← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 34 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 34 Ch. 391-392

အပိုင်း (၃၉၁)

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “တတိယသားတော်... ငါ ဒီလို စဉ်းစားထားတယ်။ ငါ့အသက်လည်း ကြီးနေပြီ။ တရားကျင့်ကြံလာတာလည်း နှစ်အတော်ကြာပြီ ဆိုတော့ ဦးနှောက်လည်း နည်းနည်း ထိုင်းမှိုင်းနေလောက်ပြီ။ ဒါကြောင့် ငါ တရားကျင့်ကြံတဲ့ အကြောင်းပြချက်ကို သုံးပြီး ဒီကိစ္စကို လုပ်ဆောင်မယ်။

ငါ အိပ်မက်ထဲမှာ လန်ကျိုး ပင်လယ်ပြင်ကနေ နဂါးတစ်ကောင် ကောင်းကင်ပေါ် တက်သွားတာကို မြင်မက်တယ်။ ကောင်းကင်နဲ့ မြေကြီး ပြောင်းပြန် ဖြစ်သွားပြီး ပင်လယ်ရေတွေ ကုန်းပေါ် တက်လာတာကို မြင်မက်တယ်။

ဒါကြောင့် ငါက လန်ကျိုး ပင်လယ်ပြင်ကို လူလွှတ်ပြီး နတ်ပူဇော်ပွဲ လုပ်ခိုင်းမယ်။ ပြီးတော့ လူသိန်းချီကို အတင်းအကျပ် နောက်ဆုတ်ခိုင်းပြီး စစ်သင်္ဘောတွေ၊ ကုန်သည်သင်္ဘောတွေ အားလုံးကို ဝေးဝေး ရှောင်ခိုင်းမယ်။

အဲဒီလိုလုပ်လိုက်ရင် ဒုတိယလ အလယ်လောက်မှာ ငလျင်ကြီး၊ ဆူနာမီကြီး မဖြစ်ပေါ်လာဘူး ဆိုရင်တောင် လောကက လူတွေက ဧကရာဇ်ဟောင်းဟာ အသက်ကြီးပြီး ဦးနှောက်ထိုင်းမှိုင်းနေပြီလို့ပဲ ထင်ကြလိမ့်မယ်။ ငါ အသက်လည်း ကြီးပြီ၊ ရာထူးလည်း စွန့်ထားပြီဖြစ်ပြီး အရင်တုန်းကလည်း အကျိုးဆောင်မှုတွေ အများကြီး လုပ်ခဲ့ဖူးတော့ ဒီနာမည်ဆိုးကို ခံနိုင်ပါသေးတယ်။ မင်းက ဧကရာဇ်ကောင်း တစ်ပါး ဖြစ်နေရင် ရပါပြီ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ် ဝမ်ယွင်သည် မျက်ရည်များ ကျဆင်းလာပြီး အသံကျယ်ကျယ်ဖြင့် ငိုကြွေးကာ ပြောလိုက်သည်။ “ခမည်းတော် ဘာတွေ ပြောနေတာလဲ။ ခမည်းတော်က တိုင်းပြည်အတွက် တစ်စိုက်မတ်မတ် လုပ်ဆောင်ပေးနေတာကို ဘယ်လိုလုပ်ပြီး နာမည်ဆိုး ခံခိုင်းလို့ ရမှာလဲ။

အဲဒီလိုလုပ်ရင် သားတော်ကို သတ်ပစ်လိုက်တာကမှ ပိုကောင်းအုံးမယ်။ ဒီလောက် သစ္စာမရှိ၊ မိဘကျေးဇူး မသိတတ်တဲ့သူ တစ်ယောက် အနေနဲ့ ခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ ဘယ်လို မျက်နှာ ရှိတော့မှာလဲ။ ဘာနာမည်ဆိုးပဲ ဖြစ်ဖြစ် သားတော်က ခမည်းတော်နဲ့ အတူတူ ခံယူပါ့မယ်။”

ဆက်လက်၍ ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “ခမည်းတော်... လန်ကျိုးကို သွားပြီး ဒီကိစ္စကို လုပ်ဆောင်မယ့်သူဟာ သေချာပေါက် မင်းသား တစ်ပါး ဖြစ်ရပါမယ်။ ခမည်းတော် ဘယ်သူ့ကို စေလွှတ်ချင်ပါသလဲ။”

ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။ “ငါ ပြောပြီးပြီလေ။ မင်းကမှ ဧကရာဇ် ဖြစ်တယ်။ အရာအားလုံးကို မင်းပဲ ဆုံးဖြတ်ရမယ်။ ဒီနေ့ မင်းကို ခေါ်လိုက်တာက ဒီကိစ္စအတွက်ပဲ။ မင်းက နိုင်ကော်၊ ဆူမီယွမ် တို့နဲ့ ဆွေးနွေးချင်တယ်ဆိုရင်လည်း အချိန်မြန်မြန် လုပ်ရလိမ့်မယ်။

ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို မင်းပဲ ဆုံးဖြတ်ပါ။ ဒါပေမဲ့ မြန်မြန် လုပ်ရမယ်။ မင်း မှတ်ထားရမှာ တစ်ခုပဲ ရှိတယ်။ ဒီကိစ္စအတွက် ဘယ်လို နာမည်ဂုဏ်သတင်း ထိခိုက်မှုမျိုးကိုမဆို ခမည်းတော်က တာဝန်ယူပေးဖို့ အသင့် ရှိပါတယ်။”

ဧကရာဇ် ဝမ်ယွင်သည် အလွန်အမင်း ဝမ်းသာကြည်နူးသွားပြီး ငိုသံပါကြီးဖြင့် ပြောလိုက်၏။ “သားတော် အရမ်းကြောက်ရွံ့မိပါတယ်။ သားတော် မိဘကျေးဇူး မသိတတ်ခဲ့ပါဘူး။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “သွားတော့... သွားတော့။”

ဧကရာဇ် ဝမ်ယွင်က နောက်တစ်ကြိမ် ဦးညွတ်ကာ မျက်ရည်များဖြင့် ပြောလိုက်၏။ “ခမည်းတော်... သားတော်ကို တစ်ချက်လောက် ကြည့်ခွင့်ပြုပါလား။ သားတော် ခမည်းတော်ကို မတွေ့ရတာ ရှစ်နှစ်တောင် ရှိသွားပြီ။ တကယ်ကို အရမ်း လွမ်းနေတာပါ။”

ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။ “မတွေ့တာပဲ ကောင်းပါတယ်။ ငါက လောကီနဲ့ ကင်းကွာနေတဲ့ သူတစ်ယောက် ဖြစ်သွားပြီဆိုတော့ လုံးဝ ကင်းကွာသွားတာကမှ ပိုကောင်းပါတယ်။”

ဧကရာဇ် ဝမ်ယွင်က ထပ်မံ ဦးညွတ်ကာ ပြောလိုက်၏။ “ဒါဆိုရင် သားတော် ပြန်ခွင့်ပြုပါအုံး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်ချက်ချချ သားတော် လာပြီး အစီရင်ခံပါ့မယ်။ ခမည်းတော်ပဲ အဆုံးအဖြတ် ပေးပါ။”

“မလိုဘူး။ တိုင်းပြည်က မင်းရဲ့ တိုင်းပြည်ပဲ။ ထီးနန်းကလည်း မင်းရဲ့ ထီးနန်းပဲ။ ဒါကြောင့် ဘယ်လို ဆုံးဖြတ်ချက်မျိုးကိုမဆို မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ်။” ဧကရာဇ်ဟောင်းက ပြတ်သားစွာဖြင့် ပြောလိုက်သည်။

ဧကရာဇ် ဝမ်ယွင် သည် အလွန် နှမြောတသစွာဖြင့် နောက်တစ်ကြိမ် ဦးညွတ်ကာ နှုတ်ဆက်လိုက်၏။

ရှန်ချင်းနန်းဆောင်မှ ထွက်ခွာလာချိန်တွင် သူ၏ ရင်ထဲရှိ အသက်ရှူကြပ်မှုများမှာ ဖြည်းညင်းစွာ ပျောက်ကွယ် သွားတော့သည်။

လူအများ၏ အာရုံစိုက်မှုအောက်တွင် ဧကရာဇ် ဝမ်ယွင် သည် ရှန်ချင်းနန်းဆောင်မှ ထွက်ခွာလာခဲ့ပြီး မျက်လုံးများမှာလည်း နီရဲနေကာ အငိုမျက်လုံးနှင့် ဖြစ်နေ၏။

လူတိုင်း စိတ်ထဲတွင် ထိတ်လန့်နေကြပြီး အတွေးများ သွားကြတော့သည်။ ‘ဘာတွေ ဖြစ်သွားတာလဲ။ ဧကရာဇ်မင်းမြတ် ဆူပူကြိမ်းမောင်း ခံလိုက်ရတာလား။’

နန်းတော်သို့ ပြန်ရောက်ပြီးနောက် ဧကရာဇ် ဝမ်ယွင်သည် အမိန့်တော် တစ်ရပ်ကို ထုတ်ပြန်လိုက်၏။

နိုင်ကော်မှ အမတ်များ၊ ဆူမီယွမ်မှ အမတ်များ၊ ဝန်ကြီးဌာန ခြောက်ခုမှ ဝန်ကြီးများနှင့် နက္ခတ်တာရာရုံး တို့ကို ခေါ်ယူတွေ့ဆုံခြင်း ဖြစ်သည်။

ဤအမိန့်တော်မှာ လူတိုင်းကို အံ့ဩသွားစေခဲ့၏။ ဤအစည်းအဝေးမှာ အသေးစား ညီလာခံ တစ်ခုနီးပါး ကြီးမားသော်လည်း အဘယ်ကြောင့် စုံစမ်းစစ်ဆေးရေးရုံးကို မဖိတ်ကြားရသနည်း။

ထို့အပြင် နက္ခတ်တာရာရုံး ဆိုသည်မှာ မည်သည့်အရာနည်း။ ထိုအရာမှာ အရမ်းကို ဝေးကွာလွန်းသည့် အစိုးရရုံး တစ်ခုဖြစ်ပြီး ဘယ်အသေးစား ညီလာခံမှာမှ ပါဝင်ခွင့် မရှိခဲ့ချေ။

သို့ပေမည့် ဤအမတ်များကို မခေါ်ယူမီ ဧကရာဇ် ဝမ်ယွင်သည် ဟေးပင်းထိုင်ကို အမိန့်ပေးကာ အောက်ယွီကို နန်းတော်အတွင်းသို့ အရင် ခေါ်ဆောင်လာစေခဲ့သည်။

စာကြည့်ဆောင် အတွင်း၌ ဧကရာဇ် ဝမ်ယွင်သည် အောက်ယွီကို မျက်လုံးများမှ မီးတောက်များ ထွက်ပေါ်မတတ် စိုက်ကြည့်နေ၏။

“အောက်ယွီ... ခင်ဗျားက တကယ်ကို ရဲတင်းလွန်းတယ်။ ခင်ဗျားရဲ့ အဲဒီ မြေပုံကို ဘာလို့ ကိုယ်တော့်ဆီ မဆက်သဘဲ ဧကရာဇ်ဟောင်းဆီကို သွားဆက်သရတာလဲ။”

ဧကရာဇ် ဝမ်ယွင်က ဒေါသတကြီး ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းဟာ တရားကျင့်ကြံရင်း အေးချမ်းစွာ အနားယူနေတာကို ခင်ဗျားက ဘာဖြစ်လို့ သွားပြီး နှောင့်ယှက်ရတာလဲ။ ဒီကိစ္စက ကြီးမားတဲ့ တာဝန်ကို ယူရမယ့်ကိစ္စပဲ။ အခု ခင်ဗျားက ဧကရာဇ်ဟောင်းကိုပါ ဆွဲသွင်းလိုက်ပြီ။

ဧကရာဇ်ဟောင်းက တိုင်းပြည်အတွက်၊ ကိုယ်တော့်အတွက် အမြဲ စဉ်းစားပေးတဲ့သူမို့လို့ ဒီကိစ္စအတွက် သူ့ရဲ့ တစ်သက်တာ နာမည်ဂုဏ်သတင်းကိုတောင် စတေးဖို့ ဆန္ဒရှိနေပြီ။

ကိုယ်တော် ခင်ဗျားကို ပြောပြမယ်။ အောက်ယွီ... ကိုယ်တော့်ရဲ့ နာမည်ဂုဏ်သတင်း ပျက်စီးသွားတာ ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ ဒီကိစ္စကြောင့် ဧကရာဇ်ဟောင်းရဲ့ နာမည်ဂုဏ်သတင်းသာ ပျက်စီးသွားခဲ့မယ်ဆိုရင် ခင်ဗျားကို အကြိမ်တစ်ရာ အရှင်လတ်လတ် အရေခွံခွာ သတ်ရင်တောင် မလုံလောက်ဘူး။

ခင်ဗျားက ဘာဖြစ်လို့ ဧကရာဇ်ဟောင်းကိုပါ ဆွဲသွင်းရတာလဲ။ ဒီလောက်ကြီးမားတဲ့ တာဝန်ကို ကိုယ်တော့်ဆီ လာပေးရင် မရဘူးလား။ မကောင်းဘူးလား။ အကယ်၍ ခင်ဗျားက ဒီကိစ္စကို ကိုယ်တော့်ဆီ အပ်ခဲ့မယ်ဆိုရင် အနာဂတ်မှာ ကိစ္စတစ်ခုခု လွဲချော်သွားခဲ့ရင်တောင် ကိုယ်တော့် အနောက်မှာ ဧကရာဇ်ဟောင်း ရှိနေသေးလို့ အင်ပါယာ အတွက် နောက်ဆုတ်ဖို့ လမ်းကျန်သေးတယ်။

ဒါပေမဲ့ ခင်ဗျားက ဧကရာဇ်ဟောင်းကိုပါ ဆွဲသွင်းလိုက်တော့ အခု နောက်ဆုတ်ဖို့ လမ်းတောင် မရှိတော့ဘူး။ ခင်ဗျား ဒီလိုလုပ်တာက ကိုယ်တော့်ကို သစ္စာမရှိ၊ မိဘကျေးဇူး မသိတတ်တဲ့ အခြေအနေမျိုး ရောက်အောင် တွန်းပို့လိုက်တာပဲ။”

ဧကရာဇ်သည် အောက်ယွီကို တစ်နာရီ၏ လေးပုံတစ်ပုံခန့် အဆက်မပြတ် ဆဲဆိုနေပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကာ လက်ဖက်ရည် တစ်အိုးလုံးကိုပင် ကုန်အောင် သောက်လိုက်ရ၏။ နောက်ဆုံးတွင် ဆဲဆိုမှု ပြီးဆုံးသွားတော့သည်။

ဧကရာဇ်၏ အသံမှာ ပြန်လည် တည်ငြိမ်လာပြီး ပြောလိုက်၏။ “ကိစ္စတွေက ဒီအဆင့်အထိ ရောက်လာပြီဆိုတော့ ခင်ဗျားကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ရင်တောင် အသုံးမဝင်တော့ဘူး။ ဒီကိစ္စကို ကျုပ်တို့ အတူတူ ရင်ဆိုင် ဖြေရှင်းကြတာပေါ့။”

“ဒါပေမဲ့ အောက်ယွီ... ခင်ဗျား ကိုယ်တော့်ကို အမှန်တိုင်း ပြောရမယ်။ ခင်ဗျားရဲ့ ခန့်မှန်းချက်က မှန်ကန်ရဲ့လား။ လန်ကျိုး ပင်လယ်ပြင်မှာ တကယ်ပဲကြီးမားတဲ့ ငလျင်ကြီး လှုပ်ပြီး ဆူနာမီ ဖြစ်လာမှာလား။” ဧကရာဇ်က မေးလိုက်သည်။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ် အကြိမ်ကြိမ် တွက်ချက်ထားပြီးပါပြီ။ အကယ်၍ ကျုပ်ရဲ့ တွက်ချက်မှုတွေ မမှားယွင်းဘူးဆိုရင် သေချာပေါက် ဖြစ်လာမှာပါ။”

“သေချာပေါက် ဖြစ်လာမှာလား။”

ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “ဖြစ်နိုင်ခြေ ဘယ်လောက် ရှိလဲ။”

“ခုနစ်ဆယ် ရာခိုင်နှုန်းပါ။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။

အမှန်တကယ်တွင် ကွမ်တန်က ကိုးဆယ် ရာခိုင်နှုန်းဟု ပြောခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ် ဝမ်ယွင် နှုတ်ခမ်း တွန့်သွားပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ တစ်နည်းအားဖြင့် ဖြစ်မလာနိုင်ခြေ သုံးဆယ် ရာခိုင်နှုန်း ရှိနေသေးသည် မဟုတ်ပါလား။ ထို့အပြင် ဤသည်မှာ အောက်ယွီ တစ်ယောက်တည်း၏ ခန့်မှန်းချက်သာ ဖြစ်၏။

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “အောက်ယွီ...ကိုယ်တော် အခု အသေးစား ညီလာခံကို ခေါ်ယူတော့မယ်။ အကယ်၍ ဆုံးဖြတ်ချက် ချလိုက်ပြီး လန်ကျိုးကို လုံးဝ နောက်ဆုတ်ခိုင်းမယ်၊ ကုန်သွယ်ရေးကို ရပ်ဆိုင်းမယ်၊ စစ်သင်္ဘောတွေ၊ ကုန်သည်သင်္ဘောတွေ အားလုံးကို အဝေးကို ပြောင်းရွှေ့မယ်ဆိုရင် ဘယ်လောက်တောင် တန်ဖိုးကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိလာမလဲ ဆိုတာကို ခင်ဗျား သိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သိပါတယ်။ အရမ်းကြီးမားတဲ့ ဆုံးရှုံးမှုတွေပါ။”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “အဲဒီအချိန်ရောက်လို့ ငလျင်ကြီး၊ ဆူနာမီကြီး မဖြစ်လာခဲ့ဘူးဆိုရင် ခင်ဗျားက မြင်းငါးကောင်နဲ့ အပိုင်းပိုင်း ခွဲသတ်ခံရမှာ သေချာသလို ဧကရာဇ်ဟောင်းလည်း တစ်သက်တာ နာမည် ဂုဏ်သတင်း ပျက်စီးသွားလိမ့်မယ်။ ပြီးတော့ ကိုယ်တော်လည်း ဘဝတစ်ဝက်စာ နာမည်ဂုဏ်သတင်း ပျက်စီးသွားလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ် အသက်ကို စတေးဖို့ ဆန္ဒရှိပါတယ်။”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “အဲဒါဆိုလည်း ကောင်းပါပြီ။ ဒီတစ်ခါတော့ ကျုပ်တို့ သုံးယောက်စလုံး လှေတစ်စင်းတည်းပေါ်မှာ ရောက်နေကြပြီ။ အကယ်၍ အောင်မြင်သွားရင် ခင်ဗျားက အင်ပါယာရဲ့ အကျိုးဆောင်ကြီး ဖြစ်လာမှာဖြစ်ပြီး ဧကရာဇ်ဟောင်းလည်း သူတော်စင် ဧကရာဇ် ဆိုတဲ့ နာမည်ကောင်း ရသွားလိမ့်မယ်။ ကိုယ်တော်ဆိုတဲ့ ဒီဧကရာဇ်လည်း ပြည်သူတွေကို ချစ်တဲ့ ဧကရာဇ် ဖြစ်လာလိမ့်မယ်။ အကယ်၍ ရှုံးနိမ့်သွားရင်တော့... ခင်ဗျားက သေရုံပါပဲ။”

နောက်ဆက်တွဲ အသေးစား ညီလာခံတွင် ဧကရာဇ် ဝမ်ယွင်သည် အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။

ချက်ချင်းပဲ နန်းတွင်း အမတ်များ အားလုံး အံ့ဩတုန်လှုပ်သွားကြပြီး အောက်ယွီကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။

‘နောက်ဆုံးတော့ အမှန်တရား ပေါ်လာပြီပဲ။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ အားလုံးက အောက်ယွီ ဧကရာဇ်ဟောင်း ဆီကို ဆက်သခဲ့တဲ့ အဲဒီမြေပုံ တစ်ချပ်ကြောင့် ဖြစ်ရတာပဲ။ ကျုပ်တို့ကို ကောင်းကင်ကြီး ပြိုကျတော့မလားလို့တောင် ထင်သွားစေတယ်။ နောက်ဆက်တွဲ ဘာဆက်လုပ်ရမလဲ ဆိုတာကိုတောင် စိုးရိမ်နေခဲ့ရတာ။’

သို့ပေမည့် နောက်ဆက်တွဲအဖြစ် အသေးစား ညီလာခံတွင် အလွန် ဆူညံသွားတော့၏။

နက္ခတ်တာရာရုံးမှ အမတ်များ အားလုံးက အောက်ယွီကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ကြသည်။ “တကယ်ကို ယုတ္တိမရှိတာပဲ။ ခင်ဗျား အောက်ယွီက ကျွမ့်ယွမ် အသစ်လေး တစ်ယောက်ပါပဲ။ နတ်ဆရာမှ မဟုတ်တာ။”

“မီးတောင် ပေါက်ကွဲမှုကို ကြိုတင် ခန့်မှန်းလို့ ရတယ်ဆိုတာ မှန်ပေမယ့် ငလျင်ရဲ့ လက္ခဏာတွေက များသောအားဖြင့် စက္ကန့်ပိုင်းလောက်ပဲ ကြိုပြီး ပြသတတ်တာ။ ပြီးတာနဲ့ ချက်ချင်း ကောင်းကင်နဲ့ မြေကြီး ကွဲအက်သွားတော့တာပဲ။ ငလျင်ကို တစ်လကြိုတင်ပြီး ခန့်မှန်းတယ်ဆိုတာ သမိုင်းတစ်လျှောက် တစ်ခါမှ မရှိခဲ့ဖူးဘူး၊ မမြင်ဖူးဘူး၊ မကြားဖူးဘူး။”

“နက္ခတ္တဗေဒနဲ့ ပထဝီဝင်၊ ငလျင်အကြောင်း လေ့လာတာတွေကို ပြောရရင် ကျုပ်တို့ နက္ခတ်တာရာရုံးထက် ပိုပြီး ကျွမ်းကျင်တဲ့သူ မရှိဘူး။ အခု တစ်ယောက်ယောက်က တစ်လကြိုတင်ပြီး နေရာတစ်ခုမှာ ငလျင်လှုပ်မယ်လို့ ပြောနေတာ တကယ်ကို ယုတ္တိမရှိတာပဲ။ လောကမှာ ယုတ္တိမရှိဆုံး ကိစ္စပဲ။”

“အရှင်မင်းမြတ် သေချာ စဉ်းစားတော်မူပါ။ ဒီအောက်ယွီဟာ လမ်းမရှိတော့လို့ ဧကရာဇ်ဟောင်းဆီ အကူအညီ တောင်းခံပြီး ဒီလို ထိတ်လန့်စရာကောင်းတဲ့ စကားတွေကို ပြောခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်မှသာ ဧကရာဇ်ဟောင်းက သူ့ကို ကယ်တင်ပေးမှာဖြစ်ပြီး အနည်းဆုံးတော့ ဒုတိယလ အလယ်လောက်အထိ ဘယ်သူမှ သူ့ကို မသတ်ရဲတော့မှာမို့ပါ။

သူက ဧကရာဇ်ဟောင်းရဲ့ တိုင်းပြည်ကို ချစ်တဲ့စိတ်ကို အသုံးချသွားတာပါ။ ဒီလူရဲ့ ရည်ရွယ်ချက်က အရမ်းကို ဆိုးရွားပြီး တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးနေတာပါ။”

“အရှင်မင်းမြတ်... ဆရာတော် ဝူရှင်းဟာ ရှေးဟောင်းနဲ့ ခေတ်သစ် ပညာရပ်တွေကို နှံ့စပ်ပြီး ပင်လယ်လို နက်ရှိုင်းတဲ့ ပညာရှိ တစ်ယောက်ပါ။ ငလျင်ကို ကြိုတင် ခန့်မှန်းလို့ မရဘူးဆိုတာကို သူ ပိုပြီး သိပါတယ်။ နာရီဝက်လောက်တောင် ကြိုတင် ခန့်မှန်းဖို့ မဖြစ်နိုင်တာကို တစ်လတောင် ကြိုတင် ခန့်မှန်းတယ်ဆိုတော့ အောက်ယွီဟာ လူလိမ် တစ်ယောက်ပါ။ လုံးဝ လူလိမ် တစ်ယောက်ပါပဲ။”

“အရှင်မင်းမြတ်... အောက်ယွီဟာ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားပြီး မင်းနှစ်ပါးကိုပါ လှည့်စားခဲ့ပါတယ်။ သေဒဏ်ပေးသင့်ပါတယ်။”

“အရှင်မင်းမြတ်... မယုံရင် တာယင်အင်ပါယာကို သွားမေးကြည့်ပါ။ တာရှအင်ပါယာကို သွားမေးကြည့်ပါ။ ငလျင်ကို တစ်လ ကြိုတင်ပြီး ခန့်မှန်းနိုင်တဲ့သူ ဘယ်သူရှိလဲဆိုတာ။”

ထိုအချိန်တွင် ဝန်ကြီးချုပ်က ပြောလိုက်၏။ “အရှင်မင်းမြတ်... နက္ခတ္တဗေဒနဲ့ ပထဝီဝင်ကို ပြောရရင် ထျန်းကျီ အဖွဲ့က လူတွေက အကျွမ်းကျင်ဆုံးပါ။ အရမ်း တိုက်ဆိုင်တာက ထျန်းကျီအဖွဲ့က ဆရာကြီး တုန်းဖန်ရှု ဟာ မြို့တော်မှာ ရောက်နေပါတယ်။ သူ့ကို ဖိတ်ခေါ်ပြီး အရှင်မင်းမြတ်ကို ရှင်းပြပေးခိုင်းရင် ပိုကောင်းပါလိမ့်မယ်။”

ဧကရာဇ် ဝမ်ယွင်က အမိန့်ပေးလိုက်သည်။ “လာကြစမ်း... ထျန်းကျီအဖွဲ့က ဆရာကြီး တုန်းဖန်ရှုကို သွားဖိတ်ခေါ်ခဲ့။”

.....................

အပိုင်း (၃၉၂)

ထျန်းကျီအဖွဲ့၊ ပိုင်ယင်မြို့၊ မီတျဲချိုင့်ဝှမ်း တို့သည် ဤကမ္ဘာလောက၏ ထူးခြားသော အဖွဲ့အစည်းများ ဖြစ်ကြ၏။

ပိုင်ယင်မြို့သည် လက်နက်များနှင့် သိုင်းပညာများတွင် ကျွမ်းကျင်၏။ မီတျဲချိုင့်ဝှမ်းသည် ဆေးဝါးများနှင့် ဆေးကုသမှုတွင် ကျွမ်းကျင်၏။ ထျန်းကျီအဖွဲ့သည် နက္ခတ္တဗေဒ၊ ပထဝီဝင်နှင့် ကိရိယာမျိုးစုံ ဖန်တီးမှုတွင် ကျွမ်းကျင်သည်။

ထျန်းကျီအဖွဲ့မှ ဆရာကြီး တုန်းဖန်ရှုသည် ယခုတစ်ကြိမ် တာ့ကျိုးအင်ပါယာ၏ ဖိတ်ကြားချက်အရ လာရောက် လည်ပတ်ခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် တာ့ကျိုး၏ အနောက်တောင်ပိုင်းတွင် လပေါင်းများစွာ မိုးခေါင်ရေရှား ဖြစ်နေ သောကြောင့် မိုးရွာသွန်းစေရန် ဆရာကြီး တုန်းဖန်ရှုကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဆရာကြီး တုန်းဖန်ရှုသည် အင်ပါယာ၏ အနောက်မြောက်ပိုင်းသို့ ကိုယ်တိုင် သွားရောက်ခဲ့သည်။ မိုးရွာမည်၊ မရွာမည်မှာ လုံးဝ ရာသီဥတု အခြေအနေ အပေါ်တွင်သာ မူတည်ပြီး မိုးခေါ်ခြင်းဆိုသည်မှာ လမ်းဘေး နတ်ဆရာများ၏ လှည့်စားမှုများသာ ဖြစ်၏။

ထို့နောက် သူက ပထမလ ခုနစ်ရက်နေ့ ဝန်းကျင်တွင် မိုးကြီး တစ်ကြိမ် ရွာသွန်းမည်ဟု ခန့်မှန်းခဲ့သည်။ ရလဒ်အနေဖြင့် ပထမလ ခုနစ်ရက်နေ့မှကိုးရက်နေ့အထိ အင်ပါယာ၏ အနောက်မြောက်ပိုင်းတွင် အမှန်တကယ်ပင် မိုးကြီး ရွာသွန်းခဲ့သည်။

လူတိုင်းက ဤ တုန်းဖန်ရှုကို နတ်ဘုရား တစ်ပါးကဲ့သို့ အံ့ဩမှင်သက်စွာ ကြည့်ရှုလိုက်ကြ၏။

ဧကရာဇ်မင်းမြတ်ကလည်း သူ့ကို မြို့တော်သို့ ဖိတ်ခေါ်ကာ တွေ့ဆုံဆွေးနွေးလိုခဲ့သည်။ သို့ပေမည့် ဆရာကြီး တုန်းဖန်ရှုက သူသည် လောကီနှင့် ကင်းကွာနေသူ တစ်ဦးဖြစ်ပြီး စကားပြောဆိုရာတွင် မကျွမ်းကျင်သောကြောင့် ဧကရာဇ်မင်းမြတ်ကို စော်ကားမိမည် စိုးရိမ်သောကြောင့် ငြင်းပယ်ခဲ့သည်။

ထို့ကြောင့် လူတိုင်းက သူ့ကို ပို၍ပင် လေးစားကြည်ညိုသွားကြ၏။

နာရီဝက်ခန့် အကြာတွင် ထျန်းကျီအဖွဲ့မှ ဆရာကြီး တုန်းဖန်ရှုသည် ညီလာခံခန်းမ အတွင်းသို့ ဝင်ရောက် လာတော့သည်။

နက္ခတ်တာရာရုံး၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် တုန်းဖန်ရှုသည် ယွင်ကျုံးဟဲ့ကို အရင်ဆုံး ဦးညွှတ် အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်၏။ “သခင်လေး အောက်ယွီက မီးတောင် ပေါက်ကွဲမှုကို ကြိုတင် ခန့်မှန်းနိုင်ခဲ့တာ တကယ်ကို အံ့ဩစရာကောင်းပါတယ်။ အဲဒီနေ့က တာ့ရစ်တောင် အနီးအနားမှာ ကန့်အနံ့တွေ ရခဲ့ပါသလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မရခဲ့ပါဘူး။”

တုန်းဖန်ရှုက ဆက်ပြောလိုက်၏။ “အဲဒါဆိုရင် မြေကွဲကြောင်းက ရေကန်အောက်မှာ ရှိနေပြီး ကန့်တွေက ရေထဲကို စီးဝင်သွားလို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အဲဒီရေကန်က အပူချိန် မြင့်တက်လာရုံတင် မကဘူး၊ အထဲက ငါးတွေ၊ ပုစွန်တွေလည်း အကုန် သေကုန်တာပေါ့။ လူတွေ ရေထဲမှာ အကြာကြီး နေရင်လည်း နည်းနည်း ပူလောင်တဲ့ ခံစားချက်မျိုး ရလိမ့်မယ်။”

အစစ်အမှန် ဆရာကြီး ဆိုသည်မှာ တစ်ချက် ပြောလိုက်ရုံဖြင့် သိရှိနိုင်၏။ တုန်းဖန်ရှု သည် နက္ခတ္တဗေဒ နှင့် ပထဝီဝင်တွင် အမှန်တကယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။

ဧကရာဇ် ဝမ်ယွင်က မေးလိုက်၏။ “ဆရာကြီး တုန်းဖန်... မီးတောင် ပေါက်ကွဲမှုကို တကယ်ပဲ ကြိုတင် ခန့်မှန်းလို့ ရပါသလား။”

တုန်းဖန်ရှုက ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ မီးတောင် ပေါက်ကွဲမှု မဖြစ်ခင်မှာ အချက်အလက်တွေ အများကြီး ပြည့်စုံမယ်ဆိုရင် ရက်အတော်များများကြိုတင်ပြီး ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက္ခဏာတချို့က အရမ်း ထင်ရှားလို့ပါ။

ရေအပူချိန် မြင့်တက်လာတာ၊ မြေကြီးထဲက အလင်းရောင်တွေ ထွက်လာတာ၊ ကန့်အနံ့ ရတဲ့ မီးခိုးတွေ ထွက်လာတာ စတာတွေဟာ သေချာပေါက် မီးတောင် ပေါက်ကွဲတော့မယ့် လက္ခဏာတွေပါပဲ။ ပြီးတော့ မီးတောင်ရဲ့ ပုံသဏ္ဌာန်ကလည်း အရမ်း ထူးခြားပါတယ်။

တာ့ရစ်တောင်လိုမျိုး သပ်ရပ်တဲ့ ကတော့ပုံစံ ရှိတာဟာ တကယ့် မီးတောင်ရဲ့ လက္ခဏာပါပဲ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ တောင်ကိုယ်ထည်ဟာ အရင်တုန်းက အဆက်မပြတ် ပေါက်ကွဲထွက်လာတဲ့ ကျောက်ရည်ပူတွေ စုပုံပြီး ဖြစ်လာတာမို့ ပုံသဏ္ဌာန်က အရမ်း သပ်ရပ်နေတာပါ။”

ဧကရာဇ် ဝမ်ယွင်က မေးလိုက်ပြန်၏။ “ဒါဆို ငလျင်ကိုရောကြိုတင် ခန့်မှန်းလို့ ရပါသလား။”

“မရပါဘူး။”

တုန်းဖန်ရှုက ပြန်ဖြေလိုက်သည်။ “ရတယ်ဆိုရင်တောင်မှ စက္ကန့်အနည်းငယ်လောက်ပဲ ကြိုတင် ခန့်မှန်းနိုင်မှာမို့ အဓိပ္ပာယ် သိပ်မရှိပါဘူး။”

နက္ခတ်တာရာရုံးမှ အမတ်က မေးလိုက်၏။ “ဒါဆို တစ်လကြိုတင်ပြီး ခန့်မှန်းဖို့ ဖြစ်နိုင်ပါသလား။”

ထျန်းကျီအဖွဲ့မှ ဆရာကြီး တုန်းဖန်ရှုက ပြန်ဖြေလိုက်၏။ “ပိုပြီးတော့တောင် မဖြစ်နိုင်သေးပါဘူး။ ကျုပ်တို့ရဲ့ မြေကြီးဟာ အပိုင်းပိုင်း ခွဲခြားထားတဲ့ ကျောက်ချပ်လွှာတွေနဲ့ ဖွဲ့စည်းထားပြီး တဖြည်းဖြည်း ရွေ့လျားနေတာပါ။ ကျောက်ချပ်လွှာ နှစ်ခု ရွေ့လျားပြီး ပွတ်တိုက်မိတဲ့အခါ ငလျင် လှုပ်တာပါ။

ဒါပေမဲ့ ဒါတွေ အားလုံးက မြေအောက် အနက်ကြီးထဲမှာ ဖြစ်နေတာပါ။ အတိမ်ဆုံး ငလျင်တောင်မှ မြေအောက် မိုင်ရာချီမှာ ဖြစ်နေတာမို့ လုံးဝ လေ့လာစောင့်ကြည့်လို့ မရသလို ကြိုတင် ခန့်မှန်းလို့လည်း မရပါဘူး။”

‘သောက်ကျိုးနည်း.... ဒီ ထျန်းကျီအဖွဲ့က တကယ်ကို အံ့ဩစရာကောင်းတာပဲ။ သူ့ရဲ့ ရှင်းပြချက်က အရမ်းကို ပညာသားပါပြီး ဒီကမ္ဘာက ပညာရပ်တွေနဲ့ မတူသလိုတောင် ခံစားရတယ်။ အရမ်းကို ခေတ်မီလွန်းနေတယ်။’

ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “ဒါဆို လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်ကြီး လှုပ်နိုင်ခြေ ဘယ်လောက် ရှိပါသလဲ။”

ထျန်းကျီအဖွဲ့မှ ဆရာကြီး တုန်းဖန်ရှုသည် မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။ ဤမြေပုံမှသာ အစစ်အမှန် ကျွမ်းကျင်မှုရှိသော မြေပုံဖြစ်ပြီး အချက်အလက်များ အပြည့်အစုံ ရေးဆွဲထားကာ ငလျင်ကြော အများအပြား ကိုလည်း ရှင်းလင်းစွာ မှတ်သားထား၏။

“တာ့ကျိုး ဧကရာဇ်မင်းမြတ်...ကြည့်ရှုတော်မူပါ။ တာ့ကျိုးရဲ့ တောင်ပိုင်းမှာ မကြာသေးခင်က ငလျင်တွေ မကြာခဏ လှုပ်ခတ်နေတာဟာ မြောက်နဲ့ တောင်ကျောက်ချပ်လွှာ နှစ်ခုကြားမှာ ရှိနေလို့ပါ။ မကြာသေးခင်က ကြီးမားတဲ့ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်ခဲ့လို့ ငလျင်တွေ အဖြစ်များနေတာပါ။ တောင်ပိုင်းရဲ့ တောင်ဘက်မှာရှိတဲ့ မိုင်သောင်းချီကျယ်ဝန်းတဲ့ လူရိုင်းတောင်တန်းတွေဟာ အဲဒီ ပွတ်တိုက်မှုတွေကြောင့် မြင့်တက်လာတဲ့ တောင်တန်းတွေပါပဲ။” တုန်းဖန်ရှုက ရှင်းပြလိုက်သည်။

‘ဒါက ပိုပြီးတော့တောင် ပညာသားပါသေးတယ်။ လူရိုင်းတောင်တန်းတွေဟာ ကျောက်ချပ်လွှာတွေ ပွတ်တိုက်မှုကြောင့် မြင့်တက်လာတဲ့ တောင်တန်းတွေ ဆိုတာကိုတောင် သူ လေ့လာ တွေ့ရှိထားသေးတယ်။ ဒီလူက တကယ့် ဆရာကြီးပဲ။ တကယ်ကို အံ့ဩစရာကောင်းတာပဲ။’

“လန်ကျိုး ပင်လယ်ပြင်ဟာ တောင်ပိုင်းနဲ့ မိုင်နှစ်ထောင်ကျော် ကွာဝေးပါတယ်။ ကြည့်ရတာ သိပ်မဝေးဘူးလို့ ထင်ရပေမယ့် ဒီငလျင်ကြောထဲမှာ လုံးဝ မပါဝင်ပါဘူး။ ထျန်းကျီအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ဒီပင်လယ်ပြင်ဟာ အရမ်းကို ငြိမ်သက်နေပြီး ကြီးမားတဲ့ ငလျင်ကြီး လှုပ်ဖို့ ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး။” တုန်းဖန်ရှုက ပြောလိုက်၏။

ဤသည်မှာလည်း အမှန်တကယ်ပင် ဖြစ်သည်။ သူတို့၏ အကန့်အသတ်ရှိသော မှတ်တမ်းများအရ ဤဒေသတွင် အမှန်တကယ်ပင် ကြီးမားသော ငလျင်များ လှုပ်ခတ်ခဲ့ဖူးခြင်း မရှိဘဲ အလွန် တည်ငြိမ်သော ဒေသတစ်ခု ဖြစ်သည်။

နက္ခတ်တာရာရုံးမှ အမတ်က ပြောလိုက်၏။ “ဒီက သခင်လေး အောက်ယွီက ဒုတိယလ အလယ်လောက်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်ကြီး လှုပ်ပြီး ဆူနာမီ ဖြစ်လာလိမ့်မယ်လို့ ကြိုတင် ခန့်မှန်းထား ပါတယ်။”

ထျန်းကျီအဖွဲ့မှ ဆရာကြီး တုန်းဖန်ရှု၏ မျက်လုံးများ တုန်ယင်သွားပြီး ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များမှာလည်း မလိုမုန်းထားမှုများ ပါဝင်လာတော့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဤကဲ့သို့သော စကားမျိုးကို အမုန်းဆုံး ဖြစ်သောကြောင့်ပင်။ လမ်းဘေး လူလိမ်များသာ ဤကဲ့သို့သော အခြေခံမရှိသည့် စကားများကို ပြောဆိုလေ့ ရှိကြ၏။

‘ငလျင်ကို တစ်လကြိုတင်ပြီး ခန့်မှန်းတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒီလို ခန့်မှန်းချက်ကို ပြုလုပ်တဲ့သူဟာ အသိဉာဏ်ကင်းမဲ့သူ တစ်ယောက် ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် လုံးဝ လူလိမ် တစ်ယောက် ဖြစ်ရမယ်။’

ထျန်းကျီအဖွဲ့မှ ဆရာကြီး တုန်းဖန်ရှုက မေးလိုက်သည်။ “လူကြီးမင်း... ဒုတိယလ အလယ်လောက်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ငလျင်လှုပ်မယ် ဆိုတာကို ဘယ်လိုများကြိုတင် ခန့်မှန်းနိုင်ခဲ့တာလဲ။ ဘယ်လို တွက်ချက်ခဲ့တာလဲ ဆိုတာ မေးပါရစေ။”

ယွင်ကျုံးဟဲ့က ဤသည်မှာ အမှတ်(၉) စိတ်ကျန်းမာရေးလူနာ ကွမ်တန် တွက်ချက်ပေးလိုက်ခြင်း ဖြစ်သည်ဟု မပြောနိုင်ချေ။

ထို့ကြောင့် သူက ဖြည်းညင်းစွာ ပြန်ဖြေလိုက်၏။ “ကျုပ် အိပ်မက်ထဲမှာ တွက်ချက်ခဲ့တာပါ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း လုံးဝ အံ့ဩတုန်လှုပ်သွားကြပြီး သူတို့၏ နားကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။

‘အောက်ယွီ... ခင်ဗျားက တကယ်ကို လျှောက်ပြောရဲတာပဲ။ အိပ်မက်ထဲမှာ တွက်ချက်ခဲ့တာ ဟုတ်လား။ နတ်ဘုရားတွေက အိပ်မက်လာပေးတာလို့ ဘာလို့ မပြောလိုက်တာလဲ။ ခင်ဗျား အကြောင်းပြချက် ပေးရင်တောင်မှ နည်းနည်း ယုတ္တိရှိအောင် ပေးပါလား။

ဒီ တုန်းဖန်ရှု ဆရာကြီးသာ မရှိခဲ့ရင် ခင်ဗျားရဲ့ မျက်နှာဖုံး အစစ်အမှန်ကို ကျုပ်တို့ ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျား အောက်ယွီ ဟာ လုံးဝ လမ်းဘေး လူလိမ် တစ်ယောက်ပဲ။ ပြီးတော့ ပညာဗဟုသုတ နည်းနည်းပါးပါး ရှိတဲ့ လမ်းဘေး လူလိမ် တစ်ယောက်။

မီးတောင် ပေါက်ကွဲမှုကို ကြိုတင် ခန့်မှန်းတာက သိပ်မခက်ခဲဘူးလေ။ လက္ခဏာတချို့ကို ကြည့်လိုက်ရုံနဲ့ ခန့်မှန်းလို့ ရတာပဲ။ ဒါပေမဲ့ ငလျင်ကို ကြိုတင် ခန့်မှန်းတာကတော့ လုံးဝ မဖြစ်နိုင်ဘူး။

အောက်ယွီ.... ခင်ဗျားက သေချာပေါက် သေရတော့မယ် ဆိုတာကို သိလို့ ဧကရာဇ်ဟောင်းရဲ့ တိုင်းပြည်ကို ချစ်တဲ့စိတ်ကို အသုံးချပြီး လန်ကျိုး ပင်လယ်ပြင်မှာ ငလျင်ကြီး လှုပ်နိုင်တယ်လို့ လိမ်ညာပြောဆိုခဲ့တာ။ အဲဒီလိုလုပ်မှ ဧကရာဇ်ဟောင်းက ခင်ဗျားကို ကာကွယ်ပေးမှာဖြစ်ပြီး ခင်ဗျားလည်း တစ်လလောက် အသက် ဆက်ရှင်နိုင်မှာကိုး။

လူလိမ်... လုံးဝ လူလိမ် တစ်ယောက်ပဲ။ အောက်ယွီ ခင်ဗျားက အသက်ရှင်ဖို့အတွက် တိုင်းပြည်ရဲ့ ကံကြမ္မာကိုတောင် ကစားစရာ လုပ်ရဲတယ်။ ဧကရာဇ်ဟောင်းကို လိမ်လည်လှည့်စားရဲတယ်။ တကယ်ကို သတ္တိကောင်းလွန်းတာပဲ။ မျိုးနွယ်စု ကိုးဆက်လုံး သတ်ခံရမှာကို မကြောက်ဘူးလား။’

ထျန်းကျီအဖွဲ့မှ ဆရာကြီး တုန်းဖန်ရှုက ယွင်ကျုံးဟဲ့ကို ဦးညွှတ် အရိုအသေပေးကာ ပြောလိုက်၏။ “သခင်လေး အောက်ယွီ...ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။”

ထို့နောက် သူသည် ဧကရာဇ်ကို ဦးညွှတ် အရိုအသေပေးကာ ပြောလိုက်သည်။ “ကျုပ်ကို ပြန်ခွင့်ပြုပါအုံး။”

ဧကရာဇ် ဝမ်ယွင်က မတ်တတ်ရပ်ကာ မေးလိုက်၏။ “အောက်ယွီ... ဆရာကြီး တုန်းဖန်ရဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ခင်ဗျား ဘာများ ပြန်ချေပစရာ ရှိသေးလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “လုံးဝ မရှိပါဘူး။”

‘ခင်ဗျားလည်း ပြန်ချေပလို့ မရဘူးဆိုတာ သိတာပဲ။ ခင်ဗျားရဲ့ အဲဒီ လူတွေကို လှည့်စားတဲ့ စကားတွေက တကယ့် ဆရာကြီးရဲ့ အရှေ့မှာ လုံးဝ ပုန်းအောင်းလို့ မရတော့ဘူးလေ။’

ဧကရာဇ် ဝမ်ယွင်က အမိန့်ပေးလိုက်၏။ “လာကြစမ်း... ဆရာကြီး တုန်းဖန်ကို နန်းတော်ပြင်ကို ပို့ဆောင် ပေးလိုက်ပါ။”

တုန်းဖန်ရှု ထွက်ခွာသွားပြီးနောက် ခန်းမကြီးအတွင်း အလွန် တိတ်ဆိတ်သွားပြီး လူတိုင်း ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များမှာ လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

‘အခု ခင်ဗျားရဲ့ ကောလာဟလတွေ ဖော်ထုတ်ခံလိုက်ရပြီ။ ခင်ဗျားရဲ့ ရည်ရွယ်ချက် အစစ်အမှန်တွေလည်း ဖော်ထုတ်ခံလိုက်ရပြီ။’

‘ခင်ဗျား အောက်ယွီက အသက်ရှင်ဖို့အတွက် တိုင်းပြည်ရဲ့ ကံကြမ္မာကိုတောင် ကစားစရာ လုပ်ရဲတယ်။ အကယ်၍ ခင်ဗျား ပြောသလိုသာ လန်ကျိုးမှာ အကြီးအကျယ် နောက်ဆုတ်ဖို့၊ ကုန်သွယ်ရေးတွေ ရပ်ဆိုင်းဖို့၊ စစ်သင်္ဘောတွေ၊ ကုန်သည်သင်္ဘောတွေ အားလုံးကို အဝေးကို ပြောင်းရွှေ့ဖို့ လုပ်မယ်ဆိုရင် ဘယ်လောက်တောင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ၊ ဘယ်လောက်တောင်ကြီးမားတဲ့ ပြည်သူ့အသံ ဂယက်တွေ ဖြစ်လာမလဲဆိုတာ မင်း သိလား။’

‘ခင်ဗျားရဲ့ ဒီပြစ်မှုက အပေါ့ဆုံး ပြောရရင် ဧကရာဇ်ဟောင်းကို လိမ်လည်လှည့်စားတဲ့ ဧကရာဇ်ကို လိမ်လည်မှုပဲ။ အလေးဆုံး ပြောရရင်တော့ တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးတာပဲ။’

“အရှင်မင်းမြတ်... အောက်ယွီဟာ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားပြီး ဧကရာဇ်ဟောင်းကို လိမ်လည်လှည့်စားခဲ့ပါတယ်။ ဧကရာဇ်ကို လိမ်လည်တဲ့ ပြစ်မှုကျူးလွန်ခဲ့ပါတယ်။ အသက်ရှင်ဖို့အတွက် ပြည်သူသိန်းချီရဲ့ အသက်ကိုတောင် ဂရုမစိုက်ဘဲ ဒီလို ကောလာဟလတွေကို ဖန်တီးခဲ့ပါတယ်။ ဒီလို တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးတဲ့သူကို အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်ပါတယ်။”

“အရှင်မင်းမြတ်... အောက်ယွီရဲ့ မျိုးနွယ်စု အားလုံးကို သတ်ဖြတ်ဖို့ တောင်းဆိုပါတယ်။”

“အရှင်မင်းမြတ်... အောက်ယွီရဲ့ မျိုးနွယ်စု အားလုံးကို သတ်ဖြတ်ဖို့ တောင်းဆိုပါတယ်။”

“အရှင်မင်းမြတ်... အောက်ယွီရဲ့ မျိုးနွယ်စု အားလုံးကို သတ်ဖြတ်ဖို့ တောင်းဆိုပါတယ်။”

ချက်ချင်းပဲ ခန်းမကြီးအတွင်းရှိ အမတ်များ အားလုံးက ဧကရာဇ်မင်းမြတ်ထံ ဧကရာဇ်ကို လိမ်လည်မှုဖြင့် အောက်ယွီ၏ မျိုးနွယ်စု အားလုံးကို သတ်ဖြတ်ရန် တောင်းဆိုလိုက်ကြသည်။

သူ လှည့်စားခံလိုက်ရကြောင်း ဧကရာဇ်ဟောင်း သိရှိသွားပါကလည်း အလွန် ဒေါသထွက်မည်မှာ သေချာပြီး အောက်ယွီ၏ မျိုးနွယ်စု အားလုံးကို သတ်ဖြတ်ရန် အမိန့်ပေးမည်မှာ သေချာ၏။

သို့ပေမည့် ဧကရာဇ်သည် ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ ပြောလိုက်သည်။ “ကောင်းကင်ဘုံက သတ္တဝါတွေကို သနားညှာတာတဲ့ စိတ်ရှိတယ်။ ခမည်းတော်ဟာ သနားညှာတာမှု အပြည့် ရှိတယ်။ ကိုယ်တော်ကလည်း သားတစ်ယောက် အနေနဲ့ ဧကရာဇ်ဟောင်းရဲ့ သနားညှာတာတဲ့ စိတ်ကို ဖြည့်ဆည်းပေးရမယ်။

အောက်ယွီ... ခင်ဗျားက အိပ်မက်ထဲမှာ တွက်ချက်ခဲ့တာပဲဖြစ်ဖြစ်၊ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားတာပဲဖြစ်ဖြစ် ခင်ဗျား ပြောထွက်လာပြီဆိုတော့ တစ်သောင်းမှာ တစ်ခါ ဖြစ်လာနိုင်ခြေကိုတောင် လျစ်လျူရှုလို့ မရဘူး။

ဧကရာဇ်ဟောင်းက ပြည်သူတွေ ဒုက္ခရောက်မှာကို မျက်မြင်ကိုယ်တွေ့ မကြည့်ရက်နိုင်သလို ကိုယ်တော်ကလည်း မကြည့်ရက်နိုင်ဘူး။

ကိုယ်တော် အမိန့်ပေးတယ်။ ဒုတိယလ အလယ်လောက်မှာ လန်ကျိုးမှာ ဖြစ်ပေါ်လာနိုင်တဲ့ ကြီးမားတဲ့ ငလျင်ကြီးနဲ့ ဆူနာမီကြီးကို ကာကွယ်ဖို့အတွက် အဲဒီနယ်မြေအတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ အားလုံး မိုင်ငါးဆယ် အနောက်ကို ဆုတ်ရမယ်။

အဲဒီပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေ၊ ကုန်သည်သင်္ဘောတွေ အားလုံး အဲဒီပင်လယ်ပြင်ကနေ မိုင်ငါးရာကျော် အဝေးကို ပြောင်းရွှေ့ရမယ်။ ကုန်သွယ်ရေး အားလုံးကို ရပ်ဆိုင်းရမယ်။ ပြည်သူသိန်းချီ၊ ပစ္စည်းအားလုံးကို ပြောင်းရွှေ့ရမယ်။ နောက်ဆုံး သတ်မှတ်ရက်က ဒုတိယလ နှစ်ဆယ့်နှစ်ရက်နေ့ပဲ။”

..................

All Chapters