← Chapters

သံမဏိပြားကို ကန်မိခြင်း

Vol. 8 Ch. 110

သံမဏိပြားကို ကန်မိခြင်း

Vol. 8 Ch. 110

သွေးမိုးမျှော်စင်တွင် ထူးခြားသော စည်းမျဉ်းတစ်ခု ရှိလေသည်။ လူတိုင်းသည် သူတို့၏ သိုင်းပညာ စွမ်းရည်များ တာဝန် ထမ်းဆောင်နိုင်မှုနှုန်းနှင့် အခြားသော ဘက်စုံစွမ်းရည်များအပေါ် မူတည်၍ အဆင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ နာမည် စာရင်းသွင်းခံရသည့် ဂုဏ်ထူးဆောင် လူစုစုပေါင်း ၁၀၀ ရှိပေသည်။

များသောအားဖြင့် ထိပ်ဆုံး အယောက် ၂၀ ၏ နာမည်များမှာ များစွာ ပြောင်းလဲလေ့ မရှိသော်လည်း နောက်ပိုင်း အဆင့်များမှာမူ မကြာခဏ ပြောင်းလဲလေ့ ရှိပေသည်။

ထိုလူ၏ အမည်မှာ သွေး ၃၇ ဖြစ်သည်။ နာမည်နှင့် လိုက်ဖက်စွာပင် သူသည် သွေးမိုးမျှော်စင်တွင် အဆင့် ၃၇ နေရာ၌ ရှိနေခဲ့သည်။ သူ၏နောက်မှ လိုက်ပါလာသူ နှစ်ဦးမှာမူ အဆင့် ၁၀၀ ပြင်ပရှိ အမည်မသိ လူများသာ ဖြစ်ကြပေသည်။

သွေးနံပါတ် ၁၃နှင့် နှိုင်းယှဉ်ပါက သူသည် အမှန်တကယ် များစွာ နိမ့်ကျသော်လည်း သွေးမိုးမျှော်စင်တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲပင် ဖြစ်သည်။

သူ၏နောက်မှ လူနှစ်ယောက်သည် သူ အရိုက်ခံရပြီး လဲကျသွားသည်အား မြင်သောအခါ မည်သို့မျှ တုံ့ဆိုင်း မနေတော့ချေ။ သူတို့၏ လှုပ်ရှားမှုတိုင်းသည် ရက်စက်ကြမ်းကြုတ်လှကာ သူတို့၏ ရှေ့ရှိ လူအားလုံးအား သတ်ဖြတ် ပစ်ချင်နေကြသည်။ ဤသို့ဆိုလျှင် ဌာနခွဲမှူးထံသို့ သွားရောက် သတင်း ပို့သောအခါ ပြင်းထန်လွန်းသော အပြစ်ပေးမှုများအား ခံရမည် မဟုတ်ချေ။

"သတိထား သူတို့ ဓားတွေမှာ အဆိပ်သုတ်ထားတယ်"

ဆောက်လုပ်ရေးအဖွဲ့မှ အချင်းချင်း သတိပေး လိုက်ကြသည်။ သူတို့အားလုံးသည် ထိုနှစ်ယောက်အား ဝိုင်းရံကာ တိုက်ခိုက်ကြတော့သည်။ သွေးမိုးမျှော်စင်မှ လူနှစ်ယောက်သည် လှောင်ပြုံးပြုံးလိုက်လေသည်။

"ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး"

တောရွာမှ လူများကို မဆိုထားနှင့် ကောင်းစွာ လေ့ကျင့် သင်ကြားထားသော အစေခံများကိုပင် သူတို့ တာဝန် ထမ်းဆောင်ချိန်၌ တစ်ယောက်တည်းဖြင့် ဆယ်ယောက်အား ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိကြပေသည်။ ထို့ပြင် သူတို့သည် တစ်ချက်ခုတ်လျှင် တစ်ယောက် သတ်နိုင်စွမ်း ရှိကြသေးသည်။ သို့သော်လည်း သူတို့ ဝမ်းသာမှုမှာ စောလွန်းသွားခဲ့ပေသည်။

ဤကျေးလက်ဒေသရှိ ဆောက်လုပ်ရေးအဖွဲ့တွင် မည်ကဲ့သို့သော လှည့်ကွက်များ ရှိနေသည်အား မသိနိုင်ချေ။ သူတို့ တိုက်ခိုက်သောအခါ မည်သည့် စည်းမျဉ်းမှ မရှိသော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် လှုပ်ရှားမှုတိုင်းသည် သူတို့၏ တိုက်ကွက်များအား ရှောင်တိမ်းနိုင်ခဲ့လေသည်။

ဝမ်ချွမ်းမန်နှင့် အခြားသူများသည် ဆောက်လုပ်ရေးအဖွဲ့နှင့် ထိုလူနှစ်ယောက် တိုက်ခိုက်နေသည်အား မြင်သောအခါ အနည်းငယ် စိုးရိမ်သွားကြလေသည်။ သို့သော်လည်း ယခုအချိန်အထိ သူတို့သည် သာမန် ရန်ပွဲတစ်ခုမျှသာဟု ထင်မှတ်နေကြဆဲ ဖြစ်သည်။

ယခု တိုက်ခိုက်နေသော အဖွဲ့နှစ်ဖွဲ့ အနက် တစ်ဖွဲ့မှာ မည်သူ့ကို မဆို တွန့်ဆုတ်မှု မရှိဘဲ သတ်ဖြတ်မည့် လုပ်ကြံသတ်ဖြတ်သူများအဖွဲ့ ဖြစ်ကာ အခြားတစ်ဖွဲ့မှာမူ ကောင်းစွာ လေ့ကျင့် သင်ကြားထားသော အထူး ကိုယ်ရံတော်အဖွဲ့ ဖြစ်ကြောင်း သူတို့ လုံးဝ မသိရှိကြချေ။ သူတို့သည် ကိုင်တွယ် ဖြေရှင်းရန် မလွယ်ကူလှချေ။

"စတုတ္ထသား ရွာသူကြီးနဲ့ တခြားသူတွေကို လူတွေလာပြီး ပြဿနာ ရှာနေတယ်ဆိုတာ မြန်မြန်သွား အကြောင်းကြားချေ"

အဖွားအိုဝမ်မှာ အစောပိုင်းတွင် သေလုမတတ် ဖြစ်ခဲ့ရပြီး သူမ၏ ခြေထောက်များမှာ အနည်းငယ် အားပျော့နေဆဲ ဖြစ်သည်။ အဆိုးဆုံး အခြေအနေတွင် သူမ၏ အသက်အရွယ်နှင့် အရာအားလုံးကို စွန့်လွှတ်လိုက်ရမည်ဟု အသိတရားမှ ဆိုနေသော်လည်း အသက်နှင့် သေခြင်းတရားကြား ပြတ်သားစွာ ရင်ဆိုင်ရချိန်တွင်မူ သူမ အပြည့်အဝ တည်ငြိမ်မနေနိုင်ခဲ့ချေ။ ပြေးထွက်သွားသော ဝမ်ချွမ်းမန်အား သူမက တားလိုက်သည်။

"နေဦး မသွားနဲ့ဦး"

ဝမ်ချွမ်းမန်မှာ နားမလည်နိုင်ဖြစ်သွားရလေသည်။

"အမေ ဒီအချိန်မှာ ကျွန်တော်တို့ ရွာသူကြီးနဲ့ တခြားသူတွေကို သေချာပေါက် ပြောပြရမှာလေ ဒီလူတွေ ဘာကြောင့် ရောက်လာလဲဆိုတာ ကျွန်တော်တို့ မသိရသေးဘူးလေ"

"မင်းတို့ထဲက တစ်ယောက်မှ သူတို့ရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး လူတွေကို သေဖို့ ခေါ်နေတာလား ဘေးမှာပဲ စောင့်နေကြ ဘယ်သူ နိုင်မလဲဆိုတာတောင် ငါတို့ မသိသေးဘူး"

"ဟုတ်ကဲ့ပါ"

သူတို့၏ မိခင်က ထိုသို့ပြောလာသဖြင့် သူတို့အနေဖြင့် သေချာပေါက် နားထောင်ရမည်သာ ဖြစ်သည်။ အားယွီလေးမှာ စောစောပိုင်းတွင် ပြေးဝင် သွားချင်ခဲ့သော်လည်း ချင်ဟွိုင်မှ သူမကို တားဆီးထားခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် ကလေးမလေးမှာ မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ချင်ဟွိုင်၏ ရင်ခွင်ထဲတွင် ရုန်းကန်နေတော့သည်။

"ကိုကိုအားယု ညီမလေးကို လွှတ်ပေးပါ ညီမလေး အဖွားကို ကာကွယ်ချင်တယ်"

အားယွီလေးမှာ အလွန်စိုးရိမ်ပူပန်နေခဲ့လေသည်။

"မင်း သူ့ကို မကာကွယ်နိုင်ပါဘူး"

ချင်ဟွိုင်က ဤအမှန်တရားကို ရက်စက်စွာ ဖွင့်ချလိုက်လေတော့သည်။ သူ၏ရှေ့မှ ကလေးမလေးသည် အနည်းငယ် ကြီးပြင်းလာပြီ ဖြစ်သော်လည်း အသက်နှစ်နှစ် အရွယ် ခန္ဓာကိုယ်သာ ရှိသေးသည်။ သူမသည် သောင်းကျန်းနေသော နွားပေါက်လေး တစ်ကောင်နှင့်သာ တူနေလေတော့သည်။

အားယွီလေးသည် သူမ၏ဖွားဖွားအနိုင်ကျင့် ခံရမည်အား လုံးဝ ခွင့်မပြုနိုင်ဟု ခံစားနေရသည်။ နေရာလွတ်ထဲမှ သစ်သီးများအား အသုံးပြု၍ သူတို့အား ပစ်ပေါက်ရမည်ဆိုလျှင်ပင် ဤလူဆိုးများကို မောင်းထုတ်ရမည် ဖြစ်သည်။

သူတို့အား မမောင်းထုတ်နိုင်လျှင်ပင် သူမ မကြောက်ချေ။ အဆိုးဆုံးတွင်မူ နောင်တစ်ချိန် ဤ ကမ္ဘာပေါ်၌ အားယွီလေးဆိုသည်မှာ မရှိနိုင်တော့ခြင်း သာ ဖြစ်ပေမည်။ သို့သော် သူမအနေဖြင့် မည်သည်မှ မလုပ်ဘဲ နေရန်မှာ မဖြစ်နိုင်ပေ။ သူမ မည်သည့်အချိန်တွင်မှ ငြိမ်နေလိမ့်မည် မဟုတ်ချေ

[မင်းက အခု အရမ်း အားနည်းနေသေးတယ် တစ်စုံတစ်ယောက်ကို မကာကွယ်နိုင်ခင် မင်း အရင် ကြီးပြင်းလာဖို့ လိုတယ်လေ]

[အခု မင်း ပြေးသွားရင် လူကြီးတွေကို ပိုပြီး စိတ်ပူစေရုံပဲ ရှိလိမ့်မယ် သူတို့က မင်းကို ဖမ်းပြီး မင်းအဖွားကို ခြိမ်းခြောက်ဖို့ သုံးရင် ဘယ်လိုလုပ်မလဲ]

အားယွီလေးမှာ ချက်ချင်းပင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက် စိုက်ကျသွားလေသည်။

‘ဟုတ်တာပေါ့ ငါ သေးငယ်နေသေးတယ် ငါ ဘာလို့ မကြီးသေးတာလဲ’

"နတ်သူငယ်လေး သမီး မြန်မြန် ကြီးလာလို့ ရမလားဟင် သမီးက သူတို့လိုပဲ အရမ်းစွမ်းတဲ့သူ ဖြစ်ချင်တယ်"

အားယွီလေးက သူမ၏ လက်လေးဖြင့် လှမ်းညွှန်ပြလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုသူမှာ သွေး ၃၇ အား လွင့်ထွက်သွားစေသော ဆောက်လုပ်ရေးအဖွဲ့၏ ရှေ့ဆုံးမှ လူဖြစ်နေခဲ့သည်။

[ဒါက နည်းနည်းတော့ ခက်ခဲတယ်]

အားယွီလေးမှာ ငိုတော့မည့်ပုံစံဖြင့် နှုတ်ခမ်းကို တွန့်လိုက်သည်။

“အီး ဟီး သမီး သိပါတယ် သမီးက အရမ်းတုံးတာပဲ”

[တခြားနည်းလမ်း မရှိတာတော့ မဟုတ်ဘူး မင်း သိုင်းပညာ သင်ပြီး သူတို့ထက် ပိုတော်အောင် လုပ်လို့ရတယ်လေ အဲဒါဆို မင်း ကြောက်စရာမလိုတော့ဘူး]

အသားလုံးလေးမှာ မူလတွင် ကလေးအား ချော့မော့ရန် ဖြစ်သလို ပြောလိုက်ခြင်း ဖြစ်သော်လည်း ပို၍ ယုတ္တိတန်သည်ဟု ခံစားလာရလေသည်။

အနာဂတ်တွင် ကလေးမလေး ကြီးပြင်းလာသောအခါ ကျွမ်းကျင်မှု တစ်ခုရှိခြင်းသည် တစ်ပိုင်း ဖြစ်ပြီး မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိခြင်းသည် အခြားတစ်ပိုင်း ဖြစ်သည်။

ဤကမ္ဘာတွင် သိုင်းပညာကျင့်စဉ်များအား အလွန်မြင့်မားသော အဆင့်အထိ ကျင့်ကြံနိုင်သည်ဟု ဆိုကြသည်။ ဖြစ်နိုင်လျှင် ကလေးမလေး အတွက် လျှို့ဝှက်သိုင်းကျမ်း တစ်အုပ်အုပ်အား အမှန်တကယ် ရှာဖွေပေးနိုင်ကောင်းသည်။

ချင်ဟွိုင်သည် အားယွီလေး ရုန်းကန်ခြင်း မရှိတော့သည်အား ခံစားလိုက်ရပြီးနောက် သူမ၏ အကြည့်နောက်သို့ လိုက်ကြည့် လိုက်လေသည်။

တိုက်ပွဲမှာ သူတို့ ထင်ထားသည်ထက် ပိုမို၍ မြန်ဆန်စွာ ပြီးဆုံးသွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူ နှစ်ဦးစလုံးမှာ မျိုးစုံသော သတ်ဖြတ်ခြင်း တိုက်ကွက်များအား သင်ယူထားကြခြင်း ဖြစ်သည်။ သူတို့၏ တိုက်ကွက်များသည် လျင်မြန်စွာ မသတ်ဖြတ်နိုင်တော့သည် နှင့်တစ်ပြိုင်နက် သူတို့သည် ခုခံရသည့် အနေအထားသို့ ရောက်ရှိသွားကြကုန်တော့သည်။

"မင်းတို့က တကယ့် ဆောက်လုပ်ရေးအဖွဲ့ မဟုတ်ဘူး"

သူ၏ အဖော် လွင့်ထွက်သွားသည်အား မြင်ပြီးနောက် ကျန်တစ်ယောက်၏ အကြည့်များမှာ အေးစက်သွားခဲ့ကာ ကွက်လပ်တစ်ခုအား အခွင့်ကောင်းယူလျှဥ် လေချွန်လိုက်လေတော့သည်။ အားယွီလေးမှ မေးလိုက်လေသည်။

"ကိုကိုအားယု သူက ဘယ်လိုလုပ်ပြီး အသံကို တိုက်ရိုက် မှုတ်ထုတ်နိုင်တာလဲဟင် ညီမလေးဆို လေချွန်မြက်ကိုတောင် သုံးရသေးတယ် သူက ပါးစပ်ထဲမှာ တစ်ခုခု ဝှက်ထားတာများလား"

‘ဒုက္ခပါပဲ တစ်ဖက်လူမှာ ကြံရာပါတွေ ရှိနေတယ်’

ချင်ဟွိုင်မှ ပြန်လည်၍ မဖြေကြားဘဲ အားယွီလေးအား ချီကျား၏ ရင်ခွင်ထဲသို့ တွန်းပို့လိုက်တော့သည်။

"သူတို့ကို ခေါ်သွားလိုက်"

ချီကျားသည် အားယွီလေးအား အိမ်သို့ အမြန် ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် သူသည် အဖွားအိုဝမ်၏ ကျောဘက်သို့ သွားကာ ဝမ်ချွမ်းမန်နှင့် အခြားသူများကို အမြန် အိမ်ပြန်ပြီး တံခါးပိတ်ထားရန် ခေါ်ပြောလိုက်လေသည်။

ချီကျားသည် ဤအရာအားလုံးကို လုပ်ဆောင် ပြီးနောက် မကြာမီတွင် သွေးမိုးမျှော်စင်၏ ဌာနခွဲမှူး ရောက်ရှိလာပြီး သူ၏ နောက်တွင် လူအနည်းငယ် လိုက်ပါလာခဲ့သည်။

တစ်စုံတစ်ယောက်သည် ဤနေရာတွင် လဲကျနေသည်အား သူ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ နောက်ထပ် စကားတစ်ခွန်းမျှ မဆိုဘဲ အခြား တိုက်ပွဲတစ်ခု စတင်ခဲ့ပြန်သည်။

ဌာနခွဲမှူးဘေးရှိ လူအနည်းငယ်မှာ တိုက်ခိုက်ရေးတွင် နှိုင်းယှဉ်ချက် အရ အားကောင်းကြသည်။ ဆောက်လုပ်ရေးအဖွဲ့သည် သူတို့အား ရင်ဆိုင်ပြီးနောက် အပြည့်အဝ အနိုင်ရမည့် အခွင့်အရေး မရှိခဲ့ချေ။ ချီကျားသည် သူ၏ခါးမှ သစ်သားတုတ်အား ဆွဲထုတ်လိုက်ရာ အတွင်းမှ ထက်မြက်သော ဓားပါးတစ်လက် ထွက်ပေါ်လာလေတော့သည်။

"ချွင်" ဟူသော အသံနှင့်အတူ ဓား ပေါ်ထွက်လာခဲ့ပြီး အေးစက်စွာ တောက်ပနေခဲ့သည်။

"မင်းတို့ဘာသာ ကြမ္မာငင်တာပဲ"

ချီကျားမှ အေးစက်စွာ ပြောလိုက်လေသည်။ ဤမျှများပြားသော လူများနှင့် သူ မတိုက်ခိုက်ရသည်မှာ အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဘိုးဝမ်သည် သူ၏ ခြေထောက်များအား ကုသရန် ကုတင်ပေါ်တွင် လဲလျောင်းနေလေသည်။ အိမ်ထဲမှ ဆူညံသံများအား ကြားသောအခါ သူ လိုက်လံ မေးမြန်းကြည့်ရာ တစ်စုံတစ်ယောက်သည် အမှန်တကယ်ပင် ပြဿနာ လာရှာနေကြောင်း သိလိုက်ရလေသည်။ သူတို့ ဝမ်မိသားစု အနေဖြင့် တစ်စုံတစ်ယောက်အား စော်ကားမိခဲ့ခြင်းများ ရှိမရှိကိုလည်း သူ ချက်ချင်း စဉ်းစားလိုက်မိသည်။

ထိုသို့ မဖြစ်သင့်ပေ။ သူတို့ ဝမ်မိသားစု ဟူကျေးရွာသို့ ရောက်လာချိန်မှ စတင်၍ အခြားသူများနှင့် မိတ်ဆွေဖွဲ့နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ အဘိုးဝမ်သည် သူ၏ဘေးတွင် ထိုင်နေသော အဖွားအိုဝမ်ကအား ကြည့်လိုက်သည်။ သူ၏ ဇနီးအိုသာဆိုလျှင်တော့...

"ဘာကြည့်နေတာလဲ ငါ အရိုက်ခံရပြီး မသေသွားလို့ အရမ်းစိတ်ပျက်သွားလို့လား"

"ငါ အဲလို မတွေးပါဘူးကွာ မင်း တစ်ယောက်နဲ့လည်း ခက်ပါတယ် ဘာတွေပြောနေတာလဲဟ"

အဘိုးဝမ်မှာ အလွန်အမင်း စိုးရိမ်သွားမိလေသည်။

‘ဘာကြောင့် ဒီမိန်းမက ငါ့အပေါ် အမြဲတမ်း အဆိုးတွေချည်း တွေးနေရတာလဲ’

အားယွီလေးမှ အော်ပြောလိုက်သည်။

"ဖွားဖွား ဖွားဖွားရဲ့ လက် ဒဏ်ရာရသွားတယ်"

အဖွားအိုဝမ်မှ ထမ်းပိုးတိုင်အား ကိုင်ထားစဉ် သူမ၏ ဆုပ်ကိုင်မှုမှာ တင်းကျပ်လွန်းလှကာ အလွန်ပြင်းထန်စွာ ရိုက်ချခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏လက်မှ အရေပြားမှာ မတော်တဆ ပြဲသွားခဲ့ခြင်း ဖြစ်သည်။

"ကိစ္စမရှိပါဘူး အဖွားက နာမှာကို မကြောက်ပါဘူး"

အဘိုးအိုဝမ်မှာ ကုတင်ပေါ်မှ ဆင်းရန် ရုန်းကန် လိုက်ပြီးနောက် လည်ပင်းအား ဆန့်ကာ ကြည့်လိုက်သည်။

"ဘာလို့ ဒဏ်ရာရလာတာလဲ ဘယ်နေရာမှာ ဒဏ်ရာရသွားတာလဲ တစ်ယောက်ယောက်က မင်းကို ရိုက်လိုက်တာလား ငါ မင်းကို အရမ်း စိတ်လိုက်မာပါ မလုပ်ဖို့ ပြောထားတယ်လေ မင်းက အသက်အရွယ်ရနေပြီ ဒဏ်ရာရရင် ဘယ်လိုလုပ် အလွယ်တကူ ပြန်ကောင်းနိုင်မှာလဲ"

ထို့နောက် အဖွားအိုဝမ်က သူမ၏လက်အား ဖြန့်ပြလိုက်လေရာ ပြဲနေသော အရေပြားတစ်ခုကိုသာ မြင်လိုက်ရလေသည်။ အားယွီလေးမှ နှုတ်ခမ်းစူကာ အဖွားအိုဝမ်၏ လက်အား ပြင်းပြင်းလေး မှုတ်ပေးလိုက်လေသည်။

အဘိုးအိုဝမ်မှာမူ ဆွံအသွားရလေတော့သည်။

‘ဒီအတိုင်းသာ ခဏလောက် ဆက်လုပ်နေရင် ဒဏ်ရာတွေတောင် ကျက်သွားတော့မယ်’

ဤအချိန်တွင် အဝေးရှိ မြို့ငယ်လေး တစ်မြို့၌ အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေး တစ်ဦးသည် ရထားလုံးပေါ်မှ ဆင်းလာပြီးနောက် ဟောင်းနွမ်းနေသော အိမ်တစ်လုံးအား ကြည့်လျှက် ယုံကြည်မှုရှိစွာ ပြုံးပြလိုက်တော့သည်။

"အဓိက ဇာတ်လိုက် မင်းသမီးကို ငါက ဘာလို့ မျက်နှာချို သွေးနေရမှာလဲ အဓိက ဇာတ်လိုက် မင်းသမီးကို ငါ့အတွက် အလုပ်လုပ် ပေးခိုင်းပြီး ငါ့ရဲ့ ကိုယ်ပိုင် အစေခံမလေး ဖြစ်လာအောင် လုပ်လို့ရတာပဲလေ ဒီကျေးဇူးနဲ့ဆိုရင် သူ နောင်တစ်ချိန်မှာ အမြင့်ကို ပျံသန်းပြီး ဖီးနစ်ငှက် တစ်ကောင် ဖြစ်လာရင်တောင် ငါ့ရဲ့ အကူအညီကို သေချာပေါက် မေ့မှာမဟုတ်လောက်ဘူး"

အစေခံမလေး တစ်ယောက် ရှေ့ထွက်လာပြီး သူမ၏ နားထဲသို့ တီးတိုး ပြောလိုက်လေသည်။ အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးမှ လက်ကာပြလိုက်ပြီးနောက် ပြောလိုက်သည်။

"အခုတော့ အဆင်ပြေလောက်ပါပြီ သွေးမိုးမျှော်စင်က သူတို့ရဲ့ ဌာနခွဲမှူးကိုတောင် စေလွှတ်လိုက်ပြီတဲ့လေ သူတို့ တာဝန်ကို မပြီးမြောက်နိုင်ရင် ဓားပြတွေကို နှိမ်နင်းဖို့ ဒီက မြို့ပိုင်မင်းကို အကြောင်းကြားလိုက် ငါ့ပစ္စည်းတွေကို ယူပြီး ဘာမှမလုပ်ပေးနိုင်တဲ့ သူတွေ အကုန်လုံး ပြန်အန်ထုတ်ရစေမယ်"

သူမသည် အကြံအစည် ကြီးမားသူ တစ်ဦး ဖြစ်သည်။ အလွန် ဆိုးသွမ်းသော ဇာတ်ပို့မလေး တစ်ယောက် နောက်သို့ လိုက်နေရခြင်းမှာ သူမ အတွက် စိတ်ဝင်စားစရာ မကောင်းလှချေ။ ဤသည်မှာ ကျင့်ကြံခြင်းကမ္ဘာ မဟုတ်ပေ။ ရှင်သန် ထမြောက်ခြင်း ဇာတ်ဝင်ခန်းများလည်း သိပ်များများစားစား မရှိချေ။

တောကြိုအုံကြားတွင် ဖျားနာနေသော ကလေးမလေး တစ်ယောက်အား မည်သူကမျှ ကောက်ယူလိမ့်မည် မဟုတ်ပေ။ သူမ သေသွားတာ ကြာမြင့်လောက်ပြီ ဖြစ်မည်။

အဓိက ဇာတ်လိုက် မင်းသမီးအား တတ်နိုင်သမျှ မြန်မြန် သိမ်းသွင်းလိုက်သည်မှာ သာ၍ ပိုကောင်းလှပေသည်။ ဇာတ်ပို့ တစ်ယောက် အတွက် အဘယ်ကြောင့် ပိုက်ဆံအများအပြား အကုန်ခံနေရမည်နည်း။

All Chapters