← Chapters

အခန်း (၂၇၆၅-၂၇၆၆)

Vol. 217 Ch. 2765-2766

အခန်း (၂၇၆၅-၂၇၆၆)

Vol. 217 Ch. 2765-2766

အခန်း(၂၇၆၅)

အင်မော်တယ်ကျောက်တုံးပေါ်မှ အက်ကြောင်းများကို မြင်လိုက်ရလျှင် ကျိယွင်ကျီ၏ လှပသော မျက်လုံးလေးသည် အနည်းငယ် တောက်ပလာခဲ့သည်။

ထိုမိန်းကလေး၏ ပါရမီသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်ထက် များစွာ နိမ့်ကျလှသည်မဟုတ်ပေ။

ထို့အပြင် မိန်းကလေး၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံသည်လည်း သူမ၏ အမွေအနှစ်ကို ဆက်ခံရန် အလွန်ပင် သင့်တော်နေခဲ့သည်။

ရှင်းလင်းစွာ ဆိုရလျှင် သူမအတွက် ဤမိန်းကလေးသည် အမှန်တကယ်ပင် အလွန်တရာ ကောင်းမွန်‌သော တပည့်တစ်ဦးဖြစ်၏။

သူမက ချူလင်းယွင်ကို ပြုံးရွှင်သော မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်သည်။

“ကောင်မလေး.. မင်း ငါ့ကို ဆရာအဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိလား”

ထိုစကားကိုကြားလျှင် ချူလင်းယွင်သည် ကျန်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ကျန်းချန်က ခေါင်းညိတ်ပြသည်ကို မြင်သောအခါမှ ကျိယွင်ကျီကို အနည်းငယ် ခါးကိုင်းကာ ဂါဝရပြု၍ ပြောလိုက်သည်။

“တပည့်ချူလင်းယွင်က ဆရာ့ကို ဂါဝရပြုပါတယ်”

“လိမ္မာတဲ့ကလေးမ အမြန်ထပါ”

ကျိယွင်ကျီက ကျေနပ်အားရသော အမူအရာဖြင့် ချူလင်းယွင်ကို ထူမပေးလိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။

“ကောင်လေး.. မင်းရော ကျိလင်အင်မော်တယ်နန်းတော်မှာ နေဖို့ အစီအစဥ် မရှိဘူးလား”

သူမ ရှေ့မှ လူငယ်လေးသည် ပါရမီအလွန်တရာ ထူးချွန်ပြီး ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်တွင် ရှိနေခဲ့သည်။

မြောက်ပိုင်းအေးစက်သော နယ်မြေတစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ထိုကောင်လေးနှင့် နှိုင်းယှဥ်နိုင်သော ပါရမီရှင်သည် လက်တစ်ဆုပ်စာမျှသာ ရှိ၏။

အကယ်၍ ထိုကောင်လေးသာ ကျိလင်အင်မော်တယ် နန်းတော်ထဲ ဝင်ရောက်မည် ဆိုလျှင် ကျိလင်အင်မော်တယ်နန်းတော်အတွက် နောက်ထပ် တလော့အဆင့် အင်မော်တယ်တစ်ဦး ပေါ်ထွက်လာမည်မှာ သေချာသည်။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ကျိယွင်ကျီကို ပြောလိုက်သည်။

“ကျိလင်အင်မော်တယ်နန်းတော်က ကျွန်တော့်အတွက် မသင့်တော်ပါဘူး.. ကျွန်တော့်မှာ သွားရမဲ့ ကိုယ်ပိုင်လမ်းရှိပါတယ်.. ညီမလေး လင်းယွင်ကိုတော့ စီနီယာတို့ ဘက်က အသေအချာ စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်”

“အဲဒီအတွက်တော့ မင်းဘာမှမပူနဲ့.. စိတ်ချထားလို့ရတယ်”

ကျိယွင်ကျီက ပြတ်သား‌သော အမူအရာဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့တပည့်ကို ဘယ်သူကမှ ဆံခြည်တစ်မျှင်တောင် ထိဝံ့မှာမဟုတ်ဘူး"

"လင်းယွင်.. ကျိလင်အင်မော်တယ်နန်းတော်မှာ ကြိုးစားပြီး ကျင့်ကြံပါ.. ငါနောက်မှ မင်းဆီကို လာလည်မယ်”

စကားဆုံးသည်နှင့် ကျန်းချန်က ကောင်းကင်ယံသို့ တိုက်ရိုက်ပင် ပျံတက်သွားခဲ့ပြီး အလင်းတန်းတစ်ခု အဖြစ်ပြောင်းလဲကာ ကောင်းကင်ယံ ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန် ပျောက်ကွယ်သွားသည်ကို ငေးကြည့်ရင်း ချူလင်းယွင်၏ လှပသော မျက်ဝန်းလေးထဲတွင် မခွဲနိုင်မခွာရက် ဖြစ်နေသော အမူအရာများ ရှိနေခဲ့၏။

“ကောင်မလေး.. အဲဒီကောင်လေးက နဂါးနဲ့ ဖီးနစ်လို ထူးခြားတဲ့သူပဲ.. သူ့ရဲ့ အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ် မရှိနိုင်ဘူး.. မင်းသာ ကောင်းကောင်း မကျင့်ကြံဘူးဆိုရင် မင်းနဲ့သူ့ကြားက အကွာအဝေးက ပိုပြီးတော့ ဝေးကွာသွားလိမ့်မယ်”

ကျိယွင်ကျီက ချူလင်းယွင်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

ချူလင်းယွင်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဆရာ စိတ်မပူပါနဲ့.. လင်းယွင် နားလည်ပါတယ်.. နောင်ကျရင် ဆရာ့ရဲ့ စကားကို နားထောင်ပြီး ကြိုးစားကျင့်ကြံပါ့မယ်”

“လင်းယွင်.. မင်းရဲ့ခံယူချက်က သိပ်ကောင်းတယ်”

ကျိယွင်ကျီက ခေါင်းညိတ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းကိုမင်းလည်း အရမ်းကြီး အထင်သေးဖို့ မလိုပါဘူး.. မင်းရဲ့ ပါရမီနဲ့ဆိုရင် ကျိလင်အင်မော်တယ်နန်းတော်ရဲ့ သမိုင်းတစ်လျှောက်မှာတောင် အထူးချွန်ဆုံး ပါရမီရှင်လို့ ပြောလို့ရတယ်.. မင်းသာ ကြိုးစားကျင့်ကြံမယ် ဆိုရင် အနာဂတ်မှာ တလော့ အင်မော်တယ် အဆင့်ကို မရောက်နိုင်စရာ အကြောင်းမရှိဘူး”

“တလော့အင်မော်တယ်အဆင့်”

ကျိယွင်ကျီ၏ စကားကိုကြားလျှင် ချူလင်းယွင်၏ လှပသော မျက်နှာလေးတွင် ခိုင်မာပြတ်သားသော အမူအရာ တစ်ခု ယှက်သန်းသွားခဲ့သည်။

---------------------

အမည်မဲ့အင်မော်တယ်နန်းတော်၏ ပင်မခန်းမနှင့် ကျိလင်အင်မော်တယ် မြို့တော် တို့သည် ပေဟန်ပြည်နယ်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသော်လည်း ၎င်းတို့ကြားရှိ အကွာအဝေးမှာ အလွန်တရာပင် ဝေးကွာနေဆဲ ဖြစ်သည်။

၎င်းတို့ကြားတွင် အလွန်တရာ ကျယ်ပြန့်သော ကျိဝူအင်မော်တယ်တောင်တန်းက ခြားနေခဲ့၏။

ကျန်းချန်၏အရှိန်အဟုန်ဖြင့်ပင် ကျိလင်အင်မော်တယ်မြို့တော်ကနေ အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော်သို့ ရောက်ရှိရန် အနည်းဆုံး တစ်လခန့် အချိန်ယူရလိမ့်မည် ဖြစ်သည်။

သို့သော် အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော်တွင် ကျင်းပမည့် အမည်မဲ့အင်မော်တယ် ညီလာခံ ကျင်းပရန် လအနည်းငယ် လိုသေးသဖြင့် ကျန်းချန်က လောနေစရာမလိုခဲ့ပေ။

ကျိလင်အင်မော်တယ် မြို့တော်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ပကတိအင်မော်တယ် နဝမအဆင့် ငှက်တစ်ကောင်ကို စီးတော်ယာဥ် အဖြစ် ဖမ်းယူခဲ့သည်။

သူက ခရီးလမ်းတစ်လျှောက်တွင် အဘိုးအိုသော်ပေါင်ထံမှ ရရှိခဲ့သော ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ်ကို ဆင်ခြင်သုံးသပ်နေခဲ့၏။

ကျန်းချန်၏ စဥ်ဆက်မပြတ် ဆင်ခြင်သုံးသပ်မှုနှင့် အတူ ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ် အပေါ် နားလည်မှုက ပိုမို၍ နက်ရှိုင်းလာခဲ့သည်။

နောက်ထပ် လဝက်အကြာတွင် အဆ ၁၀၀ စနစ်၏ နားလည်သဘောပေါက်မှု အကူအညီဖြင့် ကျန်းချန်၏ ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ် အပေါ် နားလည်မှုသည် သုံးပုံတစ်ပုံ နီးပါးအထိ ရောက်ရှိလာခဲ့သည်။

ကောင်းကင်ဧကရာဇ်စည်းတံဆိပ် အပေါ် နားလည်မှု တိုးလာသည်နှင့်အမျှ ကျန်းချန်သည် မယုံကြည်နိုင်စရာကောင်းသော အချက်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။

ဤကောင်းကင်ဧကရာဇ် စည်းတံဆိပ်တွင် စုစုပေါင်း တိုက်ကွက်သုံးကွက် ရှိသည်။

ကျန်းချန်က ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ်၏ သုံးပုံတစ်ပုံခန့်ကို နားလည်သဘောပေါက်ပြီးသွားနောက်တွင် ကောင်းကင်ဧကရာဇ်စည်းတံဆိပ်သည် သူ အဆင့်နိမ့်စကြဝဠာတွင် လေ့ကျင့်ခဲ့သည့် လူသားဧကရာဇ် စည်းတံဆိပ် နည်းစနစ်နှင့် အတော်လေး ဆင်တူနေသည်ကို တွေ့ရှိခဲ့သည်။

သို့သော်လည်း ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ်သည် လူသားဧကရာဇ်စည်းတံဆိပ် နည်းစနစ်ထက် အဆပေါင်းများစွာ ပို၍ နက်ရှိုင်း၏။

လူသားဧကရာဇ်စည်းတံဆိပ် နည်းစနစ်သည် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်နည်းစနစ် ထံကနေ ဆင်းသက်လာခြင်းဖြစ်နိုင်သည်ဟု သူ ခပ်ရေးရေး ခံစားမိခဲ့သည်။

“ကောင်းကင်ဧကရာဇ် စည်းတံဆိပ်က လူသားဧကရာဇ်စည်းတံဆိပ်နဲ့ ပတ်သက်ဆက်နွှယ်မှု ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ဟင်းလင်းပြင်ထဲတွင် ပျံသန်းနေသည့် အပြာရောင်ငှက်ပေါ်တွင် တင်ပျဥ်ခွေ၍ ထိုင်နေသော ကျန်းချန်သည် သူ၏ မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ကောင်းကင်ဧကရာဇ် စည်းတံဆိပ်သည် အင်မော်တယ်လောကရှိ ပြိုင်ဘက်ကင်း အင်မော်တယ်ဧကရာဇ် တစ်ပါး ဖန်တီးခဲ့သည့် အင်မော်တယ်ဧကရာဇ်အဆင့် နည်းစနစ် ဖြစ်သည်။

လူသားဧကရာဇ်စည်းတံဆိပ်ကမူ လူသားဧကရာဇ်နန်းတော်မှ အမွေဆက်ခံခဲ့သည့် အုပ်စိုးသူအဆင့် နည်းစနစ် တစ်ခုမျှသာ ဖြစ်သည်။

ထိုနည်းစနစ် နှစ်ခုကြားရှိ ကွာခြားချက်သည် မိုင်ပေါင်းတစ်သိန်းရှစ်သောင်း ထက်မက ကွာဝေးလှသည် ဖြစ်ရာ မည်ကဲ့သို့ ဆက်စပ်နေနိုင်ပါမည်နည်း။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အင်မော်တယ်လောကမှ ထွက်လာစဥ်တွင် စကြဝဠာ ထောင်ပေါင်းများစွာထဲမှ နတ်ဘုရားနယ်မြေသို့ လာရောက်ရန် ရွေးချယ်ခဲ့သည်။

သူ့လက်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ကျောက်တိုင်သည်လည်း နတ်ဘုရားနယ်မြေသို့ လာရန် ရွေးချယ်ခဲ့သည်။

ဆိုရလျှင် နတ်ဘုရားနယ်မြေ၏ ဆန်းကြယ်မှုသည် ကောင်းကင်နှင့်မြေကြီးထက်ပင် ကျော်လွန်လု နီးပါး ဖြစ်နေခဲ့ချေပြီ။

သို့တိုင် နတ်ဘုရားနယ်မြေကနေ အင်မော်တယ်လောကသို့ တက်လှမ်း၍ မရနိုင်ခြင်းသည် အဖြေရှာမရသေးသည့် လျှို့ဝှက်ချက် တစ်ခု ဖြစ်နေခဲ့၏။

ယခု သူရရှိထားသည့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ် ပင်လျှင် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်စည်းတံဆိပ်နှင့် ဆက်စပ်မှု ရှိနေခဲ့သည်။

ဤအချက်အလက်များကို အခြေခံ၍ ကျန်းချန်သည် နတ်ဘုရားနယ်မြေက သာမန် အဆင့်နိမ့် စကြဝဠာ တစ်ခု ကဲ့သို့ မရိုးရှင်းကြောင်း မရေမရာ ခံစားမိခဲ့သည်။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မစဥ်းစားတော့ပေ။။

သူက ယခုအခါတွင် အင်မော်တယ်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ရာ နတ်ဘုရားနယ်မြေသို့ ပြန်သွားရန်မှာ မလွယ်ပေ။

အနည်းဆုံး တလော့ အင်မော်တယ် အဆင့်ကို ရောက်ရှိပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု သူထင်ခဲ့၏။

နတ်ဘုရားနယ်မြေတွင် လျှို့ဝှက်ချက်များ ရှိနေလျှင်ပင် လက်ရှိ သူ့အနေဖြင့် စူးစမ်းနိုင်သည့်အရာ မဟုတ်သေးပေ။

မည်သို့ဆိုစေ ကျန်းချန်သည် ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ်ကို ဆက်လက် ဆင်ခြင်သုံးသပ်ရင်း ခရီးဆက်ခဲ့သည်။

နာရီဝက်ခန့် အကြာတွင် ကျန်းချန်သည် အဆုံးသတ်၌ ကျိဝူအင်မော်တယ်တောင်တန်း ဆီသို့ ရောက်ရှိလာခဲ့၏။

ကျိဝူအင်မော်တယ်တောင်တန်းသည် ပေဟန်ပြည်နယ်ရှိ ထူးခြားဆန်းပြားသော ရှေးကျသည့် အင်မော်တယ်တောင်တန်း ဖြစ်ပြီး ထိုနေရာတွင် ရှေးဟောင်း တောအုပ်နှင့် မရေမတွက်နိုင်သော သစ်ပင်ကြီးများ ရှိ၏။

အဝေးမှ ကြည့်လျှင် တိမ်တိုက် အလွှာများသည် ရှေးဟောင်းတောအုပ်၏ စိမ်းလန်း စိုပြေသော သစ်ရွက်များအလား ထင်မှတ်ရ၏။

ကျိဝူ အင်မော်တယ်တောင်တန်းသည် တစ်နှစ်ပတ်လုံး လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်မြူခိုးများ ဝန်းရံနေခဲ့ပြီး အလွန် အန္တရာယ်များသော နေရာလည်း ဖြစ်သည်။

ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများအတွက်ပင် အလွန်အန္တရာယ် ရှိ၏။

သို့သော်လည်း အန္တရာယ်နှင့် အခွင့်အရေးသည် အတူတကွ တည်ရှိနေစမြဲ ဖြစ်သည်။

မကြာမီမှာပင် ကျိဝူအင်မော်တယ်တောင်တန်းသည် ရှည်လျား‌သော သမိုင်းကြောင်း ရှိသောကြောင့် မရေမတွက်နိုင်သော ဆေးဖက်ဝင် အပင်များသာမက ရှေးခေတ်ကာလမှ အင်မော်တယ်များ ချန်ထားရစ်ခဲ့သည့် အမွေအနှစ် တချို့ပင် ရှိနေသောကြောင့် ဖြစ်၏။

ထို့ကြောင့် ကျိဝူအင်မော်တယ်တောင်တန်းက အလွန် အန္တရာယ်များသည့်တိုင် ရတနာများ ရှာဖွေရန်နှင့် စူးစမ်းရန်အတွက် ဝင်ရောက်လာသူ များစွာ ရှိနေခဲ့သည်။

ကျန်းချန်အနေဖြင့် အမည်မဲ့အင်မော်တယ် နန်းတော်သို့ သွားလိုလျှင် သူ့ရှေ့တွင် ရှိသော ကျိဝူအင်မော်တယ် တောင်တန်းကို ဖြတ်ကျော်ရပေလိမ့်မည်။

ကျိဝူ အင်မော်တယ်တောင်တန်းကို ဖြတ်ကျော်ရန် လမ်းလွှဲမှ သွားမည် ဆိုလျှင် အချိန်များစွာ ပေးရလိမ့်မည် ဖြစ်သည်။

ကျန်းချန်သည် မူလကတည်းကပင် ကျိဝူအင်မော်တယ် တောင်တန်း ထဲသို့ ဝင်ရောက်လေ့လာရန် ရည်ရွယ်ထားသဖြင့် လမ်းလွှဲမှသွားရန် စိတ်ကူးမရှိခဲ့ပေ။

သူက ပကတိအင်မော်တယ် နဝမအဆင့်ရှိ အပြာရောင်ငှက်ကို လွှတ်ပေးလိုက်ပြီး ကျိဝူအင်မော်တယ်တောင်တန်း ထဲသို့ တစ်ကိုယ်တော် ခြေချလိုက်သည်။

ကျိဝူ အင်မော်တယ်တောင်တန်းတွင် အန္တရာယ်များစွာ ရှိသဖြင့် ကျန်းချန်က အထူးသတိထားခဲ့သည်။

အကယ်၍ သူသာ ကျိဝူ အင်မော်တယ် တောင်တန်းတွင် အပြာရောင်ငှက်ကို စီး၍ ဆက်လက် ပျံသန်းနေမည် ဆိုလျှင် အနည်းငယ် သတိလက်လွတ် ဖြစ်မိသည်နှင့် အဆုံးမဲ့ဒုက္ခများ ရောက်လာနိုင်မည်ကို သူစိုးရိမ်မိသည်။

ကျန်းချန် ကျိဝူ အင်မော်တယ်တောင်တန်း ထဲသို့ ဝင်ရောက်လိုက်သည့် တစ်ခဏမှာပင် ကျိဝူအင်မော်တယ် တောင်တန်းအတွင်းရှိ ခရမ်းရောင်မြူခိုးများ လွှမ်းခြုံနေသော ရှေးဟောင်းတောအုပ် ထဲတွင် လူသုံးယောက်ပါ အဖွဲ့တစ်ဖွဲ့သည် မျက်နှာအနည်းငယ် ဖြူဖျော့နေသော လူငယ်တစ်ဦးကို အလယ်တွင် ထားကာ အခိုင်အမာ ဝိုင်းရံထားခဲ့ကြသည်။

ဝိုင်းရံခံထားရသော လူငယ်သည် ကြိုးကြာငှက်ရုပ်ကို ချည်ထိုးထားသည့် ဝတ်စုံ ဝတ်ဆင်ထားသည်။

အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေခဲ့မည်ဆိုလျှင် တစ်ချက် ကြည့်ရုံဖြင့် ထိုလူငယ်မှာ အမည်မဲ့ အင်မော်တယ်နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်တွင် ကျင်းပပြုလုပ်သည့် ပြိုင်ပွဲ၌ ပါဝင်ခဲ့သော နဲ့ဟယ်ယွမ် ဖြစ်မှန်း သိနိုင်ပေလိမ့်မည်။

“ကြိုးကြာဖြူ တံဆိပ်ပြားကို အခုချက်ချင်း ငါတို့ လက်ထဲအပ်စမ်း.. ဒါဆိုရင် ငါတို့ မင်းအသက်ကို ချမ်းသာပေးမယ်”

သုံးယောက်အဖွဲ့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် ဆံပင်တိုတိုနှင့် လူငယ်က နဲ့ဟယ်ယွမ်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ အေးစက်စက် လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့၏။

အခန်း(၂၇၆၅)ပြီး၏။

အခန်း(၂၇၆၆)

ဆံပင်တိုတိုနှင့် လူငယ်က နဲ့ဟယ်ယွမ်ထက် သိပ်မကြီးဟု ထင်ရသော်လည်း ကျင့်ကြံခြင်းအဆင့်ကမူ ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ယွီရီရှန်းထက် များစွာ မနိမ့်ကျပေ။

ထို့ပြင် ဆံပင်တိုနှင့်လူငယ်၏ အဖော်နှစ်ဦးသည် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်‌မော်တယ် အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

“မင်းက စိတ်ကူးယဥ်လွန်းနေတာပဲ.. ဒီနေ့ ငါ‌သေရမယ်ဆိုရင်တောင် မင်းကို ပေးမှာမဟုတ်ဘူး”

နဲ့ဟယ်ယွမ်က အံကြိတ်၍ ပြောလိုက်သည်။

ယခုတစ်ကြိမ် နဲ့ဟယ်ယွမ် အပြင်ထွက်လာရခြင်း၏ အဓိကရည်ရွယ်ချက်သည် ကျိဝူအင်မော်တယ် တောင်တန်းသို့ လာရန် ဖြစ်သည်။

နဲ့ဟယ်ယွမ်၏ ဖခင်ဖြစ်သည့် ကြိုးကြာဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်းသည် ရွှေအင်မော်တယ် အဆင့်တွင် ရှိစဥ်က ပေဟန်ပြည်နယ်သို့ ခရီးထွက်လာခဲ့ပြီး အခွင့်အလမ်းများ ရှာဖွေရန် ဤကျိဝူအင်မော်တယ်တောင်တန်း ထဲသို့ ရောက်ရှိခဲ့သည်။

နဲ့ယွိထျန်က ကံကောင်းခဲ့ပြီး ကျိဝူအင်မော်တယ်တောင်တန်းတွင် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး၏ အမွေအနှစ်ကို ဖွင့်လှစ်ပေးနိုင်သည့် ကြိုးကြာဖြူတံဆိပ်ပြား တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။

ထိုအကြောင်းကြောင့်ပင် နဲ့ယွိထျန်သည် ရွှေအင်မော်တယ်အဆင့်ကနေ တလော့အင်မော်တယ် အဆင့်သို့ ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း နဲ့ယွိထျန်၏ ပါရမီက အကန့်အသတ် ရှိသဖြင့် ထိုအစွမ်းထက်ပုဂ္ဂိုလ်၏ အမွေအနှစ် အားလုံးကို မရရှိခဲ့ပေ။

ယခုတစ်ကြိမ် နဲ့ဟယ်ယွမ် အပြင်ထွက်လာစဥ်တွင် နဲ့ယွိထျန်သည် ကြိုးကြာဖြူတံဆိပ်ပြားကို သားဖြစ်သူ နဲ့ဟယ်ယွမ်ထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ထိုအစွမ်းထက်ပုဂ္ဂိုလ်၏ အမွေအနှစ်ကို ရယူရန် ကျိဝူအင်မော်တယ်တောင်တန်း ဆီသို့ စေလွှတ်ခဲ့သည်။

ထို့ကြောင့် နဲ့ဟယ်ယွမ်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်တွင် ကျင်းပပြုလုပ်သော အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ၌ ပါဝင်ပြီးနောက်တွင် အစွမ်းထက်ပုဂ္ဂိုလ်၏ အမွေအနှစ်ကို ဆက်ခံရန် အတွက် ကျိဝူအင်မော်တယ်တောင်တန်း ဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း နဲ့ဟယ်ယွမ်၏ ကံကြမ္မာက သိပ်မကောင်းပေ။

သူက အစွမ်းထက်ပုဂ္ဂိုလ်၏ အမွေအနှစ်နေရာကို ရှာဖွေတွေ့ရှိပြီး အမွေအနှစ်နေရာကို ဖွင့်လှစ်ရန် အတွက် ကြိုးကြာဖြူတံဆိပ်ပြားကို အသုံးပြုရန် ပြင်ဆင်နေချိန်မှာပင် မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် သူ့ရှေ့မှ လူသုံးဦးနှင့် ဆုံတွေ့ခဲ့သည်။

ထိုသုံးဦး စလုံးသည်လည်း အစွမ်းထက်ပုဂ္ဂိုလ်၏ အမွေအနှစ် အကြောင်းကို တစ်စုံတစ်ရာ သိရှိထားပုံရပြီး နဲ့ဟယ်ယွမ်၏ လက်ထဲမှ ကြိုးကြာဖြူ တံဆိပ်ပြားကို လုယူလိုနေကြ၏။

နဲ့ဟယ်ယွမ်က ထိုသုံးဦးကို မယှဥ်နိုင်သဖြင့် သူ့ဖခင် ပေးအပ်ထားသည့် ထွက်ပြေးလွတ်မြောက်ခြင်း အဆောင်လက်ဖွဲ့များကို အသုံးပြုကာ အလျင်အမြန် ထွက်ပြေးခဲ့ရသည်။

သို့သော်လည်း ထိုသုံးဦးသည် ထူးခြားသော နည်းလမ်းများကို တတ်ကျွမ်းထားသဖြင့် အဆုံးသတ်တွင် နဲ့ဟယ်ယွမ်ကို ခြေရာခံနိုင်ခဲ့သည်။

“ငါတို့ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ.. မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေမှတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့”

စကားဆုံးသည်နှင့် ဆံပင်တိုတိုနှင့် လူငယ်၏ ညာဘက်လက်ဖဝါးတွင် ငါးရောင်ခြယ် မိုးကြိုးအလင်းတန်းများ လင်းလက်လာခဲ့သည်။

ထို့နောက်တွင် ဆံပင်တိုတိုနှင့် လူငယ်က နဲ့ဟယ်ယွမ်ကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

နဲ့ဟယ်ယွမ်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ့ရှေ့မှ လူသည် သူတွေ့ဖူးသမျှ ပါရမီရှင်များထဲတွင် ကျန်းချန်မှ လွဲ၍ အစွမ်းအထက်ဆုံး ဖြစ်သည်မှာ သေချာသလောက်ပင်။

“ကြိုးကြာဖြူ ကောင်းကင်ပိတ်ဆို့ လက်ဝါးသိုင်း”

နဲ့ဟယ်ယွမ်က တွေဝေမနေဘဲ သူ၏ အစွမ်းထက်ဆုံး တလော့အဆင့် နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။

“ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် နဲ့ဟယ်ယွမ်သည် မြေပြင်ပေါ်သို့ လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူ့ရှေ့မှ ဆံပင်တိုတိုနှင့် လူငယ်သည် သူ့ထက်ပါရမီ မနိမ့်ကျသည့် အပြင် တလော့အဆင့် သွေးမျိုးဆက်ကိုလည်း သူကဲ့သို့ပင် ပိုင်ဆိုင်ထားခဲ့သည်။

အကယ်၍ သူတို့သာ ကျင့်ကြံခြင်းအဆင့် တူညီနေခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ရင်ဆိုင်နိုင်ရန် အခွင့်အရေး ရှိကောင်း ရှိနိုင်ပေသည်။

သို့သော် ယခုအချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က တိုးတက်လာခဲ့သော်လည်း ပကတိအင်မော်တယ် နဝမအဆင့်သို့သာ ရောက်ရှိသေးသဖြင့် ဆံပင်တိုတိုနှင့် လူငယ်ကို ယှဥ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပေ။

ဆိုရလျှင် ယနေ့တွင် သူက အမှန်တကယ် အန္တရာယ် ရှိနေခဲ့ပြီ ဖြစ်သည်။

“ဟက်.. မင်းက ပါရမီထူးချွန်ပေမဲ့ မင်းရဲ့အဆင့်က အရမ်းကို နိမ့်ကျလွန်းနေသေးတယ်.. အကျိုးမဲ့ ရုန်းကန်မှုတွေကို ဆက်မလုပ်ပါနဲ့တော့”

ဆံပင်တိုတိုနှင့်လူငယ်က အေးစက်စက် ပြုံးလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် နဲ့ဟယ်ယွမ်၏ အနီးသို့ ရောက်ရှိလာခဲ့ပြီး လက်ဖဝါးမှ အင်မော်တယ်စွမ်းအားများကို ထုတ်ဖော်ကာ ဖမ်းဆီးရန်း ကြိုးစားလိုက်သည်။

နဲ့ဟယ်ယွမ်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်စဥ်မှာပင် အနက်ရောင်အရိပ် တစ်ခုသည် တစ္ဆေတစ်ကောင်နှယ် နဲ့ဟယ်ယွမ်၏‌ ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး နဲ့ဟယ်ယွမ် အနီးသို့ ချဥ်းကပ်လာသော ဆံပင်တိုနှင့်လူငယ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

“ဝုန်း..”

ဆံပင်တိုနှင့်လူငယ်၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး ခြေလှမ်းများစွာ နောက်ဆုတ်သွားခဲ့ရသည်။

“ညီနောင်ကျန်းချန်.. မင်းဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

သူ့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသော ကျန်းချန်ကို မြင်လျှင် နဲ့ဟယ်ယွမ်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ယင်းနောက် သူ၏ မျက်နှာထက်တွင် အံ့ဩဝမ်းသာသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သေရေး ရှင်ရေး အခိုက်အတန့်တွင် ကျိဝူအင်မော်တယ်တောင်တန်း၌ ကျန်းချန်နှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။

ကျန်းချန်၏ ပါရမီနှင့် စွမ်းရည်သည် ဆံပင်တိုတိုနှင့် လူငယ်ထက် သာလွန်သည်မှာ သေချာ၏။

ဆိုရလျှင် ကျန်းချန်၏ အကူအညီဖြင့် ယနေ့တွင် သူ့အသက်သည် ဘေးကင်းသွားခဲ့ချေပြီ။

“ကောင်လေး မင်းဘယ်သူလဲ”

ဆံပင်တိုနှင့်လူငယ်က ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ငါက အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ဌာနခွဲသုံးကပဲ.. ကိုယ့်ကိစ္စ မဟုတ်ရင် ဝင်မပါဖို့ ငါအကြံပေးချင်တယ်”

“ဒီလူက အမည်မဲ့အင်မော်တယ် နန်းတော်က ဖြစ်နေတာလား”

ဆံပင်တိုတို နှင့်လူငယ်၏ စကားကိုကြားလျှင် နဲ့ဟယ်ယွမ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက တလော့အင်မော်တယ် အရှင်၏ မျိုးဆက်တစ်ဦး အနေဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ ထိပ်တန်းအင်အားစုများ အကြောင်းကို ကောင်းစွာ သိရှိထားခဲ့သည်။

အမည်မဲ့အင်မော်တယ် နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် ယှဥ်နိုင်သည့် တစ်ခုတည်းသော အစွမ်းထက်အင်အားစု ဖြစ်ပြီး မြောက်ပိုင်းအေးစက်သောအင်မော်တယ် နယ်မြေတွင် လုံးဝ ရန်မစသင့်သော အင်အားစုများထဲမှ တစ်ခု ဆိုလည်း မမှားပေ။

ဆံပင်တိုတိုနှင့် လူငယ်က အမည်မဲ့ အင်မော်တယ်နန်းတော်မှ လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု နဲ့ဟယ်ယွမ် လုံးဝ ထင်မထားခဲ့ပေ။

ဆံပင်တိုတိုနှင့် လူငယ်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

နဲ့ဟယ်ယွမ် ဒုက္ခရောက်နေသည်ကို မြင်၍ ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းကနေ အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၃)မှ လူနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲများသည် ဌာနခွဲ ဆယ့်ရှစ်ခုထဲတွင် အဆင့်သတ်မှတ်ချက် မြင့်မားလေလေ၊ အင်အား ပိုမို တောင့်တင်းလေလေ ဖြစ်သည်။

ဆိုရလျှင် ဌာနခွဲ(၃)သည် စန်းယွင်ပြည်နယ်ရှိ ဌာနခွဲ(၁၈)ထက် ပိုမို၍ အင်အားတောင့်တင်း၏။

ဌာနခွဲ(၃)မှ ပါရမီရှင်များသည်လည်း အမည်မဲ့အင်မော်တယ် ညီလာခံတွင် ပါဝင်ရန် ပင်မနန်းတော် ဆီသို့ သွားကြလိမ့်မည်ဖြစ်သည်။

“စိတ်မကောင်းပါဘူး.. ဒီကိစ္စကိုတော့ ငါဝင်ပါရလိမ့်မယ်”

ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။

“အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ အမည်ကို ထောက်ထားပြီး ငါ မင်းတို့နဲ့ မတိုက်ခိုက်ချင်ဘူး.. အခုချက်ချင်း ငါ့ရှေ့ကနေ ထွက်သွားကြစမ်း”

“ဟမ့် မင်းက တော်တော် လေလုံးထွားတာပဲ”

သူ့ကို လုံးဝဂရုမစိုက်သည့် ကျန်းချန်၏ စကားကိုကြားလျှင် ဆံပင်တိုတိုနှင့် လူငယ် ချိုးလီ၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

သူက မထီမဲ့မြင်ပြုံးကာ ကျန်းချန်ကို ပြောလိုက်သည်။

“မင်းက ကိုယ့်ကိစ္စ မဟုတ်တာကို ဝင်ပါချင်မှတော့ ဒီကောင်နဲ့အတူ တစ်ခါတည်းသေဖို့သာ ပြင်ထားပေတော့”

ချိုးလီ၏ အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ချိုးလီ၏ ခန္ဓာကိုယ်ထဲကနေ ကြောက်မက်ဖွယ်မိုးကြိုးစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

သူက မြေပြင်ကို ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ကို ချက်ချင်းဆိုသလို ဖြတ်ကျော်သွားခဲ့ပြီး ကျန်းချန် ထံသို့ မိုးကြိုးဥက္ကာခဲ တစ်ခုအလား ပြေးဝင်လာခဲ့သည်။

“သွားစမ်း”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်တစ်ဖက်ကို မြှောက်၍ ယင်ကောင်တစ်ကောင်ကို ရိုက်ထုတ်လိုက်သကဲ့သို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သူ့ထံသို့ ပြေးဝင်လာသည့် ချိုးလီသည် လွင့်ထွက်သွားခဲ့သည်။

“ဝုန်း..”

ချိုးလီ၏ ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မီတာ ထောင်ပေါင်းများစွာ လွင့်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ရာ မြေပြင်ထက်တွင် တွင်းနက်ကြီး တစ်ခုကိုပင် ဖြစ်သွားစေခဲ့သည်။

ချိုးလီက တွင်းနက်ထဲကနေ ရုန်းကန်၍ ထလာခဲ့သည်။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်တွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

“မင်း.. မင်း ဘယ်သူလဲ”

သာမန်ရိုက်ချက်တစ်ချက်ကပင် သူ့ကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သည်။

သူတို့ အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၃)မှ အစွမ်းအထက်ဆုံး ပါရမီရှင် ပင်လျှင် ဤမျှအထိ အစွမ်းထက်လိမ့်မည် မဟုတ်ပေ။

ကျန်းချန်က ချိုးလီကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“ငါ ဘယ်သူလဲ ဆိုတာ မင်းအတွက် အရေးမကြီးဘူး.. အရေးကြီးတာက မင်း အခုချက်ချင်း ငါ့ရှေ့က ထွက်သွားဖို့ပဲ”

“ကောင်းပြီ.. ငါ မင်းကို မှတ်ထားမယ်”

ချိုးလီက သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မယှဥ်နိုင်မှန်း သိသဖြင့် ကျန်းချန်ကို အသေအချာ စိုက်ကြည့်ကာ ကျန်းချန်၏ ရုပ်သွင်ကို သူ၏ စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

ယင်းနောက်တွင်မူ ချိုးလီသည် သူ၏ အဖော်နှစ်ဦးကို ခေါ်ကာ ကျန်းချန်တို့၏ ရှေ့ကနေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

All Chapters