← Chapters

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း။ ၂၈၇

သူတို့နှစ်ဦးမှာ လေဟာနယ်ထဲတွင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်မိကြသည်။ နံနက်ခင်း၏ ကြောင်စီစီအမူအရာမှာ တဖြည်းဖြည်းနှင့် ရှုပ်ထွေးသော အမူအရာအဖြစ် ပြောင်းလဲသွားပြီးနောက် နှစ်ဦးလုံး မှင်တက်သွားကြတော့သည်။

ဆိုင်ရှင်၏ နှုတ်ခမ်းများ တုန်ရီနေပြီး သူက ရုတ်တရက် မေးလိုက်သည်။

"နောက်ဘဝ... ဒါက တကယ်ပဲ နောက်ဘဝလား"

အလှပဂေးမှာ အသက်ရှူများ မြန်လာပြီး ထိတ်လန့်တကြားဖြင့် နောက်လှည့်ပြေးတော့သည်။ သူမ၏ စိတ်အစဉ်မှာလည်း မတည်ငြိမ်တော့ပေ။

ဆိုင်ရှင်က နောက်မှ အမီလိုက်လာပြီး သူမ၏လက်ကို ဖမ်းဆွဲကာ ပြောလိုက်သည်။

"မင်းကို နောက်တစ်ခါ အလွတ်မပေးတော့ဘူး"

"လွှတ် လွှတ်စမ်း"

ထိုအမျိုးသမီးမှာ ရုန်းကန်နေမိသည်။

သို့သော်လည်း တဖြည်းဖြည်းချင်းပင် ထိုနှစ်ဦးမှာ အတူတူ လျှောက်လှမ်းသွားကြတော့သည်။ ဆိုင်ရှင်၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး အလှပဂေးမှာမူ အနည်းငယ် ရှက်သွေးဖြန်းကာ ခေါင်းငုံ့ထားသည်။

ဆောင်းဦး၏ နေရောင်ခြည်မှာ မြေပြင်ပေါ်သို့ ကျရောက်နေပြီး သူတို့နှစ်ဦး၏ အရိပ်မှာလည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။

"ဒီလောကကြီးထဲမှာ... အချိန်ရဲ့ဒဏ်ကို ခံနိုင်ပြီး မပြောင်းလဲဘဲ ကျန်ရစ်နေမှာမျိုးက ဘာရှိဦးမှာလဲ"

...

အဝေးတစ်နေရာ၊ သစ်တောပင်လယ်မြို့၏ အခမ်းနားဆုံး စားသောက်ဆိုင်မျှော်စင်ကို မှီရင်း လူငယ်တစ်ဦးသည် ဈေးအကြီးဆုံး ဝိုင်ကောင်းကို ကိုင်ကာ တစ်ငုံချင်း သောက်နေသည်။

ဤဝိုင်မှာ မသေမျိုးတို့ သောက်သုံးသော မသေမျိုးဝိုင်ဖြစ်ပြီး အထူးဆက်သထားသော လက်ဆောင်ဖြစ်သည်။

ဤခန္ဓာကိုယ်မှာ အခြေခံသန့်စင်ခြင်းသတ္တမအဆင့်တွင်သာ ရှိသေးသဖြင့် ယစ်မူးမှု အရိပ်အယောင် အနည်းငယ် ရှိနေသေးသည်။

ထိုယစ်မူးနေသော လူငယ်၏ ဘေးတွင် မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသော ကိုရင်လေးတစ်ပါးမှာ လက်အုပ်ချီလျက် ရှိနေသည်။

ထိုကိုရင်လေးမှာလည်း လူငယ်နှင့်အတူ အဝေးမှ ပျော်ရွှင်နေသော စုံတွဲကို ကြည့်နေပုံပင်။

ဒုက္ခပင်လယ်ကိုရင်လေး နှစ်ပါးကို စုန်ယန်က ဒုက္ခပင်လယ်ကမ်းခြေရှိ နတ်ဘုရားဝိညာဉ်ထဲတွင် သန့်စင်ထားခဲ့ခြင်းဖြစ်ပြီး သူ၏ အလိုရှိရာအတိုင်း ခိုင်းစေနိုင်သည်။

ယခု သူ ပထမဆုံး လုပ်ဆောင်လိုက်သည့်အရာမှာ ဖြည့်ဆည်းပေးခြင်းပင်။

အခြားသူများ၏ ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးလိုက်ခြင်းပင်။

ထိုသို့သော ပျော်ရွှင်မှုကို သူ မမက်မောသည်မှာ ကြာခဲ့ပြီဖြစ်ကာ နယ်စပ်ကျော်လွန်မှ တိမ်ဖြူများကိုပင် သူ မကြည့်လိုတော့ပေ။ သို့သော် သူ၏ ဘေးနားမှလူများကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခြင်းက သူ့အား ဝမ်းမြောက်မှု အနည်းငယ်ကို ပေးစွမ်းနိုင်သည်။

ဤသို့သော ဝမ်းမြောက်မှုမှာ ခွက်ချင်းတိုက်၍ အောင်ပွဲခံထိုက်သည်။

ဖောင်း….

သူက စားပွဲကို အားပါးတရ ရိုက်လိုက်ပြီး အားရပါးရ အော်ဟစ်လိုက်သည်။

"စာပွဲထိုး... မသေမျိုးဝိုင် တစ်အိုး ထပ်ယူခဲ့စမ်း"

မကြာမီမှာပင် ဝိုင်ကောင်းများ ထပ်မံရောက်ရှိလာသည်။

လူငယ်သည် ရွှံ့စေးတံဆိပ်ကို ခွာလိုက်ပြီး ဝိုင်တစ်အိုးလုံးကို မော့သောက်လိုက်သည်။ ထို့နောက် ရွှေတုံးတစ်တုံးကို ပစ်ပေးကာ ကျယ်လောင်စွာ ရယ်မောလျက် ဓားပျံကို အသုံးပြု၍ ရောင်စဉ်တန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပြာလွင်သော ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ သာမန်လူသားများမှာမူ အံ့သြတကြီးဖြင့် မော့ကြည့်နေကြရတော့သည်။

...

...

ရက်အနည်းငယ် ကြာပြီးနောက် မိုဓားဂိုဏ်း၏ နောက်တောင်ကုန်းရှိ လျှို့ဝှက်နေရာတစ်ခုတွင်...

"အကြီးအကဲ မာ... ဒါက ကျွန်တော့်ရဲ့ အနည်းငယ်သော ကန်တော့ပစ္စည်းပါ ဟဲဟဲ..."

ကျင့်ကြံသူတစ်ဦးက ဖားယားသော အမူအရာဖြင့် ပြောလိုက်သည်။

အခြားတစ်ဦးမှာ မုတ်ဆိတ်မွှေးနှင့် အဖြူရောင် ဝတ်ရုံဝတ် အကြီးအကဲဖြစ်ပြီး သူက နှာခေါင်းရှုံ့ကာ မေးလိုက်သည်။

"ပြီးတော့ စုန်ဟန်ရဲ့ ကိစ္စကရော"

ကျင့်ကြံသူက အလျင်အမြန် ပြန်ဖြေသည် "စုန်ဟန်က လူ့လောကကို ဆင်းသွားတယ်။ ကျင့်ကြံဖိုတစ်ခု သွားယူမယ်လို့ ပြောတာပဲ"

ထို့နောက် သူက လေသံကိုနှိမ့်ကာ လူလည်ကျစွာ ပြုံးလိုက်ပြီး "အကြီးအကဲမာ... သူက သူ့ရဲ့မရီးကို မျက်စိကျနေတာဗျ။ ဒါကြောင့် ဒီခရီးက သူမကို ဂိုဏ်းဆီ ခေါ်လာဖို့ပဲ။ ဒီလိုပါ..."

ကျင့်ကြံသူသည် စုန်ဟန်က သူ၏အစ်ကိုကို သတ်ကာ မရီးကို မည်သို့ လုပ်ကြံခဲ့သည်ကို အသေးစိတ် ပြန်ပြောပြလိုက်သည်။

မမျှော်လင့်ဘဲ အကြီးအကဲမာက ခေါင်းညိတ်ကာ "ကောင်းတယ်" ဟု ပြောလိုက်သည်။

ကျင့်ကြံသူက ဖားယားစွာ ပြုံးလျက် "ကျွန်တော်တို့ မိုဓားဂိုဏ်းက တရားဝင်လမ်းစဉ်မဟုတ်ဘူး ဆိုပေမဲ့ ဒီလို အရှုပ်တော်ပုံမျိုး လူသိသွားရင် စုန်ဟန်ရဲ့ အနာဂတ်က စိုးရိမ်စရာ ဖြစ်လာမှာပါ။

ဒီအားနည်းချက်ကို ကိုင်ထားပြီး အကြီးအကဲရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူက အကြီးအကဲရဲ့ ပိုးကောင်တစ်ရာဆေးကို နာနာကျင်ကျင်နဲ့ သောက်ရမှာပဲ။ အဲဒီအချိန်ကစပြီး သူက အကြီးအကဲရဲ့ လက်အောက်ခံ ဖြစ်သွားမှာပေါ့...

စုန်ဟန်ရဲ့ ပါရမီက မဆိုးဘူးဗျ။ ဂိုဏ်းထဲဝင်ပြီး နှစ်အနည်းငယ်အတွင်းမှာတင် အခြေခံသန့်စင်ခြင်းသတ္တမအဆင့်ကို ရောက်သွားတာ အံ့သြစရာပဲ။ ဒါပေမဲ့ သူ ဒီတစ်ခါ နဂါးပုန်းအသင်းတော်မှာ အရွေးခံရရင်တောင်မှ သူက အကြီးအကဲရဲ့ ခွေးတစ်ကောင်ပဲ ဖြစ်နေမှာပါ" ဟု ပြောလိုက်သည်။

အကြီးအကဲမာက အေးစက်စရာကောင်းစွာ ရယ်မောလိုက်ရင်း "မင်းလိုမျိုးပေါ့ ဟုတ်တယ်မလား" ဟု မေးလိုက်သည်။

ကျင့်ကြံသူကလည်း ထပ်တလဲလဲပင် ထောက်ခံနေတော့သည်။

အကြီးအကဲမာသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ မိုးကုပ်စက်ဝိုင်းတစ်ခုလုံးမှာ သံချေးရောင်ကဲ့သို့ မီးခိုးရောင်သန်းကာ လေးလံမှိုင်းညို့နေသည်ကို တွေ့လိုက်ရသည်။ လေထုထဲတွင်လည်း အေးစိမ့်သော အငွေ့အသက်များ ဖုံးလွှမ်းနေပြီး နှင်းများ မကြာမီ ကျတော့မည့် အသွင်ရှိသည်။

သူက လက်ဝေ့ယမ်းလိုက်ပြီး "ငါတို့ မိုဓားဂိုဏ်းထဲကို အသစ်ရောက်လာတဲ့သူတွေထဲမှာ ပါရမီလည်းရှိ၊ နောက်ခံလည်းမရှိတဲ့သူတွေကို စောင့်ကြည့်ထား။ အဲဒီလိုလူရှိရင် သူဘာကို ဝါသနာပါလဲဆိုတာ စုံစမ်း သူကြိုက်တတ်တာနဲ့ ဆွဲဆောင်ပြီး ငါ့ဆီ ခေါ်လာခဲ့" ဟု ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ အကြီးအကဲ"

စကားအနည်းငယ် ပြောဆိုပြီးနောက် သူတို့နှစ်ဦး လမ်းခွဲရန် ပြင်လိုက်ကြသည်။

သို့သော် ရုတ်တရက် အကြီးအကဲမာ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး တစ်နေရာသို့ စိုက်ကြည့်လိုက်မိသည်။

မီးခိုးရောင် တောင်ကုန်းရိပ်များကြားမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

အကြီးအကဲမာ စကားမပြောရသေးခင်မှာပင် အခြားကျင့်ကြံသူက ဝမ်းသာအားရ အော်ဟစ်

လိုက်သည်။

"စုန်ဟန်"

ထိုသို့ အော်ဟစ်ပြီးနောက် သူက အလျင်အမြန် လက်ဝေ့ယမ်းပြကာ "မြန်မြန်လာ အကြီးအကဲကို ဂါရဝပြုလိုက်ဦး။ ငါတို့ ခုနတင် မင်းအကြောင်း ပြောနေတာ အကြီးအကဲမာက မင်းကို တော်တော်လေးတောင် သဘောကျနေတာ..."

သူ စကားမဆုံးခင်မှာပင် ထိုကျင့်ကြံသူ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

သူနှင့် အကြီးအကဲမာတို့ ဤနေရာတွင် တွေ့ဆုံနေခြင်းကို မည်သူမျှ မသိနိုင်ကြောင်း သူ ရုတ်တရက် သတိပြုလိုက်မိသည်။

" မိုဓားဂိုဏ်းရဲ့ နောက်တောင်ကုန်းက ဒီလောက်တောင် ကျယ်တာ။ ပြီးတော့ ဒီနေရာက အလွန်ကို လျှို့ဝှက်တဲ့နေရာပဲလေ ဒါကို စုန်ဟန်က ဘယ်လိုနည်းနဲ့ သိသွားတာလဲ..."

ထိုစဉ်မှာပင် အကြီးအကဲမာ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်နှာတွင် အစွမ်းကုန် ထိတ်လန့်သွားသည့် အမူအရာ ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။

ထို့နောက် အကြီးအကဲမာမှာ ညည်းတွားသံတစ်ချက်နှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားပြီး အပေါက်ခုနစ်ပေါက်မှ သွေးများထွက်ကာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။

ထိုကျင့်ကြံသူမှာ မှင်တက်သွားမိသည်။

သူ့မျက်စိရှေ့တွင်ပင် ထိုလူငယ်သည် တဖြည်းဖြည်း ချဉ်းကပ်လာပြီး အနားသို့ရောက်လျှင် ခေါင်းငုံ့ကာ အကြီးအကဲမာ၏ သိုလှောင်အိတ်ကို နှိုက်ယူလိုက်သည်။

ကျင့်ကြံသူမှာ လည်ချောင်းထဲမှ အသံများ တုန်ရီနေပြီး "စုန်...စုန်... ဟန်... ဟန်" ဟု ထစ်ထစ်ငေါ့ငေါ့ မေးလိုက်မိသည်။

သူ မြင်နေရသည်ကို သူကိုယ်တိုင်ပင် မယုံကြည်နိုင်တော့ပေ။

စုန်ဟန်မှာ အခြေခံသန့်စင်ခြင်းသတ္တမအဆင့်တွင်သာ ရှိသေးပြီး သူကိုယ်တိုင်မှာ နဝမအဆင့်၊ အကြီးအကဲမာမှာမူ ကြက်သွေးရောင်နန်းတော် အစောပိုင်းအဆင့်တွင် ရှိနေသူ ဖြစ်သည်။

"ဒီနေရာမှာ... ဘာတွေဖြစ်ကုန်တာလဲ။ အကြီးအကဲမာက ဘာဖြစ်လို့ ရုတ်တရက်ကြီး အသက်ပျောက်သွားရတာလဲ..."

"ပြီးတော့ စုန်ဟန်ကရော... ဘာဖြစ်လို့ ဒီလောက်တောင် တည်တည်ငြိမ်ငြိမ်နဲ့ သိုလှောင်

အိတ်ကို ယူရဲနေရတာလဲ"

သူ၏စိတ်ထဲတွင် မည်သို့ပင် စဉ်းစားစေကာမူ "စုန်ဟန်က အကြီးအကဲမာကို သတ်လိုက်တာ" ဆိုသည့် အချက်ကိုမူ လက်မခံနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စဖြစ်သောကြောင့်ပင်။

ထိုစဉ်မှာပင် သူ၏ နားစည်ထဲသို့ တိုးညင်းသော အသံတစ်သံ ရောက်လာသည်။

"အခုထိ မပြေးသေးဘူးလား"

ကျင့်ကြံသူ၏ စိတ်အစဉ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဦးနှောက်ထဲတွင်လည်း ထိတ်လန့်မှုများကြောင့် ကြောင်အသွားတော့သည်။

ထို့နောက် ဘာမျှမစဉ်းစားတော့ဘဲ သူသည် ချက်ချင်း နောက်လှည့်ကာ ဓားကိုထိန်းချုပ်လျက် ရောင်စဉ်တန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုင်ပေါင်းများစွာ ဝေးရာသို့ အမြန်ဆုံး ထွက်ပြေးတော့သည်။

ထို့နောက်...

ဝှူး...

စူးရှသော မီးခိုးရောင် အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်သန်းကာ သူ၏ နဖူးအလယ်တည့်တည့်သို့ တိုးဝင်သွားသည်ကို သူ ခံစားလိုက်ရသည်။ သူ၏ နတ်ဘုရားဝိညာဉ်မှာ ပူလောင်ကာ နာကျင်သွားပြီးနောက် သူ ဘာမျှ မသိတော့ပေ။

စုန်ယန်သည် အကြီးအကဲမာ၏ သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ အိတ်ထဲတွင် ထူးဆန်းသော ဆေးလုံးများရှိနေပြီး ၎င်းတို့ထဲတွင် ပိုးကောင်အသေကောင်များ ရှိနေပုံပင်။

အခန်း။ ၂၈၈

ထိုစဉ် အကြီးအကဲမာ၏ မျက်လုံးအိမ်အတွင်းမှ ထူးဆန်းသော တစီစီမြည်သံတစ်ခု ထွက်ပေါ်လာပြီး ရာပြတ်ကောင်နှင့်တူသော မိစ္ဆာပိုးကောင်တစ်ကောင် တွားသွားထွက်လာသည်။

စုန်ယန်က လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ ထိုမိစ္ဆာပိုးကောင်မှာ ပေါက်ကွဲထွက်သွားတော့သည်။

သူ၏မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ ကိုယ်ပိုင်အသိပညာအရသော်လည်းကောင်း စုန်ဟန်၏ မှတ်ဉာဏ်များအရသော်လည်းကောင်း ဤဒေသတဝိုက်တွင် ပိုးကောင်များကို ဆေးလုံးအဖြစ်လည်းကောင်း၊ မှော်ရတနာနှင့် ထိန်းချုပ်ရေးကိရိယာအဖြစ်လည်းကောင်း အသုံးပြုသည့် တစ်ခုတည်းသော အင်အားစုမှာ တောင်တန်းနှင့် ပင်လယ် မိစ္ဆာနိုင်ငံတော်မှ ခေါင်းနှစ်လုံးပါ ပိုင်လန်ကျောက် ပိုးကောင်မျိုးနွယ်စုသာ ဖြစ်နိုင်သည်။

ခဏမျှ စဉ်းစားပြီးနောက် စုန်ယန်သည် ရုတ်တရက် သဘောပေါက်သွားတော့သည်။

တကယ်ပဲ... မိစ္ဆာရဟန်းဖြစ်ဖြစ်၊ တောင်တန်းနဲ့ ပင်လယ် မိစ္ဆာမျိုးနွယ်တွေပဲဖြစ်ဖြစ် သူတို့က ဒီရှေးဟောင်းနိုင်ငံတော်ရဲ့ အင်အားစုတွေထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားကြမှာပဲ။ အကြီးအကဲမာက အဲဒီထဲက တစ်ယောက်ပေါ့။

သူက နောက်ခံမရှိပေမဲ့ ပါရမီရှိတဲ့ ကျင့်ကြံသူတွေကို ထိန်းချုပ်ပြီး ပိုပြီးနက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ချင်နေတာပဲ။

ဒီ နဂါးပုန်းအသင်းတော်က သူတို့အတွက် အခွင့်အရေးတစ်ခုပဲ။ စုန်ဟန်ကလည်း သူတို့ရဲ့ ပစ်မှတ်တွေထဲက တစ်ယောက် ဖြစ်နေမှာ အသေအချာပဲ။

စဉ်းစားနေစဉ်မှာပင် မလှမ်းမကမ်းရှိ တောအုပ်အတွင်းမှ ထူးဆန်းသော ငှက်အော်သံများ ထွက်ပေါ်လာသည်။ ၎င်းမှာ ဤနေရာမှ သွေးညှီနံ့ကြောင့် ဆွဲဆောင်ခြင်းခံလိုက်ရသည့် ငှက်မိစ္ဆာတစ်ကောင်ပင်။

စုန်ယန်က ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ရာ သူ၏ မျက်ခုံးနှစ်ခုကြားမှ ပြင်းထန်သော မီးခိုးရောင် လျှပ်စီးတန်းတစ်ခု ထွက်ပေါ်သွားသည်။

ဖောင်း….

ထိုငှက်မိစ္ဆာမှာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။

ရုတ်တရက် တောအုပ်အတွင်းမှ တရှုရှုအသံများ ထပ်မံထွက်ပေါ်လာပြန်သည်။ ဝံပုလွေပုံသဏ္ဌာန် မိစ္ဆာတစ်ကောင် ချဉ်းကပ်လာနေခြင်းပင်။

ဝှူး...

နောက်ထပ် မီးခိုးရောင် လျှပ်စီးတန်းတစ်ခုထွက်လာပြီး ဝံပုလွေမိစ္ဆာမှာလည်း လဲကျကာ သေဆုံးသွားခဲ့သည်။

စုန်ယန်သည် သူ၏ စိတ်အာရုံဖြင့် အသာအယာ ခံစားကြည့်ရင်း စိတ်ထဲမှ ခွဲခြမ်းစိတ်ဖြာနေမိသည်။ သူသည် အကြီးအကဲမာ၊ ကျင့်ကြံသူနှင့် ယခု မိစ္ဆာတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းဖြင့် သူ၏ လက်ရှိစွမ်းအား၏ ပြင်းအား၊ တိုက်ခိုက်မှုအကွာအဝေးနှင့် စွမ်းအင်ကုန်ဆုံးမှုတို့ကို အသီးသီး စမ်းသပ်နေခြင်းပင်။

ရလဒ်မှာ ကျေနပ်စရာကောင်းသည်ဟု သူ ယူဆလိုက်သည်။

သူ၏ ဤလျှပ်စီးတန်းမှာ သန့်စင်သော နတ်ဘုရားဝိညာဉ်တိုက်ခိုက်မှုပင်။

သေဆုံးသွားသော နတ်ဘုရားဝိညာဉ်များသည် သူ၏ နတ်ဘုရားဝိညာဉ် မျက်နှာပြင်ထဲသို့ တိုက်ရိုက် အရည်ပျော်ဝင်သွားပြီး ဖိုတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ သူ၏ နတ်ဘုရားဝိညာဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာကြသည်။

ခရမ်းရောင်နန်းတော်အဆင့်၏ အထက်ပိုင်းအခြေအနေကို သူ မသိသေးသော်လည်း လက်ရှိ အခြေခံသန့်စင်ခြင်းခန္ဓာကိုယ်နှင့်ဆိုလျှင် ခရမ်းရောင်နန်းတော်အဆင့်အောက်ရှိ မည်သူမဆိုကို သူ လုံးဝ အနိုင်ယူနိုင်သည်။

ခရမ်းရောင်နန်းတော်အဆင့်သို့ မရောက်သေးသရွေ့ နတ်ဘုရားဝိညာဉ်သည် ကမ္ဘာလောကနှင့် တစ်သားတည်း မဖြစ်သေးရာ သူ၏ နတ်ဘုရားဝိညာဉ် တိုက်ခိုက်မှုကို မည်သို့မျှ တောင့်ခံနိုင်

မည် မဟုတ်ပေ။

သူ၏ ခန္ဓာကိုယ် သန်မာမှုမှာ အားနည်းချက် ဖြစ်နေသော်လည်း သူ ပစ်မှတ်ထားသော မည်သူ့ကိုမဆို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်သည်။

ထို့အပြင် သူ၏ နတ်ဘုရားဝိညာဉ် တိုက်ခိုက်မှုမှာ လက်ရှိတွင် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုအပေါ် မူတည်ပြီး ကန့်သတ်ချက် ရှိနေသော်လည်း သူ၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ ဤမီးခိုးရောင် လျှပ်စီးတန်း၏ တိုက်ခိုက်မှုမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပေလိမ့်မည်။

တိုက်ခိုက်မှု အကွာအဝေးမှာမူ အကြမ်းဖျင်းအားဖြင့် မိုင်အနည်းငယ်အတွင်း ဖြစ်သော်လည်း အကွာအဝေး ဝေးကွာလေလေ စွမ်းအင်ကုန်ဆုံးမှုမှာ ပိုများလေလေ ဖြစ်သည်။ ထို့အပြင် စွမ်းအင်ကုန်ဆုံးမှုက ခန္ဓာကိုယ် သန်မာမှုနှင့်လည်း သက်ဆိုင်နေသည်။

အခြေခံသန့်စင်ခြင်းသတ္တမအဆင့်တွင် စွမ်းအင်ကုန်ဆုံးမှုမှာ မနည်းလှပေ။ သို့သော် အဆင့်မြင့်လာပါက စွမ်းအင်ကုန်ဆုံးမှုကို လျှော့ချနိုင်မည်ပင်။

စုန်ယန်သည် သိုလှောင်အိတ်ကို အမြန်သိမ်းဆည်းကာ အလောင်းများကို ရှင်းလင်းလိုက်သည်။ သူ သတ်လိုက်သော ထူးဆန်းသည့် ရာပြတ်ကောင်နှင့် ပိုးကောင်ဆေးလုံးပုလင်းများကို ကြည့်ရင်း သူ၏မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်များ ထပ်မံ ပေါ်ပေါက်လာတော့သည်။

တောင်တန်းနဲ့ ပင်လယ် မိစ္ဆာမျိုးနွယ်တွေက နေရာအနှံ့မှာ သူလျှိုတွေထားပြီး သစ္စာဖောက်တွေကို မြှောက်ပင့်ပေးနေတာ တကယ်ကို မမျှော်လင့်ထားတဲ့ ကိစ္စပဲ...

နဂါးပုန်းအသင်းတော်ကတစ်ဆင့် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကိုသုံးပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာမှဖြစ်မယ်။ မဟုတ်ရင်... နောက်ဆက်တွဲအကျိုးဆက်တွေက မှန်းဆလို့တောင် ရမှာမဟုတ်ဘူး။

ပြီးတော့ အခွင့်အရေးရရင် ငါ့ရဲ့ လက်ရှိအခြေအနေက အတိအကျ ဘာလဲဆိုတာရယ် ဒီအခြေအနေမှာ ကျင့်ကြံတဲ့အခါ ဘာတွေကို သတိထားရမလဲဆိုတာရယ်ကို အမြန်ဆုံး စုံစမ်းရမယ်။

ငါ့လိုမျိုး အရင်က ရှိခဲ့ဖူးတဲ့သူတွေများ ရှိမလား...

အကယ်၍ နိုင်ငံသုံးနိုင်ငံအတွင်းမှာသာဆိုလျှင် စုန်ယန်အနေဖြင့် မရှိနိုင်ကြောင်း အာမခံနိုင်သည်။ သို့သော် သူသည် ဤနိုင်ငံသုံးနိုင်ငံဟူသော ရေတွင်းကျဉ်းလေးထဲမှ ခြေလှမ်းကျဲကာ ပြင်ပရှိ ကျယ်ပြောလှသော ကမ္ဘာကြီးကို တစ်ချက်ဝေ့ကြည့်လိုက်သည့်အခါ ဤခမ်းနားဆန်းကြယ်လှသော ကျင့်ကြံခြင်းလောကထဲတွင် မည်သည့်အရာမဆို ဖြစ်ပျက်နိုင်ကြောင်း သူ သိလိုက်ရသည်။

သူသည် ဤကမ္ဘာကြီးအကြောင်းနှင့် သူ၏ ကိုယ်ပိုင်အခြေအနေအကြောင်းကို အလွန်နည်းပါးစွာသာ သိရှိသေးသည်။

...

အတွေးပေါင်းစုံဖြင့် စုန်ယန်သည် ဓားကိုထိန်းချုပ်ကာ ကျင့်ကြံရေးဂူသို့ အမြန်ဆုံး ပြန်လာခဲ့သည်။

ကံကောင်းသည်မှာ ကျင့်ကြံရေးဂူအတွင်း၌ အခြားဘယ်သူမျှ မရှိပေ။ စုန်ဟန်သည် ဤခရီးတွင် သူ၏မရီးကိုကျင့်ကြံဖိုအဖြစ် ခေါ်ဆောင်လာရန် ရည်ရွယ်ထားသဖြင့် ကျင့်ကြံရေးဂူကို ကြိုတင်ရှင်းလင်းထားခဲ့ခြင်းက စုန်ယန်အတွက် အခက်အခဲများစွာ သက်သာစေခဲ့သည်။

သူသည် ကျောက်ကုတင်ပေါ်တွင် လဲလျောင်းကာ မျက်လုံးမှိတ် အနားယူရင်း စုန်ဟန်၏ မှတ်ဉာဏ်များထဲမှ မိုဓားဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ်များကို ပြန်လည် ဆင်ခြင်နေမိသည်။

ပူးကပ်ဝင်ရောက်ခြင်းသည် အရိပ်အစေခံအဖြစ် ပြောင်းလဲခြင်းသို့မဟုတ် ဝိညာဉ်ရှာဖွေခြင်းတို့နှင့် မတူပေ။

အရိပ်အစေခံ သို့မဟုတ် ဝိညာဉ်ရှာဖွေခြင်းတို့သည် ကျင့်ကြံခြင်း နည်းစနစ်များကို အလုံးစုံ ရရှိနိုင်ခြင်း မရှိသော်လည်း ပူးကပ်ဝင်ရောက်ခြင်းတွင်မူ ယခင်ပိုင်ရှင်၏ အမွေအနှစ်အားလုံးကို ဆက်ခံရရှိနိုင်ရာ သူတို့ တတ်ကျွမ်းခဲ့သော ကျင့်ကြံမှု နည်းစနစ်များလည်း အလိုအလျောက် ပါဝင်လာသည်။

လက်ရှိတွင် သူသည် ပညာရပ်နှစ်ခုအပေါ် အာရုံစိုက်ထားကာ တစ်ခုမှာ ကျင့်စဉ်ဖြစ်ပြီး နောက်တစ်ခုမှာ မှော်အတတ်ဖြစ်သည်။

ကျင့်စဉ်၏ အမည်မှာ မင်နှင့် ရေဆေးပန်းချီ ဓားကျမ်းပင်။ ၎င်းသည် ထူးကဲချီကို စုပ်ယူကာ မင်ဆေးပန်းချီများ၏ အနုပညာ အယူအဆများကို ပုံဖော်ကျင့်ကြံရခြင်းပင်။ တိမ်တိုက်ထဲမှ ဓားကို ရှာဖွေခြင်းထက် တောင်နှင့် မြစ်များကြားတွင် ပျော်မွေ့စွာ လှည့်လည်ခြင်းကို အလေးပေးထားသည်။

မှော်အတတ်မှာမူ ငွေရောင်စမ်းရေ ဓားသိုင်းဖြစ်ပြီး ဤဓားသိုင်းသည် ယခင် နန်ဝူဓားဂိုဏ်း၏ မြွေဖြူဓားသိုင်းနှင့် လုံးဝကွဲပြားသည်။

မြွေဖြူဓားသိုင်းနှင့် ၎င်း၏ နောက်ဆက်တွဲ လက်စွပ်အတွင်းရှိ စကြဝဠာတို့သည် တုနှိုင်းမဲ့ ထက်မြက်မှုနှင့် ခက်ထန်သော ဓားအရှိန်အဝါကို အလေးပေးသော်လည်း ငွေရောင်စမ်းရေ ဓားသိုင်းကမူ ဓား၏ အခြားသော ဦးတည်ချက်ဖြစ်သည့် နူးညံ့မှုကို အရင်းခံသည်။

မာကျောသော ဓားသည် ထက်မြက်မှုတွင် တုနှိုင်းမရသော်လည်း နူးညံ့သော ဓားမှာမူ အဆုံးမရှိ စီးဆင်းနေသော ရေအလား အဆက်မပြတ် ရှိနေသည်။

အကယ်၍ မြွေဖြူဓားသိုင်း၏ ကောင်းကင်ဓားတံခါးသည် တစ်ခဏတာ ပေါက်ကွဲအားကို အဓိကထားလျှင် မင်နှင့် ရေဆေးပန်းချီ ဓားကျမ်းနှင့် ငွေရောင်စမ်းရေ ဓားသိုင်းတို့သည် မြစ်ကြီးများ အဆက်မပြတ် စီးဆင်းနေသကဲ့သို့ မကုန်ခန်းနိုင်သော ဓားအရှိန်အဝါကို ဖော်ဆောင်ခြင်းပင်။

နဂါးပုန်းအသင်းတော်တွင် စုန်ယန်အနေဖြင့် မိုဓားဂိုဏ်း၏ ပညာရပ်များကိုသာ အသုံးပြုရမည်ဖြစ်ရာ သူသည် ဤကျင့်စဉ်နှင့် မှော်အတတ်ကို အပူတပြင်း လေ့လာရန် လိုအပ်နေသည်။

မကြာမီ သူ၏ ရှေ့မှောက်တွင် မျက်မှာပြင်တစ်ခု ပေါ်လာတော့သည်...

[အမည် - စုန်ယန်]

[သက်တမ်း - ၁၄၁/၈၆၃၉]

[ကျင့်စဉ် - မင်နှင့် ရေဆေးပန်းချီ ဓားကျမ်း]

[မှော်အတတ် - ငွေရောင်စမ်းရေ ဓားသိုင်း" (အခြေခံအောင်မြင်မှု)]

သူသည် ငွေရောင်စမ်းရေ ဓားသိုင်းကို ကြည့်ရင်း ခဏမျှ စဉ်းစားကာ လက်ချောင်းများဖြင့် အသာအယာ အချက်ပြလျက် ထူးကဲချီကို လှုံ့ဆော်လိုက်သည်။

အံ့အားသင့်ဖွယ်ကောင်းသည်မှာ မျက်နှာပြင်ပေါ်ရှိ အခြေခံအောင်မြင်မှုဆိုသည့် စာလုံးမှာ ကြီးကျယ်သော အောင်မြင်မှုအဖြစ် ပြောင်းလဲသွားပြီး နာရီဝက်မပြည့်မီမှာပင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။

နိမ့်ပါးတဲ့ မှော်အတတ်တစ်ခုကို ဒီလောက်မြန်မြန် တတ်မြောက်နိုင်တာလား...

မဟုတ်ဘူး ဒါတင်မကဘူး... နိမ့်ပါးတဲ့ မှော်အတတ်တွေဆိုရင် ငါက သူတို့ရဲ့ လမ်းကြောင်းကို အလွယ်တကူ မြင်နိုင်ပြီး ချက်ချင်း သင်ယူနိုင်တာပဲ။

အကယ်၍ တစ်စုံတစ်ယောက်က ငါ့ရှေ့မှာ တခြားနိမ့်ပါးတဲ့ မှော်အတတ်တွေကို သုံးပြမယ်ဆိုရင်လည်း ငါက ရုပ်မဲ့ရှေးဟောင်းမျိုးနွယ်တွေလိုပဲ မျက်တောင်တစ်ခတ်အတွင်းမှာ အတုယူနိုင်လိမ့်မယ်။

ဒါပေမဲ့ ဒါက ရုပ်မဲ့ရှေးဟောင်းမျိုးနွယ်တွေရဲ့ မွေးရာပါ နတ်ဘုရားဝိညာဉ် လျှို့ဝှက်ချက်တော့ မဟုတ်ဘူး။

အရင်က ထန့်ဖန်းဆိုရင် မြီးများတဲ့ နဂါးမြေခွေးမျိုးနွယ်တွေရဲ့ စွမ်းအားကို အတုယူနိုင်လို့ "ရွှေဝတ်စုံဝတ် နတ်စစ်သည်" ကို သုံးနိုင်ခဲ့တာ။ အဲဒီတစ်ချက်မှာတော့ ငါ မလုပ်နိုင်သေးဘူး။

All Chapters