အခန်း ၇၁
Vol. 7 Ch. 71
အပိုင်း ( ၇၁ - ဇာတ်သိမ်း )
လင်ချူးဆွေ့က ဤအကြောင်းအရာကို ဆက်မပြောချင်ပေ။ သူမက သူ့ပါးစပ်ထောင့်ရှိ အက်ကွဲနေသော ဒဏ်ရာကို ထပ်ကြည့်ပြီး ပြောသည်။ "ဆေးဆိုင်သွားပြီး ဆေးဝယ် လိမ်းထားချေ။ သတင်းစာရှင်းလင်းပွဲမှာ နင် ရန်ဖြစ်ခဲ့တယ်ဆိုတာ လူတွေသိသွားရင်၊ ကုမ္ပဏီပုံရိပ်ကို ထိခိုက်လိမ့်မယ်"
"မင်းဆန္ဒအတိုင်းပေါ့ ချစ်လေး"
"အဲဒီလို ပေါ့ပေါ့လေး မခေါ်နဲ့"
လင်ချူးဆွေ့က သူ့ကို ဆွဲထုတ်သွားသည်။ ရှောက်ယန်က နာခံစွာ လိုက်သွားပြီး သူ့ကြည့်ရတာ မယားကြောက်တစ်ယောက်လိုပင်။
သူတို့နောက်ကနေ လုချီက လှမ်းအော်ခေါ်သည်။ "မင်းတို့နှစ်ယောက် ဘယ်သွားမလို့လဲ"
လင်ချူးဆွေ့က နောက်လှည့်ကြည့်ပြီး၊ "ငါတို့က တစ်ညတာ စုံတွဲ ဖြစ်ရမယ် မဟုတ်လား။ သီးသန့်နေလို့ ရတယ်မလား"
"ရတယ်၊ ရတယ်" လုချီက ရှောက်ယန်ထံမှ အကျိုးအမြတ်ရရှိပြီးဖြစ်သဖြင့်၊ သူက "သူ့အလုပ်"ကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးရမည်။ ထို့ကြောင့် သူက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ မင်းတို့ ဖုန်းနဲ့ တိုက်ရိုက်လွှင့်ပေးထားရမယ်"
"ဘယ်သူက နင့်အတွက် တိုက်ရိုက်လွှင့်ရမှာလဲ..."
လင်ချူးဆွေ့က ငြင်းဆိုရန် ပြင်နေစဉ်၊ ရှောက်ယန်က အလွယ်တကူ သဘောတူလိုက်သည်။ "အင်း"
"..."
ရှီထင်ကလပ်မှ ထွက်လာပြီးနောက် ညကောင်းကင်တွင် မိုးဖွဲဖွဲလေးများ ကျဆင်းနေပုံရပြီး လမ်းများမှာလည်း စိုစွတ်နေကာ လမ်းဘေးရှိ နီယွန်မီးရောင်များကို ရောင်ပြန်ဟပ်နေသည်။
လင်ချူးဆွေ့က ရှောက်ယန်ကို ဆေးဆိုင်သို့ ဆွဲခေါ်သွားပြီး ဒဏ်ရာသက်သာဆေးဆီတစ်ခု ဝယ်ယူကာ သူ့ပါးစပ်ထောင့်ကို ညင်သာစွာ လိမ်းပေးသည်။
"မလှုပ်နဲ့"
"အိုကေ"
ရှောက်ယန်သည် ဖုန်းပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ဗီဒီယိုကို ကလိနေရင်း၊ သူမ၏ စကားကြောင့် နာခံစွာ ရပ်တန့်လိုက်ပြီး သူ့ရှေ့မှ မိန်းကလေးကို အာရုံစိုက်ကြည့်နေသည်။
သူမ၏ မျက်နှာသွင်ပြင်သည် တကယ်တော့ နူးညံ့သည်။ သူမ၏ မျက်လုံးများတွင်သာ ရဲရင့်သော စိတ်ဓာတ် ပါဝင်ပြီး၊ ၎င်းသည် သူမ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဆက်စပ်နေပုံရသည်။
ရှောက်ယန်က သူမကို စတင်ချစ်မိခဲ့သည်မှာ သူမ၏ အရိုးထဲရှိ ဤမတုံ့ဆိုင်းသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။ ၎င်းက သူ့ကို အထူးလုံခြုံသည်ဟု ခံစားစေသည်။
"ချစ်လေး"
"ဟမ်"
သူမက သူ့အတွက် ဆေးကို ဂရုတစိုက် လိမ်းပေးနေရင်း သူမ၏ အသက်ရှူသံသည် သူ့မျက်နှာပေါ်တွင် ညင်သာစွာ ဖြတ်သန်းသွားသည်။
"ကိုယ်တို့ လက်ထပ်ကြမယ်"
"..."
"ကိုယ် ကျောင်းခရိုင်တစ်ခုမှာ အိမ်တစ်လုံး ဝယ်ထားပြီးပြီ"
"..."
လင်ချူးဆွေ့က ဆေးလိမ်းနေရင်းကနေ သူ့ကို ရိုက်လိုက်သည်။ သူ့မျက်နှာမှ ( ၂ ) စင်တီမီတာ အကွာတွင် ခေတ္တရပ်ကာ သူ့မျက်နှာအား တစ်ချက် ညင်သာစွာ ပုတ်လိုက်သည်။ "သင်ယူခြင်းနတ်ဘုရား၊ နင် ဘာတွေဖြစ်နေတာလဲ"
"ကိုယ် အလေးအနက်ပြောနေတာ"
သူ့မျက်လုံးထဲတွင် ရိုးသားမှုနှင့် သန္နိဋ္ဌာန်ကို မြင်လိုက်ရသောအခါ၊ လင်ချူးဆွေ့သည် သူတို့ အသက် ( ၁၈ ) နှစ်တွင် စတင်ချစ်ကြိုက်ခဲ့စဉ်က အချိန်ကို ရုတ်တရက် အမှတ်ရသွားသည်။ ရှောက်ယန်သည် ထိုစဉ်ကတည်းက ကျောင်းခရိုင်အိမ်များအကြောင်း စဉ်းစားနေပြီဖြစ်သည်။
သူမက သူ၏ ထူးဆန်းသော တွေးခေါ်ပုံများကို သိသဖြင့်၊ သူနှင့် များများစားစား ပြောနေဖို့ကို ဂရုမစိုက်ဘဲ၊ သူမက ဆေးပလာစတာတစ်ခုကို ပေါ့ပေါ့ပါးပါး ကပ်လိုက်ကာ ဆေးဆိုင်တံခါးမှ ထွက်သွားသည်။
"ဒီချိန်းတွေ့မှုအတွက် နောက်ထပ် ဘယ်ကိုသွားမလဲ၊ သင်ယူခြင်းနတ်ဘုရား"
"သင်ယူခြင်းနတ်ဘုရား" ဆိုသည့် နာမည်ပြောင်က ရှောက်ယန်ကို အထူးရင်းနှီးသည်ဟု ခံစားစေသည်။ သူ့မျက်နှာအမူအရာသည် များစွာ ပြေလျော့သွားပြီး၊ လင်ချူးဆွေ့လက်ကို ကိုင်ထားသည်။
သူမက သူ့ကို လက်ကိုင်ခွင့်ပြုထားပြီး လူသွားလူလာများသော လမ်းများနှင့် မီးပွိုင့်များကို ဖြတ်ကာ၊ သူတို့ ပထမဆုံး ချိန်းတွေ့ခဲ့သည့် ပန်းခြံသေးသေးလေးသို့ ရောက်ရှိသွားသည်။
ပန်းခြံအတွင်းရှိ အနီရောင်နံရံသည် အနည်းငယ် အက်ကွဲပြီး ဆေးသုတ်ထားသည်များမှာလည်း ကွာကျနေသည်။ လမ်းမီးများက မလင်းဘဲ ခပ်မှိန်မှိန်သာ ရှိသည်။ အလင်းရောင် မှိန်ဖျဖျအောက်တွင် သူ့ကျောပြင်ကိုသာ မြင်နိုင်စေသည်။
"ရှောက်ယန်၊ ဒီကို ဘာလာလုပ်တာလဲ"
"အကေးရှားပန်းတွေ ပွင့်တဲ့အခါ၊ ဒီမှာ မင်းအတွက် ဓာတ်ပုံရိုက်ပေးမယ်လို့ ကိုယ် ကတိပေးခဲ့တယ်"
လင်ချူးဆွေ့သည် ကောလိပ်သို့ မထွက်ခွာမီ ညက သူမ၏ ဖခင်ကို နောက်ဆုံးအကြိမ် တွေ့ခဲ့သည့်အချိန်ကို အမှတ်ရမိသည်။ ၎င်းသည် အိပ်မက်တစ်ခုလို ခံစားရသည်။
လင်ချူးဆွေ့သည် သူမ၏ မျက်နှာပေါ်တွင် အေးစက်သော နှင်းစက်များကို ခံစားရသည်။ သူမ ခေါင်းမော့ကြည့်လိုက်ရာ နက်ပြာရောင်ညကောင်းကင်မှ နှင်းပွင့်များ ကျဆင်းလာသည်ကို မြင်လိုက်သည်။
"အခုက ဆောင်းရာသီပဲ" လင်ချူးဆွေ့က ပြောသည်။ "ဆောင်းရာသီမှာ အကေးရှားပန်းတွေ မရှိဘူး။ ကြည့်ပါလား၊ နှင်းတောင် ကျနေပြီ"
ရှောက်ယန်က မော့ကြည့်သည်။ အမှန်ပင်၊ ကြည်လင်သော နှင်းပွင့်များသည် ကျဆင်းလာပြီး၊ သူ့အသားအရေပေါ်တွင် အရည်ပျော်သွားသည်။
"ညဥ့်နက်နေပြီ၊ ပြန်ကြမယ်" လင်ချူးဆွေ့က ပြောပြီး သူ့ဆီမှ လှည့်ထွက်သွားသည်။ " အခွင့်အရေးရှိရင် နွေရာသီမှာ ထပ်လာကြည့်လို့ရတယ်။"
"ချစ်လေး၊ ငါးနှစ် ကြာသွားပြီ။ ကိုယ် ထပ်မစောင့်ချင်တော့ဘူး"
"ဓာတ်ပုံရိုက်ချင်တဲ့အခါ ပန်းတွေ မရှိခဲ့ဘူး။ ပန်းတွေရှိတဲ့အခါ ငါတို့ ခွဲခွာနေခဲ့ကြတယ်" လင်ချူးဆွေ့က ရပ်တန့်ပြီး မတတ်သာစွာ ပြောသည်။ "ငါတို့ကြားမှာ လွဲချော်သွားတဲ့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်"
"ကိုယ် ငါးနှစ်လုံး အသည်းအသန် ကြိုးစားခဲ့တယ်။ ဒီနေ့ ဒီမှာ ရပ်ပြီး မင်းဆီကနေ ကိုယ်တို့တွေ အခွင့်အရေး လွဲချော်သွားတယ်လို့ ပြောနေတာကို ကြားဖို့ မဟုတ်ဘူး"
"ဒါဆို ဘာလုပ်ရမှာလဲ"
လင်ချူးဆွေ့က ခေါင်းခါသည်။ "နင် ဆောင်းရာသီမှာ အကေးရှားပန်းတွေ ပွင့်အောင် လုပ်နိုင်လို့လား။"
သူမ၏ စကားမဆုံးခင်မှာပင်၊ အနီးဝန်းကျင်ရှိ လမ်းမီးများသည် ရုတ်တရက် အားလုံး ထွန်းလင်းလာသည်။
လင်ချူးဆွေ့က အံ့အားသင့်စွာ နောက်လှည့်ကြည့်သည်။ တောက်ပသော မီးရောင်များက သူမ၏ မျက်လုံးများကို နာကျင်စေသည်။ လင်ချူးဆွေ့သည် မီးအလင်းရောင်ကို သူမ၏ လက်ဖြင့် သူ့အလိုလို ကာလိုက်မိသည်။
ဒါပေမဲ့ သူမ၏ မျက်လုံးများ မီးရောင်နှင့် အသားကျလာသောအခါ၊ သူမက စိမ်းလန်းသော စပျစ်နွယ်ပင်များနှင့် အနီရောင်နံရံတစ်လျှောက် ကြယ်များကဲ့သို့ ပွင့်နေသော အဖြူရောင်ပန်းများကို မြင်လိုက်သည်။
ရှောက်ယန်သည် အနီရောင်နံရံဘေးတွင် ရပ်နေသည်။ နောက်ခံမီးရောင်က သူ့မျက်နှာသွင်ပြင်ကို အရိပ်ထဲတွင် ဖုံးကွယ်ထားပြီး သူ့မျက်နှာအမူအရာကို မမြင်နိုင်အောင် ဖြစ်စေသည်။
သူ့နောက်တွင် အကေးရှားပန်းတွေက နံရံအပြည့် ဖြာကျနေသည်။
လင်ချူးဆွေ့တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားကာ စပျစ်နွယ်ပင်ပေါ်ရှိ အဖြူရောင်ပန်းလေးများကို ထိတွေ့ကြည့်သည်။
တကယ့်ပန်းအစစ်တွေပင်။
"ဘယ်လိုဖြစ်ရတာလဲ..."
သူမက စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။ ဒါပေမဲ့ ရှောက်ယန်က သူ့ဖုန်းကို ထုတ်ပြီး ကင်မရာကို သူမဆီသို့ ချိန်ကာ "အခု ဓာတ်ပုံရိုက်လို့ ရပြီလား" ဟု မေးလာသည်။
"ရိုက်လိုက်"
သူမ၏ အနောက်တွင် စိမ်းလန်းသော အကေးရှားပန်းများကို မြင်လိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် အဆင်မပြေမှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူမက ကင်မရာကို ချိုမြစွာ ပြုံးပြသည်။ “နင် တကယ်ပြင်ဆင်ထားခဲ့တာပဲ"
ကင်မရာထဲရှိ မိန်းကလေး၏ ချိုမြိန်သော အပြုံးကို မြင်လိုက်ရသောအခါ၊ ရှောက်ယန်၏ ပါးစပ်ထောင့်သည် မထိန်းနိုင်ဘဲ ကွေးညွတ်သွားသည်။
ရှောက်ယန်က ဓာတ်ပုံရိုက်ပြီးနောက် ထပ်မေးသည်။ "ကိုယ် မင်းကို ဖက်လို့ရမလား"
"အခွင့်အရေးရတိုင်း အကုန်မယူနဲ့"
"ဒီပန်းတွေကို ယူနန်ကနေ တစ်ညလုံး လေယာဉ်နဲ့ သယ်လာခဲ့တာ။ ကိုယ် မနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့ဘူး၊ ဒီမှာ လာစိုက်နေတာ..." ရှောက်ယန်က သနားစဖွယ်ပုံစံလေးဖြင့် ထပ်ပြောသည်။ "ဒီမနက် ကိုယ့်ဗိုက်ထဲမှာ မအီမသာ ဖြစ်နေသေးတယ်။ ကိုယ့်မှာ အစာအိမ်ရောဂါ ရှိတယ်၊ မင်း သိလား။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကိုယ့်ရဲ့ နေ့စဉ်ဘဝက ပုံမှန် မရှိခဲ့ဘူး၊ ပြီးတော့ ကိုယ် အရက်သောက်ခဲ့..."
လင်ချူးဆွေ့သည် နောက်ဆုံးတွင် သူမ၏ လက်များကို ဖွင့်ကာ သူ့ခါးကို ဖက်လိုက်သည်။ "သင်ယူခြင်းနတ်ဘုရား၊ နင် လှည့်ကွက်တွေ နည်းနည်း လျှော့သုံးရင်၊ ငါ နင့်ကို ပိုကြာကြာ ဖက်ထားနိုင်တယ်"
ရှောက်ယန်က သူမကို တင်းကြပ်စွာ ဖက်ထားပြီး သူမ၏ နားအနားသို့ ကပ်၍ ညင်သာစွာ မေးသည်။ "အခု ကိုယ် မင်းကို နမ်းလို့ ရပြီမလား"
"ငါ မရဘူးလို့ ပြောရင်၊ နင်က ခေါင်းကိုက်တယ် ဗိုက်နာတယ် ထပ်ဖြစ်မှာမလား"
"ဒါဆို ဟုတ်တယ်လို့ ပြောလို့ရတယ်"
ရှောက်ယန်က ခေါင်းငုံ့ပြီး သူမ၏ လည်ပင်းကို အနမ်းပေးလိုက်သည်။ ထို့နောက် သူ့အနမ်းက နားရွက်သို့ တက်သွားကာ ညင်သာစွာ ကိုက်လိုက်သည်။
လင်ချူးဆွေ့သည် ဤသို့သော... အနမ်းမျိုးကို မမျှော်လင့်ခဲ့ပေ။ သူမ ကျောရိုးတစ်လျှောက် တောင့်တင်းသွားကာ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားသည်။
"မင်း ကိုယ့်ကို ချစ်လား"
"မချစ်ဘူး..."
သူက သူမ၏ နားရွက်လေးကို အပြစ်ပေးသလို ညင်သာစွာ ကိုက်လိုက်သည်။
"ချစ်တယ်"
လင်ချူးဆွေ့သည် နောက်ဆုံးတွင် ခုခံမှုကို လက်လွှတ်လိုက်ပြီး သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်၊ "ရှောက်ယန်၊ ငါ နင့်ကို အမြဲတမ်း အရမ်းချစ်ခဲ့ရတာ"
ရှောက်ယန်က သူမ၏ နားထဲသို့ တီးတိုး ကပ်မေးသည်။ သူ့အသက်ရှူသံသည် ပူနွေးလျက်ရှိပြီး သူက ထပ်မေးသည်။ "ဒါဆို ဒီည ** လုပ်လို့ ရမလား"
"..."
"မရဘူး"
ဒီလူရဲ့ ဦးနှောက်က ပြဿနာရှိနေပုံပဲ။ သူမ လက်ခံမိလုနီးပါး ဖြစ်သွားသည်။
ရှောက်ယန်က မသိမသာ ပြုံးလိုက်ပြီး၊ "ဒါဆို မေးခွန်းကို ပြောင်းလိုက်မယ်။ ကိုယ် မင်းကို အရင်လက်ထပ်လို့ရမလား"
သူမ ပြန်မဖြေမီ၊ သူ့လက်ချောင်းများသည် သူမလက်ကို လျင်မြန်စွာ ဖမ်းယူပြီး နွေးထွေးသော လက်စွပ်တစ်ကွင်းကို သူမ၏ လက်သူကြွယ်ပေါ်သို့ ၀တ်ဆင်ပေးလိုက်သည်။
ထိုလက်စွပ်သည် သူ့ လက်ထဲတွင် ကြာရှည်စွာ ဆုပ်ကိုင်ထားခဲ့ပုံရပြီး သူ့ခန္ဓာကိုယ်အပူချိန်ကို စုပ်ယူထားသည်။
လင်ချူးဆွေ့က သူမလက်ပေါ်ရှိ ပြီးပြည့်စုံစွာ ဖြတ်တောက်ထားသည့် စိန်လက်စွပ်ကို ငုံ့ကြည့်ကာ "ဒါကို နောက်မှ ရောင်းလိုက်မယ်" ဟု ပြောလိုက်သည်။
"ဒါက စေ့စပ်လက်စွပ်တစ်ခုပဲ၊ တန်ဖိုး သိပ်မကြီးဘူး၊ ယွမ် ( ၁ ) မီလီယံပဲ ရှိတယ်။ မင်း သဘောတူချင်ယောင်ပြီး မင်္ဂလာပွဲအတွက် ကိုယ် ဝယ်မဲ့ ယွမ် ( ၅၀ ) မီလီယံတန်တဲ့ လက်စွပ်ကို ရောင်းဖို့ ကိုယ် အကြံပြုတယ်။"
"..."
လေညှင်းလေးများ တိုက်ခတ်နေသောကြောင့် ဒန်းက တကျွီကျွီ အသံမြည်နေသည်။ လင်ချူးဆွေ့ နောက်လှည့်ကြည့်လိုက်ရာ သူမ ဖခင် ထိုင်နေကျ ဒါန်းပေါ်တွင် နက်ပြာရောင် ဒိုင်ယာရီတစ်အုပ် တင်ထားသည်ကို မြင်လိုက်ရသည်။
ညင်သာသော လေညှင်းက စာအုပ်ကို လှန်ဖွင့်လိုက်ပြီး၊ စာမျက်နှာများကို တဖျပ်ဖျပ် လှန်လောသွားစေသည်...
လင်ချူးဆွေ့သည် သိချင်စိတ်ဖြင့် လျှောက်သွားကြည့်လိုက်ရာ၊ ဒိုင်ယာရီထဲတွင် ရင်းနှီးကျွမ်းဝင်သော လက်ရေးကို မြင်လိုက်သည်။
၎င်းသည် လင်ရှို့ကျယ်၏ ဒိုင်ယာရီဖြစ်ပြီး၊ သူမ မွေးဖွားပြီးနောက် အသေးစိတ် အရာအားလုံးကို မှတ်တမ်းတင်ထားသည်—
"ရှောင်ကွေ့လေးက ဒီနေ့ 'အဖေ' လို့ ပြောနိုင်ခဲ့တယ်၊ အာ့ အာ့ အာ့၊ ငါ တကယ်ပဲ အဖေတစ်ယောက် ဖြစ်သွားပြီ ဟေး…"
"ရှောင်ကွေ့လေးက သူငယ်တန်းမှာ ဒီနေ့ အချိန် အကြာကြီး ငိုခဲ့တယ်။ ငါ စိတ်မကောင်းဖြစ်လို့ ခေါင်းဆောင်ဆီက ခွင့်တောင်းပြီး သူငယ်တန်းတံခါးဝမှာ စောင့်နေခဲ့တယ်။ သူ့ကို ချက်ချင်း ဖက်ပေးနိုင်ဖို့ မျှော်လင့်တယ်"
“ဒီနေ့ ရှောင်ကွေ့လေးရဲ့ မူလတန်းဆရာက သူ့မှာ အံ့ဩစရာကောင်းတဲ့ မှတ်ဉာဏ်ရှိတယ်လို့ ပြောတယ်၊ သူက သင်ယူခြင်းနတ်ဘုရားတစ်ယောက် ဖြစ်နိုင်တယ်တဲ့။ ငါ့သမီးက ပုံမှန်အားဖြင့် ဆိုးပေသလိုပဲ ပြုမူတာကြောင့် ဒါကို ယုံကြည်ဖို့ ခက်တယ်။ သူက ဘယ်လိုလုပ်ပြီး သင်ယူခြင်းနတ်ဘုရား ဖြစ်နိုင်မှာလဲ။”
...
လင်ချူးဆွေ့သည် ဒိုင်ယာရီစာမျက်နှာ တစ်ခုပြီး တစ်ခု လှန်ဖတ်ရင်း၊ ရယ်မောပြီးနောက် မျက်ရည်များဖြင့် ဆို့နင့်သွားသည်။
သူမ နောက်ဆုံးစာမျက်နှာသို့ ရောက်သွားသည်။ နောက်ဆုံးစာမျက်နှာရက်စွဲသည် လွန်ခဲ့သောငါးနှစ်က သူ ထာဝရထွက်ခွာသွားသောညက ဖြစ်သည်။ ထိုစာမျက်နှာတွင် တစ်ကြောင်းတည်းသာ ရေးထားသည်။
"ရှောင်ကွေ့ မကြောက်နဲ့။ အဖေ သမီးကို ချစ်မြတ်နိုးပေးဖို့ အချစ်နတ်သားလေးတစ်ယောက် ရှာပေးမယ်။"
လင်ချူးဆွေ့က မှတ်စုစာအုပ်ကို ပိတ်ပြီး နောက်လှည့်ကြည့်လိုက်ရာ အကေးရှားပင်အောက်တွင် ရပ်နေသော လူငယ်တစ်ဦးကို မြင်လိုက်သည်။
အေးစက်သော လေညှင်းသည် မြူမှုန်များပါသော မိုးရေကို သယ်ဆောင်လာသည်။ သူက သူမကို ညင်သာစွာ ကြည့်နေသည်၊
သူမတို့ အသက် ( ၁၈ ) နှစ်တွင် ပထမဆုံးတွေ့ဆုံခဲ့စဉ်ကလိုပင်။
သူသည် သူမအတွက် အချစ်နတ်သားလေးတစ်ယောက်ကို တကယ်ရှာဖွေပေးခဲ့သည်။
ပြီးသွားပါပြီ။ အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးအထူးပါရှင့်။
***