အခန်း ၄၆
Vol. 5 Ch. 46
အပိုင်း ( ၄၆ )
ရုပ်ရှင်က ရိုမန့်စ်ရုပ်ရှင် ဖြစ်သည်။ လူမရှိသလောက် နည်းပါးသည့် ရုပ်ရှင်ရုံအတွင်းမှ စုံတွဲအချို့သည်လည်း ပျင်းစရာကောင်းသည့် ဇာတ်အိမ်ကြောင့် တစ်ဝက်လောက်တွင် ရုံထဲမှ ထွက်သွားကြသည်။
ရုပ်ရှင်ပြသချိန် တလျှောက်လုံးတွင် ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့က ချစ်ကြိုက်ကြပြီးနောက် လမ်းခွဲလိုက်သည်။ ဝမ်းနည်းကြေကွဲဖွယ် နာကျင်ခံစား၍ ခွဲခွာကြပြီးနောက် မင်းသမီးက သေလုနီးပါး ရောဂါတစ်ခုကို ခံစားရပေသည်။
လင်ချူးဆွေ့က လှည့်ကြည့်ကာ မေးလိုက်သည်။ "အစ်ကို ရေဘဝဲ ဘာလို့ ဒီရုပ်ရှင်ကို ရွေးလိုက်တာလဲ။"
ကျန်းချန်ယွီက ရိုးသားစွာ ပြောလိုက်သည်။ "ပိုစတာမှာ ရေးထားတာတော့ ဒါက လူငယ်အိုင်ဒေါလ် ရင်နင့်ဖွယ် ပြောင်မြောက်တဲ့ လက်ရာတစ်ခုတဲ့။ ငါတွေးမိတာက ငါတို့အဖွဲ့မှာ မိန်းကလေး နှစ်ယောက်ပါတယ်ဆိုတော့ ရိုမန့်စ်က ပိုပြီးသင့်တော်လိမ့်မယ်လို့လေ။"
မိန်းကလေးနှစ်ယောက်အနက်မှ တစ်ယောက်ဖြစ်သည့် လုထျန်းပိုင်က သူမ အစ်ကို၏ ပခုံးပေါ်တွင် အိပ်ပျော်နေပြီ ဖြစ်သည်။
သူမက ဟောက်သံခပ်ဖျော့ဖျော့လေး ထုတ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့၏။
လုချီက ပြောလိုက်သည်။ "ငါ့ညီမက မိန်းကလေးလို့ သတ်မှတ်ရနိုင်ရုံလေးပဲ ရှိတာ။ အရှေ့က ဟိုတစ်ယောက်ကတော့... မင်း တကယ်ပဲ သူမက ရိုမန့်စ်ရုပ်ရှင်ကို ကြိုက်လိမ့်မယ်လို့ တွေးနေတာလား။"
ကျန်းချန်ယွီက လင်ချူးဆွေ့၏ စိတ်ရှုပ်နေသော အမူအရာကို မြင်သည့်အခါ ပြောလိုက်သည်။ "ငါ မကောင်းတာပါ။"
........
ပိတ်ကားထက်မှ အမျိုးသားအမျိုးသမီးများက စတင်၍ ရင်းနှီးလွန်းစွာ နမ်းရှုံ့နေကြသည်။
လင်ချူးဆွေ့က ရှောက်ယန်၏ ဘေးတိုက်ပုံရိပ်အား လှမ်းကြည့်လိုက်သည်။ သူက အလွန် အလေးအနက်နှင့် စိတ်ဝင်တစား ကြည့်နေခဲ့ပြီး စာလေ့လာနေသကဲ့သို့ အာရုံစိုက်နေခဲ့သည်။
"ရှောက်ယန် ဒီကားက ကြည့်လို့ကောင်းလား။"
"ကောင်းတယ်။"
"ကောင်းတယ်လား။"
ရှောက်ယန်က အလေးအနက် ပြန်မေးလိုက်သည်။ "မင်းရော ဒီကားကို ကြည့်ကောင်းတယ်လို့ မထင်ဘူးလား။"
"အဲဒီလို မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါက ဘယ်နားက ကောင်းနေလို့လဲ။"
"သူတို့ရဲ့ အချစ်လေ။ အဲဒါက အရမ်း ရင်ထဲထိစေတယ်။"
"အဲဒါက တမင် ဖန်တီးထားတာ အသိသာကြီးပဲ။"
"အမျိုးသမီးဇာတ်လိုက်က သေလောက်တဲ့ ရောဂါကို ခံစားနေရတယ်လေ။" ရှောက်ယန်က အချက်ကျကျ ပြောလိုက်သည်။ "အခက်အခဲတွေ အားလုံးကို ကျော်ဖြတ်ပြီးတာတောင် ချစ်သူတွေက အဆုံးသတ်မှာ အတူတူမနေနိုင်သေးဘူး။ သူတို့ကို သေခြင်းတရားက ခွဲခွာစေဦးမှာ။ အမျိုးသားဇာတ်လိုက်က သူမကို မှတ်ဉာဏ်တွေထဲမှာ ထာဝရ တန်ဖိုးထားသိမ်းဆည်း သွားလိမ့်မယ်။"
"အဲဒါက နင်ပြောတဲ့ ရင်ထဲ ထိတယ်ဆိုတာလား။"
ရှောက်ယန်က ပြောလိုက်သည်။ "မင်းက ဘယ်လိုလုပ် ဒီလောက် သွေးအေးရတာလဲ။"
"... "
လင်ချူးဆွေ့က ပါးစပ်ပိတ်သွားတော့သည်။
ယခင်က သူမသည် သူမနှင့် ရှောက်ယန်ကြား၌ အမှတ် ၅၀၀ မျှသာ ကွာခြားချက်ရှိသည်ဟု ထင်ထားခဲ့သည်။ ယခု သူမသည် သူမတို့၏ အတွေးအခေါ်များသည်လည်း ဆွဲစေ့လို့မရအောင်ပင် အလွန် ကွဲပြားခြားနားနေကြောင်း တွေ့လိုက်ရသည်။
သူမက သူ့ကို နောက်တစ်ကြိမ် ထပ်ပြီး ခိုးကြည့်လိုက်သည်။
သူက မည်သည့်အမူအရာမှ မပြဘဲ အာရုံစိုက်ကာ ကြည့်ရှုနေပြီး သူ၏ မှင်ကဲ့သို့ မည်းနက်နေသည့် မျက်လုံးများက တလက်လက် ဖြစ်နေသည်။
ရိုမန့်စ်ရုပ်ရှင်ကို စိတ်ဝင်တစား ကြည့်ရှုနေသည့် ရှောက်ယန်က အနည်းငယ် ချစ်စရာကောင်းပေသည်။
လင်ချူးဆွေ့က နောက်ဆုံးကျန်သည့် ပေါက်ပေါက်ဆုပ်ကို ယူလိုက်ပြီး ရှောက်ယန် စားရန် ပေးဖို့ရာ ဆုံးဖြတ်လိုက်သည်။
ရှောက်ယန်က ထက်ထက်မြက်မြက်ရှိရန် သင်ခန်းစာရပြီး ဖြစ်သည်။ သူက မေးလိုက်၏။ "ဒါက ငါ့ကို ပေးတာလား။ ခွံ့ကျွေးတာလား။"
"ခွံ့ကျွေးတာ။ ခွံ့ကျွေးတာ။ ခွံ့ကျွေးတာ။"
ထို့နောက်မှ သူက ပေါက်ပေါက်ဆုပ်ကို ပါးစပ်နှင့် ယူလိုက်သည်။
"ရှောက်ယန် နောက်ဆုံးတစ်ခေါက်တုန်းက နင် ပြောခဲ့တဲ့ ခန္ဓာကိုယ် ကောင်းမွန်တောင့်တင်းတဲ့ ကောင်မလေးတွေကို ကြိုက်တယ်ဆိုတာ တကယ်လား နောက်နေတာလား။"
"ဘာလို့ အဲဒီအကြောင်းကို မေးတာလဲ။"
"ဒီအတိုင်း... မေးရုံပါ။ နင့်စံချိန်စံနှုန်းနဲ့ ညီတဲ့ မိန်းကလေးတစ်ယောက်က နင့်ကို ချိန်းတွေ့ဖို့ ပြောလာရင် နင် သဘောတူမှာလား။"
"မတူဘူး။"
“အိုး"
သူ၏ တွေဝေတုန့်ဆိုင်းခြင်းမရှိသည့် အငြင်းစကားကို ကြားလိုက်ရသည့်အခါ လင်ချူးဆွေ့က စိတ်သက်သာရာရပြီး ပျော်သလို ခံစားရမည်လား စိတ်ပျက်လက်ပျက် ဖြစ်သွားရမည်လား မသိတော့ပေ။ "ဘာလို့လဲ။"
"ငါ ကျန်းမာရေးမကောင်းဘူးဆိုတာ အမှန်ပဲ။" ရှောက်ယန်က ဘာခံစားချက်မှ မရှိသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။ "ပြီးတော့ ငါက အရမ်းလည်း ဆင်းရဲသေးတယ်။ ချိန်းတွေ့တယ်ဆိုတာ ပိုက်ဆံကုန်တဲ့ အလုပ်ပဲ။ ငါ့မှာ မရှိဘူး။ အဲဒါအပြင် ငါ့မှာ ငါ ကြိုက်တဲ့ တစ်စုံတစ်ယောက်ကို တစ်ခုခု ကတိပေးနိုင်တဲ့ စွမ်းရည်မျိုးလည်း မရှိဘူး။"
လင်ချူးဆွေ့က သူ၏ စကားများကို ဂရုတစိုက် စဥ်းစားကြည့်လိုက်သည်။ သူက အလွန် လက်တွေ့ဆန်ပြီး ရိုးသားလှသည်။
ဤသည်မှာ ရှောက်ယန်၏ ပင်ကိုယ်စရိုက်ပင် ဖြစ်သည်။ သူက ခြေလှမ်းတိုင်းကို မှန်မှန်သာ လှမ်းလိမ့်မည် ဖြစ်သည်။
သူ၏ ဘဝက ကြိုးတန်းပေါ်၌ လမ်းလျှောက်နေရပြီး သူ့ခြေထောက်အောက်၌ ချောက်နက်ကြီးတစ်ခု ရှိနေသကဲ့သို့ပင် ဖြစ်သည်။ သူက ခြေတစ်လှမ်းမှ မှားခွင့်မရှိနိုင်ပေ။
လင်ချူးဆွေ့သည် ရွှီကျားနင် ပြောခဲ့သည့် သူမက ရှောက်ယန်အား ကြိုက်နေသည်ဟူသည့် စကားကို ပြန်တွေးကြည့်လိုက်သည်။
သူမ တကယ်ပဲ ရှောက်ယန်ကို ကြိုက်တာလား။
ကြည့်ရတာ... သူမက သူ့ကို အနည်းငယ် ကြိုက်ပုံရသည်။
လင်ချူးဆွေ့က စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်သည်။ "နင်က ချိန်းမတွေ့ချင်ဘူးဆိုမှတော့ ဘာလို့ ရိုမန့်စ်ရုပ်ရှင်ကို အလေးအနက်ထား ကြည့်နေတာလဲ။"
"ဘာလို့လဲဆိုတော့ သူတို့က ဆက်တိုက်နမ်းနေလို့လေ။"
"နင်က အနမ်းခန်းတွေ ကြည့်ရတာ ကြိုက်တာလား။"
"ငါက အသက်ဆယ့်ရှစ်နှစ်ရှိပြီ ဖြစ်တဲ့ Scorpio ရာသီခွင်ပဲ။"
"?"
လင်ချူးဆွေ့သည် ရှောက်ယန်၏ စကားမှ အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်ပေ။
သို့သော် သူမက နားမလည်သည်ကို ချက်ချင်း သိရအောင် ရှာဖွေတတ်သည့် သူ ဖြစ်သည်။ သူက ချက်ချင်းပင် Scorpio ရာသီခွင်၏ စရိုက်သဘာဝကို ရှာဖွေကြည့်လိုက်သည်။ ၎င်းတို့တွင် 'ပိုင်ဆိုင်လိုစိတ်ကြီးမားခြင်း' 'သဝန်တိုခြင်း' နှင့် 'ရန်ငြိုးထားတတ်ခြင်း' ဟူသော ဖော်ပြချက်များအပြင် သူမသည် အဓိကစကားလုံးတစ်ခုအား ရှာတွေ့သွားသည်။-
"ရမ္မက်ပြင်းထန်ခြင်း"
ကျန်သည့် ရုပ်ရှင်ပြသချိန်တလျှောက်လုံးတွင် လင်ချူးဆွေ့က စိတ်နှင့် လူနှင့် မကပ်တော့ပေ။ အနမ်းခန်းတွေ ပါလာသည့်အခါတိုင်း သူမသည် သူမဘေးမှ လူငယ်လေးအား မသိလိုက်ဘာသာနှင့် ကြည့်မိလိမ့်မည် ဖြစ်သည်။
သူက မည်သည့်အမူအရာမှ မရှိဘဲ မှင်ကဲ့သို့ မည်းနက်သည့် မျက်လုံးများက ပိတ်ကားထက်ကို စူးစူးစိုက်စိုက် ကြည့်နေကာ သူ ဘာတွေးနေသလဲ မသိရပေ။
လင်ချူးဆွေ့၏ အတွင်းစိတ် အတွေးများက အလွန် ချဲ့ကားနေပြီး သူမက ပူလောင်ကာ ရှက်သွေးဖြာလာသည်။
ရုပ်ရှင်ရုံထဲမှ ထွက်လာသည့်အခါ လုချီနှင့် အခြားလူများက ဇာတ်လမ်းအကြောင်း ဆွေးနွေးနေကြသည်။
"ဒီရုပ်ရှင်က အရမ်း ချာတူးလံနေရော။ မင်းသမီးက ဘာလို့ နောက်ဆုံးကျမှ ကုမရတဲ့ ရောဂါ ရုတ်တရက်ကြီး ထဖြစ်ရတာလဲ။ ဘာမှမဟုတ်ဘဲ ကြည့်လိုက်ရတာပဲ။"
အိပ်ချင်မတူး ဖြစ်နေဆဲ လုထျန်းပိုင်က ပြောလိုက်သည်။ "ဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။ ဘာလို့ ငါ့ကို မနှိုးလိုက်တာလဲ။"
"ညီမလေးရေ 'စိတ်ဝင်စားစရာကောင်းတယ်' ဆိုတဲ့ စကားလုံးကို တစ်ခုခုများ နားလည်မှုလွဲနေတာလား။ ဒီဟာကြီးက တမင်သက်သက် လုပ်ကြံဖန်တီးထားတာကြီးလေ။" လုချီက ပခုံးတွန့်ရင်း ပြောလိုက်သည်။ "မင်း စောင့်ကြည့်နေလိုက်။ နှစ်နည်းနည်းလေးကြာတာနဲ့ သူက သေချာပေါက် သူမကို မေ့သွားလိမ့်မယ်။"
လင်ချူးဆွေ့က ပြောလိုက်သည်။ "မဟုတ်ဘူး။ ဇာတ်လိုက်က သူမကို အမြဲတမ်း မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းသွားမှာ။ အဲဒါက အချစ်စစ်ပဲ။"
"ဖူး.... အဲဒါက မင်း ယောက်ျားတွေကို နားမလည်သလို အချစ်ဆိုတာကိုလည်း နားမလည်တာ ပြနေတာပဲ။"
"ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ မဟုတ်ဘူး။" လင်ချူးဆွေ့က ပြောလိုက်သည်။ "ငါ သဘောကျတဲ့လူကို တစ်ဘဝလုံး သတိရနေမှာ။"
လုချီက ရယ်မောလိုက်သည်။ "အဲဒါဆို ချင်းနိုင့်ကရော ဘယ်လိုလဲ။ ဒီနှစ်နှစ်အတွင်း မင်း သူ့အကြောင်း အားလုံး မေ့သွားတာပဲ မဟုတ်ဘူးလား။"
'ချင်းနိုင့်' ဟူသည့် စကားလုံးကို ကြားလိုက်သည့်အခါ လင်ချူးဆွေ့၏ အမူအရာက သိသိသာသာ အေးခဲသွားသည်။ သူမက ခြေထောက်မြှောက်ကာ လုချီကို ကန်လိုက်၏။
လုချီက အလျင်အမြန် ရှောင်လိုက်သည်။ "ငါ့ကို သူ့အကြောင်း ပြောခွင့်မပေးဘူးပေါ့လေ။"
ထိုစဥ် တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ရှောက်ယန်က ရုတ်တရက် မေးလိုက်သည်။ "ချင်းနိုင့်က ဘယ်သူလဲ။"
ရှောက်ယန်က စိတ်ဝင်တစားဖြစ်နေသည်ကို မြင်သည့်အခါ လုချီက ချက်ချင်း ရှင်းပြလိုက်သည်။ "ချင်းနိုင့်က ချူးဆွေ့ရဲ့ ရည်းစားဟောင်းလေ။ သူတို့က အထက်တန်းစတက်တုန်းက ဒိတ်ခဲ့ကြပေမယ့် နောက်တော့ လမ်းခွဲလိုက်ကြတယ်။"
လင်ချူးဆွေ့က ချက်ချင်း ပြောလိုက်သည်။ "အဲဒီတုန်းက ငါက ငယ်ရွယ်ပြီး ဘာမှ မသိနားမလည်ခဲ့လို့လေ။ သူ့မှာ ကောင်းမွန်တဲ့ ကိုယ်ကျင့်စရိုက်ရှိတယ်လို့ ခံစားမိခဲ့တာ။ ငါတို့ ဒီဇာတ်လမ်းဟောင်းကြီးကို ထပ်သယ်မလာလို့ ရနိုင်မလား။"
လုချီက ခေါင်းကုတ်လိုက်သည်။ "ရှောက်ယန်က သိချင်နေလို့ ငါ သူ့ကို ရှင်းပြပေးရုံပဲလေ။"
ရှောက်ယန်က အမှန်တကယ် စိတ်ဝင်စားနေပြီး ထပ်မေးလိုက်သည်။ "သူ့ စရိုက်က ဘယ်လိုမျိုးလဲ။"
လုချီက ပြောလိုက်သည်။ "ချင်းနိုင့်ရဲ့ အဆင့်တွေက နောက်ဆုံးအဆင့်နားမှာပဲ။ သူက ဘယ်လိုပျော်ပါးရမလဲဆိုတာ သိပြီး ကျောင်းလူဆိုးတွေထဲက တစ်ယောက်လို့ သတ်မှတ်နိုင်တယ်။"
ရှောက်ယန်က လင်ချူးဆွေ့ကို ကြည့်လိုက်သည်။ "အဲဒီတော့ မင်းက အဲဒီလို အဆင့်မကောင်းတဲ့ သူတွေကို ကြိုက်တာလား။"
“အဲဒါက သူ အဆင့်မကောင်းတာကြောင့် မဟုတ်ဘူး။" လင်ချူးဆွေ့က ရှင်းပြလိုက်သည်။ "အဲဒီတုန်းက ငါ သူ့ကို ချောတယ်လို့ ခံစားမိခဲ့ရုံပဲ။"
"ဘယ်လောက် ချောတာလဲ။"
"အမ်း.. နင်နဲ့ ယှဥ်လို့ရနိုင်သလောက်ပေါ့။"
"ဓာတ်ပုံရှိလား။"
သူက ထိုအကြောင်းကိုပဲ စွဲစွဲမြဲမြဲ ဆက်မေးနေသည်ကို မြင်သည့်အခါ လင်ချူးဆွေ့က ပြောလိုက်သည်။ "ငါတို့ ပြတ်သွားတာ ကြာလှပြီ။ ဘယ်လိုလုပ် ဓာတ်ပုံတွေ ရှိတော့မှာလဲ။ ရှောက်ယန် နင်က အဲဒီလောက် အတင်းအဖျင်း ကြိုက်လိမ့်မယ်လို့ ထင်မထားမိဘူး။"
ထိုအချိန်၌ ကျန်းချန်ယွီက ဖုန်းကို ထုတ်ယူလိုက်သည်။ "ငါ သူ့ acc ကို မဖျက်ပစ်ရသေးဘူး။ ချင်းနိုင့်က QQ မှာ နေ့တိုင်း ဆယ်လ်ဖီပုံတွေ တင်တတ်တယ်။ ရှောက်ယန် မင်း သူ့ကို ကြည့်ချင်လား။"
ရှောက်ယန်က ဖုန်းကို ယူရန် လက်ဆန့်ထုတ်လိုက်သည်။ ကျန်းချန်ယွီက ချက်ချင်း အပေးအယူ လုပ်လိုက်၏။ "တစ်ပတ်စာ အိမ်စာတွေကို ကူးခွင့်ပေးရမယ်။"
ရှောက်ယန်က ပြောလိုက်သည်။ "သဘောတူတယ်။"
လုချီက ရေရွတ်လိုက်၏။ "ဖာ့ခ်…။"
သူက မည်သည့် တွေဝေခြင်းမှမရှိဘဲ သဘောတူလိုက်သည်။
ကျန်းချန်ယွီက ဖုန်းကို လှမ်းပေးလိုက်၏။ ရှောက်ယန်က အပေါ်အောက်ဆွဲချရင်း ကြည့်လိုက်သည်။
ထိုရည်းစားဟောင်းက အမှန်တကယ်ပင် ဆယ်လ်ဖီပုံများ နေ့တိုင်းတင်တတ်ပြီး အထူးသဖြင့် Gym တွင် အပေါ်ပိုင်းဗလာနှင့် ကြွက်သားများ ပြသထားသော မှန်ဆယ်လ်ဖီများ ဖြစ်သည်။ အလွန် ကျစ်လျစ်ကာ အဆီပြန်နေသည့် ကြွက်သားများကို ပြသထားသည်။
သူ၏ ဆယ်လ်ဖီစတိုင်လ်က အဆီပြန်နေသော်လည်း ချင်းနိုင့်၏ အသွင်အပြင်က ကြံ့ခိုင်တောင့်တင်းပြီး ချောမောပေသည်။ သူက သေချာပေါက် ချောမောပြီး ဆွဲဆောင်မှုရှိသည်ဟု ဆုံးဖြတ်နိုင်သည်။
ရှောက်ယန်က ချင်းနိုင့်၏ ရုပ်သွင်ကို မည်သည့် မှတ်ချက်မှ မပြုဘဲ ဖုန်းကို ပြန်ပေးလိုက်သည်။
ရွှီကျားနင်က ဖုန်းကို ယူ၍ တစ်ချက်ကြည့်ပြီးနောက် ရယ်မောလိုက်သည်။ "မင်းရဲ့ ရည်းစားဟောင်းက ဒီလိုပုံစံ ဖြစ်နေမယ်လို့ ထင်မထားဘူး။"
လင်ချူးဆွေ့က သူမ၏ အလှရသခံစားနိုင်မှုကို ပြင်းပြင်းထန်ထန် ကာကွယ်လိုက်သည်။ "သူက အတော်လေး ကြည့်ကောင်းပါတယ်။"
ရွှီကျားနင်က သရော်လိုက်၏။ "သူ့ရဲ့ ရုပ်ရည်က အဆင်မပြေပေမယ့် အရှိန်အဝါက မရှိဘူး။ တစ်ချက်ကြည့်လိုက်တာနဲ့ သူ့မှာ ဗဟုသုတမရှိဘူးဆိုတာ ပြောနိုင်တယ်။ ဗဟုသုတမရှိတာက အရိုင်းအစိုင်းဖြစ်လာတာနဲ့ မကွာဘူး။"
လင်ချူးဆွေ့က မကျေမနပ် ပြောလိုက်သည်။ "နင်က အရမ်းဗဟုသုတရှိလို့ ခန်းဆောင်နီအိပ်မက်ကို သွားလေရာ သယ်သွားပြီး ကျားပေါင်ယွီတောင် ဖြစ်လာတော့မလို့လား။"
"သေချာပေါက် ငါက ကျားပေါင်ယွီ ဖြစ်မလာနိုင်ဘူး။" ရွှီကျားနင်က သရော်လိုက်သည်။ "ငါ့ ညီမကလည်း လင်းသိုက်ယွီ မဟုတ်ဘူးလေ။"
"ဘယ်လိုပဲဖြစ်ဖြစ် နင့်ရဲ့ ရသခံစားမှုကလည်း အဲဒီလောက် ကောင်းနေတာ မဟုတ်ပါဘူး။"
ရွှီကျားနင်က ရှောက်ယန်ကို မေးလိုက်သည်။ "ရှောက်ယန် မင်း သူမရဲ့ အကြိုက်ကို ဘယ်လိုထင်လဲ။"
ရှောက်ယန်က ညာဘက်အောက်ခြေထောင့်မှ တိုးတက်မှုဘားတန်းကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။ "တစ်ခါတစ်လေ လွတ်နေပေမယ့် ယေဘုယျအားဖြင့်တော့ အဆင်ပြေပါတယ်။"
"ကြည့်ပါလား။" လင်ချူးဆွေ့က ခြေဖျားထောက်ကာ စိတ်ကျေနပ်စွာဖြင့် ရွှီကျားနင်၏ ခေါင်းကို ပုတ်လိုက်သည်။ "ရှောက်ယန်က ငါ့ရဲ့ အလှရသခံစားမှုကို ကောင်းတယ်လို့ ပြောတယ်။"
"သူက မင်းကို တစ်ခါတစ်လေ လွတ်နေတယ်လို့လည်း ပြောခဲ့တယ်လေ။" ရွှီကျားနင်က အဓိကအချက်ကို တိုက်ရိုက် ပြောလိုက်သည်။ "မင်းရဲ့ ရည်းစားဟောင်းက ရုပ်ရည်ကတော့ လက်ခံနိုင်စရာ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ စရိုက်ကတော့ သိပ်မကောင်းလောက်တာ အမှန်ပဲ။ ဗဟုသုတမရှိတာကို ကုသဖို့ဆိုရင် စာအုပ်တွေများများ ဖတ်ဖို့လိုတယ်။ ချောမောတဲ့သူတွေတောင် စာလေ့လာမှုကို လျစ်လျူရှုလို့ မကဘူး။ ဥပမာအနေနဲ့ ပြောရရင် မင်းအရှေ့က ရှောက်ယန်ကို ရည်ညွှန်းရမယ်။"
လင်ချူးဆွေ့က အထင်အမြင်သေးသည့် ဆူညံသံတချို့ ပြုလုပ်လိုက်သော်လည်း သူ့ကို ပြန်လှန်မပြောခဲ့ပေ။
ရှောက်ယန်က ပြန်၍ မငြင်းဆန်နိုင်သော ဥပမာတစ်ခုဖြစ်သည်မှာ သိသာပေသည်။
ရှောက်ယန်က ရွှီကျားနင်ကို ကြည့်လိုက်သည်။ "မင်းက အရမ်းပါးနပ်တာပဲ။"
"ဟမ်…။"
"နောက်တစ်ကြိမ်ကျ ငါ မင်းကို ပထမနေရာ ယူခွင့်ပေးမယ်။"
ရွှီကျားနင် : ?
...
ညစာအတွက် စားသောက်ဆိုင်ကို ရွှီကျားနင်က ရွေးချယ်ခဲ့ပြီး Times Square ရှော့ပင်းမောလ်၏ လေးလွှာတွင် ရှိသည့် အဆင့်မြင့် ဂျပန်-ပြင်သစ် စားသောက်ဆိုင်တစ်ခု ဖြစ်သည်။
"ပင်လယ်စာ အလက်ဂျစ်မရှိကြဘူးမလား။ ဒီစားသောက်ဆိုင်ကို သွားကြရအောင်။" ရွှီကျားနင်က ပြောလိုက်သည်။ "ဒီစားသောက်ဆိုင်ရဲ့ ပတ်ဝန်းကျင်က ကောင်းမွန်ပြီး စျေးလည်း တန်တယ်။ အရေးကြီးဆုံးက အစားအသောက်တွေက အရသာရှိတာပဲ။"
လုချီက ဂျပန်စားသောက်ဆိုင်ရှေ့မှ တံတားငယ်လေးမှ အဖြူရောင်အငွေ့များ ထုတ်လွှတ်နေသည့် လှပသော လူလုပ်ရှုခင်းကို ကြည့်လိုက်သည်။ သူက ဇဝေဇဝါနှင့် မေးလိုက်၏။ "ဒါက ဘူဖေးစားသောက်ဆိုင်လား။ စားချင်တဲ့အရာမှန်သမျှ စားလို့ရနိုင်တာလား။"
"ဟုတ်တယ်။ ဘူဖေး" ရွှီကျားနင်က ပြန်ဖြေလိုက်သည်။ "အဲဒါကြောင့် ငါ မင်းတို့ကို ဒီစားသောက်ဆိုင် ညွှန်းပေးရတာပဲ။"
တံခါးမှ ဝင်သွားပြီးနောက် စားသောက်ရန်စားပွဲအတွက် အရင် ငွေပေးချေရသည်။ လင်ချူးဆွေ့သည် ဘူဖေးက တစ်ယောက်ကို ယွမ် လေးရာ့ရှစ်ဆယ်ကျကြောင်း မြင်သည့်အခါ ဤဆိုင်က အဆင့်မြင့် ဘူဖေး စားသောက်ဆိုင် ဖြစ်ကြောင်း တွေးလိုက်မိသည်။
သူမ လုချီနှင့် အားကစားအဖွဲ့မှ အခြားလူများဖြင့် သွားနေကြ ဘူဖေးဆိုင်မှာ ယွမ်တစ်ရာအောက်သာ ကျသင့်ပေသည်။
လုချီက ပြောလိုက်သည်။ "အဲဒါဆို ချူကော ငါတို့ အန်ထွက်တဲ့အထိ စားကြမယ်။”
လင်ချူးဆွေ့က ပြန်ဖြေလိုက်သည်။ "နင့်ဘာသာ ကြိုက်သလောက် သွပ်ထည့်။ ငါ့ကို လာဆွဲမထည့်နဲ့။"
လုချီက ပြောလိုက်သည်။ "အရမ်းလွန်တာပဲ။ အရင်က ငါတို့ ဘူဖေးသွားစားတဲ့ အချိန်တိုင်း အန်မထွက်မချင်း စားခဲ့ကြတာပဲ မဟုတ်ဘူးလား။ အခု သင်ယူခြင်းနတ်ဘုရား ဒီမှာ ရှိနေတော့ မင်းက သစ္စာဖောက်သွားပြီပဲ။"
လင်ချူးဆွေ့က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "ငါ ဘယ်တုန်းကမှ အန်ထွက်တဲ့အထိ မစားခဲ့ဖူးဘူး။ အဓိပ္ပါယ်မရှိတာ မပြောနဲ့။"
"တစ်ခေါက်ကဆို မင်း စားသောက်ပြီးတော့ မင်းရဲ့ ဗိုက်က ကိုယ်ဝန်ငါးလလောက် ရှိနေတဲ့ ဗိုက်မျိုး ဖြစ်သွားတာလေ။"
လင်ချူးဆွေ့က သူ့ကို သတ်ဖြတ်လိုသည့် အကြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါမှ နောက်ဆုံးတွင် လုချီက ပါးစပ်ပိတ်သွားပြီး သူ့ညီမ လုထျန်းပိုင်၏ အနောက်သို့ ဝင်ပုန်းလိုက်သည်။
***