အခန်း ၄၂
Vol. 5 Ch. 42
အပိုင်း ( ၄၂ )
ရှောက်ချန်သည် ဤအရွယ် ယောက်ျားလေးများက ၎င်းတို့၏ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများကြောင့် ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်သည်ကို သိရှိပေသည်။
သူမက လက်ကို ဆန့်ထုတ်ပြီး ရွှီကျားနင်၏ မေးဖျားကို ကိုင်ကာ ညင်သာစွာ မော့ယူလိုက်ပြီး သူ့ အနီးသို့ တိုးကပ်သွားသည်။
ရွှီကျားနင်သည် ပေါ့ပါးလတ်ဆတ်သည့် သစ်သီးရနံ့ကဲ့သို့သော သူမ၏ ထူးခြားသည့် အမျိုးသမီးရနံ့ကို ရရှိလိုက်သည်။
သူက သူမမျက်နှာကို မော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေက သူမ မျက်နှာထက်မှ အနည်းငယ်မျှပင် ဖယ်ခွာမသွားခဲ့ဘဲ ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်သည်။
"ငါတို့ တစ်ကြိမ်ပဲ ဆုံဖူးတာ။ အဲဒီတော့ ကလေး မင်း ငါ့ကို တကယ် သဘောကျလား မဟုတ်ရင် ငါ့ကို လိုချင်ရုံပဲလား။"
အမျိုးသမီး၏ အသံသည် ခပ်နိမ့်နိမ့်နှင့် ညှို့ငင်ဆွဲဆောင်မှု ရှိသည်။ ရွှီကျားနင်သည် ထိုကဲ့သို့ မြှူဆွယ်ခြင်းကို ခံနိုင်ရည်မရှိပေ။ သူ့ဝိညာဉ်က ပျောက်လုနီးပါး ဖြစ်သွားခဲ့သည်။
သူက စိတ်ကို တည်ငြိမ်အောင် လုပ်ကာ ပြောလိုက်သည်။ "ခင်ဗျားကို ကြိုက်လည်း ကြိုက်တယ်။ လိုလည်းလိုချင်တယ်။"
ရှောက်ချန်၏ ပါးစပ်ထောင့်မှာ အေးစက်စွာ တွန်းချိုးသွားပြီး သူမက သူ့ မျက်နှာကို ရက်ရက်စက်စက် တွန်းထုတ်လိုက်သည်။ "အဲဒါဆိုလည်း သည်းခံနေလိုက်။ အစ်မက ကလေးတွေကို မကြိုက်ဘူး။"
လင်ချူးဆွေ့က ရှောက်ယန်၏ အိမ်တံခါးကို ခေါက်လိုက်သည်။
မကြာမီ တံခါးပွင့်လာသည်။
အလင်းရောင်သည် အလွန်မှိန်နေသဖြင့် ညမီးတစ်ခုသာ ဖွင့်ထားပုံရသည်။ သူက ရင်ဘတ်ဗလာနှင့် အောက်ပိုင်း၌ အဖြူရောင်ပုဝါတစ်ထည်သာ ၀တ်ဆင်ထားသည်။ သူ့ဆံပင်များက စိုစွတ်နေဆဲဖြစ်ပြီး သူ၏ ဖြူဖွေးသော အသားအရေပေါ် ရေစက်များ ကျဆင်းနေသည်။
နူးညံ့သော အလင်းရောင်တွင် သူ၏ ဆက်စီကျမှုက အဆုံးမရှိနိုင်အောင်ပင်။
လင်ချူးဆွေ့၏ မျက်နှာက နီမြန်းနေပြီး သူမ မျက်လုံးများက ရှောက်ယန်၏ ခန္ဓာကိုယ်အပေါ်ပိုင်းသို့ တည့်တည့် ကျရောက်နေသည်။
တံခါးအပြင်ဘက်မှ မိန်းကလေးကို မြင်သည့်အခါ ရှောက်ယန်က အနည်းငယ် အံ့သြသွားသည်။ ထို့နောက် 'ဘန်း' ဟူသော အသံဖြင့် တံခါးကို ဆောင့်ပိတ်ကာ သူမအား အပြင်ဘက်တွင် ထားရစ်ခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် တံခါး ပြန်ပွင့်လာသည်။ သူက အိမ်နေရင်း အနက်ရောင် တီရှပ်နှင့် ဘောင်းဘီအဖြစ် ပြောင်းလဲဝတ်ဆင်ခဲ့သည်။ သူ့ဆံပင်တွေက စိုစွတ်နေဆဲဖြစ်ပြီး အဖြူရောင် မျက်နှာသုတ်ပုဝါနှင့် သုတ်နေခဲ့သည်။
"ဘာလို့လာခဲ့တာလဲ။"
ရွှီကျားနင်၏ စကားကိုကြားပြီးနောက် လင်ချူးဆွေ့သည် သူ့ကိုတွေ့ရန် မနက်ဖြန်အထိ မစောင့်နိုင်တော့ပေ။
"အစောကြီးရှိသေးတယ်။ ငါ အိမ်စာလုပ်ဖို့ လာခဲ့တာ။" လင်ချူးဆွေ့က သူမ လက်ထဲမှ ဗလာစာအုပ်ကို မြှောက်ပြလိုက်သည်။
ရှောက်ယန်က နံရံပေါ်မှ နာရီကို မော့ကြည့်လိုက်သည်။ "သခင်မလေးရေ အခု ဆယ်နာရီ ထိုးနေပြီ။ ငါနဲ့အတူ အိမ်စာလုပ်ချင်တာ သေချာလား။"
"အဆင်မပြေတာ ရှိလို့လား။" ရှောက်ယန်က သူမကို ဝင်ခွင့်ပေးရန် ဝန်လေးနေတာကို မြင်သည့်အခါ လင်ချူးဆွေ့က အခန်းထဲကို ချောင်းကြည့်လိုက်သည်။ "နင့်အစ်မ အိမ်မှာ မရှိတုန်း ရည်းစားကောင်မလေးကို အိမ်ခေါ်လာပြီး 'ဆော့' နေတယ်လို့တော့ မပြောနဲ့နော်။"
သူမ ဒီကိုရောက်နေပြီဆိုတော့ ရှောက်ယန်က သူမကို မဝင်ခိုင်းရန် အကြောင်းပြချက်မရှိခဲ့ပေ။ သူက သူမအား ဝင်ခွင့်ပေးလိုက်သည်။
"မင်း နားမလည်တဲ့ မေးခွန်းတွေကို ငါရှင်းပြမယ်။ ရှင်းပြပြီးရင် ပြန်ပြီး အိပ်လိုက်တော့။"
လင်ချူးဆွေ့သည် ဆိုဖာပေါ်တွင်ထိုင်ကာ သူမ၏ လေ့ကျင့်ခန်း စာအုပ်ကို ဖွင့်၍ သူမ နားမလည်သော မေးခွန်းများကို ညွှန်ပြလိုက်သည်။ "ဒီတစ်ခု၊ ဒီတစ်ခု ပြီးတော့ ဒီတစ်ခု။"
ရှောက်ယန်က လေ့ကျင့်ခန်း စာအုပ်ကို ကြည့်ကာ စာရွက်ပေါ်တွင် စတင် ရေးခြစ်လိုက်သည်။
လင်ချူးဆွေ့၏ မျက်လုံးများက ဘေးသို့ ရွေ့သွားကာ စက္ကူလုံးများဖြင့် ပြည့်နေသည့် အမှိုက်ပုံးကို ကြည့်လိုက်သည်။ သူမက စိတ်ဝင်တစား မေးလိုက်၏။ "အမှိုက်ပုံးထဲမှာ တစ်ရှူးတွေ ဘာလို့ ဒီလောက်များနေတာလဲ။ သန့်ရှင်းရေးလုပ်နေလား။"
ရှောက်ယန်၏ ဘောပင်က သိသိသာသာ ရပ်တန့်သွားပြီး သဘာဝမကျစွာဖြင့် 'အမ်း' ဟူသော အသံ ပြုလိုက်သည်။
"နင်က သန့်ရှင်းရေးလုပ်ဖို့ တစ်ရှူးကို သုံးတာလား။ အဲဒါက အရမ်း ဖြုန်းတီးရာကျလွန်းတယ်။ ကြမ်းတိုက်တံ မဟုတ်ရင် အဝတ်စုတ်ကို သုံးလို့ရတာ မသိဘူးလား။"
"ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲလေ။"
"အမှိုက်ပုံးက ပြည့်နေပြီ။ ငါ ပြန်ရင် ယူသွားပြီး ပစ်လိုက်မယ်။"
"မလိုဘူး" ရှောက်ယန်က စိတ်မရှည်စွာဖြင့် သူမ၏ ပိုနီတေးလ်ကို ဆွဲလိုက်၏။ "ငါ ရှင်းပြတာကိုသာ နားထောင်ဖို့ အာရုံစိုက်စမ်းပါ။"
"ကောင်းပြီ။ ဆက်ပြောလေ။"
ရှောက်ယန်က စိတ်ရှည်ရှည်နှင့် မေးခွန်းများကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ တစ်ဆင့်ချင်း ရှင်းပြပြီး နှစ်ခေါက် ပြန်ပြောပြခဲ့သည်။ ငတုံးတစ်ယောက် ဖြစ်နေလျှင်ပင် နားလည်သွားနိုင်လောက်ပေသည်။
လင်ချူးဆွေ့သည် သင်ယူခြင်းနတ်ဘုရား၏ အဆင့်နှင့် ကျူရှင်သင်ပေးခြင်းကို ခံရလျှင် သေချာပေါက် စကားလုံးတစ်လုံးမှပင် နားမလည်နိုင်လောက်ဟု အမြဲတွေးခဲ့ဖူးသည်။
သို့သော် နောက်ပိုင်းတွင် သူသည် သင်ယူခြင်းနတ်ဘုရားဖြစ်ရသည့် အကြောင်းရင်းမှာ အရှုပ်ထွေးဆုံး ပြဿနာများကိုပင် ရှင်းလင်းစွာ ရှင်းပြရန် အခြေခံအကျဆုံးနှင့် ရိုးရှင်းသော တွေးခေါ်မှုကို အသုံးချနိုင်ခြင်းကြောင့် ဖြစ်ကြောင်း သူမ တွေ့ရှိခဲ့သည်။
အနည်းဆုံးတော့ ရွှီကျားနင် သူမကို မေးခွန်းတွေ ရှင်းပြတဲ့အခါ ရှုပ်ထွေးတဲ့ သီအိုရီတွေအကြောင်း ဆက်တိုက်ပြောပြီး ဂျာအေးသူ့အမေရိုက်ကာ သူမအား စကားလုံးတစ်လုံးပင် နားမလည်နိုင်အောင် လုပ်နေခဲ့ပေသည်။
ထို့ကြောင့် ရှောက်ယန်၏ ကျူရှင်ခက မိုးထိအောင် မြင့်မားပြီး အချို့သော ဆရာများ၏ ကျူရှင်နှုန်းထက်ပင် မြင့်မားသော်လည်း ကျောင်းသားအများအပြားက သူ့ထံ၌ ကျူရှင်တက်ရန် ဆန္ဒရှိနေကြခြင်း ဖြစ်သည်။
လင်ချူးဆွေ့ ပြခဲ့သော မေးခွန်းအားလုံးကို သင်ပေးပြီးနောက် မိနစ်လေးဆယ်ပင် ကြာသွားခဲ့ပြီ ဖြစ်သည်။ ရှောက်ယန်က အချိန်ကို ကြည့်ပြီးနောက် သူမအား ပြန်ရန် ပြောလိုက်သည်။ "နောက်ကျနေပြီ။"
လင်ချူးဆွေ့သည် သူမ၏ အိတ်ကပ်ထဲမှ pistachios တစ်အိတ်ကို ထုတ်ကာ ကော်ဖီစားပွဲပေါ် တင်၍ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ဒါကို ယူလိုက်ပါ။"
ရှောက်ယန်သည် မိန်းကလေး၏ နူးညံ့သော ချယ်ရီရောင် နှုတ်ခမ်းများကို ကြည့်ကာ အဆက်မပြတ် အားကောင်းလာသော ခံစားချက်ကို အပြင်းအထန် ဖိနှိပ်နေရသည်။ "မယူဘူး။ အခု ပြန်တော့။"
"တစ်ခုလောက်တော့ စားပါ။ ငါ အိမ်ကနေတောင် တကူးတက ယူလာပေးတာကို။" ထိုသို့ပြောရင်း လင်ချူးဆွေ့က pistachios အခွံကို ခွဲကာ အစေ့ကို ထုတ်ယူလိုက်သည်။ "ဒါလေးစားကြည့်။"
"ငါ စားလိုက်ရင် မင်း ပြန်မှာလား။"
"ဘာလို့ အတင်း ပြန်ခိုင်းနေတာလဲ။"
"ဘာလို့လဲဆိုတော့ မင်း ရောက်လာတာက အရမ်း....."
မသင့်လျော်တဲ့ အချိန်ဖြစ်နေလို့လေ။ မှန်ကန်တဲ့ အချိန်မှ ဟုတ်မနေတာ။
ရှောက်ယန်က သူ၏ စိတ်ဆန္ဒများကို ပြင်းပြင်းထန်ထန် ဖိနှိပ်ရန် ကြိုးစားအားထုတ်ခဲ့ရသည်။ သူက ခေါင်းကို ငုံ့ကာ သူမ၏ လက်ချောင်းထိပ်မှ သစ်သီးအစေ့ကို ယူစားလိုက်၏။ "ရပြီလား။"
လင်ချူးဆွေ့သည် သူ့ နှုတ်ခမ်းများနှင့် ထိမိသည့် သူမ လက်ချောင်းများက အေးမြသွားသည်ကို ခံစားလိုက်ရပြီး အေးခဲသွားသည်။
သူမက သူ့ကို လှမ်းပေးရုံပဲလေ။ သူ့ကို ခွံ့ကျွေးတယ်လို့ ထင်နေတာလား။
အဓိကအချက်မှာ သူက ၎င်းကို အမှန်တကယ် နာခံမှုရှိစွာ စားခဲ့ခြင်းပင် ဖြစ်သည်။
လင်ချူးဆွေ့၏ စိတ်က တခဏမျှ တုန်လှုပ်သွားပြီး ကမောက်ကမ ဖြစ်နေသည်။ သူမသည် ဗလာကျင်းနေသော စိတ်ဖြင့် pistachio ကို အမှတ်တမဲ့ ထပ်ခွာကာ သူ့ပါးစပ်နားသို့ ခွံ့ပေးလိုက်သည်။
ရှောက်ယန်က သူမအား စကားများများပြောရန် ပျင်းလွန်းလှသဖြင့် သူမ ခွံ့ကျွေးသည်အား ထပ်စားခဲ့သည်။
သူက သူမကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားစေချင်နေသည်။ သူမ ထပ်ရှိနေသည့် အပိုမိနစ်တိုင်းက သူ့ခန္ဓာကိုယ်အတွက် အဆုံးမဲ့ "ညှဉ်းပန်းနှိပ်စက်မှု" ဖြစ်စေခဲ့သည်။
သူသည် မာနကြီးသော ကြောင်တစ်ကောင်က ပိုင်ရှင်ကျွေးသော အစာကို နာနာခံခံ စားနေသကဲ့သို့ သူမ၏ လက်ဖြင့် ကျွေးသော အစားအစာကို အမှန်တကယ် နာခံမှုရှိရှိ စားလိုစိတ် ရှိနေသည်ကို တွေ့လိုက်ရသည်။
သူမက ဂုဏ်ယူဝင့်ကြွားမိသလို ခံစားခဲ့ရသည်။
... သူမတို့ အခု ရင်းနှီးနေကြပြီလား။
လင်ချူးဆွေ့က တတိယမြောက် pistachio အခွံကို တိတ်တဆိတ် ခွာလိုက်သည်။
"လင်ချူးဆွေ့ ဒါက ပြီးဦးမှာလား။"
"စားပါ။"
ရှောက်ယန်က ဘာမှထပ်မပြောတော့ဘဲ စားပွဲပေါ်ရှိ pistachio အားလုံးကို အခွံခွာ၍ စားလိုက်သည်။ "အခုထွက်သွားလို့ရပြီလား။"
လင်ချူးဆွေ့သည် သူမ၏ နှလုံးသားထဲတွင် အနည်းငယ်သံသယဝင်သွားသလို ခံစားလိုက်ရသည်။ သူမသည် ဘောပင်တစ္ဆေခေါ်သည့် ညက ရှောက်ယန်၏ ခန္ဓာကိုယ်ကို လောင်လင်က ဝင်ပူးထားသည်ဟူသော ရွှီကျားနင်၏ ပေါက်ကရစကားများကို ယုံကြည်မိခဲ့သည်။ ထို့ကြောင့် သူမက အထူးတလည် လာ၍ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
လောင်လင်သည် အခွံမာသီးများကို စားရခြင်းအား အမုန်းဆုံးဖြစ်ပြီး သိသိသာသာကို မကြိုက်နှစ်သက်ခဲ့ပေ။ သူက အထူးသဖြင့် သီဟိုဠ်စေ့ကို မုန်းလှသည်။ သူမ ငယ်စဥ်က လင်ချူးဆွေ့သည် သီဟိုဠ်စေ့တွေကို သူ့ပါးစပ်ထဲ ထည့်ရန် လှည့်စားခဲ့သည်။ ထိုစဥ်က လောင်လင်သည် ရေချိုးခန်းထဲသို့ တန်းတန်းမတ်မတ်ပြေးသွားပြီး ပြင်းထန်စွာ အန်ခဲ့သည်။
ရှောက်ယန်ကသာ အမှန်တကယ် လောင်လင် ဖြစ်လျှင် သီဟိုဠ်စေ့ ဤမျှ အများအပြား စားသောက်ပြီးနောက် ဘာမှမဖြစ်ဘူးဆိုတာ သူ့အတွက် မဖြစ်နိုင်ပေ။
သို့ဆိုလျှင် သူမ အတွေးလွန်နေခြင်း ဖြစ်နိုင်သလား။
ရှောက်ယန်က လောင်လင်နှင့် ဘာပတ်သတ်မှုမှ မရှိခြင်းလည်း ဖြစ်နိုင်ပေသည်။
အဲဒါက မှန်နိုင်ပေသည်။ ရှောက်ယန်က လောင်လင်နှင့် မတူပေ။ ရှောက်ယန်က သူ့အသက်ထက် ငွေကို ပိုချစ်ပြီး ငွေတစ်ပြားမှ နှစ်ပြားရအောင် ခွာမည့်သူ ဖြစ်သည်။ သို့သော် လောင်လင်က အလွန်ရက်ရောသူဖြစ်ပြီး ထိုသည်မှာ သူက ချမ်းသာသော မိသားစုမှ ဆင်းသက်လာကာ ငွေကြေးက သူ့အတွက် အရေးမကြီးသောကြောင့် ဖြစ်နိုင်သည်။
ယခင်က အဘိုးနှင့် အဘွားသည် လောင်လင်ကို စီးပွားရေးစီမံခန့်ခွဲမှုကို ကောင်းကောင်းသင်ယူ၍ အနာဂတ်မှာ မိသားစုစီးပွားရေးကို အမွေဆက်ခံနိုင်စေချင်ခဲ့သော်လည်း လောင်လင်က သူတကယ် လုပ်ချင်ခဲ့သည့် မီးသတ်သမားဖြစ်လာရန်သာ ဇွဲကောင်းကောင်းနှင့် တောင်းဆိုခဲ့သည်။
လောင်လင်နှင့် ရှောက်ယန်တို့က ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားလျှင်ပင် သေချာပေါက် တူညီသည့်လူ မဖြစ်နိုင်ပေ။
သို့သော်လည်း လင်ချူးဆွေ့သည် ဤအရာကို စွန့်လွှတ်ရန် အနည်းငယ် တွန့်ဆုတ်နေသေးသည်။ ရွှီကျားနင်က ပေါ့ပေါ့တန်တန် ဟာသလုပ်တတ်တဲ့သူမျိုး မဟုတ်တာကြောင့် သူက လင်ချူးဆွေ့ နက်နက်ရှိုင်းရှိုင်း ဂရုစိုက်သည့် ကိစ္စနှင့် ပတ်သတ်ပြီး နောက်ပြောင်လိမ့်မည် မဟုတ်ပေ။
ဤကိစ္စက ဝိညာဉ်ခေါ်ဂိမ်းမှ ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် လင်ချူးဆွေ့သည် အံ့ဖွယ်တစ်ခုဖြစ်လာနိုင်မလား သိရှိရန် ထပ်မံကြိုးစားလိုခဲ့သည်။
"သင်ယူခြင်းနတ်ဘုရား ဒီတစ်ပတ် ပိတ်ရက် အားလား။"
"ဘာဖြစ်လို့လဲ။"
"အမ်း ငါ့မွေးနေ့လေ။ ငါ နင်နဲ့အတူ မွေးနေ့ပွဲကျင်းပချင်လို့။"
ရှောက်ယန်က မျက်တောင်ခတ်လိုက်ပြီး သူ၏ရှည်လျားသောမျက်တောင်များက ဖြေးညင်းစွာ တုန်ယင်နေသည်။ "မင်းမွေးနေ့က ဒီဇင်ဘာ 14 ရက်နေ့မှလေ။ အစောကြီးရှိသေးတယ်။"
လင်ချူးဆွေ့က ပြောလိုက်သည်။ "နင်က ငါ့အဖေ မဟုတ်ဘဲ ဘယ်လိုသိတာလဲ။"
သူက အေးအေးဆေးဆေး ရှင်းပြလိုက်၏။ "မင်းရဲ့ ID မှာ မြင်ခဲ့တာ။"
လင်ချူးဆွေ့သည် သူမ၏ ID ပေါ်မှ မှုန်ကုပ်ပြီး အရုပ်ဆိုးသော ဓာတ်ပုံကို တွေးလိုက်သောအခါတွင် ချက်ချင်းပင် အားအင် ကုန်ခမ်းသွားခဲ့သည်။
"ငါ အမှတ်မှားတာ။ လုချီရဲ့ မွေးနေ့လေ။ ငါတို့က သူ့အတွက် ကောင်းကောင်း ကျင်းပဖို့ စီစဉ်နေတယ်။"
"လုထျန်းပိုင်ရဲ့ မွေးနေ့ကို နောက်ဆုံးတစ်ခေါက်တုန်းက ရှဲ့ထင်းကလပ်မှာ ကျင်းပခဲ့တာကို ငါ မှတ်မိနေသေးတယ်။ မင်းမေ့သွားပြီလား။"
လင်ချူးဆွေ့က ဖြောင့်မတ်မှန်ကန်သလို ပြောလိုက်သည်။ "ဟုတ်တယ်။ ဒါပေမယ့် နောက်အပတ်က လုချီရဲ့ မွေးနေ့လေ။"
"ငါ သိသလောက်ဆို သူတို့က အမွှာတွေ မဟုတ်ဘူးလား။"
"ဟုတ်လား။"
ရှောက်ယန်၏ နှုတ်ခမ်းထောင့်က တွန့်ချိုးသွားသည်။ "မင်းတို့မိသားစုမှာ အမြွှာတွေကို နှစ်လခြားပြီး မွေးတာလား။"
"......"
ဖော်ထုတ်ခံရပြီးနောက် လင်ချူးဆွေ့က ဒေါသတကြီး ပြောလိုက်သည်။ "နင် မလာချင်ဘူးဆိုရင်လည်း ဒီအတိုင်း ပြောလိုက်လေ။ ဘာလို့ အကြောင်းပြချက်တွေ ပေးနေတာလဲ။"
ရှောက်ယန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ဘာလို့လဲဆိုတော့ မင်းရဲ့ လိမ်စဥ်က အရမ်းဆိုးရွားပြီး အကြောင်းပြချက်တွေက အပေါက်တွေနဲ့ ပြည့်နေလို့လေ။"
"ငါ ကောင်းကောင်း မလိမ်တတ်ဘူး။ အဲဒီတော့ ဘာဖြစ်လဲ"
"မင်းက လိမ်ချင်ပေမယ့် ဖော်ထုတ်ခံရတော့ကျ ဒေါသ ထွက်တယ်။ မင်းရဲ့ ဒေါသထက် ဆိုးတာ ရှိပါဦးမလား။"
လင်ချူးဆွေ့သည် ဒေါသထွက်နေသည့် ဖားလေးတစ်ကောင်ကဲ့သို့ သူ့ကို ဒေါသတကြီးကြည့်လိုက်ကာ သူမ၏ ပါးပြင်များက နီမြန်းလာသည်။
မထင်မှတ်ပဲ ရှောက်ယန်က လက်ကို ဆန့်ထုတ်ကာ သူမ၏ ပါးဖောင်းဖောင်းလေးကို ပုတ်လိုက်၏။
သူမက သူ့အင်္ကျီကို ဆွဲဆုပ်ရန် အခွင့်အရေးယူလိုက်သည်။ "ရှောက်ယန် လူတွေကို အနိုင်ကျင့်ရတာ ပျော်စရာကောင်းလား။"
ရှောက်ယန်သည် သူမ၏ နှင်းကဲ့သို့ ဖြူဖွေးနေသည့် နူးညံ့သော လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူမအား သူ့ဘက်သို့ နီးကပ်လာအောင် ဆွဲယူလိုက်သည်။ သူ၏ ခပ်နိမ့်နိမ့် အသံက ချုပ်တည်းထားမှုနှင့် တောင့်တမှုတို့ဖြင့် ပြည့်နေ၏။
"မင်းက ဒါကို အနိုင်ကျင့်တာလို့ ခေါ်တာလား။ တကယ့် အနိုင်ကျင့်တာက ဘယ်လိုလဲဆိုတာ မင်း မမြင်ဖူးသေးဘူးမလား။"
သူ၏ ချောမောသောအသွင်အပြင်ကို အနီးကပ်ကြည့်ရင်း နက်ရှိုင်းလှသော အနက်ရောင်မျက်လုံးများသည် အန္တရာယ်ရှိသော ဆွဲဆောင်မှုဖြင့် ပြည့်နှက်နေသည်ဟု ခံစားလိုက်ရသည်။
သူမသည် ဆယ်နှစ်ကျော်ကြာအောင် ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့သည်။ သို့သော်လည်း ရုတ်တရက် သူမသည် တုန်ယင်နေသည့် ယုန်လေးတစ်ကောင်လို သူရဲဘောကြောင်သလို ခံစားလိုက်ရပြီး သူမ၏ ရှည်လျားသော မျက်တောင်များက တဖျတ်ဖျတ် တုန်ရီနေသည်။
သူမသည် ရုတ်တရက် မှားယွင်းခံလိုက်ရသလို ခံစားလိုက်ရပြီး မျက်လုံးများ အနည်းငယ်နီရဲ လာသည်။
ရှောက်ယန်၏ ရှေ့၌သာ သူမသည် အမှန်တကယ် ရှက်ရွံ့စိတ်တွေဖြင့် ရှုပ်ထွေးနေပြီး ဝမ်းနည်းလာသည်။
လင်ချူးဆွေ့က သူ့လက်ထဲမှ ရုန်းထွက်လိုက်ပြီး ကျောင်းလွယ်အိတ်ကို ယူကာ ဒေါသတကြီး ရေရွတ်၍ ထွက်သွားရန် ပြင်လိုက်သည် "နင် မသွားချင်ရင်လည်း မေ့လိုက်တော့။"
သူမ စိတ်ပျက်အားလျော့ သွားတာကို မြင်သည့်အခါ ရှောက်ယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ငါ မသွားဘူးလို့ မပြောပါဘူး။ အခြေအနေတစ်ခု ရှိတယ်။"
လင်ချူးဆွေ့က ရပ်လိုက်ပြီး သူ့ကို ပြန်လှည့်ကြည့်လိုက်၏။ "ဘာအခြေအနေလဲ။"
"နောက်လမှာ ကျင်းပမယ့် ကျောင်းတစ်ကျောင်းလုံး စာစီစာကုံးပြိုင်ပွဲမှာ ပါဝင်ရမယ်။"
"စာစီစာကုံးပြိုင်ပွဲလား။" လင်ချူးဆွေ့က အံ့ဩသွားသည်။ "ဘာလို့ ဝင်ပြိုင်ရမှာလဲ။ ဆုငွေရှိလား။"
"ဆုငွေမရှိပေမယ့် မင်းအနိုင်ရရင် ဂုဏ်ရှိတယ်လေ။"
"ဆုငွေမရှိရင် ဂုဏ်ဆိုတာ တန်ဖိုးမရှိဘူးလို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။"
ရှောက်ယန်က မတ်တပ်ရပ်လိုက်သည်။ အလင်းရောင်သည် သူ၏ အနက်ရောင်ဆံပင်၊ အနက်ရောင်မျက်လုံး၊ ဖြူဖွေးသော အသားအရေ၊ နီမြန်းသောနှုတ်ခမ်းတို့ကို တောက်ပနေစေကာ သူ့အား ပိုမိုချောမောနေစေ၏။
"ငါ့အတွက်တော့ ဂုဏ်ဆိုတာ လွယ်လွယ်နဲ့ ရနိုင်လို့ အရေးမကြီးဘူး။ ဒါပေမယ့် မင်းလို ဘိတ်ချေး ကျောင်းသားတစ်ယောက်အတွက်ကတော့ အရမ်းအရေးကြီးတယ်လေ။"
"......"
သူ့ နှုတ်ခမ်းထောင့်မှာ ဖြစ်တည်နေတဲ့ အပြုံးကို မြင်လိုက်ရတော့ လင်ချူးဆွေ့၏ လက်သီးက ကျစ်ကျစ်ဆုပ်မိသွားပြန်သည်။
သူက သူမကို ကြည့်ကာ ပြောလိုက်သည်။ "ဘိတ်ချေးထိုင်ခုံဖော်လေး၊ မင်းကို အတန်းပိုင်ဆရာက အထင်သေးနေတာမျိုး မဖြစ်ချင်တော့ဘူးမလား။"
လင်ချူးဆွေ့က တွေးကြည့်ရန် ခေါင်းကို ငုံ့လိုက်သည်။ ကြည့်ရသည်မှာ ၎င်းက အမှန် ဖြစ်ပုံရသည်။
လောင်ချင်က သူမကို စကားပြောတိုင်း သူမ တစ်သက်လုံး ရှုံးနိမ့်မှုမှာသာ နစ်မြုပ်နေတော့မလို အထင်အမြင်သေးခဲ့သည်။
လင်ချူးဆွေ့က ဂရုမစိုက်ပေမယ့် အခုတော့ နည်းနည်းဂရုစိုက်ချင်လာပြီ ဖြစ်သည်။
"ကောင်းပြီ။ ငါ ဝင်ပြိုင်မယ်လို့ ကတိပေးတယ်။ နင်လည်း ဒီတစ်ပတ် ပိတ်ရက်မှာ လာဖို့ လိုပါတယ်။"
"သဘောတူတယ်။"
.........
အိမ်အပြန်လမ်းတွင် လင်ချူးဆွေ့သည် စာစီစာကုံးပြိုင်ပွဲတွင် ရေးရမည့် အကြောင်း အသိပေးချက်အတွက် လုထျန်းပိုင်အား မေးခဲ့သည်။
ရေးရမည့် အကြောင်းအရာက ကိုယ့်အတွက် အလွန် အရေးကြီးသော သူတစ်ယောက်အကြောင်း ဖြစ်သည်။ ရေးပြီးရင်နောက် နောက်လမတိုင်ခင် တရုတ်စာကိုယ်စားလှယ်ထံ၌ အပ်ရမည် ဖြစ်သည်။
ပြီးပြည့်စုံသည့် တစ်ခုခုကို ပေါ့ပေါ့ပါးပါး ရေးရတာ ရိုးရှင်းပေမယ့် ဆုတစ်ခုရဖို့ လွယ်မှာ မဟုတ်ပေ။
သူမက ရှောက်ယန်ထံ မက်ဆေ့ချ် ပို့လိုက်သည်။
"သင်ယူခြင်းနတ်ဘုရား စာစီစာကုံးပြိုင်ပွဲအတွက် ငါ ဘာရေးရမလဲ။"
ရှောက်ယန်က တစ်ရှူးသေတ္တာကို ကောက်ယူပြီး အစောပိုင်းက နှောက်ယှက်ခံလိုက်ရသည့် အရာကို ဆက်လက်လုပ်ဆောင်ရန် သူ့အခန်းထဲသို့ ဝင်သွားခဲ့သည်။ သူက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
"ဆုတစ်ခုရဖို့အတွက်ဆိုရင် အဓိပ္ပါယ်ရှိတဲ့ တစ်ခုခုကို ရေးရမယ်။"
"ခေါင်းစဉ်အတွက် အကြံကောင်း ရှိလား။"
သင်ယူခြင်းနတ်ဘုရား၏ ထင်မြင်ယူဆချက်နှင့် ပတ်သတ်၍ လင်ချူးဆွေ့က အကုန် လက်ခံနိုင်မည်ဟု ခံစားရသည်။
ရှောက်ယန် : "ဥပမာပြောရရင် 'ကျွန်မရဲ့ ကူညီတတ်သော ထိုင်ခုံဖော်'၊ 'ကျွန်မဘဝရဲ့ မီးပြတိုက်ထိုင်ခုံဖော်' အဲဒါမှ မရေးချင်ရင် 'အရူးလေးကျွန်မက သင်ယူခြင်းနတ်ဘုရား ထိုင်ခုံဖော်နဲ့ တွေ့ခွင့်ရလို့ ကံကောင်းလိုက်တာ' ဆိုတာတွေ ရေးလေ။"
***