အခန်း ၄၅
Vol. 5 Ch. 45
အပိုင်း ( ၄၅ )
ဧည့်ကြိုက သူတို့ကို ပြောလိုက်သည်။ "အရင် ဗေဒင်မေးတဲ့ ဖောက်သည်တွေ ပြီးသွားပါပြီ။ ကျေးဇူးပြုပြီး ငါနဲ့ လိုက်ခဲ့ပါ။"
လင်ချူးဆွေ့က သူမ၏ နီမြန်းနေသော မျက်နှာကို ရှောက်ယန်မမြင်ရအောင် ရှောင်ရန် ဦးစွာထလိုက်သည်။
ရှောက်ယန်က နောက်ဆုံးမှ ထသူဖြစ်သည်။ သူထွက်သွားတေည့မည့် အချိန်၌ ဆိုဖာပေါ်တွင် လင်ချူးဆွေ့၏ ဖုန်း ကျန်ခဲ့ကြောင်း သတိပြုမိလိုက်သည်။
သူက ကောက်ယူလိုက်သည်။
ဖုန်းစခရင်က လင်းနေဆဲဖြစ်ပြီး ရှာဖွေရေးစာမျက်နှာက ဖွင့်ထားဆဲဖြစ်၏။
"မကာရရာသီဖွား အမျိုးသမီးနှင့် ဗြိစ္ဆာရာသီဖွား အမျိုးသားကြား လိုက်ဖက်မှု အဆင့်သတ်မှတ်ချက်။"
ရှောက်ယန်၏ အကြည့်က အနည်းငယ် လှုပ်ခတ်သွားသည်။ ထို့နောက် သူက ရှာဖွေရေး စာမျက်နှာကို ပိတ်ကာ စခရင်ကို လော့ခ်ချလိုက်၍ လင်ချူးဆွေ့ထံ လျှောက်သွားပြီး ဖုန်းကို သူမ အိတ်ကပ်ထဲသို့ မသိမသာ ထည့်လိုက်သည်။
စင်္ကြံလမ်း၌ သူက ပေါ့ပေါ့ပါးပါး မေးလိုက်၏။ "မင်းက ဘယ်လမှာ မွေးတာလဲ။"
"ဒီဇင်ဘာ။"
"မကာရရာသီဖွားလား။"
"ဟုတ်တယ်။"
ရှည်လျားသည့် ကော်ရစ်ဒါကို ဖြတ်ကာ သူတို့ လူစုက ဗေဒင်ဟောသည့် အခန်းထဲသို့ ဝင်လာခဲ့သည်။
ဗေဒင်ဟောသည့် အခန်းက အလင်းမှိန်ဖျော့ဖျော့သာ ရှိပြီး မှန်ကန်သည့် ပတ်ဝန်းကျင် အခြေအနေကို ဖန်တီးပေးနေသည်။ မှော်ဆရာမဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတစ်ယောက်က စားပွဲတွင် ထိုင်နေပြီး ရှုပ်ပွနေသော ဆံပင်၊ နက်မှောင်သည့် မျက်လုံးမိတ်ကပ်နှင့် တားရော့ ကတ်များကို ပျင်းရိစွာ ကုလားဖန်ထိုးနေခဲ့သည်။ သူမက မော့ပင်မကြည့်ဘဲ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ထိုင်ပါ။"
လင်ချူးဆွေ့က ငုံ့ကြည့်လိုက်သည့်အခါ စားပွဲအောက်တွင် ခြေညှပ်ဖိနပ်စီးထားသည်ကို မြင်လိုက်ရသည်။
လင်ချူးဆွေ့၏ အကြည့်ကို သတိပြုမိသည့်အခါ ဗေဒင်ဟောသူက သူမ၏ ခြေထောက်များကို ရုတ်ရင်း ပြောလိုက်သည်။ "ရှင်တို့ ကျွန်မကို ကက်သရင်းလို့ ခေါ်လို့ရတယ်။"
သူမ၏ မြစိမ်းရောင်မျက်လုံးများကို ကြည့်ပြီး လင်ချူးဆွေ့က မေးလိုက်သည်။ "ရှင်က အနောက်တိုင်းမှော်ဆရာမ လား။"
"အသိသာကြီးပဲလေ။" ကက်သရင်းက သဲနာရီကို တစ်ဖက်ပြန်လှန်ရင်း ပြန်ဖြေလိုက်သည်။ "ရှင် ကျွန်မကို ကြိုက်တာ မေးလို့ရတယ်။ အချစ်ရေး၊ ပညာရေး၊ အလုပ်အကိုင်...."
လင်ချူးဆွေ့က မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်ပြီး အသံကို နှိမ့်ကာ မေးလိုက်သည်။ "ပထမမေးခွန်း ရှင် ဒီကမ္ဘာမှာ တစ္ဆေသရဲ ရှိတယ်ဆိုတာကို ယုံလား။"
ကက်သရင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ဒီလောကကြီးမှာ သရဲဆိုတာ မရှိဘူး။ ဒါပေမယ့် လူတွေရဲ့ နှလုံးသားထဲမှာတော့ သရဲရှိတယ်။"
ထိုသို့ပြောပြီးနောက် သူမက လုချီမှ စကာ တစ်ယောက်ချင်းစီကို ကြည့်လိုက်၍ နောက်ဆုံး၌ ရှောက်ယန်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ရပ်တန့်သွားသည်။ သူမက နှုတ်ခမ်းတို့ကို ဟ,ကာ ပေါ့ပါးစွာ ပြောလိုက်သည်။ "တစ္ဆေသရဲတွေက လူသားတွေရဲ့ ဆန္ဒနဲ့အတူ တည်ရှိတယ်။"
ရှောက်ယန်က သူမ၏ အကြည့်ကို ရှောင်ရန် အဝေးသို့ ကြည့်လိုက်သည်။
လင်ချူးဆွေ့က လုချီအား တီးတိုးပြောလိုက်၏။ "သူမ စကားကို နားထောင်ရတာ အတော်လေး ပညာရှင်ဆန်တယ်။"
လုချီက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ တော်တော် ထူးချွန်တယ်။"
ကက်သရင်းက အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး စားပွဲပေါ်မှ တားရော့ကတ်များပေါ် ကျရောက်သွားသည်။ "တစ်ကြိမ်မှာ လူတစ်ယောက်အတွက် နှစ်ကတ်ပဲ ဖတ်ပေးတယ်။ ဘယ်သူက ကံကြမ္မာ ဟောပြောတာကို လိုချင်လဲ။"
လင်ချူးဆွေ့က ရှောက်ယန်ကို လျင်မြန်စွာ ဆွဲချ၍ ထိုင်ခိုင်းလိုက်သည်။ "ကျွန်မတို့ကို ဟောပေး။ မဟုတ်လည်း သူ့အကြောင်း ဟောလိုက်။"
ရှောက်ယန်က လင်ချူးဆွေ့ကို ကြည့်လိုက်သည်။ "ဘာလို့ ငါ့ကိုလဲ။"
"နင် အနာဂတ်ကို မသိချင်ဘူးလား။ နင် ဘယ်တက္ကသိုလ်ကို ဝင်နိုင်မလဲဆိုတာမျိုးပေါ့။"
ရှောက်ယန်က ပြောလိုက်သည်။ "အဲဒါက ဗေဒင်မေးဖို့တောင် လိုလို့လား။"
"ငါတို့လို စာညံ့တဲ့ လူတွေရှေ့မှာ နည်းနည်းပါးပါးလောက် နှိမ့်ချမနေပေးနိုင်ဘူးလား ထိပ်တန်းကျောင်းသားကြီးရေ။"
ကက်သရင်းက သူတို့ကို ကြည့်လိုက်ရင်း အခြေအနေအား တစ်စွန်းတစ်စ ဖမ်းမိလိုက်သည်။ သူမက ပြောလိုက်၏။ "ရှင်တို့ရဲ့ ဆက်ဆံရေးကံကြမ္မာကို အရင်ဟောပေးစေချင်လား။"
လင်ချူးဆွေ့က အလျင်အမြန် သဘောတူလိုက်သည်။ "ကောင်းပြီ။ အဲဒါ ဟောပေးပါ။"
"ရှင်တို့လက်တွေကို စားပွဲပေါ်တင်လိုက်။ ယောက်ျားလေးက ဘယ်လက်။ မိန်းကလေးက ညာလက်။"
လင်ချူးဆွေ့က နာနာခံခံနှင့် သူမလက်များကို ဆန့်ထုတ်လိုက်သည်။ ရှောက်ယန်က သဘောမကျသော်လည်း သူမက အလွန် စိတ်အားထက်သန်နေသည်ကို မြင်သောအခါ သူ့အင်္ကျီလက်ကို ခေါက်တင်ပြီး လက်ကို စားပွဲပေါ်တင်လိုက်သည်။
မယှဥ်ကြည့်ရင် သိနိုင်မှာ မဟုတ်ဘူး။ သူ၏ သွယ်လျလှပသော လက်ချောင်းများ ဘေးတွင် လင်ချူးဆွေ့၏ ဖောင်းဖောင်းအိအိ လက်ချောင်းများက လုံးဝ ယှဥ်ထားရန်ပင် မသင့်တော်ချေ။
လင်ချူးဆွေ့က တိတ်တိတ်လေး သူမလက်ကို ပြန်ရုတ်ရန် ကြိုးစားလိုက်သည်နှင့် ကက်သရင်းက ရုတ်တရက် ရှောက်ယန်၏ လက်ကို ဆွဲယူကာ လင်ချူးဆွေ့ လက်ပေါ်သို့ ထပ်တင်လိုက်သည်။
လင်ချူးဆွေ့၏ နှလုံးသားက ဓာတ်လိုက်ခံရသလို တုန်ရီသွားသည်။ သူမက လက်ကို ဆွဲထုတ်တော့မည့်အချိန်တွင် ကက်သရင်းက ပြောလိုက်၏။ "မလှုပ်နဲ့။ အဲဒါက လာနေပြီ...."
ဇဝေဇဝါနှင့် လင်ချူးဆွေ့က ကက်သရင်း သူမ၏ သလင်းကျောက်လုံးကို စိုက်ကြည့်ကာ ခပ်တိုးတိုး မန်းမှုတ်နေသည်ကို စိုက်ကြည့်နေခဲ့၏။
ဤသည်မှာ လင်ချူးဆွေ့၏ ဘဝတွင် အရှည်ကြာဆုံးသော မိနစ်များ ဖြစ်လေသည်။
သူမသည် ရှောက်ယန်၏ ကြမ်းရှသော လက်ဖဝါးက သူမလက်ကို ခပ်ဖွဖွ အုပ်ကိုင်ထားသည်အား ခံစားမိပေသည်။ သူ့လက်မှ ပူနွေးမှုက သူမ နားများကို နီရဲလာအောင် ပြုလုပ်နေသည်။
ဤသည်မှာ အရင်ကသာဖြစ်လျှင် ရှောက်ယန်သည် ထိုကဲ့သို့ ရူးကြောင်ကြောင်ကိစ္စကို အစောကတည်းက စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားလိမ့်မည် ဖြစ်သည်။
သို့သော် ယခုတွင် သူက တည်ငြိမ်စွာဖြင့် လိုက်ပါကစားပေးနေသည်။
သူ့လက်က သူမ၏ လက်ကို ညင်သာစွာ အုပ်ကိုင်ထားသည်။
သဘာဝကျသော်လည်း သတိထား၍ ပြုမူနေသည်။
"ရောက်လာပြီ။" ကက်သရင်းက ရေရွတ်လိုက်သည်။ "ရှင်တို့နှစ်ယောက်မှာ.... ထူးခြားပြီး ရှုပ်ထွေးတဲ့ ဆက်နွယ်မှုမျိုး ရှိတယ်။"
"တကယ်လား။" လင်ချူးဆွေ့က လျင်မြန်စွာ မေးလိုက်သည်။ "ဒီထက်ပိုပြီး ပြောပြပါဦး။"
"ရှင်တို့က ပျော်ရွှင်မှုတွေကို မကြုံရသေးခင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ရမယ့် ကံကြမ္မာရှိတယ်။ အဲဒါကြောင့် သည်းခံစိတ် များများ မွေးရမယ်။"
လင်ချူးဆွေ့က ဇဝေဇဝါ ဖြစ်သွားသည်။ "အဲဒါပဲလား။"
"ဟုတ်တယ်။"
လုချီက တအံ့တသြ ရေရွတ်လိုက်သည်။ "အရမ်းတိကျတာပဲ။"
လင်ချူးဆွေ့က မေးလိုက်သည်။ "ဘာက တိကျတာလဲ။"
သူမသည် ယနေ့ ဤနေရာ၌ ရွှီကျားနင်နှင့် သူမ အတူ ထိုင်နေလျှင်ပင် ကက်သရင်း၏ ပေါက်ပန်းစျေးစကားများက ပြောင်းသွားလိမ့်မည်မဟုတ်ဟု သံသယရှိပေသည်။
သူမက ဆွေးနွေးခကို အလကားဖြစ်သွားရန် ဆန္ဒမရှိဘဲ ထပ်မေးလိုက်သည်။ "ရှင် သူ့အကြောင်း တခြား ဘာပြောနိုင်သေးလဲ။ မျက်နှာဖတ်နိုင်လား။"
ကက်သရင်းက ရှောက်ယန်အား တစ်ခါထပ်ကြည့်ကာ ကောက်ချက်ချလိုက်သည်။ "သူ့မှာ မက်မွန်ပွင့်ကံကောင်းမှုရှိတယ်။ မိန်းကလေးတွေ အများကြီး သူ့ကို ကြိုက်ကြလိမ့်မယ်။"
လုချီက ရေရွတ်လိုက်သည်။ "အဲဒါအမှန်ပဲ။ ဝိုး.. သူမက အံ့သြစရာပဲ။"
လင်ချူးဆွေ့ : ...
ရှောက်ယန်၏ ရုပ်ရည်နှင့် ၎င်းက သိသာလွန်းနေတာပဲ မဟုတ်ဘူးလား။
သူမက ဒေါသထွက်လာသည်ကို ဖိနှိပ်ကာ ထပ်ပြောလိုက်သည်။ "ဒီထက်ပိုပြီး ပြောပြဦး။"
သူမ မယုံကြည်နိုင်ဖြစ်နေသည်ကို မြင်သောအခါ ကက်သရင်းက တိုက်ရိုက်မေးလိုက်သည်။ "ရှင် တကယ်တမ်း ဘာသိချင်တာလဲ။"
လင်ချူးဆွေ့က ရှောက်ယန်အား တစ်ချက်ကြည့်ပြီးနောက် ကက်သရင်းကို ခပ်တိုးတိုး ပြောလိုက်သည်။ "သူ ဝင်ပူးခံထားရလားလို့ သိချင်တာ။ ကျွန်မတို့ ခဲတံတစ္ဆေ ဂိမ်းကစားပြီးတော့ အဲဒါက မထွက်သွားသေးဘူး။ အဲဒီကတည်းက ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်လာတာပဲ။"
ထိုသည်ကို ကြားသည့်အခါ ကက်သရင်းက တုန်ယင်သွားပြီး စားပွဲပေါ်က သဲနာရီကို ခေါက်လိုက်သည်။ "အိုးမိုင်ဂေါ့... ကျွန်မကို မခြောက်ပါနဲ့!"
လင်ချူးဆွေ့ : ...
အမ်း.. တကယ့် လူလိမ်ပဲ။
လူလိမ်ထက်တောင် ပိုပြီး အသုံးမကျသေးတယ်။
...
လင်ချူးဆွေ့က ရှောက်ယန်ကို ဆွဲကာ သဘာဝလွန်ဖြစ်ရပ်စူးစမ်းရှာဖွေခြင်းဋ္ဌာနမှ ထွက်လာခဲ့သည်။ သူမက ကျန်းချန်ယွီကို လှည့်ကြည့်လိုက်၏။ "သူမလိုမျိုး ကံကြမ္မာဟောသူကို ဆွေးနွေးခ ယွမ်ငါးရာ တောင်းတယ်။ ပညာရှင်ဆန်တဲ့ ကျင့်ဝတ်တောင် မရှိနေဘူး။ ငါဆိုရင်တောင်မှ မှော်ဆရာမ ဝတ်စုံဝတ်ပြီး ခြေညှပ်စီးထားတဲ့ သူ့ထက် ပိုကောင်းဦးမယ်။"
ကျန်းချန်ယွီက အကူအညီမဲ့စွာ ပြန်ဖြေလိုက်သည်။ "သူတို့က အင်တာနက်ပေါ်မှာ ကျော်ကြားပြီး တုန့်ပြန်မှုတွေလည်း ကောင်းတယ်။"
"အဲဒါတွေ အကုန်လုံးက မားကက်တင်း ဆင်းထားတာတွေလေ။"
လင်ချူးဆွေ့က အလွန် စိတ်ပျက်သွားသည်။ သူတို့က ပိုက်ဆံ အလဟဿဖြစ်သွားရုံသာမက ရှောက်ယန်သည်လည်း ယနေ့ လိုက်လာရန် ကျောင်းမှ ကမ်းလှမ်းချက်အား ငြင်းပယ်ခဲ့ခြင်း ဖြစ်သော်လည်း ဤကဲ့သို့ ရလဒ်မျိုးကိုသာလျှင် ရရှိခဲ့သည်။
ရွှီကျားနင်က ပြောလိုက်သည်။ "ဒီလိုတွေလုပ်နေမယ့်အစား မင်း သူ့ကို တိုက်ရိုက်မေးလိုက်သင့်တယ်။"
ရှက်ရွံ့စွာနှင့် လင်ချူးဆွေ့က ရှောက်ယန်ကို ခိုးကြည့်လိုက်သော်လည်း ဘာစကားမှမပြောနိုင်ခဲ့ပေ။ သူမက ဒေါသတကြီး ခြေဆောင့်ကာ ထွက်သွား၏။
"ဟေး မင်း ဘယ်ပြေးသွားတာလဲ။"
"လင်ချူးဆွေ့ ပြန်လာခဲ့။ ငကြောက်မ…"
သူမ ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် ရှောက်ယန်၏ အကြည့်များက မည်းမှောင်သွားသည်။
သူတို့ သဘာဝလွန်ဖြစ်ရပ်စူးစမ်းရှာဖွေရေးစင်တာသို့ ဝင်လာကတည်းက သူသည် ထိုလူများ၌ အကြံအစည်သေးသေးလေး ရှိနေကြောင်း သိပေသည်။
သို့သော် သူက သိနေလျှင်ပင် မသိချင်ယောင်ဆောင်ခဲ့သည်။
ထိုသည်က ကစားပွဲစည်းမျဥ်းများ ဖြစ်သည်။ သူက မပြောနိုင်ပေ။
လင်ချူးဆွေ့သာ သူမအဖေ အသက်ရှင်နေဆဲ ဖြစ်ကြောင်းသိလျှင် သူမက ဘယ်တော့မှ ရုန်းထွက်နိုင်လိမ့်တော့မည် မဟုတ်ပေ။
ရှောက်ယန်သည် လင်ရှို့ကျယ် ပြန်လည်မွေးဖွားလာနိုင်ရန် သူ့ခန္ဓာကိုယ်ကို စွန့်လွှတ်ပေးနိုင်ခြင်းမှ မရှိလျှင် သူသည် လင်ရှို့ကျယ်က သူ့ခန္ဓာကိုယ်အတွင်း နေထိုင်နေကြောင်း သူမအား သိခွင့်ပေး၍ မရနိုင်ကြောင်း သေချာပေသည်။
...
လင်ချူးဆွေ့က သန့်စင်ခန်းထဲသို့ တစ်ယောက်တည်း ဝင်သွားပြီး သူမ မျက်နှာကို ဒူးကြားထဲ မြှုပ်ထားလိုက်သည်။
ရွှီကျားနင်က လင်ချူးဆွေ့နောက်သို့ ပြေးလိုက်လာက အကူအညီမဲ့စွာ ပြောလိုက်၏။ "ငကြောက်မလေး မင်း ဘာလို့ ထွက်ပြေးရတာလဲ။"
"ငါက ငကြောက်ပဲ။ ငကြောက်အကြီးစားပဲ။" လင်ချူးဆွေ့က ထိန်းချုပ်မရနိုင်စွာ အော်ဟစ်လိုက်သည်။ "ငါ မမေးရဲဘူး။ သူက ဟုတ်တယ်လို့ ဖြေလိုက်မှာကို ကြောက်သလို မဟုတ်ဘူးလို့ ဖြေမှာကို ပိုကြောက်တယ်။ ငါ ဘယ်လိုအခြေအနေ ဖြစ်နေလဲ အဖေ မြင်သွားမှာကို ကြောက်ပေမယ့် အဖေက တကယ်ပဲ ထာဝရထွက်သွားမှာကို ပိုကြောက်တယ်။"
မျက်ရည်များက သူမ ပါးပြင်ပေါ် လိမ့်ဆင်းလာပြီး သူမက ကြမ်းတမ်းစွာ သုတ်ဖယ်လိုက်သည်။ "ငါက ငကြောက်ပဲ။ သတ္တိ မရှိဘူး။ ယုံကြည်ချက် မရှိဘူး။ ဘယ်တော့မှ ပိုကောင်းလာမှာ မဟုတ်ဘူး။"
ရွှီကျားနင်၏ နှလုံးသားက ရုတ်တရက် နူးညံ့ပျော့ပျောင်းသွားသည်။ နောက်ဆုံး၌ သူက လုမောင်နှမတို့ ဘာလို့ သူမအဖေအကြောင်း အစမဖော်စေရန် အလွန် ဆန့်ကျင်နေရသည့် အကြောင်းရင်းကို နားလည်သွားလေသည်။
သူက ယခင်ရက်များအတွင်း သူမက တဖြေးဖြေး အတိတ်၏ အရိပ်မှ လွတ်မြောက်လာကြောင်း မြင်ခဲ့ရသည်။
သို့သော် သူ၏ အစဖော်မှုကြောင့် သူမ၏ ဒဏ်ရာဟောင်းက ပြန်ပွင့်သွားလေသည်။
အပြစ်ရှိစိတ်နှင့် သောကရောက်မှုတို့ ပြည့်နှက်လာပြီး ရွှီကျားနင်က ဒူးကွေးထိုင်ချကာ သူမအား ညင်သာစွာ ပွေ့ဖက်၍ နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ "ငါ ရှိပါတယ်။ မငိုပါနဲ့။"
တစ်စုံတစ်ယောက်က ညင်သာစွာ နှစ်သိမ့်ပေးလာသည့်အခါ သူမက ပို၍ပင် ငိုကြွေးလာပြီး ရွှီကျားနင်၏ ပခုံးထက် နှာရည်များ ကျလာသည်။
"အိုး.. ပေကုန်ပြီ။"
ရွှီကျားနင်က သူမကို တွန်းလွှတ်ချင်သော်လည်း သူမက သူ့အင်္ကျီစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ "အစ်ကို သူ တကယ် ဟုတ်မဟုတ် ငါ့ကို ပြောပြပါလား။"
သူမက သူ့ကို 'အစ်ကို' ဟု ခေါ်သံအား ကြားလိုက်ရသည့်အခါ ရွှီကျားနင်၏ နှလုံးသားက အရည်ပျော်သွားသည်။
"ငါ မသိဘူး။ ဒါပေမယ့်... သူက မင်းအပေါ်တော့ ကောင်းပါတယ်။"
"ကံကြမ္မာဟောတာက အတုအယောင်ဆိုပေမယ့် မျှော်လင့်မိချင်နေတုန်းပဲ။ အဖေက ထွက်သွားပြီး ရှောက်ယန်က ရှောက်ယန်ပဲဆိုတာ ငါ သိပါတယ်။ သူက အဖေ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ငါ့ရဲ့ အသိစိတ် တစ်စိတ်တစ်ပိုင်းက အဲဒီည ခဲတံတစ္ဆေဂိမ်းကစားတုန်းက အဖေ ရောက်လာခဲ့တယ်လို့ ယုံကြည်ချင်နေတုန်းပဲ။"
"အဲဒီအကြောင်း ထပ်မပြောကြရအောင်။" ရွှီကျားနင်က ရေရွတ်လိုက်သည်။ "မင်း ရှောက်ယန်ကို ကြိုက်တယ်မလား။ ရုပ်ရှင်ကြည့်ဖို့နဲ့ ညစာအတူစားဖို့ သူ့ကို ခေါ်သွားလိုက်။ ပျော်ပျော်နေကြရအောင်။"
လင်ချူးဆွေ့က ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်း ငြင်းဆန်လိုက်သည်။ "ငါ သူ့ကို ကြိုက်တယ်လို့ ဘယ်သူပြောလဲ။"
ရွှီကျားနင်က လင်ချူးဆွေ့၏ မျက်ရည်များကို လက်နှင့် သုတ်ပေးကာ သူမအား ဆွဲထူလိုက်သည်။ "ဟုတ်ပြီ။ အထက်တန်း ကျောင်းသားတွေမှာ အပြင်ထွက်ဖို့ အခွင့်အရေး သိပ်ရှိတာမဟုတ်ဘူး။ ဒီနေရာမှာ လာပုန်းမနေဘဲ ပျော်ပျော်နေကြရအောင်။"
လင်ချူးဆွေ့က ရွှီကျားနင်ကို ကြည့်ကာ မျက်ရည်အပြည့်ဖြင့် အက်ရှနေသော အသံဖြင့် ပြောလိုက်သည်။ "နင်က အစ်ကိုကောင်း တစ်ယောက်ပဲ။"
ရွှီကျားနင်သည် သူမက အလွန် နူးညံ့ညင်သာပြီး နာခံတတ်နေသည်ကို ရှားရှားပါးပါး မြင်ရသည့်အခါ ရယ်မောလိုက်သည်။ "မင်း အခုမှ သတိထားမိတာလား။"
...
ရုပ်ရှင်ရုံအပြင်ဘက်တွင် ရှောက်ယန်က ပေါက်ပေါက်ဆုပ် ဝယ်ထားသော်လည်း ရုပ်ရှင်မစခင်မှာပင် ကျန်းချန်ယွီနှင့် လုချီက တစ်ဝက်ကျော် စားပစ်ပြီး ဖြစ်သည်။
မတတ်နိုင်စွာနှင့် သူက နောက်တစ်ဘူး ထပ်ဝယ်လိုက်ရသည်။
ဤတစ်ကြိမ်၌ ပေါက်ပေါက်ဆုပ်ကို ကာကွယ်ရန် သူက ဝင်ပေါက်တွင် တစ်ယောက်တည်း ထိုင်ကာ အစားပုပ် နှစ်ယောက်နှင့် ခပ်ဝေးဝေးနေလိုက်သည်။
ရွှီကျားနင်က လင်ချူးဆွေ့ကို ရုပ်ရှင်ရုံသို့ ပြန်ခေါ်လာသည်။ လူတိုင်းက လင်ချူးဆွေ့၏ နီရဲနေသော မျက်လုံးများကို မြင်သော်လည်း ဘယ်သူမှ မေးခွန်းအများကြီး မမေးဘဲ သဘာဝကျကျ လျစ်လျူရှုထားလိုက်သည်။
လုချီကို လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်၏။ "ရုပ်ရှင်ကစတော့မယ်။ ငါတို့ လက်မှတ်ဝယ်ဖို့ မင်းကို စောင့်နေတာ။"
လင်ချူးဆွေ့က ရှောက်ယန်ထံ လျှောက်လာပြီး ကိုးရို့ကားယားနိုင်စွာ ပြောလိုက်သည်။ "ဆောရီး ငါ သန့်စင်ခန်း အရေးပေါ် သွားဖို့ လိုသွားလို့။"
"အိုး" ရှောက်ယန်က သူမ မျက်ဝန်းထောင့်၌ ခိုတွဲနေသေးသော မျက်ရည်များကို သုတ်ပေးလိုက်သည်။ "ဝမ်းချုပ်နေတာလား။ မင်း အဲဒီလောက် မျက်ရည်အများကြီး ထွက်အောင် ငိုလာရတယ်လို့။"
"..."
အပြစ်ရှိစိတ်က ချက်ချင်း ပျောက်ကွယ်သွားသည်။ လင်ချူးဆွေ့က သူ့ကို တွန်းလွှတ်လိုက်၏။ "နင်သာ ဝမ်းချုပ်နေတာ။ နင့် တစ်မိသားစုလုံးသာ ဝမ်းချုပ်နေတာ။"
ရွှီကျားနင်က ချက်ချင်း သူမကို အမှန်ပြင်ပေးလိုက်သည်။ "ကျိန်ဆဲချင်ရင် သူ့တစ်ယောက်တည်းကိုပဲ ကျိန်ဆဲ။ သူ့မိသားစုကို ဆွဲမသွင်းနဲ့။"
လူတိုင်းက ရုပ်ရှင်ရုံထဲဝင်သွားပြီး နောက်ဆုံးတန်းတွင် ဝင်ထိုင်လိုက်ကြသည်။
ရှောက်ယန်နှင့် လင်ချူးဆွေ့က အစွန်ဆုံးတွင် ထိုင်လိုက်သည်။ ရှောက်ယန်က သူမကို သူ အကြာကြီး ဖွက်ထားခဲ့သည့် ပေါက်ပေါက်ဆုပ်ဘူးအား ပေးလိုက်သည်။
လင်ချူးဆွေ့က အနည်းငယ် အံ့အားသင့်သွားသည်။ "ငါ စားဖို့အတွက်လား။"
"အင်း" ရှောက်ယန်က ပြောလိုက်သည်။
"ငါ အခုလေးတင် နင် ဖွက်နေတာ တွေ့လိုက်တယ်။ ငါက နင် ညလယ်အဆာပြေစားဖို့ ဝယ်လာတဲ့မုန့်ကို ငါ လုစားမှာစိုးလို့ ဖွက်ထားတယ် ထင်နေတာ။"
"ငါ မင်းအတွက် ဝယ်လာပေးတာ။" ရှောက်ယန်က ပြောလိုက်သည်။ "မင်းနဲ့ မင်းရဲ့ သူငယ်ချင်းတွေက ဆာလောင်နေတဲ့ သရဲတွေ ဝင်စားသလိုပဲ။ ငါ ဘယ်လောက်များများ ဝယ်ပါစေ အကုန်စားပစ်လိမ့်မယ်။ ဒီတစ်ခုကတော့... အရမ်းစျေးကြီးတယ်။"
ရုပ်ရှင်ရုံမှ ပေါက်ပေါက်ဆုပ်က အလွန် စျေးကြီးပေသည်။
လင်ချူးဆွေ့သည် ရှောက်ယန်က တစ်ကျပ်တစ်ပြားကအစ ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းထားရကြောင်း သိရှိပေသည်။
လင်ချူးဆွေ့က သူမ အမေ၏ ပိုက်ဆံများကို အသုံးပြုနေခြင်း ဖြစ်သည့်အတွက် အဆင်ပြေပေသည်။ သူနှင့်ယှဥ်လျှင် သူမက ငွေကြေး မပြတ်လပ်ပေ။
"နောက်တစ်ခါဆို သူတို့ကို ခေါ်မလာတော့ဘူး။" သူမက ညင်သာစွာ ပြောလိုက်သည်။ "အဲဒီလိုဆိုရင် နင် သူတို့အတွက်ပါ ပေါက်ပေါက်ဆုပ် ဝယ်ကျွေးစရာ မလိုတော့ဘူး။"
ရှောက်ယန်၏ နှုတ်ခမ်းစွန်းက အနည်းငယ် ကွေးညွှတ်သွားရင်း ရေရွတ်လိုက်သည်။ "ကောင်းပြီ။"
လင်ချူးဆွေ့က ကြွပ်ရွသည့် ပေါက်ပေါက်ဆုပ်ကို စားလိုက်ပြီးနောက် ရှောက်ယန်ထံ တစ်ခု ပေးလိုက်သည်။ "နင်လည်း စားဦးလေ။"
"အင်း"
ရှောက်ယန်က သူမ လက်ချောင်းများထဲမှ ပေါက်ပေါက်ဆုပ်ကို ပါးစပ်နှင့် တိုက်ရိုက်ယူစားလိုက်သည်။
သူ၏ နွေးထွေးသော နှုတ်ခမ်းက သူမလက်ချောင်းထိပ်ကို ညင်သာစွာ ထိတွေ့လာပြီး လင်ချူးဆွေ့၏ ကျောရိုးတလျှောက် နောက်ထပ် လျှပ်စစ်စီးသွားသလို ခံစားချက် ဖြစ်ပေါ်လာစေသည်။ သူမက ခေါင်းကို လှည့်ကာ ရှောက်ယန်အား ကြည့်လိုက်သည်။
သူ၏ ဘေးတိုက်ပုံရိပ်က ကျော့ရှင်းပြီး သူ့အသွင်အပြင်က ထက်ထက်မြက်မြက်နှင့် သူ့မျက်လုံးများတွင် ရုပ်ရှင်ပိတ်ကားထက်မှ အလင်းက ရောင်ပြန်ဟပ်နေသည်။
ယခင်ကလည်း သူသည် pistachio စေ့ကို သူမလက်ထဲမှ ထိုကဲ့သို့ စားခဲ့သေးသည်။
လင်ချူးဆွေ့သည် အလွန့်အလွန် ရင်းနှီးသော ပတ်သတ်ဆက်ဆံမှုရှိသောသူများသာ အချင်းချင်း၏ လက်ထဲမှ စားစရာကို စားသောက်လိမ့်မည်ဟု ခံစားရသည်။
သူသည် သူမတို့ ဆက်ဆံရေးကို ထိုကဲ့သို့ ရင်းနှီးသော ပတ်သတ်မှုဟု ထင်မှတ်နေသည်လား။
စမ်းသပ်ကြည့်ရန် သူမက သူ့ကို နောက်ထပ်ပေါက်ပေါက်ဆုပ် ကမ်းပေးလိုက်သည်။
သေချာပေါက်ပင် သူက ခေါင်းကို နှိမ့်ကာ ယူစားလိုက်၏။
ဤတစ်ကြိမ်၌ လင်ချူးဆွေ့က လက်ကို ရုတ်လိုက်သည်။ "နင့်မှာ လက်မရှိဘူးလား။"
နောက်ဆုံး၌ ရှောက်ယန်က သူ့အကြည့်များကို ရုပ်ရှင်ပိတ်ကားထက်မှ ခွာ၍ သူမအား ဇဝေဇဝါ ကြည့်လာသည်။
"ငါက နင့်ကို ပေးနေတာ။ ခွံ့ကျွေးနေတာ မဟုတ်ဘူး။"
ရှောက်ယန်က ခဏကြာပြီးနောက်မှ တုန့်ပြန်လာသည်။
"အိုး"
မိနစ်အနည်းငယ် ကြာကြီးနောက် သူက ပေါက်ပေါက်ဆုပ်တစ်ခုကို ကောက်ယူကာ သူမထံ တိုးပေးလာသည်။ "မင်းလိုမဟုတ်ဘူး။"
"?"
"ငါ မင်းကို ခွံ့ကျွေးနေတာ။"
တိုးတက်မှုဘားတန်း : 40%
***