အခန်း (၃၉၅-၃၉၆)
Vol. 34 Ch. 395-396
အပိုင်း (၃၉၅)
နောက်တစ်နေ့တွင် ဧကရာဇ်သည် ညီလာခံကျင်းပခဲ့ပြီး ညီလာခံ တစ်ခုလုံး ပွက်လောညံသွားတော့၏။
မနေ့က ဧကရာဇ်က အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို ဆုံးဖြတ်ပြီးပြီလို့ ပြောထားသော်ငြား အမတ် အများအပြားက သေသည်အထိ အသနားခံနေကြဆဲ ဖြစ်သည်။
အထူးသဖြင့် စုံစမ်းစစ်ဆေးရေးရုံးမှ အမတ်များက အသံကျယ်ကျယ်ဖြင့် ငိုကြွေးကာ သွေးထွက်သည်အထိ ဦးညွတ်လျက် ဧကရာဇ်ကို အမိန့်တော် ပြန်လည် ရုပ်သိမ်းပေးရန်နှင့် တိုင်းပြည်နှင့် လူမျိုးကို ဒုက္ခပေးသော အောက်ယွီကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ရန် တောင်းဆိုနေကြ၏။
အချို့သော အမတ်များဆိုလျှင် အသေခံ အကြံပြုချက် ပေးရန်ပင် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ချက်ချင်းပဲ ဧကရာဇ်မင်းမြတ်က ငိုသံပါကြီးဖြင့် မေးလိုက်၏။ “ဧကရာဇ်ဟောင်းဟာ သနားညှာတာတဲ့ စိတ်ထားရှိပြီး တိုင်းပြည်အတွက် အမြဲ စဉ်းစားပေးတယ်။ ခင်ဗျားတို့က ကိုယ်တော့်ကို သစ္စာမရှိ၊ မိဘကျေးဇူး မသိတတ်တဲ့သူ ဖြစ်အောင် လုပ်ချင်နေကြတာလား။”
ထိုအခါ အမတ်တစ်ဦးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အရှင်မင်းမြတ်... မိဘကျေးဇူး ဆပ်သင့်ပေမယ့် အသိဉာဏ်ကင်းမဲ့တဲ့ ကျေးဇူးဆပ်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ဧကရာဇ်ဟောင်းဟာ အောက်ယွီ ဆိုတဲ့ လူယုတ်မာရဲ့ ယုတ်မာတဲ့ စကားတွေနဲ့ လှည့်စားခံလိုက်ရတာပါ။ ဧကရာဇ်ဟောင်းကို အကြံဉာဏ်ပေးပြီး ဖျောင်းဖျသင့်ပါတယ်။ သူ့ရဲ့ အမိန့်တော်ကို အတိုင်းအတာမသိ လိုက်နာတာမျိုး မလုပ်သင့်ပါဘူး။”
ဤစကားမှာ အလွန် ရှင်းလင်းလွန်းလေသည်။ ဧကရာဇ်ဟောင်းမှာ အိုမင်းမစွမ်းဖြစ်ပြီး ဦးနှောက်ထိုင်းမှိုင်း နေပြီဖြစ်ကြောင်း တိုက်ရိုက် မပြောရုံတမယ် ဖြစ်၏။
ဧကရာဇ်၏ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ‘ဒီနေ့က နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဧကရာဇ်ဟောင်းဟာ နောက်ဆုံးတော့ အမတ်တွေရဲ့ ဆန့်ကျင်ဘက် အနေအထားကို ရောက်ရှိသွားပြီ။ သူ ဧကရာဇ် ဝမ်ယွင်ရဲ့ တောက်ပမှုတွေက နောက်ဆုံးတော့ ဧကရာဇ်ဟောင်းကို ဖုံးလွှမ်းသွားပြီ။
အောက်ယွီ... ကိုယ်တော် ခင်ဗျားကို ကျေးဇူးတင်သင့်လား မသိဘူး။ ခင်ဗျားရဲ့ ကောလာဟလတွေသာ မရှိရင် ဧကရာဇ်ဟောင်းရဲ့ ပုံရိပ်လည်း ဒီလောက် အများကြီး ကျဆင်းသွားမှာ မဟုတ်ဘူး။’
သေချာပေါက် ဧကရာဇ်သည် အမတ်များ၏ မျက်နှာကို ပိုမို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီ ဖြစ်၏။
ဤလောကတွင် စစ်မှန်သော သစ္စာတရားဟူသည် အဘယ်မှာ ရှာဖွေ၍ ရနိုင်ပါအံ့နည်း။ ရှိသည်ဆိုလျှင်ပင် အလွန်တရာ ရှားပါးလှပေသည်။ အရာခပ်သိမ်းတို့သည် အကျိုးအမြတ်အပေါ်၌သာ အခြေခံနေကြသည် မဟုတ်ပါလား။
အတိတ်ကာလက ဧကရာဇ်ဟောင်းသည် ဤမှူးမတ်တို့အကြား မည်မျှအထိ အရှိန်အဝါ ကြီးမားခဲ့ဖူးသနည်း။ သမိုင်းတစ်လျှောက် အထူးချွန်ဆုံးသော မင်းမြတ်အဖြစ်လည်းကောင်း၊ နတ်ဘုရားတစ်ပါး ကဲ့သို့လည်းကောင်း အားလုံး၏ အလေးအမြတ်ပြုခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
သို့ပေမည့ ယခုမူ မိမိတို့၏ ကိုယ်ကျိုးစီးပွားကို ထိပါးလာသည်နှင့်တပြိုင်နက် တစ်ဖက်သတ် မျက်နှာလွှဲ နေကြသည်။ ဧကရာဇ်ဟောင်းအား ဉာဏ်ပညာ ထိုင်းမှိုင်းသွားပြီဟု မည်သူမှ တိုက်ရိုက်ထုတ်ဖော် မပြောရဲကြသေးသော်လည်း၊ လက်တွေ့တွင်မူ ၎င်းတို့အားလုံးသည် ဧကရာဇ်ဟောင်းကို တညီတညွတ်တည်း ဆန့်ကျင်နေကြပြီ ဖြစ်၏။
သို့ပေမည့် ဧကရာဇ်မင်းမြတ် အနေဖြင့် ဤမိဘကျေးဇူး သိတတ်သော ဧကရာဇ် အဖြစ် ဆက်လက် သရုပ်ဆောင်ရအုံးမှာ ဖြစ်သည်။
သူကကြိမ်ဒဏ်ပေးရန် အမိန့်ကို တိုက်ရိုက် ထုတ်ပြန်လိုက်ပြီး အဆိုးဆုံး ပြုမူသော အမတ် ဆယ်ဦးကျော်ခန့်ကို ကြိမ်ဒဏ် အချက်ချီ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။
ထို့နောက် သူက ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်ပြီး အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်ကို အပြီးအပြတ် သတ်မှတ်လိုက်သည်။
ထို့အပြင် ဤအကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်အတွက် ကုန်ကျစရိတ်ကို နိုင်ငံတော် ဘဏ္ဍာတိုက်မှ မထုတ်ပေးဘဲ သူ၏ကိုယ်ပိုင် ဘဏ္ဍာတိုက်မှ ထုတ်ပေးမည်ဟု ပြောဆိုလိုက်၏။
ထိုအချိန်မှာတော့ အမတ်များ အားလုံးသည် အဆက်မပြတ် ဦးညွတ်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးလျက် ဧကရာဇ်မင်းမြတ် သနားညှာတာကြောင်း၊ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေကြောင်း ဟစ်ကြွေးလိုက်ကြတော့သည်။
နောက်ဆက်တွဲ အနေဖြင့် ဤအကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်ကို မည်သို့ လုပ်ဆောင်မည်၊ မည်သူ့ကို အမတ်အဖြစ် စေလွှတ်ကာ ဤအစီအစဉ်ကို ဦးဆောင်ခိုင်းမည် ဆိုသည်ကို ဆွေးနွေးရတော့မှာ ဖြစ်၏။
ဤလူ၏ အဆင့်အတန်းမှာ မြင့်မားရမည်ဖြစ်ပြီး အလွန်ကြီးမားသော ဩဇာတိက္ကမ ရှိရမည်ဖြစ်ကာ အလွန် တင်းကျပ်သူလည်း ဖြစ်ရမည်။ ထိုသို့မဟုတ်ပါက ထုတ်ပေးလိုက်သော ငွေသား ငါးသန်းအနက် အနည်းဆုံး သုံးပုံနှစ်ပုံခန့်ကို အောက်ခြေ အမတ်များက ဖြတ်စားသွားကြမည်သာ ဖြစ်သည်။
မူလက နုလန်ဟောက် အောက်ရှင်း သည် အသင့်တော်ဆုံးလူ ဖြစ်သော်လည်း ယခုအခါ မဖြစ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏သား အောက်ယွီ သည် အဓိက လက်သည်တရားခံ ဖြစ်သောကြောင့် အောက်ရှင်း၏ နာမည်ဂုဏ်သတင်းမှာလည်း ပျက်စီးသွားမည်သာ ဖြစ်၏။
‘တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးတဲ့ အောက်ယွီကို သူ့မိသားစု တစ်စုလုံးပါ အပြီးအပြတ် ရှင်းလင်းပစ်ရမယ်။ အောက်ရှင်း လည်း ခြွင်းချက် မဟုတ်ဘူး။ အောက်ရှင်း မသွားနိုင်ဘူးဆိုရင် ဘယ်သူ့ကို လွှတ်သင့်လဲ။’
ညီလာခံ တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားတော့၏။ ဤသို့သော အရာမှာ လူတို့၏ ဒေါသကို သိသိသာသာ ဆွပေးရာရောက်ပြီး ကိုးဆယ်ရာခိုင်နှုန်းမျှ သေဘေးနှင့် နီးလှသော အလုပ်ဖြစ်သောကြောင့် သရဲတောင်မှ သွားချင်မည် မဟုတ်ပေ။
အောက်ယွီသည် အသက်ဘေးမှ လွတ်မြောက်ရန် ဧကရာဇ်ဟောင်းအား လှည့်ဖြားကာ ဒုတိယလလယ်တွင် လန်ကျိုးပင်လယ်ပြင်၌ ငလျင်နှင့် ဆူနာမီဘေး ကျရောက်လိမ့်မည်ဟု လျှောက်တင်ခဲ့ခြင်းကြောင့်သာ ဤမျှကြီးမားသော ဆုတ်ခွာရေး စီမံကိန်း ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်းမှာ အထင်အရှားပင် ဖြစ်သည်။
သို့ဖြစ်ရာ ဤစီမံကိန်းသည် ပြည်သူတို့အား ဒုက္ခတွင်းသို့ တွန်းပို့ကာ နိုင်ငံတော် ဘဏ္ဍာများကို အချည်းနှီး ဖြုန်းတီးပစ်ခြင်းသာ ဖြစ်ပေတော့မည်။
အကယ်၍သာ ဤသို့ ဖြစ်လာခဲ့လျှင် အဆိုပါစီမံကိန်းကို ဦးဆောင်သူမှာလည်း သမိုင်းတွင် အရှက်ရဖွယ် ကဲ့ရဲ့စရာ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ခံရပြီး လှောင်ပြောင်ဖွယ်ရာ အတိဖြစ်သွားမည် မဟုတ်ပါလား။
အောက်ယွီသည် ယုတ်မာလှသော စကားများဖြင့် လိမ်လည်လှည့်ဖြားကာ ကောလာဟလများ ဖြန့်နေခြင်း ဖြစ်သည်ကို တစ်လောကလုံးက သိရှိနေကြသည်။
ထိုသို့ဆိုလျှင် ဆုတ်ခွာပေးရမည့် လူသိန်းချီသော လူထုကရော ဤအမိန့်ကို လက်ခံဆန့်ကျင်ကြမည် မဟုတ်ပါလား။ ပြောင်းရွှေ့ရန် ငြင်းဆန်ကြမည်မှာလည်း ဧကန်မလွဲပင်။
ထို့အပြင် ကုန်သည်သင်္ဘောများကရော အသာတကြည် လက်ခံကြမည်လား။ သူတို့အားလုံးမှာလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ကြမည်သာ ဖြစ်သည်။
ထို့ကြောင့်ပင် ဤတာဝန်ကို ထမ်းဆောင်မည့် အမတ်သည် သံမဏိစိတ်ဓာတ်ရှိကာ ရက်စက်ကြမ်းကြုတ်သူ ဖြစ်မှသာ လူထုကို အတင်းအကျပ် ဆုတ်ခွာခိုင်းနိုင်ပေလိမ့်မည်။
သို့သော်ငြား ထိုသို့ အတင်းအကျပ် ဆုတ်ခွာစေပြီးနောက် အမှန်တကယ် ဆူနာမီနှင့် ငလျင်ဘေး ကျရောက် မလာခဲ့ပါက ၎င်းအမတ်သည်လည်း အောက်ယွီနှင့်အတူ ခေါင်းဖြတ်စင်ပေါ်သို့ တက်ရမည်သာ ဖြစ်သည်။ ဤမျှ အန္တရာယ်များလှသော အမတ်နေရာကို သရဲတောင်မှ မက်မောလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် နန်းတွင်းရှိ မှူးမတ်တို့အနက် မည်သူမှ ဤမျှ မိုက်မဲသော အကြံပြုချက်မျိုးကို ပေးအပ်ကာ သူတစ်ပါးနှင့် သေရေးရှင်ရေး ရန်သူ အဖြစ်ခံကြမည် မဟုတ်ချေ။
ရလဒ်အနေဖြင့် ဧကရာဇ်မင်းမြတ်က အချိန်အတော်ကြာ မေးမြန်းစုံစမ်းခဲ့သော်လည်း မည်သူတစ်ဦး တစ်ယောက်မှ မိမိကိုယ်တိုင် တာဝန်ယူရန်သော်လည်းကောင်း၊ အခြားသူတစ်ဦးအား အကြံပြုရန် သော်လည်းကောင်း ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။
ထို့ကြောင့် ဧကရာဇ်က ပြောလိုက်၏။ “ဟောက်ချင့်... ဟေးပင်းထိုင် အကျဉ်းထောင်ကို သွားပြီး အောက်ယွီကို မေးကြည့်လိုက်။ သူ ဘယ်သူ့ကို အကြံပြုချင်လဲလို့။”
အောက်ယွီသည် လူအပေါင်း၏ ပြစ်တင်ရှုတ်ချခြင်းကို တစ်ခဲနက် ခံနေရပြီဖြစ်ရာ၊ လူထု၏ ဒေါသကို အပြီးအပိုင် ဆွပေးရန်အတွက် သူ့ကိုသာ ထပ်မံ၍ တာဝန်ပေးအပ်ရတော့မည် မဟုတ်ပါလား။
........
ဟေးပင်းထိုင် အကျဉ်းထောင် အတွင်း၌ မိန်းမစိုးကြီး ဟောက်ချင့်သည် ယွင်ကျုံးဟဲ့ကို လူသေ တစ်ယောက်ကဲ့သို့ ကြည့်ရှုကာ ဖြည်းညင်းစွာ မေးလိုက်၏။ “ဧကရာဇ်မင်းမြတ်က ခင်ဗျားကို မေးခိုင်းလိုက်တယ်။ ခင်ဗျား လန်ကျိုးကိုသွားပြီး အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို ဦးဆောင်ဖို့ ဘယ်သူ့ကို အကြံပြုချင်လဲတဲ့။”
အောက်ယွီက မေးလိုက်သည်။ “နန်းတွင်း အမတ်တွေထဲမှာ သွားချင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား။”
မိန်းမစိုးကြီး ဟောက်ချင့်က ပြန်မေးလိုက်၏။ “ခင်ဗျား ဘယ်လို ထင်လို့လဲ။”
အောက်ယွီက ပြောလိုက်သည်။ “အဲဒါဆိုရင်ကျုပ်က အိမ်ရှေ့စံမင်းသား ကျိုးလီကို အကြံပြုချင်ပါတယ်။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ မိန်းမစိုးကြီး ဟောက်ချင့်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့... တကယ်ကို စိတ်ကူးယဉ်လွန်းနေတာပဲ။”
‘ဒီအချိန်မှာတောင် အိမ်ရှေ့စံမင်းသား ကျိုးလီနဲ့ ပူးပေါင်းပြီး သူ့ကို အခွင့်အရေး ယူကာ ပြန်လည် အောင်မြင်လာအောင် လုပ်ချင်နေသေးတယ်။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။’
ထို့နောက် သူ လှည့်ကာ ထွက်ခွာသွားတော့သည်။
ညီလာခံသို့ ပြန်ရောက်ချိန်မှာတော့ ညီလာခံမှာ ဆက်လက်ကျင်းပနေဆဲ ဖြစ်၏။
မိန်းမစိုးကြီး ဟောက်ချင့်က လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... အောက်ယွီက အိမ်ရှေ့စံမင်းသား ကျိုးလီကို အကြံပြုပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ညီလာခံ တစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမှ စကားမပြောကြတော့ချေ။
တာယင်အင်ပါယာနှင့် စစ်မတိုက်မီက အိမ်ရှေ့စံမင်းသား ကျိုးလီသည် လူကြိုက်အများဆုံး မင်းသား ဖြစ်ခဲ့ပြီး အိမ်ရှေ့စံ ဖြစ်လာရန် အလားအလာ အများဆုံးသူလည်း ဖြစ်ခဲ့သည်။
ထိုစစ်ပွဲ ရှုံးနိမ့်သွားချိန်မှာတော့ အိမ်ရှေ့စံမင်းသား ကျိုးလီသည် သေချာပေါက် စစ်ရှုံးသည့် တာဝန်ကို ယူခဲ့ရ၏။
ယန်ဖြန်ရှန်ကို ခေါင်းဖြတ်ကွပ်မျက်မည့် အချိန်တွင် အိမ်ရှေ့စံမင်းသားသည် နန်းတော်အပြင်ဘက်၌ ရက်ပေါင်းများစွာ ဒူးထောက်ကာ ယန်ဖြန်ရှန်၏ အသက်ကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ရလဒ်အနေဖြင့် ယန်ဖြန်ရှန်သည် ခါးဖြတ်ကွပ်မျက်ခံခဲ့ရပြီး ကျိုးလီသည် ဒေါသထွက်လွန်းသောကြောင့် ဧကရာဇ်ကို ဆဲဆိုခဲ့သည်။
ရလဒ်အနေဖြင့် သူသည် ချင်ဝမ်ဘွဲ့မှ ရုပ်သိမ်းခံရပြီး တော်ဝင်တရားရုံး အကျဉ်းထောင်အတွင်း၌ အကျဉ်းချ ခံခဲ့ရကာ အကျဉ်းထောင်ထဲတွင် ခြောက်လကျော် နေထိုင်ခဲ့ရပြီးမှ အိမ်သို့ ပြန်လည် ပို့ဆောင်ကာ အကျယ်ချုပ် ချခံထားရ၏။
ဒုတိယမင်းသား ကျိုးကျီသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ သူသည် တောင်ပိုင်းသို့ သွားရောက်ကာ တောင်ပိုင်း စစ်သေနာပတိချုပ် အသစ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။
မင်းသား နှစ်ပါး၊ တစ်ပါးက ငရဲပြည်သို့ ကျရောက်သွားပြီး တစ်ပါးက ကောင်းကင်ဘုံ တစ်ဝက်သို့ ရောက်ရှိနေ၏။
‘ဒီလို လူတွေကို ဒေါသထွက်စေမယ့် အလုပ်ကို အိမ်ရှေ့စံမင်းသား ကျိုးလီကို ပေးလုပ်ခိုင်းတာက အတော်လေး သင့်တော်ပါတယ်။ ဒါပေမဲ့ သူက လုပ်ချင်ပါ့မလား။ ဘာလို့လဲဆိုတော့ ဒီအလုပ်က လောက တစ်ခုလုံးက အကျိုးစီးပွားရှာဖွေတဲ့ အုပ်စုတွေကို အဆုံးထိ ဒေါသထွက်စေမယ့် အလုပ်ဖြစ်ပြီး လူတွေရဲ့ စီးပွားရေး လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ပစ်မယ့် အလုပ်လေ။
ပြီးတော့ ဒုတိယလ အလယ်လောက်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ မဖြစ်ပေါ်လာခဲ့ရင် ဒီအမတ်ဟာလည်း အောက်ယွီ နဲ့အတူ အသတ်ခံရနိုင်ခြေ အရမ်း များတယ်လေ။’
ဧကရာဇ် ဝမ်ယွင်သည် ခေတ္တခဏ တွေဝေသွားပြီးနောက် အမိန့်ပေးလိုက်သည်။ “ဟောက်ချင့်... မင်း ကျိုးလီဆီ သွားပြီး သူ ဒီတာဝန်ကို ယူချင်လား မယူချင်ဘူးလား မေးကြည့်လိုက်။”
..............
အိမ်ရှေ့စံမင်းသားကျိုးလီ၏ ယခင် ချင်ဝမ်အိမ်တော်သည် မည်မျှလောက် စည်ကားခဲ့သနည်း။ တံခါးဝရှိ မြင်းလှည်းများမှာ လုံးဝ ပြတ်တောက်သွားခြင်း မရှိခဲ့ချေ။
အထူးသဖြင့် သူ မြောက်ပိုင်း စစ်သေနာပတိချုပ် အဖြစ် တာဝန်ထမ်းဆောင်နေချိန်က သူ၏ ဩဇာအာဏာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး လူတိုင်းက သူ့ကို အနာဂတ် အိမ်ရှေ့စံ ဖြစ်လာမည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့ပေမည့် ယခုအချိန်တွင် တံခါးဝ၌ လူသူကင်းမဲ့နေ၏။ သူ၏ မင်းသားဘွဲ့များ အားလုံး ရုပ်သိမ်း ခံလိုက်ရသောကြောင့် ယခင် ချင်ဝမ် အိမ်တော်တွင် မည်သည့် ဆိုင်းဘုတ်မှ မရှိတော့ချေ။
တံခါးဝရှိ စစ်သည်များမှာ တော်ဝင်တရားရုံးမှ စေလွှတ်ထားသူများ ဖြစ်ကြပြီး ကျိုးလီကို စောင့်ကြည့်ရန် ဖြစ်သည်။
မိန်းမစိုးအိုကြီးဟောက်ချင့် သည်ကျိုးလီ၏ နေအိမ်သို့ ဝင်ရောက်သွားချိန်မှာတော့ စိတ်ပျက် အားငယ်မှုများနှင့် သနားဖွယ်ကောင်းသော အငွေ့အသက်များကို ချက်ချင်း ရရှိလိုက်၏။
အိမ်တော်ကြီးမှာ အလွန်ကြီးမားသော်လည်း အတွင်း၌ အစေခံ အနည်းငယ်သာ ရှိတော့ပြီး မည်သူမှ သေချာ မပြုစုကြသောကြောင့် ယိုယွင်းပျက်စီးနေသည်။
နေရာအနှံ့အပြားတွင် ပင့်ကူအိမ်များ အပြည့် ရှိနေပြီး တော်ဝင်တရားရုံးမှ စေလွှတ်ထားသော မိန်းမစိုးများနှင့် အစေခံများပင်လျှင် ပျင်းရိနေကြကာ ကျိုးလီ၏ ဇနီးနှင့် သားသမီးများကိုပင် လေးစားမှု မရှိကြတော့ချေ။
ကျိုးလီ၏ အသက်ခြောက်နှစ်အရွယ် သမီးလေး၏ အင်္ကျီ ရေစိုသွားသည်ကိုပင် ပြင်းပြင်းထန်ထန် ဆဲဆိုနေကြရာ ထိုမိန်းကလေးငယ်လေးမှာ မျက်ရည်များ ဝဲနေသော်လည်း အသံထွက်၍ မငိုရဲပေ။
ဤအိမ်တော်ကြီးမှာ အလွန်ကြီးမားသော်လည်း ကျိုးလီ အကျယ်ချုပ် ချခံထားရသော နေရာမှာ အလွန် သေးငယ်သည်။
ခြံဝင်းအတွင်း၌ နံရံလေးဖက် ကာရံထားပြီးကျိုးလီ သည် ထိုနံရံလေးဖက် အတွင်း၌သာ နေထိုင်ရကာ အကျယ်အဝန်းမှာ စတုရန်းမီတာ ဆယ်ဂဏန်းပင် မရှိချေ။ စားသောက်ခြင်း၊ အလေးအပေါ့သွားခြင်း အားလုံးကို ထိုအတွင်း၌သာ ပြုလုပ်ရပြီး တစ်လှမ်းမှ အပြင်သို့ ထွက်ခွင့် မရှိချေ။
ထို့အပြင် ဤနံရံများကို အလွန် မြင့်မားစွာ တည်ဆောက်ထားသောကြောင့် အပြင်ဘက်ရှိ မြင်ကွင်းများကို လုံးဝ မမြင်ရဘဲ ကောင်းကင်ကို မော့ကြည့်ရန်သာ ရှိသည်။
တစ်ခါတစ်ရံ ငှက်တစ်ကောင် ဖြတ်ပျံသွားသည်ကိုပင် မြင်ကွင်းတစ်ခုအဖြစ် သတ်မှတ်ရသည်။ ဤကဲ့သို့သော အကျဉ်းချခံရသည့် ဘဝမှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်၏။
...............
အပိုင်း (၃၉၆)
မိန်းမစိုးအိုကြီး ဟောက်ချင့်သည် ကျိုးလီ အကျယ်ချုပ် ချခံထားရသော နေရာသို့ ရောက်ရှိလာချိန်မှာတော့ မျက်စိရှေ့ရှိ သူသည် ယခင်က စိတ်အားထက်သန်ခဲ့သော အိမ်ရှေ့စံမင်းသား ကျိုးလီဖြစ်ကြောင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
သူသည် ယခင်က နာမည်ကြီး ချောမောသော အမျိုးသား တစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါ ဆယ်နှစ်ကျော် ပိုမို အိုမင်းသွားသကဲ့သို့ ဖြစ်နေသည်။ အသက်သုံးဆယ်ကျော်သာ ရှိသေးသော်လည်း ဆံပင်များမှာ သုံးပုံတစ်ပုံခန့် ဖြူနေပြီ ဖြစ်သည်။ တကယ်ကို သနားစရာကောင်းလွန်းလှ၏။
မိန်းမစိုးအိုကြီး ဟောက်ချင့်က ပြောလိုက်သည်။ “ကျိုးလီ... ဧကရာဇ်က ခင်ဗျားကို မေးခိုင်းလိုက်တယ်။ ခင်ဗျား လန်ကျိုးကို သွားပြီး အကြီးအကျယ် နောက်ဆုတ်မယ့် တာဝန်ကို ယူချင်လားတဲ့။”
အိမ်ရှေ့စံမင်းသားကျိုးလီက မေးလိုက်၏။ “ဘာ အကြီးအကျယ် နောက်ဆုတ်တာလဲ။”
မိန်းမစိုးအိုကြီးက ဤကိစ္စကို အစမှအဆုံး ရှင်းပြလိုက်သည်။
အိမ်ရှေ့စံမင်းသားကျိုးလီ၏ မျက်လုံးများ အနည်းငယ် တုန်ယင်သွားပြီးနောက် ပြောလိုက်၏။ “ကျုပ် အောက်ယွီကို သွားတွေ့ချင်တယ်။”
ဟေးပင်းထိုင် အကျဉ်းထောင် အတွင်း၌ ယွင်ကျုံးဟဲ့သည် အိမ်ရှေ့စံမင်းသား ကျိုးလီကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရပြန်သည်။
တကယ်ကို ကံကြမ္မာရဲ့ လှောင်ပြောင်မှုပင်။ အရင်တစ်ကြိမ် တွေ့ဆုံခဲ့သည်မှာ လေခွင်းမြို့တွင် ဖြစ်၏။
မျက်စိရှေ့ရှိ ဤကျိုးလီ၏ အလွန် သနားဖွယ်ကောင်းသော အခြေအနေမှာ သူ ယွင်ကျုံးဟဲ့ကြောင့် ဖြစ်ရခြင်း ဖြစ်သည်။
အကယ်၍ ယွင်ကျုံးဟဲ့ သာ အခြေအနေကို ပြောင်းပြန် မလှန်နိုင်ခဲ့ပါက ကျိုးလီသည် ကြီးမားသော အောင်ပွဲကို ရရှိသွားမည်မှာ သေချာသည်။ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်နိုင်ရုံသာမက တာယင်အင်ပါယာ၏ အနောက်တောင်ဘက် ပြည်နယ်ကိုပါ သိမ်းပိုက်နိုင်မှာဖြစ်၏။
ဤမျှလောက် ကြီးမားသော အကျိုးဆောင်မှုကြီးကို ရရှိခဲ့ပါက သူသည် တာ့ကျိုး၏ အိမ်ရှေ့စံမင်းသား ဖြစ်နေလောက်ပြီဖြစ်ပြီး ဤကဲ့သို့ အကျဉ်းသား ဘဝသို့ ရောက်ရှိနေမည် မဟုတ်ချေ။
အိမ်ရှေ့စံမင်းသားကျိုးလီက ပြောလိုက်၏။ “အောက်ယွီ... ကျုပ် ခင်ဗျားအကြောင်း သိပ်မသိဘူး။ ဒါပေမဲ့ ဧကရာဇ်ဟောင်း အကြောင်းကိုတော့ ကျုပ် သိတယ်။ သူက တကယ်ပဲ ခင်ဗျားကို ယုံကြည်သွားတာလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဧကရာဇ်ဟောင်းက ပြောတယ်။ သူက ကျုပ်နဲ့အတူ သူ့ရဲ့ တစ်သက်တာ နာမည်ဂုဏ်သတင်းကို လောင်းကြေးထပ်ဖို့ ဆန္ဒရှိတယ်တဲ့။ ပြီးတော့ ကျုပ်ကလည်း ကျုပ်ခေါင်းကို ခေါင်းဖြတ်စင်ပေါ်မှာ တင်ထားပြီးပြီ။”
အိမ်ရှေ့စံမင်းသား ကျိုးလီသည် ယွင်ကျုံးဟဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်၏။ “အဲဒါဆိုရင် ကျုပ်ကိုလည်း ထည့်လိုက်ပါ။ ကျုပ်လည်း ကျုပ်ခေါင်းကို ခေါင်းဖြတ်စင်ပေါ် တင်လိုက်မယ်။ ဒီတစ်ခေါက် လန်ကျိုးကို ကျုပ် သွားမယ်။
အကယ်၍ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ မဖြစ်ပေါ်လာခဲ့ဘူးဆိုရင် ကျုပ်လည်း မြို့တော်ကို ပြန်မလာတော့ဘူး။ လန်ကျိုးမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်။ ဒါပေမဲ့ တကယ်လို့ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ ဖြစ်လာခဲ့ရင်တော့ ကျုပ်တို့ လောင်းကြေး နိုင်သွားပြီပေါ့။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ်။ လောင်းကြေး နိုင်သွားပြီ။ ဧကရာဇ်ဟောင်းဟာ အဆုံးအစ မရှိတဲ့ နာမည်ဂုဏ်သတင်းကို ရရှိသွားမှာဖြစ်ပြီး ကျုပ်လည်း အင်ပါယာရဲ့ အကျိုးဆောင်ကြီး ဖြစ်လာမှာပါ။”
အိမ်ရှေ့စံမင်းသားကျိုးလီက ပြောလိုက်၏။ “အဲဒါဆို ကျုပ်လည်း ငရဲပြည်ထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်သွားပြီပေါ့။”
ထို့နောက် အိမ်ရှေ့စံမင်းသား ကျိုးလီသည် ဟေးပင်းထိုင် အကျဉ်းထောင်မှ ထွက်ခွာသွားတော့သည်။
သူ အပေါက်ဝကို ရောက်ချိန်မှာတော့ လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “အောက်ယွီ... အကယ်၍ ကျုပ်တို့ ရှုံးသွားရင် သေချာပေါက် သေလူတစ်ယောက် ဖြစ်သွားမှာပါ။ ဒါပေမဲ့ ကျုပ်တို့ နိုင်သွားခဲ့ရင်... ကျုပ် မြို့တော်ကို ပြန်ရောက်တဲ့အခါ ခင်ဗျားရဲ့ကျေးဇူးကို သေချာပေါက် ဆပ်ပါ့မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက ကျုပ်ရဲ့ကံကြမ္မာကို ပြောင်းလဲပေးခဲ့လို့ပါ။
နောက်တစ်ခုက လမ်းကြုံလို့ ပြောပြလိုက်မယ်။ ခင်ဗျားတို့အိမ်ကို လူတွေ အများကြီး ဝိုင်းထားကြတယ်။ စစ်သေနာပတိချုပ် အောက်ရှင်း အနေနဲ့ စောစောစီးစီးကြိုတင် ပြင်ဆင်ထားဖို့ မျှော်လင့်ပါတယ်။”
...................
ယခုအချိန်၌ နေဝင်ချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဤတစ်ကြိမ် ညီလာခံမှာ တစ်ရက်လုံးလုံး ကျင်းပနေခဲ့ခြင်း ဖြစ်သည်။
အိမ်ရှေ့စံမင်းသား ကျိုးလီသည် ညီလာခံသို့ ရောက်ရှိလာပြီး ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ကျုပ် ဒီတာဝန်ကို ယူဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျုပ်ကို ဧကရာဇ် ပေးအပ်တဲ့ဓား ပေးရပါမယ်။ အရင်သတ်ပြီးမှ အစီရင်ခံခွင့် ပေးရပါမယ်။ ချန်းဟိုင် ပြည်နယ်ရဲ့ စစ်တပ်အာဏာကို ပေးရပါမယ်။”
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “ခွင့်ပြုတယ်။”
အိမ်ရှေ့စံမင်းသား ကျိုးလီ၏ အကြည့်များမှာ အခြားအမတ်များထံသို့ ရောက်ရှိသွားပြီး သူတို့က တားဆီးရန် ပြင်နေပုံရသည်ကို မြင်ချိန်မှာတော့ ဖြည်းညင်းစွာ ပြောလိုက်၏။ “လူကြီးမင်းတို့... ခင်ဗျားတို့ရဲ့ မိသားစုတွေ၊ နောက်လိုက်တွေကို ဒီတစ်ခါကျုပ် လန်ကျိုးမှာ အလုပ် လုပ်တဲ့အခါ ပူးပေါင်းဆောင်ရွက်ဖို့ ပြောထားပေးပါ။
ကျုပ်က ကိုယ့်ကိုယ်ကိုယ် သေပြီးသား လူတစ်ယောက်လို့ သတ်မှတ်ထားပြီးသားမို့ တစ်ယောက်ယောက်ကများ အမိန့်ကို ဖီဆန်ရင် အဲဒီလူကို သတ်ပစ်မယ်။ သူ့ရဲ့ ရာထူး ဘယ်လောက်ကြီးကြီး၊ နောက်ခံ ဘယ်လောက်ကြီးကြီး ဂရုမစိုက်ဘူး။ ဘယ်နှစ်ယောက် ဖီဆန်ဖီဆန် အကုန်သတ်ပစ်မယ်။
လန်ကျိုး တစ်ခုလုံး သွေးချောင်းစီးသွားရင်တောင်မှ ဒီအကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို အောင်မြင်အောင် လုပ်ဆောင်သွားမယ်။ သေချာပေါက် အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ် ပြီးသွားလို့ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ မဖြစ်လာခဲ့ရင် ခင်ဗျားတို့ ပြန်လည် တိုက်ခိုက်စရာ မလိုပါဘူး။ ကျုပ်ကိုယ်တိုင် လန်ကျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါ့မယ်။
ဒါကြောင့် လူကြီးမင်းတို့ကို သတိပေးလိုက်ပါရစေ။ ကျုပ်လို သေပြီးသား လူတစ်ယောက်နဲ့ ပြဿနာ လာမရှာပါနဲ့။”
အိမ်ရှေ့စံမင်းသားကျိုးလီ၏ ဤစကားမှာ အမှန်တကယ် ဩဇာတိက္ကမ အပြည့်ရှိပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကာ ယခင်က သူ၏ စရိုက်လက္ခဏာနှင့် လုံးဝ မကိုက်ညီတော့ချေ။
ယခင်ကကျိုးလီ သည် ယဉ်ကျေးသိမ်မွေ့ပြီး လူတိုင်းကို ရိုသေလေးစားကာ မည်သည့်အခါမှ စကားကြမ်းကြမ်း မပြောဆိုခဲ့ဖူးချေ။ ယခုအခါ တစ်နှစ်ကျော်ခန့် အကျယ်ချုပ် ချခံရပြီးနောက် ကောင်းကင်မှ ငရဲပြည်သို့ ကျရောက်သွားပြီးနောက် တစ်ကိုယ်လုံး လုံးဝ အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
နောက်တစ်နေ့တွင် အိမ်ရှေ့စံမင်းသား ကျိုးလီသည် ဟေးပင်းထိုင် စစ်သည် ရာချီ၏ အစောင့်အရှောက်ဖြင့် မြို့တော်မှ အလျင်အမြန် ထွက်ခွာသွားပြီး လန်ကျိုးသို့ ဦးတည်သွားတော့၏။ တစ်စက္ကန့်လေးမျှပင် နှောင့်နှေးခြင်း မရှိခဲ့ချေ။
ဤတစ်ကြိမ်တွင် သူသည် အမိန့်တော်များ၊ ဧကရာဇ်ပေးအပ်သော ဓားတို့ကို ယူဆောင်သွားရုံသာမက သူ့ကိုယ်တိုင်အတွက် ပြင်ဆင်ထားသော အခေါင်း တစ်လုံးကို ပါ ယူဆောင်သွားခဲ့သည်။
ဤတစ်ကြိမ် သူ လန်ကျိုးသို့ သွားရောက်ခြင်းမှာ အောင်မြင်မှုများစွာ ရရှိမည်၊ သို့မဟုတ် ယွင်ကျုံးဟဲ့နှင့် အတူတကွ အမှုန့်ဖြစ်သွားရမှာဖြစ်၏။
အချိန်သည် ရေစီးသကဲ့သို့၊ ရက်လများသည် ရက်ကန်းလွန်းသကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွား၏။ ရက်နှစ်ဆယ်ကျော် လျင်မြန်စွာ ကုန်ဆုံးသွားတော့သည်။
ယွင်ကျုံးဟဲ့ ခန့်မှန်းထားသော ဒုတိယလ အလယ်သို့ လျင်မြန်စွာ ရောက်ရှိလာတော့မှာ ဖြစ်သည်။ ယွင်ကျုံးဟဲ့၏ ကံကြမ္မာကို ဆုံးဖြတ်မည့် အချိန်လည်း လျင်မြန်စွာ ရောက်ရှိလာတော့မှာဖြစ်၏။
ဧကရာဇ်ဟောင်းနှင့်အတူ ကောင်းကင်သို့ တက်လှမ်းကာ လောကကြီးတစ်ခုလုံးကို မျက်နှာပျက်အောင် လုပ်မည်လား။ သို့မဟုတ် ယွင်ကျုံးဟဲ့ အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ခံရမည်လား။ သူ ခန့်မှန်းထားသော ကြီးမားသည့် ငလျင်နှင့် ဆူနာမီ အမှန်တကယ် ဖြစ်ပေါ်လာမည်လား။
ဤတစ်လတာ ကာလအတွင်း တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံး ပွက်လောညံသွားတော့၏။
အောက်ယွီအပေါ် ပြစ်တင်ဝေဖန်မှု လှိုင်းတံပိုးများသည် မြို့တော်မှတစ်ဆင့် အင်ပါယာ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ကျန်းကျိုးမြို့တွင်ပင် အောက်ယွီ သည် လူတိုင်း၏ တံတွေးထွေးခြင်းကို ခံနေရသည်။
‘နတ်ဘုရားတွေက အိပ်မက်လာပေးပြီး လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်ကြီးနဲ့ ဆူနာမီကြီး ဖြစ်လာမယ်လို့ ပြောတယ် ဟုတ်လား။ ပြီးတော့ ခင်ဗျားက ဧကရာဇ်ဟောင်းကို လိမ်လည်လှည့်စားပြီး ဒီအကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို ဖြစ်ပေါ်စေခဲ့တာပေါ့။
ခင်ဗျားက လူဘယ်နှယောက်ရဲ့ အသက်မွေးဝမ်းကျောင်းကို ဖြတ်တောက်ပစ်လိုက်တာလဲ။ လူဘယ်နှစ်ယောက်ရဲ့ ထမင်းအိုးကို ခွဲပစ်လိုက်တာလဲ။ တကယ်ကို အကုသိုလ် များတာပဲ။’
ဤမြင်ကွင်းကို ပြန်လည်သုံးသပ်ရလျှင် သမိုင်းစာမျက်နှာထက်၌ တိုင်းပြည်နှင့် လူမျိုးကို ဒုက္ခပေးခဲ့ကြသော လူယုတ်မာတို့၏ လုပ်ရပ်များနှင့် ထပ်တူကျနေတော့၏။
အတိတ်သမိုင်းကြောင်း တစ်လျှောက်တွင်လည်း ဧကရာဇ်မင်းမြတ်တို့သည် အိုမင်းမစွမ်း ဖြစ်လာသောအခါ ဉာဏ်ပညာ ထိုင်းမှိုင်းလာပြီး ထာဝရ အသက်ရှင်နိုင်ရေးအတွက်သာ အာရုံစိုက်ကာ နတ်ဆေးနတ်စာများကို ရှာဖွေလေ့ရှိကြသည်။
ထိုသို့သော အချိန်မျိုးတွင် လမ်းဘေးလူလိမ်များ ပေါ်ထွက်လာပြီး ဧကရာဇ်၏ အပါးတော်၌ ခစားကာ နတ်ကျောင်းများ ဆောက်လုပ်ရန်နှင့် နတ်ဆေးများ ဖော်စပ်ရန် တိုက်တွန်းမြှောက်ပင့်တတ်ကြသည်။ ၎င်းတို့သည် အောက်ခြေရှိ ပြည်နယ်နှင့် ခရိုင်အသီးသီးသို့လည်း ရတနာပစ္စည်းများ ဆက်သရန် ဖိအားပေးကာ တစ်လောကလုံးကို ရှုပ်ယှက်ခတ်သွားအောင် ဖန်တီးတတ်ကြလေ၏။
သို့သော် ထိုသို့သော လုပ်ရပ်များပင်လျှင် ယခု အောက်ယွီ ပြုလုပ်နေသလောက် ဘေးဥပဒ် မကြီးမားနိုင်ပေ။ ၎င်းသည် လူပေါင်းသိန်းချီကို အတင်းအကျပ် ဆုတ်ခွာခိုင်းသည့်အပြင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး တစ်ခုလုံးကိုပါ ရပ်ဆိုင်းပစ်လိုက်သူ ဖြစ်သည်။
အမှန်စင်စစ် ၎င်းသည် တိုင်းပြည်ကို ဖျက်ဆီးနေသော နိုင်ငံတော် သူခိုးပင် ဖြစ်တော့သည်။ ဤဖြစ်ရပ်မှာ ရှေးဟောင်းကျမ်းစာများထဲ၌ ပါရှိသော မီးရှူးတိုင်ထွန်း၍ မှူးမတ်တို့အား လှည့်စားခဲ့သည့် သမိုင်းဖြစ်ရပ်နှင့် များစွာတူညီနေသည် မဟုတ်ပါလား။
ဧကရာဇ်ဟောင်းမှာ ဉာဏ်ပညာ ကင်းမဲ့သွားသော ဧကရာဇ် ကျိုးယိုးဝမ် ကဲ့သို့ ဖြစ်နေပြီး၊ အောက်ယွီမှာမူ လူယုတ်မာ ကောစစ်ဖူ (ဧကရာဇ်၏ အနားမှာ ခစားပြီး အာဏာကို နောက်ကွယ်က ကြိုးကိုင်သူ)နှင့် တူနေတော့သည်။
အလှဘုရင်မ ပေါင်စစ်ထံမှ အပြုံးတစ်ချက် ရရှိစေရန်အတွက် မီးပြတိုက်များအား မီးရှို့ခဲ့သည်။ ထို့အပြင် အကူအညီ လာပေးကြသော မှူးမတ်များ ပုရွက်ဆိတ်များကဲ့သို့ ပျာယာခတ်နေသည်ကို ကြည့်၍ ရယ်မောနေခဲ့ပြီး နောက်ဆုံးတွင် တိုင်းပြည်ပျက်စီးသည့် အဖြစ်ဆိုးသို့ ဆိုက်ရောက်စေခဲ့သည့် အခြေအနေမျိုးပင် ဖြစ်၏။
ဤသမိုင်းဖြစ်ရပ်၏ မှန်ကန်မှုကို ပြန်လည်စစ်ဆေးရန် လိုအပ်သေးသည် ဆိုသော်လည်း ရှေးဟောင်း စာအုပ်များတွင်မူ ဤအတိုင်းပင် မှတ်တမ်းတင်ထားခဲ့ကြသည်။
ထို့ကြောင့် လောကတစ်ခုလုံး၏ ပြည်သူ့အသံများ ပေါက်ကွဲထွက်လာပြီး ဤအတိုင်းသာ ဆက်သွားမည် ဆိုပါက တောင်ပိုင်းကျိုးအင်ပါယာသည် အတိတ်က အဖြစ်အပျက်များကို ထပ်မံကျူးလွန်မိပြီး ရှေးဟောင်း စာအုပ်များထဲမှ အနောက်ကျိုး မင်းဆက်ကဲ့သို့ ပျက်စီးသွားလိမ့်မည်ဟု ပြောဆိုလာကြ၏။
ဤကဲ့သို့ ပေါက်ကွဲထွက်နေသော ပြည်သူ့အသံ များအောက်တွင် နောက်ဆုံး၌ ကြွေးကြော်သံ တစ်ခု ထွက်ပေါ်လာတော့သည်။ “ရှန်ချင်းနန်းဆောင်ကို ပိတ်ပင်၊ အောက်ယွီကို သတ်ဖြတ်။”
ဆိုလိုသည်မှာ ရှန်ချင်းနန်းဆောင်ကို ပိတ်ပင်လိုက်ပြီး ဧကရာဇ်ဟောင်းကို လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားရန်နှင့် အဓိပ္ပာယ် မရှိသော အမိန့်တော်များ ထပ်မံ မထုတ်ပြန်စေရန် တားဆီးရန်ပင် ဖြစ်၏။
အောက်ယွီကို သတ်ဖြတ်ခြင်းမှာ ဤလူယုတ်မာက ဧကရာဇ်ဟောင်းကို ထပ်မံ မလှည့်စားနိုင်စေရန် ဖြစ်သည်။
အင်ပါယာ တစ်ခုလုံး၏ ပြည်သူ့အသံများ နေရာအနှံ့အပြားတွင် ပေါက်ကွဲထွက်နေပြီဖြစ်ရာ လန်ကျိုးတွင်မူ ပြောစရာပင် မလိုတော့ချေ။
....................
အိမ်ရှေ့စံမင်းသား ကျိုးလီသည် ဟေးပင်းထိုင် စစ်သည် ရာချီကို ခေါ်ဆောင်ကာ နေ့မနား ညမနား ခရီးနှင်ခဲ့ပြီး ခုနစ်ရက်တည်းနှင့် မိုင်ထောင်ချီ ခရီးကို ဖြတ်သန်းကာ လန်ကျိုးသို့ ရောက်ရှိလာခဲ့သည်။
သူသည် အမိန့်တော်ကို ထုတ်ပြန်ကာ ချန်းဟိုင် ပြည်နယ် အုပ်ချုပ်ရေးမှူး၊ လန်ကျိုး မြို့ဝန်၊ ချန်းဟိုင် ရေတပ် စစ်သေနာပတိ၊ လန်ကျိုးကုန်သွယ်ရေး ဆိပ်ကမ်းရုံး၊ ဆားသယ်ယူပို့ဆောင်ရေးရုံး၊ ကုန်ထုတ်လုပ်ရေးရုံး စသည့် အဖွဲ့အစည်းများကို အမိန့်တော် ခံယူစေပြီး အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် အမိန့်ပေးခဲ့၏။
ရလဒ်အနေဖြင့် သူသည် နေရာမှာပင် ငြင်းပယ်ခံလိုက်ရသည်။
လင်ယာ ခရိုင်ဝန်က လန်ကျိုး ပင်လယ်ပြင်တွင် ကြီးမားသော ငလျင်ကြီးနှင့် ဆူနာမီကြီး လုံးဝ မဖြစ်ပေါ်နိုင်ကြောင်း၊ ဤသည်မှာ လုံးဝ လူယုတ်မာ အောက်ယွီ၏ ယုတ်မာသော စကားများဖြင့် လူများကို လှည့်စားနေခြင်းသာ ဖြစ်ကြောင်း၊ လန်ကျိုး၏ ပြည်သူသိန်းချီအတွက် သူသည် ဤအမိန့်ကို လိုက်နာရန် ငြင်းဆန်ကြောင်း တိုက်ရိုက် ပြောဆိုခဲ့၏။
အိမ်ရှေ့စံမင်းသား ကျိုးလီသည် စကားတစ်ခွန်းမှ မပြောဘဲ ဧကရာဇ်ပေးအပ်သော ဓားကို ထုတ်ကာ လင်ယာ ခရိုင်ဝန်၏ ခေါင်းကို ဖြတ်ချလိုက်တော့သည်။
ထို့နောက် ချန်းဟိုင်ပြည်နယ် စစ်သေနာပတိက သူ၏ တပ်တော်ကို နောက်ဆုတ်ခိုင်း၍ ရသော်လည်း သူ၏ တပ်တော်ကို အသုံးပြုကာ လန်ကျိုး၏ ပြည်သူသိန်းချီကို အတင်းအကျပ် နောက်ဆုတ်ခိုင်းရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့၏။
အိမ်ရှေ့စံမင်းသား ကျိုးလီသည် စကားတစ်ခွန်းမှ မပြောဘဲ ဧကရာဇ် ပေးအပ်သော ဓားကို နောက်တစ်ကြိမ် ဆွဲထုတ်ကာ ချန်းဟိုင်ပြည်နယ် စစ်သေနာပတိ၏ ခေါင်းကို ဖြတ်ချလိုက်ပြီး အမတ်တစ်ဦး၏ အမည်ဖြင့် ချန်းဟိုင်ပြည်နယ်၏ စစ်တပ်အာဏာကို တိုက်ရိုက် လွှဲပြောင်းရယူလိုက်တော့သည်။
......................