← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အပိုင်း ( ၄၇ )

ရွှီကျားနင်က QR Code ကို scan ဖတ်ရန် ပြင်နေသည့် အချိန်၌ ရှောက်ယန်က ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။ "ခွဲပြီးရှင်းကြရအောင်။"

"မလိုဘူး။" ရွှီကျားနင်က scan ဖတ်ပြီး ငွေပေးချေနေရင်း သာမန်ကာလျှံကာ ပြောလိုက်သည်။ "ငါတို့ ဘယ်တော့မှ...."

သူ စကားပြော၍ မပြီးခင် 'တင်း တုန်' ဟူသည့် အသံထွက်ပေါ်လာပြီး သူ့ဖုန်းထဲတွင် လင်ချူးဆွေ့ထံမှ ငွေလွှဲဝင်သည့်စာ ရောက်ရှိလာသည်။

ရွှီကျားနင်က လင်ချူးဆွေ့ကို ကြည့်လိုက်သည်။ "မင်း ဘာလုပ်တာလဲ။"

"ငါတို့ အပြင်ထွက်တဲ့အချိန်တိုင်း ငွေကို ခွဲရှင်းဖို့ မလိုဘူးလား။ နင်က ဘာလို့ ချမ်းသာချင်ယောင်ဆောင်နေတာလဲ။" လင်ချူးဆွေ့က ပြောလိုက်သည်။ "အတန်းဖော်ရေ ငါ နင့်ဝေစုအတွက်ပါ ရှင်းပေးလိုက်မယ်။ နောက်မှ နင် ငါ့ဆီ ပြန်လွှဲပေးလိုက်။"

ရှောက်ယန်က ပြောလိုက်သည်။ "အိုခေ။"

လုချီကလည်း ရွှီကျားနင်ဆီသို့ ပိုက်ဆံလွှဲပေးလိုက်၏။ "ငါနဲ့ ငါ့ညီမရယ် ကျန်းရှုန်း(ရှုန်း=ညီအစ်ကို) အတွက် ပိုက်ဆံက ဒီမှာ ယူလိုက်။"

ကျန်းချန်ယွီက ပြောလိုက်သည်။ "ကျေးဇူးပဲ လုရှုန်း"

လုချီက ခွန်းတုန့်ပြန်လိုက်သည်။ "ဘာတွေ ကျေးဇူးလာတင်နေတာလဲ။ ငါတို့က ခွဲရှင်းမှာ။ ပြီးရင် ပြန်ပေးရမယ်။"

.........

စားပွဲထိုးက သူတို့ကို စားပွဲနေရာသို့ ခေါ်သွားခဲသည်။ လင်ချူးဆွေ့က ညရှုခင်းကို မြင်နိုင်သည့် ပြတင်းပေါက်ခုံကို ရွေးချယ်ပြီး ထိုင်လိုက်သည်။

ရှောက်ယန်က သူမဘေးမှာ ဝင်ထိုင်ရင်း ဖုန်းကို ထုတ်ကာ သူမကို စာအိတ်နီတစ်အိတ် လွှဲပေးလိုက်၏။

တင်*!

စာအိတ်နီတွင် စာလုံးနှစ်လုံးသာလျှင် ပါဝင်သည်။

"ကျေးဇူး"

လင်ချူးဆွေ့က သူ့ကို မော့ကြည့်လိုက်သည်။ သူ၏ နက်မှောင်သော မျက်လုံးများက သူမကို စိုက်ကြည့်နေခဲ့ပြီး သူ၏ မျက်ဝန်းထောင့်က မြင့်တက်သွားကာ သူမအား စာအိတ်နီကို ယူရန် မျက်ရိပ်ပြလိုက်သည်။

လင်ချူးဆွေ့က သူ့ကို မက်ဆေ့ချ်တစ်စောင် ပို့လိုက်၏။ "အဲဒါက ရွှီကျားနင် သိအောင် ပြောလိုက်ရုံပဲ။ ငါတို့ အရင် ဘယ်တုန်းကမှ ဒီလို စျေးကြီးတဲ့ စားသောက်ဆိုင်မျိုးကို မလာကြဘူး။"

ရှောက်ယန်က ပြောလိုက်သည်။ "ဘာလို့ အဲဒါကို ပြောပြတာလဲ။"

လင်ချူးဆွေ့က ပြောလိုက်၏။ "ဒီတိုင်း ရောက်တတ်ရာရာ ပြောလိုက်တာ။"

ရှောက်ယန်က ပြောသည်။ "ငါက မိနစ်တိုင်း စက္ကန့်တိုင်း ပိုက်ဆံရှာနိုင်တယ်။ ဒါက ဘာမှ မဟုတ်ဘူး။"

လင်ချူးဆွေ့က နည်းနည်းပိုပြီး စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သူမက သူ့ကို ကြောင်လေး လက်မထောင်နေသည့် အီမိုဂျီတစ်ခု ပို့လိုက်သည်။ "သင်ယူခြင်းနတ်ဘုရား (ရှောက်ယန်) က အံ့သြစရာ အကောင်းဆုံးပဲ။"

သူတို့ ဖုန်းက 'တင်း တုန်' ဟူသည့် အသံများကို ကြားနေရသည့်အတွက် လုချီက စိတ်မကျေမနပ်နှင့် ပြောလိုက်သည်။ "မင်းတို့တွေ ဒီလောက်နီးနီးလေး ထိုင်နေတာကိုတောင် တစ်ယောက်နဲ့ တစ်ယောက် မက်ဆေ့ချ် ပို့နေရသေးတယ်။ တိုက်ရိုက်ပြောလိုက်လို့ မရဘူးလား။ အင်တာနက်ဒေတာတွေ ဖြုန်းနေတာပဲ။"

ကျန်းချန်ယွီက ရယ်မောလိုက်သည်။ "မင်း ကိစ္စ မင်းသာ အာရုံစိုက်စမ်းပါ အရူးရဲ့။ သူတို့ ထိုင်ခုံဖော်အချင်းချင်း တီးတိုးပြောစရာရှိနေတာ မင်းအပူဘာပါလို့လဲ။"

လုချီက ပြောလိုက်၏။ "ဘာကို တီးတိုးပြောတာလဲ။ ငါနဲ့ ရွှီကျားနင် တီးတိုးပြောနေတာ မြင်ဖူးလို့လား။"

လင်ချူးဆွေ့က သူမ ဖုန်းကို ချ၍ ပြောလိုက်သည်။ "စာအိတ်နီ အပို့အယူလုပ်နေရုံပဲ။"

........

စားပွဲထိုးက သူတို့၏ အော်ဒါကို ယူရန် လာသည်။ လုချီက မီနူးပေါ်မှ အစားအသောက်စာရင်းကို ညွှန်ပြရင်း မေးလိုက်၏။ "ဒါတွေအားလုံးက ကိုယ်တိုင်ယူစနစ်နဲ့ အကန့်အသတ်မရှိ ယူလို့ရတဲ့ဟာတွေ ဟုတ်တယ်မလား။"

စားပွဲထိုး : "ဟုတ်ပါတယ်။"

လုချီက မီနူးကို ကြည့်လိုက်သည်။ "မှိုအမဲမိုးခိုသားကင်၊ ပင်လယ်ငါးကြက်သွန်မြိတ်ကင်..."

လင်ချူးဆွေ့က ထပ်ပေါင်းထည့်လိုက်သည်။ "ပြီးတော့ နွေဦးငွေငါးဆာရှိမိ၊ မြောက်ဝင်ရိုးစွန်းကမာဆူရှီ၊ ပြင်သစ်စတိုင်လ်ငါးကြော်..."

စားပွဲထိုး၏ ပါးစပ်က တွန့်သွားပြီး ယဥ်ယဥ်ကျေးကျေး ပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားတို့ကို ဟင်းလျာတချို့ပဲ မှာဖို့ အကြံပြုချင်ပါတယ်။ အဲဒါတွေကုန်သွားမှ ထပ်မှာလို့ ရတယ်။"

"ငါတို့က အခုမှ စမှာရုံပဲ ရှိသေးတယ်။ ငါတို့...." ဝိတ်တာ၏ အမူအရာကို မြင်ပြီးနောက် လင်ချူးဆွေ့က ရှောက်ယန်ကို တစ်ချက်လှမ်းကြည့်ကာ သူမ စကားကို ပြောင်းလိုက်သည်။ "ငါတို့... လုံလောက်တာထက် ပိုနေပါပြီ။ ငါ အများကြီး မစားနိုင်ဘူး။"

လုချီက တအံ့တသြ ပြောလိုက်သည်။ "ချူးကော မိန်းကလေးတစ်ယောက်လို ဟန်ဆောင်မနေပါနဲ့။ တစ်ယောက်ကို ယွမ် လေးရာ့ရှစ်ဆယ်တောင်နော်။ ကျိန်းသေ အန်ထွက်တဲ့အထိ စားသောက်ရမယ်။ မီနူးမှာပါသမျှ အားလုံးကို မှာပြီး အကုန် စမ်းစားကြည့်။"

ဝိတ်တာ : "လူကြီးမင်းတို့ စားလို့မကုန်ရင် ကျန်တဲ့ အစားအသောက်တွေရဲ့ အလေးချိန်အတိုင်း အပိုကြေး ပေးဆောင်ရမှာပါ။"

လုချီက လှောင်လိုက်သည်။ "မင်းက ငါတို့ကို တော်တော် လျှော့တွက်နေတာပဲ။ ချူးကောတစ်ယောက်တည်းရဲ့ စားနိုင်အားကတင် လူဆယ်ယောက်လောက်နဲ့ ညီမျှတယ်။"

"လုချီ!!!!" လင်ချူးဆွေ့က လုံးဝ စိတ်လွတ်သွားတော့မလိုပင်။ သူမက လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း သူ့ကို စိုက်ကြည့်ကာ ခပ်တိုးတိုး အသံနှင့် ခြိမ်းခြောက်လိုက်သည်။ "ငါ နင့်ကို သတ်တော့မယ်။"

လင်ချူးဆွေ့ မျက်လုံးထဲမှ အမှန်တကယ် သတ်ဖြတ်လိုစိတ်ကို ခံစားမိသည့်အခါ လုချီက ဉာဏ်ရှိရှိနှင့် ပါးစပ်ပိတ်လိုက်တော့သည်။

မကြာခင်၌ ဟင်းပွဲများ ရောက်ရှိလာပြီး စားပွဲကို ပြည့်နှက်သွားသည်။

ကျန်းချန်ယွီနှင့် လုချီတို့က အားကစားအဖွဲ့မှ ကောင်လေးများ၏ ကြောက်မက်ဖွယ် အလားအလာကို ပြသလာသည်။ ဝံပုလွေအုပ်လိုက် ဝင်လာသကဲ့သို့ မိနစ်ပိုင်းအတွင်းတွင် အများကြီး ကုန်အောင် စားပစ်လိုက်၏။

ရွှီကျားနင်က အများကြီး မစားခဲ့ဘဲ မျက်လုံးကို လှိမ့်ရင်း ပြောလိုက်သည်။ "ငါ ဘယ်တုန်းကမှ မင်းတို့လို အားကစားသမားတွေနဲ့ အတူ မစားဖူးဘူး။ ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ။"

လုချီက သောက်စရာကို တစ်ကျိုက်တည်း သောက်ချရင်း ပြောလိုက်သည်။ "အစားအသောက်နဲ့ လိင်မှုကိစ္စကို ထိန်းထိန်းသိမ်းသိမ်း လုပ်နေလို့ ဘယ်ဖြစ်မှာလဲ။ မင်းက စားတာတောင် အဲဒီလောက် ဇီဇာကြောင်နေတာ။ အိပ်ရာထဲမှာလည်း ရှက်နေမယ်ဆိုတာ ငါ လောင်းရဲတယ်။"

"စိတ်မပူပါနဲ့ ။ ငါက အဲဒီနေရာမှာ မင်းထက် သေချာပေါက် ပိုသာတယ်။"

ကျန်းချန်ယွီက လုထျန်းပိုင်၏ နားကို ကာထားပေးလိုက်သည်။ "ဒီနေရာမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေ ရှိတယ်။ မင်းတို့ကောင်တွေ ဘယ်လိုစကားမျိုး ပြောနေကြတာလဲ။"

ရှောက်ယန်က တည်ငြိမ်စွာဖြင့် စားသောက်နေပြီး မနှေးလွန်း မမြန်လွန်းဖြင့် ဖြစ်ကတတ်ဆန်းလည်း မနိုင် အလွန် သန့်စင်နေသည်လည်း မဟုတ်ဘဲ စားသောက်ခြင်းကိုသာ အာရုံစိုက်ထားသည်။ လင်ချူးဆွေ့သည် သူက အခြားကိစ္စများကို အာရုံစိုက်နေသလား မသိမသာ စတင်စူးစမ်းလိုက်မိသည်။

မိန်းကလေး၏ ထူးဆန်းသော အကြည့်ကို မြင်သည့်အခါ ရှောက်ယန်က သူမကို ကြည့်လိုက်သည်။ "ငါ့ကို ကြည့်နေရုံနဲ့ ဗိုက်ပြည့်မှာလား။"

"အာ... မဟုတ်ဘူး။"

လင်ချူးဆွေ့က အမဲသားစားရန် ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်။ အပိုင်းအနည်းငယ် စားသောက်ပြီးနောက် သူမက ရှောက်ယန်ကို ထပ်ပြီး တိုးတိုးလေး မေးလိုက်သည်။ "နင် အဲဒီလောက်တောင် စားနိုင်တာလား။ ထမင်း နည်းနည်းလိုချင်လား။"

ရှောက်ယန်က သူ၏ တူများကို ချလိုက်သည်။ "ငါက မင်း ထင်သလောက် ယဥ်ကျေးပြီး ရှက်တတ်နေတာ မဟုတ်ဘူး။"

"အိုး..."

သူမက ပါးစပ်ပိတ်ပြီး ဆက်စားနေတာ နောက်ထပ် စကားထပ်မပြောရဲတော့ပေ။

ရှောက်ယန်သည် အစောပိုင်းက လင်ချူးဆွေ့ ပြောခဲ့သည့် ဘေလ်ခွဲရှင်းမည်ဆိုခြင်းမှာ သူ၏ မာနနှင့် သိက္ခာကို ဂရုတစိုက် ကာကွယ်ပေးလိုသောကြောင့် ဖြစ်ကြောင်း သိရှိပေသည်။ မိန်းကလေးက အလွန် ကိုးရို့ကားယားနိုင်သူဖြစ်ပြီး သူမ၏ ရည်ရွယ်ချက်က အလွန် သိသာလှသည်။

သူက ဒေါသမထွက်ဘဲ ဆန့်ကျင်ဘက်အားဖြင့် ရင်ထဲပင် ထိသွားခဲ့သေးသည်။

တစ်စုံတစ်ယောက်က သူ့အတွက် ထိုကဲ့သို့ တွေးပေးခြင်းက ရှားပါးလှသည်။

"လင်ချူးဆွေ့" သူက သူမနာမည်ကို နူးညံ့စွာ ခေါ်လိုက်၏။

"ဟင်…။"

"ငါ့ကို ငန်းအသည်းလေး ယူပေးပါလား။"

"အိုခေ" လင်ချူးဆွေ့က ချက်ချင်း ထရပ်လိုက်ပြီး လုချီ အရှေ့မှ ငန်းအသည်းပန်းကန်ကို ယူလာ၍ ရှောက်ယန် အရှေ့သို့ ပို့ပေးလိုက်သည်။ "ရွှီကျားနင် ပြောတာတော့ သူတို့ရဲ့ ငန်းအသည်းက အတော်လေး အရသာရှိတယ်တဲ့။ နင်က ကျောက်ကပ်တစ်ခု မရှိဘူးဆိုတော့ အားဖြည့်ဖို့ ဒါကို စားသင့်တယ်။"

ရှောက်ယန်က သူ့မျက်လုံးထောင့်ကို ပွတ်လိုက်သည်။ "ငါ ပျောက်နေတာ ကျောက်ကပ် မဟုတ်ဘူး။ အဲဒါက အသည်းပဲ။ ငါ အရင်တစ်ခေါက်တုန်းကလည်း ရှင်းပြပေးခဲ့ပြီးပြီ။"

"အဲဒါက... ဘာများ ကွာခြားလို့လဲ။"

"မင်းရဲ့ ဦးနှောက်နဲ့ ဒီငန်းအသည်းကြားမှာ ကွာခြားချက်ရှိလား။"

လင်ချူးဆွေ့က ရယ်မောလိုက်သည်။ သူမက ရှောက်ယန်အတွက် အမဲသားအချို့ ယူပေးလိုက်သည်။ "ငါ့ရဲ့ ထိုင်ခုံဖော် စိတ်ပျော်နေသရွေ့ ဘာ ကွာခြားမှုမှ မရှိဘူး။ များများစား။"

သူမသည် ရှောက်ယန်နှင့် ဤကဲ့သို့ ကျီစယ်နေရသည်ကို အမှန်တကယ် သဘောကျပြီး မသိစိတ်အလျောက် သူ့အနား တိုးကပ်သွားသည်။ သူမက သူ့ကို သူမ ပန်းကန်ထဲမှ အမဲသားအားလုံးကို ပေးလိုက်၏။ "များများစားပြီး ကျန်းမာရေးကောင်းလာအောင် လုပ်။ နင်က ကြံ့ခိုင်တဲ့ မိန်းကလေးမျိုးကို ရည်းစားတော်ချင်တယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် နင့်ရဲ့ ကိုယ်ပိုင်ခွန်အားကလည်း အရမ်း နောက်ကောက်ကျ ကျန်ခဲ့လို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား။"

ရှောက်ယန်က ပြောလိုက်သည်။ "မင်း ပြောတာ အဓိပ္ပါယ်ရှိတယ်။ ဘဝရဲ့ စည်းချက်ကာရန် ပျောက်ဆုံးနေရင် ပြဿနာအများကြီး ဖြစ်လာနိုင်တယ်။"

လင်ချူးဆွေ့က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။"

လုချီက လုထျန်းပိုင်၏ နားကို ထပ်၍ ကာလိုက်သည်။ "မင်းတို့နှစ်ယောက် ဘယ်တုန်းက လိင်ကိစ္စအကြောင်း ပြောတဲ့အထိ ရင်းနှီးသွားကြတာလဲ။"

လင်ချူးဆွေ့က မေးလိုက်သည်။ "ဘယ်နေရာမှာ လိင်ကိစ္စအကြောင်း ရည်ညွှန်းတဲ့ စကားလုံး ပါသွားလို့လဲ။"

"ဘဝရဲ့ စည်းချက်ကာရန် မကိုက်တဲ့အကြောင်းတွေ ပြောနေတာလေ။ ဘယ်လောက် စုတ်ပဲ့လိုက်သလဲ။ ငါ့ညီမကိုပါ ပျက်စီးအောင် မလုပ်နဲ့။"

လင်ချူးဆွေ့က ရှင်းပြလိုက်သည်။ "သူက အရမ်း ပျော့လွန်းတယ်။ သူက အနာဂတ် ရည်းစားကောင်မလေးကို အလုပ်တွေအားလုံး လုပ်ခိုင်းနေရင် ဘဝရဲ့ စည်းချက်က ဘယ်လိုညီနိုင်တော့မှာလဲ။"

လုချီက ​ပြောလိုက်သည်။ "သူက ရုပ်ပိုင်းဆိုင်ရာ သန်မာတဲ့ ရည်းစားကောင်မလေးကို ရှာချင်တယ်လို့ ပြောခဲ့တာ အိမ်အလုပ်တွေ လုပ်ပေးနိုင်တဲ့ သူကို ဆိုလိုတာလို့ မင်း တကယ် ထင်နေတာလား။"

ရှောက်ယန်က ပြောလိုက်သည်။ "အဲဒါက ငါ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ပဲ။ မင်းကသာ စုတ်စုတ်ပဲ့ပဲ့ တွေးနေတဲ့ကောင်။"

လင်ချူးဆွေ့က အခိုင်အမာ အတည်ပြုလိုက်သည်။ "တွေ့လား။"

လုချီက အလျှော့ပေးလိုက်သည်။ "... ဟုတ်တယ်။ ဟုတ်တယ်။ အဲဒါ ငါပါ။"

ရွှီကျားနင်က လုချီနှင့် ခွက်ချင်းတိုက်လိုက်သည်။ "မင်း အိပ်ချင်ယောင်ဆောင်နေတဲ့ နှစ်ယောက်ကို ဘယ်တော့မှ နှိုးလို့ရမှာ မဟုတ်ဘူး။ အထူးသဖြင့် သူတို့က 'ထာဝရထိုင်ခုံဖော်' ပြဇာတ်ကို ကချင်နေတဲ့အခါမှာလေ။"

ရှောက်ယန်က စားသောက်နေရင်း တစ်ဝက်တွင် သန့်စင်ခန်း ထသွားခဲ့ပြီး လက်ဆေးကန်ရှေ့၌ ရပ်ကာ သူ့ကော်လာကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်လိုက်သည်။

အနီး၌ မည်သူမှ ရှိမနေပေ။ ထို့ကြောင့် သူက ခပ်တိုးတိုး ခေါ်လိုက်သည်။

"ဦးလေး"

တခဏကြာပြီးနောက် လင်ရှို့ကျယ်၏ ပျင်းရိသော အသံ ထွက်ပေါ်လာသည်။ "မင်းဘက်က ငါ့ကို အစပြုပြီးရှာတာ ဒါ ပထမဆုံးပဲ။"

"ဦးလေးက အရမ်း အကြာကြီး တိတ်ဆိတ်နေတော့ ဦးလေးရှိနေတာကိုတောင် မေ့နေပြီ။"

"မင်းတို့ လူငယ်တွေက အမြဲတမ်း လူကြီးတွေ တတွတ်တွတ် ပြောနေတာမျိုးကို မုန်းတယ်မဟုတ်ဘူးလား။" လင်ရှို့ကျယ်က ပေါ့ပါးစွာ ပြောလိုက်သည်။ "ငါ့သမီးလည်း ငါ တတွတ်တွတ် ပြောနေတာမျိုးကို မကြိုက်ဘူး။ အဲဒါကြောင့် မင်းရဲ့ ဘဝကို ငါက စစ်ဆေးထောက်လှမ်းနေတယ်လို့ မခံစားရအောင် ရှောင်ချင်လို့ အများကြီး မပြောတာပဲ။"

"ကျွန်တော် ဘယ်တော့မှ အဲဒီလို မတွေးပါဘူး။"

သူ့တွင် အကြီးအကဲများနှင့် မိဘများ မရှိခဲ့ဘဲ မိဘများက တတွတ်တွတ် ပြောဆိုနေတာမျိုးကို မကြုံတွေ့ဖူးခဲ့ပေ။

"မင်းတို့ လူငယ်တွေမှာ ကိုယ်ပိုင် စကားပြောနည်းလမ်းနဲ့ အပြုအမူတွေ ရှိကြတယ်။ တစ်ခါတစ်လေ မင်းရဲ့ နောက်ပြောင်တာတွေက အရမ်းလွန်တယ်လို့ ခံစားမိပေမယ့် အချိန်တွေက ပြောင်းလဲသွားပြီလေ။"

လင်ရှို့ကျယ်က ရှောက်ယန်၏ စိတ်မအေးချမ်းမှုကြောင့် သူ့ကို အစပြုကာ နိုးထလာစေသည်ကို သိရှိပေသည်။

"ငါ မတည်ရှိသလို နေနေလိုက်။ ငါ မင်းရဲ့ ဘဝကို သက်ရောက်မှုမဖြစ်စေချင်ဘူး။ မင်း ငါ့သမီးကို အနိုင်ကျင့်တာမျိုး ထိခိုက်နာကျင်စေတာမျိုး မဖြစ်စေသရွေ့ ငါ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။"

"သူမက ကျွန်တော့်ကို သဘောကျပြီး ကောင်းပေးတယ်။" ရှောက်ယန်က ခဏရပ်ပြီးနောက် လေးလံစွာ ပြောလိုက်သည်။ "ကျွန်တော် မလုပ်နိုင်..."

.... ကျွန်တော် သူမကို နည်းနည်းလေးတောင် ထိခိုက်စေဖို့ မလုပ်ရက်ဘူး။

လင်ရှို့ကျယ်က ရှောက်ယန်၏ နှလုံးသားထဲမှ အသံကို ကြားပြီး ဖြစ်သည်။

ကလေးဘဝမှ ထိခိုက်မှုများနှင့် ခွဲခြားဆက်ဆံခံရမှုတို့ကြောင့် စိတ်ဒဏ်ရာရခဲ့သဖြင့် တိတ်ဆိတ်ကာ မှောင်မိုက်သည့် စိတ်တို့ ရှိလာပါသော်လည်း သူ့အား ဂရုစိုက်သည့် လူများနှင့် ဆက်ဆံရသည့်အခါ သူက ဖြောင့်မတ်ကာ ရိုးသားနေဆဲ ဖြစ်သည်။

သူက ရှောက်ယန်ကို ကယ်တင်ခဲ့မိသည်အား နောင်တမရပေ။ ထို့အစား ထိုအချိန်က မီးထဲ ပြေးဝင်သွားပြီး သူ့ကို ကယ်တင်ပေးခဲ့ရသည်အား ဝမ်းသာမိပေသည်။

သူက မီးထဲ၌ အမှန်တကယ် သေဆုံးသွားခဲ့လျှင် မြေအောက်ကမ္ဘာသို့ သွားသော ခရီးတွင် သူ့ဝိညာဥ်က အလွန် မည်းမှောင်ကာ အထီးကျန်နေလိမ့်မည် ဖြစ်သည်။

ထိုအချိန်၌ သန့်စင်ခန်းအကန့်တစ်ခုဆီမှ အမျိုးသားတစ်ယောက် ထွက်လာသည်။ ရှောက်ယန်က လင်ရှို့ကျယ်နှင့် စိတ်ချင်းဆက်သွယ် စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး လက်ဆေးကာ ထွက်သွားရန် ပြင်လိုက်သည်။

အမျိုးသားက လက်ဆေးကန်ရှေ့တွင် ရပ်နေပြီး သန့်စင်ခန်းအခြေအနေက အလွန် သန့်ရှင်းနေသည်ကို တွေ့လိုက်ရပြီး လက်ဆေးကန်ကောင်တာကို စန္ဒကူးသစ်သားဖြင့် ပြုလုပ်ထားကာ သိမ်မွေ့ကာ အသရေတင့်သည့် ခံစားချက်ကို ပေးစွမ်းသည့် အတွက်ကြောင့် သူက ဖုန်းကို ထုတ်ယူကာ ဆယ်လ်ဖီ စရိုက်လိုက်သည်။

ရေချိုးခန်းထဲရှိ တောက်ပသော အလင်းက သူ့မျက်နှာထက် ရောင်ပြန်ဟပ်နေသည်။ သူက ဟူဒီဝတ်ထားပြီး မျက်နှာပေါ်သို့ အလင်းရောင် ကောင်းစွာ ရစေရန် မေးကို မြင့်မြင့်မော့လိုက်သည်။ သူ၏ အကြည့်က ဆုံချက်မရှိဘဲ ခပ်ကြွားကြွား အမူအရာနှင့် အမျိုးသား အများစု ပေးတတ်သည့် ပို့စ်မျိုး ပေးထား၏။

ရှောက်ယန်က မော့ကြည့်လိုက်ပြီး မှန်မှတဆင့် အမျိုးသား၏ အသွင်အပြင်ကို မြင်လိုက်ရသည်။

သူ့မျက်နှာက ထက်ရှသော အနားသတ်လိုင်း၊ မြင့်မားသော မျက်ခုံးများရှိပြီး ကြံ့ခိုင်တောင့်တင်းသော အသွင်အပြင်နှင့် ကြွက်သားအပြည့်ဖြင့် ဖြစ်သည်။

ရှောက်ယန်တွင် အလွန် ကောင်းမွန်သော မှတ်ဉာဏ်ရှိ၏။ သူက ချက်ချင်းပင် ထိုသူက လင်ချူးဆွေ့၏ ရည်းစားဟောင်း ချင်းနိုင့် ဖြစ်ကြောင်း မှတ်မိလိုက်သည်။

ချင်းနိုင့် ဓာတ်ပုံရိုက်ပြီးသည်နှင့် သူသည် မှန်ထဲမှ သူ့ကို ကြည့်နေသည့် ကောင်လေးတစ်ယောက်ကို သတိပြုမိလိုက်သည်။

ဆယ်လ်ဖီဓာတ်ပုံရိုက်နေစဥ်အတွင်း စောင့်ကြည့်နေသည့်သူ တစ်စုံတစ်ယောက် ရှိနေခြင်းက အနည်းငယ် ကိုးရို့ကားယားနိုင်ပေသည်။

သူက စိတ်အနှောင့်အယှက် ဖြစ်စွာနှင့် ဖုန်းကို အလျင်အမြန် သိမ်းလိုက်သည်။ "မင်းက သေမလို့ လာကြည့်နေတာလား။ အရိုက်ခံချင်လို့လား။"

သူ့ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ချက်ချင်း အယုတ္တအနတ္တစကားများ ထွက်လာပေသည်။ သူက ရှင်းရှင်းလင်းလင်းပင် ကျောင်းလူဆိုးစရိုက်သဏ္ဌာန် ရှိလေသည်။

ဤသို့ စိတ်လိုက်မာန်ပါ လုပ်တတ်သည့် အသက်အရွယ်မျိုးတွင် ဟော်မုန်းများက အများအပြား ထွက်ပေါ်နေတတ်ပြီး အကြည့်တစ်ချက်နှင့်ပင် ပေါက်ကွဲထွက်ရန် လွယ်ကူပေသည်။

သို့သော် ရှောက်ယန်က ထိုကဲ့သို့ နေရာတကာ ရန်လိုတတ်သော ဦးနှောက်မရှိသည့် လူမျိုး မဟုတ်ပေ။

သူက တည်တည်ငြိမ်ငြိမ်နှင့် အကြည့်ကို ပြန်ရုတ်လိုက်ပြီး ဆက်၍ လက်ဆေးနေသည်။

ချင်းနိုင့်က သူ့ကို အစုန်အဆန်ကြည့်လိုက်ပြီး ပျစ်ပျစ်နှစ်နှစ် ပြောဆိုရင်း သန့်စင်ခန်းထဲမှ ထွက်သွားသည်။ "အရှုံးသမား ငကြောက်ကောင်"

ရှောက်ယန်က ရေဘုံပိုင်ခေါင်းကို ပိတ်လိုက်ပြီး သူ့လက်မှ ရေများကို ခါထုတ်လိုက်ပြီးနောက် ကြမ်းပေါ်၌ အနက်ရောင်ပိုက်ဆံအိတ်တစ်အိတ်ကို တွေ့လိုက်ရသည်။

ကြည့်ရသည်မှာ ချင်းနိုင့် ယခုလေးတင် သူ့ဖုန်းကို ထုတ်ရင်း ပြုတ်ကျခဲ့ခြင်း ဖြစ်ရပေမည်။

ရှောက်ယန်က ရာသီခွင်ဟောပြောချက်များကို မယုံကြည်သော်လည်း အစောပိုင်းက လင်ချူးဆွေ့ ရှာဖွေနေစဥ် သာမန်ကာလျှံကာ လှမ်းကြည့်လိုက်ခဲ့ပြီး ၎င်းတို့က အနည်းငယ် မှန်ကန်ကြောင်း သိလိုက်ရသည်။ အငြိုးအတေးထားတတ်ခြင်းနှင့် လက်စားချေတတ်ခြင်းတို့က သူ၏ အကျင့်စရိုက်နှင့် အလွန် ကိုက်ညီလှပေသည်။

သူက ပိုက်ဆံအိတ်ကို ကောက်ယူကာ ဖွင့်လိုက်သည်။ အထဲတွင် ချင်းနိုင့်၏ ID ကတ်၊ အမျိုးမျိုးသော ဘဏ်ကတ်များ၊ ကျောင်းဝန်းထဲမှ ထမင်းစားကတ်နှင့် ငွေသားများ ရှိပေသည်။

ပိုက်ဆံအိတ်ထဲတွင် ဓာတ်ပုံတစ်ပုံလည်း ရှိသည်။ ဓာတ်ပုံထဲက မိန်းကလေးမှာ အပြစ်ကင်းစင်ပြီး နူးညံ့ညင်သာသည့် အပြုံး ရှိသည်။ သူမက အလွန် ငယ်ရွယ်ပြီး ဆံမြိတ်စင်းစင်း၊ ဆံပင်အရှည်နှင့် အဖြူအပြာ ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားကာ လိမ္မာရေးခြားရှိသည့် ကျောင်းသူလေးဖြစ်ပုံပေါ်၍ ကင်မရာဘက်သို့ ရှက်ကိုးရှက်ကန်းဖြင့် ရယ်ပြနေသည်။

၎င်းက လင်ချူးဆွေ့၏ အလယ်တန်းကျောင်းတုန်းက ပုံစံလေး ဖြစ်ပုံပေါ်လေသည်။

ဓာတ်ပုံကို ကြည့်ရင်း ရှောက်ယန်၏ မျက်လုံးထဲမှ အေးစက်မှုတို့က တ​ဖြေးဖြေး ပျောက်ကွယ်သွားကာ နူးညံ့ညင်သာသည့် ခံစားချက်များဖြင့် အစားထိုးခံလိုက်ရသည်။ သူက ဓာတ်ပုံကို ဂရုတစိုက် ထုတ်ယူပြီး သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

ပိုက်ဆံအိတ်ကိုတော့ သူက သာမန်ကာလျှံကာဖြင့် အိမ်သာခွက်ထဲ ပစ်ထုတ်လိုက်လေသည်။

***

All Chapters