သွေးမိုးမျှော်စင်၏ နိဂုံး
Vol. 8 Ch. 111
ချီကျား တိုက်ခိုက် လိုက်သည်နှင့် ထိုလူများ အားလုံး ချက်ချင်း ဖိနှိပ်ခံ လိုက်ရတော့သည်။ ပတ်ဝန်းကျင်မှ လူများသည် ဆူညံသံများအား ကြားပြီး ပြေးလာကြသောအခါ သွေးမိုးမျှော်စင်မှ လုပ်ကြံသတ်ဖြတ်သူများ အားလုံး မြေကြီးပေါ်တွင် လဲကျနေကြပြီ ဖြစ်သည်။ သူတို့၏ လက် သို့မဟုတ် ခြေထောက်များ အားလုံး ကျိုးနေကြပြီ ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်မျှ ကောင်းကောင်းမွန်မွန် မရှိကြတော့ချေ။
ရွာသူကြီးဟူသည် အခင်းဖြစ်ရာ နေရာစီသို့ အပြေးအလွှား လိုက်လာသည် ဖြစ်ရာ သူ၏ ဆံပင်များသည် လေထဲ၌ ယိမ်းနွဲ့လျှက် ဖြစ်နေခဲ့သည်။
သူ ရောက်လာပြီးနောက် မြေကြီးပေါ်တွင် လဲကျနေသော လူစုအား မြင်လိုက်ရသောအခါ အတော်ကြာအောင် မှင်သက်သွားခဲ့လေသည်။
"သူတို့က ဟိုလူကို လာကြည့်တာ မဟုတ်ဘူးလား သူတို့က ဘာဖြစ်သွားတာလဲ"
ဝမ်မိသားစုအားလည်း အပြင်သို့ ခေါ်ထုတ် လာခဲ့ကြသည်။ ဝမ်ချွမ်းမန်သည်လည်း နားမလည်နိုင်ဖြစ်နေဆဲပင် ဖြစ်သည်။
"ကျွန်တော် မသိဘူး ဒီလူစု ရောက်လာတာနဲ့ သူတို့က အော်ဟစ်ပြီး ကျွန်တော်တို့က သူတို့ရဲ့ သတင်းပို့လင်းယုန်ကို စားလိုက်တယ်လို့ ပြောတယ် ကျွန်တော်တို့ ဘာမှတောင် မပြောရသေးခင် သူတို့က တိုက်ခိုက်တော့တာပဲ"
"သူတို့က ဓားပြအဖွဲ့ တစ်ဖွဲ့ ဖြစ်ဖို့များတယ်"
ဝမ်ချွမ်းဖူမှ ပြောလိုက်သည်။
"ဘယ်သူက တခြားလူ တစ်ယောက်ဆီကို တည့်တည့် လျှောက်သွားပြီး ချက်ချင်း ပြဿနာစရှာမှာလဲ သူတို့က ကျွန်တော်တို့ ဟူမိသားစုကျေးရွာ တစ်ခုလုံး သေချင်နေတာလားလို့တောင် ပြောသေးတယ် သူတို့သာ သာမန်လူတွေဆိုရင် ဘယ်သူကများ ဒီလိုပြောရဲမှာလဲ"
ရွာသားများ အားလူံးသည် သူတို့၏ ထင်မြင်ချက်များအား ပေးကြပြီး နောက်ဆုံးတွင် ကိစ္စရပ် တစ်ခုလုံးအား နားလည်သွားကြကုန်လေသည်။
ပြဿနာမှာ ရွာထဲသို့ ရုတ်တရက် ဝင်လာခဲ့သော လင်းယုန်ငှက် ဆီမှ စတင်ခဲ့ဆဲ ဖြစ်သည်။ ဝမ်ဝူလန်မှ လင်းယုန်ငှက်အား ကြားဖြတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လင်းယုန်ငှက် ရောက်လာချိန်တွင် အလွန် ကြမ်းကြုတ်နေခဲ့သည်။ ၎င်းသည် ဆိတ်ပေါက်လေးအား ဖမ်းယူချင်ခဲ့သော်လည်း ဆိတ်ပေါက်လေးမှပင် ၎င်းအား ပြန်လည် နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဝမ်ဝူလန်သည် သူ ပြဿနာရှာမိပြီ ဖြစ်ကြောင်း သိသော်လည်း သူ၏လည်ပင်းအား ဆန့်ကာ ပြောလိုက်သေးသည်။
"ကျွန်တော်တို့ အဲဒီ သတင်းပို့ လင်းယုန်ကို မစားပါဘူး အဲဒီ လင်းယုန်ငှက်က ကောင်းကြီး ရှိနေသေးတယ်"
ဝမ်ဝူလန်သည် ၎င်းအား မွေးမြူရန် စဉ်းစားနေဆဲ ဖြစ်သည်။ ထိုသို့ စဉ်းစားနေသည် ဖြစ်ရာ ထို အကောင်အား မည်ကဲ့သို့ စားရက်မည်နည်း။ ရွာသူကြီးဟူမှ ဤစကားအား ကြားသောအခါ သူ၏အကြည့်များ အေးစက်သွားခဲ့သည်။
ဤလူများသည် သာမန်မဟုတ်သော နောက်ခံများ သေချာပေါက် ရှိကြပေမည်။ ရွာထဲတွင် လဲကျနေသော သူ နှင့်အတူ သူတို့အားလုံးမှာ လူကောင်းများ မဟုတ်ကြပေ။
သူတို့သည် သာမန်ရွာလေး တစ်ရွာသာ ဖြစ်သည်။ အကယ်၍ ထူးခြားချက် တစ်ခုခု ရှိမည်ဆိုလျှင် သူတို့၏ ဘိုးဘေးများထဲမှ တစ်ဦးသည် တစ်ချိန်တွင် ကြီးမြတ်သော စစ်သူကြီးတစ်ဦး ဖြစ်ခဲ့ဖူးခြင်းသာ ဖြစ်ပေမည်။ ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက မှတ်တမ်းဟောင်း တစ်ခုသာ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် စစ်သူကြီး၏ ရန်သူ တစ်ယောက်သည် ဤနေရာသို့ ရောက်လာရန် ဆိုသည်မှာ မဖြစ်နိုင်ပေ မဟုတ်ပါလော။ သို့သော်လည်း ဤလူများ၏ အမည်ခံများမှာ သိသိသာသာပင် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။
"အရာရှိတွေကို အကြောင်းကြားဖို့ လူတစ်ယောက် လွှတ်လိုက်မယ် ဒီကိစ္စအတွက် စိတ်မပူပါနဲ့"
ဌာနခွဲမှူးမှာလည်း မြေကြီးပေါ်တွင် လဲကျနေခဲ့သည်။ သူ၏ ခြေထောက် တစ်ဖက် ကျိုးသွားခဲ့ပြီး ကျောက်တုံး တစ်တုံးအား မှီကာ အလွန် သနားစရာ ကောင်းသော အနေအထားဖြင့် ရှိနေခြင်း ဖြစ်သည်။ သူသည် မောဟိုက်လျှက် ပြောလိုက်သေးသည်။
"မင်းတို့လူတွေ ငါတို့ သွေးမိုးမျှော်စင်ကို စော်ကားမိတဲ့ အတွက် သေချာပေါက် ကောင်းတဲ့ နိဂုံးချုပ် ရမှာမဟုတ်ဘူး မင်းတို့ကို သတိထားဖို့ အကြံပေးလိုက်မယ်။ အခု"
သူ၏ စကားပြောမဆုံးမီ ခြေထောက်တစ်ဖက်သည် ကောင်းကင်မှ ရုတ်တရက် ကျဆင်းလာပြီး သူ၏ ရင်ဘတ်အား ပြင်းထန်စွာ နင်းချလိုက်တော့သည်။
"ခွပ်" ဟူသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ရင်အုံရိုး ကျိုးသွားသည့် အသံမှာ သေချာပေါက် ထင်ရှားနေလေသည်။ ထို လက်သည်မှာ အဖွားအိုဝမ်ပင် ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ အလွန် ရက်စက်ကြမ်းကြုတ်နေခဲ့လေသည်။
"ရွာသူကြီး ဒီလူတွေကို အရာရှိတွေဆီ ပို့ဖို့ မလိုဘူးလို့ ထင်တယ် လက်ရှိ မြို့ပိုင်မင်းက အဂတိလိုက်စားသူ ဟုတ်မဟုတ် ဘယ်သူသိမှာလဲ ဒီလူတွေကို ပြန်လွှတ်လိုက်ရင် ငါတို့ရွာအတွက် လျှို့ဝှက် အန္တရာယ်တွေ ကျန်ခဲ့လိမ့်မယ်"
အခြားရွာသားများသည်လည်း ယင်းမှာ ယုတ္တိတန်သည်ဟု ခံစားကြရသည်။ ဤလူများသည် ကြမ်းကြုတ် လွန်းလှသည်။ ရွာသူကြီးဟူမှာ အဖွားအိုဝမ်၏ ပွင့်လင်းမြင်သာမှုကြောင့် အံ့အားသင့်သွားရလေသည်။
"ဒါဆိုရင် သူတို့ကို ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲကျွန်တော်တို့ သူတို့ကို မသတ်နိုင်ဘူးလေ ဟုတ်တယ်မလား”
ပထမအချက်အနေဖြင့် သူတို့တွင် ထိုကဲ့သို့သော အာဏာမရှိပေ။ အကယ်၍ ရှိခဲ့လျှင်တောင်မှ မည်သူက ကွပ်မျက်ရဲမည်နည်း။
"သူတို့ကို ကျွန်တော့်ဆီ ထားခဲ့လိုက်ပါ"
ချင်ဟွိုင်မှ ရုတ်တရက် မတ်တတ် ရပ်လိုက်လေသည်။ သူသည် ပုံမှန်အားဖြင့် ရွာသားများနှင့် စကားပြောခဲလှသည်။ အားယွီလေးပင်လျှင် သူ စကားပြောသည်အား ကြားရခဲပေသည်။
ယခု သူမှ ရုတ်တရက် စကားပြော လာသောအခါ ရွာထဲတွင် သူစိမ်း တစ်စု ရှိနေကြောင်းကို အားလုံးမှ သတိရသွားကြတော့သည်။
ရွာသူကြီးဟူသည် ချီကျားနှင့် အခြားသူများ၏ တိုက်ခိုက်ရေး စွမ်းရည်များအား မမြင်တွေ့ခဲ့ရပေ။ ရွာသားများသည်သာ ဖြစ်စဉ် တစ်ခုလုံးအား မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး သူ့အား အမြန် ပြန်ပြောပြခဲ့ကြခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် ရွာသူကြီးဟူသည် ဤလူများအား တစ်မျိုးတစ်ဘာသာ ကြည့်လိုက်လေသည်။ သူတို့ရွာအား ဤလူများမှ ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ရွာသူကြီးဟူသည် သူ၏အသံအား တတ်နိုင်သမျှ တိုးအောင် ကြိုးစားလိုက်လေသည်။
"မင်းနာမည်က ချင်ဟွိုင်ဆို ဟုတ်တယ်မလား မင်းမှာ အကြံကောင်း တစ်ခုခုများ ရှိလို့လား"
ချင်ဟွိုင်သည် မူလတွင် ချီကျားအား သူ၏ကိုယ်စား ပြောဆို စေချင်ခဲ့သော်လည်း ဤသည်မှာ ရိုင်းစိုင်းရာကျပေမည်။
"ကျွန်တော့် ဦးလေးက အရာရှိတစ်ယောက်ပါ"
ဟု ချင်ဟွိုင်မှ ထပ်လောင်း ပြောကြားခဲ့သည်။
"သူက အရာရှိကောင်း တစ်ယောက် ဖြစ်လို့ ပြည်သူတွေ အတွက် ဆိုးသွမ်းမှုတွေကို ဘယ်လို ဖယ်ရှားပေးရမလဲဆိုတာ သိမှာပါ"
ဤနည်းအားဖြင့် ဤလူများအား ခဏတာ ဖမ်းဆီး ပြီးနောက် ပြန်လည် လွတ်မြောက် လာမည်အား မည်သူမျှ စိုးရိမ်စရာ မလိုတော့ချေ။ ရှန်းယန်ရွာမှ လူများနှင့် သူတို့သည် ကွာခြားလှသည်။ ရှန်းယန်ရွာသည် သူတို့၏ အိမ်နီးချင်းရွာ ဖြစ်လေသည်။ အားလုံးသည် အချင်းချင်း သိကျွမ်းကြကာ သူတို့ကြားရှိ ပဋိပက္ခအား ဖြေရှင်းနိုင်ကြပေသည်။
သို့သော် ဤလူစုမှာမူ လင်းယုန်ငှက်အား ငါးစာ အဖြစ် အသုံးပြုကာ သူတို့၏ လက်နက်များအား တိုက်ရိုက် ဝှေ့ယမ်းခဲ့ကြသည်။ သူတို့သည် လူတိုင်းအား သတ်ပစ်ချင်သည်ဟုပင် ပြောခဲ့ကြသေးသည်။
တာ့ချန်တိုင်းပြည်၏ ဥပဒေများအရ ဤသည်မှာ ကြီးလေးသော ပြစ်မှု ဖြစ်ပေသည်။ ပေါ့ပေါ့ပါးပါး အပြစ်ပေးမှု ဆိုလျှင်ပင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ဖြစ်လပေိမ့်မည်။ အဆိုးဆုံးဆိုလျှင်မူ ထိုသူတို့ ကွပ်မျက်ခံရလိမ့်မည် ဖြစ်သည်။ သူတို့အတွက် ပြစ်ဒဏ်မှ လွတ်မြောက်ရန် အခွင့်အရေး လုံးဝ မရှိတော့ချေ။
ချင်ဟွိုင် ဤသို့ ပြောလိုက်သည်နှင့် လူတိုင်းသည် သူ့အား တစ်မျိုး တစ်ဘာသာ ကြည့်လာကြကုန်တော့သည်။ မူလတွင် သူ့အား ချမ်းသာသော မိသားစုမှ သခင်လေး တစ်ဦးမျှသာဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ အရာရှိမိသားစုမှ သခင်လေးတစ်ဦးပင် ဖြစ်နေပုံရလေသည်။ အဓိပ္ပာယ်မှာ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ယခင်တွင် သူ၏ အပေါ် ထားရှိသော သဘောထားမှာ ကောင်းမွန်ခဲ့ခြင်း ဖြစ်သည်။ နောင်တစ်ချိန် သူ၏ ဦးလေးအိမ်သို့ ပြန်ရောက်သောအခါ သူတို့အကြောင်း မကောင်း မပြောလောက်ပါချေ။
ဟူမိသားစုကျေးရွာမှ လူများမှာ စိတ်သက်သာရာရ သွားကြသော်လည်း သွေးမိုးမျှော်စင်မှ လူများ ဤစကားအား ကြားသောအခါ သိမ်မွေ့သော မထီမဲ့မြင်ပြုမှုများကို ပြသလာကြကုန်သည်။
သူတို့သည် သိုင်းဂိုဏ်း တစ်ခု ဖြစ်သော်လည်း အစိုးရအား သိပ်မကြောက်ကြချေ။ အရည်အချင်း မရှိသော အရာရှိများစွာ ရှိနေသည် မဟုတ်ပါလော။
ဤလူများ အားလုံးကို ချီကျားထံ လွှဲပြောင်း ပေးလိုက်ပြီးနောက် မျက်တောင် တစ်ခတ်အတွင်း သူသည် ဆောက်လုပ်ရေး အဖွဲ့ထံ လွှဲပြောင်း ပေးလိုက်ပြန်သည်။ ထို့နောက် သူမှ ဆက်လက် ညွှန်ကြားလိုက်သည်။
"သူတို့ကို ခရိုင်မြို့တော်ကို ခေါ်သွားကြ လမ်းမှာ တစ်ယောက်ယောက်များ ထွက်ပြေးသွားရင် အကျိုးဆက်ကို မင်းတို့ သိတယ်မလား"
ဆောက်လုပ်ရေးအဖွဲ့မှာ မှင်သက်သွားပြန်သည်။
"ဘာလို့ ငါတို့က အစောင့်အဖြစ် အလုပ်လုပ်ရဦးမှာလဲ"
သူတို့သည် အပိုလစာ တစ်ပြားမျှ မရရှိခဲ့ချေ။
"သခင်မကြီးက မင်းတို့ကို ဘာလို့ လာခိုင်းတာလဲ"
ချင်ဟွိုင်၏ စကားလုံးများမှာ သူ၏ထံမှ ထွက်ပေါ်လာခြင်း မဟုတ်သကဲ့သို့ မော့မကြည့်ဘဲ ထောင့်တစ်နေရာတွင် ထိုင်နေလေသည်။ လူငယ်လေး၏ မျက်ခုံးများမှာ အလွန် အေးစက်လွန်းနေခဲ့သည် သေချာ ကြည့်မည်ဆိုလျှင် သူ၏ မျက်နှာသွင်ပြင်များမှာ တစ်စုံတစ်ယောက်မှ ဂရုတစိုက် ထွင်းထုထားသကဲ့သို့ အလွန် လှပသေသပ် လှကြောင်း သိမြင်နိုင်ပေသည်။
သို့သော် သူ ပေးစွမ်းသော ခံစားချက်မှာ လျစ်လျူရှုရန် အလွန် လွယ်ကူနေခဲ့ခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ တည်ရှိမှုမှာ ထင်သာမြင်သာ မရှိသောကြောင့် ဖြစ်သည်။ ဆောက်လုပ်ရေးအဖွဲ့မှ ပြန် ပြောလိုက်သည်။
"သခင်မကြီးက သခင်လေး မွေးနေ့အတွက် ပြန်လာ မလားလို့ မေးခိုင်းလိုက်တာပါ ပြီးတော့ ကျွန်တော်တို့ကို လက်ဆောင် တစ်ခုတောင် ပေးခိုင်းလိုက်သေးတယ်"
တစ်စုံတစ်ယောက်မှ သူ၏အိတ်ကပ်ထဲမှ ပိုးတုံးလေးတစ်ခုအား ထုတ်ယူလိုက်သော်လည်း ချင်ဟွိုင်က တစ်ချက်မျှပင် မကြည့်ခဲ့ပေ။
"ပစ္စည်းတွေကို ပြန်ယူသွားပြီး သွေးမိုးမျှော်စင်က ငါ့ကို လုပ်ကြံဖို့ လူလွှတ်လိုက်တယ်လို့ သူ့ကို ပြောလိုက် သူ ဘာလုပ်ရမလဲဆိုတာ သိပါလိမ့်မယ်"
ထိုလူများ အချင်းချင်း ကြည့်လိုက်ကြကုန်သည်။ ထိုလုပ်ကြံ သတ်ဖြတ်သူများသည် သခင်လေးအတွက် လာခြင်း မဟုတ်သည်မှာ ထင်ရှားသော်လည်း သခင်မကြီးထံသို့ ထိုသို့သာ သတင်းပို့ လိုက်မည်ဆိုလျှင် သွေးမိုးမျှော်စင် ဆိုသည်မှာ ယခုအချိန်မှစ၍ ပျောက်ကွယ်သွားပေလိမ့်မည်။ ၎င်းမှာလည်း ချင်ဟွိုင် အလိုရှိသောအရာပင် ဖြစ်ချေသည်။ ချီကျားမှာ အမူအရာ ကင်းမဲ့နေခဲ့သည်။
"သခင်လေး ပြောတဲ့အတိုင်း လုပ်ကြ အများကြီး မမေးနဲ့ တခြားဘာမှလည်း မလုပ်နဲ့"
ဆောက်လုပ်ရေးအဖွဲ့သည် နှစ်ရက်ခန့် ကူညီပေးပြီးနောက် အိမ်တစ်ခုလုံး၏ အခြေခံပုံစံကို တည်ဆောက်ခဲ့ကြသည်။ ထို့နောက်မှသာ သူတို့သည် နှစ်ရက်ကြာ အစာ မစားရသေးသော သွေးမိုးမျှော်စင်မှ လူစုအား ဆွဲခေါ် သွားကြလေတော့သည်။
လမ်းတစ်လျှောက်တွင် ဌာနခွဲမှူးမှ သူတို့အား အဆက်မပြတ် ခြိမ်းခြောက် နေခဲ့သော်လည်း ဓားတစ်ချက် ဝှေ့ယမ်းလိုက်ခြင်းဖြင့် ဖြေရှင်းခံလိုက်ရတော့သည်။
သွေးနံပါတ် ၁၃ကိုလည်း ထမ်းခေါ်သွားခဲ့ကြလေသည်။ သူ့အား ထမ်းရမည့် တာဝန်ရှိသူများမှာ လက်တစ်ဖက်စီသာ ကျိုးနေသော သွေးမိုးမျှော်စင်မှ လူနှစ်ယောက်ဖြစ်သည်။ သွေးနံပါတ် ၁၃သည် ဟူမိသားစုကျေးရွာ ရှိရာဘက်သို့ ကြည့်လျှက် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
"ဟူး ငါ့ပိုက်ဆံတွေ နှမြောစရာပါလား"
ဤလူများမှာမူ မသိကြသေးချေ။ ဤနေရာ မှစ၍ လောကကြီးတွင် မိစ္ဆာလေဂိုဏ်း ဆိုသည်မှာ ရှိနေနိုင်သေးသော်လည်း သွေးမိုးမျှော်စင် ဟူ၍ ရှိတော့မည် မဟုတ်ချေ။ သွေးမိုးမျှော်စင် ကိစ္စအပြီးတွင် ဟူမိသားစုကျေးရွာမှ ရွာသားများသည် ရုတ်တရက် အမှန်တရားတစ်ခုအား နားလည်သွားကြလေသည်။
"ဘာပဲဖြစ်ဖြစ် ငါတို့ အပြင်ကလူတွေကို ကောက်မလာသင့်ဘူး အကြိမ်တိုင်း အားယွီလေးလို ချစ်စရာကောင်းတဲ့ ကလေးလေးကို ကောက်ရမယ်လို့ မထင်နဲ့ ငါတို့ ဓားပြအဖွဲ့ကိုတောင် ကောက်ရမိနိုင်တယ်"
"ဟုတ်တယ် ငါတို့ နောက်ဆို ဘယ်သူ့ကိုမှ မကောက်လာနိုင်တော့ဘူး ဟို ပိန်ချုံးနေတဲ့ လူတွေကို မဆိုထားနဲ့ ချစ်စရာ ကောင်းတဲ့ ကောင်မလေး တစ်ယောက် ရှိနေရင်တောင်မှ ငါတို့ ထပ်မကောက်နိုင်တော့ဘူး"
"ငါတို့ကိုယ်ငါတို့တောင် မထောက်ပံ့နိုင်တာ တခြားသူတွေကို ကူညီချင်သေးတယ် နောက်ဆုံးကျတော့ ရလဒ်က ဒီလိုပဲ ဖြစ်သွားတယ် မလား ငါတို့ ဒီလို ကျေးဇူးကန်းခံရတဲ့ အလုပ်မျိုး ထပ်မလုပ်နိုင်တော့ဘူး"
"ငါတို့ အားယွီလေးကို ကောက်ရတာက ကောင်းကင်ဘုံက ကောင်းချီးပေးတာပဲ ငါတို့က နောက်ထပ် ကောင်းချီးတွေ ထပ်လိုချင်သေးရင် ငါတို့က လောဘကြီးလွန်းရာ ကျလိမ့်မယ်"
တစ်ခဏအတွင်းမှာပင် မိမိတို့ကိုယ်ကို ဆင်ခြင် သုံးသပ် ပြီးသော ဟူမိသားစုရွာမှ ရွာသားများသည် အားယွီလေး အပေါ် ပို၍ပင် နွေးထွေးပျူငှာ လာကြလေသည်။ ဤအချိန်တွင် ဝမ်မိသားစုသည် သေလုမျောပါး ဖြစ်နေသော လင်းယုန်ငှက်အား ကြည့်လျှက် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ကြတော့သည်။
"ဒီနေ့ ငါတို့ လင်းယုန်ငှက် ကင်ကို မြည်းစမ်းကြည့်ကြမယ်"