လယ်လုပ်ရာတွင် ကူညီပေးနေသော အားယွီလေး
Vol. 8 Ch. 107
ဝမ်မိသားစုသို့ အားယွီလေး ရောက်ရှိလာ ပြီးနောက် အစပိုင်းတွင် သူမသည် အလွန် သတိထားနေခဲ့သည်။ သို့သော် ဝမ်မိသားစု၏ အလိုလိုက်မှုများ အောက်၌ သူမသည် တဖြည်းဖြည်းနှင့် အမှန်တကယ် ပူပင်သောက ကင်းသော ကလေးငယ် တစ်ယောက် ဖြစ်လာခဲ့တော့သည်။
ဟူမိသားစုရွာမှ လူတိုင်းသည် အားယွီလေးမှာ အဆော့မက်သည်ဟု ထင်ကြကာ သူမအား လွတ်လွတ်လပ်လပ် ဆော့ကစားခွင့် ပေးထားကြလေသည်။
သို့သော် ဝမ်မိသားစုသည် ဧက ၂၀ ကျယ်ဝန်းသော လယ်ကွင်းများကို စတင် စိုက်ပျိုးသောအခါတွင်မူ အားယွီလေးသည် အမြဲတမ်း နေရာ တကာတွင် ပါဝင်နေခဲ့လေသည်။
အဖွားအိုဝမ်နှင့် အသားလုံးလေးတို့သည် သူမလေး အတွက် စိတ်မကောင်း ဖြစ်ကြရလေသည်။ သူတို့သည် သူမလေးအား လုပ်ချင်ရာ အကုန်လုပ်ခွင့် ပေးချင်ကြသည်။ မည်သို့ပင်ဆိုစေကာမူ အသားလုံးလေးသည် ၎င်းအား လေ့လာခဲ့ပြီး ဖြစ်သည်။ ကလေးငယ် အနည်းငယ် ပါဝင် ပတ်သက်နေသမျှ တာဝန် အောင်မြင်သည်ဟု သတ်မှတ်မည်သာ ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ကလေးလေးသည် ငယ်ရွယ်လွန်းသေးပြီး တာဝန်စနစ်သည် ထိုမျှလောက် လူမဆန်သော အရာမဟုတ်ချေ။
သို့သော် အားယွီလေးမှ ဆော့ကစားရန် ဆန္ဒ မရှိခဲ့ချေ။ အမြွှာညီအစ်ကို နှစ်ယောက် အပါအဝင် မိသားစုထဲရှိ လူတိုင်းသည် လယ်ကွင်းများသို့ သွားရောက် ကူညီပေးနေကြသည်။
ဝမ်ချွမ်းမန် လှည့်ကြည့်လိုက်သောအခါ သူ၏သမီးလေးသည် မြေကြီးထဲသို့ မျိုးစေ့များ ပစ်ချနေဆဲ ဖြစ်ကြောင်း မြင်လိုက်ရလေသည်။ သူမ၏ မျက်နှာလေးမှာ ချွေးများဖြင့် ဖုံးလွှမ်းနေခဲ့ကာ သူ၏နှလုံးသားမှာ ချက်ချင်းပင် နာကျင်သွားရတော့သည်။
"အားယွီလေး ခဏနားလိုက်ဦးလေ လုပ်စရာ သိပ်မကျန်တော့ပါဘူး သူတို့ကိုပဲ လုပ်ခိုင်းလိုက်ပါ"
အားယွီလေးသည် သူမလက်ထဲရှိ မျိုးစေ့များအား တစ်စေ့ချင်း ပစ်ချလိုက်ပြီးနောက် မျိုးစေ့ အသစ်များ သွားယူရန် သူမ၏ ခြေတံတိုတိုလေးများဖြင့် လျှောက်လှမ်း သွားလေရာ ဝမ်ချွမ်းမန်မှ တားဆီးလိုက်တော့သည်။
"အလုပ်ဆက်မလုပ်နဲ့တော့ ဟိုသစ်ပင်အောက်မှာ သွားထိုင်နေ အပူလျှပ်နေဦးမယ်"
နွေဦးရာသီ ဖြစ်သော်လည်း သူတို့၏ ခေါင်းပေါ်ရှိ နေမင်းကြီးသည် မညှာတာလှပေ။ လယ်ကွင်းထဲတွင် အချိန်ကြာမြင့်စွာ နေပါမူ အပူလျှပ်ခြင်းအား ခံစားရနိုင်လေသည်။ ထို့ပြင် အားယွီလေးသည် လယ်အလုပ်အား ဤမျှ အချိန်ကြာမြင့်စွာ တစ်ခါမျှ မလုပ်ဖူးချေ။
ဝမ်ဝူလန်နှင့် အခြားသူများလည်း ကူညီပေးနေကြသည်။ သူတို့အားလုံး ပင်ပန်းနေကြပြီ ဖြစ်၍ သစ်ပင်အောက်တွင် ထိုင်နေကြခြင်း ဖြစ်သည်။ သစ်ပင်အောက်တွင် ရေအိုး သုံးအိုး ရှိကာ ယောက်ျားလေးများသည် အားလုံး သောက်လိုက်ကြတော့သည်။
"ညီမလေး အားယွီ လာ ရေနည်းနည်းလောက် လာသောက်လှည့်"
အားယွီလေးမှ ခေါင်းခါယမ်းလျှက် ပြောလိုက်သည်။
"အားယွီ ရေမဆာဘူး ကိုကိုတို့ပဲ သောက်လိုက်ကြပါ"
ကျန်နေသေးသော ကျင်းများအား သူမ ဖြည့်ရဦးမည် ဖြစ်သည်။ သူမ တစ်ဝက်တစ်ပျက်နှင့် လက်လျှော့လိုက်၍ မဖြစ်ပေ။ ဤသည်မှာ နတ်သူငယ်လေးမှ သူမအား သင်ပေးထားသော အရာ ဖြစ်လေသည်။
[ ငါ မင်းကို အဲဒီလို လုပ်ခိုင်းတာမှ မဟုတ်တာ]
အသားလုံးလေးမှ ထိုစဉ်အချိန်တွင် သူမအား ဤသို့ပြောခဲ့ချိန်၌ သူမ သိပ်ပြီး စိတ်အားထက်သန်ပုံ မရသည်အား မြင်သောကြောင့် အထူး ပညာပေးမှု အမျိုးမျိုးအား ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ကလေးလေးသည် သူမ၏ ဉာဏ်ရည်ဉာဏ်သွေး ပြန်လည် ရရှိလာလျှင်ပင် ယခုအခါ အသက် လေးနှစ်သာ ရှိသေးသည်။ သူမသည် သူ၏စကားများအား အလွန်မြန်မြန် မေ့သွားလိမ့်မည်ဟု ၎င်းက တွက်ဆထားခဲ့ခြင်း ဖြစ်သည်။ မမျှော်လင့်စွာဖြင့် သူမသည် ၎င်း၏ စကားများအား စိတ်ထဲတွင် အမှန်တကယ် မှတ်သားထားခဲ့ပေသည်။
[တကယ်တော့ တာဝန်အတွက် အချိန်ကန့်သတ်ချက် မရှိပါဘူး မင်း ဖြည်းဖြည်းချင်း လုပ်လို့ရပါတယ် ဒီနှစ်ကုန်လောက်မှ ပြီးအောင် လုပ်လိုက်ရုံပါပဲ]
ကလေးမလေး မည်မျှ ကြိုးစားနေသည်အား မြင်သောအခါ သူမ ပင်ပန်းသွားမည်ကိုလည်း အသားလုံးလေး အမှန်တကယ် စိုးရိမ်မိလေသည်။ အားယွီလေး၏ ချွေးများသည် မြေပြင်ပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းနေခဲ့သည်။ သူမ အနည်းငယ် ငိုက်မျဉ်း လာသော်လည်း မျက်လုံးများအား အတတ်နိုင်ဆုံး ပွတ်သပ်နေသေးသည်။
"အားယွီ အကောင်းဆုံး ကြိုးစားမှာပါ နတ်သူငယ်လေး စိတ်မပူပါနဲ့"
အားယွီလေးမှ လက်သီးဆုပ်လေးများအား ဆုပ်ကာ ပြတ်သားစွာ ပြောလိုက်လေသည်။ နတ်သူငယ်လေးသည် သူမအား စိုက်ပျိုးရေးတွင် အမြဲ ကြိုးစားစေချင်ခဲ့ကြောင်း သူမ သိသော်လည်း ထိုအချိန်တွင် မိသားစု၌ အလွန် အလုပ်ရှုပ်နေခဲ့ခြင်း ဖြစ်သည်။ သူမလေးသည် အဖွားအား ကူညီခိုင်းလိုက်ပါမူ အဖွားသည် သေချာပေါက် ပို၍ ပင်ပန်းစွာ အလုပ်လုပ်ရမည် ဖြစ်သည်။
ထို့ကြောင့် အားယွီလေး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မိသားစုထဲရှိ လူတိုင်းသည် စိုက်ပျိုးရေး လုပ်နေကြပြီ ဖြစ်ပြီး ဤသည်မှာ သူမ၏ တာဝန်အတွက် ဖြစ်လေရာ သူမ သေချာပေါက် ပါဝင်ရမည် ဖြစ်သည်။
သူမ၏ အမေနှင့် အဖေတို့ နှစ်ဦးစလုံး လယ်ထဲတွင် အလုပ် လုပ်နေကြသဖြင့် သူမလည်း အတူတူ အလုပ်လုပ်ရမည် ဖြစ်သည်။ သူမလေးသည် အလုပ်ကြမ်း လုပ်ရမည်အား မကြောက်ပေ။
ဤသို့ဖြင့် သုံးရက်တိုင်တိုင် ကြာမြင့်သွားတော့သည်။ ဝမ်ဝူလန်နှင့် အခြားကလေးများမှာ အရိုးများ ပြုတ်ထွက်တော့မတတ် ပင်ပန်း နွမ်းနယ်နေကြပြီ ဖြစ်လေသည်။
အသားလုံးလေး၏ လမ်းညွှန်မှုအောက်တွင် သူမသည် အိမ်ရှိ ရေစည်ထဲသို့ ဝိဉာဉ် စမ်းရေ အနည်းငယ် ထပ်ထည့်ပေးခဲ့လေသည်။ သို့တိုင်အောင် ရေသောက်ထား သူတိုင်းသည် အချိန် ကြာမြင့်စွာ အလုပ်ရှုပ် ပြီးနောက် အထူး ပင်ပန်းနွမ်းနယ်နေဆဲ ဖြစ်ပေသည်။ အိမ်ပြန် ရောက်သည်နှင့်တပြိုင်နက် အခြားသော မည်သည့်အရာကိုမျှ မလုပ်ချင်ကြတော့ချေ။
အခြားတစ်ဖက်တွင်မူ အားယွီလေးသည် မိသားစုထဲတွင် တက်ကြွမှု အရှိဆုံးသူ ဖြစ်လာခဲ့သည်။ အကြောင်းမှာ အားယွီလေး နားနေသည့် အချိန်တိုင်းတွင် အသားလုံးလေးမှ သူမ၏ အသိစိတ်အား ကောင်းစွာ အနားယူနိုင်ရန် နေရာလွတ် အတွင်းသို့ ခေါ်ဆောင် သွားတတ်သောကြောင့် ဖြစ်ပေသည်။
လူတိုင်း အလုပ်ရှုပ်နေကြကာ အိမ်ရှိ ကြက်ပေါက်များနှင့် ဘဲပေါက်များအား မည်သူမျှ ဂရုမစိုက်နိုင်ကြတော့ချေ။ လူတိုင်း လယ်ကွင်းသို့ သွားသောအခါ တောရိုင်း မြက်ပင် အချို့အား နုတ်ယူလာပြီးနောက် အစာကျွေးရန် အပိုင်းပိုင်း ဖြတ်တောက်ကြကုန်သည်။
အချိန်အများစုတွင် ဆိတ်ကလေးသည် အစာအား ကိုယ်တိုင် ရှာဖွေ စားသောက် တတ်သည်။ ပုံမှန်အားဖြင့် အဖွားအိုဝမ်သည် ၎င်း၏ ပန်းကန်လုံးထဲသို့ တစ်ခုခု ထည့်ပေးထားတတ်ပေသည်။
အားယွီလေးသည် အိမ်ရှိ ကြက်များနှင့် ဘဲများကို အစာကျွေးရန် အတွက် သစ်သီး သေးသေးလေးများအား လျှို့ဝှက်စွာ ရှာဖွေခြင်း သို့မဟုတ် မြေကြီးထဲမှ တီကောင်များအား တူးဖော်ခြင်းများ ပြုလုပ်တတ်ပေသည်။
"နင်တို့ ကြီးလာအောင် ဗိုက်ဝအောင် စားရမယ်နော်"
အားယွီလေးသည် ကြက်များနှင့် ဘဲများအား အစာကျွေးတိုင်း တိုးတိုးလေး သတိပေးတတ်သည်။ ယခုအခါ ရွာထဲရှိလူများသည်လည်း ကြက် ဘဲ အချို့အား စတင် မွေးမြူလာကြပြီ ဖြစ်သည်။ တစ်နေရာရာမှ ခွေးပေါက်လေး အနည်းငယ် ယူဆောင်လာသော မိသားစု အနည်းငယ်လည်း ရှိကြပြီး အခြေအနေ ပိုကောင်းသော မိသားစု နှစ်စုကမူ သိုးများကိုလည်း စတင်၍ မွေးမြူလာကြတော့သည်။
တိရစ္ဆာန်များ ပိုမို များပြားလာသဖြင့် ရွာကလေးမှာ များစွာ ပိုမို၍ သက်ဝင် လှုပ်ရှားလာလေတော့သည်။ အဖွားအိုဝမ်သည် မူလတွင် မိသားစု အတွက် ခွေးပေါက်လေး တစ်ကောင် ထပ်ထည့်ချင်ခဲ့သည်။ ၎င်းသည် ငယ်ရွယ်စဉ်တွင် အားယွီလေးအား အဖော်ပြုပေးနိုင်ပြီး ကြီးလာသောအခါ အိမ်စောင့်ပေးနိုင်မည် ဖြစ်သည်။
သို့သော် ဆိတ်ကလေး၏ ရဲရင့်သော အသွင်အပြင်အား ကြည့်ရှုပြီးနောက် ခွေးမွေးသည်ထက် ၎င်းအား မွေးမြူရခြင်းသည် ပိုကောင်းသည်ဟု သူမ ခံစားလိုက်ရတော့သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် တစ်ခါတစ်ရံတွင် မြွေများအား ထုတ်ယူလာနိုင်ပြီး အားယွီလေး နှင့်အတူ ထွက်ပြေးနိုင်သော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။
တတိယမြောက်နေ့တွင် အဆုံး၌ လယ်အလုပ်များ ပြီးစီးသွားခဲ့သော ဝမ်ဝူလန်သည် အဝေးမှ ပျံသန်းလာသော စာကလေး တစ်ကောင်ကို ကြည့်နေခဲ့လေသည်။ ရုတ်တရက် သူတစ်ခုခုအား မေ့သွားကြောင်း သတိရသွားတော့သည်။
"အိုက်ယား ကြက်ခြံထဲမှာ လင်းယုန် တစ်ကောင်လည်း ရှိသေးတယ်ဟ"
ဝမ်ဝူလန်သည် သူ၏ခေါင်းအား ရိုက်လိုက်ပြီးနောက် ကြက်ခြံထဲသို့ အလျင်အမြန် ပြေးဝင် သွားလေတော့သည်။ သုံးရက် ကြာမျှ ချည်နှောင် ခံထားရသော လင်းယုန်မှာ သေလုနီးပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။
ဝမ်မိသားစု၏ လယ်အလုပ်များ ပြီးစီးသွားပြီ ဖြစ်ကာ ရွာထဲတွင် ပထမဆုံး မြေစေးအုတ် တစ်သုတ်အား ပုံဖော် ပြီးစီးသွားပြီ ဖြစ်သည်။ မိသားစုတိုင်းသည် လိုအပ်သလို သွားရောက် ယူဆောင်ကြကုန်တော့သည်။ ချင်ဟွိုင်မှ အများဆုံး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ရွာခံ တစ်ယောက် မဟုတ်သဖြင့် ချင်ဟွိုင်သည် မြေစေးအုတ်များအား အသုံးပြုရန်အတွက် ငွေအပိုတစ်ရပ် ထပ်မံ ပေးချေခဲ့ရလေသည်။ မူလတွင် သူ၏ အိမ်အတွက် အုတ်စိမ်းများအား အသုံးပြုချင်ခဲ့သော်လည်း ဟူမိသားစုရွာရှိ လူတိုင်းသည် အနီရောင် မြေစေးအုတ်များကိုသာ အခြေခံအားဖြင့် အသုံးပြုကြခြင်း ဖြစ်သည်။ အလွန်အကျွံ ထင်ပေါ်နေရန် မလိုအပ်သဖြင့် သူသည် ဓလေ့ထုံးစံများကိုသာ လိုက်နာခဲ့ခြင်း ဖြစ်သည်။
ပစ္စည်းပစ္စယများ ပြင်ဆင် ပြီးစီးသွားပြီးနောက် အိမ်များ ဆောက်လုပ်မည့် အမြန်နှုန်းမှာ အလွန်မြန်ဆန်လာမည် ဖြစ်သည်။ ဤတစ်ကြိမ်တွင် ချီကျားသည် ကိုယ်တိုင် မလုပ်ဆောင်တော့ချေ။ မူလတွင် သူသည် အရာ အားလုံး အတွက် ငွေပေးချေပြီး ဆောက်လုပ်ရာတွင် ကူညီပေးရန် ရွာသားများကိုလည်း အကူအညီတောင်းချင်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် မျက်လုံးအား လှန်လျှက် သူ၏ ကိုယ်ဖော့ပညာကို အသုံးပြု၍ ထွက်ခွာသွားခဲ့လေတော့သည်။
သူ ပြန်ရောက်လာချိန်တွင် ခွန်အားကြီးမားသော လူ ၁၀ ယောက်ကျော် နောက်မှ ပါလာခဲ့သည်။ အခြားသူများမှ မေးသောအခါ ချီကျားမှ ပြောလိုက်သည်။
"အို ကျွန်တော် ဆောက်လုပ်ရေး အဖွဲ့ တစ်ဖွဲ့ သွားရှာတာပါ သူတို့က ဈေးသက်သက်သာသာနဲ့ အလုပ်လုပ်ပေးတယ်လေ"
ဆောက်လုပ်ရေး အလုပ်သမားများ အဖြစ် အတင်းအကျပ် ခိုင်းစေခံရသော လူတစ်စုမှာ ဆွံ့အသွားကြရတော့သည်။ သူတို့သည် သခင်မကြီး၏ အမိန့်အရ သခင်လေးထံ ဆေးလာပို့ရန်သာ လာခဲ့ကြခြင်း ဖြစ်သည်။ အိမ်ဆောက်ရန် ဤနေရာတွင် နေရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။ သူတို့ ပေါ့ဆခဲ့မ်ခြင်း ဖြစ်သည်။
ယခု ထွက်သွားရန် အတွက်မူ နောက်ကျသွားခဲ့ချေပြီ ဖြစ်သည်။ ချင်ဟွိုင်မှ သူတို့အား အေးစက်စွာ သိုက်ကြည့်လိုက်တော့သည်။ ချီကျားမှ ဘေးမှနေ၍ အခမဲ့ ဘာသာပြန် လုပ်ပေးလိုက်လေသည်။
"သခင်လေးက မင်းတို့ လာကူညီပေးတဲ့အတွက် ကျေးဇူးတင်တယ်တဲ့"
လူတိုင်း စကားမပြောနိုင် ဖြစ်သွားကြရတော့သည်။ သခင်လေး၏ မျက်လုံးထဲတွင် အမှန်တကယ်ပဲ ကျေးဇူးတင်မှုများ ရှိနေသည်များလား။
အလုပ်ရှုပ်သော ကာလတစ်ခု ပြီးဆုံးသွား ပြီးနောက် ဝမ်မိသားစုသည်လည်း အနားယူရမည့် ကာလတစ်ခုသို့ ရောက်ရှိလာခဲ့တော့သည်။ ကလေးများသည်လည်း နောက်ဆုံးတွင် ပြန်လည် ဆော့ကစားနိုင်ကြပြီ ဖြစ်သည်။
အားယွီလေးသည် လူကြီးများအား ကူညီပေးချင်နေဆဲ ဖြစ်သော်လည်း ဝမ်မိသားစုမှ သူမအား လယ်ကွင်းများသို့ သွားခွင့်ပြုရန် မည်သို့ပင်ဖြစ်စေ ငြင်းဆန်ခဲ့ကြလေသည်။ သူမသည် ချင်ဟွိုင်အား ရှာရန် အတွက် ဘေးဘက်သို့သာ ပြေးသွားနိုင်တော့သည်။
"ကိုကိုအားယု ဒါက ကိုကိုရဲ့ အိမ်သစ်လားဟင် အရမ်းလှတာပဲနော်"
အိမ်၏ အများစုအား ပြုပြင် ပြီးစီးနေပြီ ဖြစ်သည်။ ခြံဝင်းမှာမူ အလွန်ကျယ်ဝန်းလှကာ အုတ်မြစ်သည်လည်း နက်ရှိုင်းလှပေသည်။ အခြားအိမ်များနှင့် မတူခြားနားကြောင်း သိသာ ထင်ရှားလှသည်။
ယာယီ ဆောက်လုပ်ရေးအဖွဲ့မှ လူတိုင်းသည် သခင်လေးထံသို့ လူတစ်ယောက် ချဉ်းကပ်လာသည်အား မြင်သောအခါ သူတို့၏ နှလုံးသားများ တင်းမာသွားကြတော့သည်။
‘ဒါက ဘယ်မိသားစုက ချစ်စရာကောင်းတဲ့ ကလေးလေးလဲ’
သခင်လေးက သူ့ကို စကားလာပြောတဲ့သူတွေကို အမုန်းဆုံးဆိုတာကို ဒီကလေးမလေး မသိဘူးလား’
သနားစရာကောင်းလိုက်တာ ဒီမိန်းကလေး သခင်လေးရဲ့ ရိုက်နှက်တာကို ခံရတော့မှာလား’
နောက်ဆုံးတွင်မူ အားယွီလေးသည် ရိုက်နှက် မခံရသည့် အပြင် ချင်ဟွိုင်မှ ခေါင်းညိတ်ပြကာ အားယွီလေး၏ လက်ာအား ဆွဲလျှက် ဘေးဘက်သို့ ခေါ်ဆောင် သွားခဲ့လေသည်။ အိမ်ပြုပြင်သည့် နေရာမှာ ဖုန်ထူကာ ဆော့ကစားရန် မသင့်လျော်ပေ။
ဆောက်လုပ်ရေးအဖွဲ့မှ လူတိုင်း မျက်လုံးပြူးသွားကြတော့သည်။ အဘယ်ကြောင့် ဤအချိန်တွင် သခင်လေးသည် သာမန် လူငယ်လေး တစ်ယောက်နှင့် တူနေသည်ဟု သူတို့ ခံစားရ၍ ဖြစ်ပေသည်။
လူတိုင်းမှ သူ့အား ကွယ်ရာတွင် ငရဲမင်းလေးဟု ခေါ်ကြသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။ ထို့အပြင် လူတစ်စုသည် ဟူမိသားစုရွာသို့ အလျင်အမြန် ချဉ်းကပ် လာနေသည်အား မည်သူမျှ သတိမပြုမိကြပေ။ ဦးဆောင်လာသူ၏ ပခုံးပေါ်တွင် လင်းယုန် တစ်ကောင် နားနေလျှက် ရှိကာ သူ၏ အကြည့်များသည် အလွန်ပင် အေးစက်နေလျှက် ရှိသည်။
"သွေးနံပါတ် ၁၃က ဒီမှာရှိနေတာ သေချာရဲ့လား"
ဟု ထိုလူမှ မေးလိုက်လေသည်။ နောက်ဘက်မှ လူတစ်ယောက် ထွက်လာခဲ့ကာ ပြန်ဖြေလိုက်သည်။
"သေချာပါတယ် ကျွန်တော့်ရဲ့ သတင်းပို့လင်းယုန်က ဒီနေရာမှာ ပျောက်သွားတာပါ"