အခန်း ၅၀
Vol. 5 Ch. 50
အပိုင်း ( ၅၀ )
ရွှီကျားနင်က မျက်လွှာပင့်ကာ ငယ်ရွယ်ပြီး မဆုတ်မနစ်ကြိုးစားတတ်သည့် စိတ်ဝိညာဥ်နှင့် သူမအား ချစ်မြတ်နိုးသည့် မျက်ဝန်းမျိုးဖြင့် အရိုးခံအတိုင်း ကြည့်လိုက်သည်။
"အစ်မ ကျွန်တော် ခင်ဗျားနဲ့အတူ 'Casablanca' ကြည့်နိုင်ဖို့ ဘာလုပ်ရမလဲ။"
"ဒီလိုလုပ်ရအောင်။" ရှောက်ချန်က သူ့ဖန်ခွက်ကို ယူလိုက်သည်။ "ငါ့ကို တစ်ခုပြောပြ.... မင်း ဘယ်လောက်ကြိုးစားပါစေ မရနိုင်တဲ့အရာက ဘာလဲ။"
ရွှီကျားနင်က ခဏလောက်တွေးလိုက်ပြီး ပြောရန်ပြင်လိုက်စဥ် ရှောက်ချန်က ထပ်ပြောလိုက်သည်။ "ငါ့ကို မလိမ်နဲ့နော်။"
"ကျွန်တော် မလိမ်ပါဘူး။" ရွှီကျားနင်က တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။ "ရှောက်ယန်ကို ကျော်တက်ပြီး ကျွန်တော်တို့ အတန်းအဆင့်မှာ ထိပ်တန်းကျောင်းသားဖြစ်လာဖို့။ အဲဒါ ကျွန်တော် ဘယ်လောက်ကြိုးစားပါစေ မလုပ်နိုင်ဘူး။"
ရှောက်ချန်၏ နှုတ်ခမ်းက ကော့တက်သွားသည်။ "အဲဒါအမှန်ပဲ။ ငါ့မောင်လေးက အရမ်း လုပ်နိုင်စွမ်းရှိတယ်လေ။"
"ဘာလို့ အဲဒါကို မေးတာလဲ။"
"မင်း ငါနဲ့ ရုပ်ရှင်အတူကြည့်ဖို့ ဘယ်လိုလုပ်ရမလဲ သိချင်တာ မဟုတ်ဘူးလား။"
ရှောက်ချန်က သူမ၏ သွယ်လျသော လက်ချောင်းကို ဆန့်ထုတ်ကာ သူ၏ နဖူးပြင်ကို ထောက်လိုက်သည်။ "မင်း ဘယ်လောက်ကြိုးစားကြိုးစား မလုပ်နိုင်ဘူးလို့ ပြောခဲ့တဲ့အရာကို အောင်မြင်နိုင်ခဲ့ရင် အဲဒီအခါကျ ငါတို့ ရုပ်ရှင်အတူတူ ကြည့်ကြမယ်။"
အားလပ်ချိန်အတွင်း လင်ချူးဆွေ့က ရွှီကျားနင်ကို လှည့်ကြည့်လိုက်သည်။
ရွှီကျားနင်၏ မျက်လုံးအောက်တွင် အမည်းရောင်အကွင်းများရှိနေပြီး သူက သရဲပူးခံနေရသလို ရှေးကဗျာများနှင့် စကားပြေတို့ကို ဒေါသတကြီး ရေးခြစ်နေသည်။
မနေ့ည တစ်နာရီကျော်လောက်က သူမ ရေသွားယူရန် ထလာစဥ်အချိန်ထိ ရွှီကျားနင်က မအိပ်သေးပေ။
မနက် သုံးနာရီ၌ သူမ သန့်စင်ခန်း သွားသည့်အခါတွင်လည်း ရွှီကျားနင်၏ အခန်းတွင် အလင်းရောင် ရှိနေသေးသည်။
မနက် ငါးနာရီတွင် အိမ်တော်ထိန်းက ရွှီကျားနင် အိပ်ရာထပြီးဖြစ်ကာ ရှေးကဗျာများ ရွတ်အံနေပြီဖြစ်ကြောင်း ပြောခဲ့သည်။
......
သည်ကောင် စာမေးပွဲက ခက်လွန်းအားကြီးလို့ ရူးသွားတာများလား။
မကြာသေးမီက မောင်နှမကြားက ဆက်ဆံရေး ပြေလည်နေခဲ့ပြီး ဖန်းယို့ယိက အလွန် ပျော်ရွှင်နေခဲ့သည်။ ရလဒ်အနေဖြင့် အိမ်မှ အခြေအနေက ပိုမိုသဟဇာတဖြစ်လာပြီး လောင်ရွှီကလည်း လင်ချူးဆွေ့ကို အခက်တွေ့အောင် လုပ်နေသည်အား ရပ်တန့်လိုက်သည်။
လင်ချူးဆွေ့က လောင်ရွှီကို မကြိုက်သော်လည်း ရိုင်းရိုင်းစိုင်းစိုင်း ပုန်ကန်မည် မဟုတ်သလို သူ့ကို တမင်တကာ ဆန့်ကျင်နေမည် မဟုတ်ပေ။
သူမက ပိုကောင်းသည့် လူတစ်ယောက်ဖြစ်လာရန် ကြိုးစားချင်သည်။
လင်ချူးဆွေ့က သူမဘေးနားရှိ လူငယ်လေးကို လျှို့ဝှက်စွာ ခိုးကြည့်လိုက်သည်။
သူ၏ နက်မှောင်သောညမျက်လုံးများသည် အာရုံစူးစိုက်မှု အပြည့်နှင့် သူ့ လည်တိုင်က သွယ်လျနေပြီး ထင်ရှားသည့် လည်ဇလုတ်က အလွန်ကို ဆွဲဆောင်မှုရှိနေစေသည်။
သူက ကုဗတုံးတစ်ခု ရေးဆွဲနေသည်။ လင်ချူးဆွေ့က သူ့ဘောပင် လှုပ်ရှားသွားသည့်အတိုင်း လိုက်ကြည့်နေသည်။
ပေတံကို မသုံးဘဲနှင့်ပင် သူက မျဉ်းများကို ဖြောင့်တန်းအောင် ဆွဲနိုင်သေးသည်။
သူ့ရဲ့ ရှည်လျားတဲ့ လက်ချောင်းတွေကြောင့် ဖြစ်နိုင်သလား။
"လင်ချူးဆွေ့" သူက ရုတ်တရက် ခေါ်လိုက်သည်။
"ဟမ်?"
"မင်း စာအုပ်ကိုပဲ ကြည့် ငါ့ကို လိုက်ကြည့်မနေနဲ့။"
"အိုး!"
လင်ချူးဆွေ့က သူမ၏ ရှေးကဗျာများနှင့် စကားပြေစာအုပ်ကို ထုတ်ယူကာ စိတ်ပါလက်ပါ ကျက်မှတ်လိုက်သည်။ "ငါ ငယ်ငယ်တုန်းက နည်းနည်းရိုင်းစိုင်းတယ်။ သစ်တော်သီးပင်က ပန်းသစ်တော်ပင်ကို ဖိနှိပ်ထားတယ်။"
"နန်းတော်ထဲမှာ အလှလေး သုံးထောင်ရှိပြီး သံမဏိပွင့်လွှာအပ်နဲ့ ပန်းထိုးတန်ဆာဆင်နေကြတယ်။"
ရှောက်ယန် :...
သူက လင်ချူးဆွေ့၏ စာအုပ်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး စာအုပ်အဖုံးကို ကြည့်လိုက်သည်။
ဟာသမြောက်သော ရှေးခေတ်ကဗျာများနှင့် စကားပြေ အပြည့်အစုံ။
စာအုပ်ကို အနည်းငယ် လှန်ကြည့်ပြီးနောက် ၎င်းသည် အခြေခံအားဖြင့် ရှေးကဗျာများနှင့် စကားပြေများကို အဓိပ္ပါယ်မရှိ ပေါင်းစပ်ထားခြင်းများ ဖြစ်နေသည်ကို မြင်လိုက်ရသည်။
ဤမိန်းကလေးက ထိုမျှ မှတ်ဉာဏ်ကောင်းသော်လည်း ရှေးကဗျာများနှင့် စကားပြေများကို အလွန်ရှုပ်ထွေးပြီး ထူးထူးဆန်းဆန်းဖြစ်သွားအောင် ရွတ်ဆိုနိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။
"အဲဒီတော့ မင်းက ဒါကို ကျက်နေတာလား"
"ဒါက ရှေးကဗျာနဲ့ စကားပြေ အပြည့်အစုံ မဟုတ်ဘူးလား။ စာအုပ်ဆိုင်မှာ ဝယ်ခဲ့တာ။"
ရှောက်ယန်သည် စာအုပ်အဖုံးပေါ်ရှိ 'လွဲမှားနေသော' ဟူသည့် စာလုံးများကို ထောက်ပြလိုက်သည်။ "ချစ်လှစွာသော အတန်းဖော် ရှောင်ကွိုင်း ငါမေးပါရစေဦး။ မင်းဝယ်တုန်းက ဒီစကားလုံးတွေကို မမြင်ခဲ့ဘူးလား။"
လင်ချူးဆွေ့က နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရယ်မြူးပျော်ရွှင်ဖွယ်ကောင်းသော ဟူသည့် စာလုံးကို လက်ညိုးထိုးပြလိုက်သည်။ "ငါ ဒီစကားလုံးကို မြင်ခဲ့တယ်။ ငါ့အဖေက စိတ်ပေါ့ပါးစေတဲ့ သင်ကြားမှုက အကောင်းဆုံး ရလဒ်တွေ ဖြစ်ပေါ်စေပြီး ပေကျင်းတက္ကသိုလ်ကိုတောင် တက်နိုင်လိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။"
"ဒီစာအုပ်နဲ့ဆိုရင် ပေကျင်းတက္ကသိုလ်ရဲ့ မူကြိုကျောင်းကိုတော့ တက်လို့ရလိမ့်မယ်။"
"..."
ရှောက်ယန်က သူ့ကိုယ်ပိုင်ရှေးဟောင်းကဗျာများ စာအုပ်ကို ထုတ်ပေးလိုက်သည်။ "ဒါကို ကျက်။"
လင်ချူးဆွေ့က အဖိုးတန်ရတနာတစ်ပါးကဲ့သို့ တယုတယလှမ်းယူလိုက်သည်။ "ကိစ္စမရှိဘူး!"
သူ့စာအုပ်က အလွန်ဟောင်းနွမ်းနေပုံရပြီး အနည်းဆုံး နှစ်နှစ်လောက် အသုံးပြုထားပုံပေါ်သည်။ သက်တမ်းကြာသော်လည်း ခေါက်ရာမရှိဘဲ စာမျက်နှာ ထောင့်များက အလွန်ပြန့်ပြူးနေသည်။
"ကျက်ရင်းနဲ့ ချရေးထား။"
“အဲဒါကို ချရေးဖို့ မလိုပါဘူး။” လင်ချူးဆွေ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ "တစ်ခါဖတ်ပြီးတာနဲ့ ငါ မှတ်မိတယ်။"
"ဒါပေမယ့် မင်း အများကြီး မှားထားတယ်။ အဲဒါက မှတ်ဉာဏ်နဲ့ မဆိုင်ဘူး။ IQ နဲ့ပဲ ဆက်စပ်နေတာ။"
"..."
"အတန်းဖော်ရှောက် ငါ နည်းနည်းလောက် မေးပါရစေ။ နင့်ရဲ့ အဆိပ်ပြင်းတဲ့ပါးစပ်နဲ့ ဘာလို့ ငယ်ငယ်ကတည်းက သေတဲ့အထိ ရိုက်သတ်မခံခဲ့ရတာလဲ။"
ရှောက်ယန် : "ဘာလို့လဲဆိုတော့ အရင်တုန်းက ငါ စကားမပြောဘူးလေ။"
"ဟမ်.. ဘာကိုဆိုလိုတာလဲ။"
"ခွဲစိတ်ပြီး နှစ်နှစ်ကြာတဲ့အထိ စကားမပြောဖြစ်ဘူး။"
"ဘာလို့ စကားမပြောတာလဲ။"
ရှောက်ယန်က အသေးအမွှားကိစ္စတစ်ခုလို ပေါ့ပေါ့ပါးပါး ပြောပြလိုက်သည်။ "လူတိုင်းက ငါ့ကို လှည့်စားနေတယ်လို့ ခံစားရလို့။ ဒီကမ္ဘာကြီးမှာ အလိမ်အညာတွေချည်းပဲလို့ ထင်ခဲ့တယ်။"
"အဲဒါဆို ဘာလို့ နောက်တော့ စကား ထပ်ပြောတာလဲ။"
"တစ်ယောက်ယောက်က ငါ့ကို ကယ်ခဲ့ပြီး အလင်းရောင်ရှိတဲ့ အရပ်ဆီ ခေါ်သွားပေးခဲ့တာမို့လို့။"
...
ကိုယ်ပိုင်စာကြည့်ချိန်အတွင်း လင်ချူးဆွေ့က ရှေးကဗျာများနှင့် စကားပြေတို့ကို သူမဘာသာ တိတ်တိတ်လေး ချရေးနေသည်။
သူမ ပြောခဲ့သလိုပင် သူမက အမှန်တကယ် မြန်မြန်ဆန်ဆန်နှင့် ကျက်မှတ်နိုင်ခဲ့သည်။ အတန်းချိန် တစ်ဝက်လောက်ပင် မရောက်သေးခင် သူမက စာအုပ်တစ်ဝက်ကျော်ကို အလွတ်ကျက်ပြီးပြီ ဖြစ်သည်။
ရှောက်ယန်သည် ကောင်မလေးက စာရေးခြင်းကို အာရုံစိုက်ပြီး စုတ်ချက်တိုင်းကို အလေးအနက်ထား၍ ရေးဆွဲနေသည်အား ကြည့်နေသည်။
သူမ၏ မှတ်ဉာဏ်နှင့် အခြေခံသင်ခန်းစာများကိုသာ ကောင်းစွာ သိရှိနားလည်ထားလျှင် သင့်လျော်သော တက္ကသိုလ်တစ်ခုသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
သူ...သူမကို ကူညီနိုင်စွမ်း ရှိသင့်ပေသည်။
"အတန်းဖော်ရှောက်" လင်ချူးဆွေ့က သူမ၏ ဘောပင်ကို ချလိုက်ပြီး တံတောင်ဆစ်ဖြင့် သူ့ကို ညင်သာစွာ တွန်းတိုက်လိုက်သည်။ "နောက်စာကြောင်းကို ဘယ်လိုရေးရမလဲ ကြည့်ပေးပါဦး။"
ရှောက်ယန်က သူမ လှမ်းပေးလာသည့် မှတ်စုတိုလေးကို ယူလိုက်သည့်အခါ ကဗျာတစ်ကြောင်းတည်းသာ ရေးထားသည်ကို မြင်လိုက်ရသည်။
"မင်းရဲ့ နှလုံးသားကလည်း ငါနဲ့ ထပ်တူကျစေဖို့ မျှော်လင့်မိတယ်။ ____________"
မှတ်စုကို ပေးလိုက်ပြီးနောက် လင်ချူးဆွေ့က သူ့အမူအရာကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ကာ စာအုပ်ကို ဆက်လက်ကြည့်သလို ဟန်ဆောင်နေလေသည်။
သူမ၏ နားရွက်များက နီရဲနေသည်။
ရှောက်ယန်သည် သူမ၏ ကလေးဆန်သော်လည်း ချစ်စရာကောင်းသည့် မူလတန်းကျောင်းသားကဲ့သို့ လက်ရေးကို ကြည့်ကာ မေးလိုက်သည်။ "ဒါက ကျက်ဖို့လိုတဲ့ ရှေးကဗျာပဲလား။"
"ဟုတ်တယ်။" လင်ချူးဆွေ့က အခိုင်အမာ ခေါင်းညိတ်လိုက်သည်။
“ဒီဟာကို ကျက်ဖို့ ပြောထားခဲ့လား မမှတ်မိတော့ဘူး။
"အဲဒါက နင် အာရုံစိုက်မထားလို့ပါ။"
"ဟုတ်လား။"
"ဟုတ်တယ်။" သူမက ရှက်ရွံ့စွာနှင့် စာရွက်ကို ပြန်ယူရန် လက်လှမ်းလိုက်သည်။ "နင် ဘယ်လိုရေးရမလဲ မသိဘူးဆိုရင်လည်း ပြန်ပေးတော့။"
"ငါသိတယ်။"
ရှောက်ယန်က စာရွက်ကို ချကာ ဘောပင်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး နောက်စာကြောင်းကို အပြီးသတ်ပေးလိုက်သည်။ "မင်းရဲ့ နှလုံးသားကလည်း ငါနဲ့ ထပ်တူကျစေဖို့ မျှော်လင့်မိတယ်။"
"အဲဒါဆို မင်း ငါ့ခံစားချက်တွေကို မဖျက်ဆီးမိစေနဲ့။"
သူက စကားလုံးတိုင်းကို အလေးအနက် ဂရုတစိုက် ရေးသားခဲ့ပြီး လင်ချူးဆွေ့၏ မူလတန်းကျောင်းသား လက်ရေးနှင့် လုံးဝ ကွဲပြားကာ ပြတ်သားသော ဆွဲချက်နှင့် လှပသော လက်ရေးရှိသည်။
လင်ချူးဆွေ့က သူမ၏ နှုတ်ခမ်းတို့ အပေါ်သို့ ကော့တက်မသွားစေရန် ခက်ခက်ခဲခဲ ကြိုးစားထိန်းချုပ်ထားရသည်။ သူမက စာရွက်ကို သေချာခေါက်ပြီး ကျောပိုးအိတ်ရဲ့ အတွင်းဘက်ထဲကို ထည့်လိုက်သည်။
စာစီစာကုံးပြိုင်ပွဲအတွက် ပထမအကျော့ အကဲဖြတ်မှုက စတင်ပြီ ဖြစ်သည်။
ဤစာစီစာကုံးပြိုင်ပွဲအတွက် ဆရာဆရာမများသည် ပြိုင်ပွဲဝင်များ၏ ထူးချွန်သော စာစီစာကုံး ဆယ်ပုဒ်ကို ဦးစွာ ရွေးချယ်မည်ဖြစ်သည်။
ထို့နောက် ကျောင်းသားများသည် ရေပန်းအစားဆုံး စာစီစာကုံးကို မဲပေးကြရသည်။
အနိုင်ရရှိသော စာစီစာကုံးက
မြို့တော် စာရေးဆရာအသင်းမှ ကျင်းပသော ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အမည်စာရင်းတင်သွင်းနိုင်သည်။
လူတိုင်းကို အံ့အားသင့်စေသည်က လင်ချူးဆွေ့နှင့် ရွှီကျားနင်တို့၏ စာစီစာကုံးတွေက ထိပ်တန်းဆယ်ယောက်တွင် နံပါတ်ကိုးနှင့် တစ်ဆယ် အသီးသီး ရရှိခဲ့သည်။
ရွှီကျားနင်ကို အံ့အားသင့်စေသည်မှာ ဘိတ်ချေးလင်ချူးဆွေ့က ထိပ်တန်းဆယ်ဦးစာရင်းဝင်ခဲ့ပြီး သူ့နောက်တွင် အဆင့်သတ်မှတ်ခံရသည်ကို ဖြစ်သည်။
ဒီဘိတ်ချေးနဲ့ တစ်တန်းတည်း ဖြစ်သွားရသည်မှာ
ကြီးမားသော အရှက်ကွဲမှုတစ်ခု ဖြစ်လေသည်။
ထို့အတူပင် ရွှီကျားနင်၏ ထူးဆန်းလှသော ခေါင်းစဉ်ပေးထားသည့် စာစီစာကုံးက ထိပ်တန်းဆယ်ယောက်တွင် စာရင်းဝင်နိုင်သည်ကို မြင်သည့်အခါ လင်ချူးဆွေ့သည်လည်း အံ့သြသွားခဲ့သည်။
ဆရာမတွေက "ရွှီကျားနင်" ဟူသည့် နာမည်ကို မြင်ရုံနှင့် အကြောင်းအရာကို မကြည့်ဘဲ အအောင်ပေးလိုက်သည်ဟု သူမ သံသယဖြစ်သွားခဲ့လေသည်။
အဆုံးမတော့ ဤနိုင်ငံခြားသားအတုကောင်က ဆရာတွေကို မြှောက်ပင့်ဖားယားရာ၌ အလွန် တော်ပေသည်။
ဤတစ်ကြိမ်၌ ဆရာများ တညီတညွတ်တည်း သဘောတူထားသည့် အကောင်းဆုံး စာစီစာကုံးကတော့ ချောင်တန့်ချီ၏ စာစီစာကုံး ဖြစ်လေသည်။
ရွှီကျားနင်သည် ထိုအမည်ကို ရင်းနှီးသလို ခံစားလိုက်ရပြီး ၎င်းမှာ သူ၏ ဒုတိယအဆင့်ကို သိမ်းပိုက်သွားသော ချောင်တန့်ချီ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။
ဤသည်မှာ ရွှီကျားနင်ကို သူ၏ အဆင့်က သူမလောက် မကောင်းသလို စာစီစာကုံးကလည်း သူမလောက် မကောင်းသည့်အတွက် ကိုယ့်ကိုယ်ကိုယ်ပင် သံသယဝင် သွားမိစေပေသည်။
ချောင်တန့်ချီ၏ စာစီစာကုံး ခေါင်းစဥ်သည် 'ကျွန်မ ဘဝရဲ့ မီးရှူးတန်ဆောင်၊ မိမိကိုယ်ကိုယ် အောင်နိုင်ခြင်း' ဖြစ်ကြောင်း တွေ့ပြီးနောက် သူ့ခေါင်းစဥ်သူ ပြန်ကြည့်လိုက်သည်။
"ထိတ်လန့်စရာပဲ! ခန်းဆောင်နီအိပ်မက်ထဲရဲ့ လူမသိသေးတဲ့ လျှို့ဝှက်ချက်၊ အရမ်းထိတ်လန့်ဖို့ကောင်းတယ်။ ကျားပေါင်ယွီနဲ့ လင်းသိုက်ယွီက တကယ်တော့..."
ရွှီကျားနင်က ရုတ်တရက် နည်းနည်း သတိပြုမိသွားသည်။
သူက ချောင်တန့်ချီ၏ စာစီစာကုံးကို ရှာဖတ်လိုက်သည်။ "ဘဝခရီးလမ်းက ကြမ်းတမ်းပြီး ခလုတ်ကန်သင်းပေါများတယ်။ သင်ယူမှုကလည်း အတူတူပါပဲ... ငါ့ရဲ့ကျေသင်ယူမှု ခရီးစဥ်က အတန်းရဲ့ထိပ်ဆုံးဆယ်ယောက်ထဲမှာပင် ရပ်တန့်သွားပြီး ထပ်မတိုးတက်နိုင်တော့ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ထွက်ပေါ်လာမှုက ကျွန်မရဲ့ သဘောထားကို ပြောင်းလဲသွားစေခဲ့တယ်။"
"အဲဒီလူက အမှောင်ထဲက ကြယ်ရောင်လေးလို၊ စွန်ကို ဆွဲတဲ့ စွန်ကြိုးလို၊ မြူနှင်းကြားက မီးရှူးတိုင်လို... ငါ့ဘဝရဲ့ ရှည်လျားတဲ့ခရီးလမ်းကို ထွန်းလင်းစေခဲ့တယ်။ သူ့ရဲ့ စိတ်အားထက်သန်မှု ဇာတ်လမ်းက ငါ့ကို လွန်စွာ စိတ်လှုပ်ရှား တုန်လှုပ်သွားစေခဲ့တယ်။ ပြီးတော့ မိုးရွာပြီးရင် အမြဲတမ်း နေရောင်ခြည် ထွက်ပေါ်လာမယ်ဆိုတာကို နားလည်စေခဲ့တယ်။"
"ဒါကြောင့် သူ့ကို အမီလိုက်ဖို့ ဆုံးဖြတ်ပြီး သူ့ကိုတောင် ကျော်တက်ချင်ခဲ့သေးတယ်။ ငါတို့က သူစိမ်းတွေ ဖြစ်ပေမယ့် ဒီတိတ်တဆိတ် ပြိုင်ပွဲ တစ်လျှောက်မှာ သူက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘဲ ငါ့ရဲ့ ယုံကြည်ရာပဲ။ သူ့ရဲ့ မမြင်ရတဲ့ အားပေးမှုတွေက ငါ့ကို အတန်းရဲ့ ဒုတိယအဆင့်ဆိုတဲ့နေရာကို တက်လှမ်းစေနိုင်ခဲ့တယ်။"
"Gorky က ပြောခဲ့သလိုပဲ။ လူတွေအတွက် အကြီးကျယ်ဆုံးအောင်ပွဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်းပဲတဲ့။ ငါက သူ့ကို အမီလိုက်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး အနိုင်ရဖို့ အားထုတ်ခဲ့ရတယ်။"
...
ရွှီကျားနင်က အတော်လေး စိတ်ပျက်သွားခဲ့သည်။ "ဒီလိုစာစီစာကုံးကတောင် အနိုင်ရနိုင်ပေမယ့် ငါ့ရဲ့ ခန်းဆောင်နီအိပ်မက်နဲ့ ပတ်သက်တဲ့ ဆန်းစစ်ချက်က မအောင်မြင်ဘူးလား။ တရုတ်စာမေးပွဲတွေက ဘယ်လိုတောင် တင်းကျပ်ခက်ခဲရတာလဲ။"
သူ၏ မစားရသော စပျစ်သီးက ချဥ်သည်ဟူသည့် သဘောထားကို မြင်လျှင် လင်ချူးဆွေ့က အထင်အမြင်သေးစွာ ပြောပစ်မိလုမတတ်ပင်။
သူမက ရွှီကျားနင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ "ငါရေကြည့်ပြီးပြီ။ သူမက နှိုင်းယှဥ်ဝါကျ (၁၀) ကြောင်း၊ အလင်္ကာ (၁၈) ခု သုံးပြီး နာမည်ကျော်တစ်ယောက်အတွက် သူမရဲ့ ကြိုက်နှစ်သက်မှုကို ဖော်ပြထားတယ်။ ဒါက အရမ်းကောင်းတဲ့ စံပြစာစီစာကုံးတစ်ခုပဲ။ နင်သာ နည်းနည်းလေး ပိုပြီး နှိမ့်ချတတ်ရင် နင့်ရဲ့ တရုတ်စာအဆင့်က နိမ့်နေမှာ မဟုတ်ဘူး။"
ထိုသည်ကို ကြားသည့်အခါ လုချီက သူ့ဘောပင်န်ကို ချပြီး လင်ချူးဆွေ့ကို မော့ကြည့်လိုက်သည်။ "ချူးကော သူမ စာစီစာကုံးထဲမှာ ဖော်ပြထားတဲ့ လေးစားရတဲ့သူဆိုတာက ဘယ်သူလဲလို့ သိလား။"
လင်ချူးဆွေ့က နည်းနည်းလေးမှ မစဥ်းစားဘဲ ပြောလိုက်သည်။ "Groky နေမှာပေါ့။"
"မင်းရဲ့ တရုတ်စာအမှတ်တွေက အမြဲတမ်း အောင်မှတ်ထက် တစ်မှတ်လောက်ပဲ များတာ မအံ့သြတော့ပါဘူး။" လုချီက သူ့လက်ထဲမှ ဖုန်းကို သူမအား ပေးလိုက်သည်။ "ဒီစာစီစာကုံးနဲ့ ပတ်သတ်ပြီး ဆန်းစစ်ထားတဲ့ အွန်လိုင်းပေါ်က ကောမန့်တွေကို ဖတ်ကြည့်။"
သိချင်စိတ်ဖြင့် လင်ချူးဆွေ့က ဖုန်းကို ယူကြည့်လိုက်သည်။
" 'ကျွန်မ ဘဝရဲ့ မီးရှူးတန်ဆောင်၊ မိမိကိုယ်ကိုယ် အောင်နိုင်ခြင်း' ဆိုတဲ့ စာစီစာကုံးက တစ်ခုခုကို ရည်ညွှန်းနေပုံရတယ်။ သူမ ပြောတဲ့ပုံစံအရဆို အဲဒါက ရှောက်ယန်ပဲ မဟုတ်ဘူးလား။ ငါ ဖတ်ကြည့်လေလေ သူနဲ့ တူတယ်လို့ ထင်လာလေပဲ။"
"ထိပ်တန်းကျောင်းသားတွေက တကယ်မဆိုးဘူးပဲ။ ဖွင့်ဟဝန်ခံချက်ကတောင် အဆင့်မြင့်တယ်။ တကယ် လေးစားမိတယ်။"
"အဓိကအချက်က ရည်းစားထားတာကို တားမြစ်ထားတဲ့ နန်ချန်အထက်တန်းကျောင်းမှာ ဒီလို တင်စားရေးသားထားတဲ့ ဖွင့်ဟဝန်ခံစာမျိုးက စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရတယ်တဲ့။ အဲဒါ အံ့သြစရာပဲ။"
"ထိပ်တန်းကျောင်းသားနှစ်ယောက်ကြားက ရိုမန့်တစ်ဇာတ်လမ်းက တကယ် အထင်ကြီးလေးစားစရာ ကောင်းတယ်။"
"ငါတော့ ဒီလို ခံစားချက်မျိုးကို အရမ်းအားကျတယ်။"
"သေစမ်း! ငါတော့ ဒီ စုံတွဲကို ပေးစားချင်နေပြီ။"
..................
လင်ချူးဆွေ့ : ?
နေ့လယ်ခင်း အားလပ်ချိန်တွင် လင်ချူးဆွေ့က ကစားကွင်းအစွန်း၌ လေ့ကျင့်ရေးကို ဒေါသတကြီး လုပ်နေခဲ့သည်။ ဘောလုံးတစ်လုံးစီက လူသတ်တော့မည့် အတိုင်းပင်။ လုချီနှင့် အခြားကောင်လေးများက မတော်တဆ ဒဏ်ရာမရစေရန် အသည်းအသန် ရှောင်နေကြရသည်။
နေရောင်ကို မျက်နှာမူ၍ ရှောက်ယန်က အဆောင်ဘေး မြက်ခင်းပေါ်တွင် သူမ၏ အင်္ဂလိပ်အက်ဆေးကို စစ်ပေးနေသည်။
ထိုအချိန်၌ ကျောင်းရေဒီယိုအသံလွှင့်ဌာနမှ အမျိုးသမီးအသံလွှင့်သူ၏ နူးညံ့ညင်သာသော အသံ ထွက်ပေါ်လာသည်။
"ဒီနေ့ ကျွန်မက လူတိုင်းကို စာစီစာကုံးတစ်ပုဒ် ညွှန်းပေးချင်ပါတယ်။ အဲဒါကတော့ ချောင်တန့်ချီရဲ့ 'ကျွန်မ ဘဝရဲ့ မီးရှူးတန်ဆောင်၊ မိမိကိုယ်ကိုယ် အောင်နိုင်ခြင်း' ပဲ ဖြစ်ပါတယ်။ ဖတ်ကြည့်ပြီးတဲ့နောက် အဲဒါက အတော်လေးကို ရင်ထဲ ထိခတ်စေတာကို တွေ့ရမှာပါ။"
အမျိုးသားအသံလွှင့်သူ : "ပြီးတော့ ကျွန်တော် ကြားမိတာတော့ ဒီစာစီစာကုံးမှာ နက်ရှိုင်းတဲ့ အဓိပ္ပါယ်မျိုး ရှိတယ်တဲ့။"
အမျိုးသမီးအသံလွှင့်သူ : "အရမ်း ရိုးသားပြီး ရင်ထဲထိစေတယ်။ အဲဒါက ကျွန်မကို မျက်ရည်တောင် လည်စေတယ်လေ။"
အမျိုးသားအသံလွှင့်သူ : "ဒါဆို ကျွန်တော်တို့တွေ အတူတူ ခံစားကြည့်လိုက်ကြရအောင်။"
***