← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း(၉၅) ပြန်ပေးဆွဲသူများ၏ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှု

စာသင်ခန်းထဲတွင်။

ချူးရှန့်ခမျာ မျောက်အုပ်၏ သိမ်းပိုက်ခြင်းကို ခံရသော သစ်ပင်တစ်ပင်ကဲ့သို့ ခံစားနေရ၏။

ကလေးတစ်ယောက်က သူ၏ ဘယ်ဘက်ခြေထောက်ကို ဖက်တွယ်ထားကာ အပေါ်သို့ တွယ်တက်ရန် ကြိုးစားနေလေသည်။

အခြားတစ်ယောက်က သူ၏ ညာဘက်ခြေထောက်ကို ဖက်ထားပြီး သူမ၏ မျက်နှာကို သူ၏ ဘောင်းဘီထဲတွင် နှစ်ထားကာ သံကဲ့သို့ မာကျောသော ကြွက်သားများကို စမ်းသပ်နေ၏။

အခြားကလေးများကလည်း သူ၏ အပြာရောင် အလုပ်သမားဝတ်စုံ အောက်နားစကိုဆွဲကာ တောအုပ်နှင့် ပျားရည်အကြောင်း မေးခွန်းပေါင်းစုံကို ဆူညံစွာ မေးမြန်းနေကြလေသည်။

“ဦးလေးဝက်ဝံ... ဘာလို့ ဦးလေးရဲ့ လက်တွေက အရမ်းကြီးရတာလဲ”

“ဦးလေးဝက်ဝံ သီချင်းဆိုတတ်လား... သမီးတို့ကို သီချင်းလေး တစ်ပုဒ်လောက် ဆိုပြပါလား..”

ချူးရှန့်သည် မလှုပ်မယှက်ဘဲ နေနေ၏။

သူ၏ ခန္ဓာကိုယ်က အစွမ်းကုန် တောင့်တင်းနေလေသည်။

သူ့ ဘဝတစ်ဝက်ကို စစ်တပ်တွင် ကုန်ဆုံးခဲ့ပြီးနောက် ဤသည်မှာ "လက်တစ်ဆစ်မျှပင် မလှုပ်နိုင်ခြင်း" ၏ အဓိပ္ပာယ်ကို သူ အမှန်တကယ် နားလည်သွားသော ပထမဆုံး အကြိမ်ပင် ဖြစ်ပေသည်။

ဆရာမလင်းလည်း ချွေးများ ပြိုက်ပြိုက်ကျနေပြီး ကလေးများကို နောက်သို့ ဆွဲခေါ်ရန် အဆက်မပြတ် ကြိုးစားနေသော်လည်း အကျိုးမရှိသလောက်ပင်။

“ကျောင်းသားတို့... မြန်မြန် ပြန်လာကြ... ဦးလေးကို အနှောင့်အယှက် မပေးကြနဲ့..”

“ရှောင်ပေါင်... ယာယာ... လွှတ်လိုက်..”

သို့သော်လည်း ကလေးများသည် သူတို့၏ အိုင်ဒေါကို မြင်တွေ့ရခြင်းကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေကြသဖြင့် မည်သည့် အကြံဉာဏ်ကိုမျှ နားမထောင်ကြချေ။

မြေပြင်ပေါ်တွင် ဒူးထောက်နေသော အမာရွတ်မျက်နှာ သုံးယောက်သည် ဤအလွန် လက်တွေ့မဆန်သော မြင်ကွင်းကို ကြည့်ရင်း သူတို့၏ စိတ်များ လုံးဝ အလုပ်မလုပ်တော့ပေ။

သူတို့၏ လက်ထဲရှိ သေနတ်များက ချူးရှန့်ရှိရာသို့ ချိန်ရွယ်ထားဆဲ ဖြစ်၏။

သို့သော်လည်း သူတို့၏ လက်မောင်းများသည် အထိန်းအကွပ်မရှိ တုန်ရီနေကြလေသည်။

ကြောက်လို့ မဟုတ်ပေ။

ဖရိုဖရဲ ဖြစ်နေသောကြောင့်ဖြစ်၏။

ကမ္ဘာအမြင် လုံးဝ ပြိုကွဲသွားခြင်း၏ ရလဒ်အဖြစ် အလွန်အမင်း ဖရိုဖရဲဖြစ်မှုပင်။

သူတို့သည် ရက်စက်ကြမ်းကြုတ်သော ပြန်ပေးဆွဲမှု တစ်ခုတွင် ပါဝင်နေခြင်း မဟုတ်ဘဲ အလွန်အဓိပ္ပာယ်မဲ့သော ကလေးပြဇာတ်တစ်ခုကို ကြည့်နေရသကဲ့သို့ ခံစားနေရလေသည်။

သူတို့က နောက်ခံကားများပင် ဖြစ်၏။

မည်သူကမျှ ငွေမပေးသည့် အမျိုးအစားပင်။

ထိုအချိန်တွင်ပင်။

မျောက်အုပ်၏ သိမ်းပိုက်ခြင်းကို ခံထားရသော "သစ်ပင်ကြီး" က လှုပ်ရှားလာလေသည်။

နောက်ဆုံးတွင် ချူးရှန့်က လှုပ်ရှားလိုက်ပြီ ဖြစ်၏။

သူသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းကျနေသော "လူပုံစံ ဆွဲကြိုး" များကို လျစ်လျူရှုထားသကဲ့သို့ သူ့ခေါင်းကို ချိန်ရွယ်ထားသည့် သေနတ်သုံးလက်ကိုလည်း လျစ်လျူရှုထားလိုက်လေသည်။

သူသည် ပခုံးများကို လှုပ်ရှားလိုက်ပြီး သူ၏ ကျောပေါ်သို့ တွယ်တက်ရန် ကြိုးစားနေသော လူကောင်ထွားထွား ကောင်လေးကို ဖြည်းညင်းစွာ ခါချလိုက်၏။

ထို့နောက် သူ စတင် လမ်းလျှောက်သွားလေသည်။

"ဒေါက်..."

လေးလံသော ခြေသံများကြောင့် ကြမ်းပြင်ပင် အနည်းငယ် တုန်ခါသွား၏။

အမာရွတ်မျက်နှာ၏ နှလုံးခုန်သံက တစ်ချက် ရပ်တန့်သွားလေသည်။

*ရောက်လာပြီ…*

*သူ လှုပ်ရှားတော့မယ်…*

*ဒီကောင်က ဒီကလေးလေးတွေကြောင့် နောက်ဆုံးတော့ ဒေါသထွက်သွားပြီ…*

*သူ နေရာကို ရှင်းလင်းတော့မယ်..*

အမာရွတ်မျက်နှာသည် အလိုအလျောက် သေနတ်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏ လက်ဖဝါးများတွင် ချွေးများ ပြိုက်ပြိုက်ကျလာတော့သည်။

သို့သော်လည်း ချူးရှန့်က သူတို့ထံသို့ ချဉ်းကပ်မလာခဲ့ချေ။

သူတို့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။

သူ၏ ခြေထောက်ပေါ်ရှိ ခေါင်းမာသော "းခြေထောက်တွယ်ကပ်များနှစ်ခုကို ဆွဲယူကာ သူသည် စာသင်ခန်း ထောင့်ရှိ ရေသန့်စက်ဆီသို့ တစ်လှမ်းချင်း တည်ငြိမ်စွာ လျှောက်သွားလေသည်။

အမာရွတ်မျက်နှာ ... …

အခြားဓားပြနှစ်ယောက် ... ...

ချူးရှန့်က ရေသန့်စက်ဆီသို့ လျှောက်သွား၏။

သူက ခါးကို ကိုင်းလိုက်၏။

ဤလှုပ်ရှားမှုကြောင့် သူ၏ ကြွက်သားများ ချက်ချင်း တင်းမာသွားပြီး သူ၏ တင်းကျပ်နေပြီဖြစ်သော အလုပ်သမားဝတ်စုံသည် အားစိုက်မှုကြောင့် ဆုတ်ပြဲသွားမည့် အသံများ ထွက်ပေါ်လာလေသည်။

သူသည် ပခုံးပေါ်မှ ကြီးမားသော ရေဘူးကြီးကို လက်တစ်ဖက်တည်းဖြင့် မလိုက်ရာ မြေပြင်ပေါ်သို့ "ဘုတ်" ခနဲ အသံနှင့်အတူ လေးလံစွာ ကျသွား၏။

ထို့နောက် ရေသန့်စက်ပေါ်ရှိ ရေဘူးအလွတ်ကို သူ တစ်ချက်ကြည့်လိုက်လေသည်။

သူသည် လက်လှမ်းလိုက်ပြီး ကြက်ပေါက်လေးတစ်ကောင်ကို ကောက်ကိုင်လိုက်သကဲ့သို့ ရေဘူးအလွတ်ကို လက်ချောင်းသုံးချောင်းဖြင့် လွယ်ကူစွာ မလိုက်ကာ ပေါ့ပေါ့ပါးပါး ဘေးသို့ ပစ်ချလိုက်၏။

လုပ်ငန်းစဉ်တစ်ခုလုံးက ချောမွေ့ပြီး အဆင်ပြေလှပေသည်။

တစ်နေ့လျှင် အကြိမ်ရှစ်ရာခန့် လုပ်နေကျကဲ့သို့ သဘာဝကျလှ၏။

သူသည် အချိန်တစ်လျှောက်လုံး ဓားပြသုံးယောက်ကို ဘေးစောင်းအနေအထားဖြင့်သာ ရှိနေခဲ့သည်။

အေးစက်မှုနှင့် ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေသော ထိုဘေးစောင်းမျက်နှာက - "မင်းတို့ ဆက်လုပ်ကြ၊ ငါ့ကို ဂရုမစိုက်နဲ့၊ ငါ ရေဘူးလဲမလို့..." ဟု ပြောနေပုံရလေသည်။

အမာရွတ်မျက်နှာသည် သူ၏ ဂုဏ်သိက္ခာကို မျက်စိဖြင့် မမြင်နိုင်သော အင်အားတစ်ခုက မြေပြင်ပေါ်သို့ ဖိချကာ ကော်ပတ်စက္ကူဖြင့် အပြန်ပြန်အလှန်လှန် ပွတ်တိုက်ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။

*ဒါက ဘာသဘောလဲ..*

*ဘယ်လောက်တောင် လျစ်လျူရှုတာလဲ…*

*ဘယ်လောက်တောင် အထင်သေးတာလဲ…*

*ငါတို့က လက်နက်ကိုင်ထားတဲ့ လူဆိုးတွေလေ…*

*ငါတို့က ဗုံးတွေကို ဖောက်ခွဲနိုင်တဲ့ အရူးတွေလေ…*

သို့သော်လည်း ဤလူ၏ မျက်လုံးထဲတွင် သူတို့က... ရေတစ်ဘူးထက် ပိုအရေးမကြီးသကဲ့သို့ ရှိနေပေသည်။

အမာရွတ်မျက်နှာ၏ ဘေးရှိ လူငယ် ဓားပြလေးက သူ၏ နှုတ်ခမ်းများ တုန်ရီနေလျက် တုန်ရီနေသော အသံဖြင့် မေးလိုက်လေသည်။

“ဘော့စ်... သူ ဘာလုပ်နေတာလဲ…”

အမာရွတ်မျက်နှာက ဆဲရေးတိုင်းထွာချင်နေ၏။

“သူ ဘာလုပ်နေလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ..”

“ပြန်ပေးဆွဲနေရင်း တစ်ဝက်မှာ ရေဘူးလဲပေးရတာက ကျန်းချန်မြို့ မြေအောက်လောကရဲ့ စည်းမျဉ်းသစ်လား..”

ဘဝ၏ အဓိပ္ပာယ်ကို သူတို့ မေးခွန်းထုတ်နေချိန်တွင်ပင်။

ချူးရှန့်သည် အပြည့်ဖြည့်ထားသော ရေဘူးသစ်ကို ရေသန့်စက်၏ အပေါက်ထဲသို့ ထည့်လိုက်ပြီးပြီ ဖြစ်သည်။

"ဂျောက်..."

အသံတိုးတိုးလေး တစ်ချက်။

ရေဘူးသစ်ကို သေချာစွာ တပ်ဆင်လိုက်ပြီ ဖြစ်၏။

"ဂလု ဂလု..."

ကြည်လင်သော ရေများသည် ပိုက်ထဲသို့ စီးဆင်းသွားပြီး သာယာသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ချူးရှန့်သည် မတ်တတ်ရပ်လိုက်၏။

သူသည် လက်ညှိုးကို ဆန့်ထုတ်ကာ အနီရောင် ရေပူခလုတ်ကို နှိပ်လိုက်လေသည်။

တုံ့ပြန်မှု မရှိချေ။

အချက်ပြမီး မလင်းပေ။

ချူးရှန့်က မျက်မှောင်ကြုတ်လိုက်၏။

သူသည် ရေသန့်စက် အနောက်ရှိ ပါဝါကြိုးကို လိုက်ကြည့်လိုက်ရာ သူ၏ အကြည့်က နောက်ဆုံးတွင် ထောင့်ရှိ ပလပ်ပေါက်ပေါ်၌ ရပ်တန့်သွားလေသည်။

ပလပ်ခေါင်းက အပြင်ဘက်တွင် တွဲလောင်းကျနေ၏။

ချူးရှန့်သည် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားလေသည်။

သူသည် ထပ်မံ၍ ကိုင်းညွတ်လိုက်ပြီး ပလပ်ခေါင်းကို ကောက်ယူကာ ပလပ်ပေါက်နှင့် ချိန်ရွယ်၍ အားပါပါဖြင့် ဖိသွင်းလိုက်၏။

"ကလစ်..."

တိုးညင်းသော အသံလေးတစ်ချက်။

ရေသန့်စက်ပေါ်ရှိ ပါဝါအချက်ပြမီးက လင်းလာလေသည်။

အမာရွတ်မျက်နှာသည် သေနတ်ဖြင့် ချိန်ရွယ်ခံထားရသည် မဟုတ်ဘဲ မျက်စိဖြင့် မမြင်နိုင်သော လက်တစ်ဖက်က သူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သကဲ့သို့ ခံစားလိုက်ရ၏။

မီးလောင်သကဲ့သို့ နာကျင်လှပေသည်။

*သူ... သူက တကယ်ပဲ ငါတို့ကို လျှပ်စစ်မီး တပ်ဖို့ ကူညီပေးနေတာလား…*

*သူက ငါတို့ကို လှောင်ပြောင်နေတာလား…*

*ပြန်ပေးဆွဲခြင်းရဲ့ အခြေခံထောက်ပံ့ရေး အလုပ်ကိုတောင် မလုပ်နိုင်တဲ့အတွက် ငါတို့ကို လှောင်ပြောင်နေတာလား…*

ယခင်က မရှိခဲ့ဖူးသော အရှက်ကွဲမှု ခံစားချက်က အမာရွတ်မျက်နှာကို လွှမ်းမိုးသွားတော့သည်။

လုပ်ငန်းနယ်ပယ်တွင် ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက် ဤသည်မှာ သူ၏ ပရော်ဖက်ရှင်နယ် စွမ်းရည်များကို အလွန်အမင်း သံသယဖြစ်မိသော ပထမဆုံး အကြိမ်ပင် ဖြစ်ပေသည်။

ချူးရှန့်သည် လေတိုက်စား၍ ပျက်စီးတော့မည့် သူ့နောက်ရှိ ကျောက်ရုပ်သုံးရုပ်ကို လျစ်လျူရှုထားလိုက်၏။

သူသည် အပြာရောင် ရေအေးခလုတ်ကို နှိပ်လိုက်လေသည်။

“ရှဲ..."

ကြည်လင်အေးမြသော ရေများ စီးထွက်လာပြီး ကလေးတစ်ယောက် သုံးထားသော ပလပ်စတစ် ခွက်တစ်ခွက်ကို သူ ပေါ့ပေါ့ပါးပါး ကောက်ယူကာ ရေတစ်ဝက်ခန့် ထည့်လိုက်၏။

ထို့နောက် သူသည် ခေါင်းကို မော့ကာ တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်လေသည်။

"ဂလု..."

ရေသောက်ပြီးနောက် ချူးရှန့်၏ မျက်ခုံးများက ပို၍ပင် တွန့်ချိုးသွားတော့သည်။

သူက ခံနိုင်ရည်မရှိသော အရသာတစ်ခုကို မြည်းစမ်းလိုက်ရသကဲ့သို့ ရွံရှာဖွယ် အမူအရာ ဖြစ်နေ၏။

သူ ခေါင်းလှည့်လိုက်လေသည်။

နောက်ဆုံးတွင် သူသည် ပထမဆုံးအကြိမ်အဖြစ် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဓားပြခေါင်းဆောင် အမာရွတ်မျက်နှာကို တည့်တည့် စိုက်ကြည့်လိုက်တော့သည်။

အမာရွတ်မျက်နှာက သူ၏ အကြည့်ကြောင့် လန့်ဖြတ်သွား၏။

*ရောက်လာပြီ…*

*တရားစီရင်မယ့် အချိန်က နောက်ဆုံးတော့ ရောက်လာပြီ…*

*သူ လူသတ်တော့မယ်…*

အမာရွတ်မျက်နှာခမျာ သေရမည့် နည်းလမ်းပေါင်း တစ်ရာကိုပင် စဉ်းစားထားပြီး ဖြစ်သည်။

ထိုအခါ စစ်မှန်ပြီး ဖုံးကွယ်ထားခြင်း မရှိသော အထင်သေးမှုများဖြင့် ပြည့်နှက်နေသည့် ထိုလူ၏ အေးစက်သော အသံကို သူ ကြားလိုက်ရလေသည်။

"ရေက မပူဘူး..."

စကားလုံး သုံးလုံးတည်းသာဖြစ်၏။

အသက်အန္တရာယ်ရှိသော အဆိပ်များ သုတ်လိမ်းထားသည့် ရေခဲဆူး သုံးချောင်းကဲ့သို့ ၎င်းတို့က အမာရွတ်မျက်နှာ၏ ရင်ထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ဝင်သွားလေသည်။

သူ၏ စိတ်က ဝီခနဲ အသံနှင့်အတူ ဗလာကျင်းသွားတော့သည်။

သူ၏ မျက်လုံးများထဲတွင် လူသတ်လိုစိတ် မရှိသလို ဒေါသလည်း မရှိသလို ခြိမ်းခြောက်မှုပင် မရှိခဲ့ချေ။

တစ်မျိုးတည်းသော စိတ်ပျက်မှုသာ ရှိနေလေသည်။ စက်မှုလုပ်ငန်း၏ ဖရိုဖရဲ အခြေအနေကို နားလည်သဘောပေါက်နေသော ဝါရင့် စစ်မှုထမ်းဟောင်းတစ်ဦးက အခြေခံများကိုပင် ကောင်းစွာ မလုပ်နိုင်သော အလုပ်သင်တစ်ဦးကို ကြည့်လိုက်သောအခါ ဖြစ်ပေါ်လာသည့် "သူတို့၏ အလားအလာနှင့် မကိုက်ညီသူ တစ်ဦးအပေါ် စိတ်ပျက်ခြင်း" ခံစားချက်မျိုး ဖြစ်၏။

ထိုအကြည့်က - ဟု ပြောနေပုံရလေသည်။

*ဒီပြန်ပေးဆွဲသူ အသုတ်က ငါ ဦးဆောင်ဖူးသမျှထဲမှာ အဆိုးဆုံးပဲ…*

*ပြန်ပေးဆွဲတဲ့နေရာမှာ ရေနွေးတစ်ငုံတောင် မရှိဘူး... ဓားစာခံကို ဘယ်လို မျက်နှာပြမလဲ... မင်းတို့ကိုယ်မင်းတို့ရော ဘယ်လို မျက်နှာပြမလဲ…*

*နည်းနည်းလောက် ပရော်ဖက်ရှင်နယ် ပိုကျလို့ မရဘူးလား…*

"ဖူး..."

အမာရွတ်မျက်နှာခမျာ သူ၏ လည်ချောင်းထဲတွင် ချိုမြိန်သော အရသာတစ်ခုကို ခံစားလိုက်ရပြီး သွေးတစ်လုတ်နီးပါး အန်ထွက်သွားတော့သည်။

သူသည် မာဖီးယား ဂိုဏ်းချုပ်ကြီးတစ်ဦး၏ သေမင်းတမျှ စိုက်ကြည့်ခြင်းကို ခံနေရသည် မဟုတ်ဘဲ ကြယ်ငါးပွင့် ဟိုတယ်၏ အထွေထွေမန်နေဂျာတစ်ဦး၏ သနားညှာတာမှု ကင်းမဲ့စွာ အထင်သေးခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။

လူတစ်ယောက်ကို သတ်ခြင်းက မြေပြင်ပေါ်သို့ ခေါင်းပြုတ်ကျသွားခြင်းထက် မပိုပေ။

ဤသည်မှာ လူတစ်ယောက်၏ စိတ်ဓာတ်ကို ဖျက်ဆီးပစ်ရန် အန္တိမ နည်းလမ်းပင် ဖြစ်သည်။

သူ၏ အပေါင်းအပါ နှစ်ယောက်မှာ လုံးဝ ဆွံ့အသွားကြပြီဖြစ်၏။

တစ်ယောက်က သူ့ကိုယ်သူ တတွတ်တွတ် ရေရွတ်နေလေသည်။

"ရေနွေး... အဲဒါ ရေနွေးသောက်ဖို့..."

အခြားတစ်ယောက်က မြေပြင်ပေါ်သို့ ခေါင်းနှင့် ဆောင့်ကာ ငိုယိုရင်း ပြောနေ၏။

"ကျွန်တော်က ပရော်ဖက်ရှင်နယ် မဆန်ပါဘူး... အဖွဲ့အစည်းကို တောင်းပန်ပါတယ်... ဘော့စ်ကို တောင်းပန်ပါတယ်..."

အမာရွတ်မျက်နှာက စိတ်လွတ်နေပြီဖြစ်သော သူ၏ အသင်းဖော် နှစ်ယောက်ကို ကြည့်လိုက်လေသည်။

ထို့နောက် ရေနွေးမရသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ ကလေးတစ်စု၏ နှောင့်ယှက်ခြင်းကို ခံနေရသော ထို "သေမင်းတမန်" ကို သူ ကြည့်လိုက်၏။

ယခင်က မရှိခဲ့ဖူးသော ကြေကွဲမှုနှင့် ဒေါသလှိုင်းများက သူ၏ ရင်တွင်း အနက်ရှိုင်းဆုံး နေရာမှ ဆူပွက်လာတော့သည်။

*မဖြစ်ဘူး…*

*ဒီအတိုင်း လွှတ်ထားလို့ မရဘူး…*

*ငါ သေလို့ရတယ်…*

*ဒါပေမဲ့ ငါ့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို စော်ကားလို့ မရဘူး…*

သူ အမာရွတ်မျက်နှာသည် တစ်ချိန်က မြေအောက်လောကတွင် နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ဖူးလေသည်။

သူသည် လက်ဝတ်ရတနာဆိုင် လုယက်မှုများကို စီစဉ်ခဲ့ပြီး မြို့ဖြတ်ကျော် သူခိုးများကို စုစည်းခဲ့ဖူး၏။ သူသည် အလွန် အတွေ့အကြုံရှိပြီး တစ်ခါမျှ မရှုံးနိမ့်ခဲ့ဖူးချေ။

ယနေ့တွင် အဘယ်အရပ်မှ ရောက်လာမှန်းမသိသော အမည်မသိ "လုပ်ငန်းစံသတ်မှတ်ချက်" တစ်ခု၏ အရှက်ခွဲမှု တိုင်စာတွင် သူ့ကို လုံးဝ ရိုက်နှက်ထားခံရမည်ကို သူ လက်မခံနိုင်ပေ။

သူ တစ်ခုခု လုပ်ရမည်။

သူ၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူချင်နေခဲ့၏။

သူသည်လည်း ပရော်ဖက်ရှင်နယ် ပြန်ပေးဆွဲသူတစ်ဦးဖြစ်ကြောင်းကို သူ သက်သေပြချင်ခဲ့လေသည်။

အမာရွတ်မျက်နှာက အလွန်အရေးကြီးသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သကဲ့သို့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။

သူါလက်ထဲရှိ သေနတ်ကို သူ လွှင့်ပစ်လိုက်လေသည်။

သူသည် ဖရိုဖရဲ ဖြစ်နေသော သူ၏ ကော်လာကို သေသပ်အောင် ပြင်လိုက်၏။

သူသည် သူ၏ ဒူးထောက်နေသော ကျောပြင်ကို ဆန့်ထုတ်လိုက်လေသည်။

သူ ခေါင်းမော့လိုက်ပြီး ချူးရှန့်၏ စိတ်ပျက်နေသောအကြည့်ကို ရင်ဆိုင်ကာ ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုတစ်ခု လုပ်ဆောင်နေသကဲ့သို့ ကြေကွဲဖွယ်ကောင်းလောက်အောင် တည်ငြိမ်သော အသံဖြင့် စတင် ပြောဆိုလိုက်တော့သည်။

"အစ်ကိုကြီး..."

"ဒီပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး ဈေးနှုန်း သတ်မှတ်တဲ့ မဟာဗျူဟာနဲ့ ဖောက်သည် အတွေ့အကြုံ ပြဿနာတွေ အကြောင်းကို..."

"ကျွန်တော်တို့ ဆွေးနွေးလို့ ရမယ် ထင်ပါတယ်…”

အခန်း(၉၆) ငါတို့ တစ်ဝက်စီ ခွဲယူရင် ဘယ်လိုလဲ

အမိန့်ပေးယာဉ်အတွင်း၌။

လုံးဝ ပျက်စီးသွားခြင်း မရှိသေးသော မိုက်ကရိုဖုန်း အသေးစားလေးမှတစ်ဆင့် အမာရွတ်မျက်နှာ၏ "ပညာရပ်ဆိုင်ရာ" ဆွေးနွေးမှုက တိုတောင်းပြတ်တောင်း ပြန်လည်ထွက်ပေါ်လာသောအခါ။

အမိန့်ပေးစနစ် တစ်ခုလုံးက လုံးဝ တိတ်ဆိတ်သွားလေသည်။

ဗျူရိုဒုတိယအကြီးအကဲ ကျိုးကျန်ကော်သည် သူ၏ လက်ထဲရှိ လက်ဖက်ရည်ခွက် အသစ်ကို နှုတ်ခမ်းနားသို့ တေ့လိုက်ရာ ရေနွေးငွေ့များကြောင့် သူ၏ မျက်မှန်က ဝေဝါးသွား၏။

အထူးရဲတပ်ဖွဲ့ ခေါင်းဆောင် ချန်မော့ခမျာ သူ၏ နည်းဗျူဟာသုံး ဦးထုပ်ထဲသို့ ရေဝင်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ဝမ်ထျဲ့ကျွင်းကတော့ တွေးတောခြင်းကို လက်လျှော့လိုက်ပြီ ဖြစ်၏။

သူသည် ထိုင်ခုံပေါ်သို့ ဖုန်းခနဲ ထိုင်ချလိုက်ပြီး နှင်းပွင့်ပုံစံ အစက်အပြောက်များဖြင့် ပြည့်နေသော မျက်နှာပြင်ကို ဗလာကျင်းစွာ စိုက်ကြည့်ရင်း သူ့ကိုယ်သူ တတွတ်တွတ် ရေရွတ်နေလေသည်။

"ပြီးသွားပြီ..."

"သူက ဓားပြတွေကို ဆုံးမစကား ပြောနေပြီ..."

"သူက လုပ်ငန်းကို အဆင့်မြှင့်တင်တော့မယ်..."

"ကျန်းချန်မြို့ရဲ့ ပြန်ပေးဆွဲတဲ့ လုပ်ငန်းက အကြီးအကျယ် အသွင်ကူးပြောင်းတော့မယ်..."

...

စာသင်ခန်းထဲတွင်။

အမာရွတ်မျက်နှာသည် ထိုစကားများကို ပြောပြီးနောက် ခေတ္တမျှ ဆွံ့အသွားလေသည်။

သူ မည်သည့်အတွက်ကြောင့် ထိုသို့ ပြောလိုက်မိမှန်း သူ့ကိုယ်သူပင် မသိခဲ့ချေ။

ရှင်သန်လိုသော အလိုအလျောက် တုံ့ပြန်မှုက တစ်ဖက်လူ စိတ်ဝင်စားလောက်မည့် အကြောင်းအရာတစ်ခုကို ရှာဖွေချင်သွားစေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သို့မဟုတ် တစ်ဖက်လူ၏ မျက်လုံးထဲရှိ "စိတ်ပျက်နေသော" အကြည့်က သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံး နေရာတွင် ပုန်းကွယ်နေသော ကျိန်စာသင့်နေသည့် "ရည်မှန်းချက်" ကို မီးမွှေးပေးလိုက်ခြင်းလည်း ဖြစ်နိုင်၏။

သို့သော်လည်း စကားပြောပြီးသွားပါက နောက်ကြောင်းပြန်လှည့်၍ မရတော့ချေ။

သူသည် သွားကိုက်ခဲကာ သူ၏ ပညာရပ်ဆိုင်ရာ အစီရင်ခံစာကို ဆက်လက် ပြောဆိုရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

"အစ်ကိုကြီး..."

အမာရွတ်မျက်နှာသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး စိုးရိမ်ပူပန်မှုကြောင့် သူ၏ အသံက စူးရှနေလေသည်။

"ဒီတစ်ကြိမ် ကျွန်တော်တို့ရဲ့ ဈေးနှုန်း သတ်မှတ်ချက်က အရမ်းနိမ့်နေတယ်လို့ ထင်လို့လား..."

"လင်းဝေ့ကော်လိုမျိုး သိပ္ပံပညာရှင် တစ်ယောက်ရဲ့ နောက်လာမယ့် ဆယ်နှစ်စာ လွတ်လပ်ခွင့်ကို ယွမ်သန်းတစ်ရာတည်းနဲ့ ဝယ်လို့ရမယ်လို့ ထင်ခဲ့တာက တကယ်တော့ နည်းနည်း စော်ကားသလို ဖြစ်နေတာပါ..."

"ကျွန်တော်တို့က အမြင်ကျဉ်းမြောင်းသွားခဲ့တာပါ... ကျွန်တော်တို့ တောင်းပန်ပါတယ်..."

ချူးရှန့်က သူ့ကို လျစ်လျူရှုထားလိုက်၏။

သူသည် သူ၏ ဘောင်းဘီခြေထောက်မှ ကောင်မလေးတစ်ယောက်ကို ဆွဲခွာရန် ကြိုးစားနေလေသည်။

သို့သော်လည်း ထိုကလေးသည် ရေဘဝဲတစ်ကောင်ကဲ့သို့ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်စလုံးကို အသုံးပြု၍ သူ့ကို တင်းကျပ်စွာ ဖက်တွယ်ထား၏။

"ဦးလေးဝက်ဝံ... ဦးလေးက အရမ်းမာတာပဲ... သမီး ဖျင်နာတယ်..."

ချူးရှန့် …

သူ၏ တိတ်ဆိတ်ပြီး အလုပ်များနေသော ဟန်ပန်ကို အမာရွတ်မျက်နှာက အသေးအဖွကိစ္စများကို ဆွေးနွေးရန် မထိုက်တန်ဟူသော သွယ်ဝိုက်သော လက်ခံမှုအဖြစ် အဓိပ္ပာယ် ကောက်ယူလိုက်လေသည်။

အမာရွတ်မျက်နှာသည် သူ၏ စိတ်ဓာတ်များ ပြိုကျတော့မည့် အခြေအနေတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။

အကယ်၍ သူက အနှစ်သာရရှိသော အရာတစ်ခုကို အမြန် မထုတ်ပြနိုင်ပါက ဤလူက ထိရောက်သော ဖောက်သည် ရှင်းလင်းရေးဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို ကိုယ်တိုင် ကိုယ်ကျ သရုပ်ပြသွားနိုင်ပေသည်။

သူသည် အံကြိတ်လိုက်ပြီး ဆရာမလင်း၏ အနောက်တွင် ကာကွယ်ခံထားရကာ သူတို့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသော လင်းဝေ့ကော်၏ သားကို လက်ညှိုးထိုးပြလိုက်လေသည်။

"အစ်ကို... စိတ်လိုက်မာပါ မလုပ်ပါနဲ့... ကျွန်တော်တို့က ငွေကိုပဲ လိုချင်တာပါ... ဘယ်သူ့ကိုမှ မနာကျင်စေချင်ပါဘူး..."

စိတ်လှုပ်ရှားမှုကြောင့် သူ၏ အသံက ရှစ်ဆခန့် မြင့်တက်သွား၏။

"ဒီကလေး... ဒီကလေးက ကုန်ပစ္စည်းပဲ... ယွမ် သန်းတစ်ရာတန်ဖိုးရှိတဲ့ ငွေလက်မှတ်ပဲ..."

"အစ်ကိုက သူ့အတွက် ဒီနေရာကို ရောက်လာတာဆိုတာ ကျွန်တော်တို့ သိပါတယ်... ကျွန်တော်တို့ ဆွေးနွေးလို့ ရပါတယ်... အရာအားလုံးက ညှိနှိုင်းလို့ ရပါတယ်..."

အမာရွတ်မျက်နှာခမျာ နောက်ဆုံး ကယ်ဆယ်ရေး ကောက်ရိုးမျှင်ကို ဖမ်းဆုပ်ထားရသကဲ့သို့ ခံစားလိုက်ရလေသည်။

ဘုံအကျိုးစီးပွားများ ရှိနေသရွေ့ ညှိနှိုင်းရန် ဖြစ်နိုင်ခြေ ရှိပေသည်။

ဤသည်ကား လမ်းစဉ်၏ ထာဝရ အမှန်တရားပင်ဖြစ်၏။

သူသည် မြှောက်ပင့်သော အပြုံးတစ်ခုကို အတင်းအကျပ် ဖော်ပြလိုက်ကာ လက်ချောင်း ငါးချောင်းကို မြှောက်၍ အချက်ပြလိုက်လေသည်။

"အစ်ကို... ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ..."

"ငါးဆယ် ငါးဆယ်... ကျွန်တော်တို့ တစ်ဝက်စီ ခွဲယူကြမယ်လေ..."

"အစ်ကိုက လမ်းကြုံလို့ ဖြတ်သွားရင်း ပိုက်ဆံအိတ်တစ်လုံး ကောက်ရတယ်လို့ပဲ သဘောထားလိုက်ပါ... အဲဒီလိုဆိုရင် ကျွန်တော်တို့ ညီအစ်ကိုတွေလည်း ပြန်ရောက်တဲ့အခါ အထက်ကို တင်ပြစရာ တစ်ခုခု ရှိသွားတာပေါ့..."

သူ စကားပြောပြီးနောက် အပြီးသတ် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်း ချူးရှန့်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်လေသည်။

ချူးရှန့်က သူ့ကို လှည့်ပင် မကြည့်ခဲ့ချေ။

နောက်ဆုံးတွင် သူသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ရေဘဝဲကောင်မလေးကို အောင်မြင်စွာ ဆွဲခွာနိုင်ခဲ့ပြီး သူမကို မြေပြင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်၏။

ထိုအခါ တစ်ဖက်ရှိ ကလေးများသည် ဝက်ဝံကြီး၏ ဝေစုကို မရသောကြောင့် ငြင်းခုံနေကြသည်ကို သူ ကြားလိုက်ရလေသည်။

"ဝက်ဝံကြီးက ငါ့ဟာပဲ... ငါက အရင် ဖက်ထားတာ..."

"မဟုတ်ဘူး... ငါက အရင်မြင်တာ..."

"ဖယ်ကြစမ်း... ငါက ဦးလေးဝက်ဝံကို ကျားနှစ်ကောင်သီချင်း ဆိုပြချင်လို့..."

"ဝါး..."

ကလေးတစ်ယောက် တွန်းချခံလိုက်ရပြီး အသံကျယ်လောင်စွာ စတင် ငိုကြွေးတော့သည်။

စာသင်ခန်းတစ်ခုလုံးက လုံးဝ ဖရိုဖရဲ ဖြစ်နေ၏။

ချူးရှန့်သည် သူ၏ နားထင်ကြောများ တုန်ခါနေသကဲ့သို့ ခံစားလိုက်ရလေသည်။

သူ အမုန်းဆုံးအရာက ဆူညံသံပင် ဖြစ်၏။

အထူးသဖြင့် နားစည်ကို ဖောက်ထွင်းကာ ခေါင်းထိပ်အထိ ရိုက်ခတ်နိုင်သော ပုံမှန်မဟုတ်သည့် မြင့်မားသော ကလေးအသံများကိုပင် ဖြစ်သည်။

အမာရွတ်မျက်နှာသည် ချူးရှန့်၏ မျက်နှာအမူအရာက ဗလာကျင်းနေသော်လည်း သူ၏ မျက်ခုံးများက ပို၍ တင်းကျပ်စွာ တွန့်ချိုးသွားသည်ကို မြင်လိုက်ရ၏။

သူ၏ နှလုံးခုန်သံက တစ်ချက် ရပ်တန့်သွားလေသည်။

*မလုံလောက်သေးဘူး…*

*ဒီကောင်က ငါးဆယ် ငါးဆယ် ခွဲရတာ နည်းလွန်းတယ်လို့ ထင်နေတာပဲ…*

တကယ်တော့ ဤလူ၏ အငွေ့အသက်နှင့် စွမ်းအားကို ထည့်သွင်းစဉ်းစားမည်ဆိုပါက သူတို့အား ဝေစုတစ်ချို့ ပေးထားခြင်းကပင် အလွန်ကြီးမားသော ကျေးဇူးတရား ဖြစ်နေပြီ ဖြစ်သည်။

*ငါက အရမ်း လောဘကြီးလွန်းလို့ တခြားသူတွေနဲ့ တန်းတူ အခွင့်အရေး ရဖို့တောင် အိပ်မက်မက်ရဲသေးတယ်…*

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး..."

အမာရွတ်မျက်နှာက ခေါင်းကို အပြင်းအထန် ခါရမ်းလိုက်ပြီးနောက် လေသံကို ချက်ချင်း ပြောင်းလိုက်ကာ လက်ချောင်း သုံးချောင်းကို မြှောက်လိုက်လေသည်။

"အစ်ကိုကြီး... အစ်ကိုက ခုနစ်ဆယ်ယူပါ... ကျွန်တော်က သုံးဆယ်ပဲ ယူပါ့မယ်..."

"ကျွန်တော်တို့ ညီအစ်ကိုတွေက ပင်ပန်းကြေးလေး နည်းနည်းရရင် ရပါပြီ... အစ်ကို့အတွက် အလုပ်အကျွေး ပြုပေးရတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်..."

"ဆီဖိုး... လမ်းကြေး... ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးငွေလေးလောက်ပါပဲ..."

ဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ငွေကြေးဆုံးရှုံးရန်သာ သူ မျှော်လင့်နေမိလောက်အောင် အလွန် နှိမ့်ချနေခဲ့လေသည်။

သို့သော်လည်း ကလေးများ၏ ငိုသံက ပို၍ပင် ကျယ်လောင်လာ၏။

ချူးရှန့်သည် သူ၏ သည်းခံနိုင်စွမ်း အကန့်အသတ်သို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရလေသည်။

ဓားပြများ၏ အဓိပ္ပာယ်မရှိသော စကားများကို သူ ဆက်၍ နားမထောင်ချင်တော့သလို မျောက်များ အော်ဟစ်နေသည်ကိုလည်း သူ မကြားချင်တော့ပေ။

သူ တိတ်ဆိတ်မှုကို လိုအပ်နေ၏။

ချက်ချင်း၊ အခုချက်ချင်းပင်။

ထို့ကြောင့် သူသည် အလိုအလျောက် လက်ကို မြှောက်လိုက်ပြီး သူ၏ ရုပ်ဆိုးသော နှုတ်ခမ်းရှေ့တွင် လက်ညှိုးကို တင်လိုက်လေသည်။

သူ၏ အကြည့်သည် ငိုနေသော ကလေးတစ်စုအပေါ်သို့ ဖြတ်သန်းသွားသကဲ့သို့ ဒူးထောက်နေသော ဓားပြသုံးယောက်အပေါ်သို့လည်း ဖြတ်သန်းသွား၏။

အလွန်တိုးညင်းသော စကားလုံး တစ်လုံး၊ သို့သော်လည်း ငြင်းပယ်၍ မရနိုင်သော အငွေ့အသက်တစ်ခု ပါဝင်လျက် သူ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာလေသည်။

"ရှူး..."

ထိုလှုပ်ရှားမှုပင်။

ထိုအသံပင်။

အမာရွတ်မျက်နှာ၏ သူငယ်အိမ်များက ရုတ်တရက် အပ်ခေါင်းအရွယ်အစားအထိ ကျုံ့သွားလေသည်။

ထိုအခိုက်အတန့်တွင် သူ၏ ဦးနှောက်က အလုပ်လုပ်နိုင်စွမ်းထက် ကျော်လွန်သွားတော့သည်။

မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများသည် ဆူပွက်နေသော ချော်ရည်များကဲ့သို့ သူ၏ စိတ်ထဲတွင် အရိုင်းစိုင်းဆုံး တဟုန်ထိုး မြင့်တက်လာလေသည်။

*လက်ညှိုးတစ်ချောင်းလား…*

*ဒါက ဘာအဓိပ္ပာယ်လဲ…*

*အဓိပ္ပာယ် ကောက်ချက် အေ (လောဘကြီးသော ဗားရှင်း)... လက်ညှိုးတစ်ချောင်းက "တစ်ခု" ကို ကိုယ်စားပြုတယ်... ယွမ်သန်းတစ်ရာ... သူက ယွမ်သန်းတစ်ရာလုံးကို လိုချင်နေတာပဲ... သူက ငါတို့ကို ဟင်းရည်လေး တစ်စက်တောင် ချန်ထားပေးမှာ မဟုတ်ဘူး…*

ထိုအတွေး သူ၏ စိတ်ထဲသို့ ဖြတ်ပြေးသွားသည့် အခိုက်အတန့်တွင် အမာရွတ်မျက်နှာ၏ ရင်ထဲတွင် တုန်လှုပ်သွားလေသည်။

*ဒါက အရမ်းအဓိပ္ပာယ်မဲ့တာပဲ... ဘဏ်ကို ဓားပြတိုက်တာထက်တောင် ပိုဆိုးသေးတယ်…*

*မဟုတ်ဘူး... မဖြစ်နိုင်ဘူး…*

*အဓိပ္ပာယ် ကောက်ချက် ဘီ (သွေးထွက်သံယို ဗားရှင်း)... လက်ညှိုးတစ်ချောင်း... အဲဒါက မြေအောက်လောကရဲ့ စည်းမျဉ်းပဲ... အပေးအယူ ပျက်သွားပြီ... အလုပ်မဖြစ်ဘူးဆိုရင် သူတို့က အတိုးအနေနဲ့ လက်ချောင်းတစ်ချောင်း ချန်ထားခဲ့ခိုင်းတာပဲ…*

အမာရွတ်မျက်နှာက ထမင်းစားရန်နှင့် သေနတ်ကိုင်ရန် အသုံးပြုရသေးသော သူ၏ လက်များကို အလိုအလျောက် ငုံ့ကြည့်လိုက်မိ၏။

အေးစက်သော ခံစားချက်တစ်ခုက ခြေဖဝါးမှသည် ခေါင်းထိပ်အထိ တိုက်ရိုက် ပြေးတက်သွားလေသည်။

သူက လက်ချောင်း ကိုးချောင်းပဲရှိတဲ့ သူတောင်းစားတစ်ယောက် မဖြစ်ချင်ပေ။

သို့သော်လည်း သူ၏ ခေါင်းထဲတွင် ပေါ်လာသော တတိယမြောက် အတွေးနှင့် နှိုင်းယှဉ်ပါက ထိုအတွေးနှစ်ခုသည် ကောင်းကင်ဘုံကဲ့သို့ပင် ဖြစ်နေပေသည်။

*အဓိပ္ပာယ် ကောက်ချက် စီ (အန္တိမ ကြောက်ရွံ့မှု ဗားရှင်း)... လက်ညှိုးတစ်ချောင်း...တစ်ယောက်ပဲ အသက်ရှင်ရမယ်…*

*သောက်ကျိုးနည်း... သူ့အဓိပ္ပာယ်က... ဒီနေရာမှာရှိတဲ့ ဓားပြတွေကနေစပြီး ဓားစာခံတွေအထိ၊ ဆရာမတွေကနေစပြီး ကလေးတွေအထိ ငါတို့အားလုံးထဲကမှ…*

*တစ်ယောက်တည်းကိုပဲ အသက်ရှင်ခွင့် ပေးမယ်တဲ့…*

ဤအတွေးသည် နျူကလီးယားဗုံး တစ်လုံးကဲ့သို့ အမာရွတ်မျက်နှာ၏ စိတ်ထဲတွင် ပေါက်ကွဲသွားတော့သည်။

သူသည် ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူများနှင့် ပတ်သက်သည့် ဒဏ္ဍာရီများကို ပြန်လည် အမှတ်ရသွားလေသည်။

*မစ်ရှင် ပြီးမြောက်သွားပြီ... အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းလိုက်၊ မည်သည့် ခြေရာလက်ရာမျှ မချန်ထားခဲ့သလို သက်သေ တစ်ယောက်မှလည်း မထားခဲ့နဲ့…*

သူသည် ချူးရှန့်၏ အေးစက်ပြီး စိတ်ခံစားမှု ကင်းမဲ့နေသော မျက်လုံးများကို ထပ်မံ ကြည့်လိုက်၏။

သူ့မျက်လုံးထဲက ထိုအကြည့်က... အလောင်းတစ်စုကို ကြည့်နေသလိုမျိုး မဟုတ်ဘူးလား...။

မည်သို့ပင် အဓိပ္ပာယ် ကောက်စေကာမူ ၎င်းတို့အားလုံးက တူညီသော နေရာတစ်ခုတည်းဆီသို့သာ ဦးတည်နေပေသည်။

ငရဲပြည်။

အမာရွတ်မျက်နှာသည် သူ၏ နှလုံးက လည်ချောင်းထဲမှ ခုန်ထွက်လာတော့မည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများ အားလုံးသည် ချက်ချင်း စုပ်ယူခံလိုက်ရကာ အေးစက်သော နိုက်ထရိုဂျင် အရည်များဖြင့် အစားထိုးခံလိုက်ရသကဲ့သို့ ရှိနေလေသည်။

သူ့ဘေးရှိ အခြားဓားပြနှစ်ယောက်က သူ၏ ကြွယ်ဝသော ဆက်စပ် တွေးတောနိုင်စွမ်းများမရှိကြသော်လည်း။

သူတို့၏ ဘော့စ်ဖြစ်သူ၏ မျက်နှာအမူအရာကိုတော့ သူတို့ နားလည်ကြပေသည်။

၎င်းသည်... ကမ္ဘာပျက်မည့် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသကဲ့သို့ အလွန်အမင်း ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှု တစ်မျိုးပင်ဖြစ်၏။

ဤကြောက်ရွံ့မှုသည် မျက်စိဖြင့် မမြင်နိုင်သော ဗိုင်းရပ်စ်တစ်ခုကဲ့သို့ လေထဲမှတစ်ဆင့် သူတို့ထံသို့ ချက်ချင်း ကူးစက်သွားလေသည်။

အဝေးထိန်းခလုတ်ကို ဖိထားသော ဓားပြသည် လက်တုန်သွားသောကြောင့် ၎င်းကို ထပ်မံ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။

စိတ်ဓာတ်ကြံ့ခိုင်မှု အားအနည်းဆုံးဖြစ်သော အသက်အငယ်ဆုံး ဓားပြလေးသည် ပြိုကျတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုဂိုဏ်းချုပ်ကြီးက တံခါးကို ရက်စက်စွာ ကန်ဖွင့်လိုက်သည့် မြင်ကွင်းကို သူ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရ၏။

လူသားအချင်းချင်း ပြန်စားသည်ဆိုသော ဒဏ္ဍာရီများကိုလည်း သူ ကြားဖူးခဲ့လေသည်။

ဝက်ဝံကြီး ပရိသတ် တွေ့ဆုံပွဲတွင်ပင် သူ၏ ကမ္ဘာအမြင် ပြိုကွဲသွားခြင်းကိုလည်း သူ ကြုံတွေ့ခဲ့ရ၏။

တစ္ဆေမြင်လိုက်ရသည်ထက်ပင် ပို၍ ရုပ်ဆိုးနေသော သူ၏ ဘော့စ်ဖြစ်သူ၏ မျက်နှာကိုလည်း သူ ထပ်မံ မြင်တွေ့ခဲ့ရလေသည်။

ယခုအခါတွင် ထို "သေမင်းတမန်" က လက်ညှိုးတစ်ချောင်း ထပ်မြှောက်လိုက်သည်ကို သူ မြင်လိုက်ရပြန်၏။

ဤသည်ကား ကုလားအုတ်၏ ကျောကို ကျိုးသွားစေသော နောက်ဆုံးအရာပင်။ မဟုတ်ဘူး၊ နောက်ဆုံး တောင်တန်းကြီးပင် ဖြစ်သည်။

သူ၏ စိတ်ထဲရှိ "အသိတရား" ဟူသော ကြိုးသည် ဖိအားမျိုးစုံအောက်တွင် ထပ်ခါတလဲလဲ ဆွဲဆန့်ခံရပြီးနောက်…

နောက်ဆုံးတွင် ပြတ်တောက်သွားတော့သည်။

All Chapters