← Chapters

အခန်း (၃၉၉-၄၀၀)

Vol. 34 Ch. 399-400

အခန်း (၃၉၉-၄၀၀)

Vol. 34 Ch. 399-400

အပိုင်း (၃၉၉)

“ကျိုးလီ... ငါ ဒီနှစ် အသက် ခုနစ်ဆယ်ကျော် နေပြီ။ ငါ ဒီကနေ လုံးဝ မပြောင်းဘူး။ လုံးဝ နောက်မဆုတ်ဘူး။ မင်း ငါတို့ အိမ်ထဲကို ဝင်ချင်ရင် ငါ့အလောင်းပေါ်ကနေ ဖြတ်သွားမှ ရမယ်။ ကျိုးလီ... ငါ အသက် ခုနစ်ဆယ်ကျော် နေပြီ။ သတ္တိရှိရင် ငါ့ကို သတ်လိုက်လေ။ သတ်လိုက်လေ...

မြို့ခံ ပြည်သူအပေါင်းတို့... ဘာကြီးမားတဲ့ ငလျင်၊ ဘာ ဆူနာမီလဲ။ အားလုံးက လိမ်ညာမှုတွေချည်းပဲ။ အားလုံးက အောက်ယွီရဲ့ ယုတ်မာတဲ့ စကားတွေချည်းပဲ။ သူတို့က လန်ကျိုးကို လုယူချင်တဲ့ အကြံအစည်တွေပဲ။

အကယ်၍ ငါတို့ နောက်ဆုတ်သွားရင် ဒီနေရာက အရာအားလုံးက ငါတို့ပိုင်တာ မဟုတ်တော့ဘူး။ သူတို့က ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ လုယူသွားကြမှာပဲ။ အားလုံး နောက်မဆုတ်ကြနဲ့။ အားလုံး နောက်မဆုတ်ကြနဲ့။ သူတို့ ငါတို့ကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး။”

အိမ်ရှေ့စံမင်းသား ကျိုးလီသည် ရှေ့သို့ ထွက်လာပြီး ယန်ရှုံးဟောက်၏ မိခင်ကို ကြည့်လိုက်၏။ ဤအဘွားကြီး အဘယ်ကြောင့် ဤမျှလောက် ရူးသွပ်နေရသည်ကို သူ သေချာပေါက် သိရှိထားသည်။

လွန်ခဲ့သော နှစ်များအတွင်း ဒေသခံ အင်အားကြီး တစ်ဦးအနေဖြင့် ဝမ်ဟွာကျိန့် သည် ငွေကြေး မည်မျှ ရယူခဲ့ကြောင်း အလွန် ထင်ရှားပြီး ထိုငွေများ အားလုံးကို ဤအိမ်တော် အတွင်း၌ ဖုံးကွယ်ထားကြောင်း ထင်ရှားလို့နေ၏။

ဤအဘွားကြီးက ကျိုးလီ သည် သူတို့အိမ်မှ အဂတိလိုက်စားထားသော ငွေများကို လုယူမည်ဟု ထင်မှတ်နေ သောကြောင့် တံခါးကို အသေအလဲ ကာကွယ်နေပြီး ခြေတစ်လှမ်းမျှပင် မခွာလိုဘဲ ပတ်ဝန်းကျင်ရှိ ချမ်းသာ ကြွယ်ဝသော မိသားစုများကိုပါ ကျိုးလီကို အတူတကွ ဆန့်ကျင်ရန် လှုံ့ဆော်နေခြင်း ပင်ဖြစ်သည်။

“သခင်မကြီး ဝမ်... ခင်ဗျားတို့အိမ်က အဂတိလိုက်စားထားတဲ့ ငွေတွေကို ကျုပ် လောလောဆယ် စိတ်မဝင်စားသေးပါဘူး။ ပြီးတော့ ခင်ဗျား နောက်မဆုတ်လည်း ခင်ဗျားရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ကျုပ် သိပ်ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ခင်ဗျားက မကောင်းတဲ့ စံနမူနာ တစ်ခုကို ပြသနေတယ်။ အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ရဲ့ အောင်မြင်မှုတွေ အားလုံးကို အချည်းနှီး ဖြစ်သွားစေလိမ့်မယ်။”

မင်းသား ကျိုးလီက ဖြည်းညင်းစွာ ပြောလိုက်၏။ “ခင်ဗျား အသက် ခုနစ်ဆယ်ကျော်နေပြီ။ အရမ်းကို မလွယ်ကူပါဘူး။ ဒါကြောင့် အသက်ကို ပိုပြီး တန်ဖိုးထားသင့်တာပေါ့။”

ထို့နောက် ကျိုးလီက လက်ဝှေ့ယမ်းပြလိုက်သည်။

“ဝှစ်.. ဝှစ်.. ဝှစ်..”

စစ်သည် ထောင်ချီသည် ယန်ရှုံးဟောက် အိမ်တော် ထံသို့ မီးတုတ်များကို ပစ်ပေါက်လိုက်ကြတော့၏။

သခင်မကြီးဝမ် အလွန် ထိတ်လန့်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “မီးငြှိမ်းကြ... မီးငြှိမ်းကြ...”

ထို့နောက် သခင်မကြီးဝမ် သည် လုံးဝ ဒေါသထွက်သွားပြီး ရူးသွပ်မတတ် ရှေ့သို့ ပြေးဝင်လာတော့သည်။

“မင်းလို အသုံးမကျတဲ့ မင်းသားကများ ငါ့ကို လာပြီး အနိုင်ကျင့်ရဲတယ်။ လာပြီး အနိုင်ကျင့်ရဲတယ်။ ငါ့အသက် ခုနစ်ဆယ်ကျော် နေပြီ။ ငါက နန်းတွင်းရဲ့ သခင်မကြီးပဲ။ ငါ့ကို သတ်လိုက်လေ။ သတ်လိုက်လေ...” ယန်ရှုံးဟောက်၏ မိခင်အိုကြီးသည် လက်သည်းများကို ဝှေ့ယမ်းကာ ကျိုးလီ ထံသို့ ပြေးဝင်လာတော့၏။

“ရွှစ်... ရွှစ်... ရွှစ်... ရွှစ်...” ဘေးနားရှိ ဟေးပင်းထိုင် စစ်သည်များသည် မြားများကို ရူးသွပ်မတတ် ပစ်ခတ်လိုက်ကြပြီး မည်သည့် တုံ့ဆိုင်းမှုမှ မရှိချေ။ သူတို့ မည်သူ့ကိုမှ မသတ်ခဲ့ဖူးသည် မရှိရာ ယန်ရှုံးဟောက်၏ မိခင်က ဘာများ အရေးပါနေသနည်း။

ချက်ချင်းပဲ ဝမ်ဟွာကျိန့်၏ မိခင်သည် သနားဖွယ်ကောင်းအောင် သေဆုံးကာ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

လန်ကျိုးမြို့တွင်းရှိ အကြီးမားဆုံးသော အတားအဆီးကို ဖယ်ရှားပစ်လိုက်နိုင်ပြီဖြစ်ရာ လူတိုင်း မြို့ပြင်သို့ ထွက်ခွာသွားကြတော့၏။ ဧရာမ လန်ကျိုးမြို့ကြီး သည် လုံးဝ လူသူကင်းမဲ့သော မြို့ကြီး အဖြစ်သို့ ရောက်ရှိသွား တော့သည်။

ဒုတိယလ ကိုးရက်နေ့...

အိမ်ရှေ့စံမင်းသား ကျိုးလီသည် နောက်ဆုံး ကျန်ရှိနေသော စစ်တပ်ကို ဦးဆောင်ကာ လန်ကျိုးမြို့မှ ထွက်ခွာပြီး ဒုက္ခသည် စခန်းသို့ ဦးတည်သွားတော့၏။

ဤသို့ဖြင့် အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ် တစ်ခုလုံး လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရက်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း အိမ်ရှေ့စံမင်းသားသည် နေ့စဉ်နေ့တိုင်းနီးပါး အိပ်မရဘဲ အလုပ် လုပ်ခဲ့ရပြီး တစ်နေ့လျှင် ပျမ်းမျှ အိပ်ချိန် နှစ်နာရီပင် မပြည့်ခဲ့ချေ။

သူသည် မူလကတည်းက ပိန်ပါးနေပြီဖြစ်သော်လည်း ဤရက်ပေါင်း နှစ်ဆယ်ကျော် အတွင်းတွင် ပေါင်နှစ်ဆယ်ခန့် ထပ်မံ ပိန်ကျသွားခဲ့သည်။

ဆံပင်များမှာ မူလက သုံးပုံတစ်ပုံသာ ဖြူနေခဲ့သော်လည်း ယခုအခါ တစ်ဝက်ကျော်ခန့် ဖြူသွားခဲ့ပြီ ဖြစ်သည်။ ပိန်ချုံးနေသော သူ၏ မျက်လုံးများမှာ နီရဲနေပြီး မီးလောင်ကျွမ်းတော့မည့် ဖယောင်းတိုင် တစ်တိုင်ကဲ့သို့ ဖြစ်နေ၏။

ဤရက်ပေါင်း နှစ်ဆယ်ကျော် အတွင်းတွင် သူသည် ရာထူးပေါင်း ဆယ်ခုကျော်ကို ပူးတွဲ တာဝန်ယူခဲ့ရသည်။

ချန်းဟိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး၊ လန်ကျိုးမြို့ဝန်၊ ချန်းဟိုင် စစ်သေနာပတိ၊ ချန်းဟိုင် ရေတပ် စစ်သေနာပတိ၊ ကုန်သွယ်ရေး ဆိပ်ကမ်းရုံး အကြီးအကဲ၊ ကုန်ထုတ်လုပ်ရေးရုံး အကြီးအကဲ၊ လက်မှုပညာ အရာရှိချုပ်၊ ဆားသယ်ယူပို့ဆောင်ရေးရုံး အကြီးအကဲ စသည်ဖြင့် အများအပြား ပင်ဖြစ်၏။

ချန်းဟိုင်ပြည်နယ် အစိုးရအဖွဲ့မှ မည်သည့် အမတ်ကမှ လာရောက်ကူညီခြင်း မရှိဘဲ အားလုံးက အတားအဆီးများ ဖန်တီးကာ စားနပ်ရိက္ခာများနှင့် ငွေကြေးများ အားလုံးကို ယူဆောင်သွားခဲ့ကြသည်။

သို့ပေမည့် အိမ်ရှေ့စံမင်းသား ကျိုးလီသည် မိမိ၏ စွမ်းရည် တစ်ခုတည်းဖြင့် ဤယခင်က မရှိခဲ့ဖူးသော အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ အစမှအဆုံး သူသည် လူပေါင်း တစ်ထောင့်ခုနစ်ရာကျော်ကို သတ်ဖြတ်ခဲ့၏။

ထို့ကြောင့် သူကိုယ်တိုင် ပြောခဲ့သည့်အတိုင်းပင် အကယ်၍ကြီးမားသော ငလျင်နှင့် ဆူနာမီသာ မဖြစ်ပေါ် လာခဲ့ပါက ဧကရာဇ်၏ အမိန့်တော်ကိုပင် စောင့်စရာ မလိုဘဲ လန်ကျိုးရှိ မရေမတွက်နိုင်သော ပြည်သူများက သူ့ကို အရှင်လတ်လတ် ဆွဲဖြဲပစ်ကြမည်မှာ သေချာသည်။

ကျိုးလီ သည် လူတစ်ယောက်တည်းဖြင့် တစ်ကမ္ဘာလုံးကို ဆန့်ကျင်ရသည့် ခံစားချက်ကို အမှန်တကယ်ပင် ခံစားခဲ့ရပြီ ဖြစ်၏။

နေ့ရက်များ တစ်ရက်ပြီး တစ်ရက်ကုန်ဆုံးသွားခဲ့သည်။ ဒုတိယလ ကိုးရက်နေ့၊ ဆယ်ရက်နေ့၊ ဆယ့်တစ်ရက်နေ့၊ ဆယ့်နှစ်ရက်နေ့၊ ဆယ့်သုံးရက်နေ့... ကြီးမားသော ငလျင်နှင့် ဆူနာမီသည် ရောက်မလာသေးချေ။

ထို့အပြင် နေ့စဉ်နေ့တိုင်း ရာသီဥတုသာယာပြီး ပင်လယ်ပြင်မှာလည်း လေငြိမ်၊ လှိုင်းငြိမ် ဖြစ်နေသည်။ ကြီးမားသော ငလျင်နှင့် ဆူနာမီ ဖြစ်ပေါ်မည့် လက္ခဏာ လုံးဝ မတွေ့ရချေ။ လေပြင်းတောင် မတိုက်ပေ။ အောက်ယွီ၏ ခန့်မှန်းချက်သည် လုံးဝကို အရှက်ကွဲစရာကိစ္စကြီး တစ်ခု ဖြစ်သွားတော့၏။

ကျိုးလီ၏ အမိန့်ကြောင့် တောင်ပိုင်းကျိုးအင်ပါယာ၏ ချန်းဟိုင် ရေတပ် အားလုံး နောက်ဆုတ်သွားသောကြောင့် ပင်လယ်ပြင် တစ်ခုလုံး ထိန်းချုပ်မှုကင်းမဲ့သွားခဲ့သည်။

ကုန်သည်သင်္ဘော အများအပြားသည် နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လာကြပြီး ပင်လယ်ပြင်ပေါ်တွင် ပေါ်ထွက်လာကြ၏။

လန်ကျိုး ဆိပ်ကမ်းတွင် ဆိုက်ကပ်လာသော ကုန်သည်များ တစ်စထက်တစ်စ ပိုမို များပြားလာပြီး အုပ်ချုပ်သူ အစိုးရ မရှိသော်လည်း သူတို့သည် စီးပွားရေး ဆက်လုပ်နိုင်ကြဆဲ ဖြစ်သည်။

ငွေကြေး၏ ဆွဲဆောင်မှုအောက်တွင် ယခင်က ထွက်ပြေးသွားခဲ့သော ကုန်သွယ်ရေး ဆိပ်ကမ်းရုံးမှ အမတ်များလည်း ပြန်လည် ရောက်ရှိလာကြပြီး ကုန်ထုတ်လုပ်ရေးရုံးမှ အမတ်များ၊ ဆားသယ်ယူပို့ဆောင်ရေးရုံးမှ အမတ်များ အားလုံး ပြန်လည် ရောက်ရှိလာကြ၏။

အဘယ်ကြောင့်ဆိုသော် ဤကာလအတွင်း ကုန်သွယ်ရေး အားလုံး၊ ရွှေငွေများ အားလုံးသည် သူတို့၏ကိုယ်ပိုင် အိတ်ကပ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားနိုင်ပြီး အစိုးရထံ အပ်နှံရန် မလိုသောကြောင့် ဖြစ်သည်။

ချမ်းသာကြွယ်ဝဖို့ အကောင်းဆုံး အခွင့်အရေးကြီးပင်ဖြစ်၏။

အချို့သော ချမ်းသာကြွယ်ဝသည့် မိသားစုများသည်လည်း ဆက်လက် မစောင့်နိုင်တော့ဘဲ အိမ်သို့ တဖြည်းဖြည်း ပြန်လာနေကြပြီ ဖြစ်သည်။

အချို့သော လူလိမ်လူညာများသည်လည်း လန်ကျိုးမြို့သို့ တိတ်တဆိတ် ပြန်လည် ရောက်ရှိလာကြသည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် ဤနေရာသည် လူသူကင်းမဲ့သော မြို့ကြီး ဖြစ်နေပြီဖြစ်ရာ သူတို့ကို မည်သူကမှ တားဆီးနိုင်မည် မဟုတ်ချေ။

ဤယာယီ စခန်းကြီးမှာ အလွန်ကြီးမားလွန်းသောကြောင့် စစ်တပ် သောင်းချီဖြင့် လုံးဝ စောင့်ကြည့်၍ မရနိုင်ချေ။ စစ်တပ်က လမ်းများ အားလုံးကို ပိတ်ဆို့ထားလျှင်တောင်မှ သူတို့သည် တောင်များကို ဖြတ်ကျော်ကာ လန်ကျိုးမြို့သို့ ပြန်လည် ဝင်ရောက်နိုင်ကြသည်။

ထို့နောက် သူတို့သည် စပါးကျီထဲသို့ ဝင်ရောက်သွားသော ကြွက်များကဲ့သို့ ရူးသွပ်မတတ် ချမ်းသာ ကြွယ်ဝရန်ကြိုးစားကြတော့၏။

လူမရှိသော အိမ်များထဲသို့ တစ်အိမ်ပြီး တစ်အိမ် ဝင်ရောက်ကာ တန်ဖိုးရှိသော ပစ္စည်းများ အားလုံးကို ခိုးယူကြသည်။ ဤမျှနှင့် မကျေနပ်သေးဘဲ မြို့တွင်း၌ မီးရှို့ခြင်း၊ သူများအိမ်ရှိ ခုတင်များပေါ်တွင် အညစ်အကြေး စွန့်ခြင်းများကိုပါ ပြုလုပ်ကြတော့သည်။

ဤသို့ဖြင့် လန်ကျိုးမြို့နှင့် အနီးအနားရှိ မြို့ရွာများသို့ တိတ်တဆိတ် ပြန်လည် ရောက်ရှိလာသူများ တစ်စထက်တစ်စ ပိုမို များပြားလာတော့၏။

ဒုတိယလ ဆယ့်ခြောက်ရက်နေ့...

လူသောင်းချီသည် အိမ်သို့ တိတ်တဆိတ် ပြန်ရောက်သွားကြပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူတိုင်း စိုးရိမ်ပူပန်နေကြသောကြောင့် ဖြစ်သည်။

အကယ်၍ သူတို့ အိမ်မပြန်ပါက အိမ်ရှိ ပစ္စည်းများ အားလုံး ခိုးယူခံရမည်ဖြစ်ပြီး အိမ်များပင် မီးရှို့ခံရနိုင်သည်။ ထို့အပြင် မြို့တွင်းသို့ တိတ်တဆိတ် ပြန်ဝင်သွားသူ အချို့မှာလည်း သွေးဆောင် ဖြားယောင်းမှုများကို မခံနိုင်တော့ဘဲ ချမ်းသာကြွယ်ဝရန် ကြိုးပမ်းသည့် အဖွဲ့ထဲသို့ ဝင်ရောက်သွားကြတော့၏။

လူသိန်းချီ ရှိနေသော စခန်းကြီးမှာ တစ်စထက်တစ်စ ပို၍ ဆူပူလာပြီး တစ်စထက်တစ်စ ပို၍ ဆိုးရွားလာတော့၏။ လူတိုင်း၏ စိတ်ဓာတ်များမှာ ပို၍ပို၍ ပျက်စီးလာတော့သည်။

ဤနေရာတွင် စားစရာ၊ ဝတ်စရာ လုံလောက်စွာ ရှိနေသော်လည်း အခြေအနေမှာ တစ်စထက်တစ်စ ပို၍ ဆိုးရွားလာနေဆဲ ဖြစ်၏။

စခန်းကြီး အတွင်း၌ကောလာဟလ မျိုးစုံ ပျံ့နှံ့နေသော်လည်း အခြေခံအားဖြင့် တူညီနေကြသည်။

အောက်ယွီ နှင့် ကျိုးလီ တို့သည် သူတို့ကို မြို့တွင်းမှ လိမ်လည်ခေါ်ဆောင်လာပြီးနောက် သူတို့၏ လန်ကျိုးမြို့ရှိ ပိုင်ဆိုင်မှုများ အားလုံးကို သိမ်းယူရန်နှင့် ဆိပ်ကမ်း တစ်ခုလုံးကို သိမ်းယူရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း၊ အကယ်၍ သူတို့ အိမ်မပြန်ပါက သူတို့သည် ပိုင်ဆိုင်မှုများ အားလုံးကို ဆုံးရှုံးရတော့မည် ဖြစ်ကြောင်းပင်။

ထို့ကြောင့် လူအများအပြားက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လာကြတော့၏။ “ကျုပ်တို့ အိမ်ပြန်ချင်တယ်။ ကျုပ်တို့ အိမ်ပြန်ချင်တယ်။”

“တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးတဲ့ အောက်ယွီကို အပိုင်းပိုင်း ခုတ်ထစ်ပစ်။ အပိုင်းပိုင်း ခုတ်ထစ်ပစ်။”

“အောက်ယွီ ဟာ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားတယ်။ သေဒဏ်ပေးသင့်တယ်။”

“ကျိုးလီက မကောင်းမှုမှာ ပါဝင်အားပေးတယ်။ ပြစ်မှုကြီးမားလှတယ်။”

“ဧကရာဇ်ဟောင်းက အိုမင်းမစွမ်းဖြစ်ပြီး အစွမ်းအစမရှိဘူး။”

ဤကြွေးကြော်သံများမှာ အလွန် ရှုပ်ထွေးသော်လည်း နောက်ဆုံးတွင် တစ်ညီတစ်ညွတ်တည်း ဖြစ်သွားပြီး နောက်ဆုတ်လာသော လန်ကျိုး ပြည်သူသိန်းချီက အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလာကြတော့သည်။

“အောက်ယွီကို ကောင်းကင်ဘုံက အပြစ်ပေးပါစေ။ အပိုင်းပိုင်း ခုတ်ထစ်ပစ်။”

“အောက်ယွီကို ကောင်းကင်ဘုံက အပြစ်ပေးပါစေ။ အပိုင်းပိုင်း ခုတ်ထစ်ပစ်။”

ယာယီ စခန်းကြီး တစ်ခုလုံးသည် ယမ်းအိုးကြီး တစ်လုံးကဲ့သို့ ဖြစ်သွားပြီး မီးပွားလေး တစ်ချက် ပွင့်လိုက်ရုံဖြင့် အပြီးအပြတ် ပေါက်ကွဲထွက်သွားတော့မည့် အခြေအနေသို့ ရောက်ရှိနေ၏။

“ကျုပ်တို့ အိမ်ပြန်ချင်တယ်။ ကျုပ်တို့ အိမ်ပြန်ချင်တယ်။”

ဒုတိယလ ဆယ့်ခုနစ်ရက်နေ့...

ဒုတိယလ ဆယ့်ရှစ်ရက်နေ့...

ယခုအခါ ဒုတိယလ အလယ်ပိုင်း ကုန်ဆုံးသွားပြီဖြစ်ပြီး နောက်ပိုင်းသို့ ဝင်ရောက်တော့မှာဖြစ်သည်။ သို့ပေမည့် အောက်ယွီ ပြောသော ထိုကြီးမားသည့် ငလျင်နှင့် ဆူနာမီ မှာ ရောက်မလာသေးချေ။

အခြေအနေ လုံးဝ ပေါက်ကွဲသွားတော့၏။

လူသိန်းချီသည် စခန်း၏ နံရံများကို လုံးဝ တွန်းလှဲလိုက်ကြပြီး သူတို့ကို စောင့်ကြပ်နေသော စစ်တပ်ထံသို့ လုံးဝ ပြေးဝင်သွားကြတော့သည်။

ဤတပ်တော် သောင်းချီမှာ မူလက ချန်းဟိုင် စစ်သေနာပတိရုံး လက်အောက်ခံများ ဖြစ်ကြပြီး သူတို့ကိုယ်တိုင် ကလည်း ကြီးမားသော ငလျင်နှင့် ဆူနာမီ ဖြစ်လာမည်ကို မယုံကြည်ကြသောကြောင့် ယခုအခါ စိတ်ဓာတ်များ အလွန်ကျဆင်းနေကာ ဟေးပင်းထိုင် စစ်သူကြီးများ၏ အတင်းအကျပ် ဖိအားပေးမှုနှင့် သုံးဆတိုးထားသော လစာများကြောင့်သာ ဆက်လက် တောင့်ခံနေကြခြင်း ဖြစ်၏။

သို့ပေမည့် ဒေါသထွက်နေသော ပြည်သူသိန်းချီ ပြေးဝင်လာသည်ကို မြင်တွေ့ရချိန်မှာတော့ သူတို့လည်း အလိုအလျောက် နောက်ဆုတ်သွားကြတော့သည်။

ဟေးပင်းထိုင် နန်ကုန်းတာက အေးစက်စက်ဖြင့် ပြောလိုက်၏။ “အားလုံး နောက်ဆုတ်။ စခန်းထဲ ပြန်ဝင်ကြ။ စခန်းထဲ ပြန်ဝင်ကြ။ မဟုတ်ရင် နေရာမှာတင် သတ်ပစ်မယ်။ နေရာမှာတင် သတ်ပစ်မယ်။”

“ဓားမြှောက်... ဓားမြှောက်...”

ဟေးပင်းထိုင်၏ စစ်သူကြီးများက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးသော်လည်း စစ်သည် သောင်းချီမှာမူ ဓားမြှောက်ရန် ဆန္ဒမရှိကြတော့ချေ။

ထိုအချိန်တွင်ပင် ဗုံမောင်းသံများ ထွက်ပေါ်လာတော့၏။

တပ်ဖွဲ့တစ်ဖွဲ့ ပေါ်ထွက်လာပြီး ဦးဆောင်လာသူမှာ ချန်းဟိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ကျန်းကျိန့် ပင်ဖြစ်သည်။ သူသည် ချန်းဟိုင်ပြည်နယ်မှ အမတ်ရာချီကို ခေါ်ဆောင်လာပြီး အနောက်တွင်လည်း အုပ်ချုပ်ရေးမှူး၏ သက်တော်စောင့် တပ်ဖွဲ့ တစ်ထောင်ကျော် ရှိနေသည်။

ဤအမတ် ရာချီသည် ယခင်က ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် လျှို့ဝှက်စွာဖြင့် လှိုင်းတံပိုးများ ဖန်တီးကာ အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်ကို တားဆီးရန် ကြိုးပမ်းခဲ့ကြသူများ ဖြစ်သည်။ ယခုအခါ အခြေအနေ ပေါက်ကွဲသွားသည်ကို မြင်တွေ့ရချိန်မှာတော့ သူတို့ ထွက်လာကြပြီ ဖြစ်၏။

..........

အပိုင်း (၄၀၀)

ချန်းဟိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး၊ လန်ကျိုးမြို့ဝန်နှင့် အခြားသော အမတ်များကို မြင်တွေ့ရချိန်မှာတော့ မရေမတွက်နိုင်သော ပြည်သူများ အားလုံး ဒူးထောက်လိုက်ကြသည်။

“အုပ်ချုပ်ရေးမှူး မင်းကြီး...ကယ်ပါအုံး...ကျုပ်တို့ အိမ်ပြန်ချင်ပါတယ်။ ကျုပ်တို့ အိမ်ပြန်ချင်ပါတယ်။”

“ကောင်းကင်ဘုံက မျက်စိကန်းနေတာပဲ။ အောက်ယွီလို လူယုတ်မာကို တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးခွင့်၊ ဆူပူသောင်းကျန်းခွင့် ပြုထားတယ်။ ကောင်းကင်ဘုံက မျက်စိကန်းနေတာပဲ။ ကျုပ်တို့မှာ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး။”

“အောက်ယွီဟာ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားပြီး တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးနေတာပါ။ ကျိုးလီက မကောင်းမှုမှာ ပါဝင်အားပေးပြီးကြီးမားတဲ့ အပြစ်တွေကျူးလွန်နေတာပါ။”

“အုပ်ချုပ်ရေးမှူး မင်းကြီး...ကျုပ်တို့ကို ကယ်ပါအုံး။ ကျုပ်တို့ အိမ်ပြန်ချင်ပါတယ်။”

အုပ်ချုပ်ရေးမှူး မင်းကြီးသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော ပြည်သူများကို ကြည့်ကာ စိတ်ထဲတွင် အလွန် ဂုဏ်ယူနေမိ၏။

သူသည် ကျိုးလီ၏ အရှေ့သို့ ရောက်ရှိလာပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား... ကြည့်ပါအုံး။ ကြည့်ပါအုံး။ ဒါ ခင်ဗျားတို့ လုပ်ခဲ့တဲ့ ကောင်းမှုတွေပဲ။ ကောင်းတဲ့ အလုပ်တွေ လုပ်ဖို့ကတော့ မတတ်ဘူး။ တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးဖို့ကတော့ သင်စရာတောင် မလိုဘူး။

အိမ်ရှေ့စံမင်းသား... ခင်ဗျား မကြာသေးခင်က သတ်ဖြတ်ရတာ တော်တော်လေး ပျော်နေတာပဲ။ တော်တော် ဩဇာရှိနေတာပဲ။ ကျုပ်တို့ လန်ကျိုးက ပြည်သူ သန်းချီက ဘာအပြစ် လုပ်ခဲ့လို့ ခင်ဗျားနဲ့ အောက်ယွီ ဆိုတဲ့ လူယုတ်မာရဲ့ ဒုက္ခပေးတာကို ခံနေရတာလဲ။

ကျိုးလီ... ခင်ဗျားတို့ ပြောတဲ့ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီက ဘယ်မှာလဲ။ ဘယ်မှာလဲ။ ကောင်းကင်ဘုံက ဘာလို့ မိုးကြိုးတွေ ပစ်ချပြီး အောက်ယွီလို ပုန်ကန်တဲ့ လူယုတ်မာကို မသတ်ပစ်ရတာလဲ။ ကျိုးလီ... ခင်ဗျား လန်ကျိုးကို ဒုက္ခပေးတဲ့ နေ့ရက်တွေ ပြီးဆုံးသွားပြီ။ ပြီးဆုံးသွားပြီ။”

အုပ်ချုပ်ရေးမှူး မင်းကြီးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “စစ်တပ် အားလုံး... ကျုပ်အမိန့်ကို နာခံကြ။”

ချန်းဟိုင်ပြည်နယ်၏ တပ်တော် သောင်းချီသည် ခေတ္တမျှ တွေဝေသွားပြီးနောက် ဦးဆောင်လာသော စစ်သူကြီး အချို့က ဒူးထောက်လိုက်ကြသည်။ ထို့နောက် ဒူးထောက်သူ တစ်စထက်တစ်စ ပိုမို များပြားလာပြီး နောက်ဆုံးတွင် အားလုံး ဒူးထောက်လိုက်ကြတော့သည်။

“အုပ်ချုပ်ရေးမှူး မင်းကြီးကို အရိုအသေပေးပါတယ်။”

“အုပ်ချုပ်ရေးမှူး မင်းကြီးကို အရိုအသေပေးပါတယ်။”

ကြီးမားသော ဖိအားများအောက်တွင် ဤစစ်သည် သောင်းချီသည် နောက်ဆုံး၌ အိမ်ရှေ့စံမင်းသားကျိုးလီကို စွန့်ပစ်လိုက်ကြပြီ ဖြစ်၏။

ဟေးပင်းထိုင် စစ်သူကြီး ရာချီနှင့် ဟေးပင်းထိုင် စစ်သည်များသည် ဒေါသထွက်သွားကြပြီး အေးစက်စက်ဖြင့် မေးလိုက်သည်။ “အိမ်ရှေ့စံမင်းသားက အမတ်ကြီးလည်း ဖြစ်တယ်။ ခင်ဗျားတို့ ပုန်ကန်ချင်နေတာလား။ ပုန်ကန်ချင်နေတာလား။”

“အမတ်ကြီး ဟုတ်လား။”

ချန်းဟိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးကျန်းကျိန့်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ကောင်းကင်ဘုံရဲ့ အလိုကို ဖီဆန်ပြီး တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးတဲ့သူကို အမတ်ကြီးလို့ ခေါ်လို့ ရမလား။”

ထို့နောက် အုပ်ချုပ်ရေးမှူး ကျန်းကျိန့်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “မိဘ ပြည်သူအပေါင်းတို့... ကျုပ် လာတာ နောက်ကျသွားပါပြီ။ နောက်ကျသွားလို့ ခင်ဗျားတို့ ဒုက္ခရောက်ခဲ့ရပြီ။”

ပြောဆိုပြီးနောက် အုပ်ချုပ်ရေးမှူးကျန်းကျိန့် သည် မျက်ရည်များကို သုတ်လိုက်၏။

တစ်ကွင်းလုံးရှိ ပြည်သူ သိန်းချီကလည်း အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်ကြပြီး ဒေါသတကြီးဖြင့် အသံကျယ်ကျယ် ဟစ်ကြွေးလိုက်ကြတော့သည်။

“အောက်ယွီကို ကောင်းကင်ဘုံက အပြစ်ပေးပါစေ။ ကျိုးလီကို ကောင်းကင်ဘုံက အပြစ်ပေးပါစေ။”

“အိမ်ပြန်မယ်... အိမ်ပြန်မယ်။”

အုပ်ချုပ်ရေးမှူး မင်းကြီးက အက်ကွဲသောအသံဖြင့် ပြောလိုက်၏။ “မိဘ ပြည်သူအပေါင်းတို့... ကျုပ် ခင်ဗျားတို့ကို အိမ်ပြန်ခေါ်သွားပါ့မယ်။ ကျုပ် ခင်ဗျားတို့ကို အိမ်ပြန်ခေါ်သွားပါ့မယ်။”

ထို့နောက် အုပ်ချုပ်ရေးမှူး ကျန်းကျိန့်သည် အမတ် ရာချီ၊ တပ်တော် သောင်းချီနှင့် ပြည်သူ သိန်းချီကို ဦးဆောင်ကာ စခန်းမှ ခမ်းနားကြီးကျယ်စွာ ထွက်ခွာပြီး လန်ကျိုးသို့ ပြန်လည် ဦးတည်သွားကြတော့သည်။

ဟေးပင်းထိုင်မှ နန်ကုန်းတာသည် ကျိုးလီ၏ အရှေ့သို့ ရောက်ရှိလာပြီး အလန့်တကြား မေးလိုက်၏။ “အိမ်ရှေ့စံမင်းသား... ဘယ်လိုလုပ်ကြမလဲ။ ဘယ်လိုလုပ်ကြမလဲ။”

ကျိုးလီက ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။ “ကျုပ်တို့ အစွမ်းကုန် ကြိုးစားပြီးပြီပဲ။ လူတွေ လုပ်နိုင်တာ အကုန် လုပ်ပြီးပြီ။ ကောင်းကင်ဘုံရဲ့ အလိုကိုပဲ စောင့်ရတော့မှာပေါ့။”

ထို့နောက် ကျိုးလီသည် ဟေးပင်းထိုင် စစ်သည် ရာချီကို ဦးဆောင်ကာ တောင်ထိပ် အမြင့်ဆုံး နေရာသို့ တက်သွားတော့၏။

ဤနေရာမှနေ၍ ပင်လယ်ပြင်ကို မြင်တွေ့ရသလို လန်ကျိုးမြို့ကိုလည်း မြင်တွေ့ရပြီး လန်ကျိုးသို့ ပြန်လည် ဦးတည်သွားနေသော ပြည်သူ အမြောက်အမြားကိုလည်း မြင်တွေ့ရသည်။

ဤလူများသည် တစ်ဖက်မှ အိမ်ပြန်ရင်း တစ်ဖက်မှ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးနေကြ၏။ “အောက်ယွီကို ကောင်းကင်ဘုံက အပြစ်ပေးပါစေ။ ကျိုးလီကို ကောင်းကင်ဘုံက အပြစ်ပေးပါစေ။ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားပြီး တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးနေတယ်။”

အိမ်ရှေ့စံမင်းသား ကျိုးလီသည် ရုပ်တုတစ်ခုကဲ့သို့ ရပ်လျက် ဤပြည်သူ သိန်းချီကို ကြည့်ရှုနေသည်။ မရေမတွက်နိုင်သော လူများက အောက်ယွီကို ကျိန်ဆဲနေပြီး သူ ကျိုးလီကို ကျိန်ဆဲနေသည်ကို နားထောင်နေရသည်။

ချန်းဟိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ကျန်းကျိန့်သည် တောင်ထိပ်သို့ တက်လာပြီး ကျိုးလီ၏ အနီးသို့ ရောက်ရှိလာ၏။

ယခုအချိန်တွင် နေဝင်ချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရှုခင်းမှာ အဆုံးအစမရှိ လှပနေသည်။ ဒုတိယလ ဆယ့်ရှစ်ရက်နေ့သည် မကြာမီ ကုန်ဆုံးတော့မှာဖြစ်သည်။

အုပ်ချုပ်ရေးမှူးကျန်းကျိန့်က ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒုတိယလ အလယ်ပိုင်း ကုန်ဆုံးသွားပြီ။ အောက်ယွီ ပြောတဲ့ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီက ဘယ်မှာလဲ။ ဆူနာမီက ဘယ်မှာလဲ။ ငလျင်က ဘယ်မှာလဲ။ သူက မြို့တော်မှာဆိုတော့ သေချာပေါက် အပိုင်းပိုင်း ခုတ်ထစ်ခံရတော့မှာပဲ။

ပြီးတော့ ခင်ဗျား... အိမ်ရှေ့စံမင်းသားကျိုးလီ... ခင်ဗျား လာတုန်းက အခေါင်း တစ်လုံး ယူလာတယ် မဟုတ်လား။ အခု အသုံးဝင်ပြီလေ။ ခင်ဗျား အရင်တုန်းက ဧကရာဇ် ပေးအပ်တဲ့ ဓားနဲ့ လူသတ်ရတာ တော်တော် ပျော်နေတာပဲ မဟုတ်လား။

ကျိုးလီ... ခင်ဗျားရဲ့ ဧကရာဇ်ပေးအပ်တဲ့ ဓားက အသုံးဝင်ပြီ။ ခင်ဗျားကိုယ်ခင်ဗျား အဆုံးစီရင်လိုက်တော့။ ဒီလိုဆိုရင် မြေအောက်ရောက်တဲ့အခါ အောက်ယွီနဲ့ ပြန်ဆုံနိုင်သေးတယ်။ ဒါပေမဲ့ အဲဒီအချိန်ကျရင် ခင်ဗျားက အောက်ယွီကို မှတ်မိချင်မှ မှတ်မိတော့မှာ။ ဘာလို့လဲဆိုတော့ သူက အပိုင်းပိုင်း ခုတ်ထစ်ခံရမှာမို့လို့ပဲ။

ဆူနာမီက ဘယ်မှာလဲ။ ငလျင်က ဘယ်မှာလဲ။ ဆူနာမီက ဘယ်မှာလဲ။ ကျိုးလီ... ခင်ဗျား သေလို့ရပြီ။”

ချန်းဟိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးကျန်းကျိန့်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ ရပြီ။”

သို့ပေမည့် ဤအချိန်တွင် အဝေးရှိ မြေအောက်မှ မိုးကြိုးပစ်လိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

မျက်စိရှေ့ရှိ ကမ္ဘာကြီး တစ်ခုလုံး တုန်ခါသွားပြီး မိုင်ဆယ်ချီ ဝေးကွာသော တောင်များပင်လျှင် တုန်ခါ နေတော့သည်။ ပျံသန်းနေသော ငှက်များ အားလုံး အလန့်တကြား ထပျံသွားကြ၏။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

ဧရာမ အသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာပြီး ကမ္ဘာကြီး တစ်ခုလုံး တုန်ခါနေတော့သည်။

ထို့နောက် လူတိုင်းသည် သမိုင်းတစ်လျှောက် အံ့မခန်းဖွယ်ရာ အကောင်းဆုံး မြင်ကွင်းကြီးကို မြင်တွေ့ လိုက်ရတော့၏။

တောင်ထိပ်မှနေ၍ ကြည့်လိုက်ရာ အဝေးရှိ ပင်လယ်ပြင်ပေါ်တွင် ကောင်းကင်ကို တုန်လှုပ်စေလောက်သော လှိုင်းလုံးကြီးများ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအရာများသည် ပေတစ်ရာကျော် မြင့်မားကာ မိုင်ရာချီကျယ်ဝန်းသော လှိုင်းလုံးကြီးများ ဖြစ်ကာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့၏။

မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးကြီးများသည် ကမ္ဘာမြေကို ဖျက်ဆီးပစ်မည့် အရှိန်အဟုန်ဖြင့် ကျန်းကျိုးမြို့ထံသို့ ရူးသွပ်မတတ် ပြေးဝင်လာတော့သည်။

“ဆူနာမီကြီး... ဆူနာမီကြီး လာပြီ...”

......................

ဆူနာမီ မဖြစ်ပေါ်မီက လန်ကျိုး ပင်လယ်ပြင်...

ချန်းဟိုင်ပြည်နယ် ရေတပ်က ကုန်သည်သင်္ဘော အများစုကို မောင်းထုတ်ခဲ့သော်လည်း အချိန်စေ့သွားသည်နှင့် တပြိုင်နက် ရေတပ် အားလုံး မြောက်ဘက်ရှိ ကျန်းကျိုး ဆိပ်ကမ်းသို့ ထွက်ခွာသွားခဲ့ကြ၏။

ထို့ကြောင့် ဤပင်လယ်ပြင်တွင် မည်သူမှ ထိန်းချုပ်မည့်သူ မရှိတော့သောကြောင့် ကုန်သည်သင်္ဘော အချို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လာကြပြီး အများစုမှာ ဆိပ်ကမ်းသို့ ဝင်ရောက်မည့် သင်္ဘောများ ဖြစ်ကြသည်။

ဤကုန်သည်သင်္ဘောများတွင် အများစုမှာ ဟင်းခတ်အမွှေးအကြိုင်များ၊ ယွန်းထည်များ၊ကျောက်စိမ်းများ စသည့် တန်ဖိုးကြီး ကုန်ပစ္စည်းများ ပါဝင်ပြီး တစ်ရက်စောစော ဆိပ်ကမ်းသို့ ရောက်ရှိပါက တစ်ရက်စောစော ငွေရှာနိုင်မှာ ဖြစ်၏။

ဤကဲ့သို့ ပင်လယ်ပြင်တွင် လွင့်မျောနေရခြင်းမှာ နေ့စဉ်နေ့တိုင်း ငွေကုန်ကြေးကျ များပြားလေသည်။ ထို့အပြင် ဆိပ်ကမ်းသို့ ရောက်ရှိပြီးနောက် လက်ခံမည့်သူ မရှိမည်ကို လည်း လုံးဝ စိုးရိမ်စရာ မလိုချေ။

ယခုအခါ လန်ကျိုး သည် လူသူကင်းမဲ့သော မြို့ကြီး ဖြစ်နေသော်လည်း ဤအချိန်မှာ စီးပွားရေး လုပ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အိမ်ရှေ့စံမင်းသား ကျိုးလီသည် အစိုးရ အဖွဲ့အစည်း အားလုံးကို နောက်ဆုတ် စေခဲ့သော်လည်း အမတ် အများအပြားသည် တိတ်တဆိတ် ပြန်လည် ရောက်ရှိနေကြပြီး ကုန်ပစ္စည်း လက်ခံမည့် ကုန်သည်များလည်း ရှိနေကြ၏။

ဤအချိန်တွင် အရောင်းအဝယ် ပြုလုပ်ပါက မည်သည့် အခွန်မှ ပေးဆောင်ရန် မလိုသလို ဆိုက်ကပ်ခလည်း ပေးဆောင်ရန် မလိုချေ။

ဤကုန်သည်သင်္ဘောများသည် လန်ကျိုး ဆိပ်ကမ်းသို့ တစ်စင်းပြီး တစ်စင်း ဦးတည်လာကြတော့၏။

‘တကယ်ကို နှမြောစရာကောင်းတာပဲ။ ဒီလိုကောင်းတဲ့ နေ့ရက်တွေက မကြာခင် အဆုံးသတ်တော့မယ်။’

နောက်ဆုံး သတ်မှတ်ရက်မှာ ဒုတိယလ နှစ်ဆယ့်နှစ်ရက်နေ့ဖြစ်ပြီး ထိုနေ့တွင်ကြီးမားသော ဆူနာမီ မဖြစ်ပေါ်လာပါက ကျိုးလီသည် ကိုယ့်ကိုယ်ကိုယ် သတ်သေရမည်ဖြစ်ပြီး အောက်ယွီလည်း အပိုင်းပိုင်း ခုတ်ထစ်ခံရမှာဖြစ်သည်။

ထိုအခါ လန်ကျိုးမြို့ တစ်ခုလုံး ပြန်လည် ပုံမှန်အတိုင်း ဖြစ်သွားမည်ဖြစ်ပြီး ဆိပ်ကမ်းလည်း ပြန်လည်၍ ပုံမှန်အတိုင်း ဖြစ်သွားမှာဖြစ်၏။

ထိုအချိန်တွင် ဟင်းခတ်အမွှေးအကြိုင် သင်္ဘောတစ်စင်းမှ ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ် လိုက်တော့သည်။

အဘယ်ကြောင့်ဆိုသော် အမြင်အာရုံအတွင်းသို့ တောင်ပိုင်းကျိုးအင်ပါယာ၏ ရေတပ် စစ်သင်္ဘောများ ဝင်ရောက်လာသောကြောင့် ဖြစ်၏။

“မြန်မြန်... မြန်မြန်... အမြန်ထွက်ပြေးကြ...” ဤဟင်းခတ်အမွှေးအကြိုင် သင်္ဘော၏ ပိုင်ရှင်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်ပြီး သင်္ဘောကို လှည့်ကာ အမြန်ဆုံး ထွက်ပြေးရန် ပြင်လိုက်တော့သည်။

အဘယ်ကြောင့်ဆိုသော် ယခင်က ကျိုးလီသည် ရေတပ် စစ်သင်္ဘောများကို အသုံးပြုကာ ဤကုန်သည် သင်္ဘောများကို မောင်းထုတ်ရာတွင် တိုက်ရိုက် ပစ်ခတ်ခဲ့သောကြောင့် ဖြစ်၏။

ဤရေတပ် စစ်သင်္ဘောများ အားလုံး ကျန်းကျိုး ဆိပ်ကမ်းသို့ သွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း အဘယ်ကြောင့် နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာရသနည်း။

“အမြန်ပြေးကြ... အမြန်ပြေးကြ...”

သို့ပေမည့် မထင်မှတ်ဘဲ ရေတပ် စစ်သင်္ဘောများပေါ်မှ အလံပြ လက္ခဏာများ လျင်မြန်စွာ ထွက်ပေါ်လာတော့၏။ “မကြောက်ပါနဲ့။ ကိုယ့်လူတွေပါ။ မကြောက်ပါနဲ့။ ကိုယ့်လူတွေပါ။”

အဘယ်ကြောင့် ဤရေတပ် ပြန်လည် ရောက်ရှိလာရသနည်း။ အဘယ်ကြောင့်ဆိုသော် ရေတပ် သည် နှစ်ခြမ်းကွဲသွားသောကြောင့် ပင်ဖြစ်သည်။

ယခင်က အိမ်ရှေ့စံမင်းသား ကျိုးလီသည် ရေတပ် စစ်သူကြီး ဆယ်ကျော်ခန့်ကို သတ်ဖြတ်ပြီးနောက် အခြေအနေကို နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ဟေးပင်းထိုင်၏ စစ်သူကြီးများကို ဤရေတပ်အား အုပ်ချုပ်စေခဲ့၏။

အစပိုင်းတွင် ဟေးပင်းထိုင် စစ်သူကြီးများသည် အခြေအနေကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း အချိန်ကြာ လာသည်နှင့်အမျှ အခြေအနေမှာ တဖြည်းဖြည်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဟေးပင်းထိုင် စစ်သူကြီးများသည် ပင်လယ်ပြင်နှင့် မရင်းနှီးသောကြောင့် သင်္ဘော မူးလာကြပြီး အထက်လန် အောက်လျှောများပင် ဖြစ်လာကြသောကြောင့်ပင်။

ဤသို့ဖြင့် သူတို့၏ ဩဇာတိက္ကမ အားလုံး လုံးဝ ပျောက်ကွယ်သွားတော့၏။

ထို့အပြင် ရေတပ်နှင့် ကုန်းတွင်းတပ်မှာ လုံးဝ မတူညီဘဲ သူတို့တွင် လုံးဝကျွမ်းကျင်သော အမိန့်ပေးကွပ်ကဲမှု စနစ် ရှိသည်။ ဟေးပင်းထိုင် စစ်သူကြီးများ မည်မျှပင် တော်စေကာမူ အပြင်လူက အတွင်းလူကို အုပ်ချုပ်သကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် ဤနေရာမှာ ပင်လယ်ပြင်ပေါ်တွင် ဖြစ်ပြီး အိမ်ရှေ့စံမင်းသား ကျိုးလီမှာမူ ကုန်းမြေပေါ်တွင် ရှိနေသည်။

ထို့ကြောင့် ရေတပ် စစ်သူကြီးများသည် အာဏာကို ပြန်လည် လုယူခဲ့ကြပြီး ဟေးပင်းထိုင်၏ စစ်သူကြီးများ အားလုံးကို အကျဉ်းချထားလိုက်ကြတော့၏။

သို့ပေမည့် ရေတပ် စစ်သေနာပတိ အသတ်ခံလိုက်ရသောကြောင့် ရေတပ် အုပ်ချုပ်ရေးမှူးက ဤတပ်ဖွဲ့၏ ခေါင်းဆောင်သစ် ဖြစ်လာခဲ့သည်။

ဤလူမှာ မည်သူနည်း။ ဝမ်ကျွီ ပင်ဖြစ်၏။ သူသည်လည်း တရားဝင် ဘွဲ့မရှိဘဲ နန်းတွင်းကျောင်းမှ ရရှိလာသော ဘွဲ့တစ်ခုသာ ရှိသူဖြစ်ရာ ဤကဲ့သို့သော လူမျိုးက ရေတပ် အုပ်ချုပ်ရေးမှူးကဲ့သို့သော ရာထူးကို မည်သို့ ရရှိနိုင်ခဲ့သနည်း။

အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ခံမှာ အလွန်ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ယန်ရှုံးဟောက်၏ သားဖြစ်ပြီး ဖခင်ဖြစ်သူ စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဝမ်ဟွာကျိန့်မှာ လန်ကျိုး တစ်ခုလုံး၏ အကြီးမားဆုံးသော ဒေသခံ အင်အားကြီး ပင်ဖြစ်သည်။

...............................

All Chapters