← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အပိုင်း ( ၄၉ )

စတိုးဆိုင်တွင် လင်ချူးဆွေ့က ဆေးပစ္စည်းအိတ်ကို ဖွင့်ကာ ရှောက်ယန်၏ နှုတ်ခမ်းထောင့်ရှိ ကွဲနေသောနေရာကို ကပ်ပေးလိုက်သည်။

"သူ ပြေးဝင်လာတာကို မြင်သားနဲ့ ဘာလို့ မရှောင်တာလဲ။"

"မင်း ငါ့ရှေ့မှာ ရပ်နေတာ မဟုတ်ဘူးလား။" ရှောက်ယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မင်း ရှိနေတာကို ငါက ဘာကြောက်ရမှာလဲ။"

ထိုစကားကို ကြားသည့်အခါ လင်ချူးဆွေ့၏ နှလုံးသားက ချေမွခံလိုက်ရသလို ခံစားလိုက်ရ၏။ သူမက သူ့ကို ညင်သာစွာ ဆေးလိမ်းပေးလိုက်ပြီး သူ့ နားရွက်နားသို့ တိုးကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ "ဒါဆို အခုကစပြီး... ငါ နင့်ကို ကာကွယ်ပေးပါ့မယ်။"

"အင်း"

"နာနေသေးလား။"

"နည်းနည်း"

သူမက လက်ကို ဆန့်ထုတ်လိုက်ပြီး ရှောက်ယန်၏ နှုတ်ခမ်းထောင့်အား ဆေးဂွမ်းတံဖြင့် ညင်သာစွာ ပွတ်လိုက်သည်။

သူတို့ရှေ့မှ ကိုလာသောက်ရင်း လမ်းဘေးအစားအသောက်များ စားနေကြသည့် ဆယ်ကျော်သက်လေးများက သူတို့အား မျက်မှောင်ကြတ်ကာ ကြည့်နေကြသည်။

ကျန်းချန်ယွီက လုချီကို ခပ်တိုးတိုး ပြောလိုက်၏။ "ငါတို့ရဲ့ ညီအစ်ကို ချူးဆွေ့က နတ်ဘုရားရှောက်ရဲ့ ကစားကွက်ကြောင့် အနက်ရှိုင်းဆုံး လမ်းပေါ် ခြေချမိသွားပြီ။"

လုချီ : "မင်း ဘာလို့ အဲဒီလို ပြောတာလဲ။"

ကျန်းချန်ယွီ : "ဒီလိုမျိုး ထိပ်တန်းအဆင့် အကြံအစည်ကြီးတဲ့ ယောက်ျားမျိုးနဲ့ဆို ချူးဆွေ့လို ကြမ်းတမ်းတဲ့ လူမျိုးတောင် သူ့ကြောင့် ခြယ်လှယ်ခံရလိမ့်မယ်။"

လုချီ : "အဲဒါ... မဖြစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား။"

သူ စကားပြော၍ မပြီးခင် သူတို့က ရှောက်ယန် ပြောလာသည်ကို ကြားလိုက်ရသည်။ "ဒါက ငါ့အမှားပါ။ ငါ သူ့ကို သွားပြီး ရန်မစလိုက်သင့်ဘူး။"

လင်ချူးဆွေ့ : "နင် လုပ်တာ ဘာမှမမှားပါဘူး။ သူကသာ ဒေါသကြီးတာ။"

ရှောက်ယန်က သူ့နှုတ်ခမ်းထောင့်မှ ဆေးကို ပွတ်လိုက်ပြီး ဝန်ခံလိုက်၏။ "တကယ်တော့ အစောပိုင်းက သန့်စင်ခန်းမှာ သိပ်အဆင်မပြေစရာ ကိစ္စတချို့ ဖြစ်ခဲ့တယ်။ အဲဒါကြောင့် ငါ သူ့ပိုက်ဆံအိတ်ကို လွှင့်ပစ်လိုက်တာ။"

"သူ နင့်ကို ရိုက်ခဲ့တာလား။"

"သူ့ကို ကြည့်ရတာ အရမ်း ပေါက်ကွဲလွယ်တဲ့ ဒေါသရှိပုံပဲ။"

"သူ နင့်ကို ပြောဆိုခဲ့တာလား။"

"ထားလိုက်ပါတော့။ အဲဒါက ငါ့ကိုယ်ပိုင် ပြဿနာပဲ။"

လင်ချူးဆွေ့က ချက်ချင်း လှုံ့ဆော်ခံလိုက်ရသည်။ "သူ နင့်ကို အတိအကျ ဘယ်လို ပြောဆိုခဲ့တာလဲ။"

"ဘာမှမဖြစ်ပါဘူး။ ထပ်ပြီး စိတ်မပူနဲ့တော့။ ငါလည်း အစကတည်းက ကောင်းမှ မကောင်းတာ။ သူပြောတာလည်း ဘာမှမမှားပါဘူး။"

"သေစမ်း" လင်ချူးဆွေ့က လက်သီးဆုပ်လိုက်ပြီး သူမ မျက်လုံးများက ဒေါသကြောင့် နီရဲလာသည်။

.......

ရှောက်ယန်ကဲ့သို့ စာအုပ်ကြီးသမားက သူ့ကိုယ်သူ ခံရသူလို သရုပ်ဆောင်နေသည်ကို ကြည့်ပြီး လုချီ၏ လောကအမြင်က ပြိုကျသွားလေသည်။

ရှောက်ယန်ကို ကြည့်ရသည်မှာ သူ့ ရည်းစားဟောင်းမိန်းကလေး၏ အရိပ်ကို မြင်နေရသကဲ့သို့ ထင်မှတ်ရသည်။

သူ၏ ရည်းစားဟောင်းမိန်းကလေးသည်လည်း တူညီသော စကားပြောသည့် နည်းလမ်းမျိုးကို အသုံးပြုတတ်ပြီး သူက ဘာကြောင့်မှန်းမသိဘဲ လိုသုံးရည်းစားကောင်လေး ဖြစ်လာသည်။

ကြည့်ရသည်မှာ.... သူ အခု နားလည်ပြီ ထင်သည်။

ရွှီကျားနင်က သူ့လက်မောင်းကို ဖက်ရင်း အခိုင်အမာ ပြောလိုက်သည်။ "ငါက သူ့လောက်တောင် မတော်ဘူး။"

လုထျန်းပိုင်က ပြောလိုက်သည်။ "နတ်ဘုရားရှောက်က အရိုက်ခံလိုက်ရတာတောင် နင်တို့တွေက ဒီနေရာမှာ ငြင်းခုန်နေကြတာလား။"

လုချီက သူမ၏ ခေါင်းကို ပုတ်လိုက်သည်။ "ညီမလေးရေ မင်းတို့ မိန်းကလေးတွေရဲ့ ဦးနှောက်က ဝက်နင်းခံလိုက်ရတာလား။ ဒီအကြံအစည်သမားက ဟန်ဆောင်နေတယ်ဆိုတာ မမြင်နိုင်ဘူးလား။"

"ချင်းနိုင့်က လူတွေကို အရင် အနိုင်ကျင့်တာ သေချာတယ်။"

"ရှောက်ယန်ရဲ့ အဆင့်နဲ့ သူသာ လုပ်ချင်ရင် ချင်းနိုင့်ကို အပြတ်အသတ် ရိုက်ချလိုက်လို့ရတယ်။"

ထိုညက ရွှီကျားနင်က စက်ဘီးနင်းပြီး လင်ချူးဆွေ့နှင့်အတူ ပြန်လာခဲ့သည်။

ညဘက်လေက အေးစက်နေသည်။ လင်ချူးဆွေ့က စိတ်ခံစားချက်ကောင်းမွန်နေပြီး လမ်းတလျှောက် သီချင်းလေး တညည်းညည်းနှင့် လိုက်ပါလာသည်။

သူမကို စသိကတည်းက သူသည် ထိုမိန်းကလေးက ဤမျှ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်နေသည်အား မြင်ရခဲပေသည်။

"အဲဒီ ကြွက်သားအပြည့်နဲ့ ကောင်က တကယ်ပဲ မင်းရဲ့ ရည်းစားဟောင်းလား။" သူက လင်ချူးဆွေ့ကို မေးလိုက်သည်။

လင်ချူးဆွေ့က ရိုးရှင်းစွာ ရှင်းပြလာ၏။ "ရည်းစားဟောင်းရယ်လို့တော့ မဟုတ်ပါဘူး။ ငါ့အဖေ ငါတို့ရဲ့ ဆက်ဆံရေးကို ဖျက်ဖို့ မကြိုးစားခင်ကတည်းက ငါတို့ တွဲတောင် မတွဲဖူးခဲ့ဘူး။"

"ငါ ထင်တာတော့ မင်းအဖေက မှန်ကန်တဲ့အရာကို လုပ်ခဲ့တာပဲ။" ရွှီကျားနင်သည် ထိုအချိန်က မြင်ကွင်းကို ပြန်စဥ်းစားလိုက်သည်။ "သူက အဲဒီမိန်းကလေးကို တော်တော် ကျွမ်းကျွမ်းကျင်ကျင် ရိုက်နှက်လိုက်တာ အကြမ်းဖက်ရတာကို ကြိုက်တယ်ဆိုတာ ရှင်းလင်းနေတာပဲ။"

လင်ချူးဆွေ့က တိတ်ဆိတ်သွားသည်။

ဤရှက်စရာကောင်းသော အတိတ်က သူမ နှလုံးသားထဲက အမာရွတ် ဖြစ်သည်။ သူမသာ ဤကိစ္စနှင့် ပတ်သတ်ပြီး လောင်လင်ကို မပုန်ကန်ခဲ့လျှင် လောင်လင်က ထိုနေ့တွင် အလုပ်သွားမည့်အစား သူမနှင့်အတူ Ocean Park သို့ အတူတူ သွားခဲ့ခြင်းမျိုး ဖြစ်နိုင်ပေသည်။

သို့ဆိုလျှင် သူက မကွယ်လွန်သွားသည်လည်း ဖြစ်နိုင်ပေသည်။

မိန်းကလေး၏ တိတ်ဆိတ်မှုကို ခံစားမိသည့်အခါ ရွှီကျားနင်က သက်ပြင်းချလိုက်သည်။

"မင်း အဖေက ဆုံးပါးသွားရင်တောင် တခြားလူတွေ ရှိပါသေးတယ်။ သူတို့က သူ့နေရာကို အစားထိုးပေးနိုင်မှာ မဟုတ်ပေမယ့် မင်းကိုတော့ တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး။"

သူမက နှာခေါင်းသံနှင့် မေးလိုက်သည်။ "နင်က နင့်ကိုယ်နင် ပြောနေတာလား။"

"အင်း"

ညဘက် တောက်ပသည့် လရောင်​အောက်တွင် ရွှီကျားနင်က သူ၏ ပုံမှန်စရိုက်နှင့် ကွဲပြားစွာ နူးညံ့ညင်သာနေပုံရသည်။ "ငါက မင်းရဲ့ အစ်ကိုပဲလေ။"

လင်ချူးဆွေ့က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ကာ နူးညံ့စွာ ခေါ်လိုက်သည်။ "အစ်ကို"

သူမ ပြော၍မပြီးခင် ရွှီကျားနင်က ရုတ်တရက် ဘရိတ်ကို ညှစ်လိုက်ပြီး သူမခေါင်းက သူ့ နောက်ကျောနှင့် ပြင်းပြင်းထန်ထန် တိုက်မိသွားသည်။ "နင် ဘာလုပ်နေတာလဲ။"

ရွှီကျားနင်က ပန်းခြံသို့ ကြည့်လိုက်ပြီး ရှောက်ချန်က ယောက်ျားတစ်ယောက်နှင့် ဆွဲလားရမ်းလား ဖြစ်နေသည်ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေခဲ့၏။

သူက ချက်ချင်း စက်ဘီးပေါ်မှ ဆင်းကာ စက်ဘီးအား လင်ချူးဆွေ့ဆီ ပေးလိုက်သည်။ "လုပ်စရာတစ်ခုခု ပေါ်လာလို့ မင်း အရင် အိမ်ပြန်နှင့်လိုက်။"

လင်ချူးဆွေ့ စက်ဘီးပေါ်မှ ဆင်းပြီးနာက် စက်ဘီးလက်ကိုင်ကို ကိုင်လိုက်ပြီး အမြန် ထွက်သွားသည့် ရွှီကျားနင်၏ ပုံရိပ်ကို ကြည့်လိုက်သည်။ "ဘယ်လို အတုအယောင်ဆန်တဲ့ အစ်ကိုလဲ။ သွားသေလိုက် နိုင်ငံခြားသားအတုကောင်။"

......

ရှောက်ချန်က ပန်းခြံထဲမှ စိမ်းစိမ်းစိုစို အပင်များ တစ်ဖက်တစ်ချက်တွင် ပေါက်ရောက်နေသည့် လျှောက်လမ်းအတိုင်း လျှောက်လာနေသည်။ သူတို့က တစ်ခုခုကို အငြင်းအခုန် ဖြစ်လာပုံရသည်။

အမျိုးသားက သိသိသာသာ သူမထက် အသက်ကြီးပြီး အသက်သုံးဆယ်ဝန်းကျင်လောက်ရှိသည်။ သူ၏ ဝတ်စားဆင်ယင်ပုံက အနည်းငယ် ရင့်ကျက်သော်လည်း ရွှီကျားနင်၏ အမြင်အရ ထိုအမျိုးသား၏ ဖက်ရှင်အမြင်က အလွန် ဆိုးဝါးလှပေသည်။ သူ၏ ဘရန်းတံဆိပ်ခါးပတ်ကို ပြသနိုင်ရန် ရှပ်အင်္ကျီကို ဘောင်းဘီထဲသို့ ဖိသိပ်ထည့်ထားပြီး အတော်လေး မသေမသပ်ဖြစ်နေသည်။

သူမက မိတ်ဆွေတစ်ယောက်နှင့်အတူ ရှိနေသည်ကို မြင်သောအခါ ရွှီကျားနင်က ဝင်မစွက်ဖက်ချင်ခဲ့ပေ။ သူက ထွက်သွားရန် ပြင်လိုက်စဥ် ရုတ်တရက် ထိုအမျိုးသားက သူမအား စိတ်မရှည်စွာ အော်ဟစ်လိုက်သည်ကို ကြားလိုက်ရ၏။

"ငါ ဘာလုပ်နိုင်ဦးမှာလဲ။ ငါ့မိသားစုက အရမ်း ရှေးဆန်တယ်။ ငါ့မိဘတွေလည်း အတူတူပဲ။ သူတို့သာ မင်းရဲ့ လက်ရှိ အခြေအနေက မိဘမရှိဘဲ အထက်တန်းကျောင်းသားအရွယ် မောင်တစ်ယောက်ကို ပျိုးထောင်နေရပြီး မင်းရဲ့ ပညာအရည်အချင်းကလည်း..... သူတို့ သိသွားရင် ငါတို့ကို လုံးဝ သဘောတူတော့မှာ မဟုတ်ဘူး။"

ရှောက်ချန်၏ ခံစားချက်များက တည်ငြိမ်နေဆဲ ဖြစ်သည်။ "အဲဒီတော့ ပြောရရင် ကျွန်မကို ဘယ်တော့မှ ရှင့်မိဘတွေနဲ့ မိတ်ဆက်မပေးတော့ဘူးပေါ့။"

"ဘယ်တော့မှ မိတ်ဆက်မပေးတာ မဟုတ်ဘူး။ အချိန်နည်းနည်း စောင့်ပေးဖို့ ပြောတာ။ သူတို့က သေချာပေါက် အခုတော့ လက်ခံမှာ မဟုတ်ဘူး။ ငါ့ အဖေမှာ နှလုံးရောဂါ ရှိတယ်။"

"ရှင် စောင့်လို့ ပြောခဲ့တာ ပြီးခဲ့တဲ့ နှစ်စကတည်းက အခုထိပဲလေ။ ထန်ကျွင်းချူ အစက ရှင်ပဲ ကျွန်မကို လိုက်ခဲ့တာနော်။ အခုတော့ ကျွန်မရဲ့ မိသားစုနောက်ခံကို အထင်အမြင် လာသေးပြနေတာလား။"

"ငါ မင်းကို အထင်မသေးပါဘူး။" ထန်ကျွင်းချူက ရှောက်ချန်ကို ဖက်ရန် လက်အား ဆန့်ထုတ်လိုက်သော်လည်း သူမက သူ့လက်ကို တွန်းထုတ်လိုက်သည်။ "ဒါပေမယ့် ငါက မိဘတွေရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ရမယ်လေ။ သူတို့ ငါ့ကို မိတ်ဆက်ပေးတဲ့ မိန်းကလေးတွေ အားလုံးရဲ့ အခြေအနေက...."

သူ အများ​ကြီး ပြောမိသွားသည်ကို သတိပြုမိလိုက်သည်နှင့် သူက အလျင်အမြန် ရပ်တန့်လိုက်သည်။

"ရှင်က ဘလိုင်းဒိတ် သွားခဲ့သေးတာလား။"

"မဟုတ်ဘူး။ မသွားပါဘူး။"

ရှောက်ချန်က သူ့ကော်လာကို ဆောင့်ဆွဲကာ ပစ်တွန်းလိုက်သည်။ "ရှင်က ကျွန်မနဲ့ တွဲနေရင်းနဲ့တောင် ဘလိုင်းဒိတ်သွားခဲ့သေးတာလား။"

"ငါ့မိဘတွေက တွေ့စေချင်ခဲ့တာ။ ငါ မသွားချင်ဘူးလို့ ပြောခဲ့ပေမယ့် သူတို့က...."

ရှောက်ချန်က လှည့်ထွက်ကာ လျှောက်သွားခဲ့သည်။ ထန်ကျွင်းချူက သူမကို အလျင်အမြန် လိုက်ဖမ်းကာ ရပ်တန့်စေလိုက်၏။ "ရှောက်ချန် ငါ ရှင်းပြတာကို နားထောင်ပါဦး။ အဲဒါ အကုန်လုံး ငါ့မိဘတွေကြောင့်ပဲ။"

"ရှင့်ရဲ့ ဖုန်းကို ပေး။"

ထန်ကျွင်းချူက နာနာခံခံနှင့် ဖုန်းကို ကမ်းပေးလိုက်သည်။ သူမက ဖုန်းကို လော့ခ်ဖြည်ကာ သူမ၏ ဖုန်းနံပါတ်နှင့် ဝီချက်ကို ဖျက်လိုက်၏။ "လမ်းခွဲကြရအောင်။"

"ရှောက်ချန်။"

"လမ်းခွဲကြမယ်လို့ ပြောနေတယ်လေ။"

ထန်ကျွင်းချူသည်လည်း သူမ၏ စိတ်သဘောထားကို သိရှိပေသည်။ သူမ တစ်စုံတစ်ခုကို စိတ်ဆုံးဖြတ်ပြီးသည်နှင့် နွားသိုးဆယ်ကောင်ပင် သူမအား ဆွဲထားနိုင်လိမ့်မည် မဟုတ်ပေ။

သူ့ မျက်လုံးများက တဖြေးဖြေး အေးစက်လာပြီး ရယ်မောလိုက်သည်။ "ဘာတွေ လာဟန်ဆောင်နေတာလဲ။ မင်းက ကိုယ့်အခြေအနေ ကိုယ်ရော သိရဲ့လား။ မင်းရဲ့ ချို့တဲ့နေတဲ့ ပညာရေး အလုပ်လည်း မယ်မယ်ရရ မရှိဘဲ ဝန်ထုပ်ဝန်ပိုးကလည်း တန်းလန်း ပါနေသေးတယ်။ မင်းလို မိန်းမမျိုးကို လက်ထပ်ဖို့အသာထား အိမ်ခေါ်သွားရဲတဲ့ ယောကျာ်းတောင် ဘယ်လောက်များများ ရှိမှာတဲ့လဲ။ ငါ့အမေ မိတ်ဆက်ပေးတဲ့ မိန်းကလေးတွေ အားလုံးက အစိုးရဝန်ထမ်းတွေချည်းပဲ။"

သူ စကားပြော၍ မဆုံးခင် ရှောက်ချန်က ကျောက်တုံးတစ်တုံးကို ကောက်ကာဖြင့် သူ့အား ပစ်လိုက်သည်။ သူက ဘေးသို့ လျင်မြန်စွာ ​ရှောင်လိုက်ပြီး အကြိမ်အနည်းငယ် ဆဲရေးကာ ထွက်သွားတော့၏။

ရှောက်ချန်က ဒေါသထွက်နေသည်အား တည်ငြိမ်သွားစေရန် အသက်ပြင်းပြင်းရှူလိုက်သည်။ တိုက်ခတ်လာသည့် ဆောင်းလေက ကြွေကျလာသည့် သစ်ရွက်များကို ခေါ်ဆောင်သွားသည်။ ဒေါသထွက်ပြီးနောက် အဆုံးမရှိသည့် ဆုံးရှုံးခြင်းနှင့် ဝမ်းနည်းမှုတို့ ကျန်ရစ်ခဲ့၏။

အမှန်တရားက အမှန်တကယ် နှလုံးသားကို နာကျင်စေသည်။

သူမသည် နှစ်ဆယ့်ငါးနှစ်သာ ရှိသေးသည့်အတွက် အတော်လေး ငယ်ရွယ်ဆဲ ဖြစ်သည်ဟု ခံစားမိခဲ့သည်။ ဤကဲ့သို့ ဒုက္ခများနှင့် သူမက မည်သို့ အဆုံးသတ်ခဲ့ရပါသနည်း။

အသက်နှစ်ဆယ့်ငါးနှစ် ကျော်သွားပြီးနောက် အခုကစပြီး ပိုမိုခက်ခဲလာလိမ့်မည် ဖြစ်သည်။

အတွေးများနှင့် လျှောက်လာရင်း သူမ မကြာခဏလာတတ်သည့် ဘားလမ်းသို့ ရောက်လာပြီး ဘားတစ်ခုထဲ ဝင်ကာ ကောင်တာမှာ ထိုင်၍ သောက်စရာမှာလိုက်သည်။

သူမက အနည်းငယ် ကြည့်ကောင်း၍သာ မဟုတ်လျှင် သူမ၏ အခြေအနေနှင့် လူယုတ်မာ ထန်ကျွင်းချူက သူမကို တစ်ချက်မျှပင် ကြည့်လိမ့်မည် မဟုတ်ပေ။

သူမ၏ တောင်းဆိုချက်က အရမ်းမြင့်သွားလို့များလား။ သူမက တည်ငြိမ်သော ဆက်ဆံရေးတစ်ခု အိမ်တစ်လုံးနှင့် ယုံကြည်ကိုးစားထိုက်သော အမျိုးသားတစ်ယောက်ကိုသာ အလိုရှိခဲ့ခြင်းပင်။ ၎င်းက အရမ်းမှားသွားလို့များလား။

ဘဝက အရမ်း ခက်ခဲတာပဲ။

မသိလိုက်ဘာသာနှင့် သူမက အနည်းငယ် များများ သောက်လိုက်မိသည်။

ရွှီကျားနင်က သူမနောက်မှ ဘားသို့ လိုက်လာခဲ့သည်။ အထဲမှ အလင်းရောင်က မှိန်ဖျော့ပြီး ပတ်ဝန်းကျင်အခြေအနေက ဆိတ်ငြိမ်ပေသည်။ အဆိုတော်မှ ဆိုပြနေသည့် သီချင်းကလည်း အလွန် အေးဆေးငြိမ့်ညောင်းသည့် သီချင်းမျိုး ဖြစ်သည်။

ရွှီကျားနင်က ထောင့်တွင် တစ်ယောက်တည်း ခဏလောက် ထိုင်နေပြီးနောက် စတိတ်စင်ပေါ်သို့ လျှောက်သွားကာ ပင်တိုင်အဆိုတော်အား ယွမ်တစ်ရာ ဆုကြေးပေးလိုက်သည်။ "ကျွန်တော် ခင်ဗျားရဲ့ ဂီတာကို ခဏငှားပြီး သီချင်းတစ်ပုဒ်လောက် ဆိုလို့ရမလား။"

ပင်တိုင်အဆိုတော်က ပျော်ရွှင်စွာ သဘောတူ၍ သူမ၏ ဂီတာကို လှမ်းပေးလိုက်သည်။

သူက ကြိုးများကို အသံညှိလိုက်ပြီး 'Casablanca' တေးသွားကို တီးခတ်လိုက်သည်။

ဂီတာသံထွက်ပေါ်လာသည်နှင့် ဖောက်သည်များ၏ မျက်လုံးတို့က သူ့ထံ ကျရောက်လာသည်။ သူ၏ ဂီတာစွမ်းရည်က ယခင် အဆိုတော်များထက် သိသိသာသာ ပိုလွန် ကောင်းမွန်ပေသည်။

'ချစ်ရတဲ့ မင်းနဲ့အတူ ကက်ဆာဘလန်ကာ ရုပ်ရှင်ကို ကြည့်ခဲ့ကြတာ....

အလင်းမှိန်မှိန်အောက်က နောက်ဆုံးတန်းမှာ ထိုးထားတဲ့ ကားလေးထက်မှာ...

ပေါက်ပေါက်ဆုပ်ရယ် အအေးတို့နဲ့ ကြယ်ရောင်တွေ အောက်မှာ....'

လှပကာ နူးညံ့သိမ်မွေ့သည့် ကက်ဆာဘလန်ကာ၏ တေးသွားနှင့် လိုက်၍ သူသည် ရိုမန့်တစ်ဆန်သော ကျေးလက် သီချင်းကို ဆွေးဆွေးမြေ့မြေ့ သီဆိုနေပေသည်။

ဘားတစ်ခုလုံးက ချက်ချင်း ဆိတ်ငြိမ်သွားပြီး လူတိုင်း၏ မျက်လုံးများက ရွှီကျားနင်ပေါ်တွင် ကျရောက်နေသည်။

သူ့အသံက အနည်းငယ် သြရှပြီး နက်ရှိုင်းကာ ရင်ထဲ ထိစေသည့် အသံမျိုးဖြစ်ကာ ဤသီချင်း၏ သိမ်မွေ့ငြိမ့်ညောင်းသည့် သံစဥ်နှင့် အထူးသင့်လျော်ပေသည်။

၎င်းက အလွန် အလွန် နားထောင်ကောင်းလှသည်။

မှိန်ဖျော့သော အလင်းအောက်တွင် သူ၏ ချောမောသော မျက်နှာနှင့် ခန့်ညားသော အသွင်အပြင်က အလွန် ဆွဲဆောင်မှုရှိသည်။

လူအများကြီးက သူတို့ဖုန်းများကို ထုတ်ကာ အွန်လိုင်းတွင် တင်ရန် ဗွီဒီယို စတင် ရိုက်ကူးခဲ့ကြသည်။

ဤကောင်လေးက တကယ် အံ့သြစရာပဲ။

ရှောက်ချန်က ဘားတွင် ပျင်းတိပျင်းရွဲ မှီထိုင်နေရင်း သူမ၏ ရီဝေဝေမျက်လုံးများက ရယ်မြူးရိပ်စွန်းထင်းလျက် သူ့အား ကကြည့်နေခဲ့သည်။

ရွှီကျားနင်က ကက်ဆာဘလန်ကာ ကို သီဆိုပြီးနောက် ဂီတာကို ပြန်ပေး၍ ရှောက်ချန်ရှိရာသို့ လျှောက်သွားခဲ့သည်။

ရှောက်ချန်က ပျင်းရိဟန်ဖြင့် လက်ခုပ်တီးလိုက်သည်။ "ကောင်းတယ်။"

"ခင်ဗျား ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ ကျွန်တော် ခင်ဗျားအတွက် မကြာခဏ ဆိုပြလို့ရတယ်။" သူက သူမ ဘေးတွင် ဝင်ထိုင်ချင်သော်လည်း ရှောက်ချန်က ချက်ချင်းပင် သူမ ပိုက်ဆံအိတ်ကို သုံး၍ သူမဘေးမှ ထိုင်ခုံကို ကာလိုက်သည်။

"ကလေး မင်း ငါ့နောက်ကို ပန်းခြံကနေကတည်းက လိုက်လာခဲ့တာ။ ဘာလိုချင်လို့လဲ။"

"ကျွန်တော်... ခင်ဗျားအတွက် သီချင်းဆိုပြချင်လို့။"

ရှောက်ချန်၏ နှလုံးသားက အနည်းငယ် လှုပ်ခတ်သွားသည်။ သူမက မျက်ခုံးပင့်ကာ သူ့ကို ကြည့်လိုက်၏။

သူ့အသွင်အပြင်က အမှန်တကယ် ယောက်ျားဆန်ဆန် ချောမောလှသော်လည်း သူ့မျက်လုံးများက ကြည်လင်နေဆဲဖြစ်ကာ ဘဝအတက်အကျ အန်မ့်အမြင့် အတွေ့အကြုံများကို မကြုံတွေ့ဖူးသေးသော လူငယ်များထံ၌သာ ရှိတတ်သည့် ဖြူစင်မှုတို့ကို ပြသနေသည်။။

သူမ ဘလိုင်းဒိတ်မှ တွေ့ခဲ့ဖူးသော ရုပ်ရည်နှင့် ဂုဏ်ဒြပ်တို့ကိုသာ ကြည့်တတ်သည့် ​ယောက်ျားများနှင့် ယှဥ်လျှင် ရွှီကျားနင်၏ ဖြူစင်မှုက အမှန်တကယ် ငြင်းမရနိုင်အောင် ဆွဲဆောင်မှု ရှိပေသည်။

"အစ်မလို့ ခေါ်။ ငါ မင်းကို ခဏလောက်အတူတူ ထိုင်ခွင့်ပေးမယ်။"

ဤတစ်ကြိမ်၌ ရွှီကျားနင်က တွေဝေခြင်းမရှိဘဲ ခေါ်လိုက်သည်။ "အစ်မ"

ရှောက်ချန်က ဘေးခုံမှ ပိုက်ဆံအိတ်ကို ဖယ်ပေးလိုက်ပြီး ရွှီကျားနင်က သူမဘေး၌ ဝင်ထိုင်လိုက်သည်။

သူက သူ့အတွက် သောက်စရာမှာလိုက်၏။ အဖျော်ဆရာက သူ့ကို ဖန်ခွက်လှမ်းပေးသည့်အခါ ရှောက်ချန်က သူ့လက်ကောက်ဝတ်ကို ဆွဲကာ မေးလိုက်သည်။ "မင်း အသက်ပြည့်ပြီလား။"

"အစ်မ... ကျွန်တော့် အသက်က တကယ်ပဲ ဆယ့်ကိုးနှစ်ရှိပြီ။"

ထို့နောက်မှသာ သူမက လွှတ်ပေးလိုက်သည်။

ရွှီကျားနင်က တစ်ငုံသောက်လိုက်ပြီး အယ်လ်ကိုဟော အရသာက သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။

ရှောက်ချန်က မျက်ခုံးကို ပင့်ရင်း မေးလိုက်သည်။ "ကလေး မင်း ငါ့ကို ဘာကြိုက်တာလဲ။"

"ခင်ဗျားက လှတယ်။" ရွှီကျားနင်က ပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားကို မြင်မြင်ချင်း သဘောကျသွားတာ။"

"အဲဒါပဲလား။"

"အဲဒါပဲတော့ မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားထက် လှတဲ့ မိန်းမတွေ မြင်ဖူးတယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲ ဝင်လာနိုင်တာ ခင်ဗျားပဲ ရှိတယ်။"

"ဘာလို့လဲ။"

"မသိဘူး။ ကြည့်ရတာတော့ ကျူးပစ်ရဲ့ အချစ်မြားက ကျွန်တော့်ကို လာမှန်သွားတာ ထင်တယ်။"

သူ့ အမူအရာအားလုံးက ပွင့်ပွင့်လင်းလင်းနှင့် စကားလုံးတိုင်းကလည်း ဖြူစင်လှသည်။

သူမသာ အသက် ငါးနှစ်လောက် ပိုငယ်သွားရင် မဟုတ်ဘူး... သုံးနှစ်လောက် ပိုငယ်ရင်တောင် သူမက ဤကောင်လေးကို သဘောကျမိသွားနိုင်သည်။

သို့သော်.... သူမက ထိုကဲ့သို့ မဟုတ်ပေ။

"မင်း အခုနက ဘာသီချင်းဆိုလိုက်တာလဲ။"

"Bertie Higgins ရဲ့ 'Casablanca' "

"ငါ အဲဒီရုပ်ရှင်ကို သဘောကျတယ်။ ခဏခဏကြည့်ဖူးတယ်။"

ရွှီကျားနင်က သူမကို ကြည့်လိုက်သည်။ "ကျွန်တော် ခင်ဗျားနဲ့အတူတူ ထပ်ကြည့်လို့ရလား။"

ရှောက်ချန်က ပြုံးလိုက်သည်။ "မရဘူး။"

ရွှီကျားနင်က မျက်လွှာချကာ ကော့တေးဖန်ခွက်ကို စိုက်ကြည့်နေပြီးနောက် ထပ်မေးလိုက်သည်။ "အဲဒါဆို ကျွန်တော် ဘယ်လိုလုပ်မှ ခင်ဗျားနဲ့အတူ 'Casablanca' ကို ကြည့်လို့ရနိုင်မှာလဲ။"

"မင်းက တကယ်ပဲ​...."

သူမက ဤကလေးနှင့် ပတ်သတ်ပြီး မည်သို့လုပ်သင့်သလဲ မသိတော့ပေ။ စိတ်ရှုပ်စရာကောင်းသည့် ပိုးပန်းသူတွေလိုမျိုး ပစ်ပစ်ခါခါ ပြောဆိုငြင်းဆန်လိုက်သင့်လား။

သူမက ထိုကဲ့သို့ မလုပ်နိုင်ပေ။

ထိုသည်မှာ သူက သူမ၏ မောင်လေးကို အမှတ်ရစေလို့ ဖြစ်နိုင်သော်လည်း ရွှီကျားနင်က သူမ နှလုံးသားထဲ၌ ကွဲပြားပေသည်။

***

All Chapters