← Chapters

အခန်း (၂၇၆၇-၂၇၆၈)

Vol. 217 Ch. 2767-2768

အခန်း (၂၇၆၇-၂၇၆၈)

Vol. 217 Ch. 2767-2768

အခန်း(၂၇၆၇)

“ညီနောင် ကျန်းချန်က အရင်ထက် အများကြီး ပိုသန်မာလာပြန်ပြီ.. သူက တကယ်ကို သာမန်အသိနဲ့ တိုင်းတာလို့ မရတဲ့ မွန်းစတား တစ်ကောင်ပဲ”

သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ကာ နဲ့ဟယ်ယွမ်သည် မှင်တက်နေခဲ့ပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ကျန်းချန်ကို ရှုံးနိမ့်ခဲ့သော်လည်း နဲ့ဟယ်ယွမ်သည် သူနှင့် ကျန်းချန်သာ ကျင့်ကြံခြင်းအဆင့် တူညီနေခဲ့လျှင် ကျန်းချန်ကို ကောင်းစွာ ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော် ယနေ့တွင်မူ နဲ့ဟယ်ယွမ်သည် သူ၏ အတွေးက စိတ်ကူးယဥ်ဆန်နေကြောင်း သဘောပေါက်သွားခဲ့သည်။

ချိုးလီဟု ခေါ်သည့် အမည်မဲ့အင်မော်တယ်နန်းတော်မှ ပါရမီရှင်သည် သူနှင့်ပါရမီချင်း မကွာသည့်အပြင် ကျင့်ကြံခြင်းအဆင့်တွင်လည်း ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့ရာတွင် ချိုးလီ ပင်လျှင် ကျန်းချန်၏ တိုက်ကွက် တစ်ကွက်ကို မတားဆီးနိုင်ခဲ့ချေ။

နဲ့ဟယ်ယွမ်က ခေါင်းကို ခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရှင်းထုတ်လိုက်ကာ ကျန်းချန်ကို ကျေးဇူးတင်စကား ပြောရန် အလျင်အမြန် ရှေ့သို့ တိုးလာခဲ့သည်။

“ညီနောင်ကျန်းချန်.. အကူအညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. မင်းနဲ့သာ မတွေ့ရင် ငါဒီနေ့ ဒီမှာ သေရမှာ သေချာသလောက်ပဲ”

“ညီနောင်နဲ့ကလည်း အဲလောက်အထိ အားနာမနေပါနဲ့.. ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာပဲ.. ဒီကျိဝူ အင်မော်တယ် တောင်တန်းမှာ ဆုံရတာက ရေစက်တစ်ခုပါပဲ.. ငါ့ရှေ့မှာ ညီနောင်နဲ့ ဒုက္ခရောက်နေမှတော့ ငါ ဒီအတိုင်း လျစ်လျူရှုထားမှာ မဟုတ်ဘူး”

နဲ့ဟယ်ယွမ်သည် သူ၏ စိတ်သဘောထား ကောင်းမွန်ပြီး ပွင့်လင်းရိုးသားသူ ဖြစ်၍ ခင်မင်သင့်သော မိတ်ဆွေတစ်ဦး အဖြစ် မှတ်ယူနိုင်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ညီနောင်ကျန်းချန် အသက်ကယ်တင်ပေးတဲ့ ကျေးဇူးကို ငါဘယ်တော့မှ မမေ့ပါဘူး.. တကယ်လို့ နောင်တစ်ချိန်မှာ ညီနောင်ကျန်းချန် တစ်ခုခု အသုံးလိုခဲ့ရင် အားမနာတမ်းသာ ပြောပါ.. ငါ့ဘက်က လုံးဝ ငြင်းဆိုမှာ မဟုတ်ဘူး”

နဲ့ဟယ်ယွမ်က အလေးအနက် ပြောလိုက်ပြီးနောက်တွင် စူးစမ်းစွာ မေးလိုက်သည်။

“ညီနောင်ကျန်းချန်ကရော ကျိဝူအင်မော်တယ်တောင်တန်းထဲကို ဘယ်လိုကိစ္စနဲ့ ရောက်လာတာလဲ”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။

“ငါက ကျိဝူ အင်မော်တယ်တောင်တန်းကို ဖြတ်သန်းပြီး အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ပင်မနန်းတော်ကို သွားမလို့ပါ”

“နားလည်ပြီ”

နဲ့ဟယ်ယွမ်က ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ညီနောင်ကျန်းချန်.. ငါ့အဖေက သူ ငယ်ရွယ်စဥ်ကာလမှာ ကျိဝူအင်မော်တယ်တောင်တန်းထဲက အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးရဲ့ အမွေအနှစ်ကို ရှာဖွေတွေ့ရှိခဲ့တယ်.. ငါက ကျိဝူတောင်တန်းထဲကို ဒီကိစ္စအတွက် ရောက်လာခဲ့တာပါ.. ညီနောင်ကျန်းချန်အနေနဲ့ ငါနဲ့ အတူတူသွားဖို့ စိတ်ဝင်စားမှု ရှိလား”

“ဒါက ညီနောင်နဲ့ရဲ့အဖေ ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ် ဖြစ်နေမှတော့ ငါဝင်မပါတော့ပါဘူး”

ကျန်းချန်က ခေါင်းခါရမ်းကာ ပြုံး၍ ပြောလိုက်သည်။

နဲ့ဟယ်ယွမ်သည် အမှန်တကယ်ပင် ခင်မင်သင့်သော မိတ်ဆွေတစ်ဦး ဖြစ်၍ ကျန်းချန်သည် နဲ့ဟယ်ယွမ်နှင့် သက်ဆိုင်သော အမွေအနှစ်ကို လုယူမည် မဟုတ်ပေ။

ထို့အပြင် သူက ဌာနခွဲ(၁၈) အတွက် အမည်မဲ့အင်မော်တယ် ညီလာခံတွင် ပါဝင်ရန် လျှိုဝူချန်းကို ကတိပေးပြီးသား ဖြစ်သည်။

အကယ်၍ သူက နဲ့ဟယ်ယွမ်နှင့် အတူ အစွမ်းထက်ပုဂ္ဂိုလ်၏ အမွေအနှစ် နေရာတွင် အချိန်အတော် ကြန့်ကြာသွားခဲ့လျှင် အမည်မဲ့အင်မော်တယ် ညီလာခံကို ပါဝင်ရန် အချိန်မီတော့မည် မဟုတ်ပေ။

လျှိုဝူချန်းကို ကတိပေးပြီးသား ဖြစ်၍ ကျန်းချန် အနေဖြင့် ကတိမပျက်ချင်ခဲ့ချေ။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကျန်းချန်တို့နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် မူလက တိတ်ဆိတ်နေသော တောအုပ်သည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး အစွမ်းထက် အရှိန်အဝါ တစ်ခုက ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။

“ကြည့်ရတာ အစောပိုင်းက တိုက်ပွဲကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ အင်မော်တယ်သားရဲ အချို့ကို လှုံ့ဆော်မိပြီ ထင်တယ်”

နဲ့ဟယ်ယွမ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ညီနောင်ကျန်းချန်.. ငါတို့ ဒီနေရာက အမြန်ထွက်သွားကြရအောင်.. မဟုတ်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်”

ကျန်းချန် ခေါင်းခါရမ်းလိုက်သည်။

“နောက်ကျသွားပြီ”

တကယ်လည်း ကျန်းချန်၏ စကားဆုံးသည်နှင့် ကောင်းကင်ယံတွင် ပြည့်နှက်နေသည့် ခရမ်းရောင်အင်မော်တယ် မြူခိုးများသည် ပြင်းထန်‌သော အရှိန်အဝါဖြင့် ဖယ်ရှားခြင်းခံလိုက်ရ၏။

ထို့နောက်တွင် ကောင်းကင်ယံရှိ တိမ်တိုက်ထဲကနေ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်တချို့ ပေါ်လာခဲ့သည်။

“ဝေါင်း..”

ခြင်္သေ့ခန္ဓာကိုယ်နှင့် လင်းယုန်ငှက် ဦးခေါင်း ရှိပြီး ကျောဘက်တွင် အတောင်ပံတစ်စုံ ပါသည့် အနက်ရောင်သားရဲကြီး တစ်ကောင်သည် ကျန်းချန်တို့ နှစ်ဦးကို စတင် တိုက်ခိုက်လိုက်သည်။

နဲ့ဟယ်ယွမ်က လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ ကောင်းကင်အင်မော်တယ် ပထမအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် အနက်ရောင်သားရဲကြီးကို ချေမှုန်းလိုက်၏။

သူက သူတို့၏ ဘေးပတ်ပတ်လည်တွင် စုဝေးလာသော သားရဲကြီးများကို ကြည့်ကာ မချိပြုံး ပြုံး၍ ကျန်းချန်ကို ပြောလိုက်သည်။

“ညီနောင်ကျန်းချန် တောင်းပန်ပါတယ်.. ဒီနေ့ ငါကြောင့် ညီနောင်ကျန်းချန်ပါ ဒုက္ခရောက်ရပြီ”

စုဝေးလာသော သားရဲများသည် အရေအတွက် များပြားရုံသာမက အလွန်ပင် အစွမ်းထက်ကြပြီး အများစုမှာ ကောင်းကင်အင်မော်တယ် အဆင့်နှင့် နှိုင်းယှဥ်နိုင်သည်အထိ အစွမ်းထက်ကြ၏။

ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ မဟုတ်လျှင် ဤရုန့်ရင်းသော အင်မော်တယ်သားရဲများ ကြားကနေ ဖောက်ထွက်ရန် ခဲယဥ်းလိမ့်မည်ဟု ထင်ရ၏။

“ညီနောင်နဲ့ ငါ့အနောက်ကနေ လိုက်ခဲ့ပါ.. သေဖို့သာပြင်ထားပေတော့”

စကားဆုံးသည်နှင့် ကျန်းချန်က ထျန်းယွမ်အင်မော်တယ်ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားအလင်းတန်းများသည် စဥ်ဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ဓားချက်တစ်ချက် ထုတ်ဖော်လိုက်တိုင်းတွင် အင်မော်တယ်သားရဲ အများအပြားသည် ကျန်းချန်၏ ဓားချက်အောက်တွင် လဲကျသွားကြသည်။

ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် သို့မဟုတ် ကောင်းကင်အင်မော်တယ် သတ္တမအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော အစွမ်းထက် အင်မော်တယ်သားရဲ တချို့ပင်လျှင် ကျန်းချန်၏ ဓားချက်ကို လုံးဝ မတားဆီးနိုင်ကြပေ။

“ညီနောင်ကျန်းချန်ရဲ့ စွမ်းရည်က တကယ်ကို ကြောက်စရာပဲ”

ကျန်းချန်က ပတ်ဝန်းကျင်ရှိ အင်မော်တယ်သားရဲများကို ဟင်းသီးဟင်းရွက်များ လှီးဖြတ်နေသကဲ့သို့ သတ်ဖြတ်နေသည်အား မြင်လျှင် နဲ့ဟယ်ယွမ် မှင်တက်သွားခဲ့သည်။

ထိုနေ့က အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့်တွင်သာ ရှိသေး၏။

ယခု ကျန်းချန်နှင့် တစ်ဖန် ပြန်တွေ့ရသောအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သိထားရမည့်အချက်မှာ စန်းယွင်ပြည်နယ်မှ အမည်မဲ့အင်မော်တယ် နန်းတော်တွင် သူနှင့် ကျန်းချန် လမ်းခွဲခဲ့သည်မှာ တစ်လ နှစ်လခန့်သာ ရှိသေးသည်။

ဤမျှ တိုတောင်းလွန်းသော အချိန်ကာလအတွင်း ကျန်းချန်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့်ကနေ စတုတ္ထအဆင့် အထိ အမှန်တကယ် ထိုးဖောက်နိုင်ခဲ့သည်။

ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ကျင့်ကြံခြင်းအရှိန်အဟုန်သည် အတော်လေး လွန်လွန်းနေသည် မဟုတ်ပါလော။

“ကောင်းကင်ရဲ့ အပြင်မှာ ကောင်းကင်ရှိသေးတယ် ဆိုတဲ့စကားက သိပ်မှန်ပါလား”

နဲ့ဟယ်ယွမ်သည် စိတ်ထဲကနေ မချိပြုံး ပြုံးလိုက်မိသည်။

ကျန်းချန်နှင့် မဆုံတွေ့မီက တလော့အင်မော်တယ်အရှင်၏ မျိုးဆက် တစ်ဦးအနေဖြင့် နဲ့ဟယ်ယွမ်သည် သူ၏ ပါရမီပေါ်တွင် အလွန်အမင်း ယုံကြည်မှုရှိခဲ့ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေ တစ်ခုလုံးတွင်ပင် သူ့ကိုယ်သူ ထိပ်တန်း ပါရမီရှင်တစ်ဦး အဖြစ် ယူဆထားခဲ့သည်။

ယခုအချိန်တွင် နဲ့ဟယ်ယွမ်သည် သူ့ကိုယ်သူ ပါရမီရှင်ဟုပင် သံသယဝင်လာခဲ့ပြီ ဖြစ်သည်။

ရှင်းလင်းစွာ ဆိုရလျှင် ကျန်းချန် ကဲ့သို့ ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင် သူ၏ ပါရမီမှာ အမှိုက်နှင့် မခြားပေ။

နဲ့ဟယ်ယွမ်၏ ထိတ်လန့်တကြား အကြည့်အောက်မှာပင် ကျန်းချန်သည် နဲ့ဟယ်ယွမ်ကို ခေါ်ဆောင်ကာ ဓားချက်များကို ဆက်တိုက်ဆိုသလို ထုတ်ဖော်၍ လမ်းဖွင့်ပေးခဲ့သည်။

အဆုံးသတ်တွင် ကျန်းချန်တို့နှစ်ဦးထံ သတ်ဖြတ်ရန် ပြေးဝင်လာသော အင်မော်တယ် သားရဲများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ကြောက်လန့်တကြားဖြင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားခဲ့သည်။

“သွားကြစို့”

ကျန်းချန်က အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားသော အင်မော်တယ် သားရဲများကို လျစ်လျူရှုလိုက်ကာ နဲ့ဟယ်ယွမ်ကို အလျင်အမြန် ခေါ်ဆောင်၍ နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။

အစောပိုင်းက တိုက်ပွဲသည် ပိုမို အစွမ်းထက်သော အင်မော်တယ် သားရဲများကို ဆွဲဆောင်နိုင်ရန် အလားအလာ အလွန်များ၏။

ရွှေအင်မော်တယ်အဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် အင်မော်တယ်သားရဲ တစ်ကောင်သာ ပါလာခဲ့လျှင် ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ဦးက မိုင်ပေါင်းထောင်ချီ အကွာအဝေးသို့ အလျင်အမြန် ထွက်ခွာလာခဲ့ကြပြီး ပတ်ဝန်းကျင်တွင် အန္တရာယ် မရှိတော့မှန်း အတည်ပြုပြီးမှသာ ရပ်တန့်လိုက်သည်။

“ညီနောင်နဲ့.. ငါ့မှာ ကိစ္စတစ်ခုရှိလို့ အမည်မဲ့အင်မော်တယ်နန်းတော်ကို သွားရဦးမယ.. ငါတို့ ဒီနေရာကပဲ လမ်းခွဲကြတာပေါ့.. ကျိဝူတောင်တန်းထဲမှာ ရှိတဲ့ အမွေအနှစ်ကို အောင်မြင်စွာ ဆက်ခံနိုင်ဖို့ ငါဆုတောင်းပေးပါတယ်”

ကျန်းချန်က ဤနေရာတွင် ဆက်လက်နေရန် အစီအစဥ် မရှိတော့ဘဲ နဲ့ဟယ်ယွမ်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“ညီနောင်ကျန်းချန်မှာ လုပ်စရာကိစ္စ ရှိနေမှတော့ ငါမတားတောာ့ပါဘူး”

နဲ့ဟယ်ယွမ်က လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

“ညီနောင်ကျန်းချန်က ဒီနေ့ ငါ့အသက်ကို နှစ်ကြိမ်တောင်ကယ်တင်ခဲ့တယ်.. ငါ့အနေနဲ့ ဒီကိစ္စကို စိတ်ထဲမှာ အမြဲ မှတ်သားထားမှာပါ.. နောင်တစ်ချိန် ငါတို့ ပြန်ဆုံတွေ့ကြတာပေါ့”

“နောက်မှပြန်ဆုံကြမယ် ညီနောင်နဲ့”

ကျန်းချန်က ပြုံး၍ အပြန်အလှန် ဂါဝရပြုလိုက်ပြီးနောက်တွင် ကျိဝူ အင်မော်တယ်တောင်တန်း၏ အရှေ့ဘက်သို့ ဆက်လက်ထွက်လာခဲ့သည်။

“ညီနောင်ကျန်းချန်က အင်မော်တယ်လောကမှာ တွေ့ရခဲတဲ့ ပါရမီရှင် တစ်ယောက်ပဲ”

ထွက်ခွာသွားသော ကျန်းချန်၏ ကျောပြင်ကို ငေးကြည့်ရင်း နဲ့ဟယ်ယွမ်၏ စိတ်ထဲတွင် အံ့ဩ ချီးကျူးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည်လည်း အစွမ်းထက်ပုဂ္ဂိုလ်၏ အမွေအနှစ်ကို ရယူကာ သူ၏ ခွန်အားကို မြှင့်တင်ရန် အချိန်တန်ပြီဟု တွေးမိခဲ့သည်။

သို့မဟုတ်လျှင် သူ့အနေဖြင့် ကျန်းချန်၏ ကျေးဇူးကိုဆပ်ရန် အရည်အချင်းပင် ရှိလိမ့်မည် မဟုတ်ပေ။

ထိုသို့ တွေးမိသည်နှင့် နဲ့ဟယ်ယွမ်သည် နောက်ထပ် တွေဝေမနေတော့ဘဲ ချက်ချင်းဆိုသလိုပင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၇၆၇)ပြီး၏။

အခန်း(၂၇၆၈)

နဲ့ဟယ်ယွမ်နှင့် လမ်းခွဲပြီးနောက်တွင် ကျန်းချန်သည် ကျိဝူ အင်မော်တယ်တောင်တန်း အတွင်း တစ်ဦးတည်း ဆက်လက်လျှောက်လှမ်းခဲ့သည်။

မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ကျန်းချန်သည် သူ၏ အရှိန်အဝါကို ဂရုတစိုက် ဖုံးကွယ်ထားခဲ့၏။

အင်အားကြီးမားသော သားရဲများနှင့် တွေ့ဆုံလျှင် သူက ရှောင်တိမ်းရန်သာ ရွေးချယ်ခဲ့သည်။

သို့ရာတွင် ကျန်းချန်က အလွန်ဂရုစိုက်ခဲ့သော်လည်း လမ်းတစ်လျှောက်တွင် သားရဲတချို့နှင့် ရင်ဆိုင်ရဆဲ ဖြစ်၏။

သားရဲအများစုသည် ကျန်းချန်၏ လျှပ်စီးကဲ့သို့ မြန်ဆန်လှသော ဓားချက်ဖြင့် အသတ်ခံခဲ့ရသည်။

ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် သားရဲတစ်ကောင်ကိုမူ ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ဖျက်ဆီးခြင်း စွမ်းအားကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုပြီးမှသာ ခက်ခက်ခဲခဲ သတ်ဖြတ်နိုင်ခဲ့၏။

ဤသို့ဖြင့် အဆုံးသတ်တွင် ကျန်းချန်သည် ကျိဝူ အင်မော်တယ်တောင်တန်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး တောင်ဘက်၏ အရှေ့ဘက်ခြမ်းသို့ ရောက်ရှိလာခဲ့သည်။

ကျိဝူ အင်မော်တယ်တောင်တန်း၏ အရှေ့ဘက်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ပင်မနန်းတော်နှင့် မဝေးတော့ပေ။

ကျန်းချန်က အနည်းငယ်မျှ စုံစမ်းရုံဖြင့်ပင် ပင်မနန်းတော်၏ တည်နေရာကို သိရှိခဲ့ပြီး ပင်မနန်းတော် ရှိရာသို့ တိုက်ရိုက်ပင် ဦးတည်လာခဲ့သည်။

အမည်မဲ့အင်မော်တယ် နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် အလျှို့ဝှက်ဆုံးနှင့် အထူးခြားဆုံး အင်အားစု ဖြစ်သလို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အင်အားအကြီးဆုံး အင်အားစုများထဲမှာ တစ်စုလည်း ဖြစ်သည်။

အမည်မဲ့အင်မော်တယ်နန်းတော်တွင် ပင်မနန်းတော် တစ်ခုနှင့် ဌာနခွဲပေါင်း ဆယ့်ရှစ်ခု ရှိပြီး ၎င်းတို့ကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ နေရာအနှံ့အပြားတွင် တည်တောင်ထား၏။

ဌာနခွဲတစ်ခုစီသည် တလော့အဆင့်ရှိ အင်အားစုများ ဖြစ်ကြသည်။

အထူးသဖြင့် အမည်မဲ့အင်မော်တယ်နန်းတော်၏ ပင်မနန်းတော်သည် မှန်းဆ၍ မရလောက်အောင် အစွမ်းထက်သည်။

အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော်တွင် အင်မော်တယ်ဘုရင်နှင့် နှိုင်းယှဥ်နိုင်သည့် တုနှိုင်းမဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်ဟု ကောလာဟလများ ရှိခဲ့သည်။

ဤအချက်ကပင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အနေဖြင့် အမည်မဲ့အင်မော်တယ်နန်းတော်ကို စိုးရိမ်ရသည့် အကြောင်းရင်း ဖြစ်သည်။

ပေဟန်ပြည်နယ်၏ အရှေ့ဘက်တွင် တည်ရှိသည့် အမည်မဲ့အင်မော်တယ်မြို့သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် တည်ရှိသည့် ပေဟန်အင်မော်တယ်မြို့တော် ကဲ့သို့ပင် စည်ကား၏။

အရင်းအမြစ်များကို ပိုမို ကောင်းမွန်စွာ ခွဲဝေရန်နှင့် ဌာနခွဲတစ်ခုဆီ၏ ထိန်းချုပ်မှုကို ပိုမို ခိုင်မာစေရန် အတွက် ပင်မနန်းတော်သည် ဆယ်စုနှစ် အနည်းငယ် သို့မဟုတ် ရာစုနှစ် အနည်းငယ်လျှင် တစ်ကြိမ် အမည်မဲ့အင်မော်တယ် နန်းတော်ကို ကျင်းပလေ့ ရှိပြီး ဌာနခွဲ ဆယ့်ရှစ်ခုကို ပင်မနန်းတော်သို့ တက်ရောက်ရန် ဖိတ်ခေါ်လေ့ ရှိသည်။

ယခုအခါတွင် ထိုခမ်းနားလှသော အမည်မဲ့အင်မော်တယ် ညီလာခံကြီးသည် ရောက်ရှိလာတော့မည် ဖြစ်သည်။

အမည်မဲ့အင်မော်တယ် မြို့တော်တွင် ကျင်းပမည့် ထိုပွဲတော်ကြောင့် ဌာနခွဲ ဆယ့်ရှစ်ခုမှ ထူးချွန်သော ပါရမီရှင် အများအပြားက အမည်မဲ့အင်မော်တယ် မြို့တော်သို့ စုရုံးရောက်ရှိနေကြသည် ဖြစ်၍ မြို့၏ စည်ကားမှုသည် ပုံမှန်ထက်ပင် ပိုနေခဲ့သည်။

ယနေ့တွင် ကျန်းချန်သည်လည်း အမည်မဲ့အင်မော်တယ်မြို့တံခါးဝသို့ ရောက်ရှိလာခဲ့၏။

သူက မြို့ထဲသို့ ဝင်ရောက်ရန်အတွက် အင်မော်တယ်ကျောက်တုံးနှစ်ဆယ်ကို မြို့ဝင်ခ အဖြစ် ပေးဆောင်တော့မည့် အချိန်မှာပင် ဒေါသတကြီး အော်ဟစ်လိုက်သော အသံ တစ်သံက သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

“မေဘေးလေး မင်းကိုး”

ရုတ်တရက် ထွက်ပေါ်လာသော အသံကို ကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး အသံလာရာဆီသို့ ကြည့်လိုက်ရာ သူ့ထံသို့ တိုက်ရိုက် လျှောက်လှမ်းလာသည့် လူငါးဦးကို တွေ့လိုက်ရသည်။

ထိုငါးဦးတွင် ကျန်းချန်နှင့် မစိမ်းသည့် လူသုံးဦး ပါဝင်၏။

ဆိုရလျှင် ထိုသုံးဦးသည် ကျိဝူ အင်မော်တယ်တောင်တန်းတွင် သူနှင့် တွေ့ဆုံခဲ့သည့် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၃)မှ ပါရမီရှင်တပည့်များ ဖြစ်သည့် ချိုးလီတို့ လူစု ဖြစ်နေသောကြောင့်ပင်။

ဤတစ်ခေါက်တွင်မူ ချိုးလီတို့ သုံးယောက် အပြင် လူငယ်တစ်ဦးနှင့် လူကြီးတစ်ဦးလည်း ပါလာခဲ့၏။

လူငယ်က အသက်နှစ်ဆယ်ခန့် ရှိပုံရပြီး ချောမောသော အသွင်အပြင် ရှိကာ မည်သူ့ကိုမှ မျက်စိထဲ မထည့်သကဲ့သို့ မောက်မာသော အမူအရာ ရှိနေခဲ့သည်။

သို့သော်လည်း ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ကောင်းကင်အင်မော်တယ် တတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ရာ ယွီရီရှန်း ကဲ့သို့ ပါရမီရှင်ထက်ပင် သာလွန်နေခဲ့၏။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင်ပင် ထိုလူငယ်နှင့် နှိုင်းယှဥ်နိုင်သူမှာ လက်ချိုးရေတွက်၍ ရသော ပမာဏမျှသာ ရှိသည်။

ကျန်ရှိသော လူကြီး၏ အရှိန်အဝါကမူ မှန်းဆ၍ မရလောက်အောင် နက်ရှိုင်း၏။

ကျိလင် အင်မော်တယ်နန်းတော်မှ တလော့ အင်မော်တယ်အရှင်မ ကျိယွင်ကျီနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူ့ရှေ့တွင် ရှိနေသော လူကြီးသည် တလော့ အဆင့် အင်မော်တယ်အရှင် တစ်ပါး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။

“ဟမ့် ငါတို့က တကယ်ကို ရေစက်ရှိတာပဲ.. မင်းဆီမှာ အမည်မဲ့အင်မော်တယ် မြို့တော်ကို လာရဲတဲ့သတ္တိ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ချိုးလီက ကျန်းချန်ကို ကြည့်ကာ လှောင်ပြုံး ပြုံး၍ ပြောလိုက်သည်။

ကျိဝူအင်မော်တယ်တောင်တန်းတွင် ထိုကောင်လေးသည် သူ၏ အကြံအစည်များကို ဖျက်ဆီးခဲ့သည်။

ထို့ကြောင့် သူက ကျန်းချန်ကို အသည်းခိုက်အောင် မုန်းတီးနေပြီး ကြီးလေးသော အဖိုးအခ ပြန်လည် ပေးဆပ်စေမည်ဟု တိတ်တဆိတ် ကျိန်ဆိုထားခဲ့၏။

အမည်မဲ့အင်မော်တယ် ညီလာခံ ကျင်းပမည့် အချိန်နှင့်သာ နီးကပ်မနေခဲ့လျှင် သူ့အနေဖြင့် စီနီယာအစ်ကိုများကို ခေါ်ကာ ကျိဝူ အင်‌မော်တယ်တောင်တန်း ဆီသို့ တစ်ခေါက်ပြန်သွားပြီး ကျန်းချန်ကို ရှာဖွေမိလိမ့်မည် ဖြစ်သည်။

သို့သော် သူကိုယ်တိုင် ကျန်းချန်ကို သွားရောက် စာရင်းမရှင်းရသေးမီမှာပင် ကျန်းချန်သည် သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤသည်မှာ သံဖိနပ်ပေါက်သည် အထိ ရှာစရာမလိုဘဲ အလိုလို ရောက်လာသည် ဟူသော ဆိုရိုးအတိုင်းပင်။

ယနေ့တွင် သူက ထိုနေ့က အရှက်ရခဲ့မှုများကို ကျန်းချန် ထံမှ ဆယ်ဆပြန်ယူရန် ဆုံးဖြတ်ထားခဲ့သည်။

ကျန်းချန်က ချိုးလီကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် လျစ်လျူရှုကာ မြို့ထဲသို့ ဝင်ရန်အတွက် မြို့ဝင်ခ ပေးဆောင်ရန် ပြင်လိုက်သည်။

ယခုအခါတွင် သူက အမည်မဲ့အင်မော်တယ် မြို့တော်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၁၈)မှ ကိုယ်စားလှယ် အဖြစ် ပွဲတော်သို့ တက်ရောက်ရန် လာသူ ဖြစ်ရာ သူ၏ အထောက်အထားကို ထုတ်ဖော်ပြသလိုက်သည်နှင့် ဌာနခွဲ(၃)မှ လူများသည် သူ့ကို ဗြောင်ကျကျ ဘာမှလုပ်ဆောင်ရဲတော့မည် မဟုတ်ပေ။

ကျန်းချန်က သူ့ကို လျစ်လျူရှုလိုက်သည်အား မြင်လျှင် ချိုးလီ၏ မျက်ဝန်းထဲတွင် ဒေါသ အရိပ်အယောင်များ တစ်ရှိန်ထိုး မြင့်တက်သွားခဲ့သည်။

သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး ကျန်းချန်၏ အရှေ့တွင် ပိတ်ရပ်လိုက်ကာ ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။

“ကောင်လေး.. ငါ မင်းကို စကားပြောနေတာကို မင်းဘာလို့ ဂရုမစိုက်ရတာလဲ.. မင်း နားပင်းနေတာလား”

“ငါ့အနားမှာ ခွေးတစ်ကောင် ဟောင်နေတာကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ”

ကျန်းချန်က မျက်မှောင်ကြုတ်ကာ အေးစက်စက် ပြောလိုက်သည်။

“ခွေးကောင်းဆိုရင် လမ်းမပိတ်နဲ့.. ငါ့ရှေ့ကနေ အခုချက်ချင်းဖယ်စမ်း”

အမည်မဲ့အင်မော်တယ် မြို့တော်၏ မြို့တံခါးဝတွင် ကျန်းချန်တို့ နှစ်ဦးကြား ဖြစ်ပေါ်နေသော ပဋိပက္ခသည် လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို လျင်မြန်စွာပင် ရရှိသွားခဲ့သည်။

“ဒီနှစ်ယောက်က ဘယ်သူတွေလဲဟ.. သတ္တိကတော့မသေးဘူးပဲ.. အမည်မဲ့အင်မော်တယ်မြို့တော်ရဲ့ တံခါးဝမှာတောင် ပြဿနာရှာရဲတယ်”

“မင်း ဟိုလူကြီးကို တွေ့လား.. ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် သူက အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ဌာနခွဲ(၃)က တလာ့အင်မော်တယ်အရှင် ဟေးယွင်ပဲ.. သူနဲ့ပါလာတဲ့ လူငယ်တွေက ဌာနခွဲ(၃)ရဲ့ တပည့်တွေပဲ ဖြစ်ရမယ်"

"အနက်ရောင်ဝတ်စုံဝတ် လူငယ်က အမည်မဲ့အင်မော်တယ်နန်းတော်က လူတွေနဲ့မှ ထိပ်တိုက်တွေ့ရဲတယ်.. သူ့ကို ကြည့်ရတာ ကိုယ့်သေတွင်း ကိုယ်တူးနေမှန်း မသိပုံပဲ”

“..........”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ ဆွေးနွေးပြောဆိုနေကြစဥ်တွင် မောက်မာသောလူသည် သူ၏ နောက်မှ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် နှစ်ဦးကို လှည့်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

“အဲဒီကောင်က ကျိဝူ အင်မော်တယ်တောင်တန်းထဲမှာ ချိုးလီကို အနိုင်ယူခဲ့တဲ့သူလား”

“အမှန်ပဲ.. စီနီယာအစ်ကို ချိုးလီက အဲဒီကောင်လေးရဲ့တိုက်ကွက် တစ်ကွက်ကိုတောင် ခံနိုင်ရည်မရှိခဲ့ဘူး”

ထိုစကားကို ပြောနေစဥ် ကျန်းချန်ကို ကြည့်နေသည့် သူတို့နှစ်ဦး၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ထိုနှစ်ဦး၏ စကားကိုကြားလျှင် မောက်မာသော လူငယ်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“စိတ်ဝင်စားစရာပဲ”

“မင်း အဲဒီကောင်လေးကို လျှော့မတွက်နဲ့.. သူ့ရဲ့ ပါရမီက မင်းထက် မနိမ့်ဘူးလို့ ငါထင်တယ်.. သူက ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကိုတောင် ရောက်နေခဲ့ပြီ”

တလော့ အင်မော်တယ်အရှင် ဟေးယွင်က မောက်မာသောလူငယ်ကို ခပ်တိုးတိုး ပြောလိုက်သည်။

ကျန်းချန်က သူ၏ အရှိန်အဝါကို ဂရုတစိုက် ဖုံးကွယ်ထားသော်လည်း အရှင်ဟေးယွင်သည် တလော့အင်မော်တယ်အဆင့်ကို ရောက်ရှိနေသည် ဖြစ်၍ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက် ကြည့်ရုံဖြင့် ထွင်းဖောက် မြင်နိုင်ခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင်ပင် ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကို ရောက်ရှိနေသူမှာ လက်ချိုးရေတွက်၍ပင် ရ၏။

ဤကဲ့သို့ ထူးချွန်သော ပါရမီရှင်တစ်ဦးသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် မည်သည့်အချိန်က ပေါ်ပေါက်လာရပါသနည်း။

“ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်လား.. ဒါဆိုရင် ဒီကောင့်ကို ပိုတောင် စိတ်ဝင်စားသွားပြီ”

စကားဆုံးသည်နှင့် မောက်မာသော လူငယ်သည် ရှေ့သို့ လှမ်းတက်လာခဲ့ပြီး ကျန်းချန်တို့ နှစ်ဦး ထိပ်တိုက် တွေ့ဆုံနေသည့် နေရာသို့ လျှောက်လာခဲ့သည်။

မောက်မာသော လူငယ် ရှေ့ထွက်လာသည်ကို မြင်လျှင် ချိုးလီ အလျင်အမြန် ပြောလိုက်သည်။

“စီနီယာအစ်ကို ရန်လီ”

မောက်မာသောလူငယ်က ချိုးလီကို လက်ကာပြလိုက်ပြီး ကျန်းချန်ကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။

“ငါက အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ ဌာနခွဲ(၃)က ရန်လီပဲ.. မင်းရဲ့ နာမည်ကို သိပါရစေ”

All Chapters