← Chapters

အခန်း (၂၇၆၉-၂၇၇၀)

Vol. 217 Ch. 2769-2770

အခန်း (၂၇၆၉-၂၇၇၀)

Vol. 217 Ch. 2769-2770

အခန်း(၂၇၆၉)

ကျန်းချန်က ရန်လီကို မျက်မှောင်ကြုတ်၍ ကြည့်ကာ ပြောလိုက်သည်။

“ငါ့နာမည်က မင်းနဲ့ ဘာဆိုင်လို့လဲ”

“ဘာမှတော့ မဆိုင်ပါဘူး”

ကျန်းချန်၏ စကားကိုကြားလျှင် ရန်လီသည် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက ကျိဝူ အင်မော်တယ်တောင်တန်းထဲမှာ ငါ့ရဲ့ဂျူနီယာညီလေးကို နာကျင်အောင် လုပ်ခဲ့တယ်.. ငါက စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ မေးမြန်းရမှာပေါ့”

ကျန်းချန်၏ မျက်နှာအမူအရာက အေးစက်သွားခဲ့သည်။

“ဘာလဲ မင်းက ဒီနေရာမှာ တိုက်ခိုက်ချင်လို့လား”

“မင်းက ငါ့ရဲ့ ဂျူနီယာညီလေး ချိုးလီကို နာကျင်အောင်လုပ်ခဲ့မှတော့ စီနီယာတစ်ယောက် အနေနဲ့ င့ါမှာတာဝန်ရှိတယ်”

ရန်လီက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရပ်နေရင်း ကျန်းချန်ကို အထက်စီးဆန်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“မင်းအနေနဲ့ ငါ့ရဲ့ တိုက်ကွက် သုံးကွက်ကို ခုခံနိုင်မယ်ဆိုရင် ငါမင်းကို လွှတ်ပေးလိုက်မယ်”

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ယခုတစ်ကြိမ် အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော်သို့ လာရသည့် အကြောင်းအရင်းမှာ ဌာနခွဲ(၁၈)အတွက် အကူအညီပေးရန် ဖြစ်ပြီး ယခုအချိန်တွင် ပြဿနာများ မဖြစ်ချင်ခဲ့ပေ။

ထို့ကြောင့် ကျန်းချန်က လျှိုဝူချန်း သူ့ကို ပေးထားသည့် တံဆိပ်ပြားကို ထုတ်ပြလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါက အမည်မဲ့ အင်မော်တယ်နန်းတော်ရဲ့ ဌာနခွဲ(၁၈)ကပဲ.. မင်း ငါနဲ့ တကယ်ပဲ တိုက်ခိုက်ချင်တာ သေချာရဲ့လား”

ရန်လီ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ(၁၈)သည် အောက်ဆုံးနေရာမှ ဌာနခွဲ ဖြစ်ပြီး အင်အား သိပ်မကောင်းပေ။

သူ၏‌ရှေ့မှ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ပါရမီရှင်လူငယ်သည် အမည်မဲ့အင်မော်တယ် နန်းတော်၏ဌာနခွဲ(၁၈)မှ ဖြစ်နေလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိဖူးပေ။

ဤအတိုင်းဆိုလျှင် အမည်မဲ့အင်မော်တယ် ညီလာခံ အတွက် ဌာနခွဲ(၁၈)သည် အသေအချာ ပြင်ဆင်ထားပုံရ၏။

“အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ ဌာနခွဲ(၁၈)မှာ မင်းလို ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာတာ တကယ်ကို အံ့ဩစရာပဲ”

ရန်လီက ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။

“ငါ ရန်လီက ပြောပြီးသား စကားကို ဘယ်တော့မှ မရုတ်သိမ်းဘူး.. မင်း ဘာသာ ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ ဒီနေရာကနေ ထွက်သွားချင်တယ် ဆိုရင် ငါ့ရဲ့တိုက်ကွက် သုံးကွက်ကို ခံယူရလိမ့်မယ်”

စကားဆုံးသည်နှင့် အားကောင်းသော အရှိန်အဝါ တစ်ခုသည် ရန်လီ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ရန်လီသည် နဂိုကတည်းကပင် သူ၏ရှေ့မှ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ပါရမီရှင် လူငယ်ကို အလွန် စိတ်ဝင်စားနေခဲ့၏။

ယခု ထိုလူငယ်က အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၁၈)မှ ဖြစ်မှန်း သိလိုက်ရလျှင် ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။

ရန်လီက သူ့ကို လွယ်လွယ်နှင့် အလွှတ်ပေးရန် အစီအစဥ်မရှိသည်ကို မြင်လျှင် ကျန်းချန်သည် စိတ်ထဲကနေ သက်ပြင်းချလိုက်ရုံမှ တစ်ပါး အခြားမရှိခဲ့ပေ။

ကြည့်ရသည်မှာ သူ့အနေဖြင့် ယနေ့တိုက်ပွဲကို ရှောင်လွဲ၍ ရနိုင်မည့်ပုံ မပေါ်ပေ။

“လခွမ်း.. အနက်ရောင်ဝတ်စုံဝတ်လူငယ်ကလည်း အမည်မဲ့အင်မော်တယ်နန်းတော်က ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ငါတို့တွေ ပွဲကြီးပွဲကောင်းကြည့်ရပြီထင်တယ်.. ဒီနှစ်ယောက်ထဲက ဘယ်သူနိုင်မယ်လို့ မင်းတို့ထင်လဲ”

“မေးနေစရာလိုသေးလို့လား.. ဌာနခွဲ(၁၈) ဆိုတာက အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ဌာနခွဲတွေ ထဲမှာပဲ အောက်ဆုံးအဆင့်ပဲ.. ရန်လီက ဌာနခွဲ(၃)ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲဟာ.. ဟိုကောင်က ရန်လီကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ”

“............”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ဆွေးနွေးပြောဆို နေခဲ့ကြပြီး ကျန်းချန် အပေါ် အကောင်းမမြင်ခဲ့ကြပေ။

“ကောင်လေး ပြင်ဆင်ထားလိုက်တော့.. ပထမတိုက်ကွက်လာပြီ”

ရန်လီက ကျန်းချန်နှင့် စကားများမနေတော့ဘဲ ဖျတ်ခနဲ လှုပ်ရှားလိုက်ရာ ကျန်းချန်၏ရှေ့တွင် ရုတ်ခြည်းဆိုသလို ပေါ်လာခဲ့ပြီး မိုးကြိုးလျှပ်စီး အလင်းများ လင်းလက်နေသော လက်သီးချက်ဖြင့် ကျန်းချန်၏ ရင်ဘတ်ကို ထိုးနှက်လိုက်သည်။

ကျန်းချန်၏ အမူအရာက အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိခဲ့ပေ။

သူက ရန်လီ၏ လက်သီးကို လက်သီးချက်ဖြင့်ပင် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

လက်သီးချင်း ထိပ်တိုက် ဆုံတွေ့မိပြီးနောက်တွင် ရန်လီသည် ခြေလှမ်း သုံးလှမ်းခန့် နောက်သို့ဆုတ်သွားခဲ့ရ၏။

သို့သော်လည်း ဆန့်ကျင်ဘက်မှ ကျန်းချန်ကမူ နေရာမရွေ့ဘဲ မားမားမတ်မတ် ရပ်နေသည်ကိုမြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်မှ ကြည့်ရှုသူများသည်လည်း အံ့အားသင့်သွားကြသည်။

“မင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ.. ဒုတိယတိုက်ကွက် လာပြီ”

စကားဆုံးသည်နှင့် ရန်လီက သူ၏ အင်မော်တယ်စွမ်းအားများကို လှုံ့ဆော်ကာ ကျန်းချန်ကို ထပ်မံ၍ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ရန်လီ၏ လက်သီးချက်က သူ့ထံသို့ ဦးတည်လာသော်လည်း ကျန်းချန်က အနည်းငယ်မျှပင် စိုးရိမ်မှုမရှိခဲ့ပေ။

သူက ရန်လီ၏ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်တော့မည့်အချိန်မှာပင် အမည်မဲ့အင်မော်တယ်မြို့တော် အပြင်ဘက်ရှိ ဟင်းလင်းပြင်တွင် ဟင်းလင်းပြင် လှိုင်းဂယက်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို ထိုးနှက်လိုက်သော ရန်လီသည် စွမ်းအား တစ်ခု၏ ရိုက်ခတ်မှုကြောင့် အဝေးသို့ လွင့်စင်သွားခဲ့၏။

ထိုအခိုက်အတန့်တွင် အလွန်တရာ လွှမ်းမိုးနိုင်စွမ်း ရှိသော အသံတစ်သံသည် ဟင်းလင်းပြင်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

“ဟေးယွင်.. မင်းရဲ့ ဌာနခွဲ(၃)က ငါတို့ ဌာနခွဲ(၁၈)ကို အနိုင်ကျင့်လို့ရမယ်များ ထင်နေတာလား.. ဒီနေ့ ဘယ်သူက ငါတို့ ဌာနခွဲ(၁၈)က လူကို ထိရဲလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

ထိုအသံက ကောင်းကင်နှင့်မြေကြီး အနှံ့ ပဲ့တင်ထပ်သွားသည်နှင့်အမျှ လူလေးဦးသည် ကျန်းချန်၏ ရှေ့မှောက်သို့ ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့သည်။

ထိုလေးဦးထဲတွင် ခေါင်းဆောင်ဖြစ်သူမှာ ငွေရောင်ဝတ်စုံဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်နှင့် ခန့်ညားသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်သည်။

ငွေရောင်ဝတ်စုံဝတ်အမျိုးသား၏ နံဘေးတွင် ကျန်းချန်နှင့် အလွန်ရင်းနှီးသော လူတစ်ဦး ပါလာခဲ့သည်။

ထိုလူမှာ အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ(၁၈)မှ အကြီးအကဲချုပ် လျှိုဝူချန်းပင် ဖြစ်၏။

ထိုနှစ်ဦး၏ နောက်တွင် လူငယ်ပါရမီရှင် နှစ်ဦး ပါလာခဲ့ပြီး တစ်ဦးမှာ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ကျန်တစ်ဦးကမူ ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုလူငယ်ပါရမီရှင်နှစ်ဦးသည် ဌာနခွဲ(၁၈)မှ ပျိုး‌ထောင်ထားသည့် ပါရမီရှင်များ ဖြစ်ပုံရ၏။

ခေါင်းဆောင်ဖြစ်သည့်ငွေရောင်ဝတ်စုံဝတ် အမျိုးသားကိုမြင်သည်နှင့် ကျန်းချန်သည် တကူးတက စဥ်းစားနေစရာပင်မလိုဘဲ ထိုပုဂ္ဂိုလ်က အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၁၈)မှ နန်းတော်သခင် ဖြစ်မှန်း သိလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. မင်းဘာမှ မဖြစ်ဘူးမဟုတ်လား”

လျှိုဝူချန်းက ကျန်းချန်ကို ကြည့်ကာ အလျင်အမြန် မေးလိုက်သည်။

ကျန်းချန်က ခေါင်းခါ ရမ်းပြလိုက်ပြီး ပြုံး၍ ပြန်ဖြေလိုက်သည်။

“ကျွန်တော့်အတွက် စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်.. အကြီးအကဲချုပ်လျှို.. ကျွန်တော် ဘာမှမဖြစ်ပါဘူး”

သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် ကောင်းကင်အင်မော်တယ် တတိယအဆင့်မျှသာ ရှိသည့် တလော့ပါရမီရှင် တစ်ယောက်သည် သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။

“တလော့အင်မော်တယ်အရှင် ယင်ယွဲ့ပါလား”

တလော့အင်မော်တယ်အရှင် ဟေးယွင်သည် ရုတ်တရက်ပေါ်လာသည့် ငွေရောင်ဝတ်စုံဝတ် အမျိုးသားကိုမြင်လျှင် မျက်နှာပျက်သွားခဲ့သည်။

“ရန်လီက သူ့ရဲ့ပါရမီကို စမ်းကြည့်ရုံသပ်သပ်ပါ.. မင်းက တလော့အင်မော်တယ်တစ်ပါး ဖြစ်ပြီး မျိုးဆက်သစ် လူငယ်လေးကို တိုက်ခိုက်တာ မလွန်လွန်းဘူးလား”

တလော့ အင်မော်တယ်အရှင် ဟေးယွင်၏ အပြစ်တင်သောစကားကိုကြားလျှင် တလော့အင်မော်တယ် အရှင် ယင်ယွဲ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဘာလဲ မင်းက မကျေနပ်ဘူးလား.. မကျေနပ်ရင် အချိန်မရွေးတိုက်လို့ရတယ်”

ထိုစကားကိုကြားလျှင် တလော့အင်မော်တယ်အရှင် ဟေးယွင်သည် မျက်နှာအမူအရာ အလွန်တရာ သုန်မှုန်သွားခဲ့သည်။

အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၁၈)သည် အောက်ဆုံးနေရာတွင်သာ ရှိသော်လည်း သူ၏ ရှေ့မှ တလော့အင်မော်တယ်အရှင် ယင်ယွဲ့သည် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ အားလုံးတွင် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ဤလူက အမည်မဲ့အင်မော်တယ် နန်းတော်တွင် ခေါင်းမာသူအဖြစ် နာမည်ကြီးပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်သလို တိုက်ခိုက်လျှင်လည်း အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်တတ်သူ ဖြစ်သည်။

အရှင်ဟေးယွင်၏ စွမ်းရည်သည် အမည်မဲ့အင်မော်တယ်နန်းတော်ရှိ တလော့အရှင်များထဲတွင် အစွမ်းအထက်ဆုံး မဟုတ်သည့်တိုင် မည်သူကမျှ သူ့ကို သွားမဆွရဲကြပေ။

“ယင်ယွဲ့.. အမည်မဲ့အင်မော်တယ် ညီလာခံက သိပ်မကြာခင် ကျင်းပတော့မယ်.. ငါတို့တွေ ညီလာခံမှပဲ တွေ့ကြတာပေါ့.. သွားကြစို့”

ထိုစကားကို ပြောပြီးသည်နှင့် တလော့ အင်မော်တယ် အရှင်ဟေးယွင်သည် ရန်လီတို့ လူစုကို ခေါ်ကာ အမည်မဲ့အင်မော်တယ်မြို့တော်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

အရှင်ဟေးယွင်တို့လူစု ထွက်ခွာသွားသည်ကိုမြင်လျှင် အရှင်ယင်ယွဲ့သည် ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး.. မင်းက အကြီးအကဲချုပ်ဝူချန်း မကြာခဏချီးကျူးနေတဲ့ ကျန်းချန်လား.. မင်းက ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်လို့ အကြီးအကဲချုပ်ဝူရှန်း ဆီကနေ ငါ ကြားခဲ့တယ်.. ဒီနေ့မြင်လိုက်ရတော့မှာ ဒီစကားအမှန်ပဲ ဆိုတာ ငါလက်ခံသွားပြီ”

“နန်းတော်အရှင်က ချီးမွမ်းလွန်းနေပါပြီ”

ကျန်းချန်က သူ့ကိုသူ နှိမ့်ချစွာ ပြောလိုက်သည်။

“ဟားဟား မြောက်ပိုင်းအေးစက်သော နယ်မြေ တစ်ခုလုံးမှာတောင် မင်းရဲ့ အသက်အရွယ်လောက်နဲ့ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကို ရောက်နိုင်တဲ့ ပါရမီရှင် သိပ်မရှိဘူး.. ဒါကိုမှ ပြိုင်ဘက်ကင်းပါရမီရှင်လို့ မခေါ်ရင် ဘယ်လိုခေါ်ရမှာလဲ”

တလော့ အင်မော်တယ်အရှင် ယင်ယွဲ့က အားပါးတရ ရယ်မောကာ ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် သူတို့ဌာနခွဲ(၁၈)သည် ကျန်းချန်၏ အကူအညီကို ရရှိထားသည်ဖြစ်ရာ သိပ်မကြာခင် ကျင်းပမည့် အမည်မဲ့အင်မော်တယ် ညီလာခံတွင် သူတို့၏ အဆင့်သည် မြင့်တက်လာမည်မှာ သေချာသလောက် ရှိနေခဲ့သည်။

“ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်လား”

အရှင်ယင်ယွဲ့၏ စကားကိုကြားလျှင် လျှိုဝူချန်းသည် ကျန်းချန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“မင်းက ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကိုတောင် ရောက်သွားပြီလား”

အမည်မဲ့ အင်မော်တယ်နန်းတော်၏ ဌာနခွဲ(၁၈)တွင် ရှိစဥ်က ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်သာ ရှိသေးသည်ကို သူ မှတ်မိခဲ့သည်။

သို့သော်လည်း လပိုင်းအတွင်းမှာပင် ကျန်းချန်သည် တစ်ဆင့်ပြီးတစ်ဆင့်ကျော်ဖြတ်ကာ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထိ ရောက်ရှိသွားခဲ့၏။

ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော တိုးတက်မှုအရှိန်အဟုန်သည် အတော်လေး လွန်လွန်းနေသည်ဟုပင် ဆိုရပေတော့မည်။

အခန်း(၂၇၆၉)ပြီး၏။

အခန်း(၂၇၇၀)

“သိပ်မကြာခင်က ကျိဝူအင်မော်တယ်တောင်တန်းမှာ ကံကောင်းပြီး အခွင့်အရေးတချို့ ရခဲ့လို့ပါ”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ကျိဝူ အင်မော်တယ်တောင်တန်းမှာပဲ ဌာနခွဲ(၃)က ပါရမီရှင်တပည့်တွေနဲ့ ဆုံတွေ့ခဲ့တာပါ”

ကျန်းချန်က တလော့အဆင့်‌ ဆေးလုံးကို မျိုချခဲ့သည်ဟူသောအချက်အလက်ကို ပြောပြရန် ရည်ရွယ်ချက် မရှိသဖြင့် ကျိဝူ အင်မော်တယ် တောင်တန်းတွင် ရရှိခဲ့သော အခွင့်အရေးကြောင့် ဖြစ်သည်ဟု လိမ်ညာပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒါကြောင့်ကိုး”

လျှိုဝူချန်းက နားလည်သွားသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

ပေဟန်ပြည်နယ်ရှိ ကျိဝူ အင်မော်တယ်တောင်တန်းနှင့် ပတ်သက်၍ လျှိုဝူချန်းသည် အနည်းငယ် ကြားဖူးနားဝရှိသည်။

ကျိဝူတောင်တန်းသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် သမိုင်းကြောင်း အရှည်လျားဆုံး ရှေးဟောင်း အင်မော်တယ်တောင်တန်း တစ်ခု ဖြစ်ပြီး ထိုတောင်တန်းအတွင်း၌ ရှေးခေတ်ကာလက အင်မော်တယ်များ ချန်ထားရစ်ခဲ့သည့် အမွေအနှစ်များစွာ ရှိသည်ဟု ဆိုကြသည်။

ကျန်းချန်က ကျိဝူ အင်မော်တယ်တော်တန်းထဲမှာ အခွင့်အရေး တချို့ကို ရရှိခဲ့သည် ဆိုလျှင် ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်၊သုံးဆင့်ခန့် ဆက်တိုက်ဆိုသလို တိုးတက်သွားခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က ထပ်မံ၍ တိုးတက်သွားခြင်းကို လျှိုဝူချန်း ဝမ်းသာနေခဲ့သည်။

ယင်းမှာ သူတို့ ဌာနခွဲ(၁၈) အတွက် အလွန်ဝမ်းသာစရာကောင်းသော သတင်းပင် မဟုတ်ပါလော။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်သည် ပင်မနန်းတော်တွင် ကျင်းပမည့် အမည်မဲ့အင်မော်တယ် ညီလာခံတွင် ပါဝင်ရန် သူတို့ ဌာနခွဲ(၁၈)ကို ကိုယ်စားပြုမည့် အဓိက ပုဂ္ဂိုလ် ဖြစ်သောကြောင့်ပင်။

ကျန်းချန်၏ စွမ်းရည် ပိုမို သန်မာလေလေ သူတို့ဌာနခွဲ(၁၈)အတွက် အကျိုးအမြတ် ပိုမိုရရှိလေလေပင် ဖြစ်၏။

ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်တွင် ကျန်းချန်ရှိစဥ်က လျှိုဝူချန်း၏ ရည်မှန်းချက်သည် ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်ရန်သာ ဖြစ်သည်။

ယခုအခါတွင်မူ ကျန်းချန်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ရာ အမည်မဲ့အင်မော်တယ် နန်းတော် တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ကျန်းချန်နှင့် ယှဥ်ပြိုင်နိုင်သော ပါရမီရှင်သည် လက်ချိုးရေတွက်၍ ရနေပြီဖြစ်သည်။

ဆိုရလျှင် ယခုတစ်ကြိမ်တွင် သူတို့ ဌာနခွဲ(၁၈)သည် အနည်းဆုံး ထိပ်ဆုံးငါးနေရာ စာရင်းဝင်နိုင်မည်မှာ သေချာသလောက်ပင်။

ထိပ်ဆုံး သုံးနေရာထဲ ရောက်ရှိရန်ပင် မဖြစ်နိုင်သည်တော့မဟုတ်ပေ။

“ကျန်းချန် တလော့ အင်မော်တယ်အရှင် ဟေးယွင် ဦးဆောင်တဲ့ ဌာနခွဲ(၃)ကလူတွေက စိတ်ဓာတ် သိပ်မကောင်းတဲ့ လူစုပဲ.. မင်း သူတို့ကို ရန်စမိထား‌တော့ အထူးသတိထားမှ ဖြစ်လိမ့်မယ်”

ချင်ယင်ယွဲ့က အလေးအနက် သတိပေးလိုက်သည်။

“ဒါပေမဲ့ အမည်မဲ့အင်မော်တယ် မြို့တော်ထဲမှာ ရှိနေသရွေ့တော့ သူတို့ မင်းကို ဗြောင်ကျကျ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး.. ဒါပေမဲ့ အမည်မဲ့အင်မော်တယ် ညီလာခံမှာတော့ သူတို့ မင်းကို ပစ်မှတ်ထား တိုက်ခိုက်လာမှာ ငါ သေချာပေါက် ပြောရဲတယ်”

“ကိစ္စမရှိပါဘူး”

ကျန်းချန်က ယုံကြည်မှုရှိစွာ ပြုံး၍ ပြောလိုက်သည်။

“အမည်မဲ့အင်မော်တယ် ညီလာခံမှာ သူတို့တွေ ကျွန်တော့်ကို ပစ်မှတ်ထားရင်တောင် ကျွန်တော် ဂရုမစိုက်ပါဘူး.. ရွယ်တူချင်း တိုက်ပွဲဆိုရင် ကျွန်တော် ဘယ်သူ့ကိုမှ မကြောက်ဘူး”

အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၃)မှ အစွမ်းထက်ဆုံး ပါရမီရှင်မှာ ကောင်းကင်အင်မော်တယ် တတိယအဆင့်ကျင့်ကြံသူ ဖြစ်သည့် ရန်လီ ဖြစ်သည်။

သူသာ အင်အားအပြည့်အဝ အသုံးပြုမည်ဆိုလျှင် ရန်လီကို သတ်ပစ်ရန်မှာ အလွန်အမင်း ခက်ခဲသောကိစ္စ မဟုတ်ပေ။

“ဟားဟား ဘယ်သူ့ကိုမှ မကြောက်ဖူးတဲ့လား.. ငါတော့ မင်းကို ပိုပိုပြီး သဘောကျလာခဲ့ပြီ”

ကျန်းချန်၏ ပြတ်သားသော စကားကိုကြားလျှင် အရှင်ယင်ယွဲ့သည် ရယ်မော၍ ပြောလိုက်သည်။

“သွားကြစို့ ငါတို့မြို့ထဲ အရင်ဝင်ကြရအောင်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် အရှင်ယင်ယွဲ့သည် လူပေါင်းများစွာ၏ ကြည့်ရှုနေမှုအောက်မှာပင် အမည်မဲ့အင်မော်တယ်မြို့တော် အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

“လခွမ်း.. အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ ဌာနခွဲ(၁၈)မှာလည်း ဒီလို ပါရမီရှင်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“အမှန်ပဲ.. အဲဒီလူငယ်က ရန်လီရဲ့လက်သီးချက်ကိုတောင် အေးအေးဆေးဆေး တားဆီးနိုင်ခဲ့တယ်.. သူ့ရဲ့စွမ်းရည်က လုံးဝ လျှော့တွက်လို့မရဘူး.. ဒီတစ်ခေါက်ကျင်းပမဲ့ အမည်မဲ့အင်မော်တယ် ညီလာခံက အကြိတ်အနယ်ရှိတော့မယ် ထင်တယ်.. ဌာနခွဲ(၁၈)က ဒီပြိုင်ပွဲမှာ ဖြတ်မြင်း ဖြစ်လာနိုင်တယ်”

အမည်မဲ့အင်မော်တယ် နန်းတော်တွင် ဌာနခွဲပေါင်း ဆယ့်ရှစ်ခု ရှိပြီး ဌာနခွဲတစ်ခုစီအတွက် အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော်သည် ခြံဝန်း တစ်ခုစီ စီစဥ်ပေးထားခဲ့သည်။

ကျန်းချန်တို့ လူစုသည် ချင်ယင်ယွဲ့၏ ဦး‌ဆောင်မှုဖြင့် မကြာမီမှာပင် ဌာနခွဲ(၁၈) အတွက် သတ်မှတ်ထားသည့် ခြံဝန်း ဆီသို့ ရောက်ရှိလာခဲ့သည်။

“ကျန်းချန် အမည်မဲ့အင်မော်တယ် ညီလာခံ စတင်ဖို့ အချိန်အနည်းငယ် ကျန်သေးတယ်.. အကြီးအကဲချုပ်ဝူနဲ့ ငါက ပင်မနန်းတော်ကို သွားရဦးမယ်.. မင်းကတော့ ဒီနေရာမှာပဲ နေရစ်ခဲ့ပါ.. မင်းပျင်းတယ်လို့ ခံစားရရင်လည်း အမည်မဲ့အင်မော်တယ်မြို့တော်ထဲမှာ လမ်းလျှောက်ထွက်လို့ရပါတယ်.. အမည်မဲ့အင်မော်တယ် မြို့တော်ထဲမှာ ကိုယ်ရေးကိုယ်တာ ရန်ဖြစ်တာတွေကို တားမြစ်ထားတယ်.. အထူးသဖြင့် အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ ဌာနခွဲတွေက လူတွေပဲ.. ဌာနခွဲက လူတွေအနေနဲ့ အမည်မဲ့အင်မော်တယ် မြို့တော်ထဲမှာ တိုက်ခိုက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်.. ဒါကြောင့် မင်းပြဿနာတက်မှာကို စိုးရိမ်နေဖို့ မလိုဘူး”

ကျန်းချန်တို့ လူစုကို နေရာချထားပေးပြီးနောက်တွင် ယင်ယွဲ့သည် ကျန်းချန် တို့ကို ညွှန်ကြားခဲ့ပြီး လျှိုဝူချန်းနှင့် အတူ လျင်မြန်စွာ‌ ပျောက်ကွယ်သွားခဲ့သည်။

“ညီနောင်ကျန်းချန် ငါတို့ အမည်မဲ့အင်မော်တယ် မြို့တော်ထဲမှာ လျှောက်လည်ကြမယ်.. မင်း ငါတို့နဲ့ အတူတူလိုက်ခဲ့မလား”

အရှင်ယင်ယွဲ့တို့ နှစ်ဦး ထွက်ခွာသွားပြီးနောက်တွင် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူက ကျန်းချန်ကို ပြုံးရွှင်စွာ ဖိတ်ခေါ်လိုက်သည်။

ဟယ်ယွီဟု အမည်ရသော ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူသည် အရှင်ယင်ယွဲ့၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ဌာနခွဲ(၁၈)၏ နံပါတ်တစ် ပါရမီရှင်လည်း ဖြစ်သည်။

ဟယ်ယွီသည် စိတ်သဘောထားပြည့်ဝပြီး ပေါင်းရသင်းရလွယ်ကူသူ ဖြစ်ကာ အရှင်ယင်ယွဲ့၏ တပည့် ဖြစ်သော်လည်း အနည်းငယ်မျှ မောက်မာခြင်း မရှိပေ။

သူက လူငယ်ပါရမီရှင်များနှင့် မိတ်ဆွေဖွဲ့ရသည်ကို အလွန်ပင် နှစ်သက်သူလည်း ဖြစ်သည်။

ကျန်းချန်က သူတို့ ဌာနခွဲ(၁၈)ရှိ ပရိသတ်အားလုံးကို လွှမ်းမိုးသွားသည်ဖြစ်ရာ ဟယ်ယွီ ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း ထိုသတင်းကို ကြားထားသဖြင့် ကျန်းချန်နှင့် မိတ်ဆွေဖွဲ့ရန် သဘာဝကျစွာပင် ဆန္ဒရှိနေခဲ့သည်။

“မင်းတို့ပဲ သွားကြပါ.. ငါမလိုက်တော့ဘူး.. ငါဒီမှာ တစ်ခဏလောက် ကျင့်ကြံလိုက်ဦးမယ်”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဟယ်ယွီ၏ ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်သည်။

အမည်မဲ့ အင်မော်တယ်မြို့တော် အတွင်း၌ သူတို့ကို ဗြောင်ကျကျ မည်သူမျှ တိုက်ခိုက်ရဲမည် မဟုတ်သော်လည်း ချုံခိုတိုက်ခိုက်မှုများကို ရှောင်ရှားရန်မှာ လွယ်ကူမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် အပြင်ထွက်ပြီး မလိုလားအပ်သော ပြဿနာများကို မရှာချင်ခဲ့ပေ။

အမည်မဲ့အင်မော်တယ် မြို့တော်ထဲတွင် လျှောက်လည်နေမည့်အစား ဤနေရာတွင် ကျင့်ကြံကာ အမည်မဲ့အင်မော်တယ်ညီလာခံ မကျင်းပမီ သူရရှိထားသည့် ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ်ကို နားလည်အောင် ကြိုးစားသည်က ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။

ကျန်းချန်က အပြင်ထွက်လည်ရန် အစီအစဥ်မရှိသည်ကို မြင်လျှင် ဟယ်ယွီသည် အတင်းအကျပ် မတိုက်တွန်းတော့ပေ။

သူက ကျန်းချန်ကို နှုတ်ဆက်လိုက်ပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူနှင့်အတူ အပြင်သို့ ထွက်သွားခဲ့သည်။

ထိုနှစ်ဦး ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် သူ၏ အခန်း ဆီသို့ ပြန်ဝင်လာခဲ့သည်။

ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို အမြန်ဆုံးနားလည် သဘောပေါက်နိုင်ရန် အတွက် ကျန်းချန်သည် အချိန်မျှော်စင်ထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်ခဲ့ပြီး ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ်ကို ဆက်လက် ကျင့်ကြံခဲ့သည်။

“ဒင်.. သင်က ပြည့်စုံမှုမရှိတဲ့ အင်မော်တယ်ဧကရာဇ် အဆင့်ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို လေ့လာပြီး အဆ ၁၀၀ နားလည်သဘောပေါက်မှုကို လှုံ့ဆော်လိုက်ပါပြီ”

“ဒင်.. သင်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ရဲ့ တစ်သောင်းပုံ တစ်ပုံကို အောင်မြင်စွာ နားလည်သဘောပေါက်သွားခဲ့ပါပြီ”

“ဒင်.. သင်က ပြည့်စုံမှု မရှိတဲ့ အင်မော်တယ်ဧကရာဇ် အဆင့်ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို လေ့လာပြီး အဆ ၁၀၀ နားလည်သဘောပေါက်မှုကို လှုံ့ဆော်လိုက်ပါပြီ”

“ဒင်.. သင်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ရဲ့ တစ်သောင်းပုံ တစ်ပုံကို အောင်မြင်စွာ နားလည်သဘောပေါက်သွားခဲ့ပါပြီ”

“...........”

“ဒင်.. သင်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို အောင်မြင်စွာ နားလည် သဘောပေါက်သွားခဲ့ပါပြီ”

ဆယ်ရက်မပြည့်မီမှာပင် ကျန်းချန်သည် အချိန်မျှော်စင်၏ ဆယ်ဆမြန်သော အချိန်စီးဆင်းမှု အကူအညီဖြင့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ်ကို အောင်မြင်စွာ နားလည်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ်တွင် တိုက်ကွက်သုံးကွက်ရှိသည်။

ယင်းမှာ အင်မော်တယ်ဝိညာဥ်ဖျက်ဆီးခြင်း၊တောင်တန်းနှင့်မြစ်ချောင်းများ ပြိုလဲပျက်စီးခြင်းနှင့် ကောင်းကင်နှင့်မြေကြီးငြိမ်သက်ခြင်းတို့ဖြစ်သည်။

သူ ယခင်က နတ်ဘုရားနယ်မြေတွင် တတ်မြောက်ခဲ့သည့် လူသားဧကရာဇ်မှ တိုက်ကွက် သုံးကွက်သည် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ တိုက်ကွက်သုံးကွက်မှ ဆင်းသက်လာခြင်းဖြစ်သည်ကို ကျန်းချန် တွေ့ရှိခဲ့သည်။

သူက လူသားဧကရာဇ်စည်းတံဆိပ်၏ တိုက်ကွက် သုံးမျိုးကို နားလည်ထားသောကြောင့် ကောင်းကင်ဧကရာဇ်စည်းတံဆိပ်၏ တိုက်ကွက် သုံးကွက်ကို လေ့လာရာတွင် အလျင်အမြန် နားလည်သဘောပေါက်ခဲ့ခြင်း ဆိုလည်းမမှားပေ။

ကျန်းချန်သည် အချိန်မျှော်စင်အတွင်း ခန့်မှန်းခြေ နှစ်ဝက်ခန့် အချိန်ယူခဲ့ရပြီး အင်မော်တယ်ဧကရာဇ် အဆင့် နည်းစနစ်ကို တတ်မြောက်သွားခဲ့သည်။

သို့သော် ပြင်ပကမ္ဘာတွင်မူ တစ်လပင် မကြာသေးပေ။

“ဒီ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်က တကယ်ကို ထူးခြားပြီး လွှမ်းမိုးနိုင်စွမ်းရှိလွန်းတယ်.. လက်ရှိ ငါ့ရဲ့ စွမ်းရည်နဲ့ ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ်ကို အသုံးပြုမယ်ဆိုရင် အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို အသုံးမပြုရင်တောင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူကို ယှဥ်နိုင်မယ် ထင်တယ်”

ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ်၏ စွမ်းအားကို ခံစားမိလျှင် ကျန်းချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“အမည်မဲ့အင်မော်တယ်ညီလာခံ သိပ်မကြာခင် ကျင်းပတော့မှာဆိုတော့ အချိန်မျှော်စင်ထဲကနေ အရင်ထွက်ရမယ်”

ထိုသို့ အတွေးဝင်လာပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် အချိန်မျှော်စင်ထဲကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၇၇၀)ပြီး၏။

All Chapters