်ချန်အပေါ်ကို ကပ်ညိနေပြီး စူပါဂလူးနှင့် ကပ်ခံထားရသကဲ့သို့ အဝေးသို့ လွှဲဖယ်မသွားနိုင်ပေ။

လင်ချူးဆွေ့က သူ့အား ဆွဲခေါ်လိုက်သည်။ "သွားကြမယ်။ စျေးပေါတဲ့ အစ်ကို။ သင်ယူခြင်းနတ်ဘုရားဆီမှာ အိမ်စာအကြောင်း သွားမေးကြမယ်။"

ရွှီကျားနင်က ပြောလိုက်သည်။ "ငါက သူနဲ့ အိမ်စာအကြောင်း ဆွေးနွေးစရာ မလိုဘူး။ ငါ ညလယ်စာစားဖို့ ထွက်လာခဲ့တာ။ မင်းဘာသာ တစ်ယောက်တည်း သွားလိုက်။"

"ဒါပေမယ့် ငါ့ရဲ့ စာလေ့လာမှုကို ကြီးကြပ်ပေးရမယ်ဆိုတဲ့ နင့် အဖေရဲ့ အမိန့်ကို လက်ခံခဲ့တာ မဟုတ်ဘူးလား။"

"သင်ယူခြင်းနတ်ဘုရားရဲ့ ကြီးကြပ်ပေးမှုက မင်းအတွက် မလုံလောက်ဘူးလား။"

သူ မလိုက်တာ ကောင်းတယ်။ လင်ချူးဆွေ့က ရွှီကျားနင်၏ စက်ဘီးကို အမြန်နင်းသွားခဲ့သည်။

ရွှီကျားနင်က ဆိုင်အဝင်ဝသို့ လျှောက်သွားပြီး ခေါင်းကုတ်ရင်း ရှောက်ချန်အား ပြောလိုက်သည်။ "ဟော့ပေါ့ မှာချင်လို့။"

"ကောင်းပြီ။ မင်းဘာစားချင်လဲ။ ငါ မင်းအတွက် လုပ်ပေးမယ်။"

"ခင်ဗျား လုပ်သမျှ အဆင်ပြေတယ်။ ကျွန်တော် အကုန်စားမယ်။"

"ကောင်းပြီ။" ရှောက်ချန်က သူ့အတွက် အစားအစာကို ဝမ်းသာအားရ ရွေးချယ်ပြီး ဟော့ပေါ့ဟင်းရည်ထဲ ထည့်ရန် လှည့်သွားသည်။

ရွှီကျားနင်က သူမကို ကြည့်နေပြီး သူမကို သူ ဘားဝင်ပေါက်နားမှာ ပထမဆုံးတွေ့စဥ်ကနှင့် လုံးဝ ပုံစံမတူဟု တွေးလိုက်မိသည်။ ထိုညတွင် ရှောက်ချန်က ရင့်ကျက်ဟန်ပေါ်သော နိုက်ကလပ်စတိုင်လ် ၀တ်ဆင်ထားပြီး ညှို့ငင်နိုင်စွမ်း အပြည့်ရှိသည်။

သို့ပေမယ့် ယနေ့မှာတော့ သူမက ဆံပင်တွေကို ပိုနီတေးလ်သဏ္ဌာန် သပ်သပ်ရပ်ရပ် ချည်နှောင်ထားပြီး သူမ ပုံစံနှင့် လိုက်ဖက်သည့် ဆောင်းဦးရာသီအတွက် သိုးမွေးဆွယ်တာအင်္ကျီကို ၀တ်ဆင်ထားတာကြောင့် ပေါ့ပေါ့ပါးပါးဖြစ်ကာ လှပကျော့ရှင်းသော်လည်း အမျိုးသမီးတစ်ယောက်၏ ဆွဲဆောင်မှုမျိုး ရှိနေသည်။

သူက ဖုန်းကိုထုတ်ကာ ခိုးကြောင်ခိုးဝှက်နှင့် သူမပုံတစ်ပုံကို ရိုက်လိုက်သည်။ သို့သော် သူ အသံပိတ်ရန် မေ့သွားပြီး ဖုန်းမှနေ၍ ပြတ်သားသည့် 'ကလစ်' ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။

ရွှီကျားနင် : ......

နှစ်တစ်ထောင် ငတုံးကောင်ရဲ့ ရှက်စရာ အခိုက်အတန့်ပဲ။

ရှောက်ချန်၏ အလုပ်များနေသော လက်များသည်လည်း ခဏရပ်သွားသည်။ သူမ လှည့်လာကာ တောက်ပသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။

ရွှီကျားနင်သည် ချက်ချင်းပင် ရှက်ရွံ့သွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ထိုအခိုက်အတန့်တွင် သူက မြေပြင်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာစေချင်ခဲ့ပြီး သူက ထိုအက်ကြောင်းထဲ တွားသွားဝင်ရောက် သွားချင်ခဲ့သည်။

"မင်း ငါ့ကို ဓါတ်ပုံရိုက်နေတာလား။"

"ကျွန်... ကျွန်တော် ကြားတာတော့ ယွမ် ငါးဆယ်ဖိုး ဝယ်ယူရင် ဓာတ်ပုံရိုက်လို့ ရတယ်ဆိုလို့။"

လန်ဒန်ရှိ ထောင်ပေါင်းများစွာသော ကျောင်းသားများရှေ့တွင် မိန့်ခွန်းပြောနေချိန်၌ပင် ရွှီကျားနင်သည် အမြဲတမ်း အေးဆေးတည်ငြိမ်ပြီး မည်သည့်အခါမှ ရှက်ရွံ့ခြင်းမျိုး မရှိခဲ့ပေ။ သို့သော် ယခု သူက စကားပင် ထစ်နေခဲ့၏။

"ယွမ်ငါးဆယ်ဖိုး ဝယ်ပြီးရင် ဓာတ်ပုံရိုက်ခွင့်ပေးတဲ့သူက ငါ့မောင် ​ရှောက်ယန်လေ။"

ရှောက်ချန်က ရှင်းပြလိုက်သည်။ "ငါက အဲဒီလို ဝန်ဆောင်မှုမျိုး မပေးဘူး။"

"အိုး...တောင်း... တောင်းပန်ပါတယ်။"

သူသည် နို့ဖြူရောင် အိမ်နေရင်း အဝတ်အစားကို ဝတ်ဆင်ထားပြီး လိမ်လိမ်မာမာနှင့် ကောင်းမွန်သော မိသားစုတွင် ကြီးပြင်းလာဟန်တူကာ မိန်းကလေးများကို အလွယ်တကူ ထိပါးနှောက်ယှက်တတ်သူ ဖြစ်မည့်ဟန် မပေါ်ချေ။ သူ၏ ရှက်ရွံ့နေသော အကြည့်က အတော်လေး ချစ်စရာကောင်းသည်။

သူမက ရယ်မောပြီး ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် မင်း ယွမ်ငါးဆယ် ပြည့်အောင်တောင် မဝယ်သေးဘူးလေ။ မဟုတ်ရင်လည်း ငါ မင်းအတွက် ယွမ်ငါးဆယ်ဖိုး ပြည့်အောင် ထပ်ထည့်ပေးနိုင်ပါတယ်။ အဲဒါမှ မင်း ဓာတ်ပုံ ကောင်းကောင်း တစ်ပုံ ရိုက်လို့ရမှာပေါ့"

ရွှီကျားနင်က အသည်းအသန် ခေါင်းညိတ်လိုက်သည်။ "ဒါဆို ယွမ်ငါးဆယ်ဖိုး ပြည့်အောင် ထပ်ထည့်လိုက်ပါ။"

"မင်း ဒါတွေ အကုန် စားနိုင်လို့လား။"

"ရပါတယ်။ ကျွန်တော် ကုန်အောင် စားနိုင်ပါတယ်။"

ရှောက်ချန်က သူ့အတွက် နောက်ထပ် အစားအသောက်များ ထပ်ထည့်ပေးလိုက်သည်။ "အပြင်မှာ ရပ်မနေနဲ့။ အထဲ ဝင်ထိုင်လေ။"

ရွှီကျားနင်က အထဲသို့ ဝင်လာပြီး သစ်သားခုံလေးပေါ်တွင် ခဏထိုင်လိုက်သည်။ ရှောက်ချန် အလုပ်ရှုပ်နေတာကို မြင်တော့ သူက သူမကို ကူညီရန် သွားချင်ခဲ့သည်။

ရှောက်ချန်က ကိန်းကြီးခမ်းကြီး လုပ်မနေဘဲ သူ့ကို မောင်လေးတစ်ယောက်ကဲ့သို့ သဘောထားကာ ခိုင်းလိုက်သည်။ "စားပွဲပေါ်က ပန်းကန်တွေ ဆေးဖို့ ကူညီပေးပါဦး။"

ရွှီကျားနင်က ခေါင်းညိတ်ပြပြီး ပန်းကန်ခွက်ယောက်များကို ရေဆေးရန် ရေထဲနှစ်လိုက်သည်။

"အရင်က ပန်းကန်ဆေးဖူးလား။" သူ လုပ်နေသည့်ပုံကို မြင်သောအခါ ရှောက်ချန်သည် သူက ထိုသို့သော အလုပ်မျိုး မလုပ်ဖူးကြောင်း သတိပြုမိလိုက်သည်။ "ပန်းကန်ဆေးဖို့ဆို ဆပ်ပြာလိုတယ်။ အဲဒီလိုမဟုတ်ရင် ဆီတွေ ပြောင်မှာ မဟုတ်ဘူး။"

"အိုး.. အိုခေ။"

ရွှီကျားနင်က ဆပ်ပြာဆီတချို့ ညှစ်ယူလိုက်ပြီး ပန်းကန်တွင် ဖြစ်ကတတ်ဆန်း သုတ်ကာ ရေဖြင့် ဆေးချလိုက်သည်။

"မင်း အိမ်မှာ မိဘတွေကို အိမ်အလုပ်တွေ မကူညီဖူးဘူးလား။"

"ကျွန်တော်တို့ အိမ်မှာ အဖေက စာလေ့လာဖို့ပဲ အာရုံစိုက်သင့်ပြီး ဒီလိုကိစ္စတွေမှာ အချိန်မဖြုန်းပါနဲ့လို့ ပြောခဲ့တယ်။ နောင်တစ်ချိန်မှာ ကျွန်တော် တစ်ခုခုကို ထူးချွန်အောင်မြင်အောင် လုပ်နေသရွေ့ ကျွန်တော့်အတွက် ဒီလိုအလုပ်တွေ လုပ်ပေးမယ့်လူ ရှိလာလိမ့်မယ်။ မဟုတ်ရင်လည်း လိုအပ်တဲ့အခါ လူငှားလို့ ရတယ်တဲ့။"

ရှောက်ချန်က ခပ်ဖျော့ဖျော့ရယ်မောလိုက်သည်။ "သားယောက်ျားလေး ဖြစ်ရတာတကယ်ကို ကောင်းချီးတစ်ခုပါလား ဟမ်"

သူမ အပြုံးနောက်ကွယ်က ပိုလေးနက်တဲ့ အဓိပ္ပါယ်ကို သူ ခံစားမိနိုင်ခဲ့ပြီး ရွှီကျားနင် ရင်ထဲ၌ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

ယခင်က သူသည် လောင်ရွှီ ပြောသော စကားများ၏ မှန်ကန်မှုကို သံသယမ၀င်ခဲ့ပေ။ သေချာပေါက် သူ့အချိန်တွေက အဖိုးတန်ပြီး ပိုအဓိပ္ပါယ်ရှိသည့် အရာများဖြစ်သည့် စာလေ့လာခြင်း၊ ဗဟုသုတများ သိုမှီးခြင်းတို့အပေါ်၌သာ ကုန်ဆုံးသင့်သည်။ နေ့စဥ် အသေးအဖွဲကိစ္စရပ်များ၌ အချိန်မဖြုန်းသင့်ပေ။

သူသည် အမြဲတမ်း ဂုဏ်ယူဝင့်ကြွားကာ မာနကြီးသူ တစ်ဦးဖြစ်ခဲ့သော်လည်း ဤအခိုက်အတန့်တွင် သူသည် အမှန်တကယ် တုံးအသည်ဟု ခံစားလိုက်ရသည်။

အကြွင်းမဲ့ ရူးမိုက်လှသည်။

သူက သူ့ကိုယ်သူ သက်သေ​လိုသည့်အတိုင်း ရွှီကျားနင်က နောက်ထပ် ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ကာ ဆပ်ပြာရည်သုတ်လိုက်ပြီး ရေပိုက်ခေါင်းအောက်၌ ထားကာ သူ၏ လက်အသားအရေပင် အဖြူရောင်ပြောင်းလာသည်အထိ ပွတ်တိုက်နေတော့သည်။

ထိုသည်ကို မြင်သည့်အခါ ရှောက်ချန်က သူ့လက်ထဲမှ ပန်းကန်လုံးကို အမြန်ဆွဲယူ၍ ပြောလိုက်သည်။ "ကလေး၊ အစ်မ မင်းကို ချထားလိုက်ဖို့ ပြောခဲ့တယ်မလား။ ဘယ်စားသောက်ဆိုင်က ဖောက်သည်တွေကို ဒီလို အလုပ်လုပ်ခိုင်းလို့လဲ။"

"ကျွန်တော် လုပ်ချင်လို့။" ရွှီကျားနင်က အံကြိတ်ရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "ကျွန်တော် အခု ကောင်းကောင်း မလုပ်နိုင်ပေမယ့် ကျွန်တော် သင်ယူနိုင်တယ်။ ပထမဆုံးအကြိမ်မှာ ကောင်းကောင်း မလုပ်နိုင်ရင်တောင် ဒုတိယအကြိမ် နဲ့ တတိယအကြိမ်မှာ သေချာပေါက် ပိုကောင်းလာလိမ့်မယ်။"

ရှောက်ချန်သည် နူးညံ့သော အကြည့်များအောက်၌ ခေါင်းမာသည့် စိတ်ဝိညာဉ်ကို ဖုံးကွယ်ထားသော သူမရှေ့မှ လူငယ်လေးကို ကြည့်လိုက်သည်။

သူက သူ့ကိုယ်သူ သက်သေပြရန် ကြိုးစားနေပုံရသည်။

အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။

သူမ တားဆီးရန် မကြိုးစားတော့ဘဲ အသင့်ဖြစ်သွားသည့် ဟော့ပေါ့ကို ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရှောင်ချန်။" ရွှီကျားနင်က ပန်းကန်လူံးကို ချကာ ထိုင်ခုံသေးသေးလေးပေါ်တွင် ထိုင်လိုက်သည်။ "ခင်ဗျားကို ရှောင်ချန်လို့ ခေါ်လို့ရမလား။"

"မရဘူး။ ဘယ်လိုတောင် မယဥ်ကျေးတာလဲ။ မင်း ငါ့ကို ရှောက်ယန် နဲ့ ချူးဆွေ့တို့လို အစ်မလို့ ခေါ်သင့်တယ်။"

"ဒါဆို ခင်ဗျားကို ချန်ချန်လို့ ခေါ်မယ်။"

ရှောက်ချန်က စဥ့်တီတုံးပေါ်သို့ အဝတ်စုတ်ကို ပစ်တင်လိုက်သည်။ "ရှောင်ချူးဆွေ့က မင်း နိုင်ငံခြားကနေ လာတာလို့ ပြောခဲ့ဖူးတယ်။ အဲဒီမှာ ကိုယ့်ထက်ကြီးတဲ့ အစ်မကို ဘယ်လိုခေါ်ရမလဲဆိုတာ မသင်ပေးဘူးလား။"

"ကျွန်တော် ခင်ဗျားကို အစ်မလို့ မခေါ်ချင်ဘူး။"

"ငါ မင်းကို အခွင့်ကောင်းယူမှာ ကြောက်လို့လား။" သူမက ရယ်မောရင်း ပြောလိုက်သည်။ "မင်းက ငါ့ အသက်ဘယ်လောက်ရှိပြီလဲဆိုတာတောင် သိရဲ့လား"

"ကျွန်တော် သိတယ်။ ခင်ဗျားပဲ အသက်သုံးဆယ်လို့ ပြောခဲ့တယ်လေ။"

"အရူးလေး။" ရှောက်ချန်က ရယ်မောလိုက်သည်။ "ငါ မကြာခင် အသက်နှစ်ဆယ့်ငါးနှစ် ပြည့်တော့မယ်။ မင်းထက် အသက်နှစ်နည်းနည်း ပိုကြီးတယ်။"

"ခြောက်နှစ်တည်းကို။ ဘယ်လိုကြည့်ကြည့် ကျွန်တော်တို့က ရွယ်တူလို့ပဲ ထင်ရတယ်။"

"ချူးဆွေ့က မင်းထက် ဘယ်လောက်ငယ်လဲ။"

"တစ်နှစ်နဲ့ သုံးလ။"

"သူမက မင်းထက် အသက် နည်းနည်းပဲ ငယ်တာတောင် အစ်ကိုလို့ ခေါ်တယ် မဟုတ်ဘူးလား။"

"လင်ချူးဆွေ့က ကျွန်တော့်ကို နိုင်ငံခြားသားအတုကောင်လို့ ခေါ်ရတာ ပိုကြိုက်တယ်။"

"အဲဒီနာမည်ပြောင်က တော်တော်ထူးခြားတာပဲ။" ရှောက်ချန်၏ မျက်လုံးများက သူမ ပြုံးလိုက်သည့်အခါ လခြမ်းသဏ္ဌာန် ကွေးညွှတ်သွားသည်။ "စပ်လို့လား။"

ရွှီကျားနင်၏ ပါးပြင်များက နီမြန်းလာနေသော်လည်း သူက ခေါင်းခါနေဆဲဖြစ်သည်။ "ဟင့်အင်း... မစပ်ပါဘူး။"

ရှောက်ချန်က ရေခဲသေတ္တာထဲမှ Coke တစ်ဘူးကို ယူ၍ သူ့ထံ ပေးလိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် အတင်း ဖိအားပေးနေစရာ မလိုပါဘူး။ မင်းကို ဘယ်သူ ရယ်မှာမို့လို့လဲ။"

ရွှီကျားနင်က Coke ဘူးကို အမြန်ဖွင့်ကာ ဘူးတစ်ဝက်နီးပါး သောက်လိုက်သည်။

Coke ကို မြိုချလိုက်တိုင်း သူ့ လည်ချောင်းက လှုပ်ရှားသွားသည်။

သူ့ကို ကြည့်နေရင်း ရှောက်ချန်၏ အကြည့်များတွင် ပိုပိုပြီး ချစ်ခင်နှစ်သက်မှုများ ပြည့်လာသည်။ သူမသည် သူ့ကို ရှောက်ယန်ကဲ့သို့ မောင်လေးတစ်ယောက်ကို အမှန်တကယ် ဆက်ဆံနေပေသည်။

"က​လေး မင်း ဘာလို့ အစ်မကို လာရှာ​နေလဲ။"

"ကျွန်တော်..." ရွှီကျားနင်က coke ဘူးကို ချလိုက်ပြီး သူ့ပါးစပ်ကို တစ်ရှူးနဲ့သုတ်ကာ လေချဥ်မတက်အောင် ထိန်းထားလိုက်သည်။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်၍ ပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားကို တွေ့ချင်လို့။"

"ဘာလို့ ငါ့ကို တွေ့ချင်တာလဲ။"

"မသိဘူး။ လင်ချူးဆွေ့က ရှောက်ယန်ကို လာရှာဖို့ ပြောတော့ ကျွန်တော်လည်း ခင်ဗျားကို တွေ့နိုင်မယ် ထင်လို့ လိုက်လာခဲ့တာ။"

ရှောက်ချန်၏ လခြမ်းသဏ္ဌာန်မျက်လုံးများက သူ့ကို စိုက်ကြည့်နေပြီး သူက အကြည့်များကို ဘယ်နေရာသို့ ပို့ထားရမလဲ မသိတော့ပေ။

"​ကောင်​​လေး... မင်း အစ်မကို သဘောကျနေတာလား။"

ရွှီကျားနင်သည် မည်သည့်အခါကမှ ရှက်ရွံ့ခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူက နိုင်ငံရပ်ခြားမှာ ကြီးပြင်းလာခဲ့ရပြီး ထိုသို့သော ကိစ္စများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ရှိပေသည်။ သူ တစ်​​ယောက်​ယောက်ကို ကြိုက်​လျှင် ပွင့်​ပွင့်​လင်းလင်း ဝန်​ခံ​လိမ့်​မည် ဖြစ်ပြီး သူ့ခံစားချက်များကို ဖော်ပြရန် ကြောက်ရွံ့နေမည် မဟုတ်ပေ။

ရွှီကျားနင်က သူ၏ တူများကို ချလိုက်ပြီး သူ့မျက်လုံးများက သူမကို ရိုးသားစွာဖြင့် စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ "အစ်မ ခင်ဗျားမှာ ရည်းစားရှိလား။"

"အင်း ရှိတယ်။"

ရွှီကျားနင်က အသည်းအသန် ချောင်းဆိုးလိုက်သည်။ ​သူ နောက်ထပ် ပြောလာမည့် 'ကျွန်တော် အစ်မ ရည်းစားဖြစ်လို့ရမလား' ဟူသည့် စကားကို ချက်ချင်း ပြန်မြိုချလိုက်ရ၏။

သူ့ မျက်နှာတစ်ပြင်လုံးက နီရဲသွားသည်။

ရှောက်ချန်က ထိုကလေး၏ အတွေးများကို မြင်နိုင်သော်လည်း စိတ်ထဲ မထည့်ထားခဲ့ပေ။

သူမသည် ဤသို့ ငယ်ရွယ်သည့် ကောင်လေးများအကြောင်း ကောင်းကောင်း သိပေသည်။

သူမက အတော်လေး ဆွဲဆောင်မှု ရှိသည်။ ဤနှစ်​တွေတလျှောက်တွင် သူမဟာ ညကျောင်းမှ ကောင်လေးများ အပါအဝင် အသက်ကြီးသူဖြစ်စေ၊ ငယ်ရွယ်သူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ… လူပေါင်းစုံက သူမကို လိုက်ချင်ခဲ့ကြပြီး ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားပေသည်။

သို့ပေမယ့် ထိုသူအများစုတွင် ခဏတာ စိတ်ကစားမှုများသာ ရှိကြပြီး ခဏအတွင်း ရောက်လာကာ ခဏအတွင်း ထွက်သွားတတ်ကြသည်။

မိဘမဲ့ဂေဟာ၌ ကြီးပြင်းလာသည့် မိဘမဲ့တစ်ယောက်အနေနှင့် သူမက အလွန်အမင်း စိတ်မလုံခြုံမှုကို ခံစားရပြီး အချိန်တိုင်း သူမ၏ အနာဂတ်အတွက်သာ စီစဥ်နေခဲ့သည်။

သူမသည် မိမိအတွက် လုံခြုံပြီး တည်ငြိမ်သော အိမ်တစ်လုံးကို ရှာဖွေရန် လိုအပ်သည်။

"ကလေး မင်း ငါ့အကြောင်း သိလို့လား။"

"ခင်ဗျားရဲ့ အကြောင်း အကုန်လုံး သိခွင့်ရဖို့ ကျွန်တော့်ကို အခွင့်အရေးပေးပါ။"

ရှောက်ချန်က ခပ်ဖွဖွပြုံးလိုက်ပြီး သူမရဲ့ ဆွဲဆောင်မှုကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမှာ အသက်အရွယ်နှင့် မပတ်သက်ဘဲ သူမ၏ အထူးခြားဆုံး စိတ်နေစိတ်ထား​ကြောင့်သာ ဖြစ်သည်။

"ဆောရီးပါကွာ။ မင်းက အရမ်းငယ်သေးတာမို့ အစ်မ မင်းကို အခွင့်အရေး မပေးနိုင်ဘူး။"

ရွှီကျားနင်သည် သူမကို ယခင်က လိုက်ခဲ့ဖူးသည့် အခြားသူများနှင့် မတူပေ။ အကယ်၍များ အခြားတစ်ယောက် ဖြစ်နေပါလျှင် ငယ်စဉ်ကတည်းက စိတ်လုံခြုံမှုမရှိခဲ့သော ရှောက်ချန်သည် အခွင့်အရေးတချို့ ပေးရန် ဖြစ်နိုင်လိမ့်ဦးမည် ဖြစ်သည်။

သို့သော် ရွှီကျားနင်က သူမ၏ မောင်ငယ်လေး ရှောက်ယန်ကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် သူမက သူ့ကို သနားခြင်းမရှိဘဲ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။

"မင်းက အရမ်းချောပြီး ဒီလို ပြတ်သားတဲ့ သဘောထားမျိုး ရှိတယ်။ မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့သူ ဖြစ်ရမယ်။ မင်း ချိန်းတွေ့ချင်ရင် သက်တူရွယ်တူ မိန်းကလေးတွေနဲ့ ချိန်းတွေ့ပါ။ ဒီလိုအသက်အရွယ်မှာ အချစ်ရေးက အရမ်းချိုမြိန်လိမ့်မယ်။"

ရွှီကျားနင်သည် သူ၏ ပထမဆုံး ကြိုးစားမှုမှာ ကျိန်းသေပေါက် ကျရှုံးမည်ကို သိသည်။ သူတို့ကြားတွင် ညှိနှိုင်းရန် ခက်ခဲလှသည့် အသက်ကွာဟချက် ရှိသည်ကိုလည်း သူသိသည်။

"အစ်မရှောက် ကျွန်တော် အကောင်းဆုံး တက္ကသိုလ်ကို တက်ဖို့ အစွမ်းကုန် ကြိုးစားပြီး အနာဂတ်မှာ အဖေကို မှီခိုစရာမလိုအောင် ကြိုးစားမှာပါ။ ဒါပေမယ့် အဲဒါက အချိန်နည်းနည်းတော့ ကြာလိမ့်မယ်။ ခင်ဗျား ကျွန်တော့်ကို စောင့်နေပေးစရာ မလိုပါဘူး။"

သူက လက်သည်းတွေကို ကုတ်ခြစ်နေရင်း မျက်လွှာချလိုက်သည်။ "လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘာကိုဆိုလိုမှန်း ကျွန်တော် မသိဘူး။ အရင်တုန်းက ကျွန်တော် ဘယ်သူ့ကိုမှ မကြိုက်ဖူးဘူး။ ဒါပေမယ့် ခင်ဗျားအကြောင်းတွေးတိုင်း..."

"ရပ်လိုက်။" ရှောက်ချန်က လူငယ်လေး၏ ရိုးသားသည့် တက်တက်ကြွကြွ ဝန်ခံချက်ကို ရပ်တန့်လိုက်သည်။ "ငါ မင်းကို ဝန်ခံခွင့်ပေးလိုက်မိလို့လား။"

ရွှီကျားနင်က နံရံကို မကန်မိမချင်း နောက်ပြန်မဆုတ်နိုင်ဟု စိတ်ပိုင်းဖြတ်ထားသကဲ့သို့ သူမကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ "ခင်ဗျား နားမထောင်ဖို့ ရွေးချယ်နိုင်ပေမယ့် ကျွန်တော်ကတော့ ပြောချင်တုန်းပဲ။"

***

All Chapters