← Chapters

အဆင့်မြင့် မျိုးစေ့များ

Vol. 8 Ch. 106

အဆင့်မြင့် မျိုးစေ့များ

Vol. 8 Ch. 106

အဖွားအိုဝမ်သည် ရွာသားများအား ပြန်လွှတ်လိုက် ပြီးနောက် အိမ်ရှိ ယောက်ျားလေးများကို အားယွီလေးအား သွားခေါ်ရန် စေလွှတ်လိုက်သည်။ လူစုကွဲသွားချိန်တွင် ဝမ်ချွမ်းမန်မှ တိုးတိုးလေး မေးလိုက်လေသည်။

"အမေ ကျွန်တော်တို့မိသားစုမှာတောင် စားစရာ ဆန်စပါး အလုံအလောက် မရှိတာကို ဘာလို့ ရွာသားတွေကို ပေးနေရသေးတာလဲ"

သူ မျိုးစေ့တွေကို ဘယ်ကနေ သွားရှာရမည်နည်း။

"အရာရာတိုင်းအတွက် မင်းကိုပဲ အားကိုးနေရမယ်ဆိုရင် ငါ အစောကြီးကတည်းက ငတ်သေနေလောက်ပြီ ခဏစောင့်နေဦး နောက်မှ မင်းကို ငါပေးမယ်"

အဖွားအိုဝမ် စကားပြောဆို ပြီးသည်နှင့် တစ်ပြိုင်နက် အားယွီလေး ပြန်ရောက်လာခဲ့လေသည်။ သူမသည် အားယွီလေးအား အိမ်ထဲသို့ ဆွဲခေါ် သွားလိုက်တော့သည်။ မိသားစုထဲရှိ လူအနည်းငယ်မှ ခိုး၍ နားထောင်ချင်နေကြသည်အား အဘိုးအိုဝမ် မြင်သော် ခြံဝင်းထဲတွင် ချောင်းဟန့်လိုက်ပြီးနောက် သူတို့ကိုအား စိုက်ကြည့်လျှက် မေးလိုက်သည်။

"မင်းတို့တွေ ဘာအလုပ်မှ မရှိကြဘူးလား"

ထိုအခါမှ လူအားလုံး အလျင်အမြန် လူစုခွဲသွားကြကုန်သည်။ မကြာမီတွင် ဝမ်ချွမ်းယွမ်နှင့် သူ၏ဇနီးတို့သည် ကြက်ပေါက်လေးများနှင့် ဘဲပေါက်လေးများအား ယူဆောင်လျက် ပြန်လည် ရောက်ရှိလာကြကာ လူတိုင်းသည် ကြက်ခြံအား အမြန် ရှင်းလင်းရေး လုပ်ကြကုန်လေသည်။ ထို့နောက် သူသည် ကလေးများ အားလုံးကို မြက်ရှာရန် အပြင်သို့ မောင်းထုတ်လိုက်တော့သည်။

လူတိုင်း အလုပ်ရှုပ် သွားကြသောအခါ ခိုးနားထောင်ရန် ကိစ္စကို မေ့သွားကြတော့သည်။

"အားယွီလေး နတ်သူငယ်လေးက မြေးကို တစ်ယောက်တည်း ဖြည်းဖြည်းချင်း စိုက်ပျိုးရေး လုပ်စေချင်တာလို့ ထင်လား"

ဟု အဖွားအိုဝမ်မှ မေးမြန်းလိုက်လေသည်။ အားယွီလေးသည် အသားလုံးလေးအား ချက်ချင်း လှမ်းမေးလိုက်လေသည်။ အစပိုင်းတွင် အဖွားအိုဝမ်မှ ဤသို့မေးရခြင်း၏ ဆိုလိုရင်းအား အသားလုံးလေး နားမလည်ခဲ့ပေ။ သို့သော် သဘောပေါက် သွားချိန်တွင်မူ အဖွားအိုဝမ်မှ အားယွီလေး၏ တာဝန်အား ကူညီ ဖြည့်ဆည်းပေးချင်နေကြောင်း သိလိုက်ရတော့သည်။

အဖွားအိုဝမ်သည် ယခင်ကတည်းမှ အဓိပ္ပာယ် တစ်စိတ်တစ်ပိုင်းအား နားလည်နေခဲ့ပုံရကာ အားယွီလေးမှ တာဝန် တစ်ခုကြောင့် စိုက်ပျိုးရေး လုပ်နေရသည်ကိုပင် သိရှိနေပုံရလေသည်။

[အရာရာတိုင်းကို မင်းချည်းပဲ လုပ်စရာမလိုပါဘူး မင်း ပါဝင် ပတ်သက်နေသမျှ ကာလပတ်လုံး အဆင်ပြေပါတယ် ဥပမာပြောရရင် သူတို့ စိုက်ပျိုးရေး လုပ်နေတဲ့အချိန်မှာ မင်းက လယ်ကွင်းတွေကို ရေလောင်းပေးတာမျိုး ဒါမှမဟုတ် မျိုးစေ့ကြဲတဲ့နေရာမှာ ကူညီပေးတာမျိုး လုပ်လို့ရတယ် ရိတ်သိမ်းတဲ့ အချိန်ကျရင်လည်း မင်းက အဲဒီမှာရှိနေပြီး သူတို့ကို စောင့်ကြည့်ပေးတာမျိုး ပေါင်းသင်တဲ့နေရာမှာ ကူညီပေးတာမျိုး လုပ်ပေးတာမျိုးဆို ရပါတယ် ]

ဤအချက်များအား အသားလုံးလေး ကိုယ်တိုင်လည်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။ မူလတာဝန်မှာမူ ကလေးမလေးကို ကိုယ်တိုင် စိုက်ပျိုးရေးလုပ်ရန် သဘာဝကျကျ တောင်းဆိုထားခြင်း ဖြစ်သည်။

သို့သော် တာဝန်အားလုံးတွင် ဖြတ်လမ်းများ ရှိတတ်ကြလေသည်။ အသားလုံးလေးမှ ဤအရာများအား တစ်ချိန်လုံး လေ့လာနေခဲ့ခြင်း ဖြစ်လေရာ ဤဟာကွက်အား အလွယ်တကူပင် ရှာဖွေတွေ့ ရှိသွားနိုင်ခဲ့သည်။

အားယွီလေးမှ အဖွားအိုဝမ်အား ပြောလိုက်သည်။

"အဲဒီလိုလုပ်စရာ မလိုပါဘူး အားယွီက အပင်လေးတွေကို ရေလောင်းပေးဖို့နဲ့ မျိုးစေ့ချပေးဖို့ပဲ လိုတာပါ မြက်တွေ ပေါက်လာရင် ဆွဲနှုတ်ပစ်လိုက်ရုံပဲလေ"

သူမလေးသည် စိတ်ထဲမှနေ၍ပင် အသားလုံးလေးအား ပြန်မေးလိုက်သေးသည်။

"နတ်သူငယ်လေး အားယွီ ပြောတာ မှန်တယ်မလား"

[မှန်တာပေါ့ အားယွီက အရမ်းတော်တာပဲ]

အနည်းဆုံးတွင် သူမလေးသည် အသားလုံးလေး၏ စကားများအား လျှော့ချမပစ်ခဲ့ချေ။ အဖွားအိုဝမ်မှ စဉ်းစားခန်း ဝင်သွားလေတော့သည်။

၎င်းနောက် အားယွီလေးတွင် နောက်ထပ် မျိုးစေ့များ ကျန်သေးသလားဟု သူမမှ ထပ်မံ၍ မေးလိုက်လေသည်။ အကယ်၍ ရှိသေးပါမူ အပြင်ထုတ်၍ နောက်ထပ် တစ်သုတ် စိုက်ပျိုးနိုင်သေးသည်။

အဖွားအိုဝမ်မှ မြေကွက်များ အားလုံးကို နတ်ရေစင်များဖြင့် လောင်းမည့် အစား ဤမျှ ပိုမိုကောင်းမွန်သော မျိုးစေ့များအား အသုံးပြုခြင်းသည် ပိုကောင်းလိမ့်မည်ဟု ခံစားလိုက်ရတော့သည်။ သို့မှသာ အကျိုး သက်ရောက်မှုသည် ထိုမျှလောက် အလွန်အကျွံ ဖြစ်မနေမည် ဖြစ်လေသည်။

ရွာသားများမှ တစ်စုံတစ်ခုအား သံသယ ဝင်လာလျှင်ပင် မယုံကြည်နိုင်စရာ မရှိလောက်အောင် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ အားယွီလေးသည် မျိုးစေ့ အများစုကို အရင်အချိန်များ ကတည်းမှ ထုတ်ယူထားပြီး ဖြစ်ပေသည်။ ယခုအခါ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်မျိုးစေ့များသာမက ယခင်တွင် ပဲပိစပ်နှင့် ပဲစေ့များ အပါအဝင် နေရာလွတ်ထဲတွင် ပိုမို ကျန်ရှိနေသေးသည်။ နေရာ ကျယ်ကျယ်ပြန့်ပြန့်တွင် စိုက်ပျိုးထားပြီး ဖြစ်သလို မျိုးစေ့များစွာလည်း အပင်ပေါက်နေခဲ့ပြီ ဖြစ်သည်။

အဖွားအိုဝမ်မှ လိုချင်သည်ဟု ကြားသောအခါ အားယွီလေးသည် သူမလေး သိမ်းဆည်း ထားသမျှ အရာအားလုံးကို အခန်းထဲသို့ ပစ်ချ လိုက်လေတော့သည်။

အဖွားအိုဝမ်မှာ မျက်နှာသေကြီး ဖြစ်သွားခဲ့ရလေသည်။ အခန်းအပြည့် ဖြစ်နေသော ပဲပိစပ်နွယ်များနှင့် ပဲနွယ်များအား ကြည့်ရင်းဖြင့် သူမ၏ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှုသည် အလွန်နည်းပါးလွန်းသေးသည်ဟု ခံစားလိုက်ရတော့သည်။

ထို့ပြင် အားယွီလေးမှ သူမ၏ အိတ်ကပ်ထဲသို့ လက်နှိုက်ကာ မြေပြင်ပေါ်သို့ လက်ချ လိုက်သည်ကိုလည်း သူမ မြင်တွေ့လိုက်ရလေသည်။

အားယွီလေးမှ ချီးကျူးစကား ကြားချင်သဖြင့် သူမ၏ ခေါင်းလေးအား မော့လျှက် ဆိုလိုက်သေးသည်။

"ဖွားဖွား ကြည့်ပါဦး အားယွီ အိတ်ကပ်ထဲကနေ ယူလိုက်တာလေ"

အဖွားအိုဝမ် တစ်ယောက် ဆွံအသွားရတော့သည်။

‘မင်းရဲ့ အိတ်ကပ်က ပဲပိစပ်နွယ်ပင် တစ်ပင်တောင် ဆံ့တာ မဟုတ်ဘူးလေ’

သူမ၏ ပညာပေးလမ်းစဉ်သည် ခရီးရှည်ကြီး ကျန်နေသေးပေသည်။

"အားယွီလေးက အရမ်းတော်တာပဲ ဒါပေမဲ့ ဆက်ပြီး ကြိုးစားရဦးမယ်နော် ဖွားဖွားနောက်မှ ထပ်ပြောပြမယ် အခုတော့ အပြင်ထွက် ဆော့လိုက်ဦး မင်းအဘိုးကိုပါ အိမ်ထဲ လွှတ်လိုက်ပါဦး”

ချီးကျူး ခံရပြီးနောက် အားယွီလေး ဝမ်းသာလုံး ဆို့သွားလေသည်။ အဘိုးအိုဝမ်အား အသိပေးရန် အပြင်သို့ ပြေးထွက် သွားပြီးနောက် ချင်ဟွိုင်အား ဆက်ရှာရန် ပျော်ရွှင်စွာ ခုန်ပေါက်လျှက် ထွက်သွားလေတော့သည်။ အဘိုးအိုဝမ် အိမ်ခန်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် ခြေချစရာ နေရာပင် မရှိလောက်အောင် များပြားလွန်းလှသည့် ပဲနွယ်များအား မြင်လိုက်ရချိန်တွင် အလွန်ပင် အံ့အားသင့် သွားရလေတော့သည်။

"ဒါတွေ အားလုံးကို အားယွီလေး ထုတ်လိုက်တာလား"

အဘိုးအိုဝမ်မှ တံတွေးမျိုချ လိုက်လေသည်။ သူသည် အသက်ကြီးလွန်းနေပြီဟု ခံစားလိုက်ရသည်။ ဤကဲ့သို့ နောက်ထပ် အကြိမ် အနည်းငယ်လောက် ထိတ်လန့်ရပါမူ သေချာပေါက် သေသွားနိုင်ပေသည်။ အဖွားအိုဝမ်မှ ပြောလိုက်သည်။

"အဲဒီကိစ္စကို စိတ်မပူနဲ့ ဒီပဲတွေကို မြန်မြန် အခွံနွှာလိုက်ဦး ပြီးရင် လေးယောက်မြောက်သားကို ခေါပြီး ရွာသားတွေဆီ တစ်ယောက်ချင်း သွားပို့ခိုင်းရမယ်"

အချိုး ၇၀-၃၀ ခွဲဝေမှုအား ရွေးချယ်သော ရွာသားများသာ သူတို့ပေးသော မျိုးစေ့များကို ရရှိနိုင်မည် ဖြစ်သည်။ မိသားစု ၁၀ စုခန့်သာ ရှိသော်လည်း မိသားစု တစ်စုလျှင် ကတ်တီ အနည်းငယ်စီ ပေးရမည် ဖြစ်၍ ပမာဏသည် အတော်လေး များပြားလှပေသည်။

ဤကိစ္စနှင့်ပတ်သက်၍ သားများနှင့် ချွေးမများအား သူမ အများကြီး သိခွင့် မပေးနိုင်ချေ။ ထို့ကြောင့် အဘိုးအိုနှင့် အဖွားအို နှစ်ယောက်တည်းသာ ကိုယ်တိုင် လုပ်ဆောင်နိုင်ကြလေသည်။

အချိန်အတန်ကြာ အလုပ်လုပ် ပြီးနောက် အပြင်ဘက်တွင် စကားပြောနေသော လျိုရှီ၏ အသံအား ကြားလိုက်ရသဖြင့် အဖွားအိုဝမ်သည် ဤချွေးမ ဖြစ်သူသည် တစ်ခုခုအား သိနေသည်ဟု တွေးလိုက်မိသည်။

၎င်းနောက် သူမက ကိုယ်ဝန်ပျက်ကျထားသည်မှာ မကြာသေးကြောင်း သတိရသွားတော့သည်။ ဤအလုပ်အား လုပ်ရန် သူမအတွက် အနည်းငယ် ပင်ပန်းနိုင်သဖြင့် မေ့ထားလိုက်ရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။ အလွန်ဆုံးတွင် သူတို့ သက်ကြားအို နှစ်ယောက်တည်း အချိန်အတန်ကြာ အလုပ်ရှုပ်ရုံမျှသာ ရှိမည် ဖြစ်သည်။

ယခုအခါ ရွာထဲရှိ လူအများစုမှာ တောင်ပေါ်သို့ တက်သွားကြပြီ ဖြစ်သည်။ သူတို့အားလုံးသည် သမားတော်ဟူအား သွားရှာကြကာ ထရပ်ဖဲလ်မှိုများနှင့် ပတ်သက်၍ မေးမြန်းကြကုန်တော့သည်။

အဖွားအိုဝမ်သည်ပင် အလွန် ရက်ရောစွာ မျှဝေ ပေးနေသည်အား မြင်သောအခါ သမားတော်ဟူသည်လည်း သဘာဝကျကျပင် တွန့်ဆုတ်မနေခဲ့ချေ။ အခြေအနေသည် မည်သို့ မည်ရွေ့ ရှိကြောင်းနှင့် ထရပ်ဖဲလ်မှိုများ မည်သည့်နေရာတွင် ပေါက်ရောက် တတ်ကြောင်း လူတိုင်းအား တိုက်ရိုက်ပင် ပြောပြလိုက်ကုန်တော့သည်။

လူတိုင်းသည် ထိုစကားအား ကြားသောအခါ ခေါင်းခါယမ်းလိုက်ကြကုန်လေသည်။

"ဒီအခြေအနေက အရမ်းခက်ခဲလွန်းတယ် အားယွီလေးက တကယ်ကို ရှာတွေ့နိုင်ခဲ့တာပဲ သူမက တကယ်ကို ကောင်းချီးပေးခံ ထားရတဲ့ ကလေးလေးပဲ"

ရွာသားအချို့သည်လည်း ဆက်လက်ပြောဆိုနေကြသည်။

"အခုမှ စဉ်းစားကြည့်တော့ ဟိုနှစ်က ကျုပ်လည်း ဆိတ်ချေးနဲ့တူတဲ့ အရာတချို့ကို တူးမိဖူးတယ်ဗျ အဆော့မက်တဲ့ ကလေးတစ်ယောက်က တမင် မြှုပ်ထားတာလို့တောင် ထင်ခဲ့သေးတာ ဟူး အဲဒါတွေက ဒီလောက် တန်ဖိုးရှိမှန်း သိရင် ကျုပ် ကောက်ယူခဲ့မှာပေါ့"

"လူတိုင်းက ပုံမှန်ဆိုရင်တော့ တွေ့တတ်ကြပေမယ့် ဒါက တန်ဖိုးရှိတဲ့ အရာလို့ ဘယ်တော့မှ မထင်ကြဘူးလေ"

သို့သော် ဤစကားများသည် ရွာသားများအား ဤအရာသည် အလွန် ရှားပါးသော်လည်း သူတို့ရွာ၏ အနောက်ဘက် တောင်တန်းများတွင် တွေ့ရနိုင်ခြေများကြောင်း သတိပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

လူတိုင်းသည် တောင်ပေါ်သို့ အင်တိုက်အားတိုက် ဝင်ရောက် သွားကြကုန်သည်။ လူအများအပြား ရှိသောကြောင့် သားရဲတိရစ္ဆာန်များကိုပင် မကြောက်ကြတော့ဘဲ တောင်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားကြလေသည်။

လူတိုင်းသည် ထင်းရှူးပင်များ အောက်တွင် အထူးတလည် သွားရောက် ရှာဖွေကြကုန်တော့သည်။ တိုက်ဆိုင်စွာပင် ရွာသားအချို့သည် မှိုအုံတစ်အုံကို အမှန်တကယ်ပင် ရှာတွေ့သွားကြလေသည်။ လူအနည်းငယ်သည် တစ်ချိန်တည်းတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်ရာ တူညီစွာ ခွဲဝေယူကြရန် သဘောတူ လိုက်ကြကုန်တော့သည်။

ထရပ်ဖဲလ်မှိုအစား အခြားအရာ တစ်ခုခုကို ရှာတွေ့သော ရွာသားများလည်း ရှိကြသည်။ မည်သူမျှ မမှတ်မိကြသော်လည်း ကျပန်း လွှင့်ပစ်ခြင်းမျိုး မပြုလုပ်ကြတော့ချေ။ ထို့အစား သမားတော်ဟူအား ပြသရန် ပြန်ယူလာကြလေသည်။ သမားတော်ဟူသည် ၎င်းအား မြင်သောအခါ ပြုံးလျက် ပြောပြလိုက်သည်။

"ဒါကလည်း ထင်းရှူးမှိုလို့ခေါ်တဲ့ ဆေးဘက်ဝင် အပင်တစ်မျိုးပဲ စျေးနှုန်း အနေနဲ့ကတော့ ထရပ်ဖဲလ်မှိုတွေလောက် မရပေမယ့် တန်ဖိုးအများကြီး ရှိပါသေးတယ် ဒီအရာက မြေကြီးထဲမှာ နှစ်ပေါင်းများစွာ ရှင်သန်ကြီးထွားဖို့ လိုအပ်ပြီးတော့ များသောအားဖြင့် ဒီအချိန်မှာ တူးဖော်လေ့မရှိဘူး အခု အရည်အသွေးက သိပ်မကောင်းတော့ ဆေးဆိုင်ကို ယူသွားရင် သူတို့ ဝယ်မဝယ်တော့ မသိဘူး"

ရွာသားများ ချက်ချင်းပင် ဝမ်းသာသွားကြလေသည်။ ဆေးပင်များ တူးဖော်ခြင်းသည် စိုက်ပျိုးရေး လုပ်သည်ထက် ပို၍ အမြတ်အစွန်းများကြောင်း ရုတ်တရက် ခံစားလိုက်ကြရလေသည်။ သို့သော် သမားတော်ဟူက သူတို့၏ စိတ်ကူးယဉ် အိပ်မက်များအား ဖျက်ဆီးလိုက်လေတော့သည်။

"ထရပ်ဖဲလ်မှိုတွေ ရှိတဲ့နေရာက နောက်နှစ် အတော်ကြာတဲ့ အထိ ထပ်ပြီး မပေါက်တော့ဘူး ဒါတင်မကသေးဘူး အဲဒီနေရာမှာ သစ်ပင်ပန်းမန်တွေလည်း ပေါက်မှာမဟုတ်ဘူး မင်းတို့တွေ ရှာချင်တယ်ဆိုရင်တော့ တောင်ထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားရလိမ့်မယ် ဒါပေမဲ့ အဲဒါက အရမ်း အန္တရာယ်များတယ်နော်"

ရွာသားများမှာ ရေအေးဖြင့် ပက်ခံလိုက် ရသကဲ့သို့ ချက်ချင်း ခံစားလိုက်ရတော့သည်။ သူတို့သည် နေ့တစ်ဝက် ကျော်ကြာမျှ ရှာဖွေခဲ့ကြပြီးနောက် ကောင်းကင်ကြီး လုံးဝ မှောင်မိုက်သွားချိန်မှသာ စိတ်မပါ့တပါဖြင့် ပြန်လာခဲ့ကြလေသည်။ ဝမ်မိသားစုမှ အချိုး ၇၀-၃၀ အား ရွေးချယ်ခဲ့ကြသည့် ရွာသားများထံသို့ မျိုးစေ့များ ပို့ပေးပြီးကြောင်း ကြားသိရသော်လည်း သူတို့သည် အရေးမစိုက်ဘဲ ကျော်သွားခဲ့ကြလေသည်။

ဒုတိယနေ့တွင် မျိုးစေ့များ ရရှိသော ရွာသားများမှ ကြည့်ရှု လိုက်သောအခါ ပဲပိစပ် ဖြစ်စေ ပဲစေ့ ဖြစ်စေ အရည်အသွေးမှာ များစွာ ပိုမို၍ ကောင်းမွန်နေကြောင်း သိလိုက်ရလေသည်။

"ဝမ်မိသားစုက တကယ်ကို ရိုးသားတာပဲ သူတို့က ဒီလောက်ကောင်းတဲ့ မျိုးစေ့တွေကိုတောင် ဝယ်ထားကြတာကိုး အချိုး ၃၀-၇၀ ခွဲဝေတာက အရှုံးမရှိပါဘူးကွာ"

"ဟုတ်တာပေါ့ သူတို့က အရမ်း သဘောကောင်းကြတယ် ငါတို့ သူတို့အတွက် လယ်ကွင်းတွေကို ပျက်စီးအောင် လုပ်လို့မဖြစ်ဘူး သေချာလေး စိုက်ကြတာပေါ့ ဒီနှစ်သာ ကောင်းကောင်း စိုက်ပျိုးနိုင်မယ်ဆိုရင် ငါတို့မိသားစု ဗိုက်ဝနိုင်လောက်ပါတယ်"

ရွာသားများမှ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်ကြလေသည်။ သူတို့ ပိုင်ဆိုင်သော မြေကွက်များဖြင့် သူတို့လုပ်ချင်ရာ လုပ်နိုင်သော်လည်း အဘိုးအိုဝမ်၏ မြေကွက်များကိုမူ ကောင်းစွာ ဂရုစိုက်ရမည် ဖြစ်သည်။ ဤကျေးဇူးအား သူတို့ မျက်ကွယ်မပြုနိုင်ပေ။

သူမ၏ စိုက်ပျိုးရေး တာဝန်အား ပြီးမြောက် စေရန်အတွက် အားယွီလေးသည်လည်း ဧက ၂၀ ကျယ်ဝန်းသော လယ်ကွင်းများတွင် စတင်၍ တက်ကြွစွာ လှုပ်ရှားလာတော့သည်။ အဖွားအိုဝမ်သည် သူမလေးအား မြေဆွေး လုပ်နေသည့်နေရာကို ရေလောင်းရန် တာဝန်တစ်ခု ရှာပေးခဲ့လေသည်။

သူမ ရေလောင်းနေသမျှ ကာလပတ်လုံး ဤအလုပ်တွင် ပါဝင် ပတ်သက်နေသည်ဟု အဓိပ္ပာယ်ရပေသည်။ ထိုသို့မဟုတ်ပါမူ အကယ်၍ အားယွီလေးအား ဧက ၂၀ ကျယ်ဝန်းသော လယ်ကွင်းများပေါ်တွင် မျိုးစေ့များ ချခိုင်းရမည်ဆိုလျှင် သူမ အလွန် ပင်ပန်းနွမ်းနယ်သွားလိမ့်မည် ဖြစ်သည်။

[ဒါ အရမ်းကောင်းတယ် ဒီစပါး တစ်သုတ်ကို ရိတ်သိမ်းပြီးတာနဲ့ မင်းရဲ့ တာဝန်လည်း ပြီးမြောက်သွားလိမ့်မယ်]

[အဲဒီအချိန်ကျရင် နေရာလွတ်အိတ်ကပ်ကို အဆင့်မြှင့်တင်လို့ရပြီ]

All Chapters