← Chapters

အခန်း (၄၀၁-၄၀၂)

Vol. 34 Ch. 401-402

အခန်း (၄၀၁-၄၀၂)

Vol. 34 Ch. 401-402

အပိုင်း (၄၀၁)

အာဏာကို လုယူပြီးနောက် သူသည် ရေတပ်ကို ဦးဆောင်ကာ လန်ကျိုး ပင်လယ်ပြင်သို့ ချက်ချင်း ပြန်လည် ဦးတည်သွားတော့၏။

အဘယ်ကြောင့် ဤမျှလောက် အလျင်လိုနေရသနည်း။ ရက်အနည်းငယ်လေးမျှပင် မစောင့်နိုင်တော့ဘူးလား။ အဘယ်ကြောင့်ဆိုသော် အလွန်ကြီးမားသော အကျိုးအမြတ်များ ရှိနေသောကြောင့် ဖြစ်သည်။

ကုန်သည်သင်္ဘော အများအပြားသည် လန်ကျိုး ဆိပ်ကမ်းသို့ တိတ်တဆိတ် ပြန်လည် ဝင်ရောက်ကာ စီးပွားရေး လုပ်နေကြပြီဖြစ်ရာ အကယ်၍ သူ အမြန် ပြန်မသွားပါက အခွန်ငွေများ၊ ကာကွယ်ကြေးများ မည်မျှလောက် လွတ်သွားမည်နည်း။

သေချာပေါက် ဝမ်ဟွာကျိန့်၏ သားတစ်ယောက်အနေဖြင့် ရေတပ် အုပ်ချုပ်ရေးမှူး ဝမ်ကျွီ၏ အမြင်မှာ ဤမျှလောက် ကျဉ်းမြောင်းခြင်း မရှိဘဲ ဤငွေကြေး အနည်းငယ်ကို သိပ်ဂရုမစိုက်လှချေ။

အရေးအကြီးဆုံးမှာ အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်ကြောင့် လန်ကျိုး ဆိပ်ကမ်းတွင် အာဏာ လစ်ဟာမှုများ ဖြစ်ပေါ်လာပြီး ဆားသယ်ယူပို့ဆောင်ရေးရုံး၊ ကုန်သွယ်ရေး ဆိပ်ကမ်းရုံး၊ ကုန်ထုတ်လုပ်ရေးရုံး တို့၏ အဓိက ရာထူးများမှာ လွတ်လပ်နေသောကြောင့် ဖြစ်သည်။

ဤအရာများ အားလုံးသည် အလွန်ကြီးမားသော အကျိုးအမြတ်များကို ကိုယ်စားပြုနေပြီး သူ သွားရောက် မသိမ်းပိုက်ပါက အခြားသူများ သွားရောက် သိမ်းပိုက်ကြပေလိမ့်မည်။

ထို့အပြင် ကုန်သွယ်ရေးလုပ်ငန်း၏ ဝင်ငွေ အများအပြားသည်လည်း လစ်ဟာနေပြီး အလုအယက် သွားရောက် သိမ်းပိုက်ရမှာဖြစ်သည်။

ထို့ကြောင့် ဒုတိယလ ဆယ့်ခုနစ်ရက်နေ့တွင် ဝမ်ကျွီသည် ဆုံးဖြတ်ချက် ပြတ်သားစွာ ချကာဖြင့် ရေတပ်ကို ဦးဆောင်ပြီး လန်ကျိုး ဆိပ်ကမ်းသို့ ပြန်လည် ထွက်ခွာကာ ကြီးမားသော အကျိုးအမြတ်များကို လုယူရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်၏။

သို့ပေမည့် ဤသည်မှာ တောင်ပိုင်းကျိုးအင်ပါယာ၏ ရေတပ်ဖြစ်ပြီး ကျိုးလီသည် ကံဆိုးနေသော်လည်း အိမ်ရှေ့စံမင်းသား ဖြစ်နေဆဲဖြစ်၏။ ထို့ကြောင့် အမတ်ကြီး ကျိုးလီ၏ အမိန့်အရ ရေတပ်သည် ကျန်းကျိုး ဆိပ်ကမ်းသို့ သွားရောက်ရမည်ဖြစ်ရာ သူတို့ သေချာပေါက် သွားရောက်ရမှာဖြစ်သည်။

တိုင်းပြည်ကို ချစ်ပြီး ဧကရာဇ်ကို သစ္စာခံသော ရေတပ် အရာရှိ အချို့က အမိန့်ကို နာခံပြီး ကျန်းကျိုး ဆိပ်ကမ်းသို့ သွားရောက်သင့်သည်ဟု ယူဆကြ၏။

ငွေကြေး အကျိုးအမြတ်များကို လိုလားသော ရေတပ် အရာရှိ အချို့ကမူ ဤသည်မှာ အခွင့်ကောင်း တစ်ရပ်ဖြစ်ပြီး လန်ကျိုး ဆိပ်ကမ်းသို့ အမြန်ဆုံး ပြန်လည် သွားရောက်ကာ အကျိုးအမြတ်များကို လုယူရမည် ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက ဒုတိယလ နှစ်ဆယ့်နှစ်ရက်နေ့ နောက်ပိုင်းတွင် အကျိုးအမြတ်များ အားလုံး အခြားသူများ၏ လုယူခြင်းကို ခံရမည်ဖြစ်ကြောင်း ယူဆကြသည်။

ထို့ကြောင့် ဤရေတပ်သည် နှစ်ခြမ်းကွဲသွားတော့၏။ တစ်ဝက်မှာ အမတ်ကြီး၏ အမိန့်ကို နာခံကာ ကျန်းကျိုး ဆိပ်ကမ်းသို့ ထွက်ခွာသွားပြီး ကျန်တစ်ဝက်မှာမူ အုပ်ချုပ်ရေးမှူး ဝမ်ကျွီ၏ အမိန့်ကို နာခံကာ လန်ကျိုး ဆိပ်ကမ်းသို့ ပြန်လည် ထွက်ခွာပြီး အကျိုးအမြတ်များကို လုယူရန် ပြင်ဆင်ကြတော့၏။

မည်သို့ပင်ဆိုစေ ဒုတိယလ အလယ်ပိုင်း ကုန်ဆုံးသွားပြီဖြစ်ရာ အမတ်ကြီး ကျိုးလီ သည်လည်း ရက်အနည်းငယ်သာ လှုပ်ရှားနိုင်တော့မှာဖြစ်ပြီး မကြာမီ ကိုယ့်ကိုယ်ကိုယ် သတ်သေရတော့မည်ဖြစ်ရာ မည်သည့်အရာကို ကြောက်ရွံ့စရာ လိုသေးသနည်း။

ကြီးမားသော ငလျင်နှင့် ဆူနာမီ ဆိုသည်မှာလည်း လုံးဝ ရယ်စရာကြီးတစ်ခုသာ ဖြစ်ပြီး ဒုတိယလ အလယ်ပိုင်း ကုန်ဆုံးသွားပြီဖြစ်ရာ ဆူနာမီက ပေါ်မလာခဲ့ချေ။

ဤသို့ဖြင့် ဝမ်ကျွီ သည် ရေတပ် တစ်ဝက်ကို ဦးဆောင်ကာ လန်ကျိုး ပင်လယ်ပြင်သို့ ခမ်းနားကြီးကျယ်စွာ ပြန်လည် ရောက်ရှိလာခဲ့ပြီး လန်ကျိုး ဆိပ်ကမ်းသို့ ပြန်လည် ဝင်ရောက်လာသော ဤကုန်သည် သင်္ဘောများနှင့် အတိအကျ ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ဤကုန်သည်သင်္ဘောများသည် ရေတပ်ကို မြင်တွေ့ချိန်မှာတော့ ထွက်ပြေးရန် ပြင်ကြသော်လည်း ဤအရာများ အားလုံးမှာ ငွေကြေးများ ဖြစ်သောကြောင့် အုပ်ချုပ်ရေးမှူး ဝမ်ကျွီက အလံပြ လက္ခဏာများ အလျင်အမြန် ပြသစေခဲ့၏။

“မကြောက်ပါနဲ့။ ကိုယ့်လူတွေပါ။”

သတိထား၍ ချဉ်းကပ်လာချိန်မှသာ ဤကုန်သည်သင်္ဘောများသည် ကိုယ့်လူတွေ ဖြစ်ကြောင်း အမှန်တကယ် သိရှိသွားကြသည်။

ထို့နောက် ဤကုန်သည်သင်္ဘောများနှင့် ရေတပ်သည် လန်ကျိုး ဆိပ်ကမ်းသို့ အတူတကွ ပြန်လည် ဦးတည်သွား ကြတော့၏။

ဤကုန်သည်များသည် လှေငယ်များ စီးနင်းကာ အုပ်ချုပ်ရေးမှူး ဝမ်ကျွီ၏ ရေတပ် ဦးဆောင်သော သင်္ဘောကြီး ပေါ်သို့ လာရောက်ကြပြီး သူတို့၏ ကာကွယ်ကြေးများကို အသီးသီး ပေးအပ်ကြသည်။

ယန်ရှုံးဟောက် အိမ်တော်သည် လန်ကျိုး၏ ဒေသခံ အင်အားကြီးဖြစ်ပြီး ရွှေတောင်၊ ငွေပင်လယ်များ မည်မျှ ရှိမှန်းပင် မသိနိုင်ကြောင်း လူတိုင်း သိရှိထားကြ၏။

ထို့ကြောင့် ဤကုန်သည်များ ဆက်သလာသော အရာများမှာ ရှားပါးသော အဖိုးတန်ပစ္စည်းများသာ ဖြစ်ပြီး အချို့က နိုင်ငံခြားမှ အလှတရားပိုင်ရှင်များ၊ အချို့က ရွှေငွေရတနာများ၊ အချို့က ရှားပါးသော သန္တာ ကျောက်တန်းများ စသည်ဖြင့် ပေးအပ်ကြသည်။

ယခုအချိန်တွင် လန်ကျိုး ပင်လယ်ပြင်၌ လေငြိမ်လှိုင်းငြိမ် ဖြစ်နေပြီး လေပြေလေညင်းလေးများသာ တိုက်ခတ်နေ၏။

စားပွဲပေါ်ရှိ ဤအဖိုးတန်ပစ္စည်းများမှာ အနည်းငယ် လှုပ်ရှားနေသော်လည်း လုံးဝ ပြင်းထန်ခြင်း မရှိချေ။ ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနှင့် နိုင်ငံခြားမှ အလှတရားပိုင်ရှင် နှစ်ဦးသည် အလွန် ပါးလွှာသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး ဝမ်ကျွီ၏ ကိုယ်ပေါ်တွင် ရစ်ပတ်နေကြသည်။

ဤရေတပ် အုပ်ချုပ်ရေးမှူး၊ ယန်ရှုံးဟောက် အိမ်တော်၏ သခင်လေးသည် ဘယ်ဘက်လက်ဖြင့် အလှတရား ပိုင်ရှင်များကို ပွတ်သပ်နေပြီး ညာဘက်လက်ဖြင့် ကျောက်စိမ်း ဘုရားဆင်းတုတော် တစ်ဆူကို ပွတ်သပ်နေကာ မည်သည့်အရာက ပိုမို နူးညံ့ချောမွေ့ကြောင်းကို စမ်းသပ်ကြည့်နေသကဲ့သို့ ဖြစ်နေ၏။

“သခင်လေး... လန်ကျိုးမှာ ကျုပ်တို့ ဘယ်သူ့ကိုမှ အသိအမှတ် မပြုပါဘူး။ ယန်ရှုံးဟောက် အိမ်တော်ကိုပဲ အသိအမှတ် ပြုပါတယ်။”

“ဘာ အမတ်ကြီးလဲ။ ဘာကျိုးလီလဲ။ လုံးဝ အလကားပါပဲ။ ယန်ရှုံးဟောက် အိမ်တော်ကမှ လန်ကျိုးရဲ့ အစစ်အမှန် သခင်ပါ။”

ယန်ရှုံးဟောက် သခင်လေး ဝမ်ကျွီက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ကျိုးလီ... သူ အသက်ရှင်ဖို့ ရက်အနည်းငယ်ပဲ လိုပါတော့တယ်။”

“ဟုတ်ပါတယ်။ ဒုတိယလ နှစ်ဆယ့်နှစ်ရက်နေ့ ရောက်ရင် သူ ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ်၊ ဒါမှမဟုတ်ရင် လူတွေရဲ့ အပိုင်းပိုင်း ခွဲသတ်တာကို ခံရတော့မှာပဲ။”

ဝမ်ကျွီက အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ဒုတိယလ နှစ်ဆယ့်နှစ်ရက်နေ့ ဟုတ်လား။ မျှော်လင့်နေလိုက်။ ဒါက ဧကရာဇ်မင်းမြတ် သတ်မှတ်ပေးထားတဲ့ နောက်ဆုံး သတ်မှတ်ရက် ဖြစ်ပေမယ့် အခု အခြေအနေအရ သူတို့ အဲဒီအချိန်အထိ တောင့်ခံနိုင်ပါ့မလား။

ချန်းဟိုင်ပြည်နယ်က အမတ်တွေ အားလုံးက မီးလောင်ရာ လေပင့်နေကြတာ ပြည်သူသိန်းချီက ဘယ်လိုလုပ်ပြီး မဆူပူဘဲ နေမှာလဲ။ ပြည်သူသိန်းချီ ဆူပူလာရင် ဘယ်သူက နှိမ်နင်းနိုင်မှာလဲ။

ကျိုးလီက အခြေအနေကို မထိန်းချုပ်နိုင်တော့ပါဘူး။ အဲဒီ စစ်သည် သောင်းချီကလည်း ကျုပ်တို့ရဲ့ လူတွေချည်းပါပဲ။ အချိန်ကြာလာရင် သူ ထိန်းချုပ်လို့ ရမှာ မဟုတ်ဘူး။ သေတော့မယ့် လူတစ်ယောက်ကို ဘယ်သူက သွားပြီး သစ္စာခံမှာလဲ။”

ဟင်းခတ်အမွှေးအကြိုင်ကုန်သည် တစ်ဦးက မေးလိုက်သည်။ “ဒါဆို မြို့တော်က အောက်ယွီကရော။”

ဝမ်ကျွီက ပြန်ဖြေလိုက်၏။ “မြို့တော်ဘက်က အခြေအနေက ကျုပ်တို့ဘက်ထက် ပိုပြီး ပြင်းထန်လိမ့်မယ်။ အောက်ယွီရဲ့ တစ်မိသားစုလုံးကို သတ်ပစ်ချင်နေတဲ့သူ အနည်းဆုံး သိန်းချီ ရှိတယ်။ သေချာပေါက် သူက ဒုတိယလ နှစ်ဆယ့်နှစ်ရက်နေ့ နောက်ပိုင်းမှ အရှင်လတ်လတ် အရေခွံခွာ သတ်ခံရမှာပါ။ ဘာလို့လဲဆိုတော့ သူက ဟေးပင်းထိုင် အကျဉ်းထောင်ထဲမှာ ရှိနေလို့ ဘယ်သူမှ ဝင်ပြီး မသတ်နိုင်ဘူးလေ။

ဒါပေမဲ့ အဲဒီ လူသိန်းချီက သူ့မိသားစုကိုတော့ အလွတ်ပေးမှာ မဟုတ်ဘူး။ ကျိုးလီရဲ့ သေမယ့်နေ့ကလည်း ဒီနှစ်ရက်အတွင်းမှာပဲ ဖြစ်လိမ့်မယ်။ အောက်ယွီလည်း ရက်အနည်းငယ် အတွင်းမှာ တစ်မိသားစုလုံး အရှင်လတ်လတ် အရေခွံခွာ သတ်ခံရတော့မှာပဲ။”

ဟင်းခတ်အမွှေးအကြိုင် ကုန်သည်က မေးလိုက်ပြန်သည်။ “သခင်လေး... ဘာဖြစ်လို့လဲ။”

ဝမ်ကျွီက ပြန်မေးလိုက်၏။ “ဘာက ဘာဖြစ်လို့လဲ။”

ဟင်းခတ်အမွှေးအကြိုင် ကုန်သည်က ပြောလိုက်သည်။ “ဘာဖြစ်လို့ ဒီလိုကိစ္စမျိုး ဖြစ်လာရတာလဲ။ အောက်ယွီဟာ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားပြီး ဧကရာဇ်ဟောင်းကို လိမ်လည် လှည့်စားခဲ့တယ် ဆိုတာကို အထက်က လူတွေက ရှင်းရှင်းလင်းလင်း သိနေရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလို အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို လုပ်ဆောင်ပြီး ငွေသား သန်းဆယ်ချီလောက် ဆုံးရှုံးခံခဲ့ရတာလဲ။ နန်းတော်မှာ အဲဒီလောက်တောင် ငွေတွေ ပေါနေလို့လား။”

ဝမ်ကျွီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလျက် ပြောလိုက်၏။ “ငွေသား သန်းဆယ်ချီလောက် အသုံးပြုပြီး လူတစ်ယောက် အိုမင်းမစွမ်းဖြစ်ပြီး ဦးနှောက်ထိုင်းမှိုင်းနေပြီ ဆိုတာကို သက်သေပြတာ တန်လား။ မတန်ဘူးလား။”

ကုန်သည် အချို့ ချက်ချင်း သဘောပေါက်သွားပြီး ပေါင်ကို ရိုက်ကာ ပြောလိုက်ကြသည်။ “တန်တယ်... တန်တယ်... တန်တယ်။ အရမ်းကို တန်တာပေါ့။”

ဤသည်မှာ လက်တွေ့ ပင်ဖြစ်သည်။ နန်းတွင်းနှင့် ဝေးကွာလေလေ စကားပြောဆိုရာတွင် ပို၍ ရဲတင်းလေလေ ဖြစ်၏။

ဝမ်ကျွီ သည် တိုက်ရိုက် မပြောဆိုခဲ့သော်လည်း အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။ ဧကရာဇ်ဟောင်းသည် အိုမင်းမစွမ်းဖြစ်ပြီး ဦးနှောက်ထိုင်းမှိုင်းနေပြီ ဆိုသည့် သဘောပင်။

ဝမ်ကျွီက ဆက်ပြောလိုက်၏။ “ပြီးတော့ အောက်ယွီလို အရူးက ဒီလို သောင်းကျန်းလိုက်တာ ကျုပ်တို့ အားလုံး အတွက်လည်း အကျိုးမရှိဘူးလို့ မဆိုနိုင်ပါဘူး။ အသားတွေကို ပြန်လည် ခွဲဝေဖို့ အခွင့်အရေး တစ်ခု ရသွားတာ မဟုတ်ဘူးလား။ အဆိုးထဲက အကောင်းပေါ့။”

လူတိုင်းက ချက်ချင်း ဖားယားကာ ပြောလိုက်ကြသည်။ “ဟုတ်ပါတယ်... ဟုတ်ပါတယ်... ဟုတ်ပါတယ်။ ဒီနေ့ကစပြီး လန်ကျိုး ဆိပ်ကမ်းဟာ ဝမ်မျိုးရိုး ဖြစ်သွားပြီ။ လန်ကျိုး ရေတပ်လည်း ဝမ်မျိုးရိုး ဖြစ်သွားပြီ။”

ဘေးနားရှိ ဟင်းခတ်အမွှေးအကြိုင်ကုန်သည်က ဝင်ပြောလိုက်၏။ “နောက်နေတာလား။ လန်ကျိုး ဆိပ်ကမ်းက ဘယ်တုန်းက ဝမ်မျိုးရိုး မဟုတ်ခဲ့လို့လဲ။ လန်ကျိုး ရေတပ်က ဘယ်တုန်းက ဝမ်မျိုးရိုး မဟုတ်ခဲ့လို့လဲ။

ဒီနေ့ကစပြီး အဖေဖြစ်တဲ့ ယန်ရှုံးဟောက်က နန်းတွင်းမှာ ဆူမီယွမ်ကို ဝင်ရောက်နိုင်ပြီဖြစ်ပြီး သခင်လေးက လန်ကျိုးမှာ ရေတပ်နဲ့ ဆိပ်ကမ်းကို အုပ်ချုပ်ခွင့် ရသွားပြီဆိုတော့ ဘုရင်ခံ ရာထူးနဲ့တောင် မလဲနိုင်တော့ဘူး။”

ဝမ်ကျွီက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “အဲဒါက အရူးတွေဖြစ်တဲ့ အောက်ယွီနဲ့ ကျိုးလီ တို့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို ကျေးဇူးတင်ရမှာပေါ့။ အဲဒီ အရူး နှစ်ယောက်က သူတို့ကိုယ် သူတို့ အနစ်နာခံပြီး ကျုပ်တို့ကို အောင်မြင်အောင် လုပ်ပေးခဲ့တာဆိုတော့ မကောင်းဘူးလား။”

“ဟား... ဟား.... ဟား....ကောင်းတယ်....ကောင်းတယ်....ကောင်းတယ်။”

“အားလုံး ကြည့်ကြပါအုံး... ဒီလို လေငြိမ်လှိုင်းငြိမ်၊ ရာသီဥတု သာယာနေတာကြီးမားတဲ့ ဆူနာမီ လာမယ့် လက္ခဏာ နည်းနည်းလေးများ ရှိလို့လား။”

“ဘာ ဆူနာမီလဲ... သုံးပေလောက် မြင့်တဲ့ လှိုင်းတောင် မရှိဘူး။ အကယ်၍ ကြီးမားတဲ့ ဆူနာမီ သာ ဖြစ်လာရင် ကျုပ်ကိုယ်ကျုပ် ရေမွှေးတွေ ဆွတ်ပြီး အောက်ယွီရဲ့ အမေကုတင်ပေါ် သွားအိပ်ပေးလိုက်မယ်။ နုလန်ဟောက်ကတော် စိတ်ကြိုက် လုပ်ဖို့အတွက်ပေါ့။ ဟား.... ဟား.... ဟား...”

“အားလုံး သီချင်းဆိုကြ...ကကြ။ ကျိုးလီနဲ့ အောက်ယွီ အတွက် နာရေး ပို့ပေးတဲ့ အနေနဲ့ပေါ့။”

“အောက်ယွီ အတွက် နာရေး ပို့မယ်... ကျိုးလီ အတွက် နာရေး ပို့မယ်...”

“ဟား... ဟား... ဟား...”

ထို့နောက် ပင်လယ်ပြင် တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် မိုးကြိုးပစ်သကဲ့သို့ ဧရာမ အသံကြီးများ ထွက်ပေါ်လာတော့၏။

သင်္ဘောကြီး အများအပြားမှာ ရုတ်တရက် ပေအနည်းငယ်အထိ ပင့်တင်ခံလိုက်ရပြီး အရုပ်သင်္ဘောလေးများကဲ့သို့ ဖြစ်သွားကြသည်။

ရေတပ် အုပ်ချုပ်ရေးမှူး ဝမ်ကျွီ၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး ထိုနေရာတွင် ရှိနေသော ပင်လယ် ကုန်သည်များမှာလည်း မျက်နှာများ ပြောင်းလဲသွားကာ တစ်ခဏအတွင်း လုံးဝ စကားမပြောနိုင်တော့အောင် ဖြစ်သွားကြ၏။

ထို့နောက် လူတိုင်းသည် တစ်သက်လုံး တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသော မြင်ကွင်းကြီးကို မြင်တွေ့လိုက်ရတော့၏။

ကောင်းကင်ကို တုန်လှုပ်စေလောက်သော လှိုင်းလုံးကြီးများ ကောင်းကင်ယံသို့ ထိုးတက်လာပြီး လိမ့်ဆင်းလာတော့၏။ ပေတစ်ရာ၊ ပေနှစ်ရာခန့် မြင့်မားပြီး မိုင်ရာချီကျယ်ဝန်းသော တောင်ကြီးများကဲ့သို့ ရုတ်တရက် ကောင်းကင်ယံသို့ ထိုးတက်လာတော့သည်။

မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးကြီးများသည် ကမ္ဘာမြေကို ဖျက်ဆီးပစ်မည့် အရှိန်အဟုန်ဖြင့် အရှိန်ပြင်းပြင်း ပြေးဝင်လာတော့၏။

လူတိုင်းနီးပါး ထွက်ပြေးရန် မေ့လျော့သွားကြပြီး ဤကမ္ဘာမြေ၏ အံ့မခန်းဖွယ်ရာ စွမ်းအားများ အရှေ့တွင် တစ်ကိုယ်လုံး လှုပ်ရှား၍ မရနိုင်တော့အောင် ဖြစ်သွားကြသည်။

ရေတပ် စစ်သည် အများအပြားမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဤမြင်ကွင်းကို ကြည့်ရှုနေကြပြီး စိတ်ထဲတွင် အလွန်အမင်း နောင်တရနေကြတော့၏။

‘ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ ကျုပ်တို့က အမတ်ကြီးရဲ့ အမိန့်ကို မနာခံဘဲ ကျန်းကျိုး ဆိပ်ကမ်းကို မသွားခဲ့ကြတာလဲ။ ဘာလို့ ပြန်လာခဲ့ကြတာလဲ။ ကျုပ်တို့က ဘာလို့ ဝမ်ကျွီရဲ့ စကားကို နားထောင်ခဲ့ကြတာလဲ။’

ထိုကုန်သည်များမှာမူ ပို၍ပင် အကြောက်လွန်ကာ သေးထွက်၊ ချေးထွက် ဖြစ်သွားကြပြီး မည်သည့် စကားလုံးဖြင့်မှ ဖော်ပြ၍ မရနိုင်လောက်အောင် နောင်တရနေကြတော့သည်။

‘ကျုပ်တို့က အရမ်း လောဘကြီးလွန်းတယ်။ အရမ်း လောဘကြီးလွန်းတယ်။ ကျိုးလီက ကျုပ်တို့ကို မောင်းထုတ် ခဲ့ပြီးပြီကို ဘာလို့ ပြန်လာခဲ့ကြတာလဲ။ ဘာလို့ ပြန်လာခဲ့ကြတာလဲ။ ငွေရှာဖို့က အရေးကြီးလား။ အသက်ရှင်ဖို့က အရေးကြီးလား။’

သို့ပေမည့် ယခုအချိန်တွင် မည်သည့် နောင်တရမှုမှ အသုံးမဝင်တော့ချေ။ ကောင်းကင်ကို တုန်လှုပ်စေလောက်သော လှိုင်းလုံးကြီးများ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီ ဖြစ်၏။

......................

အပိုင်း (၄၀၂)

အနောက်ဘက် သင်္ဘောများပေါ်ရှိ လူများသည် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ထိုဧရာမ ကုန်သည် သင်္ဘောကြီးများမှာ အရုပ်သင်္ဘောလေးများကဲ့သို့ အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရပြီး အမှုန့်ဖြစ်သွား ကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ထိုလှိုင်းလုံးကြီးများ မျက်စိရှေ့သို့ ရောက်ရှိလာတော့၏။

ယခုအချိန်တွင် ထွက်ပြေးရန် လုံးဝ မဖြစ်နိုင်တော့ချေ။ သင်္ဘောက ဘယ်လောက်ပဲ မြန်မြန် ဆူနာမီ ထက် မြန်နိုင်ပါမည်လား။

မိနစ်အနည်းငယ် အတွင်းမှာပင် ဤပင်လယ်ပြင်ပေါ်ရှိ ကုန်သည်သင်္ဘော အားလုံး၊ လန်ကျိုး ရေတပ် စစ်သင်္ဘော အားလုံး လုံးဝ အမှုန့်ဖြစ်သွားပြီး အပြီးအပိုင် ဝါးမျိုခံလိုက်ရတော့၏။

သင်္ဘောပေါ်ရှိ လူအားလုံး အလောင်းပင် မကျန်အောင် သေဆုံးသွားကြတော့သည်။

ထိုကဲ့သို့ ကောင်းကင်ကို တုန်လှုပ်စေလောက်သော လှိုင်းလုံးကြီးများ အရှေ့တွင် အုပ်ချုပ်ရေးမှူး ဝမ်ကျွီ သည် သေးထွက်သွားပြီး တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ချီးတဲ့မှ... သောက်ကျိုးနည်း...”

ဤဆူနာမီ၏ အမြန်နှုန်းမှာ တစ်နာရီလျှင်ကီလိုမီတာ ခြောက်ရာခန့် ရှိပြီး တကယ်ကို မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

ဧရာမကုန်သည်သင်္ဘော ရာချီ၊ ရေတပ် စစ်သင်္ဘော ရာချီ အားလုံး ဝါးမျိုခံလိုက်ရပြီး လုံးဝ ပျက်စီးသွား တော့၏။

‘တကယ်ကို ကြီးမားတဲ့အဖြစ်ဆိုးကြီးပါပဲ။ တောင်ပိုင်းကျိုးအင်ပါယာက ကြီးမားတဲ့ တန်ဖိုးတွေ ပေးဆပ်ပြီး ဆယ်စုနှစ်များစွာ အချိန်ယူကာ တည်ဆောက်ခဲ့ရတဲ့ ရေတပ်ဟာ လူတချို့ရဲ့ ရည်မှန်းချက်တွေကြောင့်၊ နန်းတွင်းရဲ့ အားပြိုင်မှုတွေကြောင့် တကယ့် စစ်ပွဲတစ်ပွဲတောင် မတိုက်ရသေးခင်မှာ တစ်ဝက်လောက် ပျက်စီးသွားခဲ့ရပြီ။ ဧကရာဇ်မင်းမြတ် သိသွားရင် ဝမ်ဟွာကျိန့်ရဲ့ မျိုးနွယ်စုကိုးဆက်လုံးကို သတ်ပစ်မလား မသိဘူး။’

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

ပင်လယ်အောက်တွင် ဖြစ်ပွားနေသော ငလျင်ကြီးမှာ ဆက်လက် လှုပ်ခတ်နေဆဲဖြစ်ပြီး လန်ကျိုး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေတော့၏။ မရေမတွက်နိုင်သော အိမ်များ တုန်ခါနေပြီး အမိုးကြွေပြားများ ပြုတ်ကျနေသည်။

ဘီလူးကြီး တစ်ကောင်၏ လက်ဖြင့် မြို့တစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခါနေသကဲ့သို့ ဖြစ်နေပြီး မြေပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းများ စတင် ဖြစ်ပေါ်လာတော့၏။

သို့ပေမည့် ဤအရာများသည် ပင်လယ်ပြင်မှ လှိုင်းလုံးကြီးများနှင့် နှိုင်းယှဉ်ပါက လုံးဝ ဘာမှ မဟုတ်တော့ချေ။

လှိုင်းလုံးကြီးများ တစ်စထက်တစ်စ ပိုမို မြင့်မားလာပြီး နောက်ဆုံးတွင် မီတာ ခြောက်ဆယ်ကျော်ခန့် ရှိကာ အထပ်နှစ်ဆယ်ရှိသော အဆောက်အအုံ တစ်ခုနှင့် ညီမျှသည်။

၎င်းသည် ကမ္ဘာမြေကို ဖျက်ဆီးမည့် ဘီလူးကြီး တစ်ကောင်ကဲ့သို့ တစ်စက္ကန့်လျှင် မီတာ တစ်ရာကျော် အမြန်နှုန်းဖြင့် ကုန်းမြေပေါ်သို့ ပြေးဝင်လာတော့၏။

လူတိုင်း ဤအရာကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနေကြရပြီး ဤကမ္ဘာမြေ၏ စွမ်းအားများ အရှေ့တွင် လုံးဝ ခုခံနိုင်စွမ်း မရှိကြချေ။

ကုန်းမြေနှင့် နီးကပ်လာလေလေ၊ ဆူနာမီ လှိုင်းလုံးကြီးများ၏ အမြန်နှုန်းက တဖြည်းဖြည်း နှေးကွေးလာလေလေ ဖြစ်ပြီး တစ်စက္ကန့်လျှင် မီတာ တစ်ရာကျော်မှ ငါးဆယ်မီတာ၊ ထို့နောက် သုံးဆယ်မီတာသို့ ကျဆင်းသွားသော်လည်း ကမ္ဘာမြေကို ဖျက်ဆီးပစ်မည့် အရှိန်အဟုန် ရှိနေဆဲ ဖြစ်သည်။

ဆူနာမီ သည် ကုန်းမြေပေါ်သို့ ရောက်ရှိလာတော့၏။ အိမ်များ အားလုံးသည် သစ်သားတုံးလေးများဖြင့် ဆောက်ထားသကဲ့သို့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရတော့၏။

လန်ကျိုး ဆိပ်ကမ်း တစ်ခုလုံးရှိ ကျောက်တုံးဖြင့် တည်ဆောက်ထားသော အဆောက်အအုံများမှလွဲ၍ သစ်သားဖြင့် တည်ဆောက်ထားသော အိမ်များ အားလုံး အမှုန့်ဖြစ်သွားပြီး မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားတော့သည်။

ဆူနာမီ သည် ဆက်လက် ချီတက်နေဆဲ ဖြစ်၏။

လန်ကျိုးမြို့ရိုးသည် ကိုးမီတာ မြင့်မားပြီး ဧရာမ လက်မောင်းကြီး တစ်ခုကဲ့သို့ မြို့တွင်းရှိ မရေမတွက်နိုင်သော အိမ်များကို ကာကွယ်ပေးထားသည်။

မရေမတွက်နိုင်သော လူများက စိတ်ထဲမှ ဆုတောင်းနေကြ၏။ ‘ဆူနာမီ လှိုင်းလုံးကြီးတွေ မြို့ထဲကို ဝင်မလာပါစေနဲ့။ မြို့ရိုးကြီးရေ... သေချာပေါက် တားဆီးထားနိုင်ပါစေ။

သို့ပေမည့် ထင်ရှားစွာပင် တားဆီးထားနိုင်ခြင်း မရှိချေ။

ဤဆူနာမီ လှိုင်းလုံးကြီးများ ကုန်းမြေပေါ်သို့ ရောက်ရှိလာပြီးနောက် အရှိန်အဟုန် အများကြီး လျော့ကျသွားပြီး မီတာ ခြောက်ဆယ်ကျော်မှ တစ်ဝက်ခန့် လျော့ကျသွားသော်လည်း မီတာ နှစ်ဆယ်၊ သုံးဆယ်ခန့်ရှိသော လှိုင်းလုံးကြီးများမှာ မြို့ရိုးကို အလွယ်တကူကျော်ဖြတ်သွားပြီး မြို့တွင်းသို့ ပြေးဝင်သွားတော့၏။

ထို့နောက် ယခင်က မရှိခဲ့ဖူးသော ဖျက်ဆီးမှုများကို စတင် ပြုလုပ်တော့၏။ မြို့တွင်းရှိ မရေမတွက်နိုင်သော သစ်သားအိမ်များ အားလုံး မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆုတ်ဖြဲခံလိုက်ရတော့သည်။

ယခင်က မြို့တွင်းသို့ တိတ်တဆိတ် ပြန်ဝင်လာပြီး ချမ်းသာကြွယ်ဝရန် ကြိုးပမ်းခဲ့ကြသော လူလိမ် လူညာများသည် လှိုင်းလုံးကြီးများ၏ ဝါးမျိုခြင်းကို မျက်မြင်ကိုယ်တွေ့ ခံစားလိုက်ကြရ၏။

မြို့ပြင်တွင် နေထိုင်ကြသော ချမ်းသာကြွယ်ဝသည့် မိသားစုများသည်လည်း သူတို့၏ ခြံဝင်းကြီးများ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖျက်ဆီးခံလိုက်ရသည်ကို မျက်မြင်ကိုယ်တွေ့ ခံစားလိုက်ကြရသည်။

အမိန့်ကို မနာခံသူ အားလုံး၊ လန်ကျိုးမြို့သို့ တိတ်တဆိတ် ပြန်ဝင်လာသော လူသောင်းချီ အားလုံး မျက်စိတစ်မှိတ် အတွင်းမှာပဲ ဆူနာမီ လှိုင်းလုံးကြီးများထဲတွင် သေဆုံးသွားကြတော့၏။

မြို့တွင်းသို့ ဝင်ရောက်လာသော ဆူနာမီ လှိုင်းလုံးကြီးများသည် ၎င်း၏ ဖျက်ဆီးနိုင်စွမ်းကို ရူးသွပ်မတတ် ပြသနေပြီး ကမ္ဘာမြေကြီးအား ၎င်း၏ စွမ်းအားများကို ပြသနေသည်။

ဤသည်မှာ တောင်ပိုင်းကျိုးအင်ပါယာ၏ ပထမဆုံးအကြိမ် ဖြစ်သလို အင်ပါယာကြီး အားလုံး၏ ပထမဆုံး အကြိမ်လည်း ဖြစ်ကောင်း ဖြစ်နိုင်၏။

အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောကတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက် လာသည်မှာ သိပ်မကြာသေးသလို ကမ်းရိုးတန်း မြို့ကြီးများကို တည်ဆောက်လာသည်မှာလည်း သိပ်မကြာသေးသောကြောင့် ဆူနာမီ ဟူသော စကားလုံးကို ကြားဖူးသော်လည်း ၎င်း၏ စွမ်းအားကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးကြချေ။

ယခုအခါ နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ အရိုးထဲထိ စွဲသွားပြီး တစ်သက်လုံး မေ့ပျောက်နိုင်တော့မည် မဟုတ်ပေ။

မိနစ်အနည်းငယ် အတွင်းမှာပဲ ဆူနာမီ လှိုင်းလုံးကြီးများသည် လန်ကျိုးမြို့ တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီး အနောက်ဘက် မြို့ရိုးမှ ထွက်ခွာကာ ဆက်လက် ပြေးဝင်သွားတော့၏။

နောက်ထပ် မိုင်ဆယ်ချီခန့် ပြေးဝင်သွားပြီးနောက်မှသာ ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။

သို့ပေမည့် ဒုတိယလှိုင်း၊ တတိယလှိုင်း... ဆူနာမီ လှိုင်းလုံးကြီးများ ဆက်လက် ပြေးဝင်လာပြန်သည်။ ပထမလှိုင်းလောက် အရှိန်အဟုန် မပြင်းထန်သော်လည်း ဘီလူးကြီးများကဲ့သို့ကုန်းမြေပေါ်သို့ အကြိမ်ကြိမ် ပြေးဝင်လာကြ၏။

‘ဒါ... ဒါ ငရဲပြည်လား။ ဒါ သေချာပေါက် ငရဲပြည်ပဲ။’

အချိန်မည်မျှ ကြာမြင့်သွားသည် မသိ၊ ဤအရာများ အားလုံး နောက်ဆုံးတွင် ပြီးဆုံးသွားတော့၏။

ကမ္ဘာကြီး တစ်ခုလုံး ငြိမ်သက်သွားသကဲ့သို့ ဖြစ်သွားပြီး မရေမတွက်နိုင်သော ရေလှိုင်းများ နောက်ဆုတ်သွား ကြတော့သည်။

ကျန်းကျိုးမြို့ တစ်ခုလုံးသည် မြို့ရိုးများဖြင့်ကာရံထားသောကြောင့် ပင်လယ်ရေထဲတွင် နစ်မြုပ်နေဆဲ ဖြစ်သည်။ မြို့ပြင်တွင်မူ လုံးဝ မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားပြီး အလွန် သန့်ရှင်းသွား၏။

ပင်လယ်ပြင်ပေါ်တွင်မူ သင်္ဘော အပျက်အစီးများ၊ အိမ် အပျက်အစီးများ၊ အမှိုက်သရိုက်များနှင့်... အလောင်းများ မရေမတွက်နိုင်အောင် လွင့်မျောနေသည်။

မူလက ကျိုးလီသည် လူတိုင်းနီးပါးကို ကယ်တင်နိုင်ခဲ့သော်လည်း လူအချို့၏ ရူးသွပ်မှုကြောင့် လူသောင်းချီသည် ရေလှိုင်းများထဲတွင် သေဆုံးသွားခဲ့ရသည်။ သို့ပေမည့် သူသည် လူအများစုကို ကယ်တင်နိုင်ခဲ့၏။

ချန်းဟိုင်ပြည်နယ်၏ အမတ်များ ဦးဆောင်မှုအောက်တွင် စစ်သည် သောင်းချီနှင့် လန်ကျိုး ပြည်သူ သိန်းချီတို့သည် လန်ကျိုးသို့ ပြန်လည် ဦးတည်သွားနေကြသည်။

ထိုအထဲမှ လူအချို့မှာ တောင်အောက်သို့ ဆင်းသည့် လမ်းပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဤလူများသည် ဤငရဲပြည်ကဲ့သို့သော ဖျက်ဆီးမှု မြင်ကွင်းကြီးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ကြရ၏။

လူသိန်းချီမှာ သေမတတ် တိတ်ဆိတ်သွားကြပြီး မရေမတွက်နိုင်သော လူများ တုန်ယင်နေကြကာ မရေမတွက်နိုင်သော လူများ အကြောက်လွန်၍ သေးထွက်၊ ချေးထွက် ဖြစ်သွားကြပြီး မရေမတွက်နိုင်သော လူများ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ၊ မှောက်လျက် လဲကျနေကြသည်။

အချိန်အတော်ကြာပြီးမှသာ လူတစ်ယောက် စတင် ငိုကြွေးလာတော့၏။ ထို့နောက် ငိုကြွေးသူ တစ်စထက်တစ်စ ပိုမို များပြားလာတော့သည်။ နောက်ဆုံးတွင် လူသိန်းချီ၏ ငိုကြွေးသံများ ကောင်းကင်သို့ ထိုးတက်သွားတော့၏။

သူတို့သည် အိမ်များ ဆုံးရှုံးသွားရသောကြောင့် ငိုကြွေးနေကြသော်လည်း အသက်ရှင် ကျန်ရစ်သည့်အတွက် ဝမ်းသာနေကြပြီး သေးဘေးမှ အနည်းငယ်လေး လွတ်မြောက်သွားရခြင်းအတွက် ဝမ်းသာနေကြခြင်း ဖြစ်သည်။

အောက်ယွီက သူတို့ကို ကယ်တင်ခဲ့ခြင်း ဖြစ်သကဲ့သို့ အိမ်ရှေ့စံမင်းသား ကျိုးလီကလည်း သူတို့ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော အချိန်တိုအတွင်းကမူ သူတို့သည် အောက်ယွီကို ရူးသွပ်မတတ် ကျိန်ဆဲနေခဲ့ကြသည်သာမက ကျိုးလီကိုလည်း အငြိုးတကြီး ရန်ပြုနေခဲ့ကြ၏။

သူတို့သည် စခန်း၏ တံတိုင်းများကိုပင် တွန်းလှဲဖျက်ဆီးကာ လန်ကျိုးသို့ ပြန်ရန် ကြိုးပမ်းခဲ့ကြသည်။

ထိုသို့သော အခြေအနေဆိုးနှင့် ကြုံတွေ့ရသည့် အချိန်မှာတော့ သူတို့အားလုံးမှာ သေလုနီးပါး ဘေးဒုက္ခနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟု တွေးလိုက်မိကြ၏။

ရုတ်တရက် လူတစ်ယောက်က အော်ဟစ်လိုက်သည်။ “မင်းသား ကျိုးလီ တောင်ပေါ်မှာ ရှိတယ်။ မင်းသား ကျိုးလီ တောင်ပေါ်မှာ ရှိတယ်။”

လူတိုင်း နောက်သို့ လှည့်ကြည့်လိုက်ရာ သေချာပေါက် မမြင်ရသော်လည်း တောင်ထိပ်တွင် လူတစ်စု ရပ်နေသည်ကို ဝေဝါးစွာ မြင်တွေ့နေရ၏။

လူရာချီ ဒူးထောက်လိုက်ကြ၏။ လူထောင်ချီ ဒူးထောက်လိုက်ကြ၏။ နောက်ဆုံးတွင် လူသောင်းချီ၊ သိန်းချီ အားလုံး ဒူးထောက်လိုက်ကြတော့သည်။

ဤတစ်ခဏအတွင်း အောက်ယွီ နှင့်ကျိုးလီ တို့သည် သူတို့၏ ကယ်တင်ရှင်ကြီးများ ဖြစ်လာခဲ့ကြပြီ ဖြစ်၏။

“မင်းသား ကျိုးလီရဲ့ အသက်ကယ် ကျေးဇူးကို ကျေးဇူးတင်ပါတယ်။” လူတစ်ယောက်က အော်ဟစ်လိုက်သည်။

ထို့နောက် အော်ဟစ်သူ တစ်စထက်တစ်စ ပိုမို များပြားလာပြီး အစပိုင်းတွင် ရှုပ်ထွေးနေသော်လည်း တဖြည်းဖြည်း တစ်ညီတစ်ညွတ်တည်း ဖြစ်လာတော့၏။

နောက်ဆုံးတွင် ပြည်သူ သိန်းချီက သပ်ရပ်စွာ ဒူးထောက်ကာ ဦးညွတ်လျက် အသံကျယ်ကျယ်ဖြင့် အော်လိုက်ကြတော့၏။ “မင်းသား ကျိုးလီရဲ့ အသက်ကယ်ကျေးဇူးကို ကျေးဇူးတင်ပါတယ်။”

အသံများမှာ ကောင်းကင်ကို တုန်လှုပ်စေလောက်အောင် ဖြစ်နေသည်။

ထို့နောက် ချန်းဟိုင်ပြည်နယ်၏ စစ်သည် သောင်းချီသည်လည်း သပ်ရပ်စွာ ဒူးထောက်လိုက်ကြသည်။ ယနေ့မှစ၍ သူတို့သည် အိမ်ရှေ့စံမင်းသား ကျိုးလီ၏ မည်သည့် အမိန့်ကို မဆို အကြွင်းမဲ့ နာခံကြတော့မှာ ဖြစ်၏။

.............................

တောင်ထိပ်ပေါ်တွင် ချန်းဟိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးကျန်းကျိန့် သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

ကြီးမားသော ဆူနာမီ ပြီးဆုံးသွားသော်လည်း သူသည် တစ်ချက်လေးမှ မလှုပ်ရှားနိုင်တော့ချေ။

အိမ်ရှေ့စံမင်းသား ကျိုးလီသည် ပျက်စီးနေသော လန်ကျိုးမြို့ကို ကြည့်ကာ ရေပြင်ပေါ်ရှိ မရေမတွက်နိုင်သော အပျက်အစီးများနှင့် အလောင်းများကို ကြည့်ရှုနေသည်။

အချိန်အတော်ကြာပြီးမှသာ သူက စကားတစ်ခွန်း ပြောလိုက်၏။ “လူတွေ လုပ်နိုင်တာ အကုန် လုပ်ပြီးပြီ။ ကောင်းကင်ဘုံရဲ့ အလိုကိုပဲ စောင့်ရတော့မှာပေါ့။”

ဤစကား တစ်ခွန်းက အုပ်ချုပ်ရေးမှူး ကျန်းကျိန့်ကို လုံးဝ သတိဝင်သွားစေသကဲ့သို့ ဖြစ်သွားသည်။

သူသည် ရုတ်တရက် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်၏။ “မင်းသား...ကျုပ် အပြစ်ရှိပါတယ်။ ကျုပ် အပြစ်ရှိပါတယ်။ ကျုပ်ကို သေဒဏ်ပေးသင့်ပါတယ်။ သေဒဏ်ပေးသင့်ပါတယ်။”

ထို့နောက် တောင်အောက်မှ အမတ် ရာချီသည် တောင်ပေါ်သို့ အလုအယက် တက်လာကြ၏။ ချော်လဲ သွားလျှင်ပင် ဆက်လက် တက်လာကြပြီး အဖော်များကိုပင် တွန်းဖယ်ကာ တက်လာကြသည်။

အချိန်အတော်ကြာပြီးမှသာ ချန်းဟိုင်ပြည်နယ်၏ အမတ် ရာချီသည် ဖူးယောင်နေသော မျက်နှာများဖြင့် အိမ်ရှေ့စံမင်းသား ကျိုးလီ၏ အရှေ့သို့ ရောက်ရှိလာကြပြီး အဆက်မပြတ် ဦးညွတ်ကာ ပြောလိုက်ကြ၏။ “မင်းသား...ကျုပ်တို့ အပြစ်ရှိပါတယ်။ ကျုပ်တို့ အပြစ်ရှိပါတယ်။”

“မင်းသား... မင်းသားက တကယ်ကို ကျုပ်တို့ရဲ့ ကျေးဇူးရှင် မိဘပါပဲ။ လန်ကျိုး တစ်ခုလုံးရဲ့ကျေးဇူးရှင်ပါပဲ။”

“မင်းသား... ဒီနေ့ကစပြီး ကျုပ်တို့က မင်းသားရဲ့ အမိန့်ကိုပဲ နာခံပါတော့မယ်။”

“မင်းသား... ကျုပ်တို့ကို အပြစ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျုပ်တို့ကို အခွင့်အရေး တစ်ကြိမ် ထပ်ပေးပါအုံး။”

ယခုအချိန်တွင် ချန်းဟိုင်ပြည်နယ်၏ အမတ်များ အားလုံးသည် သူတို့၏ အသက်ရှင်ခြင်း သေဆုံးခြင်းကို ကျိုးလီက အပြည့်အဝ ထိန်းချုပ်ထားကြောင်း သိရှိသွားကြပြီ ဖြစ်သည်။

ထို့အပြင် ငရဲပြည်သို့ ကျရောက်သွားခဲ့သော အိမ်ရှေ့စံမင်းသားသည် နောက်တစ်ကြိမ် ပြန်လည် ဦးမော့ လာပြီဖြစ်ပြီး သူ ပြန်လည် အောင်မြင်လာတော့မှာဖြစ်၏။

အိမ်ရှေ့စံမင်းသား ကျိုးလီသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ ဤအရာများ အားလုံးကို ခံစားရင်း၊ ဤကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်ကြီးကို ခံစားရင်း၊ နေဝင်ချိန်၏ အလင်းရောင်များကို ခံစားနေသည်။

ယခင်က တစ်နှစ်ကျော်ကြာ စိတ်ပျက် အားငယ်ခဲ့ရပြီး ငရဲပြည်တွင် တစ်နှစ်ကျော် နေထိုင်ခဲ့ရသော်လည်း ယခုအခါ အောက်ယွီ ဟူသော ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိကာ သူ ကျိုးလီသည် အရာအားလုံးကို ပေးဆပ်ခဲ့ပြီး ယခုတော့ နောက်ဆုံးတွင် လောင်းကြေး နိုင်သွားခဲ့ပြီ ဖြစ်၏။

‘ညီလေး အောက်ယွီ... ကျုပ်တို့ လောင်းကြေး နိုင်သွားပြီ။ အောက်ယွီ... ခင်ဗျားက ကျုပ်ကို ငရဲပြည် ထဲကနေ ဆွဲထုတ်ပေးခဲ့တာပဲ။ ကျုပ်တို့ နိုင်ပြီ။ ကျုပ်တို့ နိုင်သွားပြီ။’

.............................

All Chapters