သာမန်ဆောက်လုပ်ရေးအဖွဲ့
Vol. 8 Ch. 109
အားယွီလေးသည် ထိုလူစုအား မြင်လိုက်ရသောအခါ ရေမြောင်း၏ ဘေးတွင် အန်နေခဲ့ပြီး ဖြစ်သည်။ ဦးဆောင်လာသူမှာ အလွန်ရက်စက်ကြမ်းကြုတ်မည့်ပုံပေါ်လေသည်။ သူသည် အားယွီလေးအား မြင်သောအခါ အလွန်ရိုင်းစိုင်းသော လေသံဖြင့် မေးလိုက်သည်။
"ဟေ့ ကောင်မလေး ဝမ်မိသားစုက ဘယ်မှာလဲ မြန်မြန်ပြောစမ်း"
ထိုအသံကြီးမှာ ခေါင်းလောင်းကြီး တစ်ခု ထိုးလိုက်သကဲ့သို့ ကျယ်လောင် လွန်းလှသဖြင့် အားယွီလေးခမျာ လန့်ဖျပ်ကာ တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။
‘အရမ်းကြောက်ဖို့ကောင်းတာပဲ’
"ဝမ်မိသားစုကို ဘာကိစ္စရှာတာလဲ"
ချီကျားမှ ရှေ့သို့ တက်လာခဲ့ကာ အားယွီလေးအား သူ၏ ကျောဘက်သို့ ဆွဲယူလျှက် ကာကွယ်ပေးလိုက်တော့သည်။ ထိုလူသည် ချီကျားအား အထက်အောက် စုန်ဆန်ကြည့်လိုက်လေသည်။
ယခုလက်ရှိ ချီကျားသည် အလုပ်လုပ်ရန် ပိုမိုအဆင်ပြေစေမည့် အကြမ်းထည် အဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ စတင်ရောက်ရှိလာစဉ်တွင် ဝတ်ဆင်ခဲ့သော အဝတ်အစားများထက် များစွာ နွမ်းပါးစုတ်ပြတ်နေပုံ ပေါက်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာလည်း တောင့်တင်းခိုင်မာသည်ဟု မဆိုနိုင်ဘဲ အထူးသဖြင့် ပိန်ချုံး အားနည်းနေပုံ ရလေသည်။
"ငါမေးတာကိုပဲ ဖြေစမ်း မင်းက ငါ့ကို ပြန်မေးခွင့်မရှိဘူး ဝမ်မိသားစု ဘယ်မှာလဲ"
သွေးမိုးမျှော်စင်မှ လူများသည် အစပိုင်းတွင် အနည်းငယ် စိုးရိမ် ထိတ်လန့်နေခဲ့ကြသည်။ သွေးနံပါတ် ၁၃ သေဆုံးသွားခဲ့သော နေရာတွင် ကြမ်းကြုတ်လှသည့် နဂါးများ (ရုပ်ဖျက်နေထိုင်နေကြသည့် သိုင်းပညာရှင်များ) ရှိနေမည်အား သူတို့ အစပိုင်းတွင် ကြောက်ရွံ့နေခဲ့ကြသေးသည်။
မည်သို့ပင်ဆိုစေကာမူ သတင်းပို့ လင်းယုန်ပင်လျှင် အရေးနိမ့်သွားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း နောက်ဆုံးတွင် သွေးနံပါတ် ၁၃အား မြင်တွေ့လိုက် ရပြီးနောက် အရာအားလုံးမှာ အထင်အမြင် လွဲမှားမှု တစ်ခုမျှသာ ဖြစ်ကြောင်း သူ နားလည်သွားခဲ့တော့သည်။
ဒေါသထွက်စရာ အကောင်းဆုံးကိစ္စမှာ သူတို့ အချိန်ကုန် လူပန်းခံ၍ ပြုစုပျိုးထောင် ထားခဲ့သော သတင်းပို့ လင်းယုန်အား ဝမ်မိသားစုမှ ကလေးတစ်ယောက်မှ စားပစ်လိုက်သည် ဆိုသော သတင်းပင် ဖြစ်ချေသည်။ ဤကိစ္စကို သူသည် မည်သို့ သည်းခံနိုင်ပါမည်နည်း။
ဤဆင်းရဲနွမ်းပါးသော ရွာလေးသည် သူတို့၏ အလေးအမြတ် ထားရာ သတင်းပို့ လင်းယုန်အား ရဲတင်းစွာ စားသောက်ဝံ့ကြပေသည်။ သူတို့အနေဖြင့် သွေးနံပါတ် ၁၃အား ကူညီခဲ့သည် ဖြစ်စေ မကူညီခဲ့သည် ဖြစ်စေ ထိုက်တန်သော တန်ဖိုးကိုမူ ပြန်လည်၍ ပေးဆပ်ရမည်သာ ဖြစ်သည်။
ချီကျားသည် ဤလူစုနှင့် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရန် ရည်ရွယ်ထားခြင်း မရှိချေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဤအချိန်၌ တတိယအဒေါ်ဟူ၏ သမီးဖြစ်သူ ပြန့်တန် ရောက်ရှိလာခဲ့သည်။ သူမ၏ လက်ထဲတွင် အနီရောင်သစ်သီး နှစ်လုံးကိုလည်း ကိုင်ဆောင် ထားသေးသည်။
ဤသည်မှာ အားယွီလေး အတွက် သီးသန့် ယူဆောင် လာခဲ့ခြင်းဖြစ်သည်။ သူမသည် အားယွီလေးထံသို့ မရောက်မီမှာပင် လူတစ်ယောက်မှ သူမ၏အင်္ကျီကော်လာအား လှမ်းဆွဲလိုက်လေသည်။ ထိုလူမှ စိတ်မရှည်သော လေသံဖြင့် မေးလိုက်သည်။
"ဝမ်မိသားစုက ဘယ်မှာလဲ မင်း ဘာမှမပြောရင် ငါမင်းကို သတ်ပစ်မယ်"
ပြန့်တန်သည် ဤကဲ့သို့သော မြင်ကွင်းမျိုးအား တစ်ကြိမ် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် သူမသည် ကြောက်လန့်တကြား အော်ဟစ်လိုက်မိကာ သစ်သီးနှစ်လုံးမှာလည်း မြေကြီးပေါ်သို့ ကျသွားလေတော့သည်။
"ပါးစပ်ပိတ်ထားစမ်း"
ထိုလူမှ ဟိန်းဟောက်လိုက်လေသည်။ ပြန့်တန်၏ ငိုကြွေးသံများ ချက်ချင်း ရပ်တန့်သွားသော်လည်း မျက်ရည်များမှာမူ သူမ၏ ပါးပြင်ထက်သို့ အဆက်မပြတ် စီးကျလာခဲ့တော့သည်။ သူမ၏လက်များ တုန်ယင်နေခဲ့ကာ ဝမ်မိသားစု ရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်တော့သည်။
"ဟို ဟိုမှာ"
ထိုလူသည် သူမအား မြေကြီးပေါ်သို့ လွှင့်ပစ်လိုက်တော့သည်။ ထို့နောက် အဘိုးဝမ်၏ အိမ်ဆီသို့ ဒေါသတကြီး လျှောက်သွားရန် ဟန်ပြင်လိုက်လေသည်။ အားယွီလေးမှ ပြန့်တန်ဆီသို့ အပြေးအလွှား သွားလိုက်ကာ မေးမြန်းလိုက်သည်။
"မမပြန့်တန် ထိခိုက်သွားသေးလားဟင်"
ပြန့်တန်၏ခြေထောက်မှာ ကျိုးသွားခဲ့သော်လည်း ကျယ်လောင်စွာ မငိုရဲချေ။ သူမသည် ခြေထောက်အား ဖက်လျှက် တိတ်တဆိတ်သာ ငိုကြွေးနေရှာလေသည်။
"မမပြန့်တန် မလှုပ်နဲ့ဦးနော် လှုပ်ရင် နာလိမ့်မယ်"
အားယွီလေးမှ သူမ၏အိတ်ကပ်ထဲမှ ရေတစ်ဝက်ခန့် ပါသော ဖန်ခွက်လေး တစ်ခွက်အား ထုတ်ယူလိုက်လေသည်။
"မမပြန့်တန် ရေနည်းနည်း သောက်လိုက်နော် အဲဒါဆို မနာတော့ဘူး"
ပြန့်တန်မှာ အမှန်ပင် နာကျင်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရေအား အလောတကြီး သောက်ချလိုက်တော့သည်။ အားယွီလေး၏ အိတ်ကပ်ထဲတွင် မည်သည့်အတွက်ကြောင့် ရေခွက်ပါလာသနည်း ဟူသည်ကိုလည်း သူမ တွေးတော မနေနိုင်ခဲ့တော့ချေ။
ချီကျားသည် အစောပိုင်းထဲမှ ချင်ဟွိုင်၏ အကြည့်အား လက်ခံရရှိထားပြီး ဖြစ်ရာ ထိုလူစု နောက်သို့ လိုက်ပါသွားခဲ့လေသည်။ ချင်ဟွိုင် တစ်ယောက်သာ အားယွီလေး ရေခွက် ကိုင်ဆောင် ထားသည်ကို မြင်လိုက်ရလေသည်။ သူသည် ထိုရေခွက်လေးအား စဉ်းစားခန်းဝင်နေသော အမူအရာဖြင့် စိုက်ကြည့်နေမိလေသည်။
[ကလေးစုတ်လေး နောက်တစ်ခါကျရင် မင်း အဘိုးကို ဘူးသီးခြောက် ဘူးလေး တစ်ဘူး လုပ်ခိုင်းလိုက်ဦး]
အနည်းဆုံးတွင် သူမသည် အိတ်ကပ်ထဲကနေ ဘူးသီးခြောက် ဘူးလေး ထုတ်လိုက်မည် ဆိုလျှင် ဘူးထဲတွင် ရေပါလာသည်မှာ ပို၍ ယုတ္တိတန်ပေသေးသည်။ သို့သော် ဤ ခွက် သေးသေးလေးမှာမူ ရေအား ငြိမ်အောင် ထည့်ထားနိုင်မည့်ပုံ မပေါ်ချေ။ အားယွီလေးမှာ အသားလုံးလေးနှင့် စကား အပြန်အလှန် ပြောနေရန် အင်အားမရှိတော့ချေ။
"အားယွီ အိမ်ပြန်ပြီး သွားကြည့်လိုက်ဦး"
ယခုမူ အားယွီသည် ပြန့်တန်အား စိတ်ပူနေသဖြင့် သူမကိုယ်သူမ အနည်းငယ် နောင်တရ မိသွားလေသည်။
ငါ ဘာမှမပြောခဲ့သင့်ဘူး အဲဒီလူတွေက အရမ်းကြမ်းကြုတ်တာပဲ ဝမ်မိသားစုက လူကောင်းတွေချည်းပဲ သူတို့ အနိုင်ကျင့်မခံရလောက်ပါဘူးနော်’
"ဟုတ်ကဲ့"
သူမသည် အိမ်ဆီသို့ ပြေးသွားလိုက်လေသည်။ တတိယအဒေါ်ဟူ၏ အိမ်မှ သူမ၏ အိမ်သို့ သိပ်မဝေးလှပေ။ သို့သော် လမ်းတစ်ဝက်တွင် သူမ ရပ်တန့်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူစုအား အိမ်ဆောက်နေသော အဖွဲ့မှ တားဆီး ထားသောကြောင့် ဖြစ်သည်။
လမ်းလယ်တွင် ရှုပ်ပွနေသော ကျောက်တုံးများနှင့် သစ်သားအချို့အား ပုံထားလေသည်။ ထိုလူစု ရောက်လာသောအခါ သွဦးရန် လမ်းမှာ ပိတ်ဆို့သွားတော့သည်။
"ဘယ်က အမှိုက်ကောင်တွေက ငါ့လမ်းကို ပိတ်ရဲတာလဲ"
အဖြူရောင်ဝတ်ရုံနှင့် လူတစ်ယောက်မှ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ ထိုလူများသည် သစ်သားများအား ဖြစ်သလို ကန်ထုတ် လိုက်လေရာ ယာယီ ဆောက်လုပ်ရေးအဖွဲ့မှ မြင်သွားလေတော့သည်။
"ခင်ဗျားတို့ ဘာလုပ်နေတာလဲ"
သူတို့ အပင်ပန်းခံ ရှာဖွေထားသော သစ်သားများမှာ ဖျက်ဆီးခံ လိုက်ရပြီ ဖြစ်သည်။
"မင်းတို့က သေချင်နေတာလား ငါ့ကိုများ ဒီလိုလေသံနဲ့ ပြောရဲတယ်ပေါ့လေ"
အဖြူရောင် ဝတ်ရုံနှင့်လူမှ လှည့်ကြည့် လိုက်လေရာ တောကျကျ အလုပ်သမား တစ်ယောက် ဖြစ်နေသည်ကိုသာ တွေ့လိုက်ရတော့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဖုန်မှုန့်များသည် သူ၏ အဖြူရောင် အဝတ်အစားများကိုပင် ညစ်ပေသွားစေခဲ့သည်။
ဤသည်မှာ သူ လူသတ်ရာတွင် ဝတ်ဆင်လေ့ရှိသော ညဝတ်အင်္ကျီများ ထက်ပင် ပို၍ ဆိုးရွားနေသေးသည်။ ဝမ်မိသားစုများသည် ဆူညံသံများအား ကြားလိုက် ရသောအခါ မိသားစုဝင်များ အားလုံး ထွက်လာကြကာ နှစ်ဖက် ရင်ဆိုင်နေရသည်ကို မြင်တွေ့လိုက်ရတေ့ာသည်။
"ဘာတွေဖြစ်နေတာလဲ"
ဝမ်ချွမ်းမန်မှ ဤလူများသည် အိမ်ဆောက်ရာတွင် ကူညီရန် လာသူများဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ကြားတွင် မည်သည့် ပဋိပက္ခ ရှိနေသည်အား မသိသဖြင့် ကမန်းကတန်း လျှောက်လာခဲ့ကာ မေးလိုက်ခြင်း ဖြစ်ပေသည်။
အဖြူရောင်ဝတ်ရုံ နှင့်လူမှ လှည့်ကြည့် လိုက်ရာတွင် သူတို့သည် အဘိုးဝမ်၏ အိမ်မှ ထွက်လာကြသည်အား မြင်လိုက်ရတော့သည်။ သူသည် မလိုလားအပ်သော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့က ဝမ်မိသားစုကလား ငါ့ရဲ့ သတင်းပို့ လင်းယုန်ကို မင်းတို့ စားလိုက်တာလား တော်တော် သတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား"
ဝမ်ချွမ်းမန်၏ ခေါင်းထဲတွင် မြူခိုးများ ဖုံးလွှမ်းသွားသကဲ့သို့ မင်သက်သွားခဲ့ရတော့သည်။
‘ဘာ သတင်းပို့လင်းယုန်လဲ’
ထိုအချိန်တွင် ဝမ်တလန်မှ ဤမြင်ကွင်းအား မြင်လိုက်ရလေသည်။ ဝမ်ဝူလန်သည် လင်းယုန်ငှက်အား ယူရန် ကြက်ခြံသို့ သွားနေလေသည်။ ယခုအချိန်တွင် သူသည် တီးတိုးအသံဖြင့် မေးလိုက်လေသည်။
"ဦးလေးလေး အဲဒါ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဝူလန် ဖမ်းလာတဲ့ လင်းယုန်ငှက်များလား"
ထိုစဉ်က မိသားစုသည် သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။ သူတို့သည် လင်းယုန်ငှက်အား ကြိုးတုပ်ကာ ကြက်ခြံထဲသို့ ပစ်ထည့်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းနောက် ရက်အနည်းငယ် ကြာအောင် အလုပ်များ နေခဲ့ကြလေသည်။ ဝမ်ဝူလန် သွားကြည့်သောအခါ လင်းယုန်ငှက်မှာ နောက်ဆုံး ထွက်သက်သာ ကျန်တော့သည်။ ထိုအဖြစ်ပျက်များ အားလုံးမှာ ငတ်မွတ်မှုကြောင့် ဖြစ်လေသည်။ အဖြူရောင် ဝတ်ရုံနှင့်လူ၏ အကြားအာရုံမှာ အလွန်ကောင်းမွန်လှသည်။ ဝမ်တလန်မှ တီးတိုးပြောခဲ့သော်လည်း သူ ကြားသွားခဲ့တော့သည်။
"တကယ်ပဲ မင်းတို့ကောင်တွေဖြစ်နေတာကိုး"
အဖြူရောင် ဝတ်ရုံနှင့် လူသည် ဝမ်ချွမ်းမန်နှင့် ဝမ်တလန်တို့ဆီသို့ ပြေးဝင်သွားခဲ့ကာ သူတို့၏ လည်ပင်းများအား လက်တစ်ဖက်စီဖြင့် ဆုပ်ကိုင် လိုက်လေတော့သည်။ ဝမ်တလန်နှင့် ဝမ်ချွမ်းမန်တို့မှာ ရုတ်တရက် အဖမ်းခံလိုက်ရပြီး လည်ပင်းမှ ဆွဲမကာ လေထဲသို့ မြှောက်ခံလိုက်ရတော့သည်။
"မင်းတို့ ဝမ်မိသားစုကို ငါ့ရဲ့ သတင်းပို့ လင်းယုန် နဲ့အတူ မြေမြှုပ်ခံရမယ်"
အားယွီလေးသည် ဤသည်အား မြင်သောအခါ အဝေးမှနေ၍ အော်ဟစ်လိုက်သည်။
"ဖေဖေနဲ့ ကိုကိုကို အနိုင်မကျင့်နဲ့ ရှင်က လူဆိုးကြီးပဲ"
သူမ ပြေးလာရင်း ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ မြေကြီးပေါ်တွင် သစ်သားတုံးလေး တစ်ခု ရှိနေသည်အား သတိပြုမိသွားတော့သည်။ သူမလေးသည် ၎င်းအား လက်ထဲတွင် ဆုပ်ကိုင် ထားလိုက်လေသည်။ သူမမှ ဆက်လက် ပြေးဝင်သွားလေတော့သည်။
ဤသည်အား ဝမ်ဝူလန်ထံမှ သင်ယူထားခဲ့ခြင်း ဖြစ်သည်။ ရွာထဲရှိ ကလေးများသည် စစ်သူကြီး ကစားနည်း ကစားသောအခါ ဤကဲ့သို့ အရာများအား ကိုင်ဆောင်ကာ ပြေးလွှားရသည်ကို သဘောကျကြလေသည်။ ဝမ်ချွမ်းမန်မှာ အသက်ရှူ ကျပ်တော့မည်ဟု ခံစားနေရလေသည်။ အားယွီလေး ပြေးလာသည်အား ဝေဝါးဝါး မြင်လိုက်ရသဖြင့် အလွန်အမင်း စိုးရိမ်ပူပန်သွားရပြန်သည်။ သို့သော် သူ စကားမပြောနိုင်ချေ။
‘အားယွီလေး ထွက်ပြေး’
‘အနားကို မလာနဲ့’
[ကလေးမ အတင်းပြေးမသွားနဲ့ အလကားပဲ]
[ဒီလူက လူသတ်သမားဖြစ်ဖို့ များတယ် မင်းရွာက လူတွေက သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး]
ထိုလူသည် ဝမ်တလန်နှင့် ဝမ်ချွမ်းမန်တို့အား လည်ပင်း ညှစ်သတ်တော့မည့် ဆဲဆဲတွင် အဘွားအိုတစ်ဦးသည် ဘေးဘက်မှ ပြေးထွက်လာခဲ့ကာ ထိုလူ ၏ လည်ကုပ်အား ထမ်းပိုးတိုင်ဖြင့် ရိုက်ချလိုက်လေတော့သည်။
"ခင်ဗျား"
အဖြူရောင်ဝတ်ရုံနှင့် လူသည် သူ၏ စွမ်းအား ကြီးမားသော သိုင်းပညာများသည် အဘွားအို တစ်ဦး၏ လက်ထဲတွင် အရေးနိမ့် သွားလိမ့်မည်ဟု တစ်ခါမျှ မထင်မှတ်ထားခဲ့မိချေ။ ဤဟူကျေးရွာလေးသည် အမှန်ပင် ကြမ်းကြုတ်လှသည့် နဂါးပုန်းများ ပြည့်နှက်နေသည်ပဲ သူ ပေါ့ဆသွားခဲ့မိသည်။
"အဟွတ် အဟွတ် အဟွတ် "
ဝမ်တလန်နှင့် ဝမ်ချွမ်းမန်တို့ မြေကြီးပေါ်သို့ ကျသွားကြတော့သည်။ ကံကောင်း ထောက်မစွာဖြင့် သူတို့ နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာ မရခဲ့ချေ။ သူတို့သည် လည်ပင်းအား ကိုင်လျှက် အဆက်မပြတ် ချောင်းဆိုးနေကြလေသည်။
"ဘာရပ်လုပ်နေတာလဲ ပြေးလေ"
အဖွားအိုဝမ်မှ သူတို့နှစ်ယောက်အား အော်ပြောလိုက်တော့သည်။
"လူတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ပြီး ပြေးချင်တယ်ပေါ့လေ ငါတို့ကိုရော မေးပြီးပြီလား"
အဖြူရောင် ဝတ်ရုံနှင့်လူ၏ နောက်ကွယ်ရှိ လူနှစ်ယောက်သည်လည်း သတိ ပြန်ဝင်လာကြလေသည်။ သူတို့၏ ခါးမှ ဓားကောက် နှစ်လက်အား ထုတ်ယူလိုက်ကာ အဖွားအိုဝမ် ၏ရှေ့သို့ ပြေးဝင်လာကြပြီး သူမ၏လည်ပင်းအား ခုတ်ပိုင်းရန် ကြံရွယ်လိုက်ကြလေသည်။
"ဟေး ဟေး ဟေး ဓားတွေ လှံတွေနဲ့ ဘာလုပ်မလို့လဲ"
သစ်သားတုတ် တစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ဓားကောက်များအား ကာကွယ်ထားလိုက်လေသည်။ သွေးမိုးမျှော်စင်မှ လုပ်ကြံသတ်ဖြတ်သူ နှစ်ဦးစလုံးမှ ခေါင်းလှည့် ကြည့်လိုက်ရာ ဆောက်လုပ်ရေးအဖွဲ့မှ လူတစ်ယောက်သည် ပြုံးဖြီးဖြီး လုပ်နေသည်အား မြင်တွေ့လိုက်ရသည်။
"မင်းက ဘယ်သူလဲ"
စကားပြောနေရင်း သူ၏လက်ထဲရှိ ဓားကောက်ဖြင့် ထိုလူအား တိုက်ခိုက်လိုက်တော့သည်။
"ငါတို့က သာမန် ဆောက်လုပ်ရေး အဖွဲ့တစ်ခုပါ မင်းတို့လိုပဲ ဝမ်းရေး အတွက် ရုန်းကန်နေရတဲ့သူတွေပါ"
ထိုလူမ ပြုံးနေသော်လည်း သူ၏ မျက်လုံးများမှာမူ အလွန် အေးစက်နေခဲ့သည်။
‘သခင်မကြီး ပြောတာ မှန်ပုံရတယ် သခင်လေးက တကယ်ကို အန္တရာယ်တွေ ဝိုင်းရံနေတာပဲ’
ခေါင်းဆောင် ချီကျားသည် ကြိုတင်မြင်နိုင်စွမ်း ရှိသူ ဖြစ်သဖြင့် သူတို့အား ဆောက်လုပ်ရေး အဖွဲ့ အဖြစ် ဟန်ဆောင်စေကာ သခင်လေးအား ကာကွယ်နိုင်ရန် ဤနေရာတွင် တိတ်တဆိတ် နေခိုင်းခဲ့ခြင်း ဖြစ်ပေမည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်ချေတေ့ာသည်။