အခန်း (၂၇၆၁-၂၇၆၂)
Vol. 217 Ch. 2761-2762
အခန်း(၂၇၆၁)
“မင်း အရင်တိုက်ခိုက်တာ ပိုကောင်းလိမ့်မယ်.. ငါသာ အရင်တိုက်ခိုက်မယ်ဆိုရင် မင်းအနေနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတောင် ရမှာမဟုတ်ဘူး”
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့ပြီး ယွီရီရှန်းကို မျက်စိထဲ မထည့်သည့်အလား တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
သူ၏ ပါရမီဖြင့်ဆိုလျှင် တလော့အင်အားစုမှ ပါရမီရှင်များကို အသာထား၊ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ အင်မော်တယ်ဘုရင်အဆင့် အင်အားစုမှ ထိပ်တန်းပါရမီရှင်များ ပင်လျှင် အဆင့်တူအတွင်း သူ့ကို အနိုင်ယူရန် မလွယ်ကူချေ။
သို့ဖြစ်ရာ သူ့ထက် ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်မျှ နိမ့်ကျနေသော ယွီရီရှန်း ကဲ့သို့ တလော့အင်အားစုမှ ပါရမီရှင်တစ်ဦးသည် သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါအံ့နည်း။
“မင်း တော်တော်မောက်မာတာပဲ.. ငါ့ရှေ့မှ အခုလို မောက်မာရဲတာ မင်းပထမဆုံးပဲ”
ယွီရီရှန်းက အေးစက်စက် ရေရွတ်လိုက်သည်။
"ဝုန်း"
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများပေါက်ကွဲထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ထိုစွမ်းအင်လှိုင်းသည် တောင်တစ်လုံး ကဲ့သို့ လေးလံသောဖိအားဖြင့် ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။
နောက်ထပ် တစ်ခဏတွင် ယွီရီရှန်း၏ ပုံရိပ်သည် ဟင်းလင်းပြင်ကို တစ်ခဏအတွင်း ကျော်ဖြတ်သွားခဲ့ပြီး ကျန်းချန်၏ နံဘေးသို့ ရောက်ရှိလာခဲ့ကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ယွီရီရှန်း၏ ပြင်းထန်သော တိုက်ခိုက်မှုကို ကျန်းချန်က လက်ချောင်းထိပ်မှ ဓားစွမ်းအားများကို ထုတ်ဖော်ကာ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..ဝုန်း..ဝုန်း..”
ဟင်းလင်းပြင် တစ်ခုလုံးက တုန်ခါသွားခဲ့ပြီး ထျန်းယန်အင်မော်တယ်မြို့တော်၏ ကောင်းကင်ယံထက်တွင် တုန်လှုပ်ချောက်ချားစရာ ကောင်းသော ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို မြည်ဟည်းလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ထျန်းယန်အင်မော်တယ်မြို့တော် တစ်ခုလုံးက လှုပ်ခါသွားခဲ့ရာ မြို့တော်အတွင်းရှိ ကျင့်ကြံသူများစွာသည် အသံလာရာ ဆီသို့ အပြေးအလွှား ရောက်ရှိလာကြ၏။
တစ်ခဏအကြာမှာပင် ကျန်းချန်တို့ နှစ်ဦး တိုက်ခိုက်နေသည့် ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သည့် ပရိသတ်များ စုဝေးလာခဲ့ကြသည်။
သူတို့က ကောင်းကင်ယံထက်မှ တိုက်ပွဲကို ကြည့်ရင်း ဆွေးနွေး ပြောဆိုနေခဲ့ကြသည်။
“ထျန်းယန်အင်မော်တယ်ဂိုဏ်းကိုတောင် ဂရုမစိုက်ဘဲ ထျန်းယန်အင်မော်တယ်မြို့ထဲမှာ တိုက်ခိုက်ရဲတဲ့ နှစ်ယောက်က ဘယ်သူတွေများလဲ”
“ကျောက်စိမ်းယပ်တောင် ကိုင်ထားတဲ့ ခပ်ချောချော လူငယ်ကို တွေ့လား.. သူက ယွီလော့ အင်မော်တယ်မြို့တော်က ယွီမိသားစုရဲ့ သခင်လေး ယွီရီရှန်းပဲ.. ယွီမိသားစုရဲ့ အင်အားက ထျန်းယန်အင်မော်တယ်ဂိုဏ်းထက်တောင် ပိုအားကောင်းတယ်”
“လခွမ်း.. ဘယ်သူက ယွီမိသားစုကို ရန်စရဲတာလဲဟ.. တော်တော် သေချင်နေပြီထင်တယ်”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အဓိကပြည်နယ် ဖြစ်သည့် ပေဟန်ပြည်နယ်တွင် အင်အားစုပေါင်းများစွာ ရှိသည်။
ထိုအထဲတွင် အကျော်ကြားဆုံးမှာ နန်းတော်နှစ်ခု၊ မိသားစုနှစ်စုနှင့် ဂိုဏ်းလေးဂိုဏ်းတို့ ဖြစ်ကြသည်။
နန်းတော်နှစ်ခုထဲတွင် တစ်ခုမှာ မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေ၏ တစ်ခုတည်းသော အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ဖြစ်သည်။
နောက်ထပ် နန်းတော်တစ်ခုကမူ မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေတွင် အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အင်မော်တယ်ဘုရင်အဆင့် အင်အားစုဖြစ်သည့် မြောက်ပိုင်းအေးစက်သောနန်းတော်နှင့် ဂုဏ်သတင်းချင်း ရင်ဘောင်တန်းနိုင်သည့် အမည်မဲ့အင်မော်တယ်နန်းတော် ဖြစ်၏။
ထိုအင်အားစု နှစ်စုအပြင် တလော့မိသားစုနှစ်စုနှင့် တလော့အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းလည်း ရှိသေးသည်။
ယွီလော့အင်မော်တယ်မြို့တော်မှ ယွီမိသားစုသည် တလော့မိသားစု နှစ်စုထဲမှ တစ်စု ဖြစ်၏။
ထို့ကြောင့် ယွီမိသားစု၏ အင်အားသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင်ပင် ထိပ်ဆုံးငါးနေရာ အတွင်း ရှိသည်ဟု ဆို၍ ရသည်။
တလော့အင်မော်တယ်အဆင့် ကျင့်ကြံသူများပင်လျှင် ယွီမိသားစုဝင်များကို အလွယ်တကူ ရန်မစရဲကြပေ။
ယင်းအတွက်ကြောင့် ထိုကောင်လေး အနေဖြင့် ယွီမိသားစု၏ ပါရမီရှင် ယွီရီရှန်းကို ရန်စသည်မှာ သေတွင်းထဲ ကိုယ့်ဘာသာ ခုန်ဆင်းသည်နှင့် မခြားပေ။
ဟင်းလင်းပြင်ထဲတွင် ယွီရီရှန်းနှင့် ကျန်းချန်တို့ ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်ပြီးနောက်တွင် နှစ်ဦးစလုံးသည် ခြေလှမ်း ဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်ခွာလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်အတွင်း ဗြောင်းဆန်နေသော စွမ်းအားများကို ခံစားမိလျှင် ယွီရီရှန်း၏ ချောမောသော မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သူ့ရှေ့မှ ကောင်လေးသည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်ရုံသာမက တိုက်ခိုက်ရေး စွမ်းရည်လည်း အလွန် အစွမ်းထက်သည်။
အစောပိုင်းက သူ၏ တိုက်ခိုက်မှုတွင် ခွန်အားကို အကုန်အစင် အသုံးမပြုထားသော်လည်း သာမန် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ အနိုင်ယူရန် လုံလောက်၏။
သို့သော်လည်း ထိုကောင်လေးက အသာစီးယူနိုင်ခဲ့သည် ဖြစ်ရာ ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ထက် များစွာ သာလွန်နေသည်မှာ ထင်ရှားနေခဲ့သည်။
“မင်းက အရည်အချင်းတော့ရှိသားပဲ.. ငါ့ရှေ့မှာ မောက်မာရဲတာ မဆန်းတော့ဘူး”
ယွီရီရှန်း၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာခဲ့ပြီး လက်ထဲရှိ ကျောက်စိမ်းယပ်တောင်ကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ကြောက်မက်ဖွယ် အင်မော်တယ် အလင်းတန်းများနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအင်မုန်တိုင်း တစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန် ထံသို့ ဦးတည်လာခဲ့သည်။
ယွီလော့အင်မော်တယ်မြို့တော်မှ ယွီမိသားစု၏ သခင်လေး ယွီရီရှန်းသည် ယွီမိသားစု၏ တလော့ အမွေအနှစ်များကို ဆက်ခံထားသည်မှာ ကြာပြီ ဖြစ်ပြီး သူ၏ လက်ထဲရှိ ကျောက်စိမ်းယပ်တောင်သည်လည်း နာမည်ကျော်ကြားသော တလော့အဆင့် ရတနာလက်နက် တစ်ခု ဖြစ်သည့် ကျောက်စိမ်းဖြူယပ်တောင် ဖြစ်သည်။
ယွီရီရှန်းက တလော့အဆင့် လက်နက်ဖြစ်သည့် ကျောက်စိမ်းဖြူ ယပ်တောင်ကို အသုံးပြု၍ အင်အားအပြည့်အဝ တိုက်ခိုက်မည် ဆိုလျှင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် ယှဥ်ပြိုင်နိုင်၏။
“ယွီရီရှန်းက တကယ် တိုက်နေပြီဟ.. ဒီကောင်လေးတော့ သေဖို့သာ ပြင်ထားတော့ပဲ”
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ပရိသတ်များစွာသည် ကျန်းချန်ကို ကရုဏာသက်စွာဖြင့် ခေါင်းခါရမ်းလိုက်ကြသည်။
ယွီရီရှန်းသည် တလော့အမွေအနှစ်ကို ဆက်ခံထားသည့် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ပြီး ယခုအခါတွင် တလော့အင်မော်တယ်အဆင့် လက်နက်ကိုပင် အသုံးပြု၍ အစွမ်းကုန်တိုက်ခိုက်နေပြီ ဖြစ်ရာ ယွီရီရှန်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားမည်မှာ သေချာ၏။
ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ယွီရှီရှန်း၏ ပြိုင်ဘက် ဖြစ်လာနိုင်ဖွယ် မရှိပေ။
ကျန်းချန်၏ မျက်နှာက အလွန်ပင် တည်ငြိမ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ၏ ထျန်းယွမ်အင်မော်တယ်ဓား ထံကနေ ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ယွီရီရှန်း၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
တစ်ခဏအတွင်း သူတို့နှစ်ဦးသည် ဟင်းလင်းပြင်ထဲတွင် ဆယ်ကွက်မက အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။
သူတို့နှစ်ဦးကြားမှ ပြင်းထန်သော စွမ်းအင်လှိုင်းများသည် ကမ္ဘာပျက်တော့မည့်အလား ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။
သို့ရာတွင် ယွီရီရှန်း၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အလွန်တရာ တည်ငြိမ်နေပုံရ၏။
သူက ထျန်းယွမ်အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ ယွီရီရှန်း၏ အားကောင်းသော တိုက်ခိုက်မှုများကို အလွယ်တကူပင် ခုခံနေခဲ့သည်။
တိုက်ပွဲတစ်လျှောက်လုံးတွင် ကျန်းချန်သည် နေရာမှ တစ်လမ်းမျှ မရွှေ့ဘဲ မားမားမတ်မတ် ရပ်ကာ တိုက်ခိုက်နေခဲ့၏။
ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ လူများသည် မျက်လုံးပြူးထွက်မတတ် အံ့အားသင့်သွားခဲ့ကြသည်။
ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်က မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြင့်မားနေလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။
တလော့အင်အားစုမှ ပါရမီရှင်ဖြစ်သည့် ယွီရီရှန်းပင်လျှင် ဘာမှမတတ်နိုင် ဖြစ်နေခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည်လည်း တလော့အင်အားစု တစ်ခုခုမှ ထိပ်တန်းပါရမီရှင် တစ်ယောက် ဖြစ်နေပါသလော။
“မင်း.. မင်းဘယ်သူလဲ”
အင်အားအပြည့်အဝ ထုတ်သုံးပြီး ဆယ်ကွက်ထက်မက တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်၏ အင်္ကျီစကိုပင် ထိခိုက်အောင် မလုပ်နိုင်ကြောင်း တွေ့လိုက်ရလျှင် ယွီရီရှန်း၏ မျက်ဝန်းထဲ၌ အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်ပင် အစွမ်းထက်ရုံတင်မက တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း သူ့ထက်များစွာ သာလွန်နေခဲ့၏။
ဤကဲ့သို့ စွမ်းရည်မျိုးသည် တလော့အင်အားစုမှ ထိပ်တန်း ပါရမီရှင်များတွင်သာ ရှိနိုင်သည်။
သို့သော်လည်း ယွီရီရှန်းသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ ထိပ်တန်းပါရမီရှင် အားလုံးနီးပါးကို သိရှိထား၏။
သူ၏ မှတ်ဥာဏ်ထဲတွင် သူ့ရှေ့မှ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ ကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်မျိုး မရှိချေ။
ထိုလူငယ်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို မည်သည့်နေရာကနေ ရောက်လာပါသနည်း။
“ငါက မင်းမနှောင့်ယှက်သင့်တဲ့သူပဲ”
ကျန်းချန်က ယွီရီရှန်းကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“မင်းကို ငါ တိုက်ကွက် အများကြီး တိုက်ခိုက်ခွင့် ပေးခဲ့ပြီးပြီ.. အခုက ငါ့အလှည့်ပဲ.. ငါ့ရဲ့ ဓားကွက်ကို မြည်းကြည့်လိုက်တော့”
ကျန်းချန်၏ စကားဆုံးသည်နှင့် ထျန်းယွမ် အင်မော်တယ်ဓားပေါ်တွင် ဓားအလင်းတန်းများ ဝုန်းခနဲ ပေါက်ကွဲထွက်လာခဲ့ပြီး တောက်ပသော ဓားအလင်းသည် အရာအာလုံးကို ချေမှုန်းနိုင်စွမ်းရှိသော စွမ်းအားကို သယ်ဆောင်ကာ ယွီရီရှန်း ဆီသို့ ဦးတည်လာခဲ့သည်။
“လေမိုးကြိုးနယ်မြေ”
ယွီရှီရှန်း၏ မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး ကျောက်စိမ်းဖြူယပ်တောင်ကို အစွမ်းကုန် လှုံ့ဆော်ကာ ယွီမိသားစု၏ တလော့အဆင့် နည်းစနစ်ကို အသုံးပြု၍ သူ၏ ပတ်ပတ်လည်တွင် လေမိုးကြိုးနယ်မြေ တစ်ခု တည်ဆောက်ကာ ကျန်းချန်၏ ဓားချက်ကို ခုခံလိုက်သည်။
“ဝုန်း..”
ဓားအလင်းက လေမိုးကြိုးနယ်မြေနှင့် ထိပ်တိုက် တွေ့ဆုံမိသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေကြီးကိုပင် ပျက်စီးစေနိုင်လောက်သည့် အဖျက်စွမ်းအင်မုန်တိုင်းသည် ဟင်းလင်းပြင်ထဲတွင် ပျံ့နှံ့သွားခဲ့သည်။
အဖျက်စွမ်းအင်မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် ယွီရီရှန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့ပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားခဲ့သည်။
အခန်း(၂၇၆၁)ပြီး၏။
အခန်း(၂၇၆၂)
“ဝေ့ါ..”
ယွီရီရှန်းက သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း ပါးစပ်ကနေ သွေးတစ်လုတ် အန်ထွက်လာခြင်းကိုမူ မတားဆီးနိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင် ဆန့်ကျင်ဘက်၌ တည်ငြိမ်စွာ ရပ်နေသည့် ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်နှာထက်တွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ ပြည့်နှက်လာခဲ့သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်က ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု ယွီရီရှန်း တစ်ခါမှ မတွေးဖူးခဲ့ချေ။
ကောင်းကင်အင်မော်တယ် သတ္တမအဆင့်နှင့်ပင် ယှဥ်နိုင်သော သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပြိုင်ဘက်၏ လက်ထဲတွင် ခုခံနိုင်စွမ်းပင် မရှိခဲ့ပေ။
“ငါ မျက်စိမှားတာတော့ မဟုတ်ပါဘူးနော်.. ယွီရီရှန်းက ရှုံးနိမ့်သွားတာလား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထျန်းယန် အင်မော်တယ် မြို့တော် အတွင်းရှိ မရေမတွက်နိုင်သော ပရိသတ်များသည် သူတို့၏ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အချိန်အတော်ကြာသည်အထိ မှင်တက်ရာကနေ ပြန်လည် ရုန်းမထွက်နိုင် ဖြစ်နေခဲ့ကြသည်။
ယွီရီရှန်းသည် ပေဟန်ပြည်နယ်၏ ထိပ်တန်း တလော့အဆင့်မိသားစု နှစ်စုထဲမှ တစ်စု ဖြစ်သည့် ယွီလော့အင်မော်တယ်မြို့တော်မှ ယွီမိသားစု၏ လူငယ်ပါရမီရှင် တစ်ဦး ဖြစ်သည်။
ပေဟန်ပြည်နယ် တစ်ခုလုံးတွင်ပင် ယွီရီရှန်းသည် ထိပ်တန်း ပါရမီရှင်ဟု သတ်မှတ်နိုင်၏။
ထိုကဲ့သို့ လူငယ်ပါရမီရှင် တစ်ဦးသည် နာမည်မရှိသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး၏ လက်ချက်ဖြင့် ချက်ချင်းဆိုသလို အရေးနိမ့်သွားခဲ့ရသည်။
ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။
ဟင်းလင်းပြင်ထဲတွင် ကျန်းချန်သည် ထျန်းယွမ်အင်မော်တယ်ဓားကို ကိုင်စွဲကာ ဝင့်ကြွားစွာ ရပ်နေရင်း ယွီရီရှန်းကို အေးစက်စက် ကြည့်လိုက်သည်။
“ယွီရီရှန်း.. မင်းငါ့ကို ရှုံးသွားပြီ”
“မဟုတ်ဘူး ငါမရှုံးသေးဘူး.. ငါ ယွီရီရှန်းက မင်းကို ဘယ်တော့မှ အရှုံးမပေးနိုင်ဘူး”
ယွီရီရှန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို တလော့သွေးမျိုးဆက် စွမ်းအားကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအား တစ်ခုသည် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။
သူက ကျောက်စိမ်းယပ်တောင်ကို ထပ်မံ၍ လှုံ့ဆော်လိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်ရန် ကြိုးပမ်းလိုက်သည်။
“ကိုယ့်အခြေအနေ ကိုယ်မသိဘူးပဲ”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထျန်းယွမ်အင်မော်ဓားဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ယွီရီရှန်းသည် နောက်ထပ် တစ်ဖန် လွင့်ထွက်သွားခဲ့သည်။
သူ၏ လက်ရှိအင်အားဖြင့် ဆိုလျှင် ယွီရီရှန်း ကဲ့သို့ ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် ပါရမီရှင်သည် သူ့ကို မည်သည့် ခြိမ်းခြောက်မှုမှ ပေးနိုင်မည်မဟုတ်ချေ။
“သခင်လေး”
ကျန်းချန်၏ ဓားချက်ကို ယွီရီရှန်း ထပ်မံ ခံလိုက်ရသည်အားမြင်လျှင် ယွီရီရှန်း၏ နံဘေးတွင် အမြဲ လိုက်ပါနေသည့် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုသည် ယွီရီရှန်း၏ အနားသို့ လျှပ်တစ်ပြက် ရောက်ရှိလာခဲ့သည်။
သူက မျက်နှာတစ်ခုလုံး ဖြူဖျော့နေသော ယွီရီရှန်းကို တွဲကူရင်း မေးလိုက်သည်။
“သခင်လေး အဆင်ပြေရဲ့လား”
ယွီရီရှန်းက နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ကာ ခေါင်းခါရမ်း၍ ပြောလိုက်သည်။
“အကြီးအကဲတန်.. ကျွန်တော်အဆင်ပြေပါတယ်.. တိုက်ပွဲက မပြီးသေးတဲ့ အတွက် အကြီးအကဲတန် အရင် နောက်ဆုတ်နေလိုက်ပါ”
“သခင်လေး.. ဒီတစ်ခေါက် ပြိုင်ဘက်ရဲ့ ပါရမီနဲ့နောက်ခံက သခင်လေးထက် မနိမ့်ဘူးလို့ ကျွန်တော် ယူဆမိတယ်.. ဒါ့အပြင် သူရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကို ရောက်နေပြီ.. သခင်လေးအနေနဲ့ ယွီမိသားစုရဲ့ တလော့ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုရင်တောင် သူ့ကို အနိုင်ယူနိုင်ဖို့ မသေချာဘူး”
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။
“မြောက်ပိုင်းအေးစက်သော ပါရမီရှင် သိုင်းပြိုင်ပွဲက သိပ်မကြာခင် ကျင်းပတော့မယ်.. ဒါကြောင့် အခုအချိန်မှာ တလော့လျှို့ဝှက်နည်းစနစ်ကို အသုံးပြုဖို့ မသင့်ဘူး.. ဒီကိစ္စကို ဖြေရှင်းဖို့ ငါနဲ့ပဲ လွှဲထားလိုက်ပါ”
ထိုစကားကို ပြောပြီးနောက်တွင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုသည် ယွီရီရှန်းကိုပင် စကားပြောခွင့် မပေးတော့ဘဲ ကျန်းချန်၏ ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ယွီရီရှန်းကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။
“ယွီရီရှန်း.. မင်းကတိဖျက်ချင်တာလား”
“ငါ့သခင်လေးက သူရှုံးရင် မင်းနဲ့ ထပ်မတိုက်တော့ဘူးလို့ပဲ ကတိပြုခဲ့တယ်.. ဒါပေမဲ့ ငါကတော့ မင်းတို့ရဲ့ လောင်းကြေးထဲမှာ မပါဘူး”
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“ကောင်လေး ခေါင်းမမာနဲ့တော့.. လောကမှာ အလိုရှိတိုင်း မရနိုင်တဲ့ အရာတွေရှိတယ်.. မင်းအသက်ရှင်ချင်တယ် ဆိုရင်တော့ စာအုပ်ကို ငါ့လက်ထဲ အပ်လိုက်ပါ.. ဒါက မင်းအသက်ရှင်ဖို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုပဲ”
“ဟားဟား မင်းတို့ ယွီမိသားစုက အတော်လေး ဗိုလ်ကျတဲ့မိသားစုပဲ.. ဒီပေဟန်ပြည်နယ်မှာ ယွီမိသားစုက စိတ်ကြိုက်ချယ်လှယ်လို့ ရမယ်များ ထင်နေတာလား”
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“င့ါရဲ့ပစ္စည်းကို ဘယ်သူ့ကိုမှ ယူသွားခွင့် မပြုနိုင်ဘူး.. မင်းတို့ ယွီမိသားစု အပါအဝင်ပေါ့”
“သေခါနီးတောင်မှ စကားကြီးစကားကျယ် ပြောရဲသေးတယ်”
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“မင်းရဲ့ပါရမီက အရမ်းရှားပါးတယ် ဆိုတာ ငါဝန်ခံပါတယ်.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးမှာတောင် မင်းနဲ့ယှဥ်နိုင်တဲ့သူ အများကြီးမရှိဘူး.. ဒါပေမဲ့ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ဖို့တော့ မင်းမှာ အရည်အချင်းမရှိသေးဘူး”
စကားဆုံးသည်နှင့် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းကနေ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ် ရွှေအင်မော်တယ်စွမ်းအားများသည် ခန္ဓာကိုယ်ကနေ တစ်ခဏအတွင်း ပျံ့နှံ့လာခဲ့သည်။
သူက ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပေရာချီ ဝေးကွာသော ဟင်းလင်းပြင်တွင် ရပ်နေသည့် ကျန်းချန် ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
“ဝုန်း..”
ထိုလက်သီးချက်ကြောင့် ဟင်းလင်းပြင်ရှိ အင်မော်တယ် အဆီအနှစ်များသည် ပွတ်တိုက်မိသွားခဲ့ပြီး အဆုံးသတ်တွင် လုံးဝ လောင်ကျွမ်းသွားကာ မီးပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အဝေးမှကြည့်လျှင် မီးပင်လယ်ထဲကနေ မီးနဂါးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီး အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်နေသည့်အလား ထင်မှတ်ရ၏။
“တန်မိုရှီက တကယ်ပဲ တိုက်ခိုက်လိုက်တာလား”
ဟင်းလင်းပြင်ထဲမှ မြင်ကွင်းကို မြင်လိုက်ရလျှင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို မည်သူမည်ဝါဖြစ်မှန်း သိထားသူအချို့၏ မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
တန်မိုရှီသည် ယခင်က ပေဟန်ပြည်နယ်တွင် အလွန်တရာကျော်ကြားခဲ့သူ ဖြစ်ပြီး သူ၏ အထွတ်အထိပ် ကာလတွင် ရွှေအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကာ တလော့အင်မော်တယ် အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်ဟု ဆိုကြ၏။
နောက်ပိုင်းတွင် တန်မိုရှီသည် ပေဟန်ပြည်နယ်ကနေ ပျောက်ကွယ်သွားခဲ့ပြီး ပြန်လည် ပေါ်ပေါက်လာသောအခါတွင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် အလွန်အမင်း ကျဆင်းသွားခဲ့သည်။
နောက်ပိုင်းတွင် တန်မိုရှီသည် ယွီလော့အင်မော်တယ် မြို့တော်မှ ယွီမိသားစု ထံသို့ ဝင်ရောက်သွားခဲ့ပြီး ယခုအခါတွင် ယွီရီရှန်း နံဘေးရှိ အစေခံတစ်ဦး ဖြစ်လာခဲ့သည်။
သို့သော်လည်း ရွှေအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ဖူးသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့် အလျောက် ကျင့်ကြံခြင်းအဆင့် အကြီးအကျယ် ကျဆင်းသွားခဲ့လျှင်ပင် ပိန်သွားသော ကုလားအုပ်သည် မြင်းထက် ကြီးမားနေဆဲပင်။
လက်ရှိအချိန်တွင် တန်မိုရှီသည် ရွှေအင်မော်တယ် ပထမအဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန်ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူများထက်ပင် များစွာ သာလွန်နေခဲ့သည်။
ထိုကောင်လေးက မည်မျှပင် ပါရမီရှိနေပါစေ၊ ဤကဲ့သို့ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဆိုရလျှင် ထိုကောင်လေးကို အကူအညီပေးမည့်သူ မရှိလျှင် ယနေ့တွင် ထိုကောင်လေးသည် အသက်အန္တရာယ် ရှိနေခဲ့ချေပြီ။
“အပြာရောင်ဧကရာဇ် ဓားသိုင်း”
တန်မိုရှီ၏ လက်သီးချက်ကို ရင်ဆိုင်ရန်အတွက် ကျန်းချန်သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ အပြာရောင်ဧကရာဇ် ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားခဲ့ပြီး ဟင်းလင်းပြင်များက အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သည်။
ကျန်းချန်၏ အပြာရောင်ဧကရာဇ်ဓားကွက်က အစွမ်းထက်သော်လည်း ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ ဖြစ်သည့် တန်မိုရှီ၏ ရှေ့တွင်မူ မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။
အပြာရောင်ဧကရာဇ်ဓားကွက်သည် တန်မိုရှိ၏ လက်သီးချက်နှင့် တစ်ခဏမျှ အားပြိုင်နေခဲ့ပြီးနောက် လုံးဝကို ချေမှုန်းခံလိုက်ရ၏။
“နတ်ခန္ဓာပုံရိပ်”
ကျန်းချန်က နောက်သို့ ဆုတ်ခွာရင်း နတ်ခန္ဓာပုံရိပ် ဖြစ်သည့် ပျက်စီးခြင်းဓားကို ထုတ်ဖော်ကာ လက်သီးချက်ကို ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ဓားချီများနှင့် ပူပြင်းသော လက်သီးစွမ်းအား တို့သည် ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး ကြောက်မက်ဖွယ် အဖျက်စွမ်းအင်မုန်တိုင်းများ ထွက်ပေါ်လာခဲ့သည်။
ထိုခဏဝယ် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေထောင်ချီ အကွာအဝေးသို့ လွင့်စင်သွားခဲ့သည်။
သူက ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ် အတွင်း၌ ဗြောင်းဆန်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်ထားသည့်တိုင် အဆုံးသတ်တွင် သူ၏ လည်ချောင်းထဲ၌ ချိုမြိန်သော အရသာကို ခံစားလိုက်ရပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
“ဒါက ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူရဲ့ စွမ်းအားလား.. တကယ်ကို အစွမ်းထက်တာပဲ”
နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာအမူအရာက အလွန်တရာ လေးနက်သွားခဲ့သည်။
သူ့ရှေ့မှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူသည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ဟွမ်ထျန်းဟွာထက် အဆပေါင်း များစွာ ပို၍ အစွမ်းထက်၏။
သူ့အနေဖြင့် အစွမ်းကုန် တိုက်ခိုက်လျှင်ပင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ပြိုင်ဘက် မဖြစ်နိုင်သည်မှာ သေချာသလောက်ပင်။
“ကောင်လေး.. ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံမှုနဲ့ ငါ့ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်တာကိုပဲ မင်းကိုယ်မင်း ဂုဏ်ယူသင့်နေပြီ.. အပင်ပန်းခံမနေဘဲ လိမ်လိမ်မာမာ အဖမ်းခံလိုက်ပါ”
တန်မိုရှီ၏ မျက်ဝန်းများက အေးစက်နေခဲ့ပြီး သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကျန်းချန်ကို ထပ်မံ ဖမ်းဆီးရန် ကြိုးစားလိုက်သည်။
ထိုကောင်လေးသည် ပါရမီ ထူးခြားလွန်းပြီး ကြောက်မက်ဖွယ် အစွမ်းထက်သူလည်း ဖြစ်သည်။
ယင်းကဲ့သို့ လူမျိုးကို ရန်သူအဖြစ် ရွေးချယ်မိပြီဆိုလျှင် နောင်တစ်ချိန် ပြဿနာ မတက်အောင် အမြစ်ပြတ် သုတ်သင်ပစ်ရလိမ့်မည် မဟုတ်ပါလား။
တစ်ချိန်ကလည်း သူပေါ့ဆမိခဲ့၍ သူ၏ ပြိုင်ဘက်ကို ကြီးထွားလာခွင့် ပေးခဲ့မိပြီး ယခုလို အခြေအနေမျိုးအထိ ရောက်ခဲ့ရခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ သူက ယခင်လို အမှားမျိုး ထပ်မံကျူးလွန်တော့မည် မဟုတ်ပေ။
တန်မိုရှီ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာသည်ကိုမြင်လျှင် ကျန်းချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။
တန်မိုရှီက အရမ်း အစွမ်းထက်နေသည့် အတွက် သူ့အနေဖြင့် မည်သို့မျှ ယှဥ်နိုင်မည် မဟုတ်ပေ။
ယခု သူလုပ်ဆောင်နိုင်သည်မှာ အမည်မဲ့အင်မော်တယ်နန်းတော်မှ တံဆိပ်ပြားကို ထုတ်ပြပြီး ထိုအဘိုးကြီးကို ခြောက်လှန့်ရုံသာ ရှိတော့သည်။
အခန်း(၂၇၆၂)ပြီး၏။