အခန်း ၅၄
Vol. 6 Ch. 54
အပိုင်း ( ၅၄ )
“ငါ နင့်ကို ဖျက်လိုက်တာ အထင်သေးခံရမှာကြောက်လို့ မဟုတ်ဘူး၊ ဒါပေမဲ့... အငြင်းခံရမှာ ကြောက်ခဲ့လို့”
“ပြီးတော့။ နောက်ထပ် ဘာဖြစ်သွားလဲ” ကျောင်းတံခါးဝမှာ လုထျန်းပိုင် က လင်ချူးဆွေ့၏ အင်္ကျီလက်ကို ဆုပ်ကိုင်ရင်း သူမမျက်လုံးတွေထဲ အတင်းတုတ်စရာ အပြည့် ရှိနေသည်။ “နင်တို့နှစ်ယောက်ကြား နောက်ထပ် ဘာဖြစ်သွားသေးလဲ။ တစ်ယောက်နဲ့ တစ်ယောက် ဖွင့်ပြောခဲ့ကြလား”
လင်ချူးဆွေ့က မျက်လုံးတွေကို မှိတ်ပြီး နာကျင်စွာ ခေါင်းခါလိုက်သည်။ “ပြီးတော့ ငါ သူ့ကို ကန်လိုက်တယ်”
လုထျန်းပိုင်က အံ့အားသင့်သွားတယ်။ “နင် ခုနက ဘာလုပ်လိုက်တယ်လို့ ပြောလိုက်တယ်”
“ငါ သူ့ကို ကန်လိုက်တယ်” လင်ချူးဆွေ့က ထပ်ပြောလာသည်။ “ပြီးတော့ သူ့လည်ပင်းကို ဆုပ်ကိုင်ပြီး ခုနက စကားတွေကို မေ့ပစ်ဖို့ အတင်းအကျပ် ပြောလိုက်တယ်။ သူ သဘောတူတော့ ငါ သူ့ကို လွှတ်ပေးလိုက်တယ်လေ”
“...”
လုထျန်းပိုင် ပါးစပ်က တွန့်သွားပြီး လင်ချူးဆွေ့ကို စိတ်ပျက်လျက် ကြည့်လိုက်မိသည်။ “ဒါဆိုရင်… နင်က ရှောက်ယန်ကို ဖွင့်ပြောလိုက်တယ်၊ သူ ပြန်ဖြေဖို့ အလုပ်ရှုပ်နေတုန်း နင်... သူ့ကို အသားလွတ်ကြီး ရိုက်လိုက်တယ်ပေါ့”
လင်ချူးဆွေ့က သူမရဲ့ ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ပြီး လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားလေသည်။
“အဲဒါကို ပြောမနေပါနဲ့တော့ဟာ”
လုထျန်းပိုင်က သူမကို သနားကရုဏာသက်သလိုကြည့်ရင်း ပြောလိုက်သည်။ “ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကတော့ တစ်ယောက်တည်း သေရတော့မယ်၊ သနားပါတယ်”
လင်ချူးဆွေ့က ထရပ်လိုက်ပြီး စိတ်အားပြန်တက်ကြွလာသည်။ “ရတယ်၊ ဒါက အရေးမကြီးပါဘူး၊ သွားကြစို့၊ ငါတို့ ဟော့ပေါ့ခေါက်ဆွဲ သွားစားကြမယ်”
“သွားမယ်၊ သွားမယ်”
လင်ချူးဆွေ့နှင့် လုထျန်းပိုင်တို့သည် ကျောင်းနောက်ရှိ အစားအသောက်ဆိုင်လမ်းကို သွားပြီး သူတို့ ပုံမှန်ထိုင်နေကျ ဆိုင်ငယ်လေးတွင် ထိုင်လိုက်ကြသည်၊ တစ်ယောက်ကို ဟော့ပေါ့ခေါက်ဆွဲပွဲကြီး တစ်ပွဲစီ မှာလိုက်ကြသည်။
“သူငယ်ချင်း၊ နင် ငါ့ကို ဘာလို့ သူ့ကို ကြိုက်တာလဲလို့ မမေးတော့ဘူးလားဟင်” လင်ချူးဆွေ့က သူမရဲ့ နှလုံးသားထဲက ထုတ်လွှတ်ချင်စိတ်ပြင်းပြပြီး စကားကို တက်တက်ကြွကြွ ဦးဆောင်လိုက်သည်။
ဒါပေမယ့် လုထျန်းပိုင်က သိပ်ပူးပေါင်းချင်ပေ။ “မေးစရာလိုသေးလို့လားအေ”
လင်ချူးဆွေ့က အလေးအနက် ပြောလာသည်။ “လိုတာပေါ့ဟ”
“သူက ရှောက်ယန်လေ” လုထျန်းပိုင်က သူမ၏ လက်ချောင်းတွေကို မြှောက်ပြီး အလေးပေးပြောလာသည်။ “လုချီရဲ့ ရည်းစားဟောင်းကနေ ထန်ယန်းနီ၊ ပြီးတော့ ချောင်တန့်ချီအထိ... ဒီမိန်းကလေးတွေက ရှေ့မှာ ဓားတောင်တန်းတွေ၊ မီးပင်လယ်တွေ ရှိနေတာကို သိရက်နဲ့ ရဲရဲကြီး စခဲ့ကြတာပဲ။ ရှောက်ယန်ရဲ့ ဆွဲဆောင်မှုနဲ့ဆို ငါ့ရဲ့ ချစ်ရတဲ့ ရွှီကျားနင်တောင် သူ့ကို မမီဘူး။ နင် သူနဲ့ နေ့တိုင်းညတိုင်း အတူတူ ထိတွေ့ဆက်ဆံလာပြီးမှ သူ့ကို မကြိုက်ဘဲ နေနိုင်ပါ့မလား”
လင်ချူးဆွေ့က သုန်မှုန်စွာဖြင့် ပြောလိုက်သည်။ “အဲဒါကပဲ ပြဿနာရဲ့ အဓိကအချက်ပဲ။ သူက အရမ်းထူးချွန်တယ်၊ သူ့ကို ကြိုက်တဲ့သူတွေ အများကြီးရှိတယ်၊ သူ့ကို ကြိုက်တဲ့ မိန်းကလေးတွေကလည်း ထူးချွန်ကြတယ်။ ရလဒ်တွေအလိုက် တန်းစီကြည့်ရင် ငါက ဘိတ်ချေးပဲ”
ဒါကြောင့် သူမ အမြဲရှောင်ဖယ်နေခဲ့သလို၊ သူ့ကို မျက်နှာချင်းဆိုင် မရဲခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူမ အရမ်းဂရုစိုက်သည့်အတွက်၊ သူမကိုယ်သူမ မလုံခြုံဘူးလို့ ခံစားရပြီး သတိထားလာကာ၊ တစ်လှမ်းမှားရင် သူတို့ရဲ့ လက်ရှိသူငယ်ချင်းဆက်ဆံရေးတောင် ပျက်စီးသွားမှာကိုပင် ကြောက်ရွံ့နေမိလေသည်။
“ဒါပေမဲ့ နင်လည်း အရမ်းကောင်းပါတယ်ဟ” လုထျန်းပိုင်က သူမရဲ့ ပုခုံးကို နှစ်သိမ့်စွာ ပုတ်ပြီး ပြောလေသည်။ “ထူးချွန်တဲ့သူတွေက ထူးချွန်တဲ့သူတွေနဲ့ပဲ တွဲရမယ်လို့ ဘယ်သူပြောလဲ”
လင်ချူးဆွေ့: “သဘာဝရွေးချယ်မှုနဲ့ အင်အားကြီးသူ ရှင်သန်မှုကြောင့်၊ လူသားတွေဟာ တိရစ္ဆာန်တွေလိုပဲ၊ အမြဲတမ်း အရည်အသွေး အကောင်းဆုံး မျိုးရိုးဗီဇနဲ့ မိတ်ဖက်ကို ရှာဖွေနေကြတာလေ။ အဲဒါက ငါနဲ့ ချင်းနိုင့်ကို အဖေက လမ်းခွဲခိုင်းတဲ့အခါက ပြောခဲ့တဲ့ စကား အတိအကျပဲ...”
လုထျန်းပိုင်: …
မိတ်ဖက်အကြောင်းဆိုရင် နင့်အဖေက တကယ်ကို ပေါ့သေးသေး မဟုတ်ဘူးနော်။
မိန်းကလေးနှစ်ယောက်သည် အငွေ့တလူလူနှင့် ခေါက်ဆွဲပန်းကန်များပေါ် သူတို့၏ မိန်းမငယ်လေးများ၏ စိတ်ညစ်စရာ အတွေ့အကြုံများကို ပြောနေကြလေသည်။ ဒါပေမဲ့ သူတို့ မသိလိုက်သည်မှာ ချင်းနိုင့်နဲ့ သူ့သူငယ်ချင်းတစ်စုသည် ဒီဆိုင်ကို ရောက်လာပြီး ဘေးစားပွဲမှာ ထိုင်နေကြသည်ကိုပင်။
ချင်းနိုင့်သည် သူတို့၏ အထက်တန်းကျောင်းနှင့် သိပ်မဝေးသော အသက်မွေးဝမ်းကျောင်း ကျောင်းတစ်ခုမှာ တက်ရောက်နေပြီး လမ်းနှစ်ခုသာ ကွာဝေးလေသည်။ သို့သော် လင်ချူးဆွေ့ သူ့ကို နှစ်နှစ်နီးပါး မတွေ့ခဲ့ရပေ။ ဒီနှစ်တွေအတွင်း ရိုင်းစိုင်းစွာ ကြီးပြင်းလာမှုက သူ့ကို ပိုပြီး ရဲတင်းပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်စေလာခဲ့သည်။
လင်ချူးဆွေ့က လုထျန်းပိုင်ကို မျက်လုံးနှင့် အချက်ပြလိုက်သည်။ လုထျန်းပိုင်က သူမ၏ ပန်းကန်ကို အမြန်စားပြီး ဆိုင်ရှင်ကို ခေါ်ပြီး ငွေပေးချေမှုကုဒ်ကို စကန်ဖတ်ခိုင်းလေသည်။
သူမတို့ ထွက်သွားမယ့်ပုံစံကို မြင်သော် ချင်းနိုင့်က ချက်ချင်း လိုက်လာပြီး လင်ချူးဆွေ့၏ ရှေ့မှာ ဝင်ထိုင်လိုက်လေသည်။ “ချူးဆွေ့၊ စကားပြောကြရအောင်”
လင်ချူးဆွေ့က တည်ငြိမ်စွာဖြင့် “ဘာအကြောင်းပြောမှာလဲ”
“ဒီနှစ်နှစ်အတွင်း မင်းကို ငါ မေ့မရခဲ့ဘူး”
“...”
သူမ ချင်းနိုင့်၏ စားပွဲဘက်ကို ကြည့်လိုက်သော် သူ၏ ဆံမြိတ်အတိညှပ်ထားသော ရည်းစားဟောင်းကလည်း အဲဒီစားပွဲမှာ ထိုင်နေပြီး၊ သူမရဲ့ အင်္ကျီစတွေကို လက်နှင့် လိမ်နေရင်း သူတို့ကို မကျေမနပ်သလို စိုက်ကြည့်နေလေသည်။
လင်ချူးဆွေ့က အခုချိန်တွင် သူမ၏ နှလုံးသားသည် အပိုင်းပိုင်းကွဲနေသည့်အပေါ်တွင် သံသယမရှိချေ။
“နင့်ရည်းစားက ဟိုမှာနော်။ အခုလို လာပြောတာက နင် သူ့အပေါ် နည်းနည်း မရက်စက်လွန်းဘူးလား”
ချင်းနိုင့်က ရှင်းပြလေသည် “သူမက တကယ့်ရည်းစား မဟုတ်ဘူး၊ သူမက ငါ့ကို လိုက်နေတဲ့သူ”
“ဒါပေမဲ့ နင် သူမကို နေရာတိုင်း ခေါ်သွားတာဆိုတော့ တွဲနေတာပဲ မဟုတ်လား”
“ချူးဆွေ့... မင်း မနာလိုဖြစ်နေတာလား”
“...”
နင့်အတွက် မနာလိုဖြစ်မဲ့အစား ငါ သွားပဲ သေလိုက်တော့မယ်။
လင်ချူးဆွေ့သည် သူမ၏ အင်္ကျီလက်အောက်တွင် သူမ၏ လက်သီးကို တင်းတင်းဆုပ်ထားတာကို မြင်သော် လုထျန်းပိုင်က သူမကို အမြန်ဆွဲထူလိုက်လေသည်။ “ဒီည အိမ်စာတွေ အများကြီး ရှိတယ်၊ သွားကြစို့”
လင်ချူးဆွေ့က သူ့ကို ရိုက်နှက်ချင်တဲ့ စိတ်ကို ဖိနှိပ်ပြီး “နင် အခုရည်းစားရသွားပြီဆိုတော့ သူမကို တန်ဖိုးထား။ လူယုတ်မာလို လုပ်မနေနဲ့”
ချင်းနိုင့်က လင်ချူးဆွေ့၏ အင်္ကျီလက်ကို ဆွဲလိုက်လေသည်။ “အရင်တုန်းက အဲဒီကောင်ကြောင့်လား”
“လွှတ်”
“အဲဒီနေ့က သူက ငါ့ပိုက်ဆံအိတ်ကို ခိုးပြီး...” သူ ခဏ ရပ်တန့်သွားခဲ့၏။ “ပြီးတော့ ငါ့ပိုက်ဆံအိတ်ကို အိမ်သာထဲ ပစ်သွားသေးတယ်”
“နင် ပိုက်ဆံအိတ် ပြန်ရလား”
“ပြန်ရပါတယ်” ချင်းနိုင့်သည် သူ့ရွံရှာမှုကို မျိုချပြီး ပြောလာ၏။ “အဲဒါ မစင်တွေနဲ့ ပေကျံနေရောလေ”
လင်ချူးဆွေ့ နည်းနည်း ရယ်ချင်သွားလေသည်။ သူမသူ့လက်ကို ဖယ်ချလိုက်သည်။ “ဒါဆို ပြောစရာ မရှိတော့ဘူး”
…
ကျောင်းဆင်းပြီး ညနေနေဝင်ရီတရောအချိန်တွင် ရှောက်ယန်က သူ့စက်ဘီးကို အားကစားကွင်း အစွန်း၌ ရပ်ထားပြီး ဘတ်စကတ်ဘောကစားနေသော လုချီကို လှမ်းအော်ခေါ်ပြီး မေးလိုက်လေသည်။ “လင်ချူးဆွေ့ ဘယ်မှာလဲ”
လုချီ ပြေးနေတာကို ရပ်ပြီး ဘောလုံးကို ကိုင်ရင်း ပြောလာသည်။ “ရှောက်ယန်၊ မင်း ဘာလို့ ချူးဆွေ့ကို နေ့တိုင်း လိုက်ရှာနေတာလဲ”
ရှောက်ယန်က စိတ်ရှုပ်ထွေးသွားသည်။ “ငါ လိုက်ရှာမိနေတာလား”
လုချီက လက်ချောင်းတွေနဲ့ ရေတွက်ပြီး “မနေ့ကရော၊ ဒီနေ့ရော၊ အရင်တစ်ရက်တွေကရော၊ မင်း ဖြတ်သွားတိုင်း မေးနေတာ”
“သူမ မကြာသေးခင်က နည်းနည်း... ထူးဆန်းနေတာနဲ့ပဲ”
“မင်းတို့နှစ်ယောက်လုံး အဆန်းတွေချည်းပဲ” လုချီက ဘောလုံးကို တခြားကောင်လေးတွေဆီ ပြန်ပစ်ပြီး ဂျာကင်တစ်ထည် ဝတ်ကာ လျှောက်လာသည်။ “ငါ့ညီမက မက်ဆေ့ချ်ပို့ပြီး သူတို့ အစားအသောက်လမ်းမှာ ဟော့ပေါ့ခေါက်ဆွဲ စားနေတယ်လို့ ပြောတယ်။ သွားကြမယ်”
ရှောက်ယန်က မငြင်းဘဲ လုချီနဲ့အတူ ကျောင်းနောက်ရှိ စားသောက်ဆိုင်လမ်းကို သွားလေသည်။
မီးခိုးငွေ့တွေနှင့် စည်ကားနေသော ဆိုင်တန်းများကို ဖြတ်လျှောက်ရင်း၊ အ၀ေးကပင် လင်ချူးဆွေ့က ချင်းနိုင့်နှင့် စကားပြောနေသည်ကို ချက်ချင်း မြင်လိုက်လေသည်။
“ဟေ့”
သူတို့ကို မြင်သည်နှင့် လုချီက နောက်ပြောင်သလို ပြောလာခဲ့သည်။ “သူတို့ အချစ်ဟောင်းကို ပြန်ဆက်ဖို့ ကြိုးစားနေတာလား”
ရှောက်ယန်က အကြည့်လွှဲပြီး ပြောလိုက်သည်။ “ဒါဆို ငါ အရင်ပြန်တော့မယ်”
“မင်း ချူးဆွေ့ကို ကိစ္စတစ်ခုခုရှိလို့ လာရှာတာ မဟုတ်ဘူးလား”
“အခု မရှိတော့ဘူး”
ထိုသို့ စကားပြောပြီးသည်နှင့် ရှောက်ယန်သည် စက်ဘီးကို လှည့်ပြီး ထွက်သွားဖို့ ပြင်လေသည်။
လုချီသည် သူ ( ၁၀ ) မီတာလောက် ဝေးသွားတာကို ကြည့်၍ လူအုပ်ကြားတွင် သူ့ခြေလှမ်းများ ရပ်တန့်သွားသည်ကို မြင်လိုက်ရလေသည်။
စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ရှောက်ယန်က ပြန်လှည့်လာပြီး စက်ဘီးကို လုချီဆီ ပစ်ပေးကာ လူငယ်တစ်ယောက်၏ စိတ်မရှည်ပုံနဲ့ ပြောလေသည်။ “ဒါကို ကြည့်ထားပေးပါ”
လုချီက တုံ့ပြန်ဖို့ အချိန်မရခင်မှာပင် သူက လင်ချူးဆွေ့နှင့် ချင်းနိုင့်ဆီသို့ ရည်ရွယ်ချက်ရှိရှိ ခြေလှမ်းကျယ်ကြီးနှင့် လျှောက်သွားလေသည်။
“သေပြီဟ”
လုချီသည် ရှောက်ယန် ဒီလောက် စိတ်လှုပ်ရှားနေသည်ကို တစ်ခါမှ မမြင်ဖူးပေ၊ သူ့ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တိုင်း ထောင်ထနေပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေသလိုပင်။
သူသည် စက်ဘီးကို အမြန်တွန်းပြီး ရှောက်ယန်နောက်က လိုက်သွားလေသည်။
ရှောက်ယန်က လင်ချူးဆွေ့ဘေးသို့ တည့်တည့်လျှောက်သွားပြီး ထိုင်လိုက်လေသည်။
ရှောက်ယန်ကို မြင်သော် လင်ချူးဆွေ့တစ်ယောက် နည်းနည်း အံ့အားသင့်သွားပုံရသည်။
ချင်းနိုင့်သည် သူ့ကို မြင်သော် ပိုပြီး ဒေါသထွက်သွားလေသည်။ “ငါ ချူးဆွေ့ နဲ့ စကားပြောနေတယ်၊ ထွက်သွား”
“ငါက သူမရဲ့ အုပ်ထိန်းသူပဲ” ရှောက်ယန်က မျက်နှာပြောင်တိုက်၍ ကြေငြာလိုက်သည်။ “ထွက်သွားရမယ့်သူက မင်းပဲ”
“မင်းက …သူမရဲ့ အဖေ။ အုပ်ထိန်းသူ ဟုတ်လား” ချင်းနိုင့်က ရယ်ပြီး ပြောလိုက်သည်။
“ဘယ်လိုတိုက်ဆိုင်လိုက်သလဲ၊ ငါက တကယ်ပဲလေ”
“အရှက်မရှိတဲ့ကောင်။ မင်း ဒဏ်ရာပျောက်သွားလို့ အမာရွတ်က မနာတော့ဘူးလား” ချင်းနိုင့်က စားပွဲကို ရိုက်ပြီး ထရပ်ကာ ရှောက်ယန်၏ အင်္ကျီကော်လာကို ဆွဲလိုက်လေသည်။ “မင်းကို ဆက်မြင်နေရရင် ငါ ထိုးတော့မှာကွ”
အရင်တစ်ကြိမ်က ရှောက်ယန် အပြစ်မရှိဘဲ ရိုက်နှက်ခံရသည်ကို ပြန်တွေးမိရင်း လင်ချူးဆွေ့၏ ဦးနှောက်ထဲတွင် ပူပြင်းသောသွေးတို့ စီးဝင်လာလေသည်။ သူမသည် ဘေးက သံထိုင်ခုံကို ဆွဲယူပြီး ချင်းနိုင့်ရှေ့တွင် ရိုက်ချလိုက်ကာ အေးစက်စွာ အော်လိုက်သည်။ “သူ့ကို ထိရဲ ထိကြည့်”
အခြေအနေ ပိုဆိုးလာသည်ကို မြင်သော် လုချီနှင့် အားကစားအသင်းက ကောင်လေးတချို့သည် အုံကြွလာပြီး လှမ်းအော်လိုက်လေသည်။ “အဲဒီမှာ ဘာဖြစ်နေတာလဲ”
“ငါတို့ရဲ့ နယ်မြေမှာ ရန်လုပ်ရဲတယ်ပေါ့”
ချင်းနိုင့်၏ သူငယ်ချင်းတွေလည်း ရောက်လာပြီး ရန်လိုစွာ အော်ဟစ်ကြလေသည်။ “ရန်ဖြစ်ချင်နေတာလား”
“ငါတို့အထက်တန်းကျောင်းက အကျင့်စရိုက် ကောင်းမွန်တယ်၊ ဘယ်တော့မှ ရန်မဖြစ်ဘူးကွ” လုချီက ဖုန်းကို ထုတ်ယူထားပြီးသားပင်။ “ငါ ဆရာတွေကို ပြောလိုက်မယ်။ မင်းတို့ စောင့်နေလိုက်၊ ငါတို့ရဲ့ အားကစားဆရာ ဆရာဝမ်က တိုက်ကွမ်ဒိုမှာ ခါးပတ်နက် ရထားတာကွ။ သူ မင်းတို့ကို ကိုင်တွယ်လိမ့်မယ်”
“...”
ချင်းနိုင့်သည် တကယ်တော့ လင်ချူးဆွေ့နဲ့ ရန်မဖြစ်ချင်ပေ။ သူ့မျက်လုံးများ သွေးတမျှ နီရဲနေပြီး ရှောက်ယန်ကို လက်ညှိုးထိုးကာ လင်ချူးဆွေ့ကို မေးလေသည်။ “သူက မင်းအတွက် ဘာလဲ”
ရှောက်ယန် အရင်ပြောခဲ့တဲ့စကားများကို လိုက်နာရင်း လင်ချူးဆွေ့က “သူ ပြောတာ မကြားဘူးလား။ သူက ငါ့အဖေလို ငါ့အုပ်ထိန်းသူလို လူပဲ။ ကျေနပ်ပြီလား” ဟု ပြောလိုက်သည်။
ချင်းနိုင့်မှ ရှောက်ယန်ကို လက်ညှိုးထိုးပြီး မကျေမနပ်နဲ့ ဒေါသတကြီး ပြောလိုက်သည်။ “သူ... သူက မင်းအဖေ မဟုတ်ဘူးလေ။ မင်း ရူးများသွားတာလား”
ရှောက်ယန်က တည်ငြိမ်စွာ ပြန်ဖြေသည်။ “ကျွန်တော်က သူမက... ငိုပြီး ခေါ်လို့ရတဲ့ အဖေမျိုးပါ”
ချင်းနိုင့်: “...”
လင်ချူးဆွေ့: “...”
လုချီက ကျန်းချန်ယွီကို တိုးတိုးပြောလိုက်သည်။ “ရှောက်ယန်ဆိုတဲ့အတိုင်း အချစ်ပြိုင်ဘက်ရှေ့မှာတောင် အရိုင်းအစိုင်းဟာသတွေ ပြောနေသေးတယ်ကွာ”
ကျန်းချန်ယွီ: “ဒါက ရန်သူကို မတိုက်ဘဲ အနိုင်ယူတာ၊ သူတို့ရဲ့ နှလုံးသားကို သိမ်းပိုက်လိုက်တာလို့ ခေါ်တယ်ဟေး”
အခြေအနေ ပိုဆိုးမလာခင်မှာပင် နောက်ဖက်တံခါးရှိ ကျောင်းလုံခြုံရေးသည် တင်းမာနေသော အခြေအနေကို သတိပြုမိပြီး ရောက်လာလေသည်။ ချင်းနိုင့်တစ်ယောက် မကျေနပ်သော်လည်း သုန်မှုန်စွာဖြင့် ထွက်သွားရလေသည်။
သူက ထွက်သွားခါနီးမှာ နောက်ပြန်လှည့်ပြီး လင်ချူးဆွေ့ကို ပြောလိုက်သည်။ “ချူးဆွေ့၊ သူက လူကောင်း မဟုတ်ဘူး။ တစ်နေ့ကျရင် မင်း သူ့ရဲ့ မူရင်းပုံစံကို မြင်ရလိမ့်မယ်”
…
ဆိုင်ငယ်လေးထဲမှာ ကျောင်းသားတွေ ပိုပိုများလာခဲ့သည်။ လုချီနှင့် ကျန်းချန်ယွီတို့က ဟော့ပေါ့ခေါက်ဆွဲပွဲကြီး တစ်ပွဲစီ မှာပြီး ဘေးတွင် ထိုင်စားကြလေသည်။
ရှောက်ယန်က လင်ချူးဆွေ့၏ ဘေးတွင် ထိုင်ပြီး သူမစားပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်နေလေသည်။ “စာမေးပွဲနီးလာပြီ။ နောက်မှ စာကြည့်ခန်းကို သွားပြီး ငါ မင်းကို ပြန်လေ့လာရမယ့် အပိုင်းတွေကို ရှင်းပြပေးမယ်”
“ဟင်” လင်ချူးဆွေ့က တိုးတိုးလေး ပြန်ဖြေလေသည်။ “ပြီးရော”
ရှောက်ယန်က သူမကို ပြန်မေးလာသည်။ “ပြီးရော ဆိုတာ—မင်း စာလုပ်ချင်တာလား၊ မလုပ်ချင်တာလား”
“ငါ အတန်းထဲမှာ ထိပ်တန်းတစ်ရာထဲ ရောက်မှာ မဟုတ်ဘူး” လင်ချူးဆွေ့က စိတ်ဓာတ်ကျစွာ ပြောလေသည်။ “မျိုးဗီဇအလိုက် အဆင့်သတ်မှတ်ရင်တောင် ငါ အောက်ဆုံးမှာ ရှိနေမှာ”
“မျိုးဗီဇအလိုက် အဆင့်သတ်မှတ်တာလား”
လုထျန်းပိုင်က လက်မြှောက်ပြီး ပြောလာခဲ့သည်။ “သူမ ပြောတာက သာလွန်ကောင်းမွန်တဲ့ မျိုးရိုးဗီဇတွေက သဘာဝအလျောက် ပိုကောင်းတဲ့ မျိုးရိုးဗီဇတွေနဲ့ မိတ်ဖက်လုပ်ဖို့ ရွေးချယ်တယ်တဲ့။ ဒါ အင်အားကြီးသူတွေအချင်းချင်းပဲ ရှင်သန်နိုင်တာကို ဆိုလိုတာလေ”
လင်ချူးဆွေ့: …
သူမ ဒီကလေးမ၏ ပါးစပ်ကို ပိတ်ဖို့ အချိန်မရခဲ့ပေ။
ကျန်းချန်ယွီနှင့် လုချီတို့သည် တပြိုင်နက်တည်း လင်ချူးဆွေ့ကို လက်မထောင်ပြလိုက်လေသည်။
ကျောင်းရှိ တခြားမိန်းကလေးတွေသည် ရှောက်ယန်ကို အရိပ်အမြွက်နဲ့ ဖွင့်ပြောကြလေသည်၊ တချို့က သူ့အတွက် ကဗျာလေးတွေပင် ရေးပေးကြသည်။ သို့သော်ငြား လင်ချူးဆွေ့ကတော့ ဆင့်ကဲဇီဝဗေဒအငြင်းအခုံတစ်ခုနှင့် တည့်တိုးကြီး ထွက်လာလေသည် —အင်အားကြီးသူ ရှင်သန်မှု၊ ငါ့မှာ မိတ်ဖက်ခွင့်မရှိ။
ဒါကပဲ ငါတို့ရဲ့ လင်ချူးဆွေ့ပဲ။
ရှောက်ယန်က စက္ကန့်အနည်းငယ်လောက် အံ့အားသင့်သွားလေသည်။ ကျန်းချန်ယွီနှင့် လုချီတို့၏ အဓိပ္ပာယ်ရှိသော အကြည့်တွေအောက်တွင် သူ ထရပ်ပြီး လင်ချူးဆွေ့ကို ပြောလိုကသည်။ “ဒီကို လာခဲ့၊ မင်းနဲ့ သီးသန့်စကားပြောစရာရှိတယ်”
လင်ချူးဆွေ့က သူမ တူကို ချထားဖို့ တွန့်ဆုတ်နေကာ သူက ဖွင့်ပြောလာသော တခြားမိန်းကလေးတွေလို သူမကိုလည်း ပြတ်ပြတ်သားသား ပြောလာမည်ကို ပိုပြီး ကြောက်နေမိလေသည်…
သူမမှာ သတ္တိအများကြီး ရှိသော်ငြား၊ သူ့ရဲ့ ငြင်းပယ်မှုက သူမကို ငိုအောင် လုပ်နိုင်ပါသေးသည် — ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ။
“ငါ မလိုက်... မလိုက်ချင်ဘူး။” လင်ချူးဆွေ့က သူမ၏ တင်ပါးကို ထိုင်ခုံနှင့် ကပ်နေသကဲ့သို့ ပြုမူနေလေသည်။ “ဒီနောက်ဆုံးလလေးမှာ ထိုင်ခုံဖော်အဖြစ် ငြိမ်းချမ်းစွာနဲ့ ပြီးဆုံးကြရအောင်၊ ပြီးရင် ငါတို့ ဝေးဝေးက ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်နိုင်တယ်လေ”
“မင်း ငါတို့ကို ဝေးဝေးက ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ဖြစ်စေချင်တာလား”
ကောင်မလေးက သက်ပြင်းချ၍ ခေါင်းငုံ့သွားလေသည်။ “ငါတို့ ဖြစ်နိုင်တာ ဒီလောက်ပဲလေ”
ရှောက်ယန်၏ ရှည်လျားပြီး ကျယ်ဝန်းသည့် လက်ဖဝါးက သူမနဖူးပေါ်ကို ညင်သာစွာ ကျရောက်လာလေသည်။ “ဒါဆို ငါ တည့်ပဲ ပြောလိုက်တော့မယ်”
လင်ချူးဆွေ့က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“အင်အားကြီးသူတွေပဲ အတူတူ ရှင်သန်နိုင်တာက အဓိပ္ပာယ်ရှိပေမဲ့၊ ငါလည်း ခံစားချက်တွေ ရှိနေမိပြီ”
ကောင်လေးက ပေါ့ပေါ့ပါးပါးပင် ခေါင်းကို ဘေးသို့ စောင်းလိုက်သည်၊ သူ့၏ ချောမောလုနီးပါး ပြီးပြည့်စုံသော ဘေးဖက်ခြမ်းမျက်နှာသွင်ပြင်က—
“ဒါကြောင့်… အဲဒီရွေးချယ်မှုက မင်းလက်ထဲမှာပဲ”
လုချီသည် လုထျန်းပိုင်အား အစားအသောက်ဆိုင်မှ ဆွဲထုတ်သွားပြီး သူတို့နောက်တွင် ကျန်းချန်ယွီသည် ကျောင်းဖိုရမ်တွင် အောက်ပါခေါင်းစဉ်ကို တင်လိုက်သည်။
“အံ့ဩစရာပဲ။ ထူးချွန်သော ကျောင်းသားတစ်ဦး၏ ဖွင့်ပြောမှုမှာ မည်မျှပြင်းထန်သည်ကို သင် ဘယ်သောအခါမှ မသိနိုင်ပေ။ သူက တကယ်ပဲ...”
အကြောင်းအရာ မပါဘဲ ခေါင်းစဉ်သာရှိပြီး လူအများကို ဆွဲဆောင်ကာ နောက်ပိုင်းကို စိတ်လှုပ်ရှားစွာ စောင့်မျှော်စေခဲ့သည်။
***