← Chapters

ဆေးဖက်ဝင်အပင်များ ရှာဖွေခြင်း

Vol. 8 Ch. 112

ဆေးဖက်ဝင်အပင်များ ရှာဖွေခြင်း

Vol. 8 Ch. 112

လင်းယုန်ငှက်ကြီးမှာ အကောင်သာ ကြီးမားလှသော်လည်း အမွေးများကို နုတ်ပစ်လိုက်သောအခါ အသားများများ စားစား မကျန်တော့ချေ။

အဖွားအိုဝမ်သည် ထိုလင်းယုန်ငှက်ကြီးအား မည်သို့ပင် ကြည့်စေကာမူ လုံးဝ အမြင်မကြည်ခဲ့ချေ။ သူမသည် အေးစက်စက် အကြည့်များဖြင့်သာ ထိုအသားအား စားသောက်ခဲ့ပြီး ကျန်ရစ်သော လင်းယုန်မွေးများကိုပင် အမွေးအမှိုက်ခါတံ တစ်ခုအဖြစ် ပြုလုပ်စေခဲ့သည်။

အဖိုးအိုဝမ်ကမူ အားယွီလေးအတွက် ခြင်းလုံးလေး တစ်လုံးကို အထူးတလည် ပြုလုပ်ပေးခဲ့သည်။ အားယွီလေးသည်လည်း စွန်လွှတ်ခြင်းအား ချက်ချင်းပင် စွန့်လွှတ်လိုက်ပြီးနောက် ခြံဝင်းအတွင်း၌ ခြင်းခတ်ကာ ကစားနေတော့သည်။

လယ်ယာလုပ်ငန်းခွင် အလုပ်များသည့် ရာသီချိန် လွန်မြောက်သွား ပြီးနောက်တွင် ဝမ်ချွမ်းဖူသည် မြို့ပေါ်သို့ သွား၍ အလုပ် လုပ်ချင်နေပြန်သည်။ အဓိက အကြောင်းရင်းမှာ အဒေါ်ဖန်သည် သူမ၏ မိဘအိမ်မှ ပြန်ရောက် လာသောအခါ မြို့ပေါ်ရှိ ပန်းပဲဖို တစ်ခုတွင် အလုပ်သင်များ ခေါ်ယူနေကြောင်း သိရှိလာခဲ့သောကြောင့် ဖြစ်ပေသည်။ သူမသည် ဝမ်တလန်အား ထိုနေရာသို့ စေလွှတ်ချင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဝမ်ချွမ်းဖူသည် အနည်းငယ် စိတ်မချ ဖြစ်နေသည့် အတွက်ကြောင့် မြို့ပေါ်အထိ လိုက်ပါသွားလိုခြင်း ဖြစ်သည်။ ဝမ်တလန်သာ ထိုပညာရပ်အား တတ်မြောက်သွားပါမူ အခြားသော နေရာများတွင်လည်း ဆက်လက် လုပ်ကိုင်နိုင်လိမ့်မည် ဖြစ်သည်။

ယခင်တွင် အဖွားအိုဝမ်သည် သူမ၏ သားများနှင့် ချွေးမများ၏ အစီအစဉ်များအား မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။ မည်သို့ပင်ဖြစ်စေ လယ်ယာ အလုပ်များ ပြီးစီးသွားပြီ ဖြစ်၍ အိမ်တွင် အေးအေးဆေးဆေး အနားယူမည်လား သို့မဟုတ် အပြင်ထွက် အလုပ်လုပ်မည်လား ဆိုသည်မှာ သူတို့၏ သဘောသာ ဖြစ်ပေသည်။ သို့သော် ယခု တစ်ကြိမ်တွင်မူ အဖွားအိုဝမ်မှ သဘောမတူခဲ့ချေ။

"နင်တို့တွေ ဘာသွားလုပ်ကြမလို့လဲ အဲဒီ အရိုးပေါ် အရေတင် ပိန်ချုံးနေတဲ့ လက်မောင်းတွေ ခြေထောက်တွေနဲ့ ဘာများ လုပ်နိုင်မှာမို့လို့လဲ အလုပ်သင် လုပ်ချင်သေးတယ် ဟုတ်လား အလုပ်သင်တွေက ဘာလုပ်ခမှ မရဘူးလေ သူတို့ဆီမှာ သုံးနှစ်ကနေ ငါးနှစ်လောက်အထိ အလကား အလုပ်အကျွေးပြု ကျွန်ခံပြီးမှ အကန်ခံရလို့ကတော့ နင်တို့တွေ ငိုနိုင်မလားဆိုတာ ငါ ကြည့်ရသေးတာပေါ့"

အဖွားအိုဝမ်သည် သူမ၏ မြေးအကြီးဆုံး ဖြစ်သူ၏ မျက်နှာအမူအရာကိုပင် တစ်ချက်လေးမျှ စောင်းငဲ့မကြည့်ခဲ့ပေ။ သူမသည် ခြံဝင်းထဲတွင် ထိုင်နေလျက် သူတို့ မိသားစု နေထိုင်ရာ တောင်တန်းကြီးဆီသို့ လက်ညှိုးထိုးပြကာ ဆိုလေသည်။

"နင်တို့တွေ တကယ်ပဲ ပျင်းနေကြတယ်ဆိုရင် တောင်ပေါ်က မြေရိုင်းတွေဆီ သွားပြီး ဆေးဖက်ဝင်အပင်တွေ သွားရှာကြစမ်း ဈေးနည်းနည်းလောက် ပိုရတဲ့ ဆေးမြစ် တစ်မျိုးလောက်ကို ရှာတွေ့နိုင်ရင်တောင် ငါတို့ မိသားစု ဒီလောက်ကြီး ဆင်းရဲမွဲတေနေတော့မှာ မဟုတ်ဘူး"

ထိုစကားအား ကြားလိုက်ရသောအခါ လူတိုင်းမှာ အလွန်ပင် အံ့အားသင့်သွားကြကုန်တော့သည်။ အတိတ် ကာလများတွင် သူတို့ထဲမှ အချို့သည် သမားတော်ဟူထံတွင် အလုပ်သင် အဖြစ် ဝင်ရောက် လုပ်ကိုင်လိုကြောင်း ပြောခဲ့ကြဖူးသည်အား သူတို့ ကောင်းကောင်း မှတ်မိနေကြသေးသည်။ ထိုစဉ်တွင် အဖွားအိုဝမ်မှ ကြားသွားသောအခါ လှောင်ပြောင် သရော်လိုက်ပြီး သူတို့ထဲမှ မည်သူမျှ ဆေးပညာ သင်ယူရန် အရည်အချင်း မပြည့်မီကြောင်း ခနဲ့တဲ့တဲ့ ပြောဆိုခဲ့ဖူးလေသည်။

ယခုမှ အဘယ်ကြောင့် သူတို့အား ဆေးမြစ်များ သွားရှာစေချင်ရသနည်း။ ဆေးဖက်ဝင် အပင်များအား ရှာဖွေရန်မှာ ထိုမျှလောက် လွယ်ကူပါမည်လော။ သူတို့ အားလုံးသည် အလွန် ကံကောင်းလှသော အားယွီလေးနှင့် တူကြသည်မှ မဟုတ်ချေ။ ထိုအကြောင်းအား တွေးမိလိုက်သည်နှင့် ဝမ်ဝူလန်၏ မျက်လုံးများသည် ရုတ်တရက် အရောင်လက်သွားခဲ့သည်။

"ဖွားဖွား ကျွန်တော်တို့ ညီမလေး အားယွီကိုခေါ်ပြီး တောင်ပေါ်က မြေရိုင်းတွေဆီ အတူတူ သွားရှာကြည့်လို့ ရမလားဟင်"

ဝမ်ဝူလန်မှ မျှော်လင့်တကြီးဖြင့် မေးမြန်းလိုက်သည်။

"နင်တို့ကောင်တွေ ခေါင်းထဲမှာ ဘာတွေ တွေးနေကြတယ်ဆိုတာ ငါ မသိဘူး မထင်နဲ့နော် အားယွီလေးက ဒီလောက် ငယ်ငယ်လေး ရှိသေးတာကို နင်တို့က သူမကို တစ်နေ့လုံး အလုပ်လုပ်စေချင်နေကြတယ်လား နင်တို့အားလုံးက ကိုကိုကြီးတွေနဲ့မှ တူကြသေးရဲ့လား"

အားယွီလေးသည် သူမအား တောင်ပေါ်သို့ ခေါ်သွား ချင်နေကြကြောင်း ကြားလိုက်ရသောအခါ အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။

"ဖွားဖွား သမီးလေ အားယွီ လုပ်နိုင်တယ်ပါနော် သမီး တောင်ပေါ်တက်နိုင်ပါတယ်"

သူမသည် အိမ်မှာချည်း ကစားနေရသည်ကို ငြီးငွေ့နေပြီ ဖြစ်သည်။ တောင်တန်းများ ဆီတွင် ပို၍ ပျော်စရာ ကောင်းသေးသည်။ တောင်ပေါ်တွင် အရသာရှိသော သစ်သီးများစွာနှင့် လိပ်ပြာလေးများ ရှိပေသည်။ တစ်ခါတစ်ရံတွင် အခြား တိရစ္ဆာန် ငယ်လေးများကိုလည်း မြင်တွေ့နိုင်သေးသည်။ ငှက်ကလေးများ၏ တေးဆိုသံများသည်လည်း အလွန်ပင် နားထောင်လို့ ကောင်းလှပေသည်။ ထို့ကြောင့် သူမသည် တောင်ပေါ်သို့ သွားရသည်ကို သဘောကျခြင်း ဖြစ်သည်။

"အကြီးကောင်နဲ့ ဒုတိယကောင် နင်တို့တွေလည်း လိုက်သွားကြ နင်တို့အားလုံး အတူတူ သွားလိုက်ကြတာပဲ ကောင်းပါတယ် နင်တို့အားလုံး ငါ့မျက်စိ ရှေ့ကနေ ထွက်သွားကြရင် ငါ မျက်စိရှုပ်တာ သက်သာတာပေါ့"

အဖွားအိုဝမ်မှ ချက်ချင်းပင် စကားအား ပြောင်းပြောလိုက်ပြန်သည်။ သူမ၏ မြေးများမှာ သူတို့၏ အကြံပြုချက်များအား ပုံမှန်အားဖြင့် လက်ခံလေ့ မရှိကြောင်း ကြာမြင့်စွာကတည်းမှ သိရှိထားကြပြီး ဖြစ်သည်။ သို့သော်လည်း ညီမလေး အားယွီမှသာ နှုတ်မှ ထုတ်ပြော လိုက်မည်ဆိုလျှင် အဘွားဖြစ်သူမှ သေချာပေါက် သဘောတူ ခွင့်ပြုလိမ့်မည် ဖြစ်ကြောင်းကိုလည်း သိထားကြသည်။ သူတို့ ထွက်သွားကြ ပြီးနောက် အဖွားအိုဝမ်မှ အဒေါ်မာအား ခေါ်လိုက်လေသည်။

"ငါ ချုပ်ခိုင်းထားတဲ့ လွယ်အိတ်က ပြီးပြီလား"

အဒေါ်မာမှ အလောတကြီး ပြန်ဖြေလေသည်။

"အမေ မကြာခင် ပြီးတော့မှာပါ အမေ ပြောထားတဲ့ ပုံစံအတိုင်းပဲ ကျွန်မ ချုပ်ထားပါတယ်"

ထိုလွယ်အိတ်မှာ အားယွီအတွက် အထူးတလည် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။ ၎င်းအား အလွှာသုံးလွှာ ခွဲခြားထားပြီး လျှို့ဝှက် အကန့်တစ်ခုလည်း ပါဝင်ပေသည်။ အပြင်ဘက်မှ ကြည့်လျှင် အလွန် ကြီးမားပုံရသည်။ အိတ်ပေါ်တွင် ပန်းပွင့်လေး အချို့ကိုပင် ပန်းထိုးထားပြီး "အားယွီ" ဟူသော စာလုံးလေးများကိုလည်း ရေးထိုး ထားသေးသည်။

အဖွားအိုဝမ်သည် သမားတော်ဟူထံသို့ အထူးတလည် သွားရောက်၍ "အားယွီ" ဟူသော စာလုံးများအား ကူညီ ရေးသားပေးရန် အကူအညီ တောင်းခံခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် အတွက် မိသားစုမှာ ဟင်းလျာ နှစ်ပွဲကိုပင် အနစ်နာခံလိုက်ရသေးသည်။ အဓိက အကြောင်းရင်းမှာမူ သူမ၏ ဒုတိယသား ဖြစ်သူ၏ လက်ရေးမှာ အလွန်တရာ အကျည်းတန် လွန်းသောကြောင့် ဖြစ်သည်။

(**အားယွီတို့ မိသားစုမှာ တခြားသူတွေ ဘလိမ်းစရာ ခံစရာမလိုဖူး အဖွားကြီးကိုတိုင်က ဘလိမ်းတဲ့ နေရာမှာတော်တာ ကို့မိသားစုကို ကိုယ် ဘလိမ်းတာ ခိခိခိ**)

"အဲဒီလွယ်အိတ်ကို ပြီးအောင်လုပ်လိုက် ပြီးရင် ရိုးရိုး လက်ကိုင်ပဝါ နည်းနည်း ထပ်ချုပ်လိုက်အုံး စတုတ္ထမြေးကို ဘေးအိမ်က ကလေးလေးဆီ သွားပို့ခိုင်းလိုက်မယ်"

အဒေါ်မာမှာ အနည်းငယ် နားဝေတေတေ ဖြစ်သွားခဲ့ရသည်။

"ဘာဖြစ်လို့ သူ့ကို လက်ကိုင်ပဝါ ပေးရမှာလဲ အမေရယ် မနေ့ကမှ ဝက်သား နှစ်ပိဿာလောက် လှီးပြီး သွားပို့ပေးလိုက်တယ် မဟုတ်ဘူးလား"

ယောကျ်ားလေး တစ်ယောက်အား လက်ကိုင်ပဝါ ပေးရသည်မှာ အနည်းငယ် ထူးဆန်းနေသည်ဟု သူမ ခံစားရသည်။ ရွာထဲရှိ မိန်းကလေးများပင်လျှင် လက်ကိုင်ပဝါ တစ်ထည် ရှိချင်မှ ရှိကြမည် ဖြစ်သည်။ ယောကျ်ားလေး တစ်ယောက်သည် ထိုအရာအား အလိုရှိပါမည်လား။

"ငါက သွားပို့ခိုင်းရင် သွားပို့လိုက်ပေါ့ ဘာဖြစ်လို့ ဒီလောက်တောင် အဓိပ္ပာယ်မရှိတဲ့ စကားတွေ အများကြီး ပြောနေရတာလဲ နှစ်ရက်လောက် နေရင် နောက်ထပ် ဘာဆက်လုပ်ရမလဲ ဆိုတာကို ငါ ပြောပြမယ် မေးခွန်းတွေ အများကြီး လာမမေးနဲ့ နင့်ကို ပြန်ဖြေနေဖို့ ငါ့ရဲ့ စိတ်အခြေအနေ ကောင်းတဲ့ ဘက်မှာ မရှိဘူး"

အဖွားအိုဝမ်သည် သူမ၏ ဒုတိယချွေးမအား ယင်ကောင် တစ်ကောင်အား မောင်းထုတ်သည့် အလား နှင်ထုတ်လိုက်လေတော့သည်။

"နင် အားတဲ့အခါ ဒုတိယကောင်ဆီကို မကြာခဏ သွားကြည့်ပေးအုံး သူ့ခြေထောက်တွေ ပြန်ကောင်းလာပြီ ဆိုတာနဲ့ သူ့ကို အမြန်ဆုံး စာကျက်ခိုင်းလိုက် အဲဒီကောင်သာ ပညာရှိ စာမေးပွဲ အောင်လက်မှတ်နဲ့ ပြန်မလာဘူးဆိုရင် ငါ့ကို အမေလို့ လာမခေါ်နဲ့တော့"

အဒေါ်မာသည် အစပိုင်းတွင် ယခင်ကိစ္စများအား မေးမြန်းလိုသော်လည်း သူမ၏ ခင်ပွန်းဖြစ်သူမှာ တော်ဝင်စာမေးပွဲကို ဖြေဆိုရမည်ဟု ကြားလိုက်ရသောအခါ ကြက်သေသေသွားခဲ့ကာ ဝမ်ချွမ်ကွေ့နှင့် တိုင်ပင် ဆွေးနွေးရန် မှင်သက်သက်ဖြင့် ပြန်သွားလေတော့သည်။ ဝမ်ချွမ်ကွေ့မှာ ထိုသတင်းအား ကြားလိုက်ရသောအခါ ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ ငယ်စဉ်က စာသင်ရသည်အား ပင်ပန်းသည်ဟု မခံစားခဲ့ရကြောင်း မှတ်မိနေသေးသည်။ သို့သော် ယခု သူ အသက် ၃၀ ကျော်နေပြီ ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ ဒဏ်မခံနိုင်တော့ချေ။ ဝမ်ချွမ်ကွေ့မှာ ရွေးချယ်စရာ မရှိတော့သဖြင့် အဖွားအိုဝမ်အား အထဲသို့ ဖိတ်ခေါ်လိုက်ရလေသည်။

"အမေ ကလေးတွေကိုပဲ သွားပြီး စာသင်ခိုင်းလိုက်ရင် မကောင်းဘူးလား"

အဖွားအိုဝမ်၏ လေသံမှာ အငြင်းပယ်ခံမည် မဟုတ်ကြောင်း ပြတ်သားနေခဲ့သည်။

"နင့်မှာ ပညာရေး အခြေခံအုတ်မြစ် ရှိပြီးသားပဲ အကြီးအကဲဟူ ဆီကနေ တိုက်ရိုက် သင်ယူလို့ ရတယ် တတ်နိုင်သလောက် အများကြီး သင်ယူလိုက် ကျူရှင်ခတွေ အတွက် နင် စိတ်ပူစရာ မလိုဘူး နင် ကောင်းကောင်း လုပ်နိုင်ဖို့ပဲ လိုတယ် အဲဒီလိုမှ မဟုတ်ရင် နင့်ခြေထောက်တွေကို ငါ ထပ်ရိုက်ချိုးပစ်မယ် ကြားလား"

ဝမ်ချွမ်ကွေ့မှ အသနားခလံလိုက်လေသည်။

"တတိယညီနဲ့ စတုတ္ထညီကလည်း တော်တော်လေး ဉာဏ်ကောင်းကြတယ်လို့ ကျွန်တော် ထင်ပါတယ် သူတို့ကိုပါ ကျွန်တော်နဲ့ အတူ စာသင်ခိုင်းရင်ကော ကျွန်တော် သူတို့ကို သင်ပေးပါ့မယ် သူတို့အတွက် ကျူရှင်ဆရာတွေ ငှားပေးစရာ မလိုသေးပါဘူး"

အဖွားအိုဝမ်မှ ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

"ကောင်းပြီလေ သူတို့ သဘောတူမတူ သွားမေးကြည့်လိုက် သူတို့သာ သဘောတူမယ်ဆိုရင် နင်တို့အားလုံးကို စကားတစ်ခွန်းမှ မပြောဘဲ ကျောင်းသွားတက်ခိုင်းမယ် "

ဝမ်ချွမ်ကွေ့ မှာ ကြောင်အသွားခဲ့ရသည်။ သူ့၏ ညီနှစ်ယောက်သည် သူ့ထက်ပင် စာသင်ရသည်အား ပို၍ မုန်းတီးကြမည်မှာ သေချာလှပေသည်။ သူ၏ မိခင်သည် အဘယ်ကြောင့် သူ့အပေါ် ဤမျှလောက် တင်းကျပ်နေရပါသနည်း။ ဝမ်ချွမ်ကွေ့၏ စိတ်ဓာတ်ကျနေသော မျက်နှာအမူအရာအား မြင်သောအခါ အဖွားအိုဝမ်က ရုတ်တရက် သူမ၏ လေသံကို ပြောင်းလဲလိုက်လေသည်။

"ဒုတိယကောင် ငါတို့ မိသားစုက အခု နင့်ကိုပဲ အားကိုးနေရတာ ကြည့်စမ်း မိသားစုထဲမှာ လူတွေက ဒီလောက် အများကြီး ရှိနေပြီး ငါတို့က ဆင်းရဲကြတယ် ဆင်းရဲမွဲတေမှုကနေ ရုန်းထွက်ဖို့ ငါတို့ ဘယ်လောက် ကြာမယ်ဆိုတာ ငါ မသိဘူး ငါတို့က မြေပိုင်ရှင်တွေ ဖြစ်နေတော့ကော ဘာအရေးလဲ ငါတို့က သီသီလေး အသက်ရှင်နေရရုံပဲ ရှိတာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟိုလူတွေကို ကြည့်လိုက်အုံး သူတို့က နင့်အမေရဲ့ လည်ပင်းကို တိုက်ရိုက် ဓားနဲ့ ထောက်ခဲ့ကြတာ ငါသာ ချမ်းသာတဲ့ မိသားစုက သခင်မတစ်ယောက် ဖြစ်နေမယ်ဆိုရင် သူတို့က ငါ့ကို ဒီလိုမျိုး ဆက်ဆံရဲပါ့မလား"

"ဒုတိယကောင် နင် တကယ်ပဲ ဆန္ဒမရှိဘူး ဆိုရင်လည်း ငါ အတင်းအကျပ် မတိုက်တွန်းတော့ပါဘူးလေ ဒါကလည်း နင့်အမေရဲ့ ကံကြမ္မာပဲပေါ့ ငါ လက်ခံလိုက်ပါ့မယ်"

"အမေ အမေက ကျွန်တော့်နှလုံးသားကို ဆွဲထုတ်နေတာပဲ"

ဝမ်ချွမ်ကွေ့၏ မျက်လုံးများ နီရဲလာခဲ့သည်။

"ကျွန်တော် စာကျက်ပြီး တော်ဝင်စာမေးပွဲကို ဝင်ဖြေပါ့မယ် နောင်ဆိုရင် ဘယ်သူမှ အမေ့ကို အနိုင်မကျင့်ရဲစေရဘူး"

အဖွားအိုဝမ်၏ စိုးရိမ်ပူပန်နေသော အမူအရာမှာ ပျောက်ကွယ်သွားတော့သည်။

"ကောင်းပြီ ဒါဆို မြန်မြန် စာကျက်တော့ ငါ အကြီးအကဲဟူဆီ သွားပြီး သူ့ဆီက စာအုပ်နည်းနည်း သွားငှားလိုက်အုံးမယ် ဘေးအိမ်က မိသားစုက သိုင်းပညာ သင်ပေးမယ့် တပည့်တွေ လက်ခံမခံဆိုတာကိုလည်း ငါ သွားကြည့်ရအုံးမယ် ငါတို့ မိသားစုထဲက ကလေးတွေကို သိုင်းပညာ သင်ခိုင်းရမယ်"

စကားပြောနေစဉ်မှာပင် အဖွားအိုဝမ်သည် အစောပိုင်းမှ ဝမ်းနည်း ပူဆွေးနေသော အဘွားအို မဟုတ်တော့သည့် အလား အလွန် သဘာဝကျကျဖြင့် အပြင်သို့ ထွက်သွားလေတော့သည်။

ဝမ်ချွမ်ကွေ့ တစ်ယောက် အမူအရာများကာ သရုပ်ဆောင်ကောင်းသည့် အမေ ဖြစ်သူအား ကြည့်လျှက် စွံအသွားရလေတော့သည်။ ချင်ဟွိုင်သာ မရှိခဲ့လျှင် သွေးမိုးမျှော်စင် နှင့် ပတ်သက်သော ကိစ္စရပ်မှာ ဤမျှ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့မည် မဟုတ်ပေ။

အဖွားအိုဝမ်သည် သူမ၏ စိတ်နှလုံးထဲတွင် အစီအစဉ်များအား ရေးဆွဲနေပြီ ဖြစ်သည်။ ထိုလူများသည် သိုင်းလောကမှ သိုင်းသမားများ ဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။ မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူသတ်နိုင်သူများလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူတို့ကိုသာ ရန်စမိပါက မိသားစုအတွက် နောက်ထပ် အန္တရာယ်တစ်ခု ကျရောက်လာနိုင်သေးသည်။

ချီကျား ဟုခေါ်သော ထိုလူမှာ အလွန် ထူးခြားသည်ဟု အဖွားအိုဝမ် တွေးမိလေသည်။ သူသည် သေချာပေါက် စနစ်တကျ လေ့ကျင့် သင်ကြားခံထားရသူ ဖြစ်ရမည်။ သူမသာ သူ့အား မြေးများ၏ ဆရာ အဖြစ် တင်မြှောက်ခံပြီး သင်ကြား ပေးစေနိုင်မည်ဆိုလျှင် ဝမ်မိသားစု အနေဖြင့် အနာဂတ်တွင် နောက်ထပ် အကာအကွယ် အလွှာတစ်ခု ရရှိလာမည် ဖြစ်သည်။

အဖွားအိုဝမ် အစီအစဉ်များ ဆွဲရန် အလုပ်များနေစဉ်တွင် အားယွီလေးမှာ သူမ၏ ကိုကိုများ နှင့်အတူ တောင်ပေါ်သို့ ပျော်ရွှင်စွာ လိုက်ပါသွားခဲ့ပြီ ဖြစ်သည်။

ယခုတစ်ကြိမ်သည် ကိုကို ခုနစ်ယောက် စလုံး သူမ၏ အနားတွင် ရှိနေသော ပထမဆုံး အကြိမ်လည်း ဖြစ်ပေသည်။ အားယွီလေးသည် ဝမ်တလန်၏ လည်ပင်းပေါ်တွင် ခွထိုင်ရင်း အထူးတလည် တောက်ပစွာ ပြုံးရွှင်နေလေသည်။

[ရှေ့ကို ဆက်လျှောက် သွားလိုက် ထူးခြားတဲ့ စွမ်းအင်တစ်ခု ရှိနေတယ် အတော်လေး တန်ဖိုးကြီးတဲ့ ဆေးမြစ်တစ်မျိုး ဖြစ်ရမယ်]

[အောက်ဘက်က ရေမြောင်းဘေးမှာ ရှိတယ် သူတို့ကို အဲဒီဆီ ခေါ်သွားလိုက်]

အသားလုံးလေး မှ ရုတ်တရက် စကားပြောလာခဲ့သည်။

အားယွီလေးသည် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ဝမ်တလန်၏ နားရွက်အား ဆွဲကိုင်လိုက်လေသည်။

"ကိုကိုကြီး မြန်မြန် မြန်မြန် ဟိုဘက်ကို သွားကစားကြရအောင် ဟိုမှာ ပန်းပွင့်လေးတွေ အများကြီး တွေ့တယ် သိပ်လှတာပဲနော်"

ယခုအခါတွင် အားယွီလေးသည် လူတိုင်း၏ အာရုံအား မည်သို့ သဘာဝကျကျ ပြောင်းလဲပစ်ရမည်အား ကောင်းစွာ သိရှိနေပြီ ဖြစ်သည်။

All Chapters