← Chapters

အခန်း (၂၇၆၃-၂၇၆၄)

Vol. 217 Ch. 2763-2764

အခန်း (၂၇၆၃-၂၇၆၄)

Vol. 217 Ch. 2763-2764

အခန်း(၂၇၆၃)

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အမည်မဲ့အင်မော်တယ်နန်းတော်၏ တံဆိပ်ပြားကို ထုတ်သုံးရန် ပြင်လိုက်စဥ်မှာပင် ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် သိမ်မွေ့သော ဟင်းလင်းပြင် လှိုင်းဂယက်များ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို ဖမ်းချုပ်ရန် ဦးတည်လာသည့် တန်မိုရှီ၏ စွမ်းအားများသည် အကြောင်းပြချက် မရှိဘဲ ဟင်းလင်းပြင်ထဲတွင် တစ်ခါတည်း ပျောက်ကွယ်သွားခဲ့၏။

တစ်ခဏအတွင်းမှာပင် တန်မိုရှီက တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး မျက်နှာအမူအရာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့ကာ ဟင်းလင်းပြင်ကို လှမ်းကြည့်လိုက်သည်။

“တန်မိုရှီ.. မင်းက ရွှေအင်မော်တယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်ခဲ့ဖူးပြီးတော့ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ပဲ ရှိသေးတဲ့ မျိုးဆက်သစ်လေး တစ်ယောက်ကို အခုလို တိုက်ခိုက်တာ မင်းမရှက်ဘူးလား”

ထိုအချိန်တွင် ဟင်းလင်းပြင်ထဲကနေ အဘိုးအို တစ်ဦး၏ တန်မိုရှီကို အပြစ်တင်လိုက်သော လေသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် သာမန် ဝတ်စုံဝတ်ကို ဝတ်ဆင်ထားသော ဆံဖြူအဘိုးအို တစ်ဦးသည် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် ပေါ်ထွက်လာသော ဆံဖြူအဘိုးအိုကို မြင်လျှင် ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့၏။

ထိုဆံဖြူ အဘိုးအိုမှာ စျေးထဲတွင် သူ့ကို ရှေးဟောင်းစာအုပ်ရောင်းချခဲ့သည့် အဘိုးအိုမှ လွဲ၍ အခြားသူ မဟုတ်ပေ။

“စီနီယာ”

တန်မိုရှီ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ဆံဖြူအဘိုးအိုကို ရိုသေစွာဖြင့် ဦးညွှတ် ဂါဝရပြုလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ရတနာများပိုင်ရှင် အဘိုးအို သော်ပေါင်သည် အင်မော်တယ်နယ်မြေများတွင် လှည့်လည်သွားလာလေ့ ရှိပြီး မျိုးဆက်သစ်များကို ရတနာများ ပေးလေ့ ရှိသော်လည်း မည်သည့်အငြင်းပွားမှုတွင်မှ ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။

ဤကဲ့သို့ အချိန်တွင် အဘိုးအိုသော်ပေါင်က ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု တန်မိုရှီ တစ်ခါမှ မတွေးခဲ့ဖူးချေ။

ဆိုရလျှင် ထိုပုဂ္ဂိုလ်သည် အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်၏။

ယွီမိသားစုကဲ့သို့ မိသားစုပင်လျှင် ထိုသူ၏ မျက်ဝန်းထဲ၌ ပုရွက်ဆိတ်နှင့် မခြားပေ။

အဘိုးအိုသော်ပေါင်က တန်မိုရှီကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“ငါ ပေးလိုက်တဲ့ အခွင့်အရေးကို အတင်းအကျပ် လုယူဖို့ ကြိုးစားနေတယ် ဆိုတော့ မင်းက ငါ့ကို ဂရုမစိုက်တာလား”

“စီနီယာ စိတ်လျှော့ပါ”

တန်မိုရှီက ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် အဘိုးအိုသော်ပေါင်၏ ရှေ့တွင် အလျင်အမြန် ဒူးထောက်လိုက်သည်။

သူ့ရှေ့မှလူသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ပင်လျှင် တရိုတသေ ဆက်ဆံရသူ ဖြစ်သည်။

အကယ်၍ သူသာ အဘိုးအိုသော်ပေါင်ကို အမျက်ထွက်အောင် လုပ်မိလျှင် ယွီမိသားစု တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရမည်ကို သူစိုးရိမ်နေမိ၏။

အဘိုးအိုသော်ပေါင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“ထွက်သွားစမ်း.. ငါဒီကောင်လေးဆီ ပေးထားတဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး နောက်ထပ် လုယူဖို့ မစဥ်းစားနဲ့တော့.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

“ဟုတ်ကဲ့ပါ စီနီယာ”

တန်မိုရှီက ဤနေရာတွင် မနေရဲတော့ဘဲ ယွီရီရှန်းကို ခေါ်ဆောင်ကာ ခဲမှန်သွားသော လေလွင့်‌ခွေး ကဲ့သို့ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။

“တန်မိုရှီတောင် အမြီးကုပ်ပြီး ထွက်ပြေးရတယ် ဆိုတော့ ဒီအဘိုးကြီးက ဘယ်သူများလဲ”

ဟင်းလင်းပြင်ထဲမှ မြင်ကွင်းကိုမြင်လျှင် လူအများအပြားသည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်မိလိုက်ကြသည်။

တန်မိုရှီသည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက တလော့အင်အားစု ဖြစ်သည့် ယွီမျိုးနွယ်စုမှ လူလည်း ဖြစ်သည်။

သာမန် တလော့အင်မော်တယ် တစ်ဦးပင်လျှင် တန်မိုရှီကို ဤမျှလောက် အထိ ကြောက်လန့်သွားအောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ.. စီနီယာရဲ့ နာမည်ကို သိခွင့်ရှိမလား”

တန်မိုရှီက အလွန်အမင်း ထိတ်လန့်ကာ ထွက်ပြေးသွားသည်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ စူးစမ်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ငါအဘိုးကြီးရဲ့ နာမည်က သော်ပေါင်ပါ”

အဘိုးအိုသော်ပေါင်က ကျန်းချန်ကို ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဧကရာဇ်ရှချင်း မျက်စိကျခဲ့တဲ့သူက စိတ်ပျက်စရာမကောင်းဘူးပဲ.. ကဲလူလေး နောင်တစ်ချိန် ငါတို့ ပြန်တွေ့ကြတာပေါ့.. နောင်တစ်ချိန် ပြန်တွေ့ကြရင် မင်းက အင်မော်တယ်လောကရဲ့ ထိပ်ဆုံးမှာ ရပ်နေတာကို ငါ မြင်ချင်တယ်”

ထိုစကားကို ပြောပြီးနောက်တွင် အဘိုးအိုသည် ကျန်းချန်ကို စကားပြောခွင့်ပင် မပေးတော့ဘဲ တစ်ခဏအတွင်း အစအနပင် မကျန်ရှိအောင် ပျောက်ကွယ်သွားခဲ့သည်။

“အဘိုးအိုသော်ပေါင်လား”

ကျန်းချန်က ထိုအမည်ကိုကြားလိုက်ရချိန်တွင် မည်သို့မျှ မခံစားရသော်လည်း ပတ်ဝန်းကျင်တွင် ကြည့်ရှုနေသော လူအုပ်ကြီးထံကနေ ရုတ်တရက် တအံ့တဩ ရေရွတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ခုနက အဘိုးကြီးက ရတနာများပိုင်ရှင် အဘိုးအိုသော်ပေါင် ဖြစ်နေတာလား”

ထိုနာမည်ကို မကြားဖူးသော သူများက အလျင်အမြန်ပင် မေးမြန်းလိုက်ကြသည်။

“ဘာလို့လဲ ဒီအဘိုးအိုသော်ပေါင် ဆိုတဲ့လူက အရမ်းနာမည်ကြီးလို့လား”

“နာမည်ကြီးရုံတင် ဘယ်ကမလဲ.. အဘိုးအိုသော်ပေါင်က အင်မော်တယ်လောကရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးပဲ.. အဘိုးအိုသော်ပေါင်က အင်မော်တယ်လောကရဲ့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး အင်မော်တယ်ဘုရင်တွေကတောင် သူ့ကို ရိုသေကြရတယ်.. အဘိုးအိုသော်ပေါင်က အင်မော်တယ်နယ်မြေတွေကို အမြဲတစေ လှည့်လည်သွားလာနေတတ်တယ်.. သူထွက်ပေါ်လာတိုင်းမှာ အင်မော်တယ်နယ်မြေက ပြိုင်ဘက်ကင်းပါရမီရှင် တချို့ကို ရတနာတွေ ပေးကမ်းလေ့ရှိတယ်.. သူ့ဆီမှာ မရေမတွက်နိုင်တဲ့ ပြိုင်ဘက်ကင်း အင်မော်တယ် ရတနာတွေ ရှိနေတဲ့ အတွက် သူ့ကို ရတနာများပိုင်ရှင် အဘိုးအိုသော်ပေါင်လို့ ခေါ်ကြတယ်”

အဘိုးအိုသော်ပေါင် အကြောင်းကို သိထားသော ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦးက ရှင်းပြလိုက်သည်။

“ဒီနေ့ ထျန်းယန်အင်မော်တယ်မြို့မှာ အဘိုးအိုသော်ပေါင်ကို မြင်တွေ့ခွင့်ရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

“အဘိုးအိုသော်ပေါင် ဒီတစ်ခေါက် ထျန်းယန်အင်မော်တယ်မြို့တော်မှာ ပေါ်လာတာက ပါရမီရှင်တစ်ယောက်ကို ပြိုင်ဘက်ကင်းရတနာ ပေးကမ်းဖို့ပဲ ဖြစ်ရမယ်.. အဲဒီပါရမီရှင်က ဟင်းလင်းပြင်ထဲက ဟိုကောင်လေးပဲ ဖြစ်လိမ့်မယ်.. အဘိုးအိုသော်ပေါင်ရဲ့ ပြောစကားအရဆိုရင် ယွီရီရှန်းက အဲဒီကောင်လေးဆီက ရတနာကို လုယူချင်နေတာပဲ”

“လခွမ်း.. အဘိုးအိုသော်ပေါင် ပေးသနားတဲ့ ရတနာ ဆိုမှတော့ အင်မော်တယ်လောကမှာ အရမ်းရှားပါးတဲ့ ရတနာဖြစ်မှာ သေချာသလောက်ပဲ”

“ဟေ့လူတွေ မင်းတို့ စိတ်ထဲက မကောင်းတဲ့အကြံတွေကို ချက်ချင်း မေ့ပစ်လိုက်ဖို့ ငါ အကြံပေးချင်တယ်.. မဟုတ်ရင် မင်းတို့ ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး.. ဒီလောကမှာ ငါတို့လို လူတွေ မပိုင်ဆိုင်နိုင်တဲ့ အရာတွေ ရှိတယ် ဆိုတာ မမေ့နဲ့”

“...........”

ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို ကြားလိုက်ရလျှင် ဟင်းလင်းပြင်ထဲတွင် ရှိနေသော ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

စာအုပ်ရောင်းပေးလိုက်သည့် အဘိုးအို၏ နောက်ခံက ဤမျှအထိ ကြီးကျယ်လိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

“အဘိုးအိုသော်ပေါင်လား.. စိတ်ဝင်စားစရာပဲ”

ကျန်းချန်က အံ့ဩနေစဥ်မှာပင် အင်မော်တယ်ကျောက်တိုင်ထံမှ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က စိတ်လှုပ်ရှားကာ အင်မော်တယ်ကျောက်တိုင်ကို မေးလိုက်သည်။

“စီနီယာက အဘိုးအိုသော်ပေါင်ကို သိလို့လား”

“ငါသော်ပေါင်ကိုတော့ မသိဘူး.. ဒါပေမဲ့ သူ့ကို ကြည့်ရင်း ရှေးခေတ်ကာလက လူတစ်ယောက်ကိုတော့ သွားသတိရမိတယ်.. ရှေးခေတ်ကာလတုန်းက အင်မော်တယ်လောကမှာ အင်မော်တယ်ဧကရာဇ်တစ်ပါး ရှိခဲ့ဖူးတယ် သူက အင်မော်တယ်ဧကရာဇ်တွေထဲမှာ သိပ်အစွမ်းမထက်ပေမဲ့ သူ့လက်ထဲမှာရှိတဲ့ ရတနာတွေကိုတော့ ဘယ်သူမှ မယှဥ်နိုင်ခဲ့ဘူး"

"တစ်ခါကဆိုရင် တိုက်ပွဲတစ်ပွဲမှာ အဲဒီ အင်မော်တယ်ဧကရာဇ်က ဧကရာဇ်အဆင့် အင်မော်တယ်လက်နက် ဆယ့်သုံးခုကို တစ်ခုပြီးတစ်ခု ဖောက်ခွဲပစ်ပြီး အင်မော်တယ်ဧကရာဇ် တစ်ပါးကိုတောင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိအောင် လုပ်ခဲ့ဖူးတယ်.. ဒီသော်ပေါင် ဆိုတဲ့လူက အဲဒီလူကို သွားသတိရစေတာတော့အမှန်ပဲ”

အင်မော်တယ်ကျောက်တိုင်က ကျန်းချန်ကို ရှင်းပြလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်က ရုတ်တရက် အံ့ဩထိတ်လန့်သွားခဲ့ပြီး အင်မော်တယ်ကျောက်တိုင်ကို မေးလိုက်သည်။

“စီနီယာက အဘိုးအိုသော်ပေါင်ကို ရှေးခေတ်ကာလက အင်မော်တယ်ဧကရာဇ် ဖြစ်နိုင်တယ်လို့ ဆိုလိုချင်တာလား”

“အဲဒီသဘောတော့ မဟုတ်ဘူး.. ရှေးခေတ်ကာလက အင်မော်တယ်ကပ်ဘေးပြီးတဲ့နောက်မှာ အင်မော်တယ်ဧကရာဇ်တွေ အင်မော်တယ်လောကမှာ မရှိတော့ဘူးလေ”

ထိုစကားကို ပြောပြီးနောက်တွင် အင်မော်တယ်ကျောက်တိုင်၏ လေသံက အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

“ကဲပါ.. တချို့ကိစ္စတွေကို အခုအချိန် မင်းသိနေရင်လည်း မင်းအတွက် ဘာမှ ကောင်းတာမရှိဘူး.. မင်းရဲ့ စွမ်းရည်တွေကိုပဲ မြှင့်တင်နိုင်အောင် ကြိုးစားပါ.. အချိန်တန်ရင် မင်းဘာသာမင်း သိလာပါလိမ့်မယ်”

အင်မော်တယ်ကျောက်တိုင်၏ စကားကြောင့် ကျန်းချန်ကခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတောတော့ပေ။

သူက ယခုအချိန်တွင် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သာ ရှိနေသေးပြီး အချို့သော ကိစ္စများသည် သူဝင်ရောက် စွက်ဖက်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်မှာ အမှန်တရားပင်။

ကျန်းချန်၏ ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားခဲ့ပြီး တည်းခိုခန်းရှိ သူ၏ အခန်းသို့ ပြန်ရောက်လာခဲ့သည်။

အဘိုးအိုသော်ပေါင် ထွက်ပေါ်လာမှုကြောင့် ထျန်းယန်အင်မော်တယ်မြို့တော်ရှိ မည်သူကမျှ သူ့ကို ထပ်မံ တိုက်ခိုက်ဝံ့တော့မည် မဟုတ်ပေ။

ယခု သူလုပ်ဆောင်ရမည်မှာ သုံးရက်အကြာတွင် ဖွင့်လှစ်မည့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို စောင့်ဆိုင်းရန်သာ ဖြစ်ပြီး ထိုအစီအရင်မှ တစ်ဆင့် ကျိလင်အင်မော်တယ်မြို့တော်သို့ သွားကာ အမည်မဲ့ အင်မော်တယ်နန်းတော်ရှိ အမည်မဲ့အင်မော်တယ် ညီလာခံသို့ သွားရောက် ယှဥ်ပြိုင်ရန်သာ ရှိတော့သည်။

ကျန်းချန်က တည်းခိုခန်းတွင် ကောင်းကင်ဧကရာဇ်စည်းတံဆိပ်ကို လေ့လားဆည်းပူးရင်း တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့၏။

သို့ဖြင့်ပင် သုံးရက် ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ယနေ့တွင်မူ ကျန်းချန်သည် ချူလင်းယွင်ကို ခေါ်ဆောင်ကာ ထျန်းယန်အင်မော်တယ် မြို့တော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။

အင်မော်တယ်ကျောက်တုံး နှစ်ဆယ်ကို ပို့ဆောင်ခအဖြစ် ပေးဆောင်ပြီးနောက်တွင် ကျန်းချန်နှင့် ချူလင်းယွင် တို့သည် ကျိလင်အင်မော်တယ် မြို့တော်သို့ ဦးတည်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ ခြေလှမ်းလိုက်၏။

အခန်း(၂၇၆၃)ပြီး၏။

အခန်း(၂၇၆၄)

အမည်မဲ့အင်မော်တယ်နန်းတော်၏ ပင်မနန်းတော်သည် ပေဟန်ပြည်နယ်၏ အရှေ့ဘက်အခြမ်းတွင် တည်ရှိသည်။

ကျန်းချန်တို့ နှစ်ယောက်က ထျန်းယန်အင်မော်တယ်မြို့တော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် ပေဟန်ပြည်နယ် အရှေ့ဘက်ရှိ ကျိလင်မြို့တော် ဆီသို့ ရောက်ရှိလာခဲ့ကြသော်လည်း အမည်မဲ့အင်မော်တယ်နန်းတော်၏ ပင်မနန်းတော်နှင့် အလွန် ဝေးကွာနေသေး၏။

ယေဘုယျအားဖြင့် တလော့အဆင့် အင်အားစုရှိသည့် အင်မော်တယ်မြို့တော်များတွင်သာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်နိုင်သည်။

ကျိလင်အင်မော်တယ်မြို့တော်သည် ကျန်းချန်တို့ တည်နေရာရွှေ့ပြောင်းခြင်း လုပ်ဆောင်နိုင်သည့် အနီးဆုံး အင်မော်တယ်မြို့တော် ဖြစ်၏။

ကျိလင်အင်မော်တယ် မြို့တော်သို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် မြို့တော်တွင် အချိန်အကြာကြီး နေထိုင်ရန် အစီအစဥ် မရှိဘဲ အမည်မဲ့အင်မော်တယ်နန်းတော်၏ ပင်မနန်းတော်သို့ တိုက်ရိုက် သွားရောက်ရန်သာ ရည်ရွယ်ထားခဲ့သည်။

“အစ်ကိုလေးကျန်းချန်.. ကျွန်မ အစ်ကိုလေးနဲ့အတူ အမည်မဲ့အင်မော်တယ် နန်းတော်ဆီ မလိုက်တော့ဘူး.. ကျိလင်အင်မော်တယ်မြို့တော်မှာရှိတဲ့ ကျိလင်အင်မော်တယ်နန်းတော်က ကျွန်မအတွက် ပိုပြီး သင့်တော်တယ်.. ကျွန်မ ကျိလင်အင်မော်တယ် နန်းတော်ထဲကို ဝင်ဖို့ စီစဥ်ထားတယ်”

ထိုအချိန်တွင် ချူလင်းယွင်က ရုတ်တရက် ကျန်းချန်ကို ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့ပြီး ချူလင်းယွင်ကို မေးလိုက်၏။

“မိန်းကလေးချူက ကျိလင်အင်မော်တယ်မြို့တော်မှာ နေခဲ့ချင်တာလား”

ချူလင်းယွင်က ခေါင်းညိတ်လိုက်သည်။

“အခုအချိန်မှာ ကျွန်မရဲ့ စွမ်းရည်က အရမ်းကို နိမ့်ကျနေသေးတယ်.. အစ်ကိုလေးရဲ့‌ဘေးမှာ ကျွန်မ ရှိနေခဲ့ရင် အစ်ကိုလေးအတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေလိမ့်မယ်.. ဒါကြောင့် ကျွန်မရဲ့စွမ်းရည်တွေကို မြှင့်တင်ဖို့ ကျိလင်အင်မော်တယ်မြို့တော်မှာပဲ နေခဲ့ဖို့ ဆုံးဖြတ်လိုက်တာပါ”

ကျန်းချန် အနည်းငယ် စဥ်းစားလိုက်၏။

ချူလင်းယွင်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက်ကို နိုးထစေနိုင်ခဲ့သူ ဖြစ်ပြီး ပါရမီ ထူးချွန်သူလည်း ဖြစ်သည်။

သူမကို သူ့အနား ခေါ်ထား၍လည်း သူ့အနေဖြင့် သင်ကြားပေးစရာ ဘာမျှမရှိပေ။

ကျိလင်အင်မော်တယ်မြို့တော်ရှိ ကျိလင်အင်မော်တယ်နန်းတော်သည် ပေဟန်ပြည်နယ်၏ နာမည်ကျော်ကြားသော တလော့အဆင့် အင်အားစု ဖြစ်ရုံသာမက ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင် လေ့လာလိုက်စားသော လမ်းစဥ်နှင့် ဆင်တူမှု ရှိသည်။

ထို့ကြောင့် ကျိလင်အင်မော်တယ်နန်းတော်ထဲ ဝင်ရောက်ရန် ရွေးချယ်ခြင်းသည် ချူလင်းယွင်အတွက် ကောင်းမွန်သောရွေးချယ်မှုတစ်ခုပင်။

“မိန်းကလေးချူက နေခဲ့ဖို့ ဆုံးဖြတ်ခဲ့ပြီးပြီ ဆိုမှတော့ ကျိလင်အင်‌မော်တယ်နန်းတော် အထိ ငါလိုက်ပို့ပေးမယ်”

ကျန်းချန်က စကားများစွာ ပြောမနေတော့ဘဲ ချူလင်းယွင်ကို ကျိလင်အင်မော်တယ်နန်းတော် ဆီသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့သည်။

မကြာမီမှာပင် ကျန်းချန်တို့နှစ်ယောက်သည် ကျိလင်အင်မော်တယ်နန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။

“မင်းတို့က ဘယ်သူတွေလဲ”

ကျိလင်အင်မော်တယ်နန်းတော်၏ တံခါးဝမှ တပည့်တစ်ဦးသည် ဟင်းလင်းပြင်ကနေ ဆင်းသက်လာသော ကျန်းချန်တို့နှစ်ဦးကို မြင်လျှင် ကျယ်လောင်စွာ မေးလိုက်၏။

ကျန်းချန်က လက်နှစ်ဖက်ဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

“ငါ့နာမည်က ကျန်းချန်ပါ.. ငါ့ရဲ့ ညီမလေးက ကျင့်ကြံဖို့အတွက် ကျိလင်အင်မော်တယ်နန်းတော်ထဲ ဝင်ရောက်ချင်လို့ပါ”

“ကျိလင်အင်မော်တယ်နန်းတော်ရဲ့ တပည့်အသစ် ခေါ်ယူပွဲက ပြီးဆုံးသွားခဲ့ပြီ.. မင်းညီမလေးကို နောက်နှစ်မှပဲ ပြန်ခေါ်လာခဲ့တော့”

ကျိလင်အင်မော်တယ်နန်းတော်မှ တပည့်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကျန်းချန်တို့ နှစ်ယောက်ကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။

ကျန်းချန်က ပြုံး၍ ပြောလိုက်၏။

“ကျွန်တော်တို့က အဝေးကြီးကနေ လာရတဲ့အတွက် လမ်းခရီးမှာ အချိန်အနည်းငယ် ကြန့်ကြာသွားလို့ပါ.. အဆင်ပြေအောင် လုပ်ပေးလို့မရဘူးလား”

“ဒီနှစ်အတွက် တပည့်သစ် ခေါ်ယူပွဲက ပြီးဆုံးသွားပြီလို့ ငါ ပြောနေတယ်လေ.. မင်း လူစကား နားမလည်ဘူးလား”

ကျိလင်အင်မော်တယ် နန်းတော်မှ တပည့်က စိတ်မရှည်သော လေသံဖြင့် အော်ဟစ်လိုက်သည်။

“မင်းတို့ အခုချက်ချင်း မထွက်သွားဘူး ဆိုရင်တော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် လေးနက်သွားခဲ့သည်။

“တပည့်သစ်ခေါ်ယူပွဲ ဆိုတာက ကျိလင်အင်မော်တယ်နန်းတော်က တပည့်သစ်တွေ စုဆောင်းတဲ့ နည်းလမ်း တစ်ခုပါပဲ.. တပည့်သစ် ခေါ်ယူပွဲ ပြီးသွားခဲ့ရင်တောင် ကျိလင်အင်မော်တယ်နန်းတော် အနေနဲ့ တပည့်အသစ်တွေကို ဆက်ပြီး ခေါ်ယူနေတာပဲ မဟုတ်လား”

“တပည့်သစ် ခေါ်ယူပွဲ အပြင် ငါတို့ ကျိလင်အင်မော်တယ်နန်းတော်က တစ်နှစ်ပတ်လုံး တပည့်တွေကို ခေါ်ယူနေတာတော့ အမှန်ပဲ.. ဒါပေမဲ့ အများစုကတော့ တပည့်သစ် ခေါ်ယူပွဲကနေပဲ ကျိလင်အင်မော်တယ်နန်းတော် ထဲကို ဝင်ရောက်ကျင့်ကြံခွင့် ရကြတယ်”

ထိုစကားကို ပြောပြီးနောက် ကျိလင်အင်မော်တယ်နန်းတော်မှ တပည့်သည် ခရမ်းရောင်အင်မော်တယ် ကျောက်တုံးတစ်တုံးကို ညွှန်ပြ၍ ကျန်းချန်တို့ နှစ်ယောက်ကို အထင်အမြင်သေးသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဒီအင်မော်တယ်ကျောက်တုံးကို တွေ့လား မင်းတို့သာ ဒီကျောက်တုံးပေါ်မှာ တစ်ခုခု အမှတ်အသား ကျန်ရစ်အောင်လုပ်နိုင်မယ်ဆိုရင် ကျိလင်အင်မော်တယ်နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်ဖို့ အရည်အချင်းပြည့်မီသွားပြီ”

ကျန်းချန်က အင်မော်တယ်ကျောက်တုံးကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“အဲလောက်အထိ ရိုးရှင်းလား”

“ရိုးရှင်းတယ် ဟုတ်လား”

ကျိလင်အင်မော်တယ်နန်းတော်မှ တပည့်က လှောင်ပြုံး ပြုံးလိုက်သည်။

“နှစ်စဥ်နှစ်တိုင်း ငါတို့ ကျိလင်အင်မော်တယ်နန်းတော်က တပည့်သစ် ခေါ်ယူပွဲကနေ တပည့်ပေါင်း ထောင်ချီ ခေါ်ယူလေ့ရှိပေမဲ့ ဒီအင်မော်တယ်ကျောက်တုံးပေါ်မှာ အမှတ်အသားကျန်ရစ်အောင် လုပ်နိုင်တဲ့သူက ဆယ်ယောက်ထက် ဘယ်တော့မှ မပိုခဲ့ဘူး.. မင်းက ဒါကို ရိုးရှင်းတယ်လို့ ထင်နေတုန်းပဲလား”

ဤအင်မော်တယ်ကျောက်တုံး ပေါ်တွင် အမှတ်အသား ကျန်ရစ်အောင် လုပ်ဆောင်နိုင်သူများသည် ပါရမီရှင်များ ဖြစ်သည်ဟု ဆို၍ရ၏။

ထိုသို့လုပ်ဆောင်နိုင်လျှင် ကျိလင်အင်မော်တယ်နန်းတော်သို့ တိုက်ရိုက် ဝင်ရောက်ခွင့် ရရှိပြီး ကျိလင်အင်မော်တယ်နန်းတော်၏ အလေးထား သင်ပြပေးမှုကို ရရှိမည် ဖြစ်သလို အကြီးအကဲ တစ်ဦးဦး၏ တိုက်ရိုက်တပည့် အဖြစ်ပင် ရွေးချယ်ခြင်း ခံရနိုင်သည်။

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ အင်မော်တယ်ကျောက်တုံး အနားသို့ လျှောက်သွားလိုက်ကာ လက်ညှိုးကို ဓားကဲ့သို့ အသုံးပြု၍ ကျောက်တုံးကို လက်ညှိုးဖြင့် ထိုးလိုက်သည်။

“ဝုန်း..”

ကျယ်လောင်သောအသံနှင့် အတူ အင်မော်တယ်ကျောက်တုံးသည် ကျန်းချန်၏ လက်ညှိုးကြောင့် အပေါက်တစ်ခု ဖြစ်သွားခဲ့၏။

“မင်း..”

ကျိလင်အင်မော်တယ်နန်းတော်မှ တပည့်သည် မျက်လုံးများ ပြုူးကျယ်သွားခဲ့ပြီး ကျန်းချန်ကို မှင်တက်စွာ ကြည့်နေခဲ့ကာ တစ်ခဏမျှ သတိပြန်မဝင်လာဘဲ ဖြစ်နေခဲ့သည်။

ကျိလင်အင်မော်တယ်နန်းတော်သည် ဤအင်မော်တယ်ကျောက်တုံးကို အထူးပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ထိုကျောက်တုံးသည် အဓိကအားဖြင့် ပါရမီစွမ်းရည်ကို စမ်းသပ်ခြင်း ဖြစ်၏။

စွမ်းအားကောင်းရုံသက်သက်ဖြင့် ကျောက်တုံးပေါ်တွင် အမှတ်အသား ကျန်ရစ်စေနိုင်မည် မဟုတ်ပေ။

လွန်ခဲ့သောနှစ်များ အတွင်း ကျိလင်အင်မော်တယ်နန်းတော်မှ တပည့်များ၏ ဆယ်ပုံတစ်ပုံအောက်သာလျှင် အင်မော်တယ်ကျောက်တုံး ပေါ်၌ အမှတ်အသား ကျန်ရစ်အောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

ယင်းအပြင် ထိုသို့ အမှတ်အသား ကျန်ရစ်အောင် လုပ်ဆောင်နိုင်ခဲ့သည့် သူများထဲမှ အများစုသည် အင်မော်တယ်ကျောက်တုံး ပေါ်တွင် အမှတ်အသား ကျန်ရစ်စေရုံမျှသာ လုပ်ဆောင်နိုင်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အင်မော်တယ်ကျောက်တုံးပေါ်တွင် သုံးလက်မခန့် နက်သော အမှတ်အသား ကျန်ရစ်အောင် လုပ်ဆောင်နိုင်သူ တစ်ဦး ကျိလင်အင်မော်တယ်နန်းတော်တွင် ပေါ်ထွက်ခဲ့ပြီး ထိုသူကို ကျိလင်အင်မော်တယ်နန်းတော်သည် နှစ်ပေါင်းတစ်ထောင်မှ တစ်ကြိမ် ပေါ်ထွက်သည့် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး အဖြစ် သတ်မှတ်ခဲ့ကြသည်။

ယခု သူ့ရှေ့တွင် ရှိသော ကောင်လေးကမူ လက်ညှိုးတစ်ချောင်းတည်းဖြင့် အင်မော်တယ်ကျောက်တုံးကို အပေါက်ဖြစ်အောင် ဖောက်လိုက်၏။

ထိုကောင်လေးသည် မည်ကဲ့သို့သော မွန်းစတားမျိုး ဖြစ်နေပါသနည်း။

“သခင်လေး ခဏစောင့်ပါ.. ကျွန်တော် အကြီးအကဲဆီကို အခုချက်ချင်းသွားပြီး သတင်းပို့လိုက်ပါ့မယ်”

ကျိလင်အင်မော်တယ်နန်းတော်မှ တပည့်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီး သတင်းပို့ရန် အတွက် ကျိလင်အင်မော်တယ်နန်းတော် အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားခဲ့သည်။

မကြာမီမှာပင် ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ချောမောလှပသော လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် ကျိလင်အင်မော်တယ် နန်းတော် အတွင်းထဲကနေ ထွက်ပေါ်လာခဲ့သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသမီး၏ အရှိန်အဝါသည် အလွန်ပင် မြင့်မြတ်ပြီး နက်ရှိုင်းလွန်းသဖြင့် မည်သည့် အဆင့်ကို ရောက်ရှိနေမှန်း ခန့်မှန်း၍ မရနိုင်ချေ။

ဤအခိုက်အတန့်တွင် သူမ၏ အကြည့်သည် အင်မော်တယ်ကျောက်တုံး ဆီသို့ ရောက်ရှိသွားခဲ့ရာ သူမ၏ လှပသော မျက်ဝန်းလေးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ကျိလင်အင်မော်တယ် နန်းတော်မှ တပည့် သတင်းလာပို့စဥ်က သူမ အနေဖြင့် မယုံကြည်နိုင်ခဲ့ပေ။

တစ်စုံတစ်ယောက်က အင်မော်တယ်ကျောက်တုံးကို အမှန်တကယ်ပင် အပေါက်ဖောက်နိုင်လိမ့်မည်ဟု မထင်ခဲ့ချေ။

အမျိုးသမီးက အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူရှိုက်လိုက်ပြီးနောက်တွင် သူမ၏ အကြည့်သည် ကျန်းချန်တို့ နှစ်ယောက် ဆီသို့ ကျရောက်သွားခဲ့သည်။

“မင်းတို့နှစ်ယောက်ထဲက ဘယ်သူက ဒီအင်မော်တယ်ကျောက်တုံးကို အပေါက်ဖောက်လိုက်တာလဲ”

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“ကျွန်တော်ပါ”

ထိုစကားကို ကြားလျှင် လူလတ်ပိုင်းအရွယ် အမျိုးသမီး၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။

“ကောင်လေး.. ငါအရှင်မက ကျိလင်အင်မော်တယ် နန်းတော်က ကျိယွင်ကျီပဲ.. မင်း ငါ့ရဲ့ တပည့်လုပ်ဖို့ ဆန္ဒရှိရဲ့လား”

လူလတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီး၏ စကားကို ကြားလျှင် ကျန်းချန်၏ စိတ်နှလုံးက အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

အင်မော်တယ်လောကတွင် တလော့အင်မော်တယ်အဆင့်ကျင့်ကြံသူများသာ ကိုယ့်ကိုယ်ကိုယ် အရှင်ဟု သုံးနှုန်းလေ့ရှိကြသည်။

ဆိုရလျှင် သူ့ရှေ့တွင် ရှိနေသော လူလတ်ပိုင်းအရွယ် လှပသော အမျိုးသမီးသည် တလော့အင်မော်တယ်တစ်ဦး ဖြစ်နေခဲ့၏။

“စီနီယာ.. ကျွန်တော်ကတော့ ကျိလင်အင်မော်တယ်နန်းတော်ထဲဝင်ဖို့ ဆန္ဒမရှိပါဘူး.. ကျိလင်အင်မော်တယ်နန်းတော်ထဲ ဝင်ချင်တာက ကျွန်တော့်ရဲ့ ညီမလေး ချူလင်းယွင်ပါ.. သူက ကျွန်တော့်ထက် စီနီယာရဲ့တပည့်ဖြစ်ဖို့ ပိုပြီး သင့်တော်ပါတယ်”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီးနောက်တွင် တရိုတသေ ပြောလိုက်သည်။

အကယ်၍ ချူလင်းယွင်သာ တလော့အင်မော်တယ် တစ်ပါးကို ဆရာတင်ခွင့် ရရှိမည်ဆိုလျှင် ယင်းသည် သူမ အတွက် ကြီးမားသော အခွင့်အရေး တစ်ခု ဖြစ်လာမည်မှာ သေချာ၏။

ထိုအခိုက်အတန့်တွင် ကျိယွင်ကျီ၏ အကြည့်သည် ချူလင်းယွင်၏ ခန္ဓာကိုယ် ပေါ်သို့ ကျရောက်သွားခဲ့ပြီး သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ကောင်မလေး.. မင်းရဲ့ အစွမ်းရှိသမျှကို အသုံးပြုပြီး အင်မော်တယ်ကျောက်တုံးကို တိုက်ခိုက်ကြည့်ပါဦး”

“ဟုတ်ကဲ့”

ချူလင်းယွင်က ပြန်ဖြေလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ် အတွင်းမှ အင်မော်တယ်စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်လိုက်ကာ အင်‌မော်တယ်ကျောက်တုံး ဆီသို့ လက်ဝါးရိုက်ချက် တစ်ချက် ထုတ်ဖော်လိုက်သည်။

“ဖောက်”

ချူလင်းယွင်၏ လက်ဝါးရိုက်ချက်က အင်မော်တယ်ကျောက်တုံး ဆီသို့ ကျရောက်သွားပြီးနောက်တွင် ထင်သာမြင်သာ ရှိသော အက်ကြောင်းတစ်ခုသည် အင်မော်တယ်ကျောက်တုံးပေါ်တွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

အခန်း(၂၇၆၄)ပြီး၏။

All Chapters