အခန်း (၃၉၃-၃၉၄)
Vol. 34 Ch. 393-394
အပိုင်း (၃၉၃)
ထိုစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း အံ့ဩတုန်လှုပ်သွားကြတော့၏။
‘အောက်ယွီက ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားတာ၊ ဧကရာဇ်ဟောင်းကို လိမ်လည် လှည့်စားတာ ဖြစ်တယ်ဆိုတာ သက်သေပြပြီးပြီလေ။ ဧကရာဇ်မင်းမြတ်က ဒီလောက် အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို တကယ်ပဲ လုပ်ဆောင်အုံးမလို့လား။
ပြည်သူတွေကို ဒုက္ခပေးပြီး ငွေကြေးတွေ ဖြုန်းတီးနေတာပဲ။ ဒီဆုံးရှုံးမှုက ဧရာမကိန်းဂဏန်းကြီးပဲ။ ငွေသား သန်းဆယ်ချီကျော်လောက်တောင် ရှိနိုင်တယ်။ အောက်ယွီရဲ့ ကောလာဟလ တစ်ခုတည်းနဲ့တင် အင်ပါယာက ဒီလောက် အကြီးအကျယ် လှုပ်ရှားတော့မယ်။ ငွေသား သန်းဆယ်ချီ ဆုံးရှုံးခံပြီး နောက်ဆုတ်မယ့် အစီအစဉ်ကို လုပ်ဆောင်မယ် ဟုတ်လား။ ဒါက အရမ်းကို ရူးသွပ်လွန်းနေပြီ မဟုတ်ဘူးလား။’
သို့ပေမည့် ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင်မူ ဤသည်မှာ ဧကရာဇ် ဝမ်ယွင်၏ ရူးသွပ်သော လောင်းကြေးထပ်မှု တစ်ခု ဖြစ်ကြောင်း သိရှိထားသည်။
အကယ်၍ ယွင်ကျုံးဟဲ့၏ ခန့်မှန်းချက်သာ မှားယွင်းသွားပါက သူသည် ယုတ်မာသော စကားများဖြင့် လူများကို လှည့်စားသူ ဖြစ်သွားမည်ဖြစ်ပြီး ကြီးမားသော ငလျင်ကြီး၊ ဆူနာမီကြီးလည်း လုံးဝ ဖြစ်ပေါ်လာမည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် ဧကရာဇ်၏ အမိန့်တော်မှာ ဧကရာဇ်ဟောင်း၏ အလိုဆန္ဒကို လိုက်နာရုံသာဖြစ်ပြီး သူသည် အတင်းအကျပ် ခိုင်းစေခံရခြင်းသာ ဖြစ်သည်။
ထိုအခါ ဧကရာဇ်ဟောင်း သည် တစ်သက်တာ နာမည်ဂုဏ်သတင်း ပျက်စီးသွားမည်ဖြစ်ပြီး အိုမင်းမစွမ်းဖြစ်ကာ ဦးနှောက်ထိုင်းမှိုင်းနေသော ဧကရာဇ်ဟောင်း အဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်ကာ ထိုအချိန်မှစ၍ ဧကရာဇ် ဝမ်ယွင်ကို ထပ်မံ ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။
သို့ပေမည့် အကယ်၍ ယွင်ကျုံးဟဲ့၏ ခန့်မှန်းချက်သာ မှန်ကန်သွားပါက ဧကရာဇ်သည် ပြည်သူများကို ကယ်တင်သည့် သနားညှာတာသော လှေပေါ်သို့ လိုက်ပါသွားခြင်းဖြစ်ပြီး အကျိုးဆောင်မှုသာ ရှိကာ အပြစ် မရှိနိုင်ပေ။
ထို့ကြောင့်ပင် သူသည် အောက်ယွီ၏ လန်ကျိုး ငလျင်ကြီးနှင့် ဆူနာမီကြီး ခန့်မှန်းချက်ကို လျှို့ဝှက်မထားဘဲ အကြီးအကျယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “အောက်ယွီ... ကိုယ်တော်က အကြီးအကျယ် နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်ပြီ။ နောက်ဆက်တွဲ အနေနဲ့ အင်ပါယာ တစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ်။ လူသိန်းချီ နောက်ဆုတ်ရမယ်၊ ပစ္စည်းတွေ အများကြီး ပြောင်းရွှေ့ရမယ်၊ ကုန်သွယ်ရေးတွေ ရပ်ဆိုင်းရမယ်၊ ကုန်သည် သင်္ဘောတွေ စစ်သင်္ဘောတွေ အားလုံး ပြောင်းရွှေ့ရမယ်။ ဒီအတွက် ငွေသား သန်းဆယ်ချီကျော် တန်ဖိုး ပေးဆပ်ရလိမ့်မယ်။
အောက်ယွီ... ဧကရာဇ်ဟောင်းက ခင်ဗျားရဲ့ လှေပေါ်ကို တက်လာခဲ့ပြီ။ ကိုယ်တော်လည်း ခင်ဗျားရဲ့ လှေပေါ်ကို တက်လာခဲ့ပြီ။ ခင်ဗျားက တကယ်ပဲ နတ်ဘုရားလို တွက်ချက်နိုင်တာပဲဖြစ်ဖြစ်၊ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားတာပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ လူမျိုးအတွက် ဧကရာဇ်ဟောင်းနဲ့ ကိုယ်တော်က ခင်ဗျားနဲ့အတူ လောင်းကြေး ထပ်လိုက်ပြီ။”
အကယ်၍ လောင်းကြေးနိုင်သွားရင် ခင်ဗျား အောက်ယွီဟာ အင်ပါယာရဲ့ အကျိုးဆောင်ကြီး ဖြစ်လာမှာပဲ။ အကယ်၍ လောင်းကြေးရှုံးသွားရင်တော့ ဧကရာဇ်ဟောင်းနဲ့ ကိုယ်တော်က အိုမင်းမစွမ်းဖြစ်ပြီး အစွမ်းအစ မရှိတဲ့ နာမည်ဆိုးကို ခံယူရမှာဖြစ်ပြီး ခင်ဗျားတို့ တစ်မိသားစုလုံးလည်း ခေါင်းဖြတ်စင်ပေါ် ရောက်ရလိမ့်မယ်။ နားလည်လား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “နားလည်ပါတယ်။”
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “ဒါဆိုရင် ဒီကံကြမ္မာ လောင်းကြေးပွဲကို စတင်လိုက်တော့။ ကောင်းကင်ဘုံက ခင်ဗျားကို သိမ်းပိုက်သွားမလား၊ ဒါမှမဟုတ် ခင်ဗျားက အင်ပါယာရဲ့ အကျိုးဆောင်ကြီး ဖြစ်လာမလား၊ ဒါမှမဟုတ် သမိုင်းတစ်လျှောက်လုံး အပြစ်တင်ခံရမယ့် လူယုတ်မာကြီး ဖြစ်သွားမလား ဆိုတာ စောင့်ကြည့်ရတာပေါ့။”
“အရှင်မင်းမြတ်... သေချာ စဉ်းစားတော်မူပါ။”
“အရှင်မင်းမြတ်... သေချာ စဉ်းစားတော်မူပါ။”
“အရှင်မင်းမြတ်... သေချာ စဉ်းစားတော်မူပါ။”
ချက်ချင်းပဲ ညီလာခံရှိ အမတ်များ အားလုံး ဒူးထောက်ကာ ဧကရာဇ်၏ အမိန့်တော်ကို ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်ကြသည်။
ဤလူများထဲတွင် အမှန်တကယ် စိုးရိမ်ပူပန်သူများ ပါဝင်သကဲ့သို့ ဟန်ဆောင်နေသူများလည်း ပါဝင်သည်။ သို့ပေမည့် လူအများစုမှာ ဧကရာဇ်ကို အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ် လုပ်ဆောင်ခြင်းမှ တားဆီးလိုကြ၏။
နက္ခတ်တာရာရုံးမှ အရူးများမှလွဲ၍ ဤနေရာရှိ အမတ်ကြီးများ အားလုံးသည် အင်ပါယာ၏ ထိပ်တန်း အမတ်များ ဖြစ်ကြပြီး လန်ကျိုးတွင် ကြီးမားသော အကျိုးအမြတ်များ ရှိနေကြသူများ ဖြစ်သည်။
ကုန်ထုတ်လုပ်ရေးရုံး၊ ဆားသယ်ယူပို့ဆောင်ရေးရုံး၊ ကုန်သွယ်ရေး ဆိပ်ကမ်းရုံးတို့သည် နေ့စဉ်နေ့တိုင်း ရွှေတောင်၊ ငွေပင်လယ်များနှင့် ပြည့်နှက်နေ၏။
တော်ဝင်မိသားစုက အကြီးဆုံး ပိုင်ရှင်ကြီး ဖြစ်သော်လည်း ဤနေရာရှိ အမတ်ကြီးများနှင့် မှူးမတ်များ သည်လည်း ပိုင်ရှင်ငယ်များ ဖြစ်ကြကာ ဤအရာများကို အားကိုး၍ ချမ်းသာကြွယ်ဝနေကြခြင်း ဖြစ်သည်။
အောက်ယွီ၏ အခြေအမြစ်မရှိသော ခန့်မှန်းချက် တစ်ခုတည်းအတွက် အကြီးအကျယ် နောက်ဆုတ် ရမည်လား။ ထို့အပြင် အနည်းဆုံး တစ်လကျော်ခန့် ကုန်သွယ်ရေး ရပ်ဆိုင်းသွားမည်ဖြစ်ရာ ငွေကြေး မည်မျှ ဆုံးရှုံးသွားမည်နည်း။
“အောက်ယွီ... ခွေးကောင်... ခင်ဗျားက ကိုယ့်အသက်ကို ကယ်ဖို့အတွက် လူတွေကို လှည့်စားပြီး ကြောက်လန့်အောင် လုပ်နေတယ်။ ဒီနေ့ ကျုပ် ခင်ဗျားကို သတ်ပစ်မယ်။” ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီးနောက် အမတ်တစ်ဦး ပြေးထွက်လာကာ ခရမ်းရောင် သစ်သားခုံ တစ်ခုကို မပြီး ယွင်ကျုံးဟဲ့ ထံသို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်တော့၏။
‘ချီးတဲ့မှ... ဒါက ဘယ်သူလဲ။ ဒီလောက်တောင် ရဲတင်းနေတာ။’
သူက စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဝမ်ဟွာကျိန့် ဖြစ်၏။ သူသည် မှူးမတ် မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပြီး ယန်ရှုံးဟောက် ဘွဲ့ရရှိထားကာ ညီလာခံတွင် ရေတပ်မှ ရာထူးတက်လာသော အမတ် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။
သူ၏ လုပ်ငန်းအတွေ့အကြုံမှာ အလွန် များပြားလေသည်။ လန်ကျိုး မြို့ဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ကုန်သွယ်ရေး ဆိပ်ကမ်းရုံး၏ အကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့ဖူးသည်။ ထို့နောက် ချန်းဟိုင် ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတက်သွားပြီး ချန်းဟိုင်ရေတပ် စစ်သေနာပတိ အဖြစ်လည်း ပူးတွဲ တာဝန်ယူခဲ့ဖူး၏။
လန်ကျိုး၏ အဆင့်အတန်း မြင့်မားလာမှုကြောင့် ချန်းဟိုင် ပြည်နယ်လည်း အဆင့်တက်သွားပြီး အလယ်အလတ် အဆင့် ပြည်နယ်မှ အထက်တန်းအဆင့် ပြည်နယ် ဖြစ်လာကာ အုပ်ချုပ်ရေးမှူးလည်း ဝန်ကြီးချုပ် အဖြစ် ရာထူးတက်သွားခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်က ဝမ်ဟွာကျိန့် သည် ချန်းဟိုင် ပြည်နယ်မှ မြို့တော်သို့ ရာထူးတက်လာပြီး စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဖြစ်လာခဲ့သည်။ သေချာပေါက် ဤအရာကို ရာထူးတက်သည်ဟု မခေါ်နိုင်ဘဲ အဆင့်တူ ပြောင်းရွှေ့ခြင်းဟုသာ ဆိုနိုင်၏။
သို့ပေမည့် စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဖြစ်လာပြီးနောက် အနာဂတ်တွင် ဆူမီယွမ်သို့ ဝင်ရောက်နိုင်ခြေ အလွန် များပြားပြီး စစ်ဘက်ဆိုင်ရာ၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သည်။
ဤလူ၏ လုပ်ငန်းအတွေ့အကြုံကို ကြည့်မည်ဆိုပါက အများစုမှာ ချန်းဟိုင် ပြည်နယ်တွင်သာဖြစ်ပြီး ဒေသခံ အင်အားကြီး တစ်ဦး ဖြစ်၏။
လန်ကျိုးဆိပ်ကမ်း ကုန်သွယ်ရေး၊ ချန်းဟိုင်ရေတပ်တို့မှာ ဤ ဝမ်ဟွာကျိန့်၏ အခြေခံအင်အားများ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ သူ၏ မိသားစု တစ်စုလုံးသည် လန်ကျိုး ဆိပ်ကမ်းကို အားကို း၍ အသက်မွေးဝမ်းကျောင်း ပြုနေကြပြီး ပြိုင်ဘက်ကင်းသော ချမ်းသာကြွယ်ဝမှုများကို ခံစားနေကြသည်။
ယခုအခါ အောက်ယွီ၏ အခြေအမြစ် မရှိသော ခန့်မှန်းချက် တစ်ခုတည်းအတွက် ကုန်သွယ်ရေးကို တစ်လကျော်ခန့် ရပ်ဆိုင်းပစ်ရမည်လား။
ဤသည်က သူ၏ ယန်ရှုံးဟောက် အိမ်တော်အတွက် ငွေကြေး မည်မျှ ဆုံးရှုံးစေမည်နည်း။ ဤသည်မှာ အဆိုးရွားဆုံး မဟုတ်သေးချေ။
လန်ကျိုးတွင် ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သောကြောင့် ဝမ်ဟွာကျိန့် သည် လန်ကျိုးကို သူ၏ကို ယ်ပိုင် နယ်မြေအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
အကယ်၍ လန်ကျိုးတွင် အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ် လုပ်ဆောင်မည်ဆိုပါက ကုန်သွယ်ရေး အားလုံး ရပ်ဆိုင်းသွားပြီး သင်္ဘောများ အားလုံး ပြောင်းရွှေ့သွားမည်ဖြစ်ရာ အာဏာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာမှာဖြစ်၏။
ဤသို့ဆိုလျှင် လူတစ်ချို့က လန်ကျိုးကို ဝင်ရောက် စွက်ဖက်လာနိုင်ပြီး ဝမ်ဟွာကျိန့်၏ အခြေခံအင်အားကို လှုပ်ခတ်သွားစေနိုင်သည်။
ထို့ကြောင့် သူသည် ယခုအခါ အောက်ယွီကို အရိုးထဲထိ မုန်းတီးနေပြီး ညီလာခံတွင်ပင် ကို ယ်ထိလက်ရောက် ကျူးလွန်တော့မှာဖြစ်၏။
ထို့အပြင် အခြားအမတ်များက သူ့ကို စွပ်စွဲမည်ကိုလည်း မကြောက်ရွံ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ရှိနေသော အမတ်များ အားလုံးသည် အောက်ယွီကို သေသည်အထိ မုန်းတီးနေကြသော်လည်း ဂုဏ်သိက္ခာကို ငဲ့ကွက်၍သာ ကိုယ်ထိလက်ရောက် မကျူးလွန်ရဲကြခြင်း ဖြစ်သောကြောင့်ပင်။
သို့ပေမည့် ဝမ်ဟွာကျိန့်ကမူ မတူညီချေ။ သူသည် နယ်ဘက်ရော စစ်ဘက်ပါ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ချန်းဟိုင်ရေတပ် စစ်သေနာပတိအဖြစ် တာဝန်ထမ်းဆောင်စဉ်က လူများကို မကြာခဏ အော်ဟစ် ဆဲဆိုကာ ကိုယ်ထိလက်ရောက် ကျူးလွန်လေ့ ရှိသည်။
“ခင်ဗျားကို သတ်မယ်... ခင်ဗျားကို သတ်မယ်... တိုင်းပြည်ကို ဒုက္ခပေးတဲ့ လူယုတ်မာ။ လောကအတွက် အောက်ယွီလို သူခိုးကို သတ်ပစ်မယ်။”
ယွင်ကျုံးဟဲ့သည် တစ်ဖက်လူက ခရမ်းရောင် သစ်သားခုံဖြင့် ပစ်ပေါက်လာသည်ကို မြင်ချိန်မှာတော့ သေချာပေါက် အမြန် ထွက်ပြေးရတော့၏။ ဤခုံမှာ ပေါင်ဆယ်ချီခန့် အလေးချိန်ရှိပြီး ထိမှန်သွားပါက မသေလျှင်တောင်မှ အရိုးကျိုးမည်မှာ သေချာသောကြောင့် အလွန် နစ်နာပေမည်။
အောက်ယွီ ထွက်ပြေးချိန်မှာတော့ ဝမ်ဟွာကျိန့်ကလည်း ခရမ်းရောင် သစ်သားခုံဖြင့် လိုက်လံ ရိုက်နှက်ရန် ကြိုးစားနေပြီး ဤညီလာခံခန်းမ အတွင်း၌ပင် သူ့ကို သေသည်အထိ ရိုက်သတ်ချင်နေသည်။
‘ဟူး... လူတိုင်းက သရုပ်ဆောင်တွေချည်းပါပဲ။ တခြားအချိန်တွေမှာဆိုရင် ညီလာခံ ခန်းမထဲမှာ ဒီလို ကိုယ်ထိလက်ရောက် ကျူးလွန်ရဲပါ့မလား။ အခုလို လုပ်တာက အန္တရာယ် မရှိတဲ့အပြင် လူအများရဲ့ ထောက်ခံမှုကိုပါ ရနိုင်မယ်လို့ ထင်လို့သာ ဒီလို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတာလေ။’
“ရိုင်းစိုင်းလိုက်တာ။”
ဧကရာဇ် ဝမ်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “အမတ်ကြီး တစ်ယောက်ဖြစ်ပြီး ဘယ်လို အပြုအမူမျိုး လုပ်နေတာလဲ။”
စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဝမ်ဟွာကျိန့် ဒူးထောက်ကာ ဦးညွတ်လျက် လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ကျုပ်တို့ မိသားစု မျိုးဆက်အဆက်ဆက်က ပင်လယ်ကမ်းခြေမှာ နေထိုင်လာခဲ့တာပါ။ ပြီးတော့ ကျုပ်က လန်ကျိုးမှာ ဆယ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ရေတပ်မှာလည်း နှစ်အတော်ကြာ နေခဲ့ဖူးပါတယ်။ ဒီမှာ ရှိနေတဲ့ သူတွေထဲမှာ ပင်လယ်အကြောင်း ကျုပ်ထက် ပိုသိတဲ့သူ မရှိပါဘူး။
သမိုင်းတစ်လျှောက်လုံး လန်ကျိုး ပင်လယ်ပြင် ဟာ အရမ်းကို ငြိမ်သက်ပါတယ်။ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ မပြောနဲ့၊ လှိုင်းကြီးတာတောင် သိပ်မရှိပါဘူး။ ဒါကြောင့်လည်း ဧကရာဇ်ဟောင်းက လန်ကျိုးကို ကုန်သွယ်ရေး ဆိပ်ကမ်းအဖြစ် ရွေးချယ်ခဲ့တာပါ။”
လူတိုင်း ခေါင်းညိတ်ပြလိုက်ကြ၏။ ‘ပင်လယ်ပြင်နဲ့ ပတ်သက်တဲ့ကျွမ်းကျင်သူကို ပြောရရင် ဒီနေရာမှာ ဝမ်ဟွာကျိန့် ထက် ပိုတော်တဲ့သူ တကယ် မရှိပါဘူး။’
“အရှင်မင်းမြတ်... အောက်ယွီရဲ့ ယုတ္တိမရှိတဲ့ စကားတစ်ခွန်းလေးအတွက်နဲ့ အကြီးအကျယ် လှုပ်ရှားပြီး ပြည်သူတွေကို ဒုက္ခပေး၊ ငွေကြေးတွေ ဖြုန်းတီးမယ်ဆိုရင် အနာဂတ် သမိုင်းမှတ်တမ်းတွေထဲမှာ နာမည်ဆိုး တွင်ကျန်ရစ်ခဲ့လိမ့်မယ်။” ဝမ်ဟွာကျိန့်က အဆက်မပြတ် ဦးညွတ်ကာ လျှောက်တင်လိုက်သည်။
ထို့နောက် အခြား အမတ်အချို့ လည်း အလျင်အမြန် ဒူးထောက်လိုက်ကြ၏။
ဘဏ္ဍာရေး ဝန်ကြီးက လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... တောင်ပိုင်းကို စစ်တပ် စေလွှတ်ထားသလို မြောက်ဘက်နဲ့ အနောက်ဘက် နယ်စပ်တွေမှာလည်း တပ်တော်တွေ စုစည်းနေရလို့ နိုင်ငံတော် ဘဏ္ဍာတိုက်ဟာ အရမ်းကို ကျပ်တည်းနေပါပြီ။ နောက်နှစ်အတွက် ကြိုတင် သုံးစွဲနေရတဲ့ အခြေအနေမျိုးတောင် ရောက်နေပါပြီ။
အခု နိုင်ငံတော် ဘဏ္ဍာတိုက်ရဲ့ အဓိကဝင်ငွေ တစ်ခုက လန်ကျိုးဆိပ်ကမ်း၊ လန်ကျိုးကုန်သွယ်ရေး ဆိပ်ကမ်းရုံးနဲ့ ဆားသယ်ယူပို့ဆောင်ရေးရုံးတွေကနေ ရတဲ့ အခွန်ငွေတွေပါ။ အကယ်၍ တစ်လကျော်လောက် ရပ်ဆိုင်းလိုက်မယ်ဆိုရင် ဒီငွေတွေကို ကျုပ် ဘယ်က သွားရှာရမလဲ။
ဒါတင်မကသေးဘူး။ လန်ကျိုးမှာ အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ် လုပ်မယ်ဆိုရင် ချန်းဟိုင် ရေတပ် တစ်ခုလုံးနဲ့ ကုန်သည်သင်္ဘောတွေ အားလုံးကို အဝေးကို ပြောင်းရွှေ့ရအုံးမယ်။ အဲဒီအတွက် ငွေဘယ်လောက် ကုန်မလဲ။
ဒါကြောင့် နိုင်ငံတော် ဘဏ္ဍာတိုက်ဟာ လန်ကျိုးကနေ အခွန်ငွေ မရနိုင်တော့တဲ့အပြင် ဒီအကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်အတွက် ငွေတွေ အများကြီး ထုတ်ပေးရအုံးမယ်။ ဒီလို ဝင်ငွေနဲ့ ထွက်ငွေကို တွက်ကြည့်ရင် သန်းချီမက ဆုံးရှုံးမှာပါ။ ကျုပ်ရဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒီလောက် များပြားတဲ့ ငွေတွေကို တကယ် မထုတ်ပေးနိုင်ပါဘူး။
ဆန်မရှိဘဲ ထမင်းချက်ဖို့ ခက်ခဲလှပါတယ် အရှင်မင်းမြတ်။” ဘဏ္ဍာရေး ဝန်ကြီးလည်း အဆက်မပြတ် ဦးညွတ်ကာ လျှောက်တင်လိုက်၏။
အပိုင်း (၃၉၄)
ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “ဒီအကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်အတွက် ငွေဘယ်လောက် ထုတ်ပေးရမလဲ။”
ဘဏ္ဍာရေး ဝန်ကြီးက ပြန်ဖြေလိုက်၏။ “ဒါက လူဘယ်လောက်နဲ့ အဖွဲ့အစည်း ဘယ်လောက်ကို ပြောင်းရွှေ့ရမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။”
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “လန်ကျိုးကမ်းရိုးတန်း မိုင်သုံးဆယ် အတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ အားလုံးကို ပြောင်းရွှေ့ရမယ်။ အရေးကြီးတဲ့ အဖွဲ့အစည်း အားလုံးကိုလည်း ပြောင်းရွှေ့ရမယ်။”
ဘဏ္ဍာရေး ဝန်ကြီး၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ပြောလိုက်၏။ “အရှင်မင်းမြတ်... လန်ကျိုးဟာ ပင်လယ်ကမ်းခြေမှာ ရှိတာလေ။ မိုင်သုံးဆယ်အတွင်းမှာပဲ ရှိတာ။ လန်ကျိုးမြို့ တစ်ခုတည်းမှာတင် လူငါးသိန်းကျော် ရှိတယ်။ ဒါကကုန်သည်တွေနဲ့ ချန်းဟိုင် ရေတပ်ကို မထည့်သွင်းရသေးဘူး။
ပြီးတော့ သင်္ဘောကျင်းတွေ၊ ဆားသယ်ယူပို့ဆောင်ရေးရုံးတွေ၊ ရက်ကန်းရုံ အများအပြားလည်း ကမ်းရိုးတန်း မိုင်သုံးဆယ်အတွင်းမှာပဲ ရှိတယ်။ အကယ်၍ အားလုံးကို ပြောင်းရွှေ့ရမယ်ဆိုရင် စိတ်ကူးကြည့်လို့တောင် မရနိုင်ပါဘူး။”
ဧကရာဇ် ဝမ်ယွင်က အေးစက်စက်ဖြင့် မေးလိုက်သည်။ “ကျုပ်ကို ပြောစမ်း။ စုစုပေါင်း လူဘယ်လောက် ပြောင်းရွှေ့ရမလဲ။ ငွေဘယ်လောက်ကုန်မလဲ။”
ဘဏ္ဍာရေး ဝန်ကြီးက ပြန်ဖြေလိုက်၏။ “လူ ခုနစ်သိန်း၊ ရှစ်သိန်းလောက် ပြောင်းရွှေ့ရပါမယ်။ မြင်းလှည်း၊ နွားလှည်းတွေ အများကြီး ပြင်ဆင်ရမယ်။ တပ်တော် တစ်သိန်းလောက် အသုံးပြုရမယ်။ စားနပ်ရိက္ခာတွေ အများကြီး လိုအပ်မယ်။ ပြီးတော့ ဒီလူ သိန်းချီအတွက် နေစရာ နေရာတွေလည်း ရှာပေးရအုံးမယ်။”
ဧကရာဇ် ဝမ်ယွင်က အေးစက်စက်ဖြင့် ထပ်မေးလိုက်သည်။ “ငါကိုယ်တော်ကို ပြောစမ်း။ အကြမ်းဖျင်း ငွေဘယ်လောက် ကုန်မလဲ။”
ဘဏ္ဍာရေး ဝန်ကြီးက ပြန်ဖြေလိုက်၏။ “အနည်းဆုံး ငွေသား ငါးသန်းလောက် ထုတ်ပေးရပါမယ်။”
တစ်လအတွင်း လူဦးရေ ရှစ်သိန်းခန့်အား နေရာရွှေ့ပြောင်းပေးရမှာဖြစ်ပြီး တပ်တော်အင်အား တစ်သိန်းကို အသုံးပြုကာ လန်ကျိုးရှိ အရေးကြီး ပစ္စည်းများကို သယ်ယူပို့ဆောင်ရမည်ဆိုပါက ငွေသားငါးသန်းဟူသည်မှာ အနည်းဆုံး ခန့်မှန်းခြေ ပမာဏသာ ရှိပေဦးမည်။
အကြောင်းမူကား နိုင်ငံတော်က ငွေကြေး မည်မျှပင် ထုတ်ပေးသည်ဖြစ်စေ အောက်ခြေဝန်ထမ်း အရာရှိတို့သည် ထိုငွေများထဲမှ ထက်ဝက်ခန့်ကို လမ်းခုလတ်၌ ဖြတ်တောက် ရယူကြမည်မှာ အမှန်ပင် ဖြစ်သည်။
အောက်ခြေရှိ လူများအား အလုပ်တွင်ကျယ်စေလိုပါက အမိန့်ပေးရုံမျှဖြင့် မလုံလောက်ဘဲ ၎င်းတို့၏ အကျိုးစီးပွား အတွက်ပါ ပြည့်စုံအောင် ဖန်တီးပေးထားမှသာလျှင် လုပ်ငန်းများ အောင်မြင်နိုင်မှာ ဖြစ်၏။
ဧကရာဇ် ဝမ်ယွင်က မေးလိုက်သည်။ “နိုင်ငံတော် ဘဏ္ဍာတိုက်က ဒီငွေကို မထုတ်ပေးနိုင်ဘူးလား။”
ဘဏ္ဍာရေး ဝန်ကြီးက ပြန်ဖြေလိုက်၏။ “အရှင်မင်းမြတ်... တကယ် မထုတ်ပေးနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတော် ဘဏ္ဍာတိုက်ထဲက ငွေတွေက အကုန်လုံး သုံးစွဲဖို့ နေရာရှိပြီးသားပါ။ လန်ကျိုး ထက်တောင် ပိုအရေးကြီးတဲ့ နေရာတွေ ရှိပါသေးတယ်။”
ဧကရာဇ် ဝမ်ယွင် ပင်လျှင် စိတ်ထဲတွင် နာကျင်သွားရသည်။
‘အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်အတွက် ငွေသား ငါးသန်း ထုတ်ပေးရမယ်။ ကုန်သွယ်ရေး တစ်လကျော် ရပ်ဆိုင်းလိုက်ရလို့ ငွေအများကြီး ဆုံးရှုံးရဦးမယ်။ ဒီလို ဝင်ငွေ၊ ထွက်ငွေ တွက်ကြည့်ရင် သန်းဆယ်ချီ နီးပါးလောက် ရှိတယ်။ တာ့ကျိုးအင်ပါယာ ဘယ်လောက်ပဲ ချမ်းသာ၊ ချမ်းသာ ဒီလောက် အသုံးစရိတ်ကို မခံနိုင်ပါဘူး။’
ညီလာခံရှိ အမတ်များ အားလုံး နောက်တစ်ကြိမ် ဒူးထောက်လိုက်ကြပြီး အသနားခံလိုက်ကြ၏။ “အရှင်မင်းမြတ် သေချာ စဉ်းစားတော်မူပါ။ အောက်ယွီရဲ့ ယုတ္တိမရှိတဲ့ စကားတွေကြောင့် ပြည်သူတွေကို ဒုက္ခပေးပြီး ငွေကြေးတွေ မဖြုန်းတီးပါနဲ့။”
ဧကရာဇ် ဝမ်ယွင်သည် မျက်လုံးများကို မှိတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် မျက်လုံးများကို ဖွင့်ကာ စားပွဲကို ပြင်းထန်စွာ ရိုက်လိုက်ပြီး ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းဟာ သနားညှာတာတဲ့ စိတ်ရှိတယ်။ ကိုယ်တော်က ဘယ်လိုလုပ်ပြီး မိဘကျေးဇူး မသိတတ်တဲ့သူ ဖြစ်နိုင်မှာလဲ။ ဒီငွေသား ငါးသန်းကို ကိုယ်တော်ပဲ ထုတ်ပေးမယ်။ ကိုယ်တော့်ရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ကနေ ထုတ်ပေးမယ်။ ဒီနေ့ကစပြီး ကိုယ်တော်က အသုံးစရိတ်တွေကို ချွေတာလိုက်တော့မယ်။”
‘တကယ်ကို ရက်ရောတာပဲ။ ငွေသား ငါးသန်းကို ဧကရာဇ်က ပြောတာနဲ့ ချက်ချင်း ထုတ်ပေးလိုက်တာပဲ။ ဒါက သူ့ရဲ့ကိုယ်ပိုင် ငွေတွေထဲကနေ ထုတ်ပေးတာလေ။’
ဤဆုံးရှုံးမှုသည် အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။ ဧကရာဇ်မင်းမြတ်သည် ကြီးမားလှသော လောင်းကြေးတစ်ခုကို ထပ်လိုက်ခြင်းပင် ဖြစ်တော့သည်။ ၎င်းမှာ ငွေသားငါးသန်းကို အသုံးပြု၍ သူတော်စင်ဧကရာဇ် ဟူသော ဂုဏ်သတင်းကို ဝယ်ယူလိုက်ခြင်း ဖြစ်သကဲ့သို့ ဧကရာဇ်ဟောင်း၏ ဂုဏ်သိက္ခာကို နင်းကျော်၍ တက်လှမ်းရန် ကြိုးပမ်းလိုက်ခြင်းလည်း ဖြစ်နိုင်ခြေ ရှိပေသည်။
လူတိုင်းက နှုတ်မှ ထုတ်ဖော်မပြောကြသော်လည်း စိတ်ထဲတွင်မူ ဧကရာဇ်မင်းမြတ်၏ မိဘအပေါ် သိတတ်မှုကို ချီးကျူးနေကြပေလိမ့်မည်။
အောက်ယွီသည် လူအများကို လှည့်စားနေခြင်းဖြစ်ကြောင်း သိသာထင်ရှားနေသော်လည်း ဧကရာဇ်ဟောင်း၏ အမိန့်ကို လိုက်နာသောအားဖြင့် မိမိ၏ ကိုယ်ပိုင်ဘဏ္ဍာ ငွေသားငါးသန်းကို ထုတ်ယူကာ ကိစ္စရပ်အားလုံးကို ပြေလည်အောင် ဆောင်ရွက်ပေးခဲ့ပြီး ဧကရာဇ်ဟောင်းကို စိတ်ချမ်းသာမှု ပေးခဲ့သောကြောင့် ဖြစ်သည်။
အကယ်၍ ဒုတိယလအလယ်သို့ ရောက်ရှိသော်လည်း ငလျင်နှင့် ဆူနာမီဘေးအန္တရာယ်များ ကျရောက် မလာခဲ့ပါက မရေမတွက်နိုင်သော လူအပေါင်းသည် ဧကရာဇ်ဟောင်းကိုသာ ဝိုင်းဝန်းကျိန်ဆဲကြမည် ဖြစ်ပြီး အောက်ယွီကိုလည်း အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်ကြပေလိမ့်မည်။
သို့သော်ငြား ဧကရာဇ်မင်းမြတ်ကိုမူ မည်သူမှ အပြစ်တင်နိုင်မည် မဟုတ်သည့်အပြင် ပြည်သူကို ချစ်သော၊ မိဘကျေးဇူး သိတတ်သော မင်းကောင်းမင်းမြတ်အဖြစ်သာ တခဲနက် ချီးကျူးကြပေဦးမည်။ အကြောင်းမှာ သူသည် ထိုအရေးကိစ္စအတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ဖြေရှင်းပေးခဲ့သောကြောင့် ဖြစ်လေသည်။
ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ငွေထုတ်ပေးမည်ဟု ကြားလိုက်ရချိန်မှာတော့ ဘဏ္ဍာရေး ဝန်ကြီးသည် အလျင်အမြန် ဒူးထောက်ကာ ဦးညွတ်လျက် လျှောက်တင်လိုက်၏။ “လုံးဝ မဖြစ်နိုင်ပါဘူး။ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါက နိုင်ငံတော်ရဲ့ကိစ္စပါ။ ဘယ်လိုလုပ်ပြီး အရှင်မင်းမြတ်ရဲ့ကိုယ်ပိုင် ဘဏ္ဍာတိုက်က ငွေကို သုံးလို့ ရမှာလဲ။ ဒီငွေသား ငါးသန်းကို ကျုပ်ရဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ထပ်ပြီး ညှစ်ထုတ်ပေးပါ့မယ်။ ထပ်ပြီး ညှစ်ထုတ်ပေးပါ့မယ်။”
ဧကရာဇ်က အေးစက်စက်ဖြင့် မေးလိုက်သည်။ “ဘယ်လို ညှစ်ထုတ်မှာလဲ။ စစ်စရိတ်ထဲက ယူသုံးမှာလား။”
ဘဏ္ဍာရေး ဝန်ကြီး တိတ်ဆိတ်သွား၏။
“စစ်စရိတ် ဆိုတာ နိုင်ငံတော်ရဲ့ အခြေခံ အုတ်မြစ်ပဲ။ လုံးဝ ထိလို့ မရဘူး။”
ဧကရာဇ်က ပြတ်သားစွာ ပြောလိုက်သည်။ “ဒါက ဧကရာဇ်ဟောင်းရဲ့ သနားညှာတာတဲ့ စိတ်ထားပဲ။ ကိုယ်တော်လည်း မိဘကျေးဇူး ဆပ်တဲ့အနေနဲ့ ရှိသမျှ အကုန် ပေးဆပ်ရမယ်။ ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ တစ်ယောက်ယောက်များ ကန့်ကွက်ရဲရင် အခုချက်ချင်း နုတ်ထွက်စာ တင်လိုက်။ ကိုယ်တော် ချက်ချင်း ခွင့်ပြုပေးမယ်။”
ဧကရာဇ်မင်းမြတ်က ဤမျှအထိ ပြောဆိုလိုက်ပြီဖြစ်ရာ အမတ်များ အားလုံး ဒူးထောက်ကာ အမိန့်တော်ကို နာခံကြောင်း လျှောက်တင်ရုံမှလွဲ၍ အခြား မရှိတော့ချေ။
ထို့နောက် သူတို့သည် ယွင်ကျုံးဟဲ့ကို ကြီးမားသော ရန်ငြိုးကြီး ရှိနေသကဲ့သို့ ကြည့်ရှုကာ အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်စိတ်များ ပေါက်လာကြသည်။
ဧကရာဇ် ဝမ်ယွင်က အမိန့်ပေးလိုက်၏။ “အောက်ယွီ... ဒုတိယလ နှစ်ဆယ့်နှစ်ရက်နေ့ မတိုင်ခင်အထိ ခင်ဗျား ဟေးပင်းထိုင် အကျဉ်းထောင်ထဲမှာပဲ နေလိုက်တော့။ အဲဒီလိုဆိုရင် ပိုပြီး လုံခြုံလိမ့်မယ်။ မဟုတ်ရင် ကိုယ်တော်က လူဘယ်လောက်များများ လွှတ်ပြီး ကာကွယ်ပေးပေး ခင်ဗျားရဲ့ အသက်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒုတိယလ နှစ်ဆယ့်နှစ်ရက်နေ့ မတိုင်ခင်မှာ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ မဖြစ်ပေါ်လာဘူး ဆိုရင်တော့ ခင်ဗျားကို တွမ်မန် တံခါးဆီ တိုက်ရိုက် ပို့ဆောင်ပြီး အရှင်လတ်လတ် အရေခွံခွာ သတ်ပစ်မယ်။”
ထို့နောက် ဧကရာဇ် ဝမ်ယွင်က လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။ “ခေါ်သွား။”
ဟေးပင်းထိုင် စစ်သည်များ ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့ကို နန်းတော်မှ ခေါ်ဆောင်သွားကာ ဟေးပင်းထိုင် အကျဉ်းထောင် အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်ကြ၏။
ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “မနက်ဖြန် ညီလာခံမှာ အကြီးအကျယ် နောက်ဆုတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ထပ်ပြီး ဆွေးနွေးမနေကြနဲ့တော့။ ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ မနက်ဖြန် ညီလာခံမှာ ဆွေးနွေးရမှာက ဘယ်လို နောက်ဆုတ်မလဲ၊ ဘယ်အမတ်ကို လွှတ်မလဲ ဆိုတာပဲ။”
“အမိန့်တော်အတိုင်းပါ။”
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “လူစုခွဲကြတော့။ မနက်ဖြန် ညီလာခံအတွက် ပြင်ဆင်ကြ။”
ဤအမတ်များ နန်းတော်မှ ထွက်ခွာသွားပြီး တစ်နာရီ မကြာမီမှာပဲ မြို့တော် တစ်ခုလုံး လုံးဝ ပွက်လောညံ သွားတော့၏။ တကယ့်ကို လူတိုင်း၏ ပြစ်တင်ဝေဖန်မှုကို ခံရခြင်း ဖြစ်တော့သည်။
‘ချီးတဲ့မှ... ကျုပ်တို့က အောက်ယွီဟာ ဧကရာဇ်ဟောင်းကို ဒီလောက်တောင် ကာကွယ်ပေးအောင် ဘာတွေများ လုပ်ခဲ့လို့လဲ ထင်နေတာ။ အရင်တုန်းက ကောလာဟလတွေ ဖြန့်ပြီး လူတွေကို လှည့်စားခဲ့တာကိုး။
ဒုတိယလ အလယ်လောက်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်ကြီး၊ ဆူနာမီကြီး ဖြစ်လာမယ် ဟုတ်လား။ ဘာတွေ လာပြောနေတာလဲ။ ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ။ ခင်ဗျားက နတ်ဘုရား လား။ ငလျင်နဲ့ ဆူနာမီကို တစ်လကြိုတင်ပြီး ခန့်မှန်းနိုင်တယ် ဟုတ်လား။’
မြို့တော်နေ လူထုအပေါင်းမှာ ယွင်ကျုံးဟဲ့သည် တာ့ရစ်မီးတောင် ပေါက်ကွဲမည်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သူ ဖြစ်ကြောင်း မသိရှိကြသကဲ့သို့၊ ၎င်းသည် တောင်ပိုင်းဒေသသို့ ကိုယ်တိုင်သွားရောက်ကာ ပုန်ကန်မှုများကို နှိမ်နင်းခဲ့သည်ဟူသော အချက်ကိုလည်း လုံးဝ သတိမမူမိကြပေ။
သို့သော်ငြား နက္ခတ်တာရာဌာနက ငလျင်နှင့် ဆူနာမီ ဘေးအန္တရာယ်ကို ကြိုတင် ခန့်မှန်းနိုင်စွမ်း မရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ကိုမူ လူအများက ကြားသိထားကြပြီးဖြစ်သည်။
ထို့အပြင် ထျန်းကျီအဖွဲ့မှ နတ်ဘုရားကဲ့သို့ အစွမ်းထက်လှသည်ဟု ကျော်ကြားသော ဆရာကြီး တုန်းဖန်ရှု ကလည်း အချက်နှစ်ချက်ကို အခိုင်အမာ ပြောခဲ့ဖူး၏။
ပထမအချက်မှာ ငလျင်တစ်ခုကို တစ်လကြိုတင်၍ ခန့်မှန်းနိုင်ရန်မှာ လုံးဝမဖြစ်နိုင်သည့် အချက်ဖြစ်ပြီး၊ ဒုတိယအချက်မှာ လန်ကျိုးပင်လယ်ပြင်သည် အလွန်အမင်း တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သောကြောင့် ငလျင်နှင့် ဆူနာမီကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များ လုံးဝဖြစ်ပေါ်နိုင်စွမ်း မရှိဟူသော အချက်ပင် ဖြစ်သည်။
ထို့နောက် လူအများအပြားက ကြားသိလိုက်ရသည်မှာ အောက်ယွီ သည် မည်သည့် ခန့်မှန်းချက်မှ မပြုလုပ်ခဲ့ဘဲ အိပ်မက်ထဲတွင် လန်ကျိုး ပင်လယ်ပြင်၌ ငလျင်ကြီးနှင့် ဆူနာမီ ဖြစ်ပေါ်လာသည်ကို မြင်မက်ခဲ့ခြင်း ဖြစ်သည် ဟူသည့် သတင်းပင်။
‘သောက်ကျိုးနည်း... အိပ်မက်ထဲမှာ မြင်မက်တာ ဟုတ်လား။ နတ်ဘုရားတွေက အိပ်မက် လာပေးတာလို့ ဘာလို့ မပြောလိုက်တာလဲ။ ခင်ဗျား တစ္ဆေ တွေကိုပဲ သွားလိမ်လိုက်။ ဒါပေမဲ့ ဒီလောက် ယုတ္တိမရှိတဲ့ ကိစ္စကို ဧကရာဇ် မင်းမြတ်က ဘယ်လိုလုပ်ပြီး ယုံကြည်သွားတာလဲ။ ပြီးတော့ အကြီးအကျယ် နောက်ဆုတ်ဖို့ အမိန့်တော်ကိုတောင် ထုတ်ပြန်လိုက်သေးတယ်။’
ထို့နောက် လူအချို့က ပြန်လည် ပြောဆိုလာကြ၏။ ဧကရာဇ်မင်းမြတ်က မဖြစ်မနေ လုပ်ဆောင်ရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အောက်ယွီသည် ဧကရာဇ်ဟောင်းကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့ပြီး မနေ့က ဧကရာဇ်ဟောင်းသည် ဧကရာဇ်မင်းမြတ်ကို ခေါ်ယူတွေ့ဆုံခဲ့ခြင်းမှာ ဤကိစ္စအတွက် ဖြစ်သည်။
“ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်ပြီဆိုတော့ ဧကရာဇ်မင်းမြတ် အနေနဲ့ မလုပ်ဘဲ နေလို့ရမလား။ ပြီးတော့ ဧကရာဇ်မင်းမြတ်က နိုင်ငံတော် ဘဏ္ဍာတိုက်ကနေ ဒီငွေတွေကို မထုတ်ပေးရက်လို့ သူ့ရဲ့ကိုယ်ပိုင် ဘဏ္ဍာတိုက်ကနေ ငွေသား ငါးသန်း ထုတ်ပေးပြီး ဒီအကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို လုပ်ဆောင်စေခဲ့တာဟာ မိဘကျေးဇူး ဆပ်ဖို့နဲ့ ဧကရာဇ်ဟောင်းကို စိတ်ချမ်းသာအောင် လုပ်ပေးဖို့အတွက် သက်သက်ပဲ။”
ချက်ချင်းပဲ မြို့တော်ရှိ ပြည်သူများက ချီးကျူးဂုဏ်ပြုလာကြတော့၏။ “ဧကရာဇ်မင်းမြတ်က တကယ်ကို မိဘကျေးဇူး သိတတ်တာပဲ။”
“အောက်ယွီကတော့ တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးတဲ့ လူယုတ်မာပဲ။ ကိုယ့်အသက်ကို ကယ်ဖို့အတွက် ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ်ကိုပါ ဆွဲသွင်းခဲ့ရုံတင် မကဘူး၊ လန်ကျိုး တစ်ခုလုံးကိုပါ ဆွဲသွင်းခဲ့တယ်။ ဒီလို နိုင်ငံတော်ရဲ့ သူခိုးကို အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်တယ်။”
ထို့အပြင် လူအများအပြားက လူသိရှင်ကြား မပြောရဲသော်လည်း မျက်လုံးများဖြင့် ဖော်ပြနေကြပြီး မိသားစုဝင်များ လျှို့ဝှက်စွာ စကားပြောဆိုချိန်တွင်မူ ပြောဆိုလာကြသည်။
“အောက်ယွီရဲ့ ဒီလောက် ယုတ္တိမရှိတဲ့၊ ကလေးဆန်တဲ့ ကောလာဟလကို ဧကရာဇ်ဟောင်းက ဘာလို့ ယုံကြည် သွားရတာလဲ။ သာမန် အသိဉာဏ်ရှိတဲ့ လူဆိုရင် ယုံကြည်မှာ မဟုတ်ဘူးလေ။”
ထို့ကြောင့် လူအများအပြားက တိုးတိုးလေး ပြောဆိုလာကြ၏။ “ဧကရာဇ်ဟောင်းရဲ့ အသက် ဘယ်လောက် ရှိပြီလဲ။ အဲဒီတုန်းက နန်းစွန့်ချိန်မှာတောင်ကျန်းမာရေး သိပ်မကောင်းတော့ဘူး။ ဒီနှစ်တွေအတွင်း ဆေးဖော်စပ်တာတွေ၊ တရားကျင့်ကြံတာတွေ လုပ်နေတော့ ဦးနှောက်လည်း ထိုင်းမှိုင်းနေလောက်ပြီ။”
ဧကရာဇ်ဟောင်းမှာ အးရွယ်လွန် အိုမင်းမစွမ်းဖြစ်လာပြီး ဉာဏ်ပညာ ထိုင်းမှိုင်းလာသည့်အတွက်ကြောင့်သာ အောက်ယွီ ကဲ့သို့သော လူယုတ်မာ၏ လှည့်စားခြင်းကို ခံရခြင်းဖြစ်သည်ဟု လူအများက တစ်ထပ်တည်း ယူဆလာကြသည်။
အနည်းဆုံးအားဖြင့် ဤအချိန်မှစ၍ ဧကရာဇ်ဟောင်း၏ ခန့်ညားထည်ဝါလှသော ပုံရိပ်သည် တဖြည်းဖြည်း ချို့ယွင်းယိုင်နဲ့လာခဲ့ရပြီး ထိုနေရာတွင် ဧကရာဇ်မင်းမြတ်၏ အရှိန်အဝါ ကြီးမားလှသော ပုံရိပ်သစ်က အစားထိုး ထွက်ပေါ်လာခဲ့၏။
အောက်ယွီ၏ နာမည်ဂုဏ်သတင်းမှာမူ လုံးဝ မကောင်းတော့ဘဲ ကျဆင်းသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် မြို့တော်ရှိ မှူးမတ်အများအပြားမှာ လန်ကျိုးဒေသတွင် ကိုယ်ပိုင် အကျိုးစီးပွားများစွာ ရှိနေကြသောကြောင့် ဖြစ်သည်။
“ခင်ဗျားက ဒီလို ကောလာဟလတွေ လျှောက်ဖြန့်လိုက်လို့ လူဘယ်လောက်များများ ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်သွားရလဲ။ ခင်ဗျားကို အရှင်လတ်လတ် အရေခွံခွာ သတ်ပစ်ချင်နေကြပြီ။”
..........................